အခန်း (၄၉၅-၄၉၆)
Vol. 50 Ch. 495-496
အပိုင်း (၄၉၅) အပူရှိန်တွေ လွင့်ပြယ်သွားပြီ
"ဘာဖြစ်လို့ ဒီအကြောင်းကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ"
အင်ဂျင်နီယာယန်က မေးခွန်းထုတ်လိုက်သည်။
မင်ယွဲ့သာ သုတေသနဆိုင်ရာ အချက်အလက်အနှစ်သာရများကို သိရှိလိုပါက မစ္စတာမိုကို မေးမြန်းရုံဖြင့် လွယ်ကူစွာ သိနိုင်မည်ဖြစ်သော်လည်း ဤအချက်အလက်များသည် သူ၏နှုတ်မှ ထွက်ပေါ်လာရန် မသင့်လျော်ပေ။
အကယ်၍ သူသာ ထုတ်ဖော်ပြောဆိုမိပါက ၎င်းသည် သိက္ခာတရားနှင့် သက်ဆိုင်ရာ လုပ်ငန်းကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်ပေလိမ့်မည်။
"ကျွန်မက ဉာဏ်ရည်တုကို သုတေသနပြုချင်လို့ပါ အဲဒီအတွက် အလင်းသုံးချစ်ပ်တွေကို အခြေခံအဖြစ် အသုံးပြုချင်လို့ပါ"
အင်ဂျင်နီယာယန်သည် မင်ယွဲ့ကို မော့ကြည့် လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆိုသည် -
"မင်းရဲ့ စိတ်ကူးက တကယ်ကို ပြောင် မြောက်တာပဲ အလင်းသုံးချစ်ပ်တွေကို အခြေခံအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် AI ရဲ့ စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်မှာ အမှန်ပဲ ဒါပေမဲ့..."
မင်ယွဲ့သည် ဉာဏ်ရည်တုနှင့် ပတ်သက်သည့် အင်ဂျင်နီယာယန်၏ အမြင်များကို အလေးအနက် နားထောင်နေပြီးမှ
"ဒါပေမဲ့ အလင်းသုံးချစ်ပ်တွေရဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့မယ်ဆိုရင်တော့..."
ဟု ပြန်လည်ဆွေးနွေးလိုက်သည်။
သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် အပြန်အလှန် ဆွေးနွေးငြင်းခုံခဲ့ကြပြီး စကားပြောလေလေ ပိုမိုစိတ်အားထက်သန်လာလေလေ ဖြစ်သည်။
ဉာဏ်ရည်တု၏ တောက်ပသော အနာဂတ်ကို မျှော်မှန်းရင်း တွေးကြည့်ရုံနှင့်ပင် ရင်ခုန်စိတ် လှုပ်ရှားနေကြသည်။
မိုဟန်ကျီ အလုပ်ကိစ္စများ ပြီးစီး၍ မင်ယွဲ့ကို လာကြိုသည့် အချိန်တွင်ပင် သူမမှာ စကားဝိုင်းကို မဖြတ်လိုသေးဘဲ ရှိနေသည်။
ကုမ္ပဏီထမင်းစားဆောင်တွင် နေ့လယ်စာ စားသောက်ကြစဉ် မင်ယွဲ့က ဉာဏ်ရည်တုနှင့် အလင်းသုံးချစ်ပ်များအကြောင်းကို စတင် ပြောဆိုလာသည်။
မိုဟန်ကျီသည် ကုမ္ပဏီ၏ သုတေသနလုပ်ငန်း အသေးစိတ်များကို ဖုံးကွယ်ထားခြင်းမရှိဘဲ မင်ယွဲ့အပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြသခဲ့သည်။
"နင့်စိတ်ထဲမှာ တစ်ခုခု စီစဉ်ထားတာ ရှိလို့လား"
မင်ယွဲ့က သူ၏ရှေ့တွင် ဤအကြောင်းကို ရုတ်တရက် ထုတ်ပြောလာခြင်းမှာ တစ်စုံတစ်ခုကို ကြံစည်ထားပြီးဖြစ်မည်ဟု သူ ခံစားမိသည်။
"သေချာတော့ မသိသေးဘူး အတည်ဖြစ်သွားရင်တော့ ငါ နင့်ကို အသိပေးမှာပါ"
မင်ယွဲ့၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုကို အဖြေရှာတွေ့သွားသကဲ့သို့ ရုတ်တရက် တောက်ပသွားသည်။
“ယွမ်ပေါ့... အလင်းသုံးချစ်ပ်တွေက ထုတ်လုပ်ဖို့ ခက်ခဲနေတာဆိုတော့ ထုတ်လုပ်မှု လုပ်ငန်းစဉ်
အပေါ်မှာ ပိုပြီးအာရုံစိုက်ပြီး ချစ်ပ်တွေရဲ့ သိပ်သည်းဆကို မြှင့်တင်ပေးခြင်းအားဖြင့် ဒီပြဿနာကို ပြုပြင်ပြောင်းလဲလို့ ရနိုင်မလား...”
မင်ယွဲ့သည် လက်ရှိ အလင်းသုံးချစ်ပ်များ ရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့် စိတ်ကူးအကြံဉာဏ် အမြောက်အမြားကို ချပြလိုက်သည်။
သူတို့နှစ်ဦးမှာ စိတ်ကူးထဲတွင် နစ်မျောနေသဖြင့် ထမင်းကိုပင် အာရုံမစိုက်နိုင်ကြသော်လည်း မိုဟန်ကျီကမူ သူမကိုသာ မျက်တောင်မခတ် ကြည့်နေသည်။ သူမ လက်လှမ်းလိုက်သည်နှင့် သူ ကိုင်ထားသော ရေဖန်ခွက်ကို ချက်ချင်းပင် ကမ်းပေးလေသည်။
"ကျေးဇူးပဲ"
မင်ယွဲ့က ပြုံးလျက် လက်ခံလိုက်ပြီး စိတ်အေးသွားစေရန် ရေကို သောက်လိုက်သည်။
"နားနေခန်းထဲမှာ သွားနားလိုက်ဦးလေ"
စားသောက်ပြီးနောက် မိုဟန်ကျီသည် ရုံးခန်းအတွင်းရှိ နားနေခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
အခန်းအတွင်း၌ မီးခိုးရောင် အိပ်ရာခင်းများ စနစ်တကျ ခင်းကျင်းထားပြီး စောင်ကို သေသပ်စွာ ခေါက်ထားသော ၁.၅ မီတာ အကျယ်ရှိ ကုတင်လေးကို တွေ့လိုက်ရသည်။
နားနေခန်းမှာ သေးငယ်သော်လည်း အလွန်ပင် သန့်ရှင်းသေသပ်လှသည်။
မိုဟန်ကျီက အဝတ်အစား ဗီရိုကို ဖွင့်လိုက်သည်။ ထိုဗီရိုထဲတွင် အများအားဖြင့် ရှပ်အင်္ကျီနှင့် ဝတ်စုံများကဲ့သို့သော ရုံးဝတ်စုံများသာ ရှိသည်။
မင်ယွဲ့သည် ယနေ့တွင် စကတ်ဝတ်ဆင်ထားသဖြင့် အိပ်စက်သည့်အခါ အဆင်မပြေဘဲ တွန့်ကြေသွားမည်ကို စိုးရိမ်သောကြောင့် သူက သူမအတွက် အဖြူရောင် ရှပ်အင်္ကျီတစ်ထည် ထုတ်ပေးလိုက်သည်။
မင်ယွဲ့သည် အတွင်းခန်းထဲသို့ ဝင်ကာ အဝတ်အစားလဲပြီးနောက် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
"ကိုရော ခဏလောက် လာနားဦးမလား"
မိုဟန်ကျီသည် သူ၏ လက်ဖျားကြယ်သီးများကို ဖြုတ်ကာ နက်တိုင်ကို လျော့ရဲအောင် လုပ်နေပြီဖြစ်သည်။ သူကား မင်ယွဲ့၏ ထိုစကားကို စောင့်ဆိုင်းနေပုံရသည်။
သူသည် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ မင်ယွဲ့၏ ရှေ့မှာပင် အဝတ်အစားများကို လဲလှယ်လိုက်ရာ သူ၏ အပေါ်ပိုင်း ကြွက်သားအဖုအထစ်များမှာ ထင်ရှားစွာ ပေါ်ထွက်လာသည်။
မင်ယွဲ့က ကုတင်၏ အတွင်းဘက်သို့ လှိမ့်ဝင် လိုက်ပြီး အပြင်ဘက်တွင် လူတစ်ယောက် အိပ် ရန် နေရာအလုံအလောက် ချန်ထားပေးသည်။
မိုဟန်ကျီ လှဲချလိုက်သည့်အခါ မင်ယွဲ့သည် ကုတင်ဘေးတစ်ဖက် နိမ့်ဆင်းသွားသည်ကို ခံစားလိုက်ရပြီး နွေးထွေးသော ကိုယ်ငွေ့နှင့်အတူ ခါးထက်သို့ သိုင်းဖက်လာသော လက်တစ်စုံကို သိရှိလိုက်ရသည်။
"ပူတယ်"
မင်ယွဲ့က သူမ၏ ခါးကို အနည်းငယ် ရွှေ့လိုက်သည်။ သြဂုတ်လ၏ ရာသီဥတုမှာ ပူအိုက်စွတ်စိုလှသည်။ ကုမ္ပဏီအတွင်း အဲယားကွန်း ဖွင့်ထားသော်လည်း နှစ်ယောက်သား ပူးကပ်နေသည့် အခါ အနည်းငယ် ပူအိုက်သကဲ့သို့ ခံစားရသည်။
မိုဟန်ကျီသည် အဲယားကွန်း ရီမုကို စမ်းတဝါးဝါး ရှာဖွေကာ အပူချိန်ကို လျှော့ချလိုက်ပြီး ဘေးသို့ ပစ်ချကာ မင်ယွဲ့၏ ကိုယ်လုံးလေးကို ပြန်လည် သိမ်းပိုက်လိုက်သည်။
"အခု မပူတော့ဘူး မဟုတ်လား"
မင်ယွဲ့မှာ ဘာမှမတတ်နိုင်တော့ဘဲ နောက်သို့ ပြန်လှည့်လိုက်သည်။ မျက်နှာချင်းဆိုင်တွင် ခန့်ညားလှပသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
လေထုထဲတွင် မိုဟန်ကျီ၏ ကိုယ်နံ့များ လွှမ်းခြုံနေသည်။ စောင်နှင့် ခေါင်းအုံးများပေါ်တွင်သာမက သူ၏ ကျယ်ပြန့်သော ရင်အုပ်ထံမှလည်း ထိုရနံ့များမှာ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေသည်။
အချင်းချင်း အလွန်ပင် ရင်းနှီးနေကြသော်လည်း ယခုကဲ့သို့ အလွန်နီးကပ်နေသည့် အခိုက်အတန့်မှာ ရင်ခုန်သံများ မြန်ဆန်ကာ အသက်ရှူပင် ကျပ်သွားစေသည်။
"အိပ်တော့"
မိုဟန်ကျီက သူမခါးကို ဖက်ထားရာ မင်ယွဲ့၏ ကိုယ်လေးမှာ သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။
သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ဟော်မုန်းရနံ့များကြောင့် မင်ယွဲ့မှာ အနည်းငယ် မူးနောက်သွားသော်လည်း အလိုက်သင့်ပင် မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူမ အိပ်ပျော်မည်မဟုတ်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ နှစ်ယောက်သား၏ အသက်ရှူသံများ ထပ်တူကျသွားသည့်အခါ စိတ်တည်ငြိမ်ကာ အိပ်ပျော်သွားကြတော့သည်။
တစ်နာရီခန့်အကြာတွင် ပြန်လည်နိုးလာခဲ့သည်။
"ငါ နင့်ကို နှိုးလိုက်မိပြီလား"
မိုဟန်ကျီသည် အဝတ်အစားလဲပြီးသား ဖြစ်နေသည်။ သူ၏ ဝတ်စုံမှာ မီးပူတိုက်ထားသကဲ့သို့ အလွန်သေသပ်နေပြီး တွန့်ရာတစ်ခုမျှပင် မရှိပေ။ ကုတင်ပေါ်ရှိလူ နိုးလာသည်ကို မြင်သည်နှင့် သူ ချက်ချင်းပင် အနားသို့ လာခဲ့သည်။
"မဟုတ်ပါဘူး၊ နိုးရမယ့် အချိန်ရောက်ပြီပဲ"
မင်ယွဲ့က သူမ၏ မျက်လုံးများကို ပွတ်လိုက်ရာ အကြည့်များမှာ ချက်ချင်းပင် ကြည်လင်သွားသည်။
"အင်း... ဒါဆိုရင်လည်း နင် ဆက်လုပ်စရာရှိတာ လုပ်လေ ငါ အပြင်ထွက်တော့မယ်"
မိုဟန်ကျီက သူမ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ကာ နှုတ်ခမ်းဖူးလေးကို အသာအယာ နမ်းရှိုက်လိုက်ပြီးနောက် တံခါးကို ပိတ်ကာ ထွက်သွားခဲ့သည်။
နားနေခန်းအတွင်းတွင် မင်ယွဲ့ တစ်ဦးတည်းသာ ကျန်ရစ်ပြီး တိတ်ဆိတ်သွားတော့သည်။
အဝတ်အစားလဲပြီးနောက် အပြင်သို့ မထွက်မီ အပြင်ဘက်မှ တစ်စုံတစ်ဦး အလုပ်ကိစ္စ လာရောက်အစီရင်ခံနေသော အသံများကို ကြားလိုက်ရသည်။ သူမသည် ခဏမျှ ဆိုင်းငံ့နေပြီးနောက် စကားသံများ ရပ်သွားမှသာ အပြင်သို့ ထွက်လာခဲ့သည်။
ခြေသံကြားသည်နှင့် မိုဟန်ကျီက ချက်ချင်း လှည့်ကြည့်လာသည်။ သူသည် အမြန်ထကာ မင်ယွဲ့အတွက် ရေတစ်ဖန်ခွက်ကို အဖုံးဖွင့်ပေးပြီး ကမ်းပေးလေသည်။
မင်ယွဲ့သည် ဆိုဖာပေါ်တွင် ထိုင်ကာ ရေအနည်းငယ် သောက်လိုက်ပြီးနောက် သူမ၏ တက်ဘလက်ဖြင့် ကစားနေသည်။
သူမ၏ အနုပညာရှင် အကောင့်ဖြစ်သော "လမင်းငယ်"မှာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ထွက်သွားပြီးနောက်ပိုင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
မင်ယွဲ့ အကောင့်ထဲသို့ ဝင်လိုက်သည့်အခါ မရေမတွက်နိုင်သော သီးသန့်စာတိုများကြောင့် တက်ဘလက်မှာပင် ခဏတာ ရပ်တန့်သွားသည်။
သူမသည် မှတ်ချက်အချို့ကို ကျပန်းနှိပ်ကြည့်ရာ အားလုံးမှာ ချီးမွမ်းစကားများသာ ဖြစ်သော်လည်း ဆက်လက်ဖတ်ရှုသည့်အခါ သူမကို မနှစ်မြို့ကြောင်း ရေးသားထားသည့် မှတ်ချက် အချို့ကိုလည်း တွေ့လိုက်ရသည်။
သူမသည် ကလောင်အမည်ဖြင့် ပန်းချီဆွဲရုံသာ ဆွဲခဲ့ခြင်းဖြစ်ပြီး မည်သူ့ကိုမျှ ထိခိုက်အောင် မလုပ်ဆောင်ခဲ့သော်လည်း အကြောင်းမဲ့ မုန်းတီးသူများ ရှိနေသည်မှာ နားမလည်နိုင်စရာပင်။
လုပ်စရာ အခြားမရှိသဖြင့် မင်ယွဲ့သည် သူမ၏ တက်ဘလက်ကို ယူကာ တစ်နာရီခန့် အချိန်ပေးပြီး ဆေးရောင်စုံ ပန်းချီကားတစ်ချပ်ကို ရေးဆွဲလိုက်သည်။ ထိုပန်းချီကားမှာ စားပွဲတွင် အလုပ်လုပ်နေသော မိုဟန်ကျီ၏ ပုံရိပ်ပင် ဖြစ်သည်။
မင်ယွဲ့က ပုံကို တင်လိုက်သည်နှင့် ဖော်လိုဝါများမှာ ချက်ချင်းပင် တက်ကြွလာကြသည်။
"အရှင်လတ်လတ် မိပြီဟေ့ နောက်ဆုံးတော့ မိပြီ”
"လမင်းငယ်လေးရေ... နင် ထပ်ပြီး ပေါ်မလာရင် ကမ္ဘာပေါ်မှာ ရင်ကွဲနာကျတဲ့သူ တစ်ယောက် တိုးလာတော့မယ် နင့်ကို စောင့်နေရတာ တော်တော်ကြာပြီ"
"ဝါးးး... ငါ နေ့တိုင်း ရက်ရေပြီး စောင့်နေတာ၊ လမင်းငယ်လေးက ဒီအကောင့်ကို မေ့သွားပြီလားလို့ ထင်နေတာ"
"ရွှေတံဆိပ်ရပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် လမင်းငယ်လေးကို ဂုဏ်ပြုပါတယ်"
မင်ယွဲ့သည် ဤလူများက သူမကို ဤမျှအထိ စွဲစွဲမြဲမြဲ စောင့်ဆိုင်းနေကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်ပြီးသည့်တိုင်အောင် ဤအကောင့်လေးတွင်သာ စောင့်နေကြဆဲပင်။
"အားးး... ဒါ သေချာပေါက် မစ္စတာမိုပဲ ဟုတ် တယ်မလား ဟုတ်တယ်မလား ငါတော့ သွားရည်ကျနေပြီ”
"မင်ယွဲ့က လှလည်းလှ၊ ပါရမီလည်းရှိ၊ ချမ်းလည်းချမ်းသာပြီး မစ္စတာမိုလို ရည်းစားမျိုးလည်း ရထားတာပဲ ငါတော့ တကယ်ကို မနာလိုဖြစ်မိတယ်"
"မျဉ်းကြောင်းတွေက ချောမွေ့လိုက်တာ၊ အရောင်ခြယ်ပုံကလည်း သဘာဝကျပြီး အလင်းအမှောင်ကလည်း ပေါ်လွင်နေတာပဲ လမင်းငယ်လေး မဆွဲနိုင်တာ ဘာရှိသေးလဲ"
မင်ယွဲ့သည် ပုံကြမ်းဆွဲခြင်း၊ တရုတ်ရိုးရာပန်းချီနှင့် ဆီဆေးပန်းချီတို့တွင် သူမ၏ အခြေခံခိုင်မာမှုကို ပြသခဲ့ပြီးသား ဖြစ်သည်။
သူမသည် အမျိုးအစားတစ်ခုစီ၏ စတိုင်လ်ကို သေသေချာချာ သင်ယူထားသူဖြစ်ရာ ယခုအခါတွင် ဆေးရောင်စုံနည်းစနစ်ကို အသုံးပြု၍ မိုဟန်ကျီ၏ အမူအရာကို အသက်ဝင်အောင် သရုပ်ဖော်နိုင်ခဲ့သည်။
သူသည် ခေါင်းငုံ့နေသော်လည်း သန်းပေါင်းရာချီသော အရောင်းအဝယ်တစ်ခုကို တည်ငြိမ်စွာ ကိုင်တွယ်နေသည့် သူ၏ အရှိန်အဝါကို ခံစားလိုက်ရသည်။
မင်ယွဲ့သည် ချီးမွမ်းစကားများကို အာရုံမစိုက်ဘဲ ပုံတစ်ပုံတင်ကာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ပရိသတ်များအတွက်မူ ဤပုံလေးတစ်ပုံသည်ပင် အကောင်းဆုံးသော တုံ့ပြန်မှု ဖြစ်နေလေပြီ။
မိုဟန်ကျီ၏ ဖုန်းမှာ ရုတ်တရက် မြည်လာသည်။ သူသည် မင်ယွဲ့ကို တစ်ချက်လှမ်းကြည့်ပြီးမှ ဖုန်းကို ဖွင့်လိုက်သည်။ အနုပညာရှင် မင်ယွဲ့ တင်လိုက်သော ပန်းချီကားမှာ သူ၏ပုံ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူက မင်ယွဲ့ကို တစ်ဖန် ပြန်ကြည့်လိုက်ရာ မင်ယွဲ့ကလည်း သူမ၏ တက်ဘလက်ကို ချလိုက်ချိန်ဖြစ်သဖြင့် သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ မိုဟန်ကျီသည် သူမကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းအိမ်တွင် အပြုံးအရိပ်အယောင်များ ယှက်သန်းနေလေသည်။
မင်ယွဲ့မှာ စိုက်ကြည့်ခံရသဖြင့် ရင်ခုန်သွားကာ အပြုံးလေးဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်ပါတော့သည်။
အပိုင်း (၄၉၆) မစ္စတာမင်... ကျွန်တော်တို့ စကားခဏလောက် ပြောလို့ရမလား
"ယွဲ့ယွဲ့ရဲ့ ပန်းချီလက်ရာတွေက တစ်နေ့ထက် တစ်နေ့ ပိုပြီး ပြောင်မြောက်လာတာပဲ"
မိုဟန်ကျီက တိုးညှင်းစွာ ချီးကျူးလိုက်ရာ သူ၏မျက်ဝန်းအစုံမှာ ကြင်နာယုယမှုတို့ဖြင့် ပြည့်လျှံနေလေသည်။
သူတို့နှစ်ဦးသည် စကားအများကြီး မဆိုဖြစ်ကြသော်လည်း အကြည့်ချင်းဆုံကာ နားလည်မှုရှိရှိ ပြုံးလိုက်ကြပြီးနောက် မိမိတို့၏ အလုပ်ကိုယ်စီကိုသာ အာရုံစိုက်လိုက်ကြသည်။ မိုဟန်ကျီက ရုံးလုပ်ငန်းများကို စေ့စပ်စွာ ကိုင်တွယ်နေပြီး မင်ယွဲ့မှာမူ စာအုပ်ဖတ်ခြင်းထဲ၌ စိတ်အာရုံကို နှစ် မြုပ်ထားလေသည်။
အလုပ်ဆင်းချိန်တွင် သူတို့နှစ်ဦးသည် မစ္စတာမိုနှင့်အတူ မိုမိသားစုနေအိမ်သို့ ပြန်လာခဲ့ကြသည်။
အိမ်သို့ရောက်သည့်အခါ 'ယွမ်ပေါ့' ပါမလာသည်ကို တွေ့ရသဖြင့် အဘွားမိုမှာ အတော်လေး စိတ်ပျက်သွားရှာသည်။ သူမသည် မင်ယွဲ့ကို နွေးထွေးစွာ ကြိုဆိုရင်း ဤအိမ်တွင်ပင် ထာဝရ နေထိုင်သွားရန် တိုက်တွန်းလေသည်။
သို့သော် ယနေ့ခေတ် လူငယ်များမှာ လူကြီးများနှင့် အတူနေထိုင်ရသည်မှာ လွတ်လပ်မှုမရှိဟု ခံစားရတတ်သဖြင့် သူမ အတင်းအကျပ်တော့ မဆိုလိုပေ။ သို့သော်လည်း မင်ယွဲ့မှာမူ မိုမိသားစုဝင်အားလုံး၏ ရင်းနှီးဖော်ရွေမှုကြောင့် ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ပင် စိတ်အေးလက်အေး ရှိနေခဲ့သည်။
"အန်တီနဲ့ အဘွားအတွက် ကျွန်မ ဝတ်စုံအသစ် နှစ်စုံ ချုပ်ပေးထားပါတယ်"
ထမင်းစားပြီးနောက် မင်ယွဲ့က အသိပေးလိုက် သည်။
မင်ယွဲ့သည် လျှို့ဝှက်ဆန်းကြယ်သော ဖက်ရှင်ဒီဇိုင်နာ 'M' ဖြစ်ကြောင်း မိုဟန်ကျီ၏ မိခင် သိရှိသွားပြီးကတည်းက သူမနှင့် မဒမ်မုန့်တို့မှာ 'M' ၏ သစ္စာရှိ ပရိသတ်များနှင့် ကိုယ်စားလှယ်များ ဖြစ်လာကြသည်။
'M' ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းမှာလည်း အထက်တန်းလွှာ လောကရှိ ကတော်များနှင့် သူဌေးသမီးများကြားတွင် တဖြည်းဖြည်း လူသိများလာခဲ့ပြီ ဖြစ်သည်။
"တကယ်ပဲ... ယွဲ့ယွဲ့လေးက သိပ်ကို လိမ္မာတာပဲ ငါ့သမီးလေးသာ ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲလာ... အပေါ်ထပ်တက်ပြီး စမ်းကြည့်ကြရအောင်"
မိုဟန်ကျီ၏ မိခင်သည် မင်ယွဲ့၏လက်ကို ဆွဲကာ အဘွားမိုကိုပါ တွဲ၍ အပေါ်ထပ်သို့ တက်သွားကြသည်။
မိုဟန်ကျီမှာမူ မိသားစုအရင်းအချာများကဲ့သို့ ရင်းနှီးနေကြသော ထိုသုံးဦးကို ကြည့်ကာ ဘာမှမတတ်နိုင်ဘဲ ခေါင်းကိုသာ ခါလိုက်မိတော့သည်။
"သား... ဘယ်တော့လောက်ကျရင် နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးဖို့ စီစဉ်ထားသလဲ"
လှေကားထက်သို့ တက်လှမ်းသွားသော မင်ယွဲ့၏ ကျောပြင်လေးကို ကြည့်ရင်း မစ္စတာမိုက မေးလိုက်သည်။
မိုဟန်ကျီသည် မျက်လွှာချလိုက်ရာ သူ၏ ရင်
ထဲ၌ ခံစားချက်များ ပိုမိုနက်ရှိုင်းလာသည်။
ထို့နောက် မျက်တောင်များကို ပင့်လိုက်ကာ -
"ယွဲ့ယွဲ့ရဲ့ မွေးနေ့က မကြာခင် ရောက်တော့မှာပါ"
သားအဖနှစ်ဦးစလုံးမှာ ပါးနပ်သူများဖြစ်ကြရာ စကားအရှည်ကြီး ပြောနေရန်ပင် မလိုအပ်တော့ပေ။
"အစီအစဉ် ရှိတယ်ဆိုရင်လည်း ကောင်းတာပေါ့"
မိမိ၏ သားဖြစ်သူမှာ နောက်ဆုံးတွင် သူတကယ်နှစ်သက်ရသူကို ရှာတွေ့ခဲ့ပြီဖြစ်သည်။
သူတို့၏ ဆက်ဆံရေးမှာလည်း ခိုင်မြဲနေပြီဖြစ်သလို အသက်အရွယ်အရလည်း သင့်တင့်လျောက်ပတ်လှရာ ဤဆက်ဆံရေးကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်မည်မှာ ဝမ်းမြောက်စရာပင် ဖြစ်သည်။
မကြာမီတွင် အမျိုးသမီး သုံးဦးလုံး မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် ပြန်လည် ဆင်းလာကြသည်။
မိုဟန်ကျီ၏ မိခင်နှင့် မင်ယွဲ့တို့က အဘွားမိုကို နေရာချပေးပြီးနောက် မိုဟန်ကျီနှင့် မစ္စတာမိုတို့၏ ဘေးတွင် အသီးသီး ဝင်ထိုင်လိုက်ကြသည်။
နောက်ရက်များတွင် မင်ယွဲ့သည် သူမ၏ အလုပ်ထဲ၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သည်။
ထိုနေ့တွင် သူမသည် ရှီယန်ဖျော်ဖြေရေး ရုံးခန်း၌ ဝမ်ကျန်းနှင့်အတူ အနုပညာရှင်များ၏ အစီအစဉ်ကို ဆွေးနွေးနေသည်။
"ဇော့ယန်နဲ့ ကွမ်ကျင်းတို့ အပါအဝင် တချို့လူငယ်တွေက စွမ်းဆောင်ရည် တော်တော် ကောင်းနေပြီ အခု ထုတ်လုပ်ရေး အဖွဲ့အသေးစားတစ်ခုက လူရွေးနေတယ်၊ သူတို့ကို စမ်းကြည့် ခိုင်းရင် ကောင်းမလားလို့"
ဟု ဝမ်ကျန်းက အကြံပြုသည်။
သူတို့အားလုံးမှာ အုပ်စုတစ်စုတည်း ဝင်လာကြသူများဖြစ်ပြီး ကုမ္ပဏီတွင် လေ့ကျင့်မှုသက်တမ်း ခြောက်လကျော်ပြီဖြစ်ရာ ပွဲထွက်ရန် အချိန်တန်နေပြီ ဖြစ်သည်။
လင်ကျင်းတို့မှာလည်း လူရွေးပွဲ အစီအစဉ်တွင် ပါဝင်နေကြပြီး တုံ့ပြန်မှုများမှာ အလွန်ပင် ကောင်းမွန်နေသည်။
"ဇာတ်ညွှန်း ရှိသလား ငါ အရင်ကြည့်ချင်တယ်"
မင်ယွဲ့က ဆက်လက်ဆိုသည်
"ဒီကိစ္စမှာ ငါတို့ သတိထားရမယ် ရိုက်ကူးရေးမှာ ပြဿနာတက်ရင် ငါတို့ လေ့ကျင့်ပေးထားတဲ့ လူငယ်တွေရဲ့ အချိန်တွေ ဖြုန်းတီးရာ ရောက်သွားလိမ့်မယ် အဲဒါက ကုမ္ပဏီအတွက် အရှုံးကြီး တစ်ခုပဲ"
"ရှိပါတယ်"
ဝမ်ကျန်းက ဇာတ်ညွှန်းကို ကမ်းပေးလိုက်သည်။
မင်ယွဲ့သည် ဇာတ်ညွှန်းကို လှန်ကြည့်လိုက်သည်နှင့် 'ယွမ်ပေါ့' က ထိုဇာတ်ကား၏ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ခေါင်းဆောင်မင်းသား၊ မင်းသမီးတို့၏ အချက်အလက်များကို လျင်မြန်စွာ စုံစမ်းပေးလေသည်။
"ဇာတ်ညွှန်းကတော့ ကောင်းပါတယ် ဒါပေမဲ့ ခေါင်းဆောင်မင်းသားက အဆင့်မမီဘူး ပြဿနာ တစ်ခုခုဖြစ်ရင် ဒီကားက ထုတ်လွှင့်ခွင့်တောင် ရမှာမဟုတ်ဘူး"
ကုမ္ပဏီမှ လူငယ်များမှာ ဇာတ်ပို့နေရာလေးများ ရရှိရန်ပင် အပင်ပန်းခံ ရိုက်ကူးကြရသူများ ဖြစ်ရာ အကယ်၍ ထုတ်လွှင့်ခွင့်မရပါက သူတို့၏ ကြိုးစားမှုများမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"ဒါဆိုရင်တော့ တခြားအခွင့်အရေးတွေ ထပ်ရှာကြည့်ရမှာပေါ့"
ဝမ်ကျန်းသည် မင်ယွဲ့အပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိသူဖြစ်ရာ မင်ယွဲ့က ခေါင်းဆောင်မင်းသားတွင် ပြဿနာရှိနိုင်သည်ဟု ပြောလျှင် သူမက ယုံကြည်ပြီးသားပင် ဖြစ်သည်။
"မလောပါနဲ့ဦး... ငါ ထပ်ရှာကြည့်ပေးမယ်"
ဖျော်ဖြေရေးတွင် လောလောဆယ်၌ လျိုယဲ့နှင့် ကျန်းယန်တို့သာ သရုပ်ဆောင်လောကတွင် နေရာရနေသော်လည်း ကျန်းယန်မှာ သီချင်းသာ ဆိုလိုသူဖြစ်သည်။
သို့သော် ကုမ္ပဏီသည် မကြာသေးမီက စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဝါရင့် အနုပညာရှင်အချို့နှင့် ဆက်သွယ်နေခဲ့သည်။
ကုမ္ပဏီ၏ လည်ပတ်မှုမှာ အခြေတကျ ရှိနေပြီဖြစ်သဖြင့် ချန်ယွဲ့ကို ပိုမိုခိုင်မာအောင် ထောက်ပံ့ပေးနိုင်မည့် ပရိသတ်အခြေခံရှိပြီးသား ဝါရင့် သူများ လိုအပ်နေသည်။
မင်ယွဲ့သည် ကုမ္ပဏီမှ ထွက်လာစဉ်တွင် မမျှော်လင့်ဘဲ တားဆီးခြင်း ခံလိုက်ရသည်။
"မစ္စမင်... ကျွန်တော်တို့ ခဏလောက် စကားပြောလို့ ရမလား"
ရှေ့တွင် ရှိနေသူမှာ ဦးထုပ်ဆောင်းထားသော်လည်း မင်ယွဲ့က ချက်ချင်းပင် မှတ်မိလိုက်သည်။
သူကား ထျန်းယွဲ့ဖျော်ဖြေရေးမှ ကျိုးချီပင် ဖြစ်သည်။ မင်ယွဲ့တွင် မိမိကိုယ်ကိုယ် ကာကွယ် နိုင်စွမ်း ရှိသဖြင့် သူမ မကြောက်ရွံ့ပေ။
အထူးသဖြင့် ဤနေရာမှာ သူမ၏ ကုမ္ပဏီတံခါးဝဖြစ်ပြီး လုံခြုံရေးကင်မရာများလည်း ရှိနေသည်။
"ရပါတယ်"
မင်ယွဲ့သည် သူ၏နောက်သို့ လိုက်သွားရာ မလှမ်းမကမ်းတွင် ရပ်ထားသော ခရီးဆောင် ဗန်ကားတစ်စီးကို တွေ့လိုက်ရသည်။
ကားပေါ်သို့ ရောက်သည်နှင့် ထိုလူသည် ဦးထုပ်ကို ချွတ်လိုက်သည်။ သူသည် အသက်သုံးဆယ်ကျော်ပြီ ဖြစ်သော်လည်း အချိန်ကာလက သူ့အပေါ်တွင် ကြင်နာခဲ့ပုံရသည်။
သူ၏မျက်နှာတွင် အိုမင်းခြင်းအရိပ်အယောင်များအစား ရင့်ကျက်တည်ငြိမ်သော ဆွဲဆောင်မှုများကသာ ကြီးစိုးနေလေသည်။
"မစ္စမင်... ခင်ဗျားက အလုပ်များတဲ့သူဆိုတော့ ကျွန်တော် တည့်တည့်ပဲ ပြောပါ့မယ်"
ကျိုးချီက သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဆိုသည်။
"ကျွန်တော် ထျန်းယွဲ့နဲ့ စာချုပ်ဖျက်ချင်တယ်"
မင်ယွဲ့က သူ့ကို မော့ကြည့်လိုက်သည်။
"ကျန်းယန်ကို ကုမ္ပဏီနဲ့ အေးအေးချမ်းချမ်း စာချုပ်ဖျက်နိုင်အောင် ခင်ဗျားပဲ စီစဉ်ပေးခဲ့တာ မဟုတ်လား ကျွန်တော် ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ကျွန်တော့်ကိုလည်း အဲဒီလိုပဲ ကူညီပေးနိုင်မလားဆိုတာ သိချင်ရုံပါ"
ကျိုးချီသည် သူ၏ မာန်မာနကို လျှော့ချကာ တောင်းဆိုနေခြင်း ဖြစ်သည်။
မင်ယွဲ့ ကြည့်လိုက်သည့်အခါ ကျိုးချီ၏ အချက်အလက်များမှာ သူမ၏ ရှေ့တွင် ပေါ်ထွက်လာသည်။ သူ၏ ကိုယ်ရေးရာဇဝင်နှင့် စရိုက်လက္ခဏာ နှစ်ခုလုံးမှာ ကောင်းမွန်လှသည်။
"ဆိုလိုတာက... ငါက နင့်ကို စာချုပ်ဖျက်ပေးရမယ်၊ ပြီးရင် နင်က ငါ့ကုမ္ပဏီကို လာမယ်... အဲဒါလား"
မင်ယွဲ့မှာ အလှူရှင် မဟုတ်ပေ။
အရည်အချင်းရှိသော စီးပွားရေးသမားတစ်ဦးအနေဖြင့် အကျိုးအမြတ်မရှိဘဲ သူမ မလှုပ်ရှားပေ။ သို့သော် သူမ၏ အကောင်းဆုံး အရည်အချင်းမှာ မိမိ၏ မူဝါဒကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ်... ကျွန်တော့်ကို မရယ်ပါနဲ့ဦး ပြီးခဲ့တဲ့အကြိမ် ကျန်းယန် စာချုပ်ဖျက်တုန်းက ကျွန်တော်လည်း ကိုယ့်ကိစ္စကိုယ် ဆွေးနွေးနေခဲ့တာပါ ကိုယ်ပိုင် စတူဒီယိုတစ်ခု ထောင်ချင်ခဲ့တာပေါ့ ခင်ဗျား သိတဲ့အတိုင်း ဖျော်ဖြေရေးလောကထဲမှာ အကြာကြီးနေလာပြီးတဲ့နောက် တခြားသူတွေရဲ့ ထိန်းချုပ်မှုကို ခံရတာ စိတ်ကုန်လာလို့ပါ"
"ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် နင်က ယုံကြည်လို့မရတဲ့သူလို့ ငါ့ကို ထင်သွားစေပြီး ငါ နင့်ကို မကူညီတော့မှာ မကြောက်ဘူးလား"
ဟု မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
"ခင်ဗျား စုံစမ်းချင်ရင် ချက်ချင်းသိနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ် ဒါကြောင့် ပွင့်လင်းတာက ပိုကောင်းပါတယ်"
"ကျင်းတစ်ခုထဲကနေ နောက်ထပ် မီးတွင်းထဲကို ဆင်းသွားရမှာ မစိုးရိမ်ဘူးလား"
မင်ယွဲ့သည် ကျိုးချီ၏ မျက်လုံးများကို စိုက်ကြည့်ကာ သူ ဘာတွေးနေသည်ကို သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ခင်ဗျားကို ရာနှုန်းပြည့် ယုံကြည်တယ်လို့ ပြောရင်တော့ လိမ်ရာကျလိမ့်မယ် ဒါပေမဲ့ ခင်ဗျားက လောင်းကြေးထပ်ဖို့ ထိုက်တန်တဲ့သူပါ လက်ရှိမှာ ချန်ယွဲ့ဖျော်ဖြေရေးက ဒီလောကထဲမှာ အလွန် စင်ကြယ်တဲ့ ကုမ္ပဏီတစ်ခုပဲ ခင်ဗျားရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေရော၊ မိုမိသားစုရဲ့ နောက်ခံအင်အားအရရော ခင်ဗျားမှာ ဒီဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မယ့် အရင်းအမြစ်တွေ အပြည့်ရှိတယ်လေ"
ကျိုးချီက ဘာကိုမျှ ဖုံးကွယ်မထားပေ။
"နင် အဲဒီလို ပြောလိုက်ရင် ငါ စိတ်ဆိုးသွားမယ်လို့ မထင်ဘူးလား"
ဟု မင်ယွဲ့က တိုးတိုးလေး ရယ်လိုက်သည်။
"မစ္စမင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူလို့ ကျွန်တော် ထင်ပါတယ် မစ္စတာမိုက ခင်ဗျားရဲ့ အဆက်အသွယ် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ခင်ဗျားက တခြားသူကို မှီခိုနေတဲ့သူမျိုး မဟုတ်ပါဘူး"
ကျိုးချီက မင်ယွဲ့အပေါ် ထားရှိသော သူ၏ အမြင်များကို အပြည့်အဝ ဖော်ပြလိုက်သည်။
"ငါ နင့်ကို အခက်အခဲ မဖြစ်စေပါဘူး နင့်ရဲ့ စာချုပ်ကိစ္စကို ငါ ကူညီပေးမယ် ဒါပေမဲ့ နင် ငါ့ကုမ္ပဏီမှာ သုံးနှစ် စာချုပ်ချုပ်ရမယ် သုံးနှစ်ပြည့်ရင်တော့ နင် ကိုယ်ပိုင်စတူဒီယို ထောင်မလား၊ ဒါမှမဟုတ် ချန်ယွဲ့နဲ့ပဲ ဆက်တွဲမလားဆိုတာ နင် ဆုံးဖြတ်နိုင်တယ်"
မင်ယွဲ့က သူမ၏ တောင်းဆိုချက်ကို တည့်တည့်ပင် ပြောလိုက်ရာ သူမ ကူညီရန် သဘောတူလိုက်ကြောင်း ထင်ရှားလှသည်။
ကျိုးချီမှာ ပျော်ရွှင်သင့်သော်လည်း မျက်နှာပျက်သွားကာ -
“မစ္စမင်... အခုတလော အင်တာနက်ပေါ်က သတင်းတွေကို သိပ်ပြီး သတိမထားမိဘူး ထင် တယ်"
မင်ယွဲ့က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက် သည်။
“ပြောပါဦး... ဘာဖြစ်လို့လဲ"
သူမ၏ စိတ်နှလုံးမှာ ခိုင်မာလှသဖြင့် လက်မခံနိုင်စရာ မရှိဟု သူမ ယုံကြည်သည်။ သို့သော် ကျိုးချီသည် အင်တာနက်ပေါ်တွင် တစ်စုံတစ်ရာသော အရှုပ်တော်ပုံကို ဖန်တီးထားခဲ့ပုံရပြီး ထိုအရာကြောင့် ယခုကဲ့သို့ ထုတ်ပြောလာခြင်း ဖြစ်မည်ဟု သူမ တွေးမိသည်။
"ကျွန်တော့်မှာ အဖေတူအမေကွဲ ညီတစ် ယောက်ရှိတယ် ကျွန်တော့်အဖေက ဆုံးသွားပြီကျွန်တော် နာမည်ကြီးလာတော့ အဲဒီအမျိုးသမီးက တီဗီမှာ ကျွန်တော့်ကို မြင်ပြီး ပိုက်ဆံအမြောက်အမြား လာတောင်းတယ် ကျွန်တော်က ငြင်းလိုက်တော့ အခု အဲဒီညီဆိုတဲ့သူက ကျွန်တော့်ဆီ ထပ်ရောက်လာပြန်တယ် ကုမ္ပဏီကလည်း သူ့ကို လက်ခံထားတယ် အခု အင်တာနက်ပေါ်မှာ ကျွန်တော်က မိဘကို မသိတတ်တဲ့သူဆိုပြီး ပို့စ်တွေ အပြည့်ပဲ"
သူ့အသက် ငါးလသားအရွယ်ကပင် မိခင်ဖြစ်သူက ပစ်ထားခဲ့ခြင်း ဖြစ်သည်။
သူနှင့် သူ၏ဖခင်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နေရပ်မပြောင်းဘဲ နေခဲ့ကြသော်လည်း ထိုအမျိုးသမီးမှာ တစ်ခါမျှပင် လာကြည့်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူက သူမကို မထောက်ပံ့လိုခြင်း ဖြစ်သည်။
ကျိုးချီ၏ ဘဝဇာတ်ကြောင်းနှင့် လက်ရှိရင်ဆိုင်နေရသော ပြဿနာမှာ မင်ယွဲ့အတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။