အခန်း (၄၉၇-၄၉၈)
Vol. 50 Ch. 497-498
အပိုင်း (၄၉၇) အရည်အချင်းမပြည့်မီခြင်း
ယွမ်ပေါ့သည် သူမ၏ တာဝန်ကို အလွန်ပင် ကျေပွန်လှသည်။
မင်ယွဲ့သည်လည်း မိသားစုတိုင်း၌ ကိုယ်စီသော အခက်အခဲများ ရှိတတ်စမြဲဟု တွေးတောမိရင်း ကင်မရာရှေ့တွင် တောက်ပနေသော ရုပ်ရှင်မင်းသားကြီး ကျိုးချီ၌ ယခုကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသော မိခင်တစ်ဦး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
"ဒါက သိပ်ပြီး စိုးရိမ်စရာ မဟုတ်ပါဘူး"
ထျန်းယွဲ့၏ ကြားဝင်နှောင့်ယှက်မှုများကြောင့်ပင် စာချုပ်ဖျက်သိမ်းရန် ပို၍ပင် လွယ်ကူသွားစေသည်။
"အခု နင် အားလား"
ဟု မင်ယွဲ့က မေးလိုက်သည်။
"ဗျာ..."
စကားအလှည့်အပြောင်းက မြန်လွန်းလှသဖြင့် ကျိုးချီတစ်ယောက် ချက်ချင်းပင် တုံ့ပြန်ရန် မေ့လျော့နေခဲ့သည်။
"ဘာရပ်ကြည့်နေတာလဲ၊ စာချုပ်သွားဖျက်ပေးမလို့လေ"
ဤစကားကို ကြားလိုက်ရသည့်အခါ ကျိုးချီ၏ ရင်ထဲ၌ ဝမ်းသာအားရမှုတို့ အတိုင်းအထက် အလွန် ဖြစ်ပေါ်လာသည်။
"ရှောင်ခိုင်... ကုမ္ပဏီကို မောင်းတော့"
သူသည် ကုမ္ပဏီနှင့် သီးသန့် အဆင်မပြေဖြစ်နေပြီးသားဖြစ်ရာ ကုမ္ပဏီမှ ပေးထားသော မန်နေဂျာနှင့် လက်ထောက်တို့ကို အယုံအကြည်မရှိပေ။
ထို့ထက်ပို၍ ယနေ့ မင်ယွဲ့နှင့် လာရောက်တွေ့ဆုံသည်ကိုလည်း ထိုသူတို့အား မသိစေလိုပေ။ ကျိုးခိုင်မှာမူ သူ၏ ဝမ်းကွဲညီဖြစ်ပြီး အလွန်ပင် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်သည်။
ကားလေးသည် လျင်မြန်စွာ စတင်ထွက်ခွာလာခဲ့သည်။ အမြဲတမ်း တည်ငြိမ်လှသော ကျိုးချီမှာ ကိစ္စရပ်များ ဤမျှအထိ ချောမွေ့လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
သူ၏ ယခင်အတွေးအခေါ်အရ သူသာ အလုပ်ပြောင်းမည်ဆိုလျှင် လက်ခံလိုသော ကုမ္ပဏီများစွာ ရှိနေမည်ဖြစ်သော်လည်း ယခုကဲ့သို့ အရှုပ်တော်ပုံများ ဝိုင်းဝိုင်းလည်နေချိန်တွင် မည်သူမျှ သူ့ကို ခေါ်ယူရဲမည်မဟုတ်ဟု ယူဆထားခဲ့သည်။
သို့သော် မင်ယွဲ့ကမူ တစ်ကြိမ်တွေ့ရုံဖြင့်ပင် သဘောတူခဲ့လေသည်။
မင်ယွဲ့သည်လည်း အားနေခြင်းမရှိဘဲ ဖုန်းကိုထုတ်ကာ ကျိုးချီ၏ အရှုပ်တော်ပုံများကို စတင်ကြည့်ရှုနေသည်။
"ဒီအမျိုးသမီး အနုပညာရှင်နဲ့ နင်နဲ့ ဘာမှမပတ်သက်ဘူး မဟုတ်လား"
ကျိုးချီသည် အခြားသူနှင့် ရင်းနှီးနေသည့်ပုံစံဖြင့် ထွက်ပေါ်နေသော သူ၏ဓာတ်ပုံများကို မြင်လိုက်ရသည့်အခါ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
"လုံးဝမရှိပါဘူး အဲဒီနေ့က ဟိုတယ်ရှေ့မှာ မတော်တဆ ဆုံမိတာပါ သူမက ကျွန်တော့်ဆီကို ရုတ်တရက် ပြေးဝင်လာတာ၊ ကျွန်တော်လည်း ရှောင်ဖို့ အချိန်မရလိုက်ဘူး"
ဤအကြောင်းကို ပြောလိုက်သည့်အခါ ကျိုးချီ၏ မျက်နှာမှာ ညိုမှောင်သွားသည်။
"နင့်မှာ လက်ပ်တော့ ရှိလား"
ယွမ်ပေါ့ကို အသုံးပြုခြင်းက ပိုမိုမြန်ဆန်သော်လည်း လက်ရှိတွင် မိမိကိုယ်တိုင် လုပ်ဆောင်ပြခြင်းက ပို၍ ကျိုးကြောင်းဆီလျော်ပေလိမ့်မည်။
"ရှိပါတယ်"
မင်ယွဲ့ ဘာလုပ်မည်ကို ကျိုးချီ မသိသော်လည်း သူ၏ လက်ပ်တော့ကို လျင်မြန်စွာ ထုတ်ပေးလိုက်သည်။
မင်ယွဲ့သည် ကွန်ပျူတာကို ဖွင့်ကာ ကီးဘုတ်ပေါ်တွင် သူမ၏ လက်ချောင်းများမှာ ပျံသန်းနေသကဲ့သို့ လျင်မြန်စွာ ရိုက်နှိပ်နေသည်။
ဘေးလူအမြင်တွင်မူ သူမသည် ပေါ့ပေါ့ပါးပါး စာရိုက်နေသည်ဟု ထင်မှတ်ရပေမည်။
သို့သော် ကျိုးချီ၏ ရှုထောင့်မှကြည့်လျှင်မူ ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ကုဒ်တန်းများ အဆက်မပြတ် လှုပ်ရှားနေပြီး ဝင်းဒိုးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့မြင်နေရသည်။
ရုတ်တရက်ဆိုသလို ဟိုတယ်ရှေ့တွင် သူပေါ်လာသော အခန်း၌ ကင်မရာမှာ ရပ်တန့်သွားသည်။
ကျိုးချီသည် မင်ယွဲ့ကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေမိသည်။ ဖျော်ဖြေရေးလောကတွင် သူ တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာနှင့် မာန်မာနများမှာလည်း တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် နောက်ဆုံးတွင် ရုပ်ရှင်မင်းသားကြီး ဖြစ်လာခဲ့ပြီး ဂုဏ်ယူဝင့်ကြွားနိုင်ပြီဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ကုမ္ပဏီ၏ အလိုကို မလိုက်လျောခဲ့သည့်အတွက် ကုမ္ပဏီက သူ့အပေါ် သတင်းဆိုးများ ဖြန့်ဝေခဲ့သည့်အခါမှ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီး ဟူသည် အမှန်တကယ် အရင်းအနှီးပင်ဖြစ်ပြီး လူကြိုက်များမှုဆိုသည်မှာ ထိုအရင်းအနှီး၏ ကစားစရာမျှသာ ဖြစ်ကြောင်း သူ သိမြင်သွားခဲ့ရသည်။
ယခုအခါတွင်မူ မင်ယွဲ့က 'အရင်းအနှီး' ဟူသည်မှာ ငွေကြေးနှင့် လှည့်ကွက်များသာမက 'အရည်အချင်း' လည်း ဖြစ်ကြောင်း သူ့ကို သက်သေပြနေသည်။
မင်ယွဲ့၏ ဟက်ကာ စွမ်းရည်မှာ တကယ်ပင် အံ့မခန်းလှသည်။
"ကျွန်တော်တို့က အခန်းမတူဘဲ ထွက်လာကြတာ၊ ပြီးမှ တံခါးဝမှာ ဆုံတာပါ"
ကျိုးချီသည် မျက်နှာပြင်ပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ သူတို့နှစ်ဦးမှာ ရင်းနှီးမှုမရှိဘဲ မတော်တဆ ဆုံတွေ့ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
အင်တာနက်သည် သံလျက်နှစ်ဖက်သွားကဲ့သို့ပင်။ လူတစ်ယောက်ကို ချက်ချင်းပင် ဘုရားသခင်ကဲ့သို့ ချီးမြှောက်နိုင်သလို ခဏအတွင်းမှာပင် ရွှံ့နွံထဲသို့ နင်းခြေပစ်နိုင်သည်။
၎င်းသည် တရားမျှတမှု၏ ဓားလက်နက် ဖြစ် နိုင်သလို မကောင်းမှု၏ တံစဉ်လည်း ဖြစ် နိုင်သည်။
"စာချုပ်ဖျက်ပြီးရင် ဒါကို ထုတ်လွှင့်လို့ ရမလား"
ဟု ကျိုးချီက ခဏမျှ စဉ်းစားပြီး မေးလိုက် သည်။
"သေချာပေါက် ရတာပေါ့ နင် ငါ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးတာနဲ့ အရာအားလုံးကို ငါ ရှင်းလင်းပေးမယ် အကျိုးအမြတ် အများဆုံးရအောင်လည်း ငါ စီစဉ်ပေးမှာပါ"
သူတို့နှစ်ဦးသည် အင်တာနက်ပေါ်မှ ဆဲဆိုဝေဖန်မှုများကို လျစ်လျူရှုကာ နောက်ဆက်တွဲ ကိစ္စရပ်များကို တည်ငြိမ်စွာပင် ဆွေးနွေးလိုက်ကြသည်။
"ဥက္ကဋ္ဌကျန်း မရှိပါဘူး ပြန်ကြပါ"
သူတို့နှစ်ဦး ထျန်းယွဲ့ဖျော်ဖြေရေးသို့ ရောက်ရှိသည့်အခါ တားဆီးခြင်း ခံလိုက်ရသည်။
ကျိုးချီသည် “နင် နာမည်ကြီးနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတိုင်းဟာ လူကောင်းတွေ ဖြစ်နေတတ်ပြီး နင် နာမည်မရှိတော့တဲ့ အချိန်မှာတော့ လူတိုင်းက နင့်ကို နင်းခြေဖို့ အဆင်သင့်ပဲ" ဟူသော စကားကို ယခုမှပင် ကောင်းကောင်း နားလည်သွားတော့သည်။
လူ့သဘာဝ၏ ပြောင်းလဲမှုများကို ရက်အနည်းငယ်အတွင်းမှာပင် သူ အပြည့်အဝ ခံစားလိုက်ရသည်။
အကယ်၍ သူ မှတ်မိမမှားပါက ဤဧည့်ကြိုမလေးသည် တစ်ချိန်က သူ့ထံမှ လက်မှတ်တောင်းခဲ့ဖူးပြီး သူမသည် သူ၏ ပရိသတ်ဖြစ်ကြောင်း ပြောခဲ့ဖူးသူ ဖြစ်သည်။
လူတွေက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲတတ်ကြပါလား။
"ငါက ချန်ယွဲ့ဖျော်ဖြေရေးက မင်ယွဲ့လို့ သူ့ကို သွားပြောလိုက် ငါ့လက်ထဲမှာ ရှိနေတဲ့ ဗီဒီယိုတွေကို အပြင်မပေါက်စေချင်ရင် ငါ့ကို လာတွေ့တာ ပိုကောင်းလိမ့်မယ်လို့လည်း ပြောလိုက်ပါ"
ယွမ်ပေါ့က ထိုလူ အပေါ်ထပ်တွင် ရှိနေကြောင်း အသိပေးထားပြီးဖြစ်ရာ ဧည့်ကြို၏ လိမ်ညာစကားကို သူမ မယုံကြည်ပေ။
ဧည့်ကြိုမလေးမှာ အနည်းငယ် အံ့အားသင့်သွားပြီး မင်ယွဲ့မှာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ် လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
အကျိုးဆက်ကို မခံစားနိုင်မည် စိုးသဖြင့် သူမ ဖုန်းကို ကိုင်ကာ ဆက်သွယ်လိုက်ရတော့သည်။ ခဏအကြာတွင် ဥက္ကဋ္ဌကျန်း ကိုယ်တိုင် ဆင်းလာသည်ကို တွေ့လိုက်ရသည်။
"မစ္စတာမင် လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး တကယ်ကို ဂုဏ်ယူမိပါတယ် ကျွန်တော့်ဝန်ထမ်းတွေက အချိန်ဇယားကို မှားမှတ်နေလို့ပါ၊ ခွင့်လွှတ်ပေးပါဦး"
သူ၏ အကြည့်မှာ ကျိုးချီအပေါ်သို့ ရောက်သွားသည့်အခါ အမုန်းရိပ်အချို့ ဖြတ်ပြေးသွားသည်။
သူတို့သုံးဦးသည် ဓာတ်လှေကားဖြင့် အပေါ်သို့ တက်သွားကြစဉ် အောက်ရှိ ဝန်ထမ်းများမှာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
"ဥက္ကဋ္ဌကျန်းက ဘာလို့ ဒီလောက်တောင် ရိုသေနေရတာလဲ အဲဒါ ဘယ်သူလဲ"
"သူက ချန်ယွဲ့ဖျော်ဖြေရေးက မစ္စမင်လေ ရှင်းယောင်းလုပ်ငန်းစုက မစ္စတာမိုရဲ့ ရည်းစား၊ ယန်တာတက္ကသိုလ် ဆင်းပြီး ကုမ္ပဏီအတော်များများကို ပိုင်ထားတဲ့သူ"
"ဟာ... အားကျလိုက်တာ"
"မင်းသားကြီးကျိုးက စာချုပ်လာဖျက်တာလား ချန်ယွဲ့ကို ပြောင်းတော့မှာလား"
ကျိုးချီ၏ ဂုဏ်သိက္ခာမှာ လောလောဆယ်၌ ပျက်ပြားနေသဖြင့် သူမသည် သူ့ကို နှစ်သက်သည်ဟုပင် မထုတ်ဖော်ရဲပေ။
သူတို့ သုံးဦး ရုံးခန်းထဲသို့ ရောက်သည့်အခါ အထွေထွေမန်နေဂျာကျန်းမှာ ယဉ်ကျေးပျူငှာစွာပင် ရှိနေသည်။
"မစ္စမင်... ပြီးခဲ့တဲ့အကြိမ် ကျန်းယန်ရဲ့ စာချုပ်ကိစ္စမှာ ကျွန်တော်တို့ သဘောတူညီမှု ရခဲ့ပြီးသားပါ အခုလို အချက်အလက်တွေကို အရန်သိမ်းထားတာက စာချုပ်ရဲ့ စိတ်ဓာတ်ကို ဖောက်ဖျက်ရာ ရောက်တယ်နော် ဖျော်ဖြေရေးလောကမှာ သိပ်ပြီး မဆင်မခြင် မလုပ်တာ ပိုကောင်းပါတယ်၊ လူတွေကို အလွယ်တကူ စိတ်ဆိုးအောင် လုပ်တာမျိုးပေါ့"
သူက မေးခွန်းထုတ်သကဲ့သို့ ပြောသော်လည်း သူ၏ လေသံမှာ ပြစ်တင်ဝေဖန်မှုနှင့် မကျေနပ်မှုများ အပြည့်ပါဝင်နေသည်။
"မစ္စတာကျန်း... ကျွန်မကို မေးခွန်းထုတ်နိုင်တဲ့ အနေအထားမှာ ခင်ဗျား မရှိဘူးလို့ ထင်တယ်"
မင်ယွဲ့က အရေးမလုပ်ပေ။
သူမသည် လက်သီးကို ဆုပ်ကာ စားပွဲကို နှစ် ချက်ခေါက်လိုက်ပြီး သူ၏ စကားကို ရပ်တန့် စေလိုက်သည်။
"မစ္စမင်... နောက်နောင် ပြန်ဆုံနိုင်ဖို့အတွက် လမ်းစလေးတော့ ချန်ထားသင့်တာပေါ့ ကျန်းယန်ရဲ့ ကိစ္စမှာ ကျွန်တော် လိုက်လျောခဲ့ပြီးပြီ၊ အခုကော ခင်ဗျားဘက်က လိုက်လျောပေးလို့ မရဘူးလား"
မစ္စတာကျန်း၏ မျက်လုံးများမှာ လူတစ်ယောက်ကို ဝါးမျိုတော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။
"မရဘူး"
မင်ယွဲ့သည် သူ၏ မျှော်လင့်ချက်ကို ချက်ချင်းပင် ရိုက်ချိုးလိုက်သည်။
"ကျွန်မ ဘာလို့ ဒီကို ရောက်နေတယ်ဆိုတာ ခင်ဗျား သိပြီးသားပဲ သူ့ကို လွှတ်လိုက်ပါ"
ကျိုးချီသည် မင်ယွဲ့၏ လက်ထဲတွင် မည်သည့် ဗီဒီယို ရှိသည်ကို မသိသော်လည်း ကျန်းယန်ပင် အေးဆေးစွာ စာချုပ်ဖျက်နိုင်ခဲ့လျှင် သူလည်း ယနေ့ ထျန်းယွဲ့မှ တရားဝင် ထွက်ခွာနိုင်မည်ဟု ခံစားမိသည်။ ယနေ့ မင်ယွဲ့ကို သွားတွေ့ခဲ့ခြင်းမှာ အမှန်ကန်ဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
"ပြီးခဲ့တဲ့အကြိမ်က ဗီဒီယိုကို ဖျက်ပစ်မယ်လို့ ခင်ဗျား ပြောခဲ့တာပဲ အခုကျတော့ နောက်ထပ် တစ်ခု ထပ်ပေါ်လာပြန်ပြီ ကျွန်တော် ခင်ဗျားကို ဘယ်လို ယုံရမလဲ"
ဟု ဥက္ကဋ္ဌကျန်းက မင်ယွဲ့အပေါ် ယုံကြည်မှု ကင်းမဲ့စွာ မေးလိုက်သည်။
"ပထမအချက်အနေနဲ့... ပြီးခဲ့တဲ့ ဗီဒီယိုကို ကျွန်မတို့ တကယ် ဖျက်ပစ်ခဲ့ပါတယ် ကျွန်မတို့ဆီမှာ အရန် မရှိဘူး"
ဤစကားကို ကြားသည့်အခါ ကျိုးချီ၏ မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း မင်ယွဲ့မှာ သာမန်လူ မဟုတ်သဖြင့် အစီအစဉ်တစ်ခုခု ရှိလိမ့်မည်ဟု သူ ချက်ချင်းပင် သိလိုက်သည်။
မစ္စတာကျန်းကမူ မျှော်လင့်တကြီး ကြည့်နေသည်။ အကယ်၍ ဗီဒီယို မရှိပါက သူသည် ဤမျှ ယဉ်ကျေးနေမည် မဟုတ်ပေ။
"ဒါပေမဲ့ ခင်ဗျားလုပ်ခဲ့တဲ့ တရားမဝင်တဲ့ ရာဇဝတ်မှုတွေကို ရှာဖွေဖို့က သိပ်ပြီး လွယ်ကူလွန်းပါတယ် ဒါကြောင့် တခြား သက်သေအထောက်အထားအချို့ကို ကျွန်မ ထပ်ရှာတွေ့ထားတယ် စိတ်ဝင်စားရင် နောက်မှ တစ်ချက် ကြည့်လိုက်ပါဦး"
အထွေထွေမန်နေဂျာကျန်း၏ မျက်နှာမှာ ပြာနှမ်းသွားပြီး မျက်ဝန်းများထဲတွင် အာဃာတများ ပြည့်နှက်နေသည်။
မင်ယွဲ့သည် သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ သူ၏ နှလုံးသားကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။
"ဒုတိယအချက်အနေနဲ့... ခင်ဗျား ယုံသည်ဖြစ် စေ၊ မယုံသည်ဖြစ်စေ ဒါကို လက်ခံရမှာပဲ ခင်ဗျား လောင်းကြေးမထပ်ရဲဘူး မဟုတ်လား"
မစ္စတာကျန်းသည် ရှေ့တွင် ရှိနေသော အမျိုးသမီး၏ အပြုံးမျက်နှာဖုံးကို ဆွဲခွာကာ သူမကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ် ပေါက် နေသည်။
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ အောင်မြင်ခဲ့သော်လည်း မိန်းကလေးငယ်တစ်ဦး၏ အကြိမ်ကြိမ် ခြိမ်းခြောက်ခြင်းကို ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ကောင်းပြီ... သူ့ကို လွှတ်ပေးမယ်"
ကျိုးချီ၏ ဂုဏ်သိက္ခာမှာ ပျက်စီးနေပြီဖြစ်ရာ သူ့ကို လွှတ်ပေးလိုက်ခြင်းမှာ သူ့အတွက် ထိခိုက်မှု မရှိဟု သူ ယူဆလိုက်သည်။
"ဗီဒီယိုကို ကြည့်ချင်သေးလား"
မင်ယွဲ့သည် သူမ၏လက်ထဲမှ USB ကို လှုပ်ပြလိုက်ပြီး စာချုပ်တွင် လက်မှတ်ရေးထိုးကာ ကျိုးချီနှင့်အတူ ထွက်ခွာလာခဲ့သည်။
မစ္စတာကျန်းသည် ရုံးခန်းတံခါးကို ပိတ်ကာ USB အတွင်းရှိ အချက်အလက်များကို စတင်ကြည့်ရှုသည်။ ၎င်းတို့မှာ ပြီးခဲ့သည့် ဗီဒီယိုနှင့် လုံးဝမတူဘဲ မြင်ကွင်းများမှာလည်း ကွဲပြားနေသည်။ သူသည် ဒေါသအာဃာတများဖြင့် ပြည့်နှက်နေ သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
ထိုနေ့မှာပင် ထျန်းယွဲ့ဖျော်ဖြေရေးက စာချုပ်ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မကြာမီမှာပင် ချန်ယွဲ့ဖျော်ဖြေရေးက ကျိုးချီနှင့် စာချုပ်ချုပ်ဆိုကြောင်း ကြေညာချက်ကို လျင်မြန်စွာ ထုတ်ပြန်လိုက် သည်။ ကျိုးချီ၏ အရှုပ်တော်ပုံများမှာလည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့သည်။
အပိုင်း (၄၉၈) အဆက်အသွယ်
"ဒီကျေးဇူးကန်းတဲ့ ကောင်က မိဘကိုမှ မသိတတ်တာ မဟုတ်ဘူး၊ အခုဆိုရင် သူ ဒီအဆင့်ရောက်အောင် ပျိုးထောင်ပေးခဲ့တဲ့ ကုမ္ပဏီကိုတောင် သစ္စာဖောက်နေပြီ သစ္စာမရှိ၊ တရားမျှတမှုမရှိ၊ မိဘအပေါ် ဝတ္တရားမကျေပွန်တဲ့ အကုသိုလ်အပေါင်း ခန္ဓာကိုယ်မှာ ကပ်နေတဲ့သူပဲ"
"ချန်ယွဲ့ဖျော်ဖြေရေးကတော့ မှားတာပဲ ဒီလောက် နာမည်ပျက်နေတဲ့သူမျိုးကိုမှ ခေါ်ရတယ်လို့"
"သူတို့အားလုံး တစ်လေသံတည်း ထွက်နေကြတာနေမှာပေါ့ သိတဲ့သူတွေကတော့ သိကြပါတယ် အရင်ကတော့ ဖျော်ဖြေရေးလောကရဲ့ အစွန်းအထွက်မရှိတဲ့ စင်ကြယ်သူတွေလိုလိုနဲ့ အခုတော့ ငွေမျက်နှာတစ်ခုတည်း ကြည့်တဲ့ အရင်းရှင်မျက်နှာဖုံးတွေ ပေါ်လာပြီ ဒီလိုလူစားမျိုးတွေနဲ့ ပေါင်းပြီး ပိုက်ဆံရှာနေကြတာ"
ကျိုးချီတစ်ယောက် ဖုန်းကို အဆက်မပြတ် ကြည့်နေသည်ကို ဝမ်ကျန်း သတိပြုမိလိုက် သည်။
သူ၏ စိတ်အခြေအနေ မကောင်းလှဟုလည်း မှန်းဆမိသည်။ နောက်ဆုံးတွင်တော့ အရှုပ်တော်ပုံများ၏ ဗဟိုချက်တွင် သူ ပိတ်မိနေသည် မဟုတ်ပါလား။
"သိပ်ပြီး စိတ်မပူပါနဲ့ မင်းကိစ္စကို ကုမ္ပဏီက အမြန်ဆုံး ဖြေရှင်းပေးမှာပါ"
ဟု ဝမ်ကျန်းက အားပေးစကား ဆိုသည်။
သက်သေအထောက်အထားများကို မင်ယွဲ့ဘက်မှ ရှာဖွေတွေ့ရှိထားပြီးဖြစ်ရာ တိုက်ရိုက်ရှင်းလင်းရန်သာ ရှိတော့သည်။
သို့သော် အင်တာနက်လောက၏ သဘာဝမှာ သတင်းမှားဖြန့်ရန် လွယ်ကူသလောက် သတင်းအမှန်ကို ပြန်လည်သက်သေပြရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
အမှန်တရားကို ယခုချက်ချင်း ထုတ်ပြန်ခြင်းထက် အချိန်အခါကောင်းကို စောင့်ဆိုင်းရန် လိုအပ်သည်။ လူထု၏ ဝေဖန်မှု အမြင့်ဆုံးရောက်ချိန်နှင့် အခြားသော အင်အားစုများက ရေနောက်အောင် ဖန်တီးနေချိန်တွင်မှ အမှန်တရားကို ထုတ်ချလိုက်ပါက ပိုမိုထိရောက်ပြီး လူသိများပေလိမ့်မည်။
"ကျွန်တော် သိပါတယ် ဘဝဆိုတာက မှန်းဆလို့မရဘူးပဲ"
တစ်ချိန်က သူ့ကို 'အစ်ကို' ဟု ခေါ်ကာ အလုပ်များ၍ ပင်ပန်းမှာစိုးကြောင်း၊ ကိုယ်ခန္ဓာကို ဂရုစိုက်ရန် တတွတ်တွတ် ပြောခဲ့ဖူးသူများမှာပင် ယခုအခါ ကီးဘုတ်များကို အသုံးပြု၍ သူ့ကို ကျေးဇူးကန်းသူဟု သတ်မှတ်နေကြလေပြီ။
"စိတ်ဓာတ်မကျပါနဲ့ ခက်ခဲတဲ့အချိန်မှာ မင်းဘေးမှာ ရှိနေတဲ့သူတွေကမှ မင်းရဲ့ ပရိသတ် အစစ်အမှန်တွေပါ ဒီဖြစ်ရပ်က မင်းရဲ့ ပရိသတ်ထုကို စစ်ထုတ်ပေးလိုက်တာပဲ ယိမ်းနွဲ့တတ်တဲ့သူတွေအတွက် ဝမ်းနည်းမနေပါနဲ့၊ သူတို့က မင်းကို တကယ်မယုံကြည်ကြလို့ပါ အခု မထွက်သွားလည်း တခြားအကြောင်းပြချက် တစ်ခုခုနဲ့ နောက်မှ ထွက်သွားကြမှာပဲ စိတ် အေးအေးထားပါ"
သူတို့နှစ်ဦးမှာ စာချုပ်ချုပ်ဆိုပြီးသားဖြစ်ရာ ကျိုးချီမှာ သေချာပေါက် S-Level အဆင့် စာချုပ်ကို ရရှိထားသည်။ ရုပ်ရှင်မင်းသားကြီးတစ်ဦး မိမိတို့ကုမ္ပဏီသို့ ရောက်ရှိလာခြင်းဖြစ်သဖြင့် သူ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။
"ရပါတယ်၊ ကျွန်တော် အသားကျသွားမှာပါ"
သူသည် သာမန်နောက်ခံလူ ဘဝမှ စတင်ခဲ့သော်လည်း တစ်ဆင့်ချင်း တက်လှမ်းလာရာတွင် အတော်လေး ချောမွေ့ခဲ့သူ ဖြစ်သည်။
ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့ရခြင်းမှာ သူ၏ အတ္တကို ထိန်းကျောင်းရန်နှင့် ပြင်ပလောက၏ ရိုက်ခတ်မှုများအပေါ် မတုန်လှုပ်ဘဲ မိမိကိုယ်မိမိသာ အာရုံစိုက်ရန် သတိပေးချက် တစ်ခု ဖြစ်ပေသည်။
နယ်ပယ်အသီးသီးမှ ကြားဝင်နှောင့်ယှက်မှုများကြောင့် အင်တာနက်လောကမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် ရှီယန်၏ ပြည်သူ့ဆက်ဆံရေးဌာနက အခွင့်ကောင်းကို လက်လွတ်မခံဘဲ ကျိုးချီအတွက် ရှင်းလင်းချက် ဗီဒီယိုကို အွန်လိုင်းပေါ်သို့ ချက်ချင်း တင်လိုက်တော့သည်။
[ယွဲ့ယွဲ့... ကျိုးချီနဲ့ ပတ်သက်တဲ့ ရှင်းလင်းချက် ဗီဒီယိုနဲ့ စာရွက်စာတမ်းတွေ အွန်လိုင်းပေါ် ရောက်ကုန်ပြီ ဒါတွေကို ထိပ်ဆုံးမှာ တင်ထားရမလား]
ယွမ်ပေါ့သည် မင်ယွဲ့၏ ရှေ့မှောက်တွင် ခုန်ပေါက်လျက် ပေါ်လာသည်။
"ကောင်းပြီလေ... ထိပ်ဆုံးမှာ ရှိနေဖို့အတွက် ငါ ပိုက်ဆံပေးလိုက်မယ်"
ဟု မင်ယွဲ့က ဆိုသည်။
ငွေကြေးအင်အား ရှိနေသရွေ့ စည်းမျဉ်းများကို လွယ်လွယ်နှင့် မဖောက်ဖျက်ဘဲ နည်းလမ်းတကျ လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။ သက်ဆိုင်ရာ ဌာနများ၏ သတိပြုမိခြင်းကို မခံရစေရန် သူမက သတိထားသည်။
ငွေကြေး၏ စွမ်းအားမှာ ချက်ချင်းပင် ထင်ရှားလာပြီး ကျိုးချီနှင့် ပတ်သက်သော ပို့စ်များမှာ ထိပ်တန်း သတင်းခေါင်းစဉ်များ ဖြစ်လာခဲ့သည်။
"ကျွန်မတို့ အစ်ကိုကြီးအတွက် တကယ် စိတ်မကောင်းဘူး၊ သူ သိပ်သနားဖို့ကောင်းတာပဲ အမေတစ်ယောက်က ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်ရတာလဲ"
"ဟုတ်တယ် ကလေးကို တစ်ခါမှလည်း မပြုစုပျိုးထောင်ပေးဘဲနဲ့ အခုမှ ယွမ်ငါးသန်း လာတောင်းတယ်ဆိုတာကတော့ ရယ်စရာကြီးပဲ ဒေါသတောင် ထွက်မိတယ်"
"မိဘကို လုပ်ကျွေးတာက အမြတ်ဆုံးပဲဆိုတဲ့ စကားရှိတယ် ကျိုးချီရဲ့ ပရိသတ်တွေ သိပ်ပြီး မလွန်ကြနဲ့ဦး ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားတွေ ရှိသားပဲ အခုခေတ် ကလေးတွေ အွန်လိုင်းပေါ်မှာ ဘာတွေ သင်နေကြတာလဲ"
"တောက်... ခင်ဗျားက ရှေးခေတ်က ပြန်နိုးလာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလား ရှေးစကားတိုင်းက အမှန်တွေချည်းပဲလား ခေတ်နောက်ပြန်ဆွဲနေတဲ့ လူကြီးတွေ အွန်လိုင်းပေါ် မတက်သင့်ဘူး၊ တကယ် ရွံစရာကောင်းတယ်"
"မိဘဆိုတာ အမြဲတမ်း မှန်နေတာပဲ မင်းတို့ ကလေးတွေက မိဘပိုက်ဆံနဲ့ အနုပညာရှင်နောက် လိုက်နေကြတာ၊ မိဘမျက်နှာကို ဘယ်လိုကြည့်မလဲ"
"ရယ်စရာကြီးဗျာ ကျွန်တော် တစ်လကို သောင်းကျော် ရှာနိုင်တယ် ခင်ဗျားက ဘာလာရှုပ်နေတာလဲ ကျွန်တော့်ကို ကလေးလို့ ခေါ်နေတာ... ကလေးဆိုတာ ဘာလဲတောင် ကျွန်တော် မသိတော့ဘူး"
အစပိုင်းတွင် ကျိုးချီ၏ အမှန်တရား ပေါ်ပေါက်လာသဖြင့် အားလုံးက ပျော်ရွှင်နေကြသော်လည်း တစ်စုံတစ်ယောက်က ဖခင်ကြီးတစ်ဦးကဲ့သို့ လာရောက် ဆုံးမဩဝါဒ ပေးနေသဖြင့် လူတိုင်းမှာ ဒေါသထွက်ကုန်ကြသည်။
သို့သော် ဆွေးနွေးငြင်းခုံမှုများ ပိုမိုပြင်းထန်လေလေ ကျိုးချီ၏ ရှင်းလင်းချက် ဗီဒီယိုမှာ ပိုမို ပျံ့နှံ့လေလေ ဖြစ်လာသည်။
ကျိုးချီသည် သူ၏ ရုံးခန်းအတွင်း၌ အွန်လိုင်းသတင်းများကို စောင့်ကြည့်နေစဉ် သူ၏ဖုန်းမှာ ရုတ်တရက် မြည်လာသည်။ စိမ်းနေသော ဖုန်းနံပါတ်တစ်ခု ဖြစ်သည်။ သူသည် ဝမ်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကို ချပစ်ရန် ပြင် လိုက်သည်။
"ကိုင်လိုက်ပါဦး... ဘယ်သူလဲဆိုတာ ကြည့် ရအောင်"
ဟု ဝမ်ကျန်းက ကွန်ပျူတာမျက်နှာပြင်မှ အကြည့်လွှဲကာ ကျိုးချီကို ပြောသည်။
ကျိုးချီသည် ထရပ်ကာ ဖုန်းကို ဖြေကြားလိုက် သည်။
"အစ်ကိုကျိုး... ကျွန်မ မှားသွားပါပြီ၊ ဒီတစ် ကြိမ်တော့ ခွင့်လွှတ်ပေးပါနော်"
တစ်ဖက်မှ အသံကို ကြားသည်နှင့် ထိုသူမှာ မည်သူဖြစ်ကြောင်း သူ ချက်ချင်းပင် သိရှိ လိုက်သည်။
"မင်းက ဘာတွေ မှားခဲ့လို့ ငါ့ဆီက ခွင့်လွှတ်မှုကို တောင်းနေတာလဲ"
ဤအချိန်တွင် ဖုန်းဆက်လာသူမှာ သူနှင့် အရှုပ်တော်ပုံသတင်း ထွက်ခဲ့သော မင်းသမီးပင် ဖြစ်သည်။
ယခင်က သူ သူမကို ဖုန်းဆက်၍ အခြေအနေကို ကူညီရှင်းလင်းပေးရန် တောင်းဆိုခဲ့စဉ်က သူမက ငြင်းဆန်ခဲ့သည်။ ယခုအခါတွင်မူ သူသည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် ရည်ရွယ်ချက် မရှိပေ။
"အစ်ကိုကျိုး... ကျွန်မ တကယ် မှားမှန်း သိပါပြီ ဒီအဆင့်ကို ရောက်ဖို့ ကျွန်မ အများကြီး ကြိုးစားခဲ့ရတာပါ အခု အစ်ကိုသာ မကူညီရင် ကျွန်မရဲ့ သရုပ်ဆောင်ဘဝ ပျက်စီးသွားလိမ့်မယ်..."
"ဒီလို ရေပန်းစားမှုကို အခွင့်ကောင်းယူဖို့ မင်းကို ငါ ခိုင်းခဲ့လို့လား လူကြိုက်များဖို့အတွက် ဒါကို အသုံးချခဲ့တာဆိုတော့ အခု အကျိုးဆက်ကို ခံစားရမှာက မင်းရဲ့ ကံကြမ္မာပဲ"
ကျိုးချီသည် သူမ၏ စကားကို အဆုံးထိ နားထောင်ရန် စိတ်မရှည်တော့ပေ။
သူမ၏ ငိုရှိုက်သံများကို လျစ်လျူရှုကာ ဖုန်းကို ဖြတ်လိုက်တော့သည်။
သူ၏ ဖုန်းမှာ အသံလုံသဖြင့် တစ်ဖက်မှ ပြောသည်ကို ဝမ်ကျန်း မကြားရသော်လည်း ကျိုးချီ၏ စကားများကို နားထောင်ခြင်းဖြင့် အကြောင်းအရာကို မှန်းဆနိုင်သည်။
"သူ့ကို အာရုံစိုက်မနေပါနဲ့ ကုမ္ပဏီကပဲ အားလုံးကို ကိုင်တွယ်ပေးလိမ့်မယ်"
ဟု ဝမ်ကျန်းက ဆိုသည်။
ကုမ္ပဏီသည် ကျိုးချီကို အမြင့်ဆုံးအဆင့် စာချုပ်နှင့် အပြည့်အဝ လွတ်လပ်ခွင့် ပေးထားခဲ့ပြီ ဖြစ်သည်။
ကျိုးချီသည် အလွန်ပင် ကျေးဇူးတင်မိသည်။
ဖျော်ဖြေရေးလောကတွင် အချိန်အတော်ကြာ
ကျင်လည်ခဲ့ပြီး အရင်းရှင်များ၏ နင်းခြေမှုကို ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့ကို ကာကွယ်ပေးလိုသူနှင့် တွေ့ဆုံခဲ့ရသည်။
"မစ္စဝမ်... ကျွန်တော့်ရဲ့ ကုန်ပစ္စည်း ကိုယ်စားလှယ် စာချုပ်အချို့ ဆုံးရှုံးသွားခဲ့တယ်"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖုန်းခေါ်ဆိုမှု အများအပြား ရရှိခဲ့ကြောင်း ကျိုးချီက ပြောပြသည်။
ဝမ်ကျန်းက မည်သည့် အမှတ်တံဆိပ်များ ဖြစ်ကြောင်း မေးမြန်းလိုက်သည်။ ၎င်းမှာ နှမြော၍ မဟုတ်ဘဲ မည်သည့် အမှတ်တံဆိပ်များက အခြေအနေကို သေချာမသိရသေးမီ စာချုပ်ဖျက်သိမ်းခဲ့သည့် အခွင့်အရေးသမားများ ဖြစ်ကြောင်း သိလိုခြင်းကြောင့်သာ ဖြစ်သည်။
"ကျူးယွီ နာရီနဲ့ G Brand အမျိုးသားဝတ်စုံတွေပါ"
ကျိုးချီသည် အရာအားလုံးကို ရင်ဆိုင်နေရသော်လည်း စာချုပ်များ ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းမနေတော့ပေ။
သူသည် လက်ရှိ အခြေအနေကို လက်ခံထားပြီးသားပင် ဖြစ်သည်။
"ကောင်းပြီလေ... မင်းရဲ့ မန်နေဂျာအသစ်နဲ့ အလုပ်ကိစ္စတွေကို အရင်ညှိနှိုင်းလိုက်ပါ ကုမ္ပဏီက မင်းရဲ့ အချိန်ဇယားကို အမြန်ဆုံး စီစဉ်ပေးမှာပါ ဒီ စာချုပ်တွေအတွက်လည်း စိတ်မပူနဲ့ဦး"
တစ်ဖက်တွင် မင်ယွဲ့သည် ရိုင်ယန် နှင့် ဖုန်းပြောနေသည်။
"မစ္စမင်... ကျွန်တော်တို့ရဲ့ 'ချန်ကျွမ်း' အတွက် နိုင်ငံအသီးသီးမှာ နေရာတွေ ရွေးချယ်ပြီးပါပြီ အခုတော့ နိုင်ငံ-A မှာ ရောက်နေပါတယ်"
မင်ယွဲ့သည် လက်ထဲတွင် ကျောက်စိမ်းကို ထွင်းထုနေရင်း ဖုန်းကို စားပွဲပေါ်တင်ကာ စပီကာ ဖွင့်ထားသည်။
"အင်း... အားလုံး အဆင်ပြေပြေ ဖြစ်သွားလိမ့် မယ်လို့ မျှော်လင့်ပါတယ်"
"အခု နိုင်ငံ-A မှာ ရှိနေတာဆိုတော့ ဒီမှာ ကိစ္စတွေ အားလုံးပြီးရင် အိမ်ကို ချက်ချင်း ပြန်လာခဲ့မယ်"
သူတို့နှစ်ဦးစလုံးမှာ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြသဖြင့် စကားဝိုင်းမှာ ချောမွေ့လှသည်။
"ဒါနဲ့... ငါတို့ရဲ့ မိတ်ဖက်တွေထဲမှာ ထိပ်တန်း အဆင့်မြင့် နာရီအမှတ်တံဆိပ် ပိုင်ရှင်တွေ ရှိသလား"
ဟု မင်ယွဲ့က ရုတ်တရက် တစ်ခုခုကို သတိရကာ မေးလိုက်သည်။
‘Fia Diamonds' သည် ကျောက်မျက်ရတနာဆိုင် အများအပြားနှင့် လက်တွဲထားသလို အဆင့်မြင့်နာရီများတွင်လည်း စိန်ကလေးများကို အလှဆင်လေ့ရှိသဖြင့် သူမက မေးခြင်းဖြစ်သည်။
"မစ္စမင်... တစ်ခုခု လိုအပ်လို့လား ကျွန်တော်တို့မှာ နာရီပေးသွင်းသူတွေ အများကြီး ရှိပါတယ် ခင်ဗျား လိုချင်တယ်ဆိုရင် နောက်ဆုံးထွက် မော်ဒယ်တွေကို ပို့ပေးခိုင်းလိုက်ပါ့မယ်"
မင်ယွဲ့ကဲ့သို့သော အရင်းအမြစ် ပေးသွင်းသူထံမှ သူတို့ ငွေတောင်းမည် မဟုတ်ပေ။ မင်ယွဲ့က လက်ခံပေးလျှင်ပင် သူတို့အတွက် ရေရှည်လက်တွဲရန် အခွင့်အရေးကောင်း တစ်ရပ် ဖြစ်ပေလိမ့်မည်။
"ငါ့မှာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ရှိတယ် ငါ့ဝန်ထမ်းအတွက် ကိုယ်စားလှယ်တစ်ယောက် ရှာချင်လို့လေ။ သင့်တော်တဲ့သူ သိသလား"
မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင် အရင်းအမြစ်များနှင့် အဆက်အသွယ်များကို အကျိုးရှိရှိ အသုံးချရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ"
သူတို့နှစ်ဦး အချိန်အတော်ကြာ စကားပြောပြီးနောက် မင်ယွဲ့သည် သူမ၏ ကျောက်စိမ်းထွင်းထုခြင်း အလုပ်ကို ဆက်လက် လုပ်ကိုင်နေသည်။
"ကျူးယွီ နာရီက တကယ်ပဲ မင်းသားစီးရီးကနေ ဆင်းသက်လာတာပဲ ကျွန်မတို့ အစ်ကိုကြီးနဲ့ သိပ်လိုက်တာပဲ"
"ကျိုးချီက ကိုယ်စားလှယ်ဆိုပြီး အွန်လိုင်းမှာ သတင်းတွေ ထွက်နေတာ မဟုတ်လား အခုတော့ အမှန်တရား ပေါ်သွားပြီပေါ့"
ယခင်က အကူအညီ တောင်းခံသော်လည်း မရရှိခဲ့သည့် ကျိုးချီသည် ယခုအခါ ကီးဘုတ်ကို ဒေါသတကြီး ရိုက်နှိပ်နေမိသည်။
သူ၏ မျက်နှာမှာ ကွန်ပျူတာမှ ထွက်ပေါ်နေသော အလင်းရောင်အောက်တွင် တွန့်လိမ် နေသည်။
"သူက အရေခြုံသမားပဲ သူနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ မင်းသမီးတွေ အများကြီး သူ နှောင့်ယှက်တာ ခံခဲ့ရဖူးတယ်"
"အခု ချန်ယွဲ့က ကျောထောက်နောက်ခံ ပေးနေပြီဆိုတော့ အရင်းရှင်တွေရဲ့ စွမ်းအားကို တကယ် မြင်လိုက်ရပြီ လူတွေ အများကြီးက သူ့ကို အကောင်းမြင်အောင် ဝိုင်းလုပ်ပေးနေကြတာ"
"ဘယ်လိုပဲဖြစ်ဖြစ် သူက မိဘကို မသိတတ်တဲ့ ကောင်ပဲ ဒီလောက် ပိုက်ဆံရှာနိုင်တာကို အမေဖြစ်သူကို တစ်ပြားမှ မပေးဘူးဆိုတာက လူမဆန်တာပဲ"
အင်တာနက်လောကကား ဤသို့ပင်။
အရာအားလုံးကို ရှင်းလင်းပြပြီးသည့်တိုင်အောင် အဆိုးမြင်သူများမှာ နေရာအနှံ့ ရှိနေဆဲဖြစ်သည်။
ဖျော်ဖြေရေး၏ PR မန်နေဂျာ ကျန်းချန်မှာ အကျပ်အတည်း စီမံခန့်ခွဲမှုတွင် အတွေ့အကြုံရင့်ကျက်သော ဝါရင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူကိုယ်တိုင် ကျိုးချီ၏ ကိစ္စကို ကြီးကြပ်နေသဖြင့် အားလုံးမှာ ချောမွေ့နေခဲ့သည်။
ဝမ်ကျန်းသည် မင်ယွဲ့ထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိသည့်အခါ ဝမ်းသာလွန်းသဖြင့် ခုန်မိလုနီးနီးပင်။
သူမသည် ကျူးယွီနှင့် အပြိုင်ဖြစ်သော ပြည်တွင်း နာရီအမှတ်တံဆိပ်တစ်ခုနှင့် ဆက်သွယ်ထားပြီးဖြစ်သော်လည်း မင်ယွဲ့က သူမကို ပိုမိုကြီးမားသော အံ့ဩစရာတစ်ခု ပေးခဲ့သည်။
"ကျိုးချီက နိုင်ငံတကာ နာမည်ကြီး JD နာရီအမှတ်တံဆိပ်နဲ့ ဆွေးနွေးနေပြီဆိုတဲ့ သတင်းကို ထုတ်ပြန်လိုက်ပါ"
PR မန်နေဂျာ ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ ကျွမ်းကျင်သော PR တစ်ဦးအနေဖြင့် သတင်းမှားများဖြင့် လူထုကို ရှုပ်ထွေးအောင် လုပ်ခြင်း သို့မဟုတ် မသေချာသော သတင်းများဖြင့် လူကြိုက်များအောင် လုပ်ခြင်းကို သူ မနှစ်သက်ပေ။
"တိုက်ရိုက်သာ တင်လိုက်ပါ နှစ်ဖက်စလုံး အဆက်အသွယ် ရနေပြီ မစ္စမင် ကိုယ်တိုင် ကြားဝင်ပေးထားတာ"
ဟု ဝမ်ကျန်းက ဆိုသည်။
ဝမ်ကျန်းက ပြောပြီဆိုလျှင် ၎င်းမှာ အမှန်တရားပင် ဖြစ်ရပေမည်။ ကျန်းချန်သည် PR ဌာနကို ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။
အမှန်တရားဖြစ်နေသရွေ့ သူ စိုးရိမ်နေစရာ မလိုတော့ပေ။
"ဟားဟား... အခုတော့ မျက်နှာ အဖြတ်ခံလိုက်ရပြီ မဟုတ်လား”
"ဘယ်သူ့ရဲ့ အစ်ကိုကြီးက ငါတို့ကျိုးချီရဲ့ ကိုယ်စားလှယ်နေရာကို လုသွားတာလဲ နှမြောစရာပဲ၊ ငါတို့ကျိုးချီက JD ရဲ့ ကိုယ်စားလှယ် ဖြစ်နေပြီလေ"
"တစ်ခုက နိုင်ငံတကာ ထိပ်တန်း အမှတ်တံဆိပ်၊ တစ်ခုက ပြည်တွင်း အမှတ်တံဆိပ်... ဘယ်ဟာက ပိုကောင်းလဲဆိုတာ ပြောနေဖို့တောင် မလိုတော့ဘူး”
"စာချုပ်တောင် မချုပ်ရသေးဘဲနဲ့ ဘာတွေ လာကြွားနေတာလဲ"
အချို့က ပျော်ရွှင်နေကြသော်လည်း အချို့ကမူ မယုံကြည်နိုင်ဘဲ ရှိနေကြသည်။ သို့သော် ဤအခြေအနေမှာ ကြာရှည်မခံလိုက်ပေ။
မကြာမီမှာပင် ချန်ယွဲ့ဖျော်ဖြေရေးက ကျိုးချီသည် JD နာရီအမှတ်တံဆိပ်နှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း ဝမ်းမြောက်စရာ သတင်းကို ထပ်မံ ထုတ်ပြန်လိုက်လေတော့သည်။
ကျိုးချီ၏ ပရိသတ်များမှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။ လွန်ခဲ့သော ရက်ပိုင်းက ခံစားခဲ့ရသော ဖိနှိပ်မှုများမှာ ယူပစ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားပြီး အသက်ကို ဝဝရှူနိုင်ကြပြီ ဖြစ်သည်။
လူတွေ ပြောလေ့ရှိကြသကဲ့သို့ပင် 'လူတိုင်းက သူ့ကို အထင်သေးနေကြချိန်မှာ သူကတော့ အမြင့်ဆုံးကို ရောက်ရှိသွားခဲ့လေပြီ'။