အခန်း (၅၁၉-၅၂၀)
Vol. 52 Ch. 519-520
အပိုင်း (၅၁၉) စနစ်ပန်နယ်အား ကြည့်ရှု၍ မရတော့ခြင်း
"ယွဲ့ယွဲ့... မင်း လက်ထပ်သွားရင်လည်း ငါ့ကို အချစ်ဆုံးလူအဖြစ် ဆက်ထားဦးမှာလား"
ယွမ်ပေါ့သည် မင်ယွဲ့၏ ပေါင်ပေါ်၌ မှီတွယ်လဲလျောင်းရင်း ကလေးငယ်တစ်ဦးကဲ့သို့ မေးမြန်းရှာသည်။
မင်ယွဲ့က ပြုံးလျက် ၎င်း၏ နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပုတ်ကာ
“ဒါပေါ့... တို့တွေက ဘဝတူ တော်လှန်ရေးရဲဘော်တွေပဲဟာ"
ဟု ပြန်ဖြေလိုက်သည်။
"ယွဲ့ယွဲ့... ပြီးခဲ့တဲ့တစ်ခေါက်က မင်းကို ကယ်တင်ဖို့ တို့ရဲ့ ကျော်ကြားမှုရမှတ်တွေ အကုန်သုံးလိုက်ရပေမဲ့ အခု မင်းရဲ့ လှူဒါန်းမှုတွေနဲ့ သုတေသန အောင်မြင်မှုတွေကြောင့် ရမှတ်တွေက အရင်ထက်တောင် အဆပေါင်းများစွာ မြင့် တက်လာပြီနော်"
ဟု ယွမ်ပေါ့က ဝမ်းသာအားရ ဆိုသည်။
သို့သော် မင်ယွဲ့၏ ရင်ထဲ၌မူ ဝမ်းနည်းမှု အရိပ်အယောင်တို့ လွှမ်းမိုးနေသည်။
"ယွမ်ပေါ့... စနစ်ရဲ့ အမြင့်ဆုံးအဆင့်က ဘယ်လောက်လဲ"
ဟု သူမက တိုးတိုးလေး မေးမိသည်။
ယခုအခါ သူမသည် အဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်ရာ ဤခရီးလမ်း၏ အဆုံးသတ်တွင် မည်သို့ဖြစ်လာမည်ကို သူမ မသိချေ။
"တကယ်တော့ ငါလည်း မသိဘူး ယွဲ့ယွဲ့"
"မင်း ငါ့ကို ထားသွားမှာလား"
ဟု မင်ယွဲ့က သူမ အကြောက်ဆုံး မေးခွန်းကို ထုတ်မေးလိုက်သည်။
"မသွားပါဘူး... ငါက ယွဲ့ယွဲ့ဘေးမှာ တစ်သက်လုံး နေသွားမှာ မိုဟန်ကျီက မင်းကို အနိုင်ကျင့်သလားဆိုတာကိုလည်း ငါက စောင့်ကြည့်ပေးရဦးမယ်လေ"
ဟု ယွမ်ပေါ့က ရုတ်တရက် ထထိုင်ကာ လေးနက်သော လေသံဖြင့် ဆိုသည်။
ပန်ဒါပေါက်လေး၏ ထိုကဲ့သို့ တည်ကြည်လှသော အမူအရာမှာ အလွန်ပင် ချစ်စဖွယ် ကောင်းလှပေသည်။
"ကောင်းပါပြီ... ဒါဆို တို့ရဲ့ မင်္ဂလာပွဲမှာ မင်းက ပန်းကြဲတဲ့သူ လုပ်ပေးရမယ်နော်"
ဟု မင်ယွဲ့က ဆိုသော်လည်း သူမ၏ စိတ်ထဲ၌ စိုးရိမ်စိတ်တို့က ကိန်းအောင်းနေဆဲ ဖြစ်သည်။ မကြာသေးမီက ယွမ်ပေါ့သည် သူမ၏ စိတ်ထဲတွင် ရောက်ရှိမနေဘဲ အချိန်အတော်များများ ပျောက်ကွယ်နေတတ်သည်။
ထိုနေ့က မင်ယွဲ့သည် လူကြီးမိဘများနှင့်အတူ မင်္ဂလာခန်းမကို ပြင်ဆင်နေစဉ် သူမ၏ စိတ်အာရုံထဲ၌ ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော စက်ရုပ်ဆန်ဆန် အသံကြီး တစ်ဖန် ထွက်ပေါ်လာတော့သည်။
ထိုအသံသည် သူမအား ပျော်ရွှင်စေမည့်အစား နက်ရှိုင်းလှသော ကြောက်ရွံ့မှုကိုသာ ပေးစွမ်းခဲ့သည်။
【 တီ - အိမ်ရှင်၏ မနားမနေ ကြိုးပမ်းမှုကြောင့် 'မိတ်ကပ်ပညာ' သည် အဆင့်မြင့်သို့ ရောက်ရှိသွားပြီး ရိုးလ်ရွိုက်စ် (Rolls-Royce) ကားတစ်စီး ရရှိပါသည် 】
【 တီ - အိမ်ရှင်၏ ကြိုးပမ်းမှုကြောင့် 'ဘဏ္ဍာရေးစီမံခန့်ခွဲမှု' သည် အဆင့်မြင့်သို့ ရောက်ရှိသွားပြီး ရန်ပုံငွေ ၁၀ ဆ ပွားများစေမည့် ကတ်ပြားတစ်ခု ရရှိပါသည် 】
【 တီ - အိမ်ရှင်၏ ကြိုးပမ်းမှုကြောင့် 'ခန္ဓာကိုယ်လေ့ကျင့်ခန်း' သည် အဆင့်မြင့်သို့ ရောက်ရှိသွားပြီး အမြင့်မြတ်ဆုံး လက်နက် 'လရောင်ဓား' ကို ရရှိပါသည် 】
【 တီ - အိမ်ရှင်၏ ကြိုးပမ်းမှုကြောင့် 'ဟက်ကာစွမ်းရည်' သည် အဆင့်မြင့်သို့ ရောက်ရှိသွားပြီး စူပါကွန်ပျူတာတစ်လုံး ရရှိပါသည် 】
【 တီ - 'စီးပွားရေးစီမံခန့်ခွဲမှု' သည် အဆင့် မြင့်သို့ ရောက်ရှိသွားပြီး ငွေသား ၁၀၀ ဆ ပြန် အမ်းကတ် ကို ရရှိပါသည် 】
【 တီ - 'အထည်ချုပ်ပညာ' သည် အဆင့်မြင့်သို့ ရောက်ရှိသွားပြီး ဒေါင်းရုပ်သရဖူနှင့် မင်္ဂလာ ဝတ်စုံတစ်စုံ ရရှိပါသည် 】
【 တီ - 'အသိဉာဏ်တုနည်းပညာ' သည် အဆင့်မြင့်သို့ ရောက်ရှိသွားပြီး မဟာဦးနှောက် ၏ ပရိုဂရမ်များကို ထိန်းချုပ်ခွင့် ရရှိပါသည် 】
စနစ်၏ အချက်ပေးသံများ အဆက်မပြတ် မြည်ဟည်းနေခြင်းက မင်ယွဲ့ကို ထိတ်လန့်သွားစေသည်။
သူမသည် မည်သည့်ဆုလာဘ်များ ရရှိသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ယွမ်ပေါ့ကိုသာ အဆက်မပြတ် ခေါ်ယူနေမိတော့သည်။
တစ်ကြိမ်တည်းနှင့် ဆုလာဘ်များစွာ ပေးအပ် ခြင်းမှာ ခွဲခွာရတော့မည့် နိမိတ်လောဟု သူမ သံသယဝင်မိသည်။
သူမသည် စနစ်ပန်နယ်ကို ဖွင့်ကြည့်ရန် ကြိုးပမ်းသော်လည်း မရတော့ချေ။
【 ယွမ်ပေါ့... ယွမ်ပေါ့ 】
ဟု သူမက စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။
မိုဟန်ကျီ ရောက်ရှိလာသည့်အခါ မင်ယွဲ့၏ မျက်နှာမှာ ဖြူလျော့နေပြီး စိတ်နှင့်ကိုယ် မကပ်ဘဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ ယွဲ့ယွဲ့"
"ကျွန်မ နေလို့သိပ်မကောင်းဘူး၊ သွားနားလိုက်ဦးမယ်"
ဟု မင်ယွဲ့က ဆိုကာ သူမဘေးတွင် အိပ်ပျော်နေသော ပန်ဒါရုပ်လေးကို ထားရစ်ခဲ့ပြီး အခန်းထဲသို့ ဝင်သွားတော့သည်။
ထိုပန်ဒါရုပ်မှာ အခွံသက်သက်သာ ဖြစ်နေပြီး သူမ၏ အဖိုးတန် ယွမ်ပေါ့ မဟုတ်တော့ကြောင်း သူမ သိရှိလိုက်ရသည်။
အခန်းထဲသို့ ရောက်သည့်အခါ မင်ယွဲ့သည် စိတ်ထဲမှ ထပ်မံခေါ်ယူလိုက်ပြန်သည်။
【 ယွမ်ပေါ့... ဘာလို့ တို့ကို အဖတ်မလုပ်တာလဲမင်း ပျောက်ကွယ်သွားတော့မှာလားလို့ ခံစားနေရတယ် 】
အချိန်အတော်ကြာမှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ကလေးငယ်တစ်ဦး၏ လေသံကို ကြားလိုက်ရသည်။
【 ယွဲ့ယွဲ့ရယ်... ဘာလို့ အဓိပ္ပာယ်မရှိတာတွေ တွေးနေရတာလဲ မင်္ဂလာပွဲအတွက် ပြင်ဆင်ရတာ ပင်ပန်းလို့ ဖြစ်မှာပါ နားလိုက်ပါဦး... တို့က မင်းရဲ့ မင်္ဂလာပွဲကို အရောက်လာမှာပေါ့ 】
ယွမ်ပေါ့၏ စကားကြောင့် မင်ယွဲ့ အနည်းငယ် စိတ်အေးသွားသော်လည်း စနစ်ပန်နယ်ကို ကြည့်၍မရခြင်းမှာ စနစ်အဆင့်မြှင့်တင်နေ၍ ဖြစ်သည်ဟု ယွမ်ပေါ့က ရှင်းပြသည်။
【 တို့ကို အဝတ်အစားတွေ အများကြီး ချုပ်ပေးထားတယ် မဟုတ်လား၊ အိမ်မှာ လူတွေအရမ်းများပြီး ဆူညံနေလို့ တို့ ခဏ ပုန်းနေတာပါ မင်းရဲ့ ရမှတ်တွေကို သုံးပြီး မုန့်တွေ အများကြီး ဝယ်စား နေတယ် 】
ဟု ယွမ်ပေါ့က သူမကို နှစ်သိမ့်ရန် နောက် ပြောင်ပြောဆိုရှာသည်။
မိုဟန်ကျီသည် မင်ယွဲ့အတွက် စိုးရိမ်သဖြင့် အခန်းတံခါးကို ခေါက်ကာ သူမအား ကမ်းခြေသို့ လမ်းလျှောက်ရန် ခေါ်ဆောင်သွားသည်။
သူသည် မင်ယွဲ့အား တင်းကျပ်စွာ ပွေ့ဖက်ထားလျက် သူမ၏ စိုးရိမ်ပူပန်မှုများကို နားထောင် ပေးသည်။
"အိမ်ထောင်ပြုပြီးလို့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့ ယွဲ့ယွဲ့ မင်းက အရင် အတိုင်း မင်ယွဲ့ပဲ ဖြစ်နေမှာပါ မင်းက ကောင်းကင်ထက်က လမင်းလိုပဲ အမြဲတမ်း တင့်တယ်နေရမယ်"
ဟု သူက ဆိုသည်။
မင်ယွဲ့သည် သူ၏ ရင်ခွင်ထဲသို့ ခိုဝင်လျက် သူ၏ ရင်ခုန်သံကို နားထောင်နေမိသည်။
"ရှင့်ရဲ့ ရင်ခုန်သံတွေက သိပ်မြန်နေတာပဲ"
"ငါ့ရဲ့ နှလုံးသားက မင်းကို ချစ်တယ်လို့ ပြောနေတာလေ"
ဟု မိုဟန်ကျီက ဆိုကာ ပင်လယ်လေကြောင့် ဖရိုဖရဲဖြစ်နေသော သူမ၏ ဆံနွယ်များကို သပ်တင်ပေးပြီး နဖူးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ ဤသည်မှာ သူမ၏ ရင်ထဲမှ စိုးရိမ်မှုများကို ဖြေဖျောက်ပေးရန် ကြိုးပမ်းခြင်းပင် ဖြစ်လေတော့သည်။
အပိုင်း (၅၂၀) မင်္ဂလာပွဲတော်
မိုမိသားစု၏ မင်္ဂလာပွဲသည် တစ်မြို့လုံးကို လှုပ်ခတ်စေလောက်အောင် ခမ်းနားထည်ဝါလှပေသည်။
မကြာသေးမီကပင် အကောင်းတကာ့ အကောင်းဆုံးအရာဟူသမျှကို မိုမိသားစုက လက်ဦးမှုရယူကာ စုဆောင်းထားခဲ့ကြသည်။
ထိုနေ့ရက် ဆိုက်ရောက်လာသောအခါ ယန်ကျင်းတစ်မြို့လုံးတွင် ထူးခြားသော အငွေ့အသက်များ လွှမ်းခြုံနေလေသည်။
ခမ်းနားလှသော မင်္ဂလာပွဲဟူသည် သာမန်လူတို့နှင့် မသက်ဆိုင်ဟု ထင်ရသော်လည်း၊ မိုဟန်ကျီနှင့် မင်ယွဲ့တို့၏ လက်ထပ်ပွဲမှာမူ လူအများ၏ စိတ်ဝင်စားမှုကို ရရှိထားသဖြင့် တစ်လောကလုံး နွှဲပျော်ရသော ပွဲတော်ကြီးတစ်ခုသဖွယ် ဖြစ်နေတော့သည်။
လမ်းပန်းဆက်သွယ်ရေးဌာနကပင် ကြိုတင်စီစဉ်ပေးထားရပြီး၊ မင်ယွဲ့နှင့် မိုမိသားစုမှာ နိုင်ငံတော်၏ အခွန်အများဆုံးပေးဆောင်သူများ ဖြစ်ကြသဖြင့် အာဏာပိုင်များကပါ လိုလေသေးမရှိ ဝန်းရံပေးကြလေသည်။
တရုတ်ရိုးရာ မင်္ဂလာအခမ်းအနားအတွက် မင်ယွဲ့သည် စနစ်မှ ရရှိထားသော ဒေါင်းရုပ်သရဖူနှင့် အနုစိတ်ထိုးကွင်းများပါသည့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်။
ပညာရှင် ဆံပင်အလှပြင်ဆင်သူက သူမ၏ ဦးခေါင်းထက်တွင် သရဖူကို စနစ်တကျ တပ်
ဆင်ပေးရင်း အံ့ဩတကြီး မေးမြန်းမိသည်။
"မစ္စမင်... ဒီဝတ်စုံက ရှေးဟောင်းပစ္စည်းအစစ်လားဟင်"
အလှပြင်ပညာရှင်သည် စင်ကြယ်သော ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသည့် ဒေါင်းရုပ်သရဖူနှင့် အနီရောင် မင်္ဂလာဝတ်စုံကို ငေးကြည့်ရင်း အားကျမဆုံး ဖြစ်နေရှာသည်။
သူမသည် ထိပ်တန်း မင်္ဂလာပွဲများစွာကို တက်ရောက်ဖူးသော်လည်း ယနေ့ကဲ့သို့ ရတနာသိုက်ထဲ ရောက်နေသလား ထင်မှတ်ရသော ပွဲမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။
ဤရှေးဟောင်းစံအိမ်ကြီးအတွင်းရှိ အနီရောင် သန္တာကျောက်တုံးများ၊ ရှေးဟောင်းကြေးအိုးကြီးများ၊ ခရမ်းရောင် ကျောက်မျက်များနှင့် တန်ဖိုးကြီး စိန်ပြာများမှာ အလှဆင်ပစ္စည်းအဖြစ် ထားရှိရုံမျှဖြင့်ပင် ကြည့်မဝနိုင်လောက်အောင် တင့်တယ်လှသည်။
အထူးသဖြင့် မင်ယွဲ့၏ ဝတ်စုံမှာ ရှေးဟောင်းလက်ရာစစ်စစ်ဖြစ်ကြောင်း သိသာလှပြီး တစ်ချက်ချင်းစီ ထိုးထားသော အပ်ချက်တိုင်းမှာ ကျွမ်းကျင်သော ပညာရှင်ကြီးတစ်ဦး၏ သွေး၊ ချွေးနှင့် အချိန်တို့ ရင်းနှီးထားသကဲ့သို့ ခံစားရသည်။
မင်မိခင်သည် သတို့သမီးဝတ်စုံဖြင့် တင့်တယ်လွန်းနေသော သမီးဖြစ်သူကို ကြည့်ကာ မျက်ရည်ဝဲနေမိသည်။
"သမီးလေးကတော့ လူလားမြောက်လို့ အိမ်ထောင်ပြုတော့မှာပဲ"
အချိန်တွေက သိပ်မြန်လှသည်။
ရင်ခွင်ပိုက်ကလေးဘဝမှသည် ယခုကဲ့သို့ လှပသော အမျိုးသမီးပျိုလေးအဖြစ် ပြောင်းလဲသွားခြင်းမှာ မျက်စိတစ်မှိတ်အတွင်းပင်။
ရွှေသရဖူ၊ ကျောက်မျက်နားတောင်းနှင့် အနုစိတ်ထိုးကွင်းများကြားတွင် သရဖူမှ တွဲလောင်းကျနေသော ပုလဲဆွဲကြိုးလေးများက မင်ယွဲ့၏ လှပလွန်းသော မျက်နှာကို ခပ် ယောင်ယောင်လေး ဖုံးကွယ်ပေးထားသည်။
"သတို့သားအဖွဲ့ ရောက်လာပါပြီ”
ဟု အပြင်ဘက်မှ အော်ဟစ်သံ ကြားလိုက်ရသည်။
စံအိမ်တော်တစ်ခုလုံးတွင် အနီရောင် ပိုးထည်များ ဆင်ယင်ထားပြီး အနီရောင် ကော်ဇောများ ခင်းကျင်းထားရာ အလွန်ပင် ပွဲလမ်းသဘင် ဆန်လှသည်။
"အမေ... အဘွား... မငိုကြပါနဲ့၊ ဒီနေ့က မင်္ဂလာရှိတဲ့ နေ့ပဲဟာ"
ဟု မင်ယွဲ့က ပြုံးလျက် ဆိုကာ လူကြီးမိဘများ၏ လက်ကို ဆုပ်ကိုင်ထားသည်။
၎င်းနောက်တွင်မူ သတို့သားသည် သတို့သမီးကို လာရောက်ခေါ်ဆောင်ရန် ရောက်ရှိလာတော့သည်။
မင်ယွဲ့ မြင်တွေ့လိုက်ရသော မိုဟန်ကျီမှာ ယနေ့တွင် အနီရောင်ဝတ်စုံဖြင့် ပိုမိုခန့်ညားနေပြီး မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှု အပြုံးများ လွှမ်းခြုံနေသည်။
【 ယွဲ့ယွဲ့... သူ ရောက်လာပြီနော် 】
ယွမ်ပေါ့သည် မင်ယွဲ့၏ ပေါင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်နေသည်။ ယနေ့တွင် မင်ယွဲ့က ယွမ်ပေါ့အား အနီရောင် ဝတ်စုံလေး ဝတ်ပေးထားသဖြင့် အခမ်းအနားနှင့် အလွန်လိုက်ဖက် နေသည်။
"ယွဲ့ယွဲ့... မင်းကို လာခေါ်တာပါ"
ဟု မိုဟန်ကျီက ဆိုကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ဘယ်သောအခါမှ လွှတ်မပေးတော့မည့်အလား တင်းကျပ်စွာ ထိန်းထားတော့သည်။
သူတို့နှစ်ဦးသည် အနီရောင်ကော်ဇောထက်တွင် လျှောက်လှမ်းသွားကြရာ တောက်ပသော နေရောင်ခြည်က သူတို့၏ မင်္ဂလာပွဲကို သက်သေအဖြစ် ဝန်းရံပေးနေသည်။
မင်မင်း၏ ရင်ခွင်ထဲတွင် ပါသွားသော ယွမ်ပေါ့သည် မင်ယွဲ့အား ကြည့်ကာ တစ်ကိုယ်တည်း ပုန်းငိုနေခဲ့သေးသည်။
ခရီးစဉ်အတွင်း လှပလှသော ဇိမ်ခံကားတန်းကြီးမှာ အနီရောင်ဖဲကြိုးများဖြင့် ဆင်ယင်ထားကာ မြို့ကိုပတ်၍ မင်္ဂလာခန်းမသို့ ဦးတည်သွားကြသည်။
မိုဟန်ကျီသည် ဤနေရာအတွက် ကြာမြင့်စွာ ပြင်ဆင်ခဲ့ရပြီး ရှေးဟောင်းစတိုင် အဆောက်အအုံများ၊ ရေပေါ်စင်္ကြံများနှင့် ဟိုးကောင်းကင်ထက်တွင် ဝဲပျံနေသော နဂါးနှင့် ဒေါင်းရုပ်ထုကြီးများကို အနုစိတ် ထုလုပ်စေခဲ့သည်။
ခန်းမအတွင်းရှိ စားပွဲခင်းများမှစ၍ အရာအားလုံးမှာ လက်မှုပညာ အစစ်အမှန်များပင် ဖြစ်သည်။
စုံတွဲသစ်သည် အနီရောင်ဖဲကြိုးကို အတူဆုပ်ကိုင်လျက် ခန်းမအတွင်းသို့ ဝင်ရောက်လာကြသည်။ အရာအားလုံးမှာ ချောမွေ့စွာ လည်ပတ်နေပြီး ယွမ်ပေါ့သည် မင်မင်း၏ ပုခုံးပေါ်မှနေ၍ သူတို့နှစ်ဦးကို အဝေးမှ ငေးကြည့် နေသည်။
"ယွမ်ပေါ့... မင်းရဲ့ သခင်မလေး မင်္ဂလာဆောင်တာ ပျော်ရဲ့လား"
ဟု မင်မင်းက မေးရင်း ယွမ်ပေါ့၏ ခေါင်းကို ပွတ်သပ်ပေးသည်။
ယခုတစ်ကြိမ်တွင်မူ ယွမ်ပေါ့က ရုန်းမထွက်ဘဲ သူမ၏ လက်ဖဝါးကို ပြန်လည် ပွတ်သပ်နေသည်။ ယွမ်ပေါ့၏ မျက်ဝန်းထဲတွင် နက်ရှိုင်းလှသော ခံစားချက်များကို မြင်တွေ့လိုက်ရသဖြင့် မင်မင်းမှာ အံ့ဩသွားရသည်။
မင်ယွဲ့သည် စင်ပေါ်မှနေ၍ ယွမ်ပေါ့ဆီသို့ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြရာ ယွမ်ပေါ့ ရှိနေဆဲ ဖြစ်သည်ကို မြင်ရသဖြင့် မင်ယွဲ့ စိတ်အေးသွားရသည်။
သူမသည် မကြာသေးမီကစ၍ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့မိခြင်း ဖြစ်မည်ဟုသာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်လိုက်လေတော့သည်။