အခန်း (၅၂၁-၅၂၂)
Vol. 52 Ch. 521-522
အပိုင်း (၅၂၁) ဇာတ်သိမ်းပိုင်း
မင်ယွဲ့နှင့် မိုဟန်ကျီတို့၏ မင်္ဂလာပွဲသည် တစ်လောကလုံး စိတ်ဝင်စားရသော အခမ်းအနားကြီး ဖြစ်သဖြင့်၊ ကျွမ်းကျင်မီဒီယာအချို့အား တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ပြုလိုက်လေသည်။
အွန်လိုင်းပေါ်တွင်မူ ချစ်သူတိုင်း ညားကြပါစေဟူသော ဆုတောင်းစကားများ၊ နတ်ဖက်သည့် စုံတွဲဟူသော ချီးကျူးသံများမှာ ဒီရေအလား ပျံ့နှံ့နေတော့သည်။
မင်ယွဲ့၏ လက်အောက်ခံ ကုမ္ပဏီအားလုံးနှင့် ရှင်းယောင်လုပ်ငန်းစုကြီးမှာလည်း ဝန်ထမ်းအားလုံးကို အလုပ်ပိတ်ရက်ပေးကာ မင်္ဂလာသတင်းကို အတူတကွ ဆင်နွှဲကြလေသည်။
မင်ယွဲ့၏ သူငယ်ချင်းဟောင်းများမှာမူ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူမသည် လက်လှမ်းမမီနိုင်သော အမြင့်သို့ ရောက်ရှိသွားသည်ကို မြင်တွေ့ရသည့်အခါ နောင်တရနေကြရှာသည်။
ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားသော အနေအထားကို ကြည့်ရင်း အတိတ်က အခွင့်အရေးကို လက်လွတ်ခဲ့မိခြင်းအတွက် ရင်ထုမနာ ဖြစ်နေကြရသည်။
မင်ယွဲ့၏ ရင်းနှီးသော သူငယ်ချင်းများဖြစ်သည့် ဝမ်ချန်းနှင့် ကျန်းဟင်တို့မှာမူ တောက်ပသော အဝတ်အစားများဖြင့် ဂုဏ်သရေရှိစွာ ပွဲတက်နေကြသည်ကို မြင်တွေ့ရသောအခါ အတိတ်က မင်ယွဲ့အား လျစ်လျူရှုခဲ့သူများမှာ သူတို့၏ မျက်မှောက်၌ ရှိနေသော ရွှေရောင်အခွင့်အရေးကို မမြင်ခဲ့မိသည့် မိမိတို့၏ ကန်းသော မျက်စိများကိုသာ အပြစ်တင်နေမိကြတော့သည်။
မင်္ဂလာအခမ်းအနားများ ပြီးဆုံးချိန်တွင် မင်ယွဲ့သည် ပင်ပန်းနေသော်လည်း ယွမ်ပေါ့ကို ပွေ့ချီကာ အိပ်ဆောင်သို့ အမြန်ဝင်ခဲ့သည်။
"ယွမ်ပေါ့... ဒီနေ့ တို့တွေနဲ့အတူ အိပ်ရအောင် နော်"
ဟု မင်ယွဲ့က ဆိုကာ ယွမ်ပေါ့၏ နဖူးကို နမ်းရှိုက်လိုက်ရာ ပါးစပ်ထဲတွင် အမွှေးအမျှင်အချို့ပင် ကပ်ပါလာသည်။
"ငါက လူကြီးဖြစ်နေပြီပဲ၊ မင်းတို့နဲ့ အတူမအိပ်တော့ပါဘူး"
ဟု ယွမ်ပေါ့က ငြင်းဆိုသော်လည်း မင်ယွဲ့ကမူ
"ဘယ်သူက ပြောလဲ... မင်းက တို့အတွက် အမြဲတမ်း ကလေးလေးပဲဟာ"
ဟု ဆိုကာ မင်္ဂလာဦးည အိပ်ရာထက်၌ မိုဟန်ကျီနှင့် သူမအကြားတွင် ယွမ်ပေါ့အား သိသိသာသာ ထားရှိကာ အိပ်စက်ခဲ့ကြသည်။
ညဉ့်နက်သဘင်သို့ ရောက်သောအခါ ယွမ်ပေါ့သည် တစ်ဦးတည်း ဟိုဘက်ဒီဘက် လူးလှိမ့် နေသည်။
၄င်းသည် မင်ယွဲ့အား တစ်လှည့်၊ မိုဟန်ကျီအား တစ်လှည့် ကြည့်ရှုရင်း နောက်ဆုံးတွင် မင်ယွဲ့၏ ပါးပြင်ကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
မင်ယွဲ့ကလည်း အိပ်ချင်မူးတူးဖြင့် ယွမ်ပေါ့အား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ ယွမ်ပေါ့မှာ အလွန်ပင် ပျော်ရွှင်သွားရှာသည်။
၎င်းသည် မိမိအား မည်သူက ဖန်တီးခဲ့သည်ကို မသိသော်လည်း ယခုအခါတွင်မူ မိဘရင်းများကဲ့သို့သော မေတ္တာကို ရရှိနေပြီဟု ခံစားလိုက်ရသည်။
ရုတ်တရက် ယွမ်ပေါ့၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြည်လင်လာကာ ပျောက် ကွယ်လုနီးပါး ဖြစ်လာသည်။
"ယွဲ့ယွဲ့... ငါ သွားတော့မယ်နော် ငါ့ကို အရမ်း သတိမရနဲ့ဦး"
ဟု တိုးညင်းသော သက်ပြင်းသံတစ်ခု မင်ယွဲ့၏ နားထဲသို့ တိုးဝင်လာသဖြင့် သူမ ထိတ်လန့်တကြား နိုးလာတော့သည်။
【 တီ - ဆုလာဘ်များကို အလိုအလျောက် ရယူပြီး အသုံးပြုပြီးပါပြီ ငွေသားပြန်အမ်းကတ်၊ အဆပေါင်းများစွာ ပွားများစေမည့် ကတ်ပြားများကို အသုံးပြုနေပါသည်... မဟာဦးနှောက်သည် ယွဲ့ဟန်သုတေသနဌာနကို ထိန်းချုပ်ထားပြီး အမြင့်ဆုံး အာဏာမှာ အိမ်ရှင်ထံတွင် ရှိပါသည်... လရောင်ဓားကို ချည်နှောင်ပြီးပါပြီ... 】
【 အိမ်ရှင်၏ ဆွဲဆောင်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ပိုင်ဆိုင်မှုများမှာ မရေတွက်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ သင်သည် ဘဝ၏ အထွတ်အထိပ်သို့ ဆိုက်ရောက်သွားပြီ ဖြစ်သည် စနစ်၏ တာဝန်များ ပြီးဆုံးသွားသဖြင့် ချည်နှောင်မှုကို ရုပ်သိမ်းနေပါသည် 】
မင်ယွဲ့သည် ဟာလာဟင်းလင်း ဖြစ်သွားသော သူမ၏ ရင်ခွင်ကို ကြည့်ရင်း အကြီးအကျယ် စိတ်ထိခိုက်သွားရသည်။
"ယွမ်ပေါ့... ယွမ်ပေါ့ မင်း ဘယ်မှာလဲ”
သူမသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်ရှာဖွေတော့သည်။
မိုဟန်ကျီ နိုးလာပြီး မီးဖွင့်ကြည့်သော်လည်း ကုတင်အလယ်တွင် ယွမ်ပေါ့ မရှိတော့ချေ။
သူသည် ယွမ်ပေါ့ အပြင်သို့ ထွက်ကစားနေသည်အမှတ်ဖြင့် လိုက်လံရှာဖွေရန် ပြင်ဆင်သော်လည်း မင်ယွဲ့ကမူ ယွမ်ပေါ့သည် တကယ်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
တစ်သက်လုံး အတူရှိမည်ဟူသော ကတိစကားများမှာ လေထဲသို့ လွင့်ပါးသွားခဲ့ပြီလော။
"မရှာပါနဲ့တော့... သူ မရှိတော့ဘူး"
ဟု မင်ယွဲ့က ဆိုကာ အားအင်ကုန်ခမ်းစွာ ပြန်လည်လဲလျောင်းလိုက်သည်။
မိုဟန်ကျီမှာ မင်ယွဲ့၏ စကားကို နားမလည် နိုင်သော်လည်း သူမ အလွန်အမင်း ဝမ်းနည်းနေသည်ကို မြင်ရသဖြင့် နှစ်သိမ့်ပေးရှာသည်။
မင်ယွဲ့သည် တစ်ညလုံး မျက်စိမှိတ်လျက် စိတ်ထဲမှ ခေါ်ယူနေသော်လည်း မည်သူမျှ ပြန်လည်မထူးတော့ချေ။
မင်ယွဲ့သည် ယခင်အတိုင်းပင် တည်ငြိမ်သော မိန်းကလေးအဖြစ် ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ၌ မရေမတွက်နိုင်သော စွမ်းရည်များ၊ ပိုင်ဆိုင်မှုများနှင့် ချစ်ရသူတစ်ဦး ရှိနေခဲ့ပြီ ဖြစ်သည်။
ယွမ်ပေါ့သည် သူမ၏ ဘဝထဲသို့ မဖြစ်နိုင်သော အရာများစွာကို ယူဆောင်လာပေးခဲ့သော်လည်း သူမ၏ အပျော်ဆုံးနေ့ရက်တွင်မှ ထွက်ခွာသွားခဲ့သည်။
မင်ယွဲ့ကမူ ယွမ်ပေါ့သည် ဤကမ္ဘာလောကကြီးကို တစ်ဦးတည်း လှည့်လည်ကြည့်ရှုရန် ထွက်ခွာသွားခြင်းသာ ဖြစ်ပြီး၊ တစ်နေ့တွင် ပင်ပန်းလာသည့်အခါ အိမ်သို့ ပြန်လာလိမ့်မည်ဟု အမြဲ ယုံကြည်ထားခဲ့သည်။
ယွမ်ပေါ့ ထွက်ခွာသွားပြီးနောက်တွင်လည်း သူမသည် အိမ်၌ ယွမ်ပေါ့အတွက် အခန်းတစ်ခန်းကို အမြဲ အသင့်ပြင်ဆင်ထားကာ အခြား မည်သည့် အိမ်မွေးတိရစ္ဆာန်ကိုမျှ ထပ်မံ မမွေးမြူခဲ့တော့ပေ။
ဤသည်မှာ သူမအား ဘဝ၏ အထွတ်အထိပ် သို့ ပို့ဆောင်ပေးခဲ့သော ရဲဘော်ရဲဘက်ကောင်းအတွက် ထားရှိသော သူမ၏ မြဲမြံသော သံယောဇဉ်ပင် ဖြစ်လေတော့သတည်း။
အပိုင်း (၅၂၂) အပိုဆောင်းဇာတ်လမ်း (ယွမ်ပေါ့)
ဖော့ဘ်စ်ချမ်းသာသူများစာရင်းတွင် ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့သူမှာ တရုတ်အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းက ကမ္ဘာ့စီးပွားရေးလောကကို အံ့အားသင့်စေခဲ့သည်။
မင်ယွဲ့၏ ပိုင်ဆိုင်မှုများမှာ တရိပ်ရိပ် မြင့်တက်လာပြီးနောက် သူမသည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုမြင့်မားလှသော နေရာတွင် သူမ ခံစားနေရသည်မှာ အထီးကျန်မှုပင် ဖြစ်သည်။
အကယ်၍ ယွမ်ပေါ့သာ ရှိနေဦးမည်ဆိုပါက ထိုဝမ်းသာစရာ သတင်းအတွက် ကခုန်နေမည်မှာ အသေအချာပင်။
ယွဲ့ဟန်နည်းပညာ၏ 'နျူကလီးယား ပေါင်းစပ်ခြင်းသုတေသန အောင်မြင်မှုသည်လည်း လူသားမျိုးနွယ်အတွက် စွမ်းအင်သစ်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။
ဤအောင်မြင်မှုများမှာ ယွမ်ပေါ့ ထားရစ်ခဲ့သော ဆုလာဘ်များ ဖြစ်နိုင်ကြောင်း မင်ယွဲ့ နားလည်ထားသည်။
"မစ္စမင်ယွဲ့... ရှင့်ရဲ့ ဘဝခရီးလမ်းက အစစအရာရာ အောင်မြင်လွန်းပါတယ် ဒီအောင်မြင်မှုတွေအတွက် ဘယ်သူ့ကို အကျေးဇူးအတင်ဆုံးလဲဟင်"
ဟု အင်တာဗျူးတစ်ခုတွင် တင်ဆက်သူက မေးမြန်းလိုက်သည်။
မင်ယွဲ့၏ အတွေးများမှာ ခေတ္တမျှ ဝေးလွင့်သွားပြီးမှ ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ကျွန်မ အကျေးဇူးအတင်ဆုံးကတော့ ကျွန်မရဲ့ ယွမ်ပေါ့ကလေးပါပဲ"
ပရိသတ်များမှာ သူမ၏ အိမ်မွေးတိရစ္ဆာန်လေးကို ရည်ညွှန်းမှန်း သိကြသော်လည်း မင်ယွဲ့အတွက် ထိုကလေးမှာ မည်မျှ အရေးပါသည်ကိုမူ မည်သူမျှ မသိနိုင်ကြချေ။
အင်တာဗျူးအပြီးတွင် သူမအား လာရောက်ကြိုဆိုသူမှာ သူမ၏ ခင်ပွန်း မိုဟန်ကျီပင် ဖြစ်သည်။
“ယွဲ့ယွဲ့..." ဟူသော သူ၏ နူးညံ့လှသော ခေါ်သံမှာ သူမအား အမြဲတမ်း ဆွဲဆောင်နိုင်ဆဲပင်။
မိုမိသားစု စံအိမ်တွင် ညစာစားကြစဉ် မင်ယွဲ့သည် ငါးစွပ်ပြုတ်နံ့ကြောင့် အော့အန်ချင် သကဲ့သို့ ခံစားလိုက်ရသည်။
“ဘာဖြစ်လို့လဲ ယွဲ့ယွဲ့... နေမကောင်းဘူးလား"
ဟု မိုဟန်ကျီက စိုးရိမ်တကြီး မေးမြန်းသော်လည်း အတွေ့အကြုံရှိသော လူကြီးမိဘများကမူ ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။
စစ်ဆေးကြည့်လိုက်သည့်အခါ မင်ယွဲ့တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အချိန်များ ကုန်လွန်သွားပြီး မင်ယွဲ့၏ ဝမ်းဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို ထင်ရှားလာသည်။
မိုဟန်ကျီမှာ သူ၏ အလုပ်ကိစ္စအားလုံးကို အိမ်သို့ သယ်ဆောင်လာကာ မင်ယွဲ့အနား၌သာ အချိန်ပြည့် စောင့်ရှောက်နေတော့သည်။
မင်ယွဲ့သည် အမြွှာကိုယ်ဝန်ဆောင်ထားရသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။
ညတစ်ညတွင် မင်ယွဲ့သည် ယွမ်ပေါ့ကို အိပ်မက်မက်ပြီး လန့်နိုးလာခဲ့သည်။
“ယွမ်ပေါ့က သူ့မှာ မောင်လေး ညီမလေးတွေ ရတော့မယ်ဆိုတာ သိလို့ ဝမ်းသာပြီး အိမ်မက်လာပေးတာ ဖြစ်မှာပါ"
ဟု မိုဟန်ကျီက သူမအား နူးညံ့စွာ နှစ်သိမ့်ပေးရှာသည်။
မွေးဖွားမည့်ရက် ရောက်ရှိလာသောအခါ မိုဟန်ကျီမှာ မွေးခန်းရှေ့တွင် ဟိုမှဒီသို့ ဂဏာမငြိမ်စွာ လျှောက်လှမ်းနေမိသည်။
“သားတစ်ယောက်၊ သမီးတစ်ယောက် ရပါပြီ... မိခင်ရော ကလေးတွေပါ ကျန်းမာပါတယ်"
ဟု ဆရာဝန်က ပြောလိုက်မှသာ သူ သက်ပြင်းချနိုင်တော့သည်။
သမီးလေးကို အန်းရန် ဟု အမည်ပေးကာ သားလေးကို ဝူယန်ဟု အမည်မှည့်ခေါ်ခဲ့ကြသည်။
ကလေးနှစ်ဦးမှာ တစ်အိမ်လုံးကို ပျော်ရွှင်မှုများ ပေးစွမ်းနိုင်ခဲ့သော်လည်း သားဖြစ်သူ ဝူယန်မှာ အနည်းငယ် ထူးခြားလှသည်။
သူသည် အသက်တစ်လသားအရွယ်မှာပင် ဆာလောင်ခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်ရန် လိုအပ်ခြင်းများ ရှိပါက အော်ဟစ်ငိုယိုခြင်း မရှိဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတတ်သည်။
တစ်နေ့တွင် မင်ယွဲ့က သားလေးကို ချီပိုးထားစဉ် သားလေးက သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ပထမဆုံး စကားတစ်ခွန်းကို ဆိုလိုက်လေသည်။
"ယွဲ့ယွဲ့..."
မင်ယွဲ့မှာ အံ့ဩလွန်း၍ ဆွံ့အသွားရသည်။
“သားလေး... ဘယ်လိုခေါ်လိုက်တာလဲ"
"ယွမ်ပေါ့... ယွမ်ပေါ့..."
ဟု မိုဝူယန်ကလေးက ထပ်မံ ပြောလိုက်သည့်အခါ မင်ယွဲ့၏ မျက်ဝန်းမှ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။
သူမ၏ ယွမ်ပေါ့မှာ သူမ၏ သားအဖြစ် ပြန်လည်ရောက်ရှိလာခြင်းပင် ဖြစ်သည်။
"ယွဲ့ယွဲ့... မငိုနဲ့တော့နော်"
ဟု ကလေးငယ်က သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးရှာသည်။
“အင်း... တို့မငိုတော့ဘူး၊ ဒါပေမဲ့ နောက်ဆိုရင် တို့ကို 'မေမေ' လို့ပဲ ခေါ်ရမယ်နော်"
ဟု မင်ယွဲ့က သူ့ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
ယွမ်ပေါ့ ပြန်လည်ရောက်ရှိလာခြင်းမှာ မင်ယွဲ့၏ ကျော်ကြားမှုရမှတ်များ အဆမတန် မြင့်တက်လာပြီး စနစ်သည် အဆင့် ၆ သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။
ထိုအခွင့်အရေးတွင် ယွမ်ပေါ့သည် လူသားခန္ဓာကိုယ်ကို ရယူရန် ဆုံးဖြတ်ခဲ့ပြီး မင်ယွဲ့၏ ဝမ်းဗိုက်အတွင်း အမြွှာအဖြစ် အတူတကွ ပဋိသန္ဓေ တည်ခဲ့ခြင်း ဖြစ်သည်။
နှစ်အနည်းငယ် ကြာပြီးနောက်...
"ကိုကို... ဖေဖေက သမီးတို့ကို ကျောင်းပို့မလို့တဲ့၊ သမီး မသွားချင်ဘူး"
ဟု အန်းရန်လေးက သူမ၏ အစ်ကို ဝူယန်ကို ဖက်၍ ဂျီကျနေသည်။
ဝူယန်ကလေးကမူ လူကြီးတစ်ဦးကဲ့သို့ တည်ကြည်စွာဖြင့်
"ကလေးဆိုတာ စာသင်ရမှာပေါ့၊ ဒါမှ လူတွေနဲ့ ငြင်းခုံတဲ့အခါ အနိုင်ရမှာ"
ဟု ဆုံးမနေလေသည်။
မိုဟန်ကျီ ပြန်ရောက်လာသည့်အခါ ကလေးနှစ်ဦးကို တစ်ဖက်တစ်ချက်စီ ချီမြှောက်လိုက်ပြီး မင်ယွဲ့ကိုလည်း ချစ်ခင်စွာ ဖက်လိုက်သည်။
စံအိမ်တော်အတွင်း၌ ပျော်ရွှင်ရယ်မောသံများ လွှမ်းခြုံနေတော့သည်။
မင်ယွဲ့၏ ဘဝသည် အောင်မြင်မှုများ၊ ချစ်သူနှင့် မိသားစုများ၊ ထာဝရရဲဘော် ယွမ်ပေါ့တို့ဖြင့် ပြည့်စုံစွာ ပြီးဆုံးသွားခဲ့လေတော့သည်။
မင်ယွဲ့၏ ဘဝခရီးလမ်းမှာ လှပစွာ ပြီးဆုံးသွားပါပြီ။ လူသားအားလုံးလည်း မိမိတို့၏ ဆန္ဒများ ပြည့်ဝကာ ပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်ခင်ဗျာ။