အခန်း (၃၅၄)
Vol. 33 Ch. 354
သူသည် ဤနှင်းကပ်ဘေးကို ရင်ဆိုင်ရန် နိုင်ငံတော်၏ အရင်းအမြစ်အားလုံးကို ပုံအောကာ အသုံးချခဲ့ရသည်။
သို့သော်လည်း နှင်းကပ်ဘေး၏ ဒဏ်မှာ ပြင်းထန်လွန်းလှသဖြင့် လူများ အေးခဲသေဆုံးရုံသာမက တိရစ္ဆာန်များ၊ သီးနှံစိုက်ခင်းများနှင့် သစ်ပင်များပါမကျန် ပျက်စီးကုန်သည်။
ထို့ကြောင့် မည်သည့်အလုပ်မှ လုပ်ကိုင်၍မရတော့ဘဲ ရှိသမျှ စားနပ်ရိက္ခာများကိုသာ ထိုင်စားနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေရသည်။
ဤသည်မှာပင် ကောင်းမွန်သော အခြေအနေဟု ဆိုရပေမည်။ အခြားနိုင်ငံများတွင်မူ ပြည်တွင်းရေးများ ရှုပ်ထွေးကာ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားပြီး ပြည်သူတို့၏ လူမှုဘဝမှာလည်း အဖတ်ဆယ်မရအောင် ပျက်စီးနေကြရပြီ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် မဟာရှနိုင်ငံက လုံးဝ သက်ရောက်မှုမရှိဘဲ ဘေးကင်းနေသည်တဲ့လား။
လေလည်းမတိုက်၊ နှင်းလည်းမကျဘဲ ရာသီဥတုမှာ အေးသည်ဆိုရုံမျှသာ ရှိကာ လူတို့ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်းမှာပင် ရှိနေသည်။ လူတိုင်းကလည်း တက်ကြွစွာဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြပြီး လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သေဆုံးမှုနှုန်းမှာ အလွန်ပင် နည်းပါးလှသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင်လည်း ဤနှင်းကပ်ဘေးကြောင့် မဟာရှနိုင်ငံမှာ အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။
ဤခံစားချက်ကို မည်သို့ ဖော်ပြရပါ့မည်နည်း။
ဒုက္ခရောက်နေသော ညီအစ်ကိုတစ်စုမှာ အပြင်ဘက်တွင် ငတ်ပြတ်ပြီး အအေးမိနေကြချိန်ဝယ် သင်တစ်ယောက်တည်းသာ ခမ်းမဆောင်ထဲ၌ အေးအေးလူလူ ထိုင်ကာ ဟော့ပေါ့စား၊ သီချင်းဆိုနေသည့်အပြင် ဒုက္ခရောက်နေသူတို့၏ အကူအညီမဲ့မှုကို ပြန်လည်လှောင်ပြောင်နေသကဲ့သို့ပင်။
"ကောင်းကင်ကြီးက တကယ်ကို မတရားဘူး" မဟာလော့ဧကရာဇ်သည် ကောင်းကင်ကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
သူသည် အလွန်ပင် စိတ်ပျက်အားငယ်နေမိပြီး သေချင်စိတ်ပင် ပေါက်နေတော့သည်။ မနာလိုစိတ်ကြောင့်လည်း ရူးသွပ်မတတ် ဖြစ်နေရသည်။ အဘယ်ကြောင့် ကောင်းကင်ကြီးက မဟာရှနိုင်ငံနှင့် ထိုနတ်ဆိုးစာရင်းဝင် မဟာရှဧကရာဇ်ကိုပဲ အမြဲတမ်း မျက်နှာသာပေးနေရသနည်း။
ထိုအချိန်တွင် နတ်မိမယ် စုန့်ယွီဖေးမှာ အေးဆေးတည်ငြိမ်စွာဖြင့် ရောက်ရှိလာသည်။ မဟာလော့ဧကရာဇ်သည် သူမထံသို့ အပြေးအလွှား သွားလိုက်ပြီး - "နတ်မိမယ် ယွီဖေး... မဟာရှနိုင်ငံက နှင်းကပ်ဘေးရဲ့ သက်ရောက်မှုကို လုံးဝမခံစားရဘူးဆိုတာ တကယ်ပဲလား"
"တကယ်ပါ အရှင်မင်းကြီး" စုန့်ယွီဖေးက ခေါင်းညိတ်ပြလိုက်သည်။
"နတ်မိမယ်... ဒါပေမဲ့ ဘာလို့လဲ။ ဘာလို့ သူတို့ကျမှ ကောင်းကင်ကြီးက အခုလို မျက်နှာသာပေးရတာလဲ" မဟာလော့ဧကရာဇ်က မနာလိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်မိသည်။
"ကျွန်မတို့ ဂိုဏ်းထဲက လူကြီးတွေလည်း ဒါကို နားမလည်နိုင်လို့ စုံစမ်းဖို့ လူလွှတ်ထားပါတယ်။ သူတို့ ခန့်မှန်းတာကတော့ ဖီးနစ်တောင်တန်းကြီးက မြောက်ဘက်ကလာတဲ့ အအေးလှိုင်းတွေကို တားဆီးပေးထားလို့ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်" ဟု စုန့်ယွီဖေးက ရှင်းပြသည်။
"အရင်နှစ်တွေက ဆောင်းရာသီမှာလည်း အဲဒီလိုပဲလား" မဟာလော့ဧကရာဇ်က ထပ်မံမေးမြန်းပြန်သည်။
"ဒါက..." စုန့်ယွီဖေးက အနည်းငယ် တုံ့ဆိုင်းသွားသည်။
"နတ်မိမယ်... ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ကျွန်တော် ခံနိုင်ရည်ရှိပါတယ်"
ထိုအခါမှ စုန့်ယွီဖေးက ခေါင်းခါရင်း ပြောလိုက်သည် - "အရင်က အဲဒီလို မဟုတ်ပါဘူး။ အရင်တုန်းကလည်း ဖီးနစ်တောင်တန်းက အအေးလှိုင်းကို တားဆီးပေးပေမဲ့ အခုလောက်အထိတော့ မထိရောက်ခဲ့ပါဘူး။ ဒီတစ်ခါ ဖြစ်ရပ်ကတော့ တကယ်ကို ထူးဆန်းလှတယ်"
"အား..." မဟာလော့ဧကရာဇ်မှာ စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်သွားမိသည်။
လူတို့သည် မရှိနည်းပါးခြင်းကို မကြောက်ကြသော်လည်း မညီမျှခြင်းကိုမူ နာကြည်းတတ်ကြတာ သဘာဝပေတည်း။ လူတိုင်း ကပ်ဘေးကြားတွင် ရုန်းကန်နေရချိန်ဝယ် မဟာရှနိုင်ငံတစ်ခုတည်း ဘေးကင်းနေသည်ကို မည်သူက ခံနိုင်ရည်ရှိပါ့မည်နည်း။ မည်မျှပင် သဘောထားကြီးသော ဧကရာဇ်ဖြစ်ပါစေ ဤအချက်ကိုမူ လက်မခံနိုင်ချေ။
စုန့်ယွီဖေးသည် မဟာလော့ဧကရာဇ်၏ ခံစားချက်ကို နားလည်သဖြင့် နှစ်သိမ့်လိုက်သည် - "အရှင်မင်းကြီးလည်း အမှန်တော့ အတော်လေး ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရှင်မင်းကြီးရဲ့ ဆုံးရှုံးမှုက အနည်းဆုံးပါပဲ။ စိတ်ကို လျှော့ချလိုက်ရင် အဆင်ပြေသွားမှာပါ"
မဟာလော့ဧကရာဇ်က သူ၏ အေးစက်နေသော ရင်ဘတ်ကို ဖိထားရင်း ခါးသီးစွာ ပြောလိုက်သည် - "နှစ်သိမ့်ပေးတာ ကျေးဇူးတင်ပါတယ် နတ်မိမယ်၊ ဒါပေမဲ့ ဒါကို လက်ခံဖို့က တကယ်ကို မလွယ်ကူပါဘူး"
သူသည် လမ်းကွေ့တွင် ကျော်တက်ရန် မျှော်လင့်ထားသော်လည်း ထိုလူ (လင်းပိုင်ဖန်) ကမူ အဝေးပြေးလမ်းမပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသကဲ့သို့ပင်။ သူ မည်သို့ လိုက်မီနိုင်ပါ့မည်နည်း။ ဤသဘာဝကပ်ဘေးကြီး ပြီးသွားလျှင် သူတို့ကြားက ကွာဟချက်မှာ ပို၍ပင် ကြီးမားလာပေတော့မည်။
ဤအချက်ကို တွေးမိတိုင်း သူသည် အသက်ရှူကျပ်မတတ် ခံစားနေရသည်။ ပင်ပန်းနွမ်းနယ်နေသော မဟာလော့ဧကရာဇ်က လက်ကာပြလိုက်ပြီး - "နတ်မိမယ် ယွီဖေး... ကျွန်တော် နေလို့မကောင်းလို့ နန်းဆောင်ကို ပြန်ပြီး အနားယူပါရစေဦး။ ဒီမှာ ဆက်မနေနိုင်တော့လို့ နတ်မိမယ် စိတ်ကြိုက်သာ နေခဲ့ပါတော့"
စုန့်ယွီဖေးသည် သူ၏ အထီးကျန်ဆန်လှသော ကျောပြင်ကို ကြည့်ကာ သက်ပြင်း ခပ်ဖွဖွ ချလိုက်မိသည်။
အေးစက်သော လေပြင်းများမှာ ဆက်လက် တိုက်ခတ်နေဆဲဖြစ်ပြီး နှင်းများမှာလည်း စဲမည့်လက္ခဏာ မရှိဘဲ ကျဆင်းနေဆဲဖြစ်သည်။ အရပ်သား အများအပြားမှာ ဆက်လက် မရှင်သန်နိုင်တော့သဖြင့် အသက်ရှင်ရန် နည်းလမ်းများကို အသည်းအသန် ရှာဖွေနေကြရသည်။
မဟာရှနိုင်ငံ၏ မဟာဗျူဟာကျသော ဖီးနစ်ခံတပ်တွင် မဟာရှစစ်သည်တော်များသည် သူတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်။ ထိုစဉ် စစ်သည်တစ်ဦးက အဝေးသို့ လှမ်းကြည့်လိုက်ရာမှ အော်ဟစ်လိုက်သည် - "ကြည့်စမ်း... အဲဒါ ဘာတွေလဲ။ အမည်းစက်လေးတွေ အများကြီးပဲ... မဟာဖုန်းစစ်တပ်က လာတိုက်တာလား မသိဘူး"
"ဘယ်မှာလဲ" အခြားစစ်သည်များကလည်း ဝိုင်းကြည့်ကြရာ လူအုပ်ကြီးတစ်ခု အလျင်အမြန် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
"တကယ်ပဲ လူတွေပဲ၊ အများကြီးပဲဟ"
"မဟာဖုန်းနိုင်ငံက တကယ်ပဲ လာတိုက်တာလား"
"ဒီလောက် အေးနေတဲ့ ရာသီဥတုမှာ ဘယ်သူက တိုက်ပွဲဝင်မှာလဲ။ ဘာအတွက် တိုက်မှာလဲ"
"စစ်သူကြီးကို အမြန်တင်ပြ။ အားလုံး အသင့်ပြင်ထားကြ"
ရန်သူ့သတင်းကို အလျင်အမြန် တင်ပြလိုက်ကြပြီး ခံတပ်တစ်ခုလုံးရှိ စစ်သည်များမှာ တင်းကြပ်နေသော လေးကြိုးများကဲ့သို့ စစ်ရေးအသင့် ဖြစ်နေကြသည်။ သို့သော် ထိုလူအုပ်ကြီး အနီးသို့ ရောက်လာသောအခါမှ စစ်တပ်မဟုတ်ဘဲ ဒုက္ခသည်များ ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
ထိုဒုက္ခသည်များမှာ အတော်ပင် ထူးခြားလှသည်။ သူတို့သည် ထူထဲသော ဂွမ်းထည်အင်္ကျီများကို ဝတ်ဆင်ထားကြသော်လည်း ခန္ဓာကိုယ်၏ နေရာအတော်များများတွင် အေးခဲနေကြပြီး မြို့ရိုးအောက်မှနေ၍ အသည်းအသန် အကူအညီ တောင်းနေကြသည်။
"စစ်သည်တော်ကြီးတို့... ကျွန်တော်တို့ကို အထဲပေးဝင်ပါဗျာ"
"ကျွန်တော်တို့မှာ သွားစရာ မြေမရှိတော့လို့ မဟာရှနိုင်ငံကို လာခဲ့ရတာပါ"
"ကျွန်တော်တို့ အေးခဲပြီး သေပါတော့မယ်၊ အအေးဒဏ်ကာကွယ်ဖို့ ပစ္စည်းတစ်ခုခု ရှိရင် ပေးကြပါဦး"
"မီးသွေးများ ရှိပါသလား၊ ကျွန်တော်တို့ ပိုက်ဆံပေးပြီး ဝယ်ပါ့မယ်"
ဤနေရာကို အုပ်ချုပ်သူမှာ စစ်သူကြီး ဝမ်ကျင့်ဟိုင်ပင် ဖြစ်သည်။ သူသည် အောက်ရှိ ဒုက္ခသည်များကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည် - "အရှင်မင်းကြီးက ဘယ်ကလာတဲ့ အရပ်သားဖြစ်ဖြစ် လက်ခံဖို့ အမိန့်တော် ရှိထားတယ်။ ဒါကြောင့် သူတို့ကို အထဲပေးဝင်လိုက်ပါ။ ဒါပေမဲ့ တစ်ယောက်ချင်းစီကို သေချာစစ်ဆေးပြီး ဘာပြဿနာမရှိမှ ပေးဝင်ရမယ်"
မြို့ရိုးအောက်ရှိ ဒုက္ခသည်များမှာ ဝမ်းသာအားရဖြင့် - "ကျေးဇူးတင်ပါတယ် စစ်သူကြီး"
ထို့ကြောင့် မြို့တံခါးများ ပွင့်လာပြီး ဒုက္ခသည်များမှာ စနစ်တကျ တန်းစီကာ ဝင်ရောက်လာကြသည်။ ထို့နောက် မဟာရှစစ်သည်များ၏ စစ်ဆေးမှုကို ခံယူကြရသည်။
မဟာရှစစ်သည်များက ထူထဲသောအဝတ်အစားများ ဝတ်ကာ တုန်တုန်ယင်ယင် ဖြစ်နေသော လူအုပ်ကို ကြည့်ပြီး မေးလိုက်သည် - "တကယ်ပဲ အဲဒီလောက်တောင် အေးလို့လား"
ဤမေးခွန်းက မဟာဖုန်းနိုင်ငံသားတို့၏ ဒုက္ခများကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့က စတင်၍ ညည်းညူကြတော့သည်။
"အေးတာပေါ့ဗျာ။ စစ်သည်တော်တို့ မသိလို့ပါ။ ကျွန်တော်တို့ မဟာဖုန်းနိုင်ငံမှာ အေးခဲပြီး သေတော့မလို့"
"လေတွေက တဝေါဝေါတိုက်၊ နှင်းတွေကလည်း အသည်းအသန်ကျနေတာ။ အိမ်ထဲမှာ စောင်သုံးထပ်ခြုံပြီး မီးလှုံနေတာတောင် အေးနေတုန်းပဲ။ ကျွန်တော့်အိမ်နီးနားက အဘိုးကြီးတွေဆို အဲဒီအတိုင်းကြီး အေးခဲပြီး သေကုန်တာ"
"ကလေးတွေနဲ့ လူကြီးတွေ အများကြီး သေကုန်ကြပြီ။ နောက်ဆုံးတော့ လုယက်မှုတွေ ဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် အနွေးထည်နဲ့ အစားအစာတွေ လုကြရင်းနဲ့ပဲ ဒီကို ပြေးလာခဲ့ရတာ"
"မဟာရှနိုင်ငံကသာ ကရုဏာသက်လို့ပေါ့၊ မဟုတ်ရင် ကျွန်တော်တို့တော့ သေဖို့ပဲ ရှိတော့တယ်"
"တကယ်ကြီးလား" မဟာရှစစ်သည်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့ ကြုံတွေ့နေရတဲ့ ဆောင်းရာသီက ကွဲပြားနေလို့လား။ ဤဆောင်းရာသီသည် အေးသည်မှန်သော်လည်း ယခင်နှစ်များထက် ပို၍ နွေးနေသကဲ့သို့ပင်။ လေလည်းမတိုက်၊ နှင်းလည်းမကျသည့်အပြင် လေထုကလည်း ခြောက်သွေ့မနေချေ။ ဂွမ်းထည်အင်္ကျီ တစ်ထည်တည်း ဝတ်ထားလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။
ဂွမ်းထည်သုံးထပ် ဝတ်ထားပါလျက်နှင့် မည်သို့ အေးခဲနိုင်သည်ကို သူတို့ စဉ်းစား၍မရနိုင်အောင် ဖြစ်နေကြသည်။
သူတို့အားလုံး ဖြတ်သန်းနေရသည်မှာ ဆောင်းရာသီတစ်ခုတည်း မဟုတ်ပါလော။
ယခုအခါ မဟာရှနိုင်ငံတော်၏ မြေပေါ်သို့ ရောက်ရှိလာကြသော ဒုက္ခသည်များမှာ တဖြည်းဖြည်း နွေးထွေးလာသည်ကို ခံစားလာရသည်။ ဂွမ်းထည်အင်္ကျီ တစ်ထည်ကို ချွတ်လိုက်သော်လည်း သူတို့ ပူနေဆဲ ဖြစ်သည်။
ထို့ကြောင့် နောက်ထပ်တစ်ထည်ကို ထပ်ချွတ်လိုက်ကြပြန်သည်။ ခဏအကြာတွင် အလွန်ပင် အိုက်စပ်လာသဖြင့် နောက်ဆုံး ဂွမ်းထည်တစ်ထည်တည်း ကျန်တော့မှသာ သူတို့အတွက် နေရထိုင်ရ အဆင်ပြေသွားတော့သည်။
"မဟာရှနိုင်ငံက တကယ်ကို နွေးတာပဲ"
"ဟုတ်ပဗျာ၊ မဟာဖုန်းမှာတုန်းက သုံးထပ်ဝတ်တာတောင် အေးနေတာ၊ ဒီမှာကျတော့ တစ်ထည်တည်းနဲ့ကို ပူနေပြီ"
"ကျွန်တော်လည်း အတူတူပဲ။ နားရွက်တွေတောင် တော်တော်လေး သက်သာသွားပြီ"
"ဟားဟား... ငါတို့ တကယ်ကို နေရာမှန်ကို ရောက်လာတာပဲဟေ့"
လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နှက်သွားလေတော့သည်။