← Chapters

အခန်း (၃၅၈)

Vol. 33 Ch. 358

အခန်း (၃၅၈)

Vol. 33 Ch. 358

တစ်ဖက်တွင်လည်း အခြားနိုင်ငံများသည် မဟာရှနိုင်ငံမှာ နှင်းကပ်ဘေးဒဏ်မှ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြောင်း သိရှိသွားကြပြီးနောက် အလွန်အမင်း မနာလိုဝန်တို ဖြစ်နေခဲ့ကြသည်။

"မဟာရှနိုင်ငံက ကံကောင်းလွန်းနေတာ မဟုတ်ဘူးလား"

"ငါတို့အားလုံးက နှင်းကပ်ဘေးကြောင့် အကြီးအကျယ် ဆုံးရှုံးနေရချိန်မှာ သူတို့ကျတော့ ဘာပြဿနာမှ မရှိဘူးတဲ့လား?။ ဒါက ဘယ်လိုတောင် ကောင်းကင်ကိုတောင် ဆန့်ကျင်နေတဲ့ ကံတရားမျိုးလဲ"

"အဲဒီ ခွေးဧကရာဇ်က ကောင်းကင်ဘုံရှင်ရဲဲ့ မွေးစားသားများလား"

"ကောင်းကင်ကြီးက သူ့ကို မျက်နှာသာပေးနေတာ သေချာနေပြီ။ ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်သလို ဒုတိယအကြိမ်လည်း မဟုတ်တော့ဘူး"

"ငါတို့အားလုံးက ဧကရာဇ်တွေပဲကို ကောင်းကင်ကြီးက ဘာလို့ ဒီလောက်တောင် ဘက်လိုက်နေရတာလဲ"

"ကောင်းကင်ကြီးက တကယ်ကို မတရားဘူး"

လူတိုင်းက မည်မျှပင် မနာလိုဖြစ်နေပါစေ မဟာရှနိုင်ငံသည် ပိုမိုကာ အင်အားတောင့်တင်းလာနေသည်ဟူသော အမှန်တရားကိုမူ မပြောင်းလဲနိုင်ပေ။ သူတို့သည် ထိုမနာလိုစိတ်ကို မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် တိုက်ပွဲဝင် စိတ်ဓာတ်အဖြစ်သာ ပြောင်းလဲလိုက်ကြရသည်။

သို့သော် လင်းပိုင်ဖန်ကမူ ထုံးစံအတိုင်းပင် စည်းစိမ်ခံကာ ပျော်ပါးနေဆဲပဲ ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် အတော်ဆုံး ဧကရာဇ်ဟု မပြောဝံ့သော်လည်း အပျင်းဆုံး ဧကရာဇ်ဆိုသည်မှာမူ သေချာလှသည်။

ယခုမူ ယောင်ယောင်ပင်လျှင် ကြည့်မနေနိုင်တော့ဘဲ သူ့ထံသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။ လင်းပိုင်ဖန် တစ်ယောက် အိပ်ရာထဲတွင် ကွေးနေဆဲဖြစ်သည်ကို မြင်သောအခါ သူမ ဒေါသထွက်သွားလေတော့သည်။

သူမက ခါးကိုလက်ထောက်လျက် " ငတုံး ဧကရာဇ်လေး... ထတော့။ ရှင့်ကို ပြောစရာ အရေးကြီးတဲ့ကိစ္စ ရှိတယ်"

လင်းပိုင်ဖန်က စောင်ထဲကနေ ခေါင်းလေးသာ ဖော်ထားရင်း "ယောင်ယောင်... အပြင်မှာ အေးတယ်၊ ငါ အပြင်မထွက်ချင်ဘူး။ ပြောစရာရှိရင် ဒီနားလာခဲ့၊ ငါ့စောင်ထဲဝင်ပြီးမှ ပြောကြရအောင်"

"ရှင့်စောင်ထဲ ဝင်ရမယ်?"

ယောင်ယောင်က သူ့ကို စိုက်ကြည့်လိုက်ပြီး "အိပ်မက်မက်မနေနဲ့။ အဲဒီစောင်ထဲသာ ကျွန်မဝင်လိုက်ရင် ရှင်က ကျွန်မကို အရိုးပါမကျန် ဝါးစားပစ်မှာ သေချာတယ်။ ဒါကြောင့် အမြန်ထစမ်း"

လင်းပိုင်ဖန်က မလှုပ်မယှက်ဖြင့် "ငါ မထဘူး။ အပြင်မှာ ခဲမတတ်အေးနေတာ၊ ဒီထဲမှာက နွေဦးလို နွေးနေတာလေ။ ငါ့မှာ ရွေးချယ်စရာ မရှိဘူး"

"ဘာရွေးချယ်စရာ မရှိတာလဲ။ ရှင်က ပျင်းနေတာပဲ။ အခုချက်ချင်းထ" ဟု ယောင်ယောင်က ထပ်ပြောလိုက်သည်။

"ငါ မထဘူး၊ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ" ဟု လင်းပိုင်ဖန်က ဂုဏ်ယူစွာ ပြောလိုက်သည်။

"ရှင် ထမလား၊ မထဘူးလား ကြည့်ကြသေးတာပေါ့" ယောင်ယောင်က သူ့ထံသို့ အတင်းခုန်အုပ်လိုက်သည်။

"လာလေ" လင်းပိုင်ဖန်ကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ စောင်ကို ဖွင့်လိုက်ကာ ယောင်ယောင်ကိုပါ စောင်ထဲတွင် ပတ်ပစ်လိုက်သည်။

သူတို့နှစ်ဦးသည် စောင်ထဲတွင် အသည်းအသန် လုံးထွေးသတ်ပုတ်နေကြပြီး ခွဲမရနိုင်လောက်အောင် ဖြစ်နေကြသည်။ သို့သော် နောက်ဆုံးတွင်တော့ ယောင်ယောင်မှာ မျက်နှာလေး နီမြန်းလျက် ထွက်ပြေးသွားတော့သည်။ သူမ မထွက်သွားမီ လင်းပိုင်ဖန်၏ ခါးကို အားရပါးရ ဆွဲလိမ်သွားသေးသည်။

လင်းပိုင်ဖန် : "အား... အား... အား..."

အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက်တွင် လင်းပိုင်ဖန် အိပ်ရာမှ ထလာခဲ့သည်။ ယောင်ယောင်၏ နီမြန်းနေသော မျက်နှာကို ကြည့်ရင်း သူက မကျေမနပ်ဖြင့် "ယောင်ယောင်... မနက်စောစောစီးစီး ငါ့ရဲ့ ချိုမြိန်တဲ့ အိပ်မက်တွေကို နှောင့်ယှက်ရအောင် ဘာတွေ အရေးကြီးနေလို့လဲ"

"မစောတော့ဘူး၊ နေတောင် ဖင်ထိုးနေပြီ" ဟု ယောင်ယောင်က အော်ပြောလိုက်သည်။

"ပြတင်းပေါက် ပိတ်ထားလိုက်ရင် နေမပူတော့ဘူးလေ" ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြန်ပြောလိုက်သည်။

"ရှင်ကတော့ စကားတတ်ချက်ပဲ"

ထိုအချိန်တွင် နန်းတွင်းအစေခံများနှင့် မိန်းမစိုးများက မနက်စာ ယူဆောင်လာကြသည်။ ထိုမနက်စာမှာ အနည်းငယ် ထူးခြားနေသည်။

ပြင်ဆင်ထားသည်များကို မြင်သောအခါ ယောင်ယောင်က အံ့ဩတကြီးဖြင့် "ရှင့်ဆီမှာ လတ်ဆတ်တဲ့ သစ်သီးတွေ အများကြီး ရှိနေတာပဲ။ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး... ဖရဲသီးတောင် ပါသေးတယ်။ အခုက ဆောင်းတွင်း မဟုတ်ဘူးလား။ ဖရဲသီးက ဘယ်လိုလုပ် ရှိနေတာလဲ"

လင်းပိုင်ဖန်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "ဘာလို့လဲဆိုတော့ 'လေးရာသီချိုင့်ဝှမ်း' လို့ ခေါ်တဲ့ နေရာရှိလို့ပေါ့။ အဲဒီနေရာက ရာသီလေးခုလုံးရဲ့ ပတ်ဝန်းကျင်မျိုးစုံ ရှိနေတဲ့ မှော်ဆန်တဲ့ နေရာလေးပဲ။ ဒါကြောင့် ငါက လူတွေကို အဲဒီမှာ သစ်သီးပင်တွေ အများကြီး စိုက်ခိုင်းထားတာ။ အခုဆို တစ်နှစ်ပတ်လုံး လတ်ဆတ်တဲ့ သစ်သီးတွေကို စားလို့ရပြီ။ အပင်တွေကလည်း အပွင့်ပွင့်၊ အသီးသီးနေပြီ။ အတူတူ မြည်းကြည့်ကြမလား"

"မြည်းကြည့်ရမှာပေါ့" ယောင်ယောင်က သစ်သီးတွေကို ကြည့်ပြီး သွားရည်ကျကာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး အတူတူထိုင်ကာ လေးရာသီချိုင့်ဝှမ်းမှ လတ်ဆတ်သော သစ်သီးများကို စားသုံးခဲ့ကြသည်။ ထိုမနက်စာရှိ သစ်သီးများမှာ အလွန်စုံလင်လှသည်။ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ဖရဲသီးတို့သာမက စတော်ဘယ်ရီနှင့် ငှက်ပျောသီးများပင် ပါဝင်သည်။

သာမန်မိသားစုများအတွက် သစ်သီးတစ်မျိုး၊ နှစ်မျိုး စားရလျှင်ပင် ကောင်းလှပြီ ဖြစ်သည်။ ကြီးမြတ်သော မျိုးနွယ်စုများပင် သုံးမျိုးခန့်သာ စားနိုင်ကြသည်။ ထိုအသီးများမှာ ရာသီဥတု မတူညီသော အသီးများ ဖြစ်သဖြင့် တစ်ချိန်တည်းတွင် စုံလင်စွာ စားသုံးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ လင်းပိုင်ဖန် တစ်ဦးတည်းသာ ဤကဲ့သို့ ခံတွင်းလိုက်အောင် စားသုံးနိုင်ခြင်း ဖြစ်သည်။

ယောင်ယောင်က သစ်သီးများကို အားရပါးရ စားရင်း "ဒီလို ချမ်းစိမ့်နေတဲ့ ဆောင်းတွင်းကြီးမှာ လတ်ဆတ်တဲ့ သစ်သီးတွေ အများကြီး စားနေရတာ... ငတုံး ဧကရာဇ်လေး၊ ရှင်ကတော့ ဘဝကို တကယ် ခံစားတတ်တာပဲ။ ရှင့်လို ဧကရာဇ်မျိုးကတော့ ဒီလောကမှာ တစ်ဦးတည်းပဲ ရှိလိမ့်မယ်"

လင်းပိုင်ဖန်က ဖရဲသီးကို အရသာခံစားရင်း "ဒါပေါ့... ဧကရာဇ်ဆိုတာ ရည်မှန်းချက် ရှိရမယ်လေ။ ကိုယ့်ရဲ့ စားချင်သောက်ချင်တဲ့ ဆန္ဒကိုတောင် မဖြည့်ဆည်းနိုင်ရင် ဧကရာဇ် လုပ်နေတာ ဘာအဓိပ္ပာယ် ရှိမှာလဲ"

"ရှင့်ရဲ့ ရည်မှန်းချက်မျိုးကိုတော့ တခြားဧကရာဇ်တွေ မမီနိုင်ဘူး"

မနက်စာ စားပြီးနောက် နှစ်ဦးစလုံး အလွန်ပင် စိတ်ကျေနပ်သွားကြသည်။ ယောင်ယောင်ကမူ နောင်တွင်လည်း မကြာခဏ လာစားနိုင်မလားဟု တွေးတောနေမိသည်။ သူငယ်ချင်းကောင်းဖြစ်သည့် ငတုံး ဧကရာဇ်လေးက သူမကို မရက်စက်လောက်ပါဘူးဟုလည်း တွေးနေမိခဲ့သည်။

လင်းပိုင်ဖန်က သူမ၏ စိတ်ကို ဖတ်မိပုံရပြီး ယောင်ယောင်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးကာ "ယောင်ယောင်... မင်း စားချင်တဲ့အချိန်တိုင်း ငါ့ဆီ လာခဲ့ပါ" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

"တကယ်လား" ယောင်ယောင်၏ မျက်လုံးများ တောက်ပသွားသည်။

"ဒါပေါ့... ငါတို့ကြားက ဆက်ဆံရေးက ဘာလဲဆိုတာ မင်းလည်း သိသားပဲ" လင်းပိုင်ဖန်က မျက်ခုံးပင့်ပြလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်..." ယောင်ယောင်က ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။

"ငါတို့ရဲ့ ဆက်ဆံရေးက ကျောက်ဆောင်လို ခိုင်မာတယ်။ မင်း ငါ့ကို အိပ်ရာထဲ ခေါ်သွားရင်တောင် ငါက စိတ်ဆိုးမှာ မဟုတ်ဘူး"

ယောင်ယောင် : "..."

" မင်း ခုနကတောင် ငါ့ကို ကြံစည်တော့မလို့ပဲကို"

ယောင်ယောင် : "..."

"နောက်တစ်ခါ ဘယ်တော့ ထပ်လုပ်ကြမလဲ" လင်းပိုင်ဖန်က ရှက်သလိုလို မျက်နှာပေးဖြင့် မေးလိုက်သည်။

ခဏအကြာတွင်...

လင်းပိုင်ဖန် : "အား... အား... အား..."

စနောက်ပြီးနောက် လင်းပိုင်ဖန်က " မင်း ငါ့ဆီလာတာ တကယ်က ဘာကိစ္စလဲ" ဟု မေးလိုက်သည်။

"ငတုံး ဧကရာဇ်လေး... အပြင်က အခြေအနေကို ရှင်လည်း သိမှာပါ။ မဟာရှကလွဲလို့ တခြားနိုင်ငံတွေက နှင်းကပ်ဘေးကြောင့် အကြီးအကျယ် ဆုံးရှုံးကုန်ကြပြီ" ဟု ယောင်ယောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းညိတ်ကာ "ဒါပေါ့ ငါ သိတာပေါ့။ အပြင်လောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပေမယ့် မဟာရှကတော့ ငြိမ်းချမ်းသာယာနေဆဲပဲလေ"

"ဒါက ငါတို့အတွက် အခွင့်အရေးကြီးပဲ"

ယောင်ယောင်၏ မျက်လုံးများ တောက်ပလာပြီး " ရှင် သိလား။ နိုင်ငံအသီးသီးက ဆုံးရှုံးရုံတင်မကဘူး၊ ကြီးမြတ်တဲ့ မျိုးနွယ်စုတွေပါ အထိနာသွားတာ။ သူတို့ရဲ့ ဆုံးရှုံးမှုကို လျှော့ချဖို့အတွက် စက္ကူလုပ်ငန်းကို လက်လွှတ်လိုက်ကြပြီး ငါတို့နဲ့ မပြိုင်တော့ဘူး။ ဒါက မယုံနိုင်စရာ အခွင့်အရေး မဟုတ်ဘူးလား"

လင်းပိုင်ဖန် ခေါင်းညိတ်လိုက်ကာ- "ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲ"

လင်းပိုင်ဖန်သည် ကြီးမြတ်တဲ့ မျိုးနွယ်စုများနှင့် စက္ကူလုပ်ငန်းတွင် နှစ်ရှည်လများ တိုက်ပွဲဝင်ရမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သဘာဝဘေးအန္တရာယ်က ကြီးမြတ်တဲ့ မျိုးနွယ်စုများကို ဒူးထောက်သွားစေခဲ့သည်။ ဆက်ပြီး ပြိုင်ဆိုင်နေလျှင် သူတို့၏ ဆုံးရှုံးမှုက ပိုများလာမည်ဖြစ်သဖြင့် သူတို့က လက်လျှော့လိုက်ကြခြင်း ဖြစ်သည်။

"သူတို့ လက်လျှော့သွားပြီဆိုတော့ ဒီစျေးကွက်က ငါတို့ လက်ထဲမှာပဲ ရှိတော့တယ်။ ဒီအခွင့်အရေးကို သုံးပြီး စျေးနှုန်းမြှင့်လိုက်ရင် ငွေတွေ အများကြီး ထပ်ရမှာပဲ" ဟု လင်းပိုင်ဖန်က ရယ်လျက် ပြောလိုက်သည်။

"မှန်တယ်... ကျွန်မလည်း အဲဒီလိုပဲ တွေးနေတာ"

ယောင်ယောင်၏ မျက်လုံးထဲတွင် ငွေများ မြင်နေရပြီး "ဘယ်လောက်ထိ စျေးတင်ရင် ကောင်းမလဲ"

ခဏမျှ စဉ်းစားပြီးနောက် လင်းပိုင်ဖန်က "တစ်ရွက်ကို ၂၅ ဝမ် ။ ဒီစျေးနှုန်းက သူတို့ကို အကျိုးအမြတ် အနည်းငယ်ပဲ ရစေလိမ့်မယ်၊ လုပ်ရတာ မတန်သလို ဖြစ်နေပေမယ့် လက်မလွှတ်နိုင်လောက်တဲ့ အနေအထားပေါ့။ ဒါပေမဲ့ ငါတို့အတွက်တော့ အမြတ်အများကြီး ရလိမ့်မယ်။ အရေအတွက်ရော စျေးနှုန်းပါ အသာစီး ရသွားလိမ့်မယ်"

ယောင်ယောင်က စားပွဲကို ရိုက်လိုက်ပြီး "၂၅ ဝမ်ပဲ။ ဒါကိုပဲ ဆုံးဖြတ်လိုက်ကြရအောင်"

လင်းပိုင်ဖန်က ထပ်လောင်းပြောကြားလိုက်သည် - "တခြားနိုင်ငံတွေရဲ့ နန်းတော်တွေနဲ့လည်း ဆက်သွယ်ပြီး စက္ကူတွေ ရောင်းလို့ရသေးတယ်။ နန်းတော်တွေရဲ့ စက္ကူအသုံးပြုမှုက အလွန်များတယ်ဆိုတာ မင်း သိပါတယ်။ အဲဒီလုပ်ငန်းကိုပါ ရရင် ဒါက နောက်ထပ် ဝင်ငွေလမ်းကြောင်းကြီးပဲ"

ယောင်ယောင်က ခေါင်းကို အဆက်မပြတ် ညိတ်နေသည်။ " ရှင် ပြောတာ မှန်တယ်။ နန်းတော်တွေက စက္ကူတွေ အများကြီး သုံးတဲ့ နေရာပဲ"

သူမသည် အနာဂတ်ကို စိတ်ကူးယဉ်နေမိတော့သည်။ စျေးကွက်တစ်ခုလုံးနှင့် နိုင်ငံအသီးသီး၏ နန်းတော်များကိုပါ စက္ကူလုပ်ငန်းတွင် လက်ဝါးကြီး အုပ်နိုင်လျှင် သူတို့၏ ဝင်ငွေမှာ တစ်နှစ်လျှင် အနည်းဆုံး ငွေတေး သန်းပေါင်းများစွာ ရရှိမည် ဖြစ်သည်။

ဤသို့ တွေးမိသောအခါ သူမ လင်းပိုင်ဖန်ကို ကြည့်လိုက်မိသည်။ လင်းပိုင်ဖန်နှင့် ပတ်သက်မိကတည်းက သူမ၏ မိစ္ဆာဂိုဏ်းအတွက် ငွေရှာရသည်မှာ ပိုမိုလွယ်ကူလာသည်ဟု ခံစားရသည်။ ဤငတုံး ဧကရာဇ်လေးသည် ငါတို့ မိစ္ဆာဂိုဏ်းအတွက် ကံကောင်းစေမယ့် သူများလား။

All Chapters