အခန်း (၃၅၉)
Vol. 33 Ch. 359
"ဟုတ်သားပဲ... ရှင့်ကို ပြောစရာ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
"ဘာကိစ္စလဲ"
ယောင်ယောင်က တည်ကြည်သော မျက်နှာထားဖြင့် "ဒီသဘာဝဘေးအန္တရာယ်ကြီးအပြီးမှာ နိုင်ငံအသီးသီးရဲ့ အင်အားတွေက အကြီးအကျယ် ကျဆင်းသွားကြပြီ။ ပြည်သူတွေကလည်း အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေရသလို ပြည်တွင်း ပဋိပက္ခတွေကလည်း အများကြီးပဲ။ အဲဒီနိုင်ငံတွေထဲမှာ ဖရိုဖရဲဖြစ်မှုတွေ စတင်နေပြီဆိုတာကို ကျွန်မတို့ မိစ္ဆာဂိုဏ်းက စောင့်ကြည့်သိရှိထားတယ်။ နိုင်ငံအချင်းချင်းကြားမှာလည်း ပွတ်တိုက်မှုတွေ ပိုပြင်းထန်လာနေတယ်။ သိပ်မကြာခင်မှာပဲ လောကကြီးတစ်ခုလုံး အကြီးအကျယ် ရှုပ်ထွေးတော့မယ်လို့ ကျွန်မစိုးရိမ်မိတယ်။ ဒါကြောင့် မဟာရှနိုင်ငံအနေနဲ့ သတိထားဖို့လိုလိမ့်မယ်" ဟု ပြောလိုက်သည်။
"ဒါက ပုံမှန်ပါပဲ"
လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် "လောကကြီးရဲ့ ဖြစ်တည်မှုသဘောတရားက ကြာရှည်စွာ ကွဲပြားနေရင် ပြန်လည်ပေါင်းစည်းရစမြဲပဲ၊ ကြာရှည်စွာ ပေါင်းစည်းနေရင်လည်း ပြန်လည်ကွဲပြားရစမြဲပဲ။ ဒါဟာ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုရဲ့ မလွဲမသွေ ဖြစ်စဉ်တစ်ခုဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုတာက အရှိန်မြှင့်ပေးတဲ့ အရာတစ်ခုပဲလေ" ဟု ဆိုလိုက်သည်။
"ဘေးအန္တရာယ်အပြီးမှာတော့ ကမ္ဘာကြီးက ခေတ်သစ်တစ်ခုဆီကို ဦးတည်နေပြီး အင်အားကြီးသူက အင်အားနည်းသူကို ဝါးမြိုတာမျိုးတွေက မလွဲမသွေ ဖြစ်လာလိမ့်မယ်။ သန်မာသူက ပိုသန်မာလာပြီး အားနည်းသူက ပိုအားနည်းသွားကြမှာပဲ။ ငါတို့ မဟာရှနိုင်ငံအတွက်တော့ ဒါဟာ စိန်ခေါ်မှုဖြစ်သလို အခွင့်အရေးလည်း ဖြစ်တယ်"
"ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ အကူအညီကော လိုသလား"
ယောင်ယောင်က အကြည့်ကို အောက်သို့ချလျက် "ရှင့်အနီးအနားက မဟာလော့အင်ပါယာက ရှင့်ရဲ့ မဟာရှနိုင်ငံက မြေသြဇာကောင်းတဲ့ နယ်မြေတွေကို အမြဲတမ်း မျက်စိကျနေတာ။ သူတို့နောက်ကွယ်မှာ တာအိုဂိုဏ်းရဲ့ ထောက်ပံ့မှုလည်း ရှိနေတော့ သူတို့ရဲ့အင်အားကို လျှော့တွက်လို့ မရဘူး" ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်က အထင်သေးသော အမူအရာဖြင့် "လာစမ်းပါစေ။ သူတို့နောက်မှာ တာအိုဂိုဏ်း ရှိနေလည်း သူတို့က အကုန်လုံးကို တတ်နိုင်တာမှ မဟုတ်တာ။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ သူတို့တွေ သဘာဝဘေးအန္တရာယ်တွေ အများကြီး ကြုံခဲ့ရတယ်။ နိုင်ငံအင်အားကလည်း အကြီးအကျယ် ကျဆင်းနေတာကို ငါတို့ကို တိုက်ချင်သေးတယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေပြီး၊ ငါတို့ကို လျှော့တွက်တာပဲ ဖြစ်လိမ့်မယ်"
ယောင်ယောင်က သဘောကျစွာဖြင့် ပါးစပ်လေးကိုပိတ်ကာ ရယ်မောလိုက်ပြီး "ဒါတော့ မှန်တယ်။ အဲဒီ မဟာလော့ကတော့ တကယ်ကို ကံဆိုးတာပဲ။ နွေရာသီ စကတည်းက ဘေးအန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကြုံနေရတာ အခုထိ ပြန်မထူနိုင်သေးဘူး။ အဲဒီ အမျိုးသမီးတော့ တော်တော် ဒေါသထွက်နေလောက်ပြီ။ ဘယ်လိုလုပ်ပြီး အသုံးမကျတဲ့ ဧကရာဇ်မျိုးနဲ့ သွားတိုးရတာလဲ မသိဘူး"
လင်းပိုင်ဖန်ကလည်း "တကယ့်ကို မျှော်လင့်ချက် မရှိတော့တဲ့ အခြေအနေပဲ" ဟု ဆိုကာ အတူတူ ရယ်မောလိုက်ကြသည်။
သူက ပြောရင်းဆိုရင်းဖြင့် လက်နှစ်ဖက်ကို ပွတ်လိုက်ရာ လေဆင်နှာမောင်းတစ်ခု ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားပြီး မဟာလော့နယ်မြေအတွင်းသို့ ပစ်လွှတ်လိုက်ကာ သူတို့တွေ လက်နက်ချမလားဆိုသည်ကို စောင့်ကြည့်နေလိုက်သည်။
မဟာလော့ဧကရာဇ် : “F**k”
ရယ်မောပြီးနောက် ယောင်ယောင်က "မဟာလော့အပြင် တခြားနိုင်ငံတွေရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေကိုလည်း သတိထားဦး။ ဒီနှင်းကပ်ဘေးမှာ ရှင့်ရဲ့ မဟာရှနိုင်ငံ တစ်ခုတည်းကပဲ အထိအခိုက်မရှိ စည်ပင်နေတာကို တခြားနိုင်ငံက အုပ်ချုပ်သူတွေက မနာလို ဖြစ်နေကြတာ။ အခွင့်အရေး ရတာနဲ့ သူတို့တွေ တစ်ခုခု လုပ်ကြမှာ သေချာတယ်" ဟု သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့... ငါက အနိုင်ကျင့်ခံမယ့်သူ မဟုတ်ပါဘူး"
လင်းပိုင်ဖန်က အလွန်ယုံကြည်မှုရှိစွာဖြင့် "သူတို့သာ ရဲရဲလာကြည့်စမ်းပါ။ ငါ့ဆီကိုသာ လက်ဆန့်လာရဲရင်တော့ အဲ့ဒီဆန့်လာတဲ့ လက်ကို ဖြတ်ပေးရမှာပေါ့။ ရက်စက်တယ်ဆိုတာ ဘာလဲဆိုတာကို သိသွားစေရမယ်"
ထိုအကြောင်းအရာများကို ဆွေးနွေးပြီးနောက် ယောင်ယောင်က လတ်ဆတ်သော ပန်းသီးအချို့ကို ယူဆောင်ကာ ထွက်ခွာသွားတော့သည်။
တစ်ဖက်တွင်လည်း မဟာရှနိုင်ငံသည် အေးချမ်းသာယာလျက် ရှိနေသော်လည်း အခြားနိုင်ငံများမှာမူ နှင်းကပ်ဘေးကြောင့် အကြီးအကျယ် ဝမ်းနည်းပူဆွေးနေကြရဆဲ ဖြစ်သည်။ အကယ်၍ ပုံမှန်အတိုင်းသာ ပြန်လည်ထူထောင်မည်ဆိုလျှင် အမြန်ဆုံး ၃ နှစ် ၄ နှစ်မှသည် ၇ နှစ် ၈ နှစ်အထိ အချိန်ယူရပေလိမ့်မည်။
သို့သော် ဧကရာဇ်အများစုမှာ ထိုမျှအထိ သည်းခံနိုင်စွမ်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုထက် ပိုကောင်းသော နည်းလမ်းမှာ 'စစ်ပွဲ' ဖြစ်နေသောကြောင့် ဖြစ်သည်။
စစ်အင်အားကို အသုံးပြုခြင်းဖြင့် ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းနိုင်ရုံသာမက နယ်မြေချဲ့ထွင်ခြင်းနှင့် အရင်းအမြစ်များကို လုယက်ခြင်းဖြင့် ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်သည်ဟု ဧကရာဇ်အများစုက ယူဆကြသည်။ ထို့ကြောင့် နေရာအနှံ့အပြားတွင် စစ်ပွဲများ စတင်ဖြစ်ပွားလာတော့သည်။
နိုင်ငံတော်အင်အား ချည့်နဲ့ပြီး အရင်းအမြစ် နည်းပါးသော နိုင်ငံငယ်လေးများက စတင် တိုက်ခိုက်ခံရသည်။ ထို့နောက်တွင် နိုင်ငံကြီးများက တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြခြင်း သို့မဟုတ် နိုင်ငံငယ်များကို လုယက်ခြင်းများ ပြုလုပ်လာကြသည်။ အင်အားတောင့်တင်းသော အင်ပါယာကြီးများသာ ငြိမ်သက်စွာဖြင့် အခွင့်အရေးကောင်းကို စောင့်ဆိုင်းနေကြသည်။
လင်းပိုင်ဖန်ကလည်း ငြိမ်သက်စွာပင် စောင့်နေခဲ့သည်။ ကျယ်ပြန့်သော နယ်မြေနှင့် ပေါကြွယ်ဝသော အရင်းအမြစ်များ ရှိနေသည့်အတွက် မဟာရှနိုင်ငံကိုသာ ကောင်းမွန်စွာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါက အင်ပါယာအဆင့်ကိုပင် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ အချိန်ဆွဲနိုင်လေလေ နိုင်ငံအင်အားက ပိုတောင့်တင်းလာလေလေ ဖြစ်သောကြောင့် သူ့မှာ အလျင်လိုစရာ မရှိပေ။
အခွင့်အရေးဆိုသည်မှာ အသင့်ပြင်ထားသူများ အတွက်သာ ဖြစ်သည်ဟု သူယူဆကာ အေးဆေးစွာ စောင့်ဆိုင်းနေခဲ့သည်။ ထိုစဉ်မှာပင် အခွင့်အရေးက ရောက်ရှိလာတော့သည်။
လင်းပိုင်ဖန်သည် မိမိရှေ့မှ စစ်မြေပြင်သတင်းကို ကြည့်ရင်း အားရပါးရ ရယ်မောလိုက်ပြီး "မဟာယန်နိုင်ငံကတော့ ဖရိုဖရဲ ဖြစ်နေပြီ။ ဘက်ပေါင်းစုံက ဝိုင်းထားခြင်း ခံနေရတာပဲ။ ဒါက တကယ်ကို ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ" ဟု ဆိုလိုက်သည်။
မဟာယန်နိုင်ငံသည် ဟန်ဒွမ်တောင်တန်းတွင် တည်ရှိသော နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံကြီးများထဲတွင် အင်အားကြီးသော နိုင်ငံဟု သတ်မှတ်နိုင်သော်လည်း လင်းပိုင်ဖန်က ၎င်းတို့ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သောကြောင့် နိုင်ငံအင်အားမှာ အကြီးအကျယ် ဆုံးရှုံးနေခဲ့ပြီး ဖြစ်သည်။
ယခုနှင်းကပ်ဘေးကိုပါ ထပ်မံကြုံတွေ့ရသောအခါ ၎င်းတို့၏ အင်အားမှာ အထွတ်အထိပ်ရောက်ချိန်၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။ ပျော့သည့်နေရာကို နှိပ်တတ်ကြသည့်အတိုင်း အိမ်နီးချင်း သုံးနိုင်ငံက မဟာယန်နိုင်ငံကို ဝါးမြိုရန် စစ်တပ်များ စေလွှတ်လိုက်ကြပြီ ဖြစ်သည်။
မဟာယန်ဧကရာဇ်မှာ အကြံကုန်နေပြီဖြစ်ကာ စစ်တပ်ထဲသို့ အတင်းအဓမ္မ စုဆောင်းထားသော လူအင်အား နှစ်သန်းခန့်ရှိ စစ်တပ်ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် ပြည်သူများ၏ မကျေနပ်မှုနှင့် တော်လှန်ပုန်ကန်မှုများမှာ နေရာအနှံ့ ပေါ်ပေါက်နေသည်။ ထိုကဲ့သို့ မကြာခဏဆိုသလို ဖရိုဖရဲဖြစ်နေခြင်းကြောင့် မဟာယန်နိုင်ငံ ပျက်စီးဖို့မှာ မဝေးတော့ပေ။
ထိုအချိန်တွင် ယွမ်ထျန်းကန်းက ရှေ့သို့ လှမ်းလာကာ လင်းပိုင်ဖန်ကို အရိုအသေပေးလျက် "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ကျွန်တော်မျိုးကို ဘာကိစ္စကြောင့် ခေါ်ယူရတာပါလဲ" ဟု မေးမြန်းလိုက်သည်။
"အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်"
လင်းပိုင်ဖန်က ယွမ်ထျန်းကန်းထံသို့ စာရွက်စာတမ်းတစ်ခုကို ပြုံးလျက် ကမ်းပေးလိုက်ပြီး "ဒါကို ကြည့်လိုက်ဦး။ ဟန်ဒွမ်တောင်တန်း တစ်ဖက်ခြမ်းက ငါတို့ရဲ့ အိမ်နီးချင်းတွေ ခက်ခဲနေကြတယ်။ မောင်မင်း ဘယ်လိုထင်လဲ... ငါတို့အတွက် အခွင့်အရေး ရှိမလား"
ယွမ်ထျန်းကန်းက စာရွက်စာတမ်းကို ဖတ်ပြီးနောက် ခဏမျှ စဉ်းစားကာ "အရှင်မင်းကြီးက မဟာယန်နိုင်ငံကို သိမ်းပိုက်ချင်တာလား" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါပြလိုက်ပြီး "မဟုတ်ဘူး။ မဟာယန်နိုင်ငံကိုတော့ ငါကိုယ်တော် တစ်နေ့ သိမ်းမှာပါ။ ဒါပေမဲ့ အခုက အချိန်မကျသေးဘူး။ အခု ငါလိုချင်တာက မဟာယန်နိုင်ငံရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကိုပဲ။ ငါတို့မှာ သူတို့ကို ရနိုင်မယ့် အခွင့်အရေး ရှိတယ်လို့ မောင်မင်း ထင်လား"
မဟာရှနိုင်ငံတွင် အဆင့်မြင့် တိုက်ခိုက်ရေးသမားများဖြစ်သော ချီဖွဲ့တည်ခြင်းအဆင့် နှင့် ကောင်းကင်အဆင့် သိုင်းပညာရှင်များမှလွဲ၍ ကျန်သည့်အရာအားလုံး ပြည့်စုံနေသည်။ သို့သော် ထိုကဲ့သို့သော သိုင်းပညာရှင်များကို လိုချင်ရုံနှင့် မရနိုင်ပေ။ ထို့ကြောင့် လင်းပိုင်ဖန်က ဤအခွင့်အရေးကို အသုံးချကာ ထိုသိုင်းပညာရှင်များကို မဟာရှနိုင်ငံဘက်သို့ ကူးပြောင်းလာစေပြီး သူ့ထံတွင် အမှုထမ်းစေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အရှင်မင်းကြီး ခဏလောက် စောင့်ပေးပါ" ယွမ်ထျန်းကန်းက ကြေးပြားအချို့ကို ယူကာ အသာအယာ မြှောက်လိုက်ပြီးနောက် ပြန်ဖမ်းလိုက်သည်။
ကြေးပြားပေါ်ရှိ အမှတ်အသားများကို ကြည့်ကာ သူက ဝမ်းသာအားရဖြင့် "အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဒီကိစ္စက အောင်မြင်ဖို့ အလားအလာ အများကြီး ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်မျိုးကိုသာ အပ်နှံပေးပါ။ အရှင်မင်းကြီးအတွက် အမှုထမ်းဖို့ ငါးယောက် ဒါမှမဟုတ် ခြောက်ယောက်လောက်ကို ဖျောင်းဖျနိုင်မယ်လို့ ယုံကြည်ပါတယ်"
လင်းပိုင်ဖန်က လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး "ကောင်းပြီ... ဒီတာဝန်ကို မောင်မင်းကိုပဲ အပ်လိုက်မယ်။ ဒါ့အပြင် မောင်မင်းရဲ့ ခရီးစဉ်မှာ ကာကွယ်ပေးဖို့အတွက် ဟန်နှင့်ဟာ စစ်သူကြီးနှစ်ဦးနဲ့ 'ကောင်းကင်အပြစ်နဲ့ မြေကမ္ဘာချို့ယွင်းချက်” တို့ကိုပါ ထည့်ပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ယွမ်ထျန်းကန်းက နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
ဟန်နှင့်ဟာ စစ်သူကြီးနှစ်ဦးနှင့် အခြား သိုင်းပညာရှင်များကို ခေါ်ယူပြီးနောက် သူတို့သည် ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ကာ မဟာယန်နိုင်ငံဆီသို့ တိတ်တဆိတ် ထွက်ခွာသွားကြလေတော့သည်။