အခန်း (၃၆၀)
Vol. 33 Ch. 360
ညဉ့်ကနက်သထက် နက်လာပြီး အအေးဒဏ်ကလည်း အရိုးကွဲမတတ် ပြင်းထန်နေလေသည်။
စစ်တပ်၏ တဲအတွင်း၌ စစ်သူကြီး ပုချင်းယွန်သည် သူရေးသားပြီးစီးသွားသော စစ်ရေးသဝဏ်လွှာကို ကြည့်ကာ သက်ပြင်းကို အသာအယာ ချလိုက်သည်။
"ဒီစစ်ပွဲကတော့... ငါ့အတွက် ပြန်လမ်းမရှိတော့တဲ့ ခရီးတစ်ခု ဖြစ်သွားမှာကို စိုးရိမ်မိတယ်"
သူသည် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သလို စစ်သည်တော် သုံးသိန်းကို ကွပ်ကဲရသည့် မဟာယန်နိုင်ငံ၏ တတိယအဆင့် စစ်သူကြီးတစ်ဦးလည်း ဖြစ်သည်။ အာဏာနှင့် ဂုဏ်အဆင့်အတန်း မြင့်မားသော်လည်း ယခုအချိန်တွင်မူ သူ၏စိတ်ထဲ၌ မည်သည့် ပျော်ရွှင်မှုကိုမျှ မခံစားရပေ။
အကြောင်းမှာ သူကာကွယ်နေသော မဟာယန်နိုင်ငံသည် မကြာခင်မှာ ပျက်စီးတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။
နှစ်ပေါင်း ၅၀ အတွင်း တစ်ကြိမ်သာ ကြုံခဲသော နှင်းကပ်ဘေးကြောင့် မဟာယန်နိုင်ငံ၏ အင်အားသည် အကြီးအကျယ် ဆုတ်ယုတ်သွားပြီး ပြည်သူများမှာလည်း အစာရေစာ ငတ်မွတ်ကာ ဒုက္ခရောက်နေကြရသည်။
ထိုအခွင့်အရေးကို အသုံးချကာ အိမ်နီးချင်း သုံးနိုင်ငံက စစ်တပ်များ စေလွှတ်လိုက်ကြသည်။
စစ်သည် အင်အား သုံးသန်းနီးပါးနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်သည် နယ်စပ်တွင် အသင့်နေရာယူထားကြပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။
မဟာယန်နိုင်ငံဘက်တွင်မူ အစွမ်းကုန် ကြိုးစားကာ စစ်သည် သုံးသန်းကို စုစည်းထားသော်လည်း အများစုမှာ စစ်မြေပြင်ကို တစ်ခါမျှ မရောက်ဖူးသေးသည့် လူသစ်များသာ ဖြစ်ကြသည်။
သူတို့ကို စစ်ထဲသို့ စေလွှတ်ခြင်းသည် သေတွင်းထဲသို့ အတင်းတွန်းပို့နေခြင်းနှင့် မခြားပေ။
ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အနေဖြင့်လည်း တစ်နိုင်ငံလုံးတွင် ၁၂ ဦးသာ ရှိသဖြင့် ရန်သူ၏ တစ်ဝက်ခန့်သာ ရှိသည်။
သို့ဖြစ်ရာ ဤစစ်ပွဲကို မည်သို့ တိုက်ရပါမည်နည်း။
ယခုကဲ့သို့ အခြေအနေမျိုးတွင် မဆိုထားနှင့်၊ မဟာယန်နိုင်ငံ အင်အား အကောင်းဆုံး အချိန်တွင်ပင် ဤသုံးနိုင်ငံ၏ ပူးပေါင်းတိုက်ခိုက်မှုကို တောင့်ခံနိုင်ရန် မလွယ်ကူပေ။
ထူးခြားသော အပြောင်းအလဲ တစ်ခုခု မရှိလျှင် ဤစစ်ပွဲသည် ရှုံးနိမ့်မည်မှာ သေချာသလောက် ရှိနေသည်ဟု သူ၏နှလုံးသားက သိရှိနေသည်။
သို့သော်လည်း ဤစစ်ပွဲသည် ရှုံးနိမ့်ရန် ကံပါနေသော်လည်း သူတိုက်ရပေလိမ့်မည်။
သေအံ့ဆဲဆဲ ရုန်းကန်ရခြင်းမျိုး ဖြစ်နေပါစေဦး၊ သူရုန်းကန်ရပေမည်။
ထို့အပြင် သူ့မှာ ဆုတ်ခွာစရာ လမ်းလည်း မရှိပေ။
လွန်ခဲ့သော နှစ်များအတွင်း သူသည် အိမ်နီးချင်း သုံးနိုင်ငံနှင့် စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရန်ငြိုးများကလည်း ကြီးမားနေခဲ့ကြသည်။
သူ၏ မိသားစုသည်လည်း မဟာယန်နိုင်ငံတွင် ရှိနေသဖြင့် သူသာ အစွမ်းကုန် မတိုက်ခိုက်ခဲ့လျှင် သူတို့၏ အသက်များမှာ ဘေးအန္တရာယ်နှင့် ကြုံရပေလိမ့်မည်။
ထို့ကြောင့် ဤစစ်ပွဲကို တိုက်ရမည်သာ ဖြစ်သည်။
အောင်နိုင်ရန် အခွင့်အရေးမှာ သေးငယ်လွန်းနေသော်လည်း သူတိုက်ရမည်သာ ဖြစ်သည်။
ထိုစဉ်မှာပင် ဇီသာသံသဲ့သဲ့ကို သူကြားလိုက်ရသည်။
ထိုတေးသံမှာ အလွန်လွမ်းမောဖွယ် ကောင်းလှပြီး တမ်းတမှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေကာ သူ့ကို အိမ်ကို လွမ်းဆွတ်သွားစေရန် မသိမသာ ဆွဲဆောင်နေသကဲ့သို့ ရှိနေသည်။
"ဒီအသံက ဘယ်ကလာတာလဲ" ဟု ဆိုကာ သူသည် စစ်တပ်တဲအပြင်သို့ မထွက်ဘဲ မနေနိုင်တော့ပေ။
သို့သော် ကင်းစောင့်နေသည့် စစ်သားများမှာမူ ထူးထူးခြားခြား တစ်စုံတစ်ရာ ဖြစ်ပျက်နေသည့် အမူအရာ မရှိသည်ကို တွေ့လိုက်ရသည်။
"ဒါမဖြစ်နိုင်ဘူး... ဒီတေးသံကို ငါတစ်ယောက်တည်း ကြားနေရတာလား"
စစ်သူကြီး ပုချင်းယွန်မှာ အံ့အားသင့်သွားခဲ့ရသည်။ မိမိတစ်ဦးတည်း ကြားရအောင် ဇီသာကို လှပစွာ တီးခတ်နိုင်သူမှာ သာမန်လူ မဟုတ်ဘဲ အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ရပေမည်။
ထို့အပြင် ထိုသူသည် မိမိကို ရည်ရွယ်ပြီး တီးခတ်နေခြင်း ဖြစ်သည်။
သို့မဟုတ် မိမိကို ထိုတေးသံဖြင့် မြှူထုတ်နေခြင်းလည်း ဖြစ်နိုင်သည်။
ပုချင်းယွန်၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသော်လည်း ထိုတေးသံထဲတွင် ရန်လိုသည့် အငွေ့အသက်မျိုး မတွေ့ရဟု ခံစားမိလိုက်သည်။
မိမိကိုယ်မိမိ ယုံကြည်မှုရှိသည့် သတ္တိခဲတစ်ဦး ဖြစ်သည့်အတွက် သူသည် ထိုအသံလာရာသို့ သွားရောက် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
"ဒီမှာပဲ ကင်းစောင့်နေကြ... ငါ ခဏနေရင် ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ စစ်သူကြီး"
အသံနောက်သို့ လိုက်လာခဲ့ရာ စစ်စခန်းနှင့် မနီးမဝေးတွင်ရှိသော တောင်ကုန်းငယ်လေးတစ်ခုသို့ ပုချင်းယွန် ရောက်ရှိလာခဲ့သည်။
ထိုတောင်ကုန်းမှာ နှင်းများ ဖုံးလွှမ်းနေပြီး လရောင်အောက်တွင် အေးစက်ကာ ခြောက်ကပ်လျက် ရှိသည်။ သစ်ပင်များမှာလည်း အရွက်များ ကြွေလွင့်နေပြီး အေးစက်သော ရေခဲမှုန်များ ကပ်ငြိနေကြသည်။
သို့သော်လည်း ဤကဲ့သို့ အေးစက်လွန်းသော ပတ်ဝန်းကျင်တွင် အအေးဒဏ်ကို ဂရုမစိုက်သော လူငါးဦး ရှိနေသည်ကို သူတွေ့လိုက်ရသည်။
ထိုအထဲမှ တစ်ဦးမှာ ခန္ဓာကိုယ် ပိန်လှီသော်လည်း မျက်နှာမှာမူ နီမြန်းကာ စိုပြည်လျက် ရှိသည်။ သူသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လေအဝေ့တွင် အင်္ကျီစများမှာ လွင့်ပျံနေကာ ကြည့်ရသည်မှာ လူ့လောကမှ မဟုတ်သော နတ်သားတစ်ဦးအလား ထင်မှတ်ရသည်။
နောက်ထပ် တစ်ဦးမှာမူ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရေခဲဖြင့် ပြုလုပ်ထားသော ခုံတန်းပေါ်တွင် ထိုင်ကာ ဇီသာတီးခတ်နေသည်။
ဝမ်းနည်းလွမ်းမောဖွယ် ကောင်းသော ထိုတေးသံကို ဖန်တီးနေသူမှာ သူပင် ဖြစ်ရပေမည်။
သူ၏ ဘေးတွင်မူ အနက်ရောင် ဝတ်စုံနှင့် လူတစ်ဦး ရှိနေပြီး မျက်လုံးများကို မှိတ်ကာ “Erhu” ကို ကိုင်ထားသည်။
ပုချင်းယွန် ရောက်လာသည်ကို မြင်သောအခါ သူက ခေါင်းကို အသာအယာ ငြိမ့်ပြကာ နှုတ်ဆက်လိုက်ပြီး “Erhu” ကို စတင် တီးခတ်လိုက်သည်။ ထိုအခါ ဝမ်းနည်းပူဆွေးဖွယ် ကောင်းသော တေးသံများမှာ လေထုထဲတွင် ပျံ့လွင့်သွားတော့သည်။
ပုချင်းယွန်သည် ထိုလူနှစ်ဦးထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
" ကြယ်တာရာချီအဆင့် သိုင်းပညာရှင် နှစ်ယောက်ပါလား" ပုချင်းယွန်၏ စိတ်အခြေအနေမှာ လေးလံသွားရသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်မှာ ချီဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရုံသာ ရှိသေးသဖြင့် ထိုသူနှစ်ဦးကို ယှဉ်ပြိုင်နိုင်ရန် အလှမ်းဝေးလွန်းနေသောကြောင့် ဖြစ်သည်။
အကယ်၍ တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် သူသည် အန္တရာယ်နှင့် ကြုံရနိုင်သည်။
သူ၏ အကြည့်မှာ ကျန်သည့် လူနှစ်ဦးထံသို့ ရောက်သွားသည်။
ထိုသူနှစ်ဦးမှာ အသားညိုပြီး အရပ်အမောင်း မြင့်မားကာ ကြည့်ရသည်မှာ နတ်မင်းကြီး နှစ်ပါးကဲ့သို့ပင် အားကိုးထိုက်သော ပုံစံရှိနေသည်။
ပုချင်းယွန်သည် ထိုသူနှစ်ဦးကို မြင်မြင်ချင်း ရင်းနှီးသလို ခံစားရသော်လည်း သေချာ စဉ်းစားလိုက်သောအခါတွင်မူ မျက်လုံးများ ပြူးသွားပြီး တုန်လှုပ်စွာဖြင့် နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်မိသည်။ သူသည် ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်ကာ အစွမ်းကုန် သတိထားလျက် အော်ဟစ်လိုက်သည်။
"မင်းတို့က ဟန်နှင့်ဟာ စစ်သူကြီးနှစ်ဦးပဲ...။ မင်းတို့က မဟာရှနိုင်ငံက လူတွေပေါ့... ငါ့ကို တမင်သက်သက် မြှူထုတ်ခဲ့တာပဲ... မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ယွမ်ထျန်းကန်းက ပြုံးလျက် လက်နှစ်ဖက်ကို စုကာ နှုတ်ဆက်လိုက်ပြီး "စစ်သူကြီး ပု... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ...။ ကျွန်တော်တို့မှာ ရန်လိုတဲ့ အကြံ မရှိပါဘူး...။ ကျွန်တော်တို့က အရှင်မင်းကြီးရဲ့ အမိန့်တော်အရ စစ်သူကြီးကို မဟာရှနိုင်ငံဘက်ကို ကူးပြောင်းလာဖို့နဲ့ အရှင်မင်းကြီးရဲ့ လက်အောက်မှာ အမှုထမ်းဖို့ ဖျောင်းဖျဖို့ လာခဲ့တာပါ"
"အရှင်မင်းကြီး ဟုတ်လား... မင်းပြောတဲ့ အရှင်မင်းကြီးဆိုတာ မဟာရှနိုင်ငံရဲ့ ဧကရာဇ် လင်းပိုင်ဖန် လား" ဟု ပုချင်းယွန်က မေးလိုက်သည်
ယွမ်ထျန်းကန်းက ပြုံးလျက် ခေါင်းငြိမ့်ပြကာ "မှန်ပါတယ်" ဟု ဖြေလိုက်သည်။
ပုချင်းယွန်က "မင်းတို့ မဟာရှနိုင်ငံက ငါတို့နိုင်ငံရဲ့ နယ်မြေတွေကို သုံးကြိမ်တိုင်တိုင် ကျူးကျော်ခဲ့တာ...။ ငါတို့ နှစ်နိုင်ငံက ရေနဲ့မီးလိုပဲ၊ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူး...။ ငါတို့ကြားမှာ ဆွေးနွေးစရာ ဘာမှမရှိဘူး" ဟု အော်ဟစ်လိုက်သည်။
"စစ်သူကြီး ပု... စစ်သူကြီး မှားနေပြီ"
ယွမ်ထျန်းကန်းက သူ၏ မုတ်ဆိတ်ကို ပွတ်ကာ ပြုံးလိုက်ပြီး "အရင်တုန်းကတော့ ဆွေးနွေးစရာ မရှိခဲ့တာ မှန်ပါတယ်...။ ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းလဲသွားပြီလေ။ မဟာယန်နိုင်ငံက အခုဆိုရင် ဘက်ပေါင်းစုံက ဝိုင်းထားခြင်း ခံနေရပြီး ပျက်စီးဖို့က မဝေးတော့ဘူး။ ဒါပေမဲ့ စစ်သူကြီးမှာတော့ တောက်ပတဲ့ အနာဂတ် ရှိနေသေးတယ်။ စစ်သူကြီးက မဟာယန်နိုင်ငံနဲ့အတူ တကယ်ပဲ အသေခံသွားချင်တာလား"
"ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... မဟာယန်နိုင်ငံက ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး"
ပုချင်းယွန်က "စစ်သူကြီးတစ်ဦး အနေနဲ့ ငါ့လက်ထဲက ဓားကို သုံးပြီး ရန်သူအားလုံးကို သတ်ပြီး မဟာယန်နိုင်ငံရဲ့ နယ်မြေကို ကာကွယ်သွားမှာပဲ။ အဲ့ဒီအတွက် သေရမယ် ဆိုရင်လည်း ဒါက ငါ့ရဲ့ ကံကြမ္မာပဲ။ ငါ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး" ဟု ပြတ်ပြတ်သားသား ဆိုလိုက်သည်။
ယွမ်ထျန်းကန်းက ခေါင်းကို ခါလိုက်ပြီး ရယ်မောကာ "စစ်သူကြီးက တကယ်ကို သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူပဲ။ ဒါကိုတော့ ကျွန်တော် တကယ်ကို လေးစားမိပါတယ်။ ဒါပေမဲ့ စစ်သူကြီးရဲ့ မိသားစုကိုကော မငဲ့ညှာတော့ဘူးလား။ စစ်သူကြီးရဲ့ အသက် ၈၀ အရွယ် အမေအိုကြီးရယ်၊ ချစ်လှစွာသော ဇနီးသည်ရယ်၊ အခုမှ လူလားမြောက်ခါစ သားသမီး သုံးယောက်ရယ်ကိုကော… သူတို့ကိုပါ စစ်သူကြီးနဲ့အတူ အသေခံခိုင်းတော့မှာလား"
ပုချင်းယွန်သည် သူ၏ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိပြီး စိတ်ထဲတွင် လွန်စွာ တုံ့ပြန်နေမိသည်။
နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့သော စစ်သူကြီးတစ်ဦး အနေဖြင့် သေခြင်းတရားကို သူဂရုမစိုက်တော့သော်လည်း သူ၏ မိသားစုကိုမူ သူလက်မလွှတ်နိုင်ပေ။
သူ့အနေဖြင့် စစ်မြေပြင်တွင် သေဆုံးသွားလျှင် ဘုရင့်အပေါ် သစ္စာစောင့်သိရာ ရောက်သဖြင့် နောင်တရစရာ မရှိသော်လည်း၊ သူသေပြီးနောက် သူ၏ ဇနီးနှင့် သားသမီးများ မည်သို့ ဖြစ်သွားမည်နည်း။
သူတို့အား ကာကွယ်ပေးမည့်သူ မရှိဘဲ ထိုသုံးနိုင်ငံ၏ စစ်ဖိနပ်အောက်တွင် သူတို့ အသက်ရှင်နိုင်ပါ့မလား။
သူ့နှလုံးသားထဲတွင် အဖြေမရှိခဲ့ပေ….။
"သူတို့ သေရမယ်ဆိုရင်လည်း... အဲ့ဒါက သူတို့ရဲ့ ကံကြမ္မာပဲ ဖြစ်မှာပေါ့" ဟု စစ်သူကြီး ပု က သက်ပြင်းချကာ ဆိုလိုက်သည်။
"စစ်မြေပြင်မှာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ 'သံမဏိလူသတ်သမား' လို့ နာမည်ကြီးတဲ့ စစ်သူကြီး ပု က ကံကြမ္မာကို ယုံကြည်တဲ့သူ တစ်ယောက်လို့တော့ ကျွန်တော် မယုံကြည်ဘူး"
ယွမ်ထျန်းကန်းက အေးဆေးစွာ ပြုံးလိုက်ပြီး "ကျွန်တော် သိထားသလောက်ဆိုရင် စစ်သူကြီးက မိခင်အပေါ် သိတတ်တဲ့ သားကောင်းတစ်ယောက်၊ ဇနီးအပေါ် ကောင်းတဲ့ ခင်ပွန်းတစ်ယောက်နဲ့ သားသမီးတွေအပေါ် ကြင်နာတဲ့ ဖခင်ကောင်း တစ်ယောက်ပဲ။ စစ်သူကြီးက မေတ္တာတရား ရှိတဲ့သူ တစ်ယောက်ပါ။ သူတို့ သေသွားမှာကို စစ်သူကြီး ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်"
"ဟူး... အခုချိန်မှာ ဒါတွေ ပြောနေလို့လည်း ဘာထူးမှာလဲ" ဟု စစ်သူကြီး ပု က ထပ်မံ သက်ပြင်းချလိုက်သည်။
"ထူးတာပေါ့... စစ်သူကြီးသာ မဟာရှနိုင်ငံဘက် ကူးပြောင်းပြီး၊ အရှင်မင်းကြီးဆီမှာ အမှုထမ်းမယ်ဆိုရင် စစ်သူကြီးရဲ့ မိသားစုဝင် အားလုံးကို ဒီစစ်ပွဲတွေနဲ့ ဝေးရာ မဟာရှနိုင်ငံရဲ့ မြို့တော်ဆီ ပြောင်းရွှေ့ပေးဖို့ ကျွန်တော် အရှင်မင်းကြီးကို နားချပေးနိုင်ပါတယ်။ ဒီလိုဆိုရင် စစ်သူကြီးလည်း သေစရာ မလိုတော့သလို စစ်သူကြီးရဲ့ မိသားစုလည်း ဘေးကင်းသွားမှာပေါ့။ ဒါက တကယ်ကို ကောင်းမွန်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား" ဟု ယွမ်ထျန်းကန်းက ကျယ်လောင်စွာ ပြောလိုက်သည်။
ပုချင်းယွန်၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။
ဤနည်းလမ်းသည် သူ၏ အခက်အခဲကို အမှန်တကယ်ပင် အဖြေရှာပေးနိုင်သည်။
သို့သော်လည်း သူက တွေဝေစွာဖြင့် "သစ္စာရှိတဲ့ အမတ်က သခင်နှစ်ယောက်ကို အမှုမထမ်းဘူး" ဟု ပြန်ပြောလိုက်သည်။