← Chapters

စိတ်အေးအေးထား ချွဲအာ

Vol. 9 Ch. 850

စိတ်အေးအေးထား ချွဲအာ

Vol. 9 Ch. 850

စုန့်ချွဲမှာ သူ့ကိုယ်သူ စကားပြောနေသည်ကိုပင် သတိမထားမိတော့ပေ။ သူသည် မတ်တတ်ရပ်လျက် ပိုင်ဟောက်အား အသက်မဲ့စွာကြည့်၍ အသားများတုန်ရီနေပြီး အသက်ရှူရန်ပင်မေ့နေလေ၏။

" မဖြစ်နိုင်ဘူး။ ဒါ တစ်ခုခုလွဲမှားနေတာပဲ ဖြစ်မယ် "

သူ၏ပတ်ပတ်လည်တွင် ကမ္ဘာကြီးမှာ ချာချာလည်နေသကဲ့သို့ဖြစ်နေပြီး သူ၏ဘဝတွင် ယုံကြည်နိုင်ဖွယ်ရာမရှိနိုင်ဆုံးသော အရာကြီးတစ်ခုနှင့်ကြုံနေရသည့်အလား ခံစားနေရသည်။

ဤ လူသုံးယောက်မှာ မည်သို့မည်ဖုံ ဆက်နွယ်နေသည်ကို သူက မစဥ်းစားလိုပါသော်လည်း သူ၏ အတွေးရထားကြီးကို ရပ်တန့်၍ မရနိုင်လောက်အောင် ဖြစ်နေသည်။

ပိုင်ဟောက်တစ်ယောက်ကိုသာလျှင် ကျိုးရီရှင်းက သခင်ဟု ခေါ်သည်။ ထို့အပြင် ပိုင်ဟောက်က ပိုင်ရှောင်ချန်းအား ဆရာဟုခေါ်လိုက်သည့်အချက်ကြောင့် အရာရာတိုင်းမှာ ပို၍ရှင်းလင်းသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏ ဆရာဖြစ်ပြီး ကျိုးရီရှင်း၏ သခင်ဖြစ်နေသည်။

စုန့်ချွဲမှာ သူ၏အသိစိတ်ထဲတွင် လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားသည့်အလား ခံစားလိုက်ရပြီး ငူတူတူကြီး ရပ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ထိုသို့အဖြစ်မခံနိုင်သဖြင့် ရှင်းပြရန် ရှေ့သို့ပြေးသွားလိုက်သည်။

" မင်း...မင်း "

စုန့်ချွဲမှာ နီမြန်းနေသည့်မျက်လုံးကြီးများဖြင့် ပိုင်ရှောင်ချန်းအား လက်ညှိုးထိုးလိုက်သည်။ ပိုင်ရှောင်ချန်း အနည်းငယ်မျှပင် မရှင်းပြရသေးချိန်တွင် စုန့်ချွဲက အော်ဟစ်၍ မေးလိုက်တော့သည်။

" ပိုင်ရှောင်ချန်း မှန်မှန်ပြောစမ်း။ မင်းအရင်တုံးက ပိုင်ဟောက်အသွင် ဟန်ဆောင်ထားတာမလား "

ပိုင်ဟောက်၏ သရုပ်မှန် အကြောင်းနှင့်ပတ်သတ်သော မေးခွန်းမှာ သူ၏အတွေးထဲတွင် ဗြောင်းဆန်နေသဖြင့် စုန့်ချွဲမှာ ရူးသွပ်လုမတတ် ဖြစ်နေသည်။ ပိုင်ဟောက်သာ ပိုင်ရှောင်ချန်းဖြစ်နေခဲ့ပါက သူသည် ပိုင်ရှောင်ချန်း၏ အချစ်တော်ဖြစ်ခဲ့သည်ဖြစ်ပြီး ပိုင်ရှောင်ချန်း ဆံပင်များဖွပေးသည်ကိုခံရန် သူ၏ဦးခေါင်းအားထိုးပေးခဲ့သည်ဖြစ်၍ သူ၏ကမ္ဘာ ပြိုလဲသွားမည်မှာ အသေအချာပင်။

" မဟုတ်ပါဘူးကွ "

ပိုင်ရှောင်ချန်းက ခေါင်းကို မာန်ပါပါ ခါယမ်းလိုက်ပြီး အနည်းငယ်မျှပင် တွေဝေမနေပဲ ပြန်ဖြေလိုက်သည်။ သူ့အား စုန့်ချွဲမယုံမည်စိုး၍ ပိုင်ဟောက်နှင့် ကျိုးရီရှင်းတို့ကို လက်ညှိုးပြန်ထိုးလိုက်လေသည်။

" ငါတကယ်ပြောတာ။ သူတို့ကိုမေးကြည့်။ ငါ ပိုင်ဟောက်အသွင် ဘယ်တုံးကမှ ဟန်မဆောင်ခဲ့ပါဘူး။ ပြီးတော့ မြေရိုင်းဒေသမှာ ငါမင်းကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဟာသပြောနေတာမဟုတ်ဘူး။ အမှန်အတိုင်း ပြောနေတာ "

သူသည် မျက်တောင် တစ်ချက်ပင်မခတ်ပဲ ဆက်တိုက်ပြောဆိုနေသဖြင့် သူ၏စကားများမှာ မှန်ကန်ဖြောင့်မတ်သည့်ပုံစံ ပေါ်နေတော့သည်။

စုန့်ချွဲမှာမူ အသက်ရှူသံများမြန်နေပြီး ပိုင်ရှောင်ချန်းကို ခေတ္တမျှ လှမ်းကြည့်လိုက်ပြီးနောက် ပိုင်ဟောက်အား ကြည့်လိုက်လေသည်။

ပိုင်ဟောက်မှာမူ မျက်တောင်တဖျတ်ဖျတ် ခတ်သွားသည်။ ပိုင်ရှောင်ချန်းသည် စုန့်ချွဲ၏ ဦးလေးဖြစ်ကြောင်း သူကသိသဖြင့် သူ့အားအမှန်အတိုင်း မပြောရဲပေ။ သူက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သဖြင့် စုန့်ချွဲမှာ အနည်းငယ်မျှ စိတ်အေးသွားသည်။ သို့သော် သူသည်အပြည့်အဝ မယုံကြည်သေးသဖြင့် သေချာစေရန် ကျိုးရီရှင်းအား ထပ်ကြည့်လိုက်သည်။

ကျိုးရီရှင်းမှာ စုန့်ချွဲလောက်မဟုတ်သော်လည်း သူ့အတိုင်းအတာနှင့်သူ ဆွံ့အနေသည်။ ပိုင်ဟောက်ဆိုခဲ့သည့် ' အမိန့်နာခံပါ့မယ် ' ဆိုသော စကားမှာ သူ၏စိတ်ထဲတွင် ကျယ်လောင်စွာ မြည်ဟည်းနေဆဲ။

ပိုင်ဟောက်နှင့် ပိုင်ရှောင်ချန်းတို့မှာမူ ထိုစကားကို စိတ်ထဲပင် ထားခဲ့သည်မဟုတ်ပေ။ ၎င်းမှာ ပိုင်ဟောက်ပြောဆိုနေကျ ပုံစံပင်ဖြစ်သည်။ သို့သော် ကျိုးရီရှင်းမှာ ထိုစကားလုံးများကိုကြားလိုက်ရသောအခါ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ လှိုင်းတံပိုင်းများကဲ့သို့ ရိုက်ခတ်လာပြီး သူ့အားဖုံးလွှမ်းသွားတော့မည့်အလား ခံစားလိုက်ရသည်။

သူသည် နားကြားမှားနေသည်ဟုပင် ထင်နေသေးသည်။ ပိုင်ဟောက်သည် ငရဲဧကရာဇ် မဟုတ်ပါလော။ ကျိုးရီရှင်း၏ အတွေးထဲတွင် အကယ်၍ သူသည်ပိုင်ရှောင်ချန်းထဲမှ လမ်းညွှန်ချက်များကို လက်ခံမည်ဆိုပါက ' ကောင်းပြီ ' ဆိုသော စကားလုံးမျိုးထက် ပို၍ပြောနေစရာလိုမည်မဟုတ်ကြောင်း ယူဆထားသည်။ နှုတ်ဖြင့် မပြောလိုပါက ခေါင်းညိတ်လိုက်လျှင်ပင် ရသည်။ ပိုင်ဟောက်မှာ အမိန့်နာခံပါ့မည် ဟူသော စကားကိုဆိုလိမ့်မည်ဟု ကျိုးရီရှင်းမှာ လုံးဝကို မတွေးထားမိပေ။

အမှန်တွင် ထိုစကားကို ကြားလိုက်ရလျှင် မြေရိုင်းဒေသထဲရှိ လူတိုင်းပင်လျှင် ဆွံ့အသွားကြမည်ဖြစ်သည်။ ထိုအချင်းအရာများကြောင့် မြေရိုင်းဒေသ၏ အရှင်သခင် အစစ်အမှန်မှာ ပိုင်ရှောင်ချန်းဖြစ်နေကြောင်း ရိပ်မိသွားတော့သည်။

ကျိုးရီရှင်းမှာ သူ့ကိုယ်သူပင် မထိန်းနိုင်တော့ချေ။ ထို့ကြောင့် စုန့်ချွဲမှာ သူ့ကိုလှမ်းကြည့်လိုက်ချိန်တွင် သူ မည်သည့်စကားမှ မဆိုသည်ကို သိလိုက်ရသဖြင့် ရုတ်တရက် နှလုံးခုန်နှုန်းမြန်သွားပြီး အသားများ ပြန်လည်တုန်ရီလာတော့သည်။ သူ၏ဦးခေါင်းအပေါ်တွင် အဖြူရောင်ရေနွေးငွေ့များပင် မြင့်တက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ပို၍ပင်စိုးထိတ်သွားရတော့သည်။ စုန့်ချွဲမှာ အကြီးအကျယ် စော်ကားခံလိုက်ရသကဲ့သို့ ခံစားသွားရပြီး အမှန်တရားအား လက်မခံနိုင်မည်ကို စိုးသဖြင့် သူသည် ကျိုးရီရှင်းအား လှမ်း၍ကြည့်လိုက်လေသည်။

" မင်းဘာလုပ်နေတာတုံး ကျိုးရီရှင်း " သူက အော်ပြောလိုက်သည်။

" ငါ ပိုင်ဟောက်အသွင် ဟန်မဆောင်ခဲ့ဖူးလို့ ပြောနေတယ်လေကွာ။ ပြီးတော့ မြေရိုင်းဒေသထဲမှာ စုန့်ချွဲကိုတွေ့တာ ဒါပထမဆုံးအကြိမ်လို့လည်း ငါပြောနေတာ။ ငါ့ကို နည်းနည်းလောက် နားချ ကူဦးလေ "

ပိုင်ရှောင်ချန်း၏ အော်သံကြောင့် ကျိုးရီရှင်းမှာ တွေးတောငေးမောနေရာမှ သတိပြန်လည်လာသည်။ သူသည် ချက်ချင်းပင်ခေါင်းညိတ်လိုက်ပြီး စုန့်ချွဲ သူ့အား မယုံမည်စိုး၍ ရင်ဘတ်ကိုထု၍ ကျယ်လောင်စွာ ဆိုလိုက်လေသည်။

" ကျိုးရီရှင်းဆိုတဲ့ ကျုပ်ရဲ့ သခင်က ပိုင်ဟောက်အဖြစ် တစ်ခေါက်တောင် ဟန်မဆောင်ဖူးဘူးဆိုတာကို ကျိန်ဆိုရဲပါတယ် "

ကျိုးရီရှင်း၏ စကားသံများ ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရသောအခါမှ စုန့်ချွဲမှာ အနည်းငယ် ထပ်၍ စိတ်အေးသွားတော့သည်။ သူ၏ အတွေးများမှာ ယောက်ယတ်ခတ်နေပြီဖြစ်ပြီး ကောင်းကောင်းမွန်မွန် မတွေးတောနိုင်တော့ပေ။ ထို့ကြောင့် ပိုင်ဟောက်နှင့် ကျိုးရီရှင်းတို့မှထံ ရသော သက်သေများမှာ ရေနစ်နေသူတစ်ယာက်အတွက် ကမ်းပေးလိုက်သည့် သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သူသည် ထိုကိစ္စကို အနည်းငယ်မျှပင် ထပ်၍ မတွေးတောလိုတော့ပေ။

စုန့်ချွဲမှာ အနည်းငယ်မျှ စိတ်အေးသွားသည်ကို မြင်လိုက်ရသောအခါမှသာ ပိုင်ရှောင်ချန်းမှာ အလွန်စိတ်သက်သာရာ ရသွားတော့သည်။

" အာ ချွဲအာရေ " သူက ဆိုလိုက်လေသည်။

" ဘာမှ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ငါတို့ နှစ်ယောက် ဒီမြေရိုင်းဒေသမှာ လာဆုံတယ်ဆိုတာ ရေစက်ပဲ။ မင်းလည်း အသက်ကြီးလာပြီလေ ချွဲအာရာ။ ဒီလိုမျိုး ယောက်ယတ်ခတ်နေတာ မင်းအတွက် မကောင်းဘူးကွ။ ဒီမှာကြည့်။ မင်းရဲ့ ခေါင်းပေါ်မှာ ရေနွေးငွေ့တွေတောင် ထွက်နေပြီ "

သူသည် လုံးဝ မစဥ်းစားမိပဲ စုန့်ချွဲ၏ ဦးခေါင်ပေါ်မှ ရေနွေးငွေ့များကို ပွတ်သတ်ဖယ်ရှားပေးရန် လက်ကိုဆန့်လိုက်တော့သည်။

၎င်းမှာ သူယခင်က စုန့်ချွဲ၏ဆံပင်အားဖွပေးခဲ့သည့် အမူအရာနှင့် တစ်ထေရာထဲဖြစ်နေပြီး စုန့်ချွဲပင် သတိမထားမိဘဲ သူ၏ဦးခေါင်းကို အလိုလို ရှေ့သို့ဆန့်၍ ပိုင်ရှောင်ချန်း၏ လက်ထဲသို့ တိုးဝှေ့လိုက်လေသည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံးမှာ ရပ်တန့်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် နှလုံးခုန်နှုန်းများမြန်သွားပြီး သူ၏လက်ကို ပြန်ရုတ်လိုက်သည်။ စုန့်ချွဲမှာ၏ပါးစပ်မှလည်း ချက်ချင်းပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေနိုင်သည့် အော်သံတစ်သံ ထွက်ပေါ်လာတော့သည်။

" ဒီခံစားချက်ကြီး.... အဲဒါမင်းပဲ ပိုင်ရှောင်ချန်း။ မင်းငါ့ကို လှည့်စားခဲ့တာပဲ။ အမြဲတမ်း မင်းဖြစ်နေခဲ့တာပဲ "

ယခုတွင်မူ သူ့အတွက် အရာအားလုံးကို ဟန်ဆောင်ထားသည်ဖြစ်ကြောင်း စုန့်ချွဲက သိသွားတော့သည်။ ပိုင်ရှောင်ချန်း သူ၏လက်ကိုဆန့်ထုတ်လိုက်သည့် အမြန်နှုန်းနှင့် တူညီသောပုံစံအနေအထားတို့ကြောင့် အမှန်ပေါ်သွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ အချစ်တော်လေးဖြစ်ခဲ့ရသည့် အတွေးနှင့် ဆံပင်ကို ပွတ်သတ်ခံရန်အတွက် အလိုအလျောက် သူ၏ ဦးခေါင်းကို ဆန့်ထုတ်ပေးမိခဲ့သည်ဆိုသော အချက်တို့ကြောင့် သူ၏ဦးခေါင်းအထက်တွင် အဖြူရောင် ရေနွေးငွေ့များ ပွင့်ထွက်လာတော့သည်။ သူသည် ဂယောင်ခြောက်ခြားဖြင့် အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် သတိလစ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ဆွံ့အသွားပြီး သူ့ထံသို့ အပြေးသွားကာ သူ၏ပါးစပ်ကိုဖွင့်၍ ဆေးတစ်လုံးပစ်ထည့်လိုက်တော့သည်။ ထို့နောက် သူသည် ကူရာကယ်ရာ မဲ့နေသည့် ပုံစံဖြင့် ပိုင်ဟောက်နှင့် ကျိုးရီရှင်းတို့အား လှမ်း၍ကြည့်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းခဲစပြုလာပြီဖြစ်သည်။

" ငါ့အပြစ်မှ မဟုတ်ပဲ။ ဘာလုပ်ရမလဲဆိုတာ မင်းတို့နှစ်ယောက် ကူစဥ်းစားပေးကြပါဦးဟ "

" အမ်...ဆရာရေ။ ကျွန်တော်ဒီမှာ ရှိနေတာ တော်တော်ကြာနေပြီဆိုတော့ ဆရာြကီးသင်္ချိုင်းစောင့်က ကျွန်တော့်ကိုစောင့်နေလောက်ပြီဗျ။ နောက်မှတွေ့မယ်နော် "

ပိုင်ဟောက်မှာ ဆက်၍ သည်းမခံနိုင်တော့ပဲ သူ့ဆရာ၏ အမိန့်များကို နာခံပြီးပြီဟု မှတ်ယူလိုက်ကာ ထူးဆန်းသောမျက်နှာအမူအရာနှင့် မြေအောက်မြစ်ဆီသို့ ပျံသန်းသွားတော့သည်။

ကျိုးရီရှင်းမှာလည်း အလျင်အမြန်ပင် ပိုင်ရှောင်ချန်းအား လက်ယှက်၍ အရိုအသေပေးလိုက်ပြီး ပိုင်ဟောက်နောက်သို့ လိုက်သွားတော့သည်။ သူ မြေအောက်မြစ်ဆီသို့ ရောက်သွားသည်နှင့် သူနှင့် ပိုင်ဟောက်တို့နှစ်ယောက်စလုံးမှာ ပျောက်ကွယ်သွားတော့သည်။ သူတို့ ပျောက်ကွယ်သွားစဥ်တွင် ပိုင်ရှောင်ချန်း၏ အသံမှာ နောက်တွင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။

" ဟောက်အာရေ။ မြေရိုင်းဒေသထဲကို တည်နေရာရွှေ့ပြောင်းခံလိုက်ရတဲ့ ကျင့်ကြံသူတွေကို ခြေရာခံဖို့ ကူညီပေးဦးကွာ "

ပိုင်ဟောက်မှာ ပျောက်ကွယ်မသွားခင် အမိန့်နာခံကြောင်း ဆိုလိုက်လေသည်။

သူတို့နှစ်ယောက် ပြေးထွက်သွားသည်ကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းမှာ သတိလစ်နေသည့် စုန့်ချွဲအား ပြန်၍ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ဆံပင်ကို ထိုးဖွ၍ သက်ပြင်းချလိုက်တော့သည်။

" အာ ဘာပဲဖြစ်ဖြစ်ပါ။ ဒီကလေးက ယောက်ယတ်ခတ်ပြီး သတိမေ့သွားတာပဲနေမှာ။ အဲဒီလောက်ပါပဲ။ ပြီးတော့လည်း ဒါပထမဆုံးအကြိမ်မှမဟုတ်တာပဲ။ သူနိုးလာတာနဲ့ ပြန်အဆင်ပြေသွားလိမ့်မယ် "

စုန့်ချွဲ၏ ပတ်ပတ်လည်တွင် အကာအကွယ် မန္တန် အစီအရင်အချို့ တပ်ဆင်လိုက်ပြီးနောက် သူ၏ အင်မော်တယ်ဂူထဲသို့ ပြန်သွားပြီး တင်ပျဥ်ခွေ ထိုင်ချလိုက်တော့သည်။

" သူအချိန်အနည်းငယ်ယူလိုက်ရင် နေပြန်ကောင်းလာမှာပါ။ အခု ငါ့ဆီမှာ နှစ်ဆယ်ရောင်ခြယ်မီးတောက်ရှိနေပြီဆိုတော့ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းအထိ မြှင့််တင်ရမဲ့ အချိန်ရောက်ပြီ။ "

သူသည် လုံးဝတွေဝေမနေပဲ လိပ်ပုံစံ ဒယ်အိုးလေးကိုထုတ်လိုက်ပြီး သူ၏ ယင်ယန်ဝိညာဥ်ကို ၎င်းအထဲသို့ စေလွှတ်လိုက်သည်။ ထို့နောက် သူ၏နှစ်ဆယ်ရောင်ခြယ်မီးတောက်ကို ထုတ်လိုက်ပြီး မျှော်လင့်ချက်ရောင်ချည်များ စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ၎င်းကို ခေတ္တမျှကြည့်လိုက်သည်။

ထိုမီးတောက်နှင့် ဒယ်အိုးထိစပ်သွားသည်တွင် မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး သူ၏ယင်ယန်ဝိညာဥ်ကို ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအင်ကြီးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

ထစ်ချုန်းသံများ မြည်ဟည်းလာပြီး လျင်မြန်စွာပင် ပြန်၍ တိတ်ဆိတ်သွားသည်။ တချိန်ထဲမှာပင် ရွှေရောင်အလင်းရောင်များ ပျောက်ကွယ်သွားပြီး တလက်လက်စူးရှတောက်ပနေသည့် သလင်းကျောက်အသွင်ရှိသော ယင်ယန်ဝိညာဥ်တစ်ခု ပေါ်ထွက်လာတော့သည်။

ထိုယင်ယန်ဝိညာဥ်မှာ ပိုင်ရှောင်ချန်းနှင့် တထေရာထဲပုံစံတူနေပြီး ကောင်းကင်တာအို အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ၎င်းသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

၎င်းမှာ ကောင်းကင်နှင့် ကမ္ဘာပေါ်တွင် မည်သည့်အရာနှင့်မှ မယှဥ်နိုင်သည့် စွမ်းအားအဆင့်ဖြစ်သည်။

ယင်ယန်ဝိညာဥ်၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာ တုန်ရီတွန့်လိမ်သွားပြီး ဒဿမမြောက် ရွှေရောင်အင်းကွက်တစ်ခု ပေါ်လာသည်။

၎င်း၏မျက်နှာပြင်ပေါ်ရှိ ထိုအင်းကွက်တိုင်းမှ ကြောက်မက်ဖွယ် မှော်အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထို့အပြင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအား နှစ်ဆယ့်တစ်ဆင့်အထိ လုပ်ပြီးပါက မည်သို့ဆက်ဖြစ်သွားမည်ကို တွေးကြည့်နိုင်သည်။ ထို ရွှေရောင်အင်းကွက်များမှာ ခရမ်းရောင်အင်းကွက်တစ်ခုအသွင် ပေါင်းစည်းသွားကြမည်ဖြစ်သည်။

ထိုအချိန်တွင် ဒဏ္ဍာရီဆန်ပြီး မည်သူမှ မကြုံဖူးသော အရာတစ်ခု ဖြစ်သွားမည်ဖြစ်၏ ။ သူသည်... ပြီးပြည့်စုံသော နတ်အဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားမည်သာ ဖြစ်သည်။

" ဒဏ္ဍာရီတွေထဲမှာတော့ ယင်ယန်ဝိညာဥ်ကို နှစ်ဆယ့်တစ်ဆင့်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် နတ်အဆင့်ကို ေရာက်ရှိသွားမယ်လို့ ဖော်ပြထားတယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကြိုးစားကြည့်ရမှာပဲ "

မျှော်လင့်ချက်များတောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ဆက်၍တွေးလိုက်လေသည်။

" ချွဲအာနိုးလာတာနဲ့ မြေရိုင်းဒေသက စထွက်မယ်။ ဖြတ်စရာ မဟာတံတိုင်းလည်း မရှိတော့ဘူးဆိုတော့ သေမင်းနွံတောကနေ ဖြတ်သွားရမှာပဲ "

" အဲဒါပြီးရင် နှစ်ဆယ့်တစ်ရောင်ခြယ် မီးတောက်ဖန်တီးနည်းကို ကျွမ်းကျင်အောင်လုပ်ပြီး နတ်တစ်ပါးအဖြစ် ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုကိုရှာရမယ်။ "

ယခုတွင် ပိုင်ရှောင်ချန်းမှာ မျှော်လင့်ချက်များစွာဖြင့် စိတ်လှုပ်ရှားမှုများကို အတောမသတ်နိုင်တော့ပေ။

All Chapters