← Chapters

ဘာလို့လက်မခံနိုင်အောင် ဖြစ်နေရတာလဲ စုန့်ချွဲ

Vol. 9 Ch. 851

ဘာလို့လက်မခံနိုင်အောင် ဖြစ်နေရတာလဲ စုန့်ချွဲ

Vol. 9 Ch. 851

" ငါ နတ်တစ်ပါး ဖြစ်တော့မယ် "

နတ်တစ်ပါး ဖြစ်လာတော့မည့် အတွေးသည် ဤကမ္ဘာကြီးက သူ့အတွက် ပို၍ ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်သွားစေသည်။ အထူးသဖြင့် ခမ်းနားကြီးကျယ်သော မြစ်ဖျားဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် နတ်အဆင့်ကျင့်ကြံသူ ငါးဦးသာရှိကြောင်း တွေးမိလိုက်ချိန်တွင် ဖြစ်သည်။ နတ်အဆင့်ကျင့်ကြံသူငါးဦးထဲက မည်သူ့ကိုမဆို အလွန်တရာအရေးပါသည်ဟု သတ်မှတ်နိုင်၏။

" သူတို့က အပြာရောင်သက်တန့်အပေါ်က တန်ခိုးအာဏာကြီးမားတဲ့ လူတွေပဲ "

ထိုအကြောင်းတွေးမိသည်နှင့်အမျှ သူ ပိုမိုစိတ်လှုပ်ရှားလာတော့သည်။ ထို့နောက် သူသည် မဟာတံတိုင်းတွင် ရှိစဥ်က အချိန်များနှင့် နတ်အဆင့်ကျင့်ကြံသူချိန်ဟဲ့ထျန် သူ့အား မည်သိို့ မျက်နှာပြောင်တိုက် ဒုက္ခပေးခဲ့ပုံကို ပြန်တွေးမိသွားသည်။

" ငါ ပြန်ရောက်တဲ့အထိ နေနှင့်ဦးပေါ့ကွာ။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး။ ပြီးရင်တော့.. ဟမ့် ဆယ်စုနှစ်တွေအထိ ကြာရင်ကြာနေလိမ့်မယ်။ ချိန်ဟဲ့ထျန်ကို လက်စားချေဖို့ကတော့ သိပ်နောက်မကျသေးပါဘူး "

ပိုင်ရှောင်ချန်းမှာ တမူထူးခြားစွာ ခံစားနေရတော့သည်။ မြေရိုင်းဒေသတွင် ရှိခဲ့သည့်အချိန်များက သူ့ကို ဘဝ၏ထိပ်ဆုံးအထိ တွန်းပို့ပေးခဲ့သည်။ ဤအခိုက်အတန့်တွင် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် သူ့ကို ယှဥ်နိုင်သည့် လက်ရွေးစင်များအား ရှာဖွေရန် အလွန်ခက်ခဲမည် ဖြစ်ပေသည်။

" ဘယ်လောက် အထီးကျန်တဲ့ ခံစားချက်ကြီးလဲကွာ" သူက ကျောနောက်လက်ပစ်ရင်း ခေါင်းကို ခါယမ်းလိုက်ကာ အံသြဖွယ်ကောင်းသော ခံစားချက်များအား အရသာခံနေတော့သည်။ ထို့နောက် သူက သူ၏အင်မော်တယ်ဂူထဲမှ ဟိတ်ဟန်အပြည့်နှင့် ထွက်လာပြီး သတိလစ်နေသော စုန့်ချွဲထံ လျှောက်သွားလိုက်သည်။

စုန့်ချွဲကို ကြည့်လိုက်ရုံကပင် သူ့ကို ခေါင်းကိုက်သွားစေသည်။ အတန်ငယ် တွေးတောပြီးနောက် သူက လက်ချောင်းကို ဝှေ့ယမ်းကာ သူ့ကိုယ်တွင်းသို့ စိတ်စွမ်းအင်စီးကြောင်းတစ်ခု ပို့လွှတ်လိုက်သည်။ စုန့်ချွဲမှာ တဆတ်ဆတ်တုန်ရီသွားပြီး မျက်လုံးများ ဖြေးညင်းစွာ ဖွင့်လိုက်သည်။ ပထမတွင် သူ၏အမူအရာက ကြောင်တောင်တောင် ဖြစ်နေသော်လည်း ပိုင်ရှောင်ချန်းကို မြင်သောအခါ တုန်ရီလာတော့သည်။ သူ၏မျက်လုံးများ သွေးရောင်လွှမ်းလာပြီး သူ သတိမလစ်ခင် ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်မှတ်မိလိုက်သဖြင့် ခေါင်းတစ်ခုလုံးချာချာလည်သွားတော့သည်။

ပိုင်ရှောင်ချန်းက ကပျာကယာပြောသည်။

" ငါရှင်းပြမယ် ချွဲအာ ငါ..."

သို့သော် သူဘာတစ်ခုမှ ထပ်မပြောနိုင်မီ စုန့်ချွဲက အော်တော့သည်။

" မင်း၊ မင်း.... "

ပိုင်ရှောင်ချန်း၏ အိမ်မွေးတိရစ္ဆာန်ဖြစ်လာခဲ့ရသည့် အတွေးကပင် သူ့ဘဝတွင် ဖြစ်ခဲ့သမျှထဲ ကြောက်စရာအကောင်းဆုံးဖြစ်ပေသည်။ ၄င်းကြောင့် သူခံစားနေရသော ဒေါသများ၊ ခါးသီးသောခံစားချက်များမှာ သူ့ကို ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားစေ၏။

ပိုင်ရှောင်ချန်း ပို၍ ခေါင်းကိုက်သွားလေပြီ။ စုန့်ချွဲ ပေါက်ကွဲတော့မည်ကို မြင်သည်နှင့် သူက မည်သို့လုပ်ရန် ဖြစ်ညှစ်စဥ်းစားလိုက်သည်။ ရုတ်တရက် သူ၏အမူအရာ ဝင်းပသွား၏။ သူက ရှင်းပြချက်ပေးရန် ကြိုးစားနေမည့်အစား သုန်မှုန်နေသောအမူအရာသို့ ပြောင်းလဲလိုက်သည်။ စုန့်ချွဲ မပြောနိုင်ခင်မှာပင် သူက စုန့်ချွဲ၏ ဒေါသများကို ပြေလျော့သွားစေနိုင်သည့် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

" စုန့်ချွဲ၊ မင်း ဒါကို လက်မခံနိုင်တာ ငါသိပါတယ်ကွာ။ ဒါပေမယ့် ဘာလို့များ လက်မခံမှာလဲ။ ဟုတ်တယ်။ ငါ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ အဏ္ဏဝါခေါ်သံဂိုဏ်း၊ ရှင်းကုံကျစ်တာအိုဂိုဏ်း တင်မကဘူး ဒီမြေရိုင်းဒေသမှာလဲ မယုံနိုင်စရာကောင်းလောက်တဲ့ ထိပ်ဆုံးအထိ ရောက်ခဲ့တာ မှန်တယ်။ ဒါပေမယ့်ကွာ မင်းက ငါ့ကို ငါ့ရဲ့အကောင်းဆုံး အချိန်မှာပဲ မြင်တာကိုး။ ငါ ဒီလိုမြင့်မားတဲ့အဆင့်ေတွ ရောက်အောင် ငါ အများကြီး ပေးဆပ်ထားခဲ့ရတာလေ "

ပိုင်ရှောင်ချန်း၏ ရုတ်တရက် ဖွင့်ဟမှုက စုန့်ချွဲကို လုံးဝ မှင်သက်သွားစေ၏။ ပိုင်ရှောင်ချန်းက ဤသို့ ပြုမူသည်ကို ယခင်က သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

" ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ မင်းတို့ကောင်တွေအားလုံး ငါ့ကို ထားခဲ့တယ်။ ငါ ကိုယ့်အားကိုယ် ကိုးခဲ့ရတယ်။ ငါ စားသောက်ဆိုင်တစ်ဆိုင်ထောင်တယ်။ ပြီးတော့ မင်းကိုတောင် သက်တန့်ဒေသဆီ ရာထူးတိုးအောင် လုပ်ပေးခဲ့တယ်။ ငါ အဲဒီတုန်းက မင်းဆီက ဘာတောင်းဖူးလဲ “

" မဟာတံတိုင်းမှာလဲ ငါက ဆေးလုံးတွေကြောင့် စစ်ဦးစီးမှုးရာထူးရောက်ခဲ့တယ်။ အဲဒီက နတ်အဆင့်ကျင့်ကြံသူက လုံးဝငတုံးတစ်ယောက်လို့ မင်းထင်နေတာလား။ ဂိုဏ်းက အရူးတွေနဲ့ ပြည့်နေတယ်လို့ မင်းထင်လား။ သူတို့က ငါ့ကို ကြုံသလို စစ်ဦးစီးမှူးဖြစ်ခွင့်ပေးတယ်လို့ မင်းထင်လား။ မဟုတ်ဘူးကွ။ ငါ အဲဒီရာထူးကို ငါ့အောင်မြင်မှုတွေနဲ့ ရယူခဲ့ရတာ "

သူက သူ၏စကားလုံးကို အလေးအနက်ဖြစ်စေရန် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ အသံသည် တည်ကြည်လေးနက်စွာ ထွက်ပေါ်လာ၏။ စုန့်ချွဲသည် ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေသည့်တိုင် ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် မတုန်လှုပ်မိဘဲ မနေနိုင်တော့ပေ။

" မြေရိုင်းဒေသက လူဘယ်လောက်များများ ငါ့ကိုသတ်ချင်ကြလဲ မင်းကိုယ်တိုင် မြင်ခဲ့တာပဲ။ ငါ သေမင်းနဲ့ ဘယ်နှစ်ကြိမ် ရင်ဆိုင်ခဲ့ရလဲ မင်းသိလား။ မင်းမျိုးနွယ်အထက်တန်းလွှာတွေအားလုံးက ငါ့ကို သူတို့ရဲ့ ရိုးတွင်းခြင်ဆီထဲထိ မုန်းတီးနေတာကွ။ ငါ မင်းကို ကယ်ဖို့အတွက်နဲ့ ငါ့ကိုယ်ငါ ဖော်ထုတ်လုမတတ် စွန့်စားခဲ့ရတယ်"

"ဒီတော့ ငါမင်းဆံပင်ဖွတာ ဘာဖြစ်လဲ။ အဲဒါက ဘာမှားလို့လဲ။ ငါက မင်းခေါင်းကို ထိခွင့်မရှိဘူးလား။ ငါက အရည်အချင်းမမှီဘူးလား။ ငါက မင်းရဲ့ ဦးလေးတင်မကဘူး။ ငါ့မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ယောက္ခမရှိတယ်။ ငါက ငရဲဧကရာဇ်ရဲ့ ဆရာ။ ငါက မြေရိုင်းဒေသရဲ့ လျှို့ဝှက်အရှင်သခင်ပဲ။ မင်း ရာထူးအဆင့်အတန်းကို ပြောချင်လား။ ငါက ကောင်းကင်ဧကရာဇ်နဲ့ တစ်ဆင့်တည်း။ ဘယ်သူကများ ငါ့ကို အရည်အချင်းနဲ့ပတ်သက်ပြီး ပြောဆိုရဲလဲကွ "

ဤအချိန်တွင် သူက အော်ဟစ်ပြောဆိုနေတော့သည်။ စုန့်ချွဲ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး သူ၏ ရှက်ဒေါသများ ပြိုလဲလာလေပြီ။ ပိုင်ရှောင်ချန်း၏ ပြင်းပြင်းထန်ထန်ပြစ်တင်ချက်က သူ့ကို နောက်ဆုတ်သွားစေကာ သူ၏မျက်လုံးများနီလာသော်လည်း သူ၏နှလုံးသားမှာမူ မိုးခြိမ်းသံအလား တဒိန်းဒိန်းခုန်လာတော့သည်။

ပိုင်ရှောင်ချန်း စောစောက ပြောခဲ့သမျှအရာအားလုံးမှာ အမှန်ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။ ပိုင်ရှောင်ချန်းက သူ့အပေါ် မည်သည့်အကြွေးမှ မရှိသည့်တိုင် ကောင်းမွန်သောကံကြမ္မာကို ဆောင်ကြဥ်းပေးကာ ချီးမြှင့်မြှောက်စားခဲ့သည်။ သူက သူ့ကို ကြိမ်ဖန်များစွာ ကယ်တင်ခဲ့သေးသည်။ အမှန်တွင် ပိုင်ရှောင်ချန်းကြောင့်သာမဟုတ်လျှင် စုန့်ချွဲသည် သေလျှင်သေ သို့မဟုတ် အနည်းဆုံးတော့ ဆိုးရွားလှသောဒုက္ခတွင်းထဲ လူးလွန့်နေရမည် ဖြစ်သည်။

သူ၏ အမှန်တရားကို ငြင်းဆန်နေခြင်းက အများအားဖြင့် သူ၏မာနအရင်းခံက လာသည်။ သူက ပိုင်ရှောင်ချန်းကို မယှဥ်နိုင်သောကြောင့်သာ သဘောမကျခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်း နောက်ဆုံးပြောခဲ့သည့် အရည်အချင်းများနှင့် ပတ်သက်သည်မှာမူ စုန့်ချွဲ တစ်ခွန်းမှပြန်မချေပနိုင်သည့် အရာဖြစ်သည်။ သူ ရင်အစုံမှာ နိမ့်ချည်၊ မြင့်ချည်ဖြစ်လျက် မလှုပ်မယှက်သာ ရပ်နေနိုင်တော့သည်။

ပိုင်ရှောင်ချန်းသည် စုန့်ချွဲဝပ်ကျသွားသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ အမှန်တကယ်တွင် သူ့အကြောင်းကို ထုတ်ပြောရန်မှတစ်ပါး သူ ရွေးချယ်စရာမရှိခဲ့ပေ။ ထို့ပြင် ၄င်းမှာ အလုပ်ဖြစ်၍ သူ့ကိုယ်သူ အတော်လေးကျေနပ်သွားသည်။ သို့သော် သူက သူ၏မျက်နှာပေါ်တွင် သုန်မှုန်သော အမူအရာကိုသာ ဆက်ဖမ်းထားလိုက်သည်။

" မင်း ငါ့ကို သဘောကျစရာမလိုဘူး စုန့်ချွဲ။ အမှန်က မင်း ငါ့ကို နောက်တစ်ချိန်ကျရင် မြေလှန်ပစ်ရမယ့် တောင်တစ်လုံးလို့သာ တွေးလိုက်။ ငါ ပိုင်ရှောင်ချန်း မင်းကို စောင့်နေမယ်။ ဒါပေမဲ့ မင်းအရည်အချင်းတွေ လုံလုံလောက်လောက် မရှိခင် ကောင်းကောင်းနေ "

ထို့နောက် သူက အင်္ကျီလက်စကို ခမ်းနားစွာ ဝှေ့ယမ်းလိုက်သည်။ သူ့အသံသည် လေးနက်ထူးခြားစွာ သြဇာအာဏာရှိသော အသွင်ဆောင်နေပြီး အမှန်တွင် ထာဝရဧကရာဇ်လက်သီးမှ စွမ်းအင်အနည်းငယ်အား မသိမသာ ထုတ်ဖော်ထားသည်။ ထိုသည်နှင့် သူပြောခဲ့သည့် စစ်မှန်သောစကားလုံးများပေါင်းစပ်သွားသည်တွင် သူ့ကို မည်သူမဆို ကြည်ညိုလေးစားမည့် ဧကရာဇ်တစ်ပါး သို့မဟုတ် စွမ်းအားကြီးသော ဘုရင်တစ်ပါးအသွင် ထင်ဟပ်သွားစေတော့သည်။

သူ၏ ထိမိသောစကားလုံးထိုးနှက်ချက်က စုန့်ချွဲ၏ စိတ်အစဥ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေရာ သူ နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်ရတော့သည်။ သူက တဆတ်ဆတ်တုန်ရီရင်း ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် လေးစားမှုအနည်းငယ် ဖြစ်တည်လာကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

" ငါ မြေရိုင်းဒေသက ထွက်ခွာပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်သွားတော့မှာ" ပိုင်ရှောင်ချန်းက ဆက်ပြောသည်။

" ဒါကြောင့် စုန့်ချွဲ မင်း ငါနဲ့ အတူလိုက်ချင်လား။ မလိုက်ချင်လဲ ငါ မင်းကို ဖိအားမပေးဘူး "

သူက အေးတိအေးစက် နှာမှုတ်ရင်း စုန့်ချွဲထံမှ အကြည့်လွှဲလိုက်ပြီးနောက် လေထဲ တဖြည်းဖြည်း ပျံတက်သွားရင်း တုံ့ပြန်ချက်ကို စောင့်နေလိုက်သည်။

" ငါ ပြောခဲ့သမျှအားလုံး အလုပ်ဖြစ်လောက်ပါတယ် "

သူက တွေးသည်။

" အီး... ခေါင်းကိုက်လိုက်တာကွာ။ ကျင်းဝမ်လေးရေ.. ငါတို့ရဲ့ တူလေးကို ငါဘယ်လောက် ဂရုစိုက်လဲ ကြည့်စမ်းပါဦးကွာ "

သူက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း နှာခေါင်းကို ပွတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

စုန့်ချွဲမှာမူ ရောထွေးနေသောခံစားချက်များ လူးလာလှုပ်ရှားနေသည့် မျက်ဝန်းများဖြင့် မြေအောက်ကမ္ဘာမြစ်၏ ကမ်းစပ်ပေါ်တွင် မလှုပ်မယှက်ရပ်နေ၏။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်ပြီး မျက်လုံးများအား တခဏကြာပိတ်လိုက်သည်။ သူ မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ စိတ်ပိုင်းဖြတ်ထားခြင်းများဖြင့် တောက်ပနေတော့သည်။

" အနှေးနဲ့ အမြန် ငါ သူ့ကို ကျော်နိုင်ရမယ်" တကယ်ဆိုလျှင် သူ ထိုသည်အား ယုံပင်မယုံချေ။ သို့သော် သူသည် ထိုစကားများပြောလေ့ရှိခဲ့ပြီး သူ့အတွက် အထူးအဆန်းမခံစားရတော့ပေ။ သူက အေးတိအေးစက်နှာမှုတ်ရင်း လေပေါ်ပျံတက်ကာ ပိုင်ရှောင်ချန်းနောက်လိုက်လေသည်။

ပိုင်ရှောင်ချန်းက ထိုသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ နောက်တစ်ခေါက် သက်ပြင်းချလိုက်သည်။ အမှန်တွင် သူသည် စုန့်ချွဲခေါင်းကို ထိရန် လက်လှမ်းခဲ့သည်နှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်နေခဲ့ရသည်။

" ဟင်း ငါ သူ့ကို ခေါင်းထိုးပေးဖို့မှ မပြောခဲ့တာ။ သူ့ဘာသာသူ လုပ်တာလေ “

သူက ထိုစကားအား ကျယ်ကျယ်မပြောပေ။ ပြောခဲ့လျှင် စုန့်ချွဲသည် ပေါက်ကွဲလိမ့်မည်ဖြစ်ပြီး စောစောကမှ သူ့စိတ်တည်ငြိမ်သွားအောင် ပြင်းပြင်းထန်ထန်အားထုတ်ခဲ့ရသည်။

" အီး ဒီကောင် တော်တော် စိတ်ဆတ်တာပဲ "

သူက ခေါင်းကို ခါယမ်းလိုက်ရင်း စုန့်ချွဲနှင့်အတူ ပျံသန်းတော့သည်။ သူတို့နှစ်ယောက်သား မဟာတံတိုင်း၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဆုံတွေ့သည့်အရပ်သို့ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ တရိပ်ရိပ်ပျံသန်းနေလျက်ရှိသည်။ ထိုနေရာကား သူတို့ အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ဦးတည်မည့် နေရာဖြစ်သည်။ သူတို့၏ အိမ်ပြန်လမ်းမှာ..... သေမင်းနွံေတာကိုဖြတ်၍ ဆယ်သွယ်ထားခြင်းဖြစ်သည်။

သူတို့ စွမ်းဆောင်နိုင်သော အမြန်နှုန်းအရ အိမ်ပြန်ရောက်ရန် လအနည်းငယ်သာ ကြာမည် ဖြစ်သည်။

နှစ်လဟူသော အတိုင်းတာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ သူတို့သည် မြို့နှင့်တူသော အရာတစ်ခုမှ မတွေ့ပေ။ မညီမညာပျက်စီးနေသော တောင်တန်းများ၊ အုံ့မှိုင်းနေသော တောအုပ်များသာ ရှိ၏။ ဝိညာဥ်ကျင့်ကြံသူများနှင့် ရံဖန်ရံခါ လူ့ဘီလူးမျိုးနွယ်စုများအား တွေ့ရသည်။

ပိုင်ရှောင်ချန်းမှာ သူ၏အပြန်လမ်းက တိတ်ဆိတ်ငြိမ်သက်နေသည့်အပေါ် သက်ပြင်းချနေပြီ ဖြစ်သည်။ ၄င်းမှာ ဘယ်သူမှ သူ့ကို ဂရုမစိုက်သည့်အလား။

" အာ ဘာဖြစ်ဖြစ်ကွာ။ သိုသိုသိပ်သိပ်နေတာက အမြဲအကောင်းဆုံးပဲ "

သူက နောက်တစ်ဖန် သက်ပြင်းချလိုက်ရင်း ခပ်ဝေးဝေးရှိ တောင်တန်းတစ်ခုကို လှမ်းကြည့်လိုက်သည်။ သူ့မှာ ရှိသည့် မြေပုံအရဆိုလျှင် ထိုတောင်တန်းများကို ကျော်ပြီးနောက် မြေရိုင်းဒေသနယ်စပ်သို့ ရောက်သွားလေမည်။

သို့သော် သူက စုန့်ချွဲကို ထိုအရပ်မျက်နှာဘက် ဦးဆောင်ခေါ်သွားရန် ပြင်လိုက်စဥ်မှာပင် တုန့်ခနဲရပ်သွား၏။ လွန်ခဲ့သော နှစ်လတာအတောအတွင်း မျက်နှာထားအလွန်တင်းမာနေခဲ့သော စုန့်ချွဲ၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားပြီး ရုတ်တရက် တစ်နေရာထံ လှမ်းကြည့်လိုက်သည်။

ဤအချိန်တွင် အနီးနားရှိ တောင်တစ်လုံးထက်ဝယ် မိန်းမပျိုတစ်ယောက် ရပ်နေကြောင်း သူတို့နှစ်ယောက်လုံးသဘောပေါက်လိုက်သည်။ သူမတွင် ရှည်လျားသော ဆံနွယ်လေးများရှိပြီး အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ နတ်မိမယ်တစ်ပါးအလား လှပကြော့ရှင်းနေသည်။

သူမသည်ကား သခင်မလေးဟုန်ချိန်ဆိုသည့် ကျိုးကျစ်မိုကလွဲ၍ တခြားလူမဟုတ်ပေ။

All Chapters