← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း ၁၀၃ - တစ်နှစ်

တစ်နှစ်တာအချိန်ကာလ ကုန်လွန်သွားခဲ့ပြီး ဂိုဏ်းအတွင်းသို့ တပည့်သစ်အုပ်စုသစ် တစ်သုတ် ထပ်မံဝင်ရောက်လာခဲ့၏။

ချန်လော့ နှင့် သူ၏ အသုတ်မှာလည်း တဖြည်းဖြည်းနှင့် စီနီယာအစ်ကို၊ စီနီယာအစ်မများ ဖြစ်လာကြပြီ ဖြစ်သည်။ သူတို့ကို စတင်လက်ခံစဉ်ကတာဝန်ယူခဲ့သော စီနီယာအစ်ကို ဟူချိုးတောက်မှာမူ သူ၏ သုံးနှစ်သက်တမ်း ပြည့်သွားခဲ့ပြီဖြစ်ရာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ အဆင့်မတက်နိုင်ခဲ့သဖြင့် တောင်အောက်သို့ ဆင်းသွားခဲ့ရလေ၏။

လူဟောင်းများ ထွက်ခွာသွားပြီး လူသစ်များ ဝင်ရောက်လာကြသည်။

ဤသည်မှာ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ မပြောင်းလဲသော စည်းမျဉ်းဖြစ်ပြီး သံသရာကဲ့သို့ အစဉ်အမြဲ လည်ပတ်နေပေ၏။

မသေမျိုးဂိုဏ်းမှာ မူလအတိုင်းပင် ဘာမျှ မပြောင်းလဲဘဲရှိနေသော်လည်း ထူးခြားသွားသည်မှာ လူများသာ ဖြစ်သည်။

ဝူတောက်တောင်ထွတ် တွင် ယခုတစ်ခေါက် လူသစ် ၁၀ ယောက်ကျော် ရောက်လာခဲ့ရာ ချန်လော့တို့အသုတ် ဝင်စဉ်ကထက် များစွာ ပိုများနေပေသည်။ သို့သော် ကျယ်ပြောလှသော ဝူတောက်တောင်ထွတ်နှင့် နှိုင်းယှဉ်ပါက ဤအရေအတွက်မှာ နည်းပါးနေဆဲပင် ဖြစ်၏။

ပင်မတောင်ထွတ်မှာ ခြောက်ကပ်နေဆဲဖြစ်ပြီး ကူးပြောင်းကုန်သွယ်ရေး ရင်ပြင်တွင် လူအချို့ကို မြင်တွေ့ရသည်မှလွဲ၍ ကျန်နေရာများတွင် မည်သူ့ကိုမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

"စီနီယာအစ်ကို... ရတနာခန်းမ ကို ဘယ်လိုသွားရမလဲခင်ဗျာ"

ငယ်ရွယ်သောမျက်နှာနှင့် တပည့်သစ်လေးတစ်ဦးက ချန်လော့ကို ကြောက်ကြောက်လန့်လန့်ဖြင့် လမ်းမေးလိုက်၏။

ချီသန့်စင်ခြင်း ပထမအဆင့်

ထိုတပည့်သစ်လေး၏ အင်အားကို ချန်လော့ ချက်ချင်း မြင်လိုက်ရ၏။ သူ၏နောက်က နှစ်ယောက်မှာလည်းအတူတူပင်ဖြစ်ပြီး အားလုံးမှာ ချီသန့်စင်ခြင်း ပထမအဆင့်တွင်သာ ရှိကြသေးသည်။

"တည့်တည့်သွားလိုက်ပါ၊ ဘယ်ဘက်က တတိယမြောက် အဆောက်အအုံက အဲ့ဒီနေရာပဲ။"

ချန်လော့က ခပ်ရေးရေး ပြုံးကာ ပြန်ဖြေလိုက်သည်။

လွန်ခဲ့သော တစ်နှစ်က သူ တောင်ပေါ်သို့ စတင်ရောက်ရှိစဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည်။ သို့သော် သတိမထားမိလိုက်ဘဲ တစ်နှစ်တာ အချိန်ကာလအတွင်း သူသည် ဂျူနီယာညီငယ်လေးဘဝမှ စီနီယာအစ်ကိုတစ်ဦးအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။"

လမ်းမေးသော တပည့်လေးက အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်ပြီး ကျန်နှစ်ယောက်ကလည်း ထိုနည်းအတိုင်းပင် ပြုလုပ်ကြသည်။ ၎င်းတို့ သုံးဦးမှာ တောင့်တောင့်ကြီးရပ်နေကြပြီး ချန်လော့ ထွက်ခွာသွားသည်ကို မြင်ရမှသာ သက်ပြင်းရှည်ကြီးကို ချလိုက်နိုင်တော့သည်။

"ဒီစီနီယာအစ်ကိုက တော်တော် သန်မာတာပဲ။"

"ခန့်မှန်းလို့တောင် မရဘူး၊ ငါတို့ကို ဂိုဏ်းထဲ ခေါ်လာတဲ့ စီနီယာအစ်ကို တင်း ထက်တောင် ပိုပြီး အစွမ်းထက်မယ်လို့ ခံစားရတယ်။"

၎င်းတို့အုပ်စုသည် လှည့်ထွက်သွားပြီး ရတနာခန်းမဆီသို့ လျှောက်သွားကြ၏။ သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကြ၏။

နောင်တစ်ချိန်တွင် သူတို့သည်လည်း သူတို့၏ စီနီယာအစ်ကိုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး၊ သို့မဟုတ် အုတ်မြစ်တည်ဆောက်ခြင်း ၊ အမြုတေဖွဲ့စည်းခြင်း အဆင့်များအထိတစ်ဟုန်ထိုး တက်လှမ်းနိုင်ကာအများက ပြောစမှတ်ပြုရသည့် ဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေကြလေသည်။

ကူးပြောင်းကုန်သွယ်ရေး ရင်ပြင်

"စီနီယာအစ်ကို၊ အစ်ကို စစ်ဆေးခြင်း အဆောင်တွေ ဆက်ဆွဲပေးဖို့ လိုသေးတယ်နော်။"

ဟွမ်ယင်း သည် အသစ်ဆွဲထားသော အဆောင်များကို သူမ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်ရင်း ရှေ့မှ စီနီယာအစ်ကိုကို ကြည့်ကာ တွေဝေသွားမိသည်။

'စီနီယာအစ်ကိုက ထပ်ပြီး သန်မာလာပြန်ပြီ။ ကောင်းကင် ဝိညာဉ်အမြစ် ဆိုရင်တောင် ဒီလောက်ပဲ ရှိမှာ။'

ယခုအခါ သူမသည် ချန်လော့၏ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ခွဲခြား၍ မရတော့ပေ။ ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ အဆင့်တက်ပြီးနောက် သူမ၏ အနည်းငယ် မောက်မာချင်သော စိတ်နေစိတ်ထားမှာ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ရသည်။

စီနီယာအစ်ကိုနှင့် နှိုင်းယှဉ်ပါက သူမ၏ တိုးတက်မှုလေးမှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေပေသည်။

တစ်နှစ်အတွင်း ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိခြင်းမှာ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ တပည့်သစ်များအကြား မနှေးလှပေ။

အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိသော တပည့်အများစုမှာ ချီသန့်စင်ခြင်း စတုတ္ထနှင့် ပဉ္စမအဆင့်များတွင်သာ ရှိနေကြဆဲဖြစ်ပြီး ဒုတိယနှစ် ကုန်ဆုံးခါနီးမှသာ ဆဋ္ဌမအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိကြမည် ဖြစ်သည်။

ဟွမ်ယင်း၏ လျင်မြန်သော အဆင့်တက်မှုမှာ လျှို့ဝှက်နယ်မြေ အတွင်းသို့ သွားရောက်ကြသော သူမ၏ ဂိုဏ်းတူညီအစ်ကိုမောင်နှမများကြောင့် ဖြစ်လေ၏။

၎င်းတို့က အဆောင်များကို အစဉ်တစိုက် ဝယ်ယူကြသောကြောင့် သူမအတွက် ဝိညာဉ်ကျောက်တုံးများအလုံအလောက် ရရှိစေခဲ့ခြင်း ဖြစ်သည်။ ဤတစ်နှစ်တာ ကျင့်ကြံခြင်းတွင် သူမသည် ယန်ချီဆေးလုံး တစ်မျိုးတည်းကိုပင် ၁၀ လုံးကျော် သောက်သုံးခဲ့ပြီး မကြာသေးခင်ကမှ ပိုမိုမြင့်မားသော ဝိညာဉ်စုစည်းခြင်းဆေးလုံး များကို အသုံးပြုရန် စဉ်းစားနေခြင်း ဖြစ်သည်။

"ပူးတွဲတာဝန်က အခုထိ မပြီးသေးဘူးလား"

ချန်လော့ အနည်းငယ် အံ့သြသွား၏။ သူ၏ ခန့်မှန်းချက်အရ ထိုအမွေအနှစ် ရှာဖွေရေးတာဝန်မှာ လဝက်ခန့်အတွင်း ပြီးဆုံးသင့်ပေသည်။

အလယ်အလတ်အဆင့် အမွေအနှစ်တစ်ခုကို အုတ်မြစ်တည်ဆောက်ခြင်းအဆင့် အကြီးအကဲ၏ ဦးဆောင်မှုအောက်တွင် လဝက်ဆိုလျှင် အပြတ်ရှင်းပစ်ရန် လုံလောက်လှပေသည်။

"ပြန်လာတဲ့ စီနီယာအစ်ကိုတစ်ယောက် ပြောပြတာကတော့ အမွေအနှစ်ရဲ့ရှေးဟောင်းတံခါးက အတွင်းအပြင်နှစ်ထပ် ခွဲထားတယ်တဲ့။ အခု ရှာတွေ့ထားတဲ့ အပြင်ဘက်ဧရိယာအပြင် အတွင်းထဲမှာ အဓိကလျှို့ဝှက်နယ်မြေတစ်ခု ရှိနေသေးတယ်၊ ဒါပေမဲ့ အဲ့ဒီ အဓိကလျှို့ဝှက်နယ်မြေကို အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတယ်လေ။ ရှေးဟောင်း ကျင့်ကြံသူ အစီအရင်ဆရာရဲ့ အစီအရင် ချမှတ်တဲ့ နည်းစနစ်တွေက အခုခေတ်နဲ့ အများကြီး ကွဲပြားနေတော့ သွားပြီး ရှာဖွေတဲ့ဂိုဏ်းတူညီအစ်ကိုတွေက အဲ့ဒါကို လောလောဆယ် မချိုးဖျက်နိုင်ဘဲ အဲ့ဒီမှာ တန့်နေကြတာ။"

ဟွမ်ယင်း၏ သတင်းအချက်အလက်များမှာ အလွန်စုံလင်လှပြီး ဤသည်မှာ သူမ၏ စရိုက်နှင့်လည်း သက်ဆိုင်ပေသည်။ အဆောင် လာဝယ်သောတပည့်များအားလုံးမှာ သူမနှင့် စကားနည်းနည်းစီပြောဖြစ်ကြရာ လူများလာသည်နှင့်အမျှ သတင်းအချက်အလက်များမှာ စုစည်းမိသွားခြင်း ဖြစ်သည်။

"ရှင်းတိုတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် တောင် အဲ့ဒီမှာ လေ့လာနေတာ သုံးလ ရှိသွားပြီလို့ ပြောကြတယ်။"

ရှင်းတိုတောင်ထွတ်မှာ အစီအရင်ပညာရပ်ကို အဓိက ကျင့်ကြံသော နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ ပင်မတောင်ထွတ်တစ်ခု ဖြစ်သည်။

ရှင်းတိုတောင်ထွတ်၏ တပည့်ခေါင်းဆောင်၏ အစီအရင်ကျွမ်းကျင်မှုမှာ မသေးငယ်လှပေ။ သူသည် ပထမအဆင့် အစီအရင်ဆရာ တစ်ဦး ဖြစ်နိုင်၏။

သူသည်ပင် ဤမျှကြာအောင် မချိုးဖျက်နိုင်ခြင်းက ဤရှေးဟောင်းဂိုဏ်း၏ အဆင့်အတန်းမှာ မြင့်မားကြောင်းနှင့် အတွင်း၌ ကောင်းမွန်သော အရာများတကယ် ရှိနိုင်ကြောင်း သက်သေပြနေပေသည်။

"ကောင်းပြီ၊ ငါ နားလည်ပါပြီ။"

ဟွမ်ယင်းထံမှ ဝိညာဉ်ကျောက်တုံးများကို လက်ခံရယူပြီးနောက် ချန်လော့သည် နောက်ဘက်တောင် ဂူသင်္ချိုင်းသို့ မပြန်ဘဲ တောင်ခြေရှိ ဂိုဏ်းဈေးသို့ သွားခဲ့သည်။

ဆေးဆိုင်ကို ကျော်ဖြတ်ပြီးနောက် ချန်လော့သည် ဘေးကပ်လျက်ရှိသော ယွီရှို့တောင်ထွတ်က ဖွင့်ထားသည့် ဆိုင်သို့ ရောက်လာခဲ့၏။

ဆိုင်တွင် မိစ္ဆာသားရဲ သားပေါက်လေးများစွာကို ပြသထား၏။ အကယ်၍ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပါက ၁၀ နှစ်၊ နှစ် ၂၀ အတွင်း တိုက်ခိုက်ရေးစွမ်းအားများ ရှိလာမည်ဖြစ်ပြီး ကျင့်ကြံသူများအတွက် အကူအညီဖြစ်စေမည့် စစ်မှန်သော သားရဲများ ဖြစ်လာမည် ဖြစ်သည်။

"သူဌေး... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် စုံစမ်းခိုင်းထားတဲ့ ကိစ္စ ဘယ်လိုရှိလဲ"

ချန်လော့ ဝင်သွားသည်နှင့် ဆိုင်ရှင်ကို မေးလိုက်၏။

"မရှိဘူးဗျ။" ဆိုင်ရှင်ကလည်း ချန်လော့ကို မှတ်မိနေသည်။

လွန်ခဲ့သော လဝက်ခန့်ကတည်းက ဝူတောက်တောင်ထွတ်မှ ဤတပည့်လေးမှာ သူ၏ဆိုင်သို့ ရံဖန်ရံခါလာတတ်သော်လည်း တစ်ဖက်လူ၏ တောင်းဆိုချက်မှာ အလွန် မြင့်မားလွန်းလှသည်။

သူက အရွယ်ရောက်ပြီးသား သားရဲကို တန်းတောင်းနေခြင်းဖြစ်ရာ ထိုအရာကို သူက ဘယ်ကနေရာမှ သွားရှာပေးရမည်နည်း။ သူတို့ဆိုင်မှာ ယွီရှို့တောင်ထွတ်၏ လက်အောက်ခံဖြစ်သည်မှာ မှန်သော်လည်း သူတို့ ရောင်းချသည်မှာ မျိုးစပ်ထားသောသားရဲသားပေါက်များသာဖြစ်ပြီး ၎င်းတို့ကို ပထမအဆင့် သားရဲများ ဖြစ်လာအောင် ပြုစုပျိုးထောင်ရန်မှာ အချိန်နှင့် အားထုတ်မှု လိုအပ်ပေသည်။

သူသည် အချိန်မပေးချင်ဘဲ အသင့်ဖြစ်ပြီးသား ထုတ်ကုန်ကိုသာ လိုချင်နေခြင်းဖြစ်ရာ ဤသည်မှာ ဆိုင်ရှင်အနေဖြင့် ပထမဆုံးအကြိမ် ကြုံဖူးသော တောင်းဆိုချက် ဖြစ်သည်။

အရွယ်ရောက်ပြီးသား သားရဲများမှာ အရိုင်းဆန်ပြီး ယဉ်ပါးအောင် ပြုလုပ်ရန် ခက်ခဲလှ၏။ ငယ်စဉ်ကတည်းက ယဉ်ပါးအောင် မပြုလုပ်ထားပါက တိုက်ခိုက်ရေးစွမ်းအားရှိလာရန် မဖြစ်နိုင်သလို သူတို့၏ သခင်ကိုပင် ပြန်လည် ရန်မူနိုင်ပေသည်။

သူ ဤတောင်ပေါ်တွင် စီးပွားရှာလာသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း သားရဲသားပေါက်များကို ကြီးလွန်းသည်ဟု ပြောသူများကိုသာ ကြားဖူးခဲ့ပြီး ယခုကဲ့သို့ ပြောင်းပြန်လုပ်သူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

"ရောင်းဖို့ တကယ်ကို မရှိတာပါ။ အကယ်၍ အရွယ်ရောက်ပြီးသား သားရဲကို ဝယ်ချင်တယ်ဆိုရင်တော့ လေလံရုံကို သွားမှ ရလိမ့်မယ်။"

"ကျွန်တော်က အရွယ်ရောက်ပြီးသား သားရဲကိုပဲ လိုချင်တာ မဟုတ်ပါဘူး၊ သေသွားတဲ့ သားရဲတွေရဲ့ အရိုးတွေရှိရင်တောင် ရပါတယ်။"

ချန်လော့သည် လေလံရုံတွင်လည်း စုံစမ်းပြီးသား ဖြစ်သည်။ ထိုနေရာတွင် အရှင်လတ်လတ် သားရဲများရောင်းရန် ရှိသည်မှာ မှန်သော်လည်း ဈေးနှုန်းမှာ အလွန် ကြီးမြင့်လှ၏။

သူ၏ နည်းပါးလှသော ဝိညာဉ်ကျောက်တုံးများဖြင့် လုံးဝ မတတ်နိုင်ပေ။

"သေသွားတဲ့ဟာတွေကို ရဖို့ကလည်း မလွယ်ဘူးဗျ။"

ဆိုင်ရှင်မှာ တကယ်ပင် အခက်တွေ့နေရ၏။ ယွီရှို့တောင်ထွတ်တွင်ပင် အရွယ်ရောက်ပြီးသား ပထမအဆင့်သားရဲ အရေအတွက်မှာ များများစားစား မရှိဘဲ တစ်ကောင်ချင်းစီတွင် စားရင်းသွင်းနံပါတ် ရှိသည်။

တစ်ကောင် ပျောက်ဆုံးသွားပါက တာဝန်ယူရမည် ဖြစ်၏။ ချန်လော့၏ ကိစ္စအတွက် သူသည် ယွီရှို့တောင်ထွတ်မှ သူ၏ စီနီယာအစ်ကိုကို အထူးတလည် မေးမြန်းခဲ့သော်လည်း စီနီယာအစ်ကို၏ အဖြေမှာလည်း အတူတူပင်။

သားရဲများ သေဆုံးသောအခါ မြှုပ်နှံရန် မလိုဘဲ ယွီရှို့တောင်ထွတ်တွင် သားရဲဂူသင်္ချိုင်းဟူ၍ မရှိပေ။

"သားရဲတွေ သေသွားရင် ရှင်းတိုတောင်ထွတ်နဲ့ ရှန်းဟော်တောင်ထွတ် တို့ဆီကို အကုန်ရောင်းလိုက်တာပဲ။ ဆေးဘုရင်တောင်ထွတ် ကလည်း ရံဖန်ရံခါ စုဆောင်းတတ်တယ်။ ဈေးကွက်ထဲမှာ ပိုလျှံနေတဲ့ အစိတ်အပိုင်းတွေ ကျန်မှာ မဟုတ်ဘူး။"

ဤသည်မှာ သူ၏ စီနီယာအစ်ကို ပြောခဲ့သော စကားများပင် ဖြစ်၏။

"တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ခင်ဗျားရဲ့ စပေါ်ငွေကို ပြန်ပေးပါ့မယ်။" ဆိုင်ရှင်က အနီးရှိ ဗီဒိုထဲမှ ဝိညာဉ်ကျောက်တုံး ငါးတုံးကို ထုတ်ယူလိုက်သည်။

"မလိုပါဘူး၊ ဆက်ပြီးတော့ စုံစမ်းပေးပါဦး။ ရှိလာခဲ့ရင် ကျွန်တော့်အတွက် အစိတ်အပိုင်းတစ်ခုလောက် ဖယ်ထားပေးဖို့ မှတ်ထားပေးပါဦး။"

ချန်လော့ အနည်းငယ် စိတ်ပျက်သွားမိသည်။ ယွီရှို့တောင်ထွတ်မှာ ဤမျှအထိ ဆင်းရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အဆုံးတွင် သားရဲများ ရှားပါးမှုကြောင့်ပင် ဖြစ်သည်။ တစ်ကောင်တစ်လေ သေဆုံးသွားသောအခါ အစိတ်အပိုင်းများကို လုံးဝ ဖြုတ်ယူကာ ခွဲဝေယူကြခြင်း ဖြစ်သည်။

ရှင်းတိုတောင်ထွတ်က အစီအရင်အတွက် သားရဲအရိုးများကို လိုအပ်သည်၊ ရှန်းဟော်တောင်ထွတ်က လက်နက်သန့်စင်ခြင်း အတွက် သားရဲသားရေကို လိုအပ်သည်၊ ဆေးဘုရင်တောင်ထွတ်က ဆေးဝါးအတွက် သားရဲသွေးကို လိုအပ်လေ၏။

ဤမျှ နည်းပါးသော ပမာဏမှာ မည်သို့လျှင် လုံလောက်နိုင်ပါမည်နည်း။

ရှုပ်ထွေးလှသော အကျိုးအမြတ်ကွင်းဆက်ကို နားလည်သွားပြီးနောက် ချန်လော့သည် ဤပုံမှန် ဝယ်ယူရေးလမ်းကြောင်းကို လက်လျှော့လိုက်သည်။ သူကိုယ်တိုင် တောင်အောက်ဆင်း၍ အမဲလိုက်ရန် စီစဉ်လိုက်လေ၏။

လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ပြီး ရယူခြင်းက ဦးနှောက်၏ ပြည့်စုံမှုကိုလည်း အာမခံနိုင်သည် မဟုတ်ပါလော။

နောက်ဘက်တောင် ဂူသင်္ချိုင်းသို့ ပြန်ရောက်သောအခါ ချန်လော့သည် ဗီဒိုထဲမှ အဆောင် စုတ်တံကို ထုတ်ယူကာ စစ်ဆေးခြင်း အဆောင် အချို့ကို ပေါ့ပေါ့ပါးပါးပင် ဆွဲလိုက်၏။

ပူးတွဲတာဝန်မပြီးဆုံးသေးခြင်းမှာ သူ့အတွက် သတင်းကောင်း ဖြစ်သည်။ ဤသည်မှာ စစ်ဆေးခြင်းအဆောင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်း ဝိညာဉ်ကျောက်တုံးများအတွက် စိုးရိမ်စရာ မလိုတော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

အဆောင်များကို သိမ်းဆည်းပြီးနောက် ချန်လော့သည် တံခါးကိုတွန်းဖွင့်ကာ နောက်ဘက်အခန်းသို့ ဝင်သွားလေ၏။ သူသည် သင်္ချိုင်းစောင့် စီနီယာအစ်ကိုနေထိုင်ခဲ့သော အခန်းကို ပြုပြင်မွမ်းမံထားခဲ့သည်။

အရှေ့ပိုင်းကို အဆောင်ဆွဲရန် အသုံးပြုပြီး နောက်ဘက်ပိုင်းကိုမူ ဆေးဖော်စပ်ရန် အသုံးပြုလေ၏။

အတွင်းခန်းမှာ အစက်အပြောက်မရှိ သန့်ရှင်းနေပြီးဆေးဖက်ဝင်အပင်များ၊ ဆေးမီးဖို နှင့် ဝါးဖြင့် ရက်လုပ်ထားသော အခင်းတစ်ခုသာ ရှိသည်။

ချန်လော့သည် အခင်းပေါ်တွင် ထိုင်လိုက်ပြီး လက်ကို မြှောက်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

မြေပြင်ပေါ်ရှိ ဆေးမီးဖိုမှာ အလိုအလျောက် ပျံတက်သွားပြီး လေထဲတွင် ဝဲနေလေသည်။

ဝိညာဉ်မီး တောက်လောင်လာကာ ဆေးဖက်ဝင်အပင်များမှာ ဆေးမီးဖိုအတွင်းသို့ ဝင်ရောက်သွားကြ၏။

မီးထိန်းချုပ်ခြင်း၏ သက်ရောက်မှုအောက်တွင် ၎င်းတို့မှာ ဆေးရည်အဖြစ်သို့ လျင်မြန်စွာ အရည်ပျော်သွားပြီးနောက် ဆေးလုံးများအဖြစ် စုစည်းသွားလေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အဟန့်အတားမရှိချောမွေ့နေပြီး လွန်ခဲ့သော လဝက်ကထက် အဆပေါင်းများစွာ ပိုမိုကျွမ်းကျင်နေပြီ ဖြစ်သည်။

ယခုအခါ ချန်လော့ သူ၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော ဆေးလုံးများအားလုံးကို သူကိုယ်တိုင် ဖော်စပ်နေပြီ ဖြစ်သည်။ ယန်ချီဆေးလုံးများကို လဝက်ကြာအောင်ဖော်စပ်ပြီးနောက် သူ၏ ဆေးဖော်စပ်ခြင်းအဆင့်မှာ သူ၏ ပြင်ပဦးနှောက်ထဲရှိ စီနီယာအစ်ကိုများအားလုံးကို တရားဝင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ အားသာချက်များကို ပေါင်းစပ်ကာ သူကိုယ်တိုင်အတွက် ထူးခြားသော ဆေးဖော်စပ်ခြင်း နည်းစနစ်အစုအဝေးတစ်ခုကို သူ အကျဉ်းချုံး ဖန်တီးနိုင်ခဲ့၏။

ခဏအကြာတွင် ဆေးမီးဖိုမှာ မြေပြင်သို့ ဆင်းသက်လာ၏။ ဆေးမီးဖိုအဖုံး ပွင့်သွားပြီး အတွင်းမှ ဆေးလုံး ငါးလုံး ပျံထွက်လာလေသည်။

၎င်းတို့အနက် လေးလုံးမှာ တောက်ပြောင်သော အနီရောင်ရှိသည့် အဆင့်မြင့်ဆေးလုံးများ ဖြစ်ပြီး တစ်လုံးမှာမူ အနည်းငယ်အရည်အသွေး နိမ့်သော အနီရင့်ရောင်ရှိသည့် အလယ်အလတ်အဆင့် ဖြစ်သည်။

သူသည် အဆင့်မြင့်ဆေးလုံး တစ်လုံးကို ထုတ်ယူ သောက်သုံးလိုက်ပြီး ကျန်လေးလုံးကို အနီးရှိ ဘူးသီးခြောက်ဘူးထဲသို့ ထည့်လိုက်သည်။ လဝက်အတွင်း သူသည် ယန်ချီဆေးလုံး ပေါင်း ၂၀၀ နီးပါးကို ဖော်စပ်ခဲ့ပြီး ဖြစ်လေ၏။

ဤဆေးလုံးများကို သူသည် အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဟူ၍ ခွဲခြားထားသည်။ အဆင့်မြင့်ဆေးလုံးများကို သူ၏ ကိုယ်ပိုင်အသုံးပြုရန်အတွက် သိမ်းဆည်းထားပြီး အလယ်အလတ်နှင့် အဆင့်နိမ့်ဆေးလုံးများကိုမူ သူ တောင်အောက်ဆင်းသည့်အခါ လေလွင့် ကျင့်ကြံသူများကို ရောင်းချမည် ဖြစ်သည်။

တောင်ပေါ်ရှိ ဤအဆင့်နိမ့် ဆေးလုံးများကို အထင်မသေးပါနှင့်။ အပြင်ဘက်သို့သာ ချပြလိုက်ပါက ထို လေလွင့်ကျင့်ကြံသူများသည် ရူးသွပ်နေသောခွေးများကဲ့သို့ပင် လုယက်ကြလိမ့်မည်။

"ထပ်ပြီး အဆင့်တက် တော့မှာလား"

ဆေးလုံးကို ချေဖျက်ပြီးနောက် ချန်လော့သည် ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲလိုက်ရာ ချီသန့်စင်ခြင်း နဝမအဆင့်အတွက် စိတ်ကျင့်စဉ် ပေါ်လာလေသည်။

နှစ်ကြိမ်မျှ ရွတ်ဆိုပြီးနောက် ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကို ချက်ချင်း ကျော်ဖြတ်သွားလေ၏။

ချီသန့်စင်ခြင်း နဝမအဆင့်

သူ၏ ခွန်အားမှာ လွန်ခဲ့သော သုံးလကတည်းက ချီသန့်စင်ခြင်း အဋ္ဌမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အစောပိုင်းအဆင့်များတွင် ဆေးဖော်စပ်ခြင်း၊ အဆောင်ရေးဆွဲခြင်းနှင့် ကျင့်ကြံခြင်းနည်းစနစ်များ ဝယ်ယူခြင်းတို့တွင် အချိန်ကုန်ခဲ့သမျှမှာ ယခုအဆင့်တွင် အထောက်အကူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်းမှာ အဟန့်အတားမရှိ တိုးတက်လာနေပြီး အဆင့်တက်ခြင်းမှာ သူ့အတွက် စားသောက်သကဲ့သို့ပင် ရိုးရှင်းလှပေသည်။

ချန်လော့၏ လက်ရှိခွန်အားဖြင့် ဝူတောက်တောင်ထွတ်၏ အတွင်းစည်းတပည့် တစ်ဦး ဖြစ်လာရန် လုံလောက်နေပြီ ဖြစ်သည်။ သူသည် နောက်ရက်အနည်းငယ်တွင် ဆရာသခင် မသေမျိုးဆရာသခင် ဝူဝေ ထံသို့ သွားရောက်ရန် စီစဉ်ထားသည်။

ပထမဆုံးအနေဖြင့် သူ၏ အဆင့်အတန်းနှင့် ရာထူးကို မြှင့်တင်ရန်ဖြစ်ပြီး ထိုမှတစ်ဆင့် ဂိုဏ်း၏ အကျိုးခံစားခွင့်များကို ပိုမို ခံစားနိုင်မည် ဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင်

ချန်လော့သည် ပုံမှန်အတိုင်း ကူးပြောင်းကုန်သွယ်ရေး ရင်ပြင်သို့ ရောက်လာခဲ့၏။ စောလွန်း၍လား၊ သို့မဟုတ် အခြား အကြောင်းရင်းတစ်ခုခုကြောင့်လား မသိဘဲ ရင်ပြင်ပေါ်တွင် ယမန်နေ့ကထက် လူနည်းနေလေသည်။

ရံဖန်ရံခါ အရောင်းအဝယ်လာလုပ်သူ အချို့ရှိသော်လည်း အားလုံးမှာ တစ်ခုခုကို စိုးရိမ်နေသကဲ့သို့ သောကရောက်နေသော အမူအရာများ ရှိနေကြ၏။

"စီနီယာအစ်ကို... နောက်ဆုံးတော့ ရောက်လာပြီပဲ။"

ယနေ့ ဆိုင်ခင်းထားသော ဟွမ်ယင်းသည်လည်း စိတ်မပါသကဲ့သို့ဖြစ်နေပြီး ထိုင်နေရာမှ ဟိုဟိုဒီဒီ ကြည့်နေစဉ် ချန်လော့ကို မြင်သည်နှင့် အမြန်ပင် ထရပ်လိုက်၏။

"ဘာဖြစ်လို့လဲ" ချန်လော့ ရောက်လာသည်နှင့် အဆောင်များကို ထုတ်ပေးကာ မေးလိုက်သည်။

"ကိစ္စကြီးတစ်ခု ဖြစ်နေပြီ။" ဟွမ်ယင်းက တိုးတိုးလေး ပြောလိုက်၏။

"လျှို့ဝှက်နယ်မြေရဲ့အတွင်းပိုင်းက အစီအရင်ကို ရှင်းတိုတောင်ထွတ်က စီနီယာအစ်ကိုက ချိုးဖျက်လိုက်ပြီလေ။ ပြီးတော့ ရှန်းဟော်တောင်ထွတ်က ဂျူနီယာသိုင်းဦးလေး ဆုထျန်းယောင်က အထဲမှာ ပြည့်စုံတဲ့ အစီအရင်အမွေအနှစ်တစ်ခုကို ရှာတွေ့ခဲ့တယ်တဲ့။ အဲ့ဒါက တတိယအဆင့် အစီအရင်ဆရာရဲ့ အမွေအနှစ်နဲ့ ပတ်သက်နေတာ"

ဟွမ်ယင်း ပြောသော ဂျူနီယာသိုင်းဦးလေး ဆုထျန်းယောင်မှာ လွန်ခဲ့သော လဝက်က လျှို့ဝှက်နယ်မြေတွင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဝိညာဉ်ပစ္စည်းတစ်ခုကို ရရှိခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သော အပြင်စည်း ဆရာကြီး ပင် ဖြစ်သည်။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ စည်းမျဉ်းများအရ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူ၏ အဆင့်အတန်းမှာ အလိုအလျောက်မြင့်တက်သွားပြီး အကြီးအကဲတစ်ဦးကဲ့သို့ ဆက်ဆံမှုကို ခံစားခွင့်ရှိလေသည်။

တတိယအဆင့်လား

ချန်လော့၏ မျက်ခွံများ တွန့်သွားလေ၏။ ယခုအခါ သူသည် ဘာမှမသိသော လူသစ်တစ်ဦး မဟုတ်တော့ပေ။

ကျင့်ကြံခြင်းလောကတွင် ပထမအဆင့်မှာ ချီသန့်စင်ခြင်းအဆင့်၊ ဒုတိယအဆင့်မှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဖြစ်ပြီး တတိယအဆင့် အမွေအနှစ်ဆိုသည်မှာ ရွှေအမြုတေ ဘိုးဘေး တစ်ဦး၏ အသိပညာများနှင့် ပတ်သက်နေခြင်း ဖြစ်ပေသည်။

ထပ်မေးနေစရာ မလိုတော့ပေ။ ဤသတင်းကို ကြားရုံနှင့်ပင် ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ကို ချန်လော့ သိလိုက်လေ၏။

အခန်း ၁၀၄ - ဦးတည်ရာ

"အဲဒီ ဂျူနီယာသိုင်းဦးလေးဆု က အခု ဘယ်မှာလဲ။"

ချန်လော့သည် နောက်ဆက်တွဲ သက်ရောက်မှုများကို စိုးရိမ်ပူပန်နေခဲ့သည်။ ဤကိစ္စ၏ အဓိက ပဋိပက္ခမှာ ဆုထျန်းယောင်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး သူ၏ လက်ထဲရှိ တတိယအဆင့် အစီအရင်သခင်၏ အမွေအနှစ်မှာ စနက်တံတစ်ခု ဖြစ်ပေသည်။

"သူ ပျောက်သွားတယ်။"

ဟွမ်ယင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့၏။

ဤမျှကြီးမားသော ကိစ္စရပ်ကြီးကို သေချာစွာ မထိန်းချုပ်နိုင်ပါက ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်ချေ အလွန်များပြားလှသည်။

ဤသည်မှာ အကြောင်းမဲ့ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ ထိုသို့ဖြစ်လာမည့် လက္ခဏာများ ရှိနေပြီဖြစ်သောကြောင့်ပင်။

"ပျောက်သွားတယ် ဟုတ်လား။"

ချန်လော့ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဝိုးတဝါး ခံစားလိုက်ရသည်။

"သူ ပျောက်သွားတာဆိုရင် ဘာလို့ လူတိုင်းက သိနေကြတာလဲ။ ဂိုဏ်းထဲက ဘယ်သူမှ ဒါကို မဖြေရှင်းကြဘူးလား။"

"ဖုံးကွယ်ထားလို့ မရတော့ဘူးလေ။ ရှင်းတိုတောင်ထိပ်က အကြီးအကဲက လျှို့ဝှက်နယ်မြေထဲမှာကျဆုံးသွားခဲ့ပြီး ကူညီဖို့သွားတဲ့ ယွီရှို့တောင်ထိပ်က တောင်ထိပ်သခင် အကြီးအကဲခယ်လည်း ပျောက်သွားတယ်။ လျှို့ဝှက်နယ်မြေရဲ့ အစွန်အဖျားမှာ အဆိပ်ကိုးပါးတောင်ကြားက အဆိပ်ပိုးမွှားတွေနဲ့ ယန်ရှီဂိုဏ်း က သံမဏိအလောင်းကောင်တွေကို လူတချို့ တွေ့ခဲ့ကြတယ်။"

သတင်းအစနှစ်ခုမျှဖြင့်ပင် ချန်လော့သည် ၎င်းတို့၏ နောက်ကွယ်ရှိ လျှို့ဝှက်လှိုင်းဂယက်များကို ကြားသိလိုက်ရသည်။

ဤကိစ္စမှာ မျက်နှာပြင်ပေါ်တွင် မြင်ရသလောက် မရိုးရှင်းလှဘဲ ၎င်း၏ နောက်ကွယ်တွင် ပိုမိုများပြားသော အငြင်းပွားမှုများ ပါဝင်ပတ်သက်နေပေသည်။ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိ တိုက်ခိုက်ရေးအင်အားစု သုံးခု—တစ်ဦးကျဆုံးပြီး နှစ်ဦး ပျောက်ဆုံးသွားခဲ့သည်။

အကယ်၍ တတိယအဖွဲ့အစည်းတစ်ခုမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါက ဤအခြေအနေအထိ ရောက်ရှိလာရန် လုံးဝမဖြစ်နိုင်ပေ။

ဟွမ်ယင်းသည် ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီးနောက် ချန်လော့၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"အဆိပ်ကိုးပါးတောင်ကြားနဲ့ ယန်ရှီဂိုဏ်းက မဟာမိတ်ဖွဲ့လိုက်ကြပြီ။ လျှို့ဝှက်နယ်မြေထဲမှာ သေဆုံးသွားတဲ့ ရှင်းတိုတောင်ထိပ်က အကြီးအကဲက သူတို့နှစ်ဖွဲ့ ပူးပေါင်းသတ်ဖြတ်တာကို ခံလိုက်ရတာပဲ။ ယွီရှို့တောင်ထိပ်က အကြီးအကဲခယ်နဲ့ ဆုထျန်းယောင်တို့ နှစ်ယောက်စလုံးက ဂိုဏ်းကို သစ္စာဖောက်ပြီးရန်သူ့ဘက်ကို ကူးပြောင်းသွားကြပြီ။ အစစ်အမှန်အခြေအနေက အပြင်မှာ ပျံ့နှံ့နေတာထက်ဆယ်ဆလောက် ပိုပြီး အန္တရာယ်များတယ်။"

"ဒီသတင်းကို မင်း ဘယ်က ကြားလာတာလဲ။"

ချန်လော့သည် ဟွမ်ယင်းအား ကြည့်လိုက်ပြီး ဤသတင်းများကို သူမ မည်သည့်နေရာမှ ရရှိခဲ့သနည်းဟု သိချင်သွားမိသည်။

အကယ်၍ အခြေအနေမှာ ဤအတိုင်း အမှန်တကယ်ဖြစ်နေပါက သူ၏ လွတ်မြောက်ရာလမ်းကြောင်းကို စဉ်းစားရတော့မည်ဖြစ်သည်။

ထို့ပြင် ထွက်ပြေးနေစဉ်အတွင်း အသုံးဝင်သော ဦးနှောက်နှစ်ခု၊ အထူးသဖြင့် စိတ်ဓာတ်ခိုင်မာသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများ၏ ဦးနှောက်များကို ကောက်ယူရန် အခွင့်အရေး ရှိမရှိကိုလည်း သူ ကြည့်ရှုရပေမည်။

"ဒါတွေအားလုံးကို စီနီယာအစ်မ ရွှမ်းက ကျွန်မကို ပြောပြခဲ့တာ။ သူက မနေ့ညကတည်းက တောင်အောက်ကို ဆင်းသွားခဲ့ပြီ။"

ဟွမ်ယင်းက သတင်း၏ အရင်းအမြစ်ကို ထုတ်ဖော်ပြောကြားလိုက်၏။

ထိုအခါမှသာ ဟွမ်ယင်း၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံမှာ စီနီယာအစ်မရွှမ်း ဖြစ်ကြောင်းကို ချန်လော့ မှတ်မိသွားတော့သည်။

သူမသည် ထိုစီနီယာအစ်မရွှမ်းအတွက် အဆောင်များ ရောင်းချပေးခြင်းဖြင့် သူမ၏ ပထမဆုံး ရွှေအိုးကို ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။

ချန်လော့ ပထမဆုံး အဆောင်ရေးဆွဲခြင်းကို သင်ယူခဲ့စဉ်က သူအသုံးပြုခဲ့သော မိတ္တူစာအုပ်မှာလည်း ဟွမ်ယင်းမှ စီနီယာအစ်မရွှမ်းထံမှ ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဟွမ်ယင်းက သူ့ကို လိမ်လည်နေခြင်း မဟုတ်ပါက ဤသတင်းမှာ အမှန်တကယ် ဖြစ်နိုင်ချေ အလွန်များပေသည်။

စီနီယာအစ်မရွှမ်းသည် ဝူတောက်တောင်ထိပ်၏ အတွင်းစည်းတပည့်တစ်ဦးဖြစ်ပြီး အဆောင်ပညာရပ်တွင် ကျွမ်းကျင်သူဖြစ်သည်။ သူမ၏ အဆင့်အတန်းမှာ သူတို့နှင့် လုံးဝ ကွဲပြားခြားနားလှ၏။

သူမ ရရှိသော သတင်းအချက်အလက်များမှာ သဘာဝကျစွာပင် သူတို့ထက် ပိုမိုတိကျပေလိမ့်မည်။ ယခုအခါ သူမသည် ကြိုတင်၍ ထွက်ပြေးသွားခဲ့ပြီဖြစ်ရာ အခြေအနေမှာ သူတို့ ထင်မြင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေကြောင်းကို ဖော်ပြနေပေသည်။

"နတ်ရေကန် မဟာအစီရင်ကြီးထဲက နဂါးတွေကို အကြီးအကဲခယ်ကိုယ်တိုင် ပြုစုပျိုးထောင်ထားခဲ့တာလေ။အခု သူက ဂိုဏ်းနှစ်ခုဆီ ကူးပြောင်းသွားပြီဆိုတော့ အစီရင်ကြီးကို ဖျက်ဆီးဖို့ သူတို့ကို သေချာပေါက် ကူညီလိမ့်မယ်။ မဟာအစီရင်ကြီးရဲ့ အကာအကွယ် မရှိတော့ဘူးဆိုရင် စစ်ပွဲရဲ့ အတိုင်းအတာကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘဲ အဓိကတောင်ထိပ်တောင် ကျဆုံးသွားနိုင်ချေ ရှိတယ်။"

အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ နှစ်ဦး၏ သစ္စာဖောက်မှုသည် နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းအား လုံးဝအဆင်မပြေသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

ချန်လော့ နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်လာစဉ်က ကန်ရေပြင်ပေါ်ဖြတ်၍ပျံသန်းနေသော လှေတစ်စင်းအား လိုက်လံဖမ်းဆီးနေသည့် နဂါးကြီးကို မြင်တွေ့ခဲ့ရသည်ကို သူ ပြန်လည်အမှတ်ရသွားသည်။

ထိုစဉ်က သူ အလွန် အံ့အားသင့်ခဲ့ရပြီး အကြီးအကဲခယ်၏ နာမည်ကိုလည်း ထိုအချိန်က ကြားခဲ့ရခြင်းဖြစ်သည်။

"စီနီယာအစ်ကို.. ကျွန်မနဲ့အတူ တောင်အောက်ကို လိုက်ခဲ့ပါ။"

ဟွမ်ယင်းက လေးနက်စွာဖြင့် ပြောလိုက်၏။

သူမသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီး ချန်လော့အား သူမနှင့်အတူ ခေါ်ဆောင်သွားရန် ပြင်ဆင်နေခဲ့သည်။

သူမ ဂိုဏ်းသို့ ဝင်ရောက်လာချိန်မှစ၍ ယခုအချိန်အထိ ချန်လော့၏ လက်ရှိနယ်ပယ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပုံကို သူမ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ခဲ့ရသည်။

ဟွမ်ယင်း၏ အမြင်တွင် ချန်လော့၏ အလားအလာသည် ကောင်းကင်ဝိညာဉ်အမြစ် ထက် လုံးဝ နိမ့်ကျနေမည် မဟုတ်ချေ။

နောင်အနာဂတ်တွင် သူသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည့် အခွင့်အရေးကြီး ရှိနေပြီး အနာဂတ် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးအတွက် သူမ စွန့်စားရသည်မှာ တန်လှပေသည်။

"လူအများအပြားက တောင်အောက်ဆင်းရတဲ့ တာဝန်တွေအတွက် လျှောက်ထားနေကြပြီ။ စီနီယာအစ်ကိုလည်း တစ်ခုလောက် လျှောက်ထားသင့်တယ်။ ကျွန်မတို့ရဲ့ဇာတိ ရှဲ့နိုင်ငံကို အတူတူ ပြန်ကြရအောင်။ ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်တာက ထွက်ပြေးတာလို့ သတ်မှတ်မခံရပါဘူး"

ဟွမ်ယင်းက သူမ၏ အစီအစဉ်ကို ရှင်းပြလေသည်။

သူတို့သည် ဂိုဏ်းအတွင်းသို့ ရောက်ရှိနေသည်မှာ တစ်နှစ်သာရှိသေးပြီး အတွင်းစည်းတပည့်များပင် မဟုတ်ကြသေးချေ။ ထို့ကြောင့် ဂိုဏ်း၏ ဤရှုပ်ထွေးမှုများထဲတွင် သူတို့ ပါဝင်ပတ်သက်နေရန် မလိုအပ်ပေ။

"ဂိုဏ်းက ငါတို့ကို သွားခွင့်ပြုမှာ မဟုတ်ဘူး။"

ချန်လော့က ခေါင်းယမ်းလိုက်၏။

သူ ခေါင်းမာနေခြင်း မဟုတ်ဘဲ ဂိုဏ်း၏ အထက်လူကြီးများက လုံးဝ သဘောတူလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းသည် တပည့်များစွာကို ပြုစုပျိုးထောင်ပေးခဲ့ရာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလုနီးအချိန်တွင် ထိုသူများကို ထွက်ခွာခွင့်ပြုရန်ဆိုသည်မှာ မဖြစ်နိုင်သောအရာပင်။

အထူးသဖြင့် အတွင်းစည်းတပည့်များ ဖြစ်သည်။ ဟွမ်ယင်းပြောသော စီနီယာအစ်မရွှမ်းတွင် အဆက်အသွယ်အချို့ ရှိနေနိုင်သဖြင့် ဟာကွက်တစ်ခုကို အသုံးချနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ကျန်ရှိသော လူများအတွက်မူ ပြောရန် ခက်ခဲလှပေ၏။

အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ဂိုဏ်းသည် အစောင့်ချခြင်းတာဝန်များကိုပင် ပယ်ဖျက်ကာ ပြင်ပအင်အားစုများကို စွန့်လွှတ်ပြီး သူတို့၏ စစ်ကြောင်းများကို အပြည့်အဝ ပြန်လည်ဆုတ်ခွာနိုင်ပေသည်။

နောက်ထပ် အကြောင်းအရင်း တစ်ခုလည်း ရှိနေသေး၏။

၎င်းမှာ ယခုအချိန်အထိ နတ်ဘုရားရေကန်မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်မှာ မည်သည့်လှုပ်ရှားမှုမျှ မပြသေးခြင်းပင်။

ထိုပုဂ္ဂိုလ် ရှိနေသရွေ့ မသေမျိုးဂိုဏ်းမှာ ပျက်သုဉ်းသွားမည် မဟုတ်ချေ။

ကျင့်ကြံခြင်းလောက၏ စစ်ပွဲများသည် သာမန်လူသားများ၏ စစ်ပွဲများနှင့် မတူညီဘဲ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားစုများကသာ အောင်ပွဲကို ဆုံးဖြတ်ပေးမည့် သော့ချက်များ ဖြစ်သည်။

နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းသည် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ခြင်းမှာလည်း ဂိုဏ်းအတွင်း အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ ဘယ်သောအခါမှ မပြတ်လပ်ခဲ့ခြင်းကြောင့် ပင်ဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်း ဘိုးဘေးကြီး ရှိနေသရွေ့ ဂိုဏ်းသည် ပျက်စီးသွားမည် မဟုတ်ပေ။

"စီနီယာအစ်ကိုက ဂိုဏ်းချုပ်ကြီးအကြောင်း စဉ်းစားနေတာလား။"

ချန်လော့ ဘာစဉ်းစားနေသည်ကို ဟွမ်ယင်းက သိနေပုံရ၏။

ချန်လော့ တွေးတောနိုင်သောအရာများကို သဘာဝကျစွာပင် သူမလည်း တွေးတောမိပြီး ဖြစ်သည်။

နတ်ဘုရားရေကန်မသေမျိုးဂိုဏ်း တစ်ခုလုံးတွင် အထက်မှအောက်အထိ ထိုအတွေးမျိုးကိုသာ ကိုင်စွဲထားကြသည်ဟု ဆိုနိုင်ပေသည်။

"ဂိုဏ်းချုပ်ကြီးရဲ့သက်တမ်းက ကုန်ဆုံးခါနီးနေပြီ။ သူ မျက်နှာမပြတာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ရှိနေပြီ။ ဒီသတင်းကိုလည်း စီနီယာအစ်မရွှမ်းက ကျွန်မကို ပြောပြခဲ့တာပဲ။"

ဟွမ်ယင်းက တိုးလျစွာ ပြောလိုက်၏။ ဂိုဏ်းချုပ်တွင် ပြဿနာ ရှိနေသည်လော။

ချန်လော့ ရုတ်တရက် နားလည်သွား၏။

အဆိပ်ကိုးပါးတောင်ကြားနှင့် ယန်ရှီဂိုဏ်းတို့ထံမှ စူးစမ်းမှုများ ပိုမိုသိသာထင်ရှားလာခြင်းမှာ မဆန်းတော့ချေ။

ပြီးခဲ့သည့်တစ်ခေါက် ပူးပေါင်းတာဝန်တစ်ခု ယူခဲ့စဉ်က ဂိုဏ်းနှစ်ခု၏ စူးစမ်းမှုများနှင့် သူ ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က အထက်လူကြီးများ မည်သို့ ဖြေရှင်းခဲ့သည်ကို သူ သေချာမသိသော်လည်း ထိုအရာက ဂိုဏ်းနှစ်ခုအား အားနည်းချက်တစ်ခုကို ရှင်းလင်းစွာခံစားသွားရစေပြီး ယခုကဲ့သို့ လှုပ်ရှားမှုဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။

ဟွမ်ယင်း၏ သတင်းစကားကြောင့် ချန်လော့သည် ဂိုဏ်းမှ ထွက်ခွာရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။

ဂိုဏ်းအဆင့် စစ်ပွဲတစ်ခုသည် သူ့အတွက် အန္တရာယ်များလွန်းနေဆဲဖြစ်သည်။ အကယ်၍ အဆင့်မြင့် ကျင့်ကြံသူများ၏ တိုက်ပွဲနောက်ဆက်တွဲဂယက်တွင် သူ မတော်တဆ ပါသွားခဲ့ပါက သေဆုံးသွားနိုင်ပေသည်။

"ငါ နားလည်ပြီ။"

ချန်လော့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။

"ကျွန်မ ဒီည ထွက်သွားတော့မယ်။ စီနီယာအစ်မရွှမ်းကို ကူညီဖို့အတွက် ဂိုဏ်းအစောင့်ချခြင်း တာဝန်ကိုလည်း ကျွန်မ လက်ခံထားပြီးပြီ။အကယ်၍ စီနီယာအစ်ကိုက တာဝန်တစ်ခု မရခဲ့ရင် အပြာရောင်မိုးမျှော်စင်မှာ ကျွန်မကို လာရှာပါ။ ကျွန်မအဲဒီထဲမှာ စီနီယာအစ်ကို့ နာမည်ကို ထည့်ပေးပြီး ကျွန်မတို့ အတူတူ ထွက်သွားကြတာပေါ့။"

ဟွမ်ယင်းသည် သူမ၏ ဈေးဆိုင်ကို သိမ်းဆည်းကာ မတ်တတ်ရပ်လိုက်၏။ သူမသည် ချန်လော့အား စောင့်ဆိုင်းရန် ဤနေရာသို့ အထူးတလည် လာရောက်ခဲ့ခြင်းဖြစ်သည်။

ယခု သတင်းစကား ပါးပြီးပြီဖြစ်ရာ သူမ၏ ကိုယ်ပိုင်ထွက်ခွာမှုအတွက်လည်း ပြင်ဆင်ရမည်ဖြစ်သည်။

ကူးပြောင်းကုန်သွယ်ရေးရင်ပြင်မှ ထွက်ခွာပြီးနောက် ချန်လော့သည် သူ၏ မသေမျိုးဆရာသခင် ဝူဝေ ကျင့်ကြံရာ ပင်မခန်းမဆီသို့ သွားရောက်ခဲ့သည်။

ဝူတောက်တောင်ထိပ်ပေါ်တွင် အတိကျဆုံးသော သတင်းအချက်အလက်များကို ပိုင်ဆိုင်ထားသူ တစ်ဦးတစ်ယောက် ရှိနေပါက ၎င်းမှာ သေချာပေါက် အုတ်မြစ်တည်ဆောက်ခြင်း မသေမျိုးကျင့်ကြံသူဖြစ်သော မသေမျိုးဆရာသခင်သာ ဖြစ်ပေလိမ့်မည်။

"အိုး.. ဂျူနီယာမောင်းလေးရဲ့ကျင့်ကြံခြင်းက ထပ်ပြီး အဆင့်တက်သွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ ဒါက တကယ်ကို ဂုဏ်ပြုရမယ့် ကိစ္စပဲ။"

ပင်မခန်းမ အပေါက်ဝသို့ ရောက်ရှိသောအခါ ချန်လော့သည် မမျှော်လင့်ထားသူ တစ်ဦးနှင့် ဆုံတွေ့လိုက်ရသည်။ ထိုသူမှာ ဝူတောက်တောင်ထိပ်၏ ခေါင်းဆောင်တပည့် ပိုင်ရှီ ပင်ဖြစ်သည်။

ဤအမျိုးသမီးသည် သူ နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်ကအတိုင်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူမ၏ လက်မောင်းပေါ်ရှိ ငွေရောင်ခေါင်းလောင်းလေးများမှ သာယာနာပျော်ဖွယ်ကောင်းသော အသံလေးများကို ထွက်ပေါ်စေလျက်ရှိ၏။

"ဂါရဝပြုပါတယ် စီနီယာအစ်မပိုင်ရှီ။"

ချန်လော့ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

ဤအမျိုးသမီးသည် အလွန် အန္တရာယ်များလှ၏။

ဖန်ရှန်း နှင့်အတူ သူ လာရောက်ခဲ့စဉ်က ၎င်းကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ထိုစဉ်က သူတို့နှစ်ဦးစလုံးသည် ဤစီနီယာအစ်မ အုတ်မြစ်တည်ဆောက်ခြင်းအတွက် ပြင်ဆင်ရန် ပြန်လာခဲ့သည်ဟု ထင်မှတ်ခဲ့ကြ၏။ ယခုမူ အခြားတစ်ခုခု ရှိနေပုံရပေသည်။

သူမထံမှ အငွေ့အသက်မှာ ချီသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။

နှစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ သူမ အုတ်မြစ်တည်ဆောက်ခြင်း ကျရှုံးခဲ့သလား၊ သို့မဟုတ် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသလားဟု သူ တွေးတောနေမိသည်။

"ဂျူနီယာမောင်လေးက ကျွန်မကို အရမ်း ကြောက်နေပုံရတယ်နော်။"

ပိုင်ရှီသည် ချန်လော့အနီးသို့ ရုတ်တရက် လျှောက်လာပြီး သူ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်၏။

နွေးထွေးသော အသက်ရှူငွေ့များက သူ၏ နားကို ယားယံသွားစေပြီး သူ၏ သူငယ်အိမ်များ အနည်းငယ်ကျုံ့ဝင်သွားကာ အလိုအလျောက်ပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။

ဤအမျိုးသမီး ခုနက မည်သို့ ဤမျှနီးကပ်စွာ ရောက်လာသည်ကို သူ မမြင်လိုက်ရချေ။

"ဝင်သွားလိုက်ပါ။ တစ်နေ့ကျရင် ငါတို့ ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ် ဂျူနီယာမောင်လေး။"

ပိုင်ရှီက ပေါ့ပါးစွာ ရယ်မောလိုက်ပြီး သူမ၏ ပုံရိပ်မှာ လေညင်းလေးတစ်ဖြူးကဲ့သို့ လွင့်ပျံသွားတော့သည်။ မျက်နှာကာအဖြူရောင်စတစ်ခု သူ၏ မျက်လုံးရှေ့မှ ဖြတ်သန်းလွင့်မျောသွားပြီး ထိုအစလေးပျောက်ကွယ်သွားသောအခါ သူမ၏ ပုံရိပ်လည်း ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှီ ပျောက်ကွယ်သွားသော ဦးတည်ရာသို့ ကြည့်ရင်း ချန်လော့ ခဏမျှရပ်တန့်နေမိသည်။

ဤစီနီယာအစ်မသည် သူ့ကို အလွန် စိတ်ဝင်စားနေပုံရလေ၏။

'သူမရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါ့ကို လာမပတ်သက်သရွေ့တော့ အဆင်ပြေပါတယ်။'

သူ တံခါးကို တွန်းဖွင့်လိုက်သည်။

ချန်လော့ အတွင်းခန်းမဆီသို့ လှမ်းကြည့်လိုက်၏။

ဆရာဖြစ်သူ မသေမျိုးဆရာသခင် ဝူဝေသည် ခန်းမထဲတွင် ထိုင်နေဆဲဖြစ်ပြီး မြင်ကွင်းမှာ သူ တောင်ပေါ်သို့ ပထမဆုံးအကြိမ် ရောက်လာစဉ်က မြင်တွေ့ခဲ့ရသည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။

ကွာခြားချက်မှာ ဤတစ်ကြိမ်တွင် နံရံပတ်လည်ရှိ ပန်းချီကားများ၏ ထက်ဝက်ကျော်မှာ ပျောက်ဆုံးနေပြီးနံရံဘေးတွင် ပြန့်ကျဲနေသော အနည်းငယ်မျှသာ ချိတ်ဆွဲထားခြင်း ဖြစ်သည်။

မသေမျိုးဆရာသခင် ဝူဝေ သည်လည်း ကျင့်ကြံနေခြင်း မဟုတ်ဘဲ ထိုနေရာတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေလေသည်။

"ဆရာ။"

ချန်လော့က အရိုအသေပေးကာ နှုတ်ဆက်လိုက်၏။

မသေမျိုးဆရာသခင် ဝူဝေ သည် လက်ထဲရှိ စာအုပ်ကို ချထားလိုက်ပြီး ချန်လော့အား အကဲခတ်လိုက်၏။

ချန်လော့၏ ချီသန့်စင်ခြင်း နဝမအဆင့် စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင်ပင် အံ့သြမှုအရိပ်အယောင်တစ်ခု ပေါ်လွင်သွားခဲ့သည်။

တစ်နှစ်အတွင်း ချီသန့်စင်ခြင်း နဝမအဆင့်သို့ ရောက်ရှိလာခြင်းဆိုသည့် ဤကျင့်ကြံခြင်းအမြန်နှုန်းမှာ ကောင်းကင်ဝိညာဉ်အမြစ်၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

'နှမြောစရာပဲ။'

မသေမျိုးဆရာသခင် ဝူဝေ ၏ မျက်လုံးများထဲတွင် နောင်တရမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"မင်းနာမည်က ချန်လော့လို့ ငါမှတ်မိတယ်။ ဟုတ်လား။"

"ဟုတ်ကဲ့ပါ။"

"မင်းလည်း တောင်အောက်ဆင်းပြီး အစောင့်ချရမယ့် တာဝန်တစ်ခုကို ယူချင်နေတာလား။"

မသေမျိုးဆရာသခင် ဝူဝေ သည် စာအုပ်ကို ဘေးသို့ချထားလိုက်ပြီး သူ၏ အကြည့်များက ချန်လော့ထံကျရောက်သွားကာ သူ့ကို စေ့စေ့စပ်စပ် အကဲခတ်နေသည့်အလား ကြည့်လိုက်သည်။

ချန်လော့သည် မသေမျိုးဆရာသခင် ဝူဝေ ဤမျှ တိုက်ရိုက်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း တစ်ဖက်လူက မေးလာပြီဖြစ်ရာ အမှန်တကယ် သတင်းအချက်အလက်အချို့ကို စုံစမ်းရန် ဤအခွင့်အရေးကို သူ အသုံးချလိုက်သည်။

"တပည့် ကြားရတာက..."

"အားလုံးက အမှန်တွေချည်းပဲ။"

မသေမျိုးဆရာသခင် ဝူဝေ က ချန်လော့၏ မေးခွန်းကို ဖြတ်ပြောလိုက်၏။

"အပြင်က ကောလာဟလတွေ အားလုံးက အမှန်တွေပဲ။ ဆုထျန်းယောင်နဲ့ ခယ်ကျိုးရှဲ့ တို့က ဂိုဏ်းကိုသစ္စာဖောက်သွားကြပြီ။ ထျန်းမင်တောင်ထိပ် ရဲ့ တောင်ထိပ်သခင်နဲ့ ထျန်းလုတောင်ထိပ်ရဲ့ တောင်ထိပ်သခင်တွေလည်း ဂိုဏ်းကနေ ထွက်သွားကြပြီဆိုတာကို ငါ မင်းကို ပြောပြနိုင်တယ်။ကျန်ခဲ့တဲ့ ငါတို့ ခုနစ်ယောက်ထဲမှာရော ဂိုဏ်းအပေါ် ဘယ်နှစ်ယောက်က အမှန်တကယ် သစ္စာရှိကြသလဲဆိုတာကို ပြောဖို့ခက်တယ်။"

ဤစကားများကြောင့် ချန်လော့မှာ ဆွံ့အသွားခဲ့၏။

နတ်ဘုရားရေကန်မသေမျိုးဂိုဏ်း၏ အခြေအနေမှာ ဤမျှဆိုးရွားနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ဟွမ်ယင်း၏ စီနီယာအစ်မရွှမ်း ဘာစကားတစ်ခွန်းမျှ မပြောဘဲ ထွက်ပြေးသွားခြင်းမှာ မဆန်းတော့ချေ။

အခြားတစ်ဖက်တွင် မသေမျိုးဆရာသခင် ဝူဝေ မှာမူ အလွန် ဖြောင့်မတ်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ဂိုဏ်း၏ အစစ်အမှန် အခြေအနေကို ချန်လော့အား တိုက်ရိုက် ပြောပြနေလေသည်။

"ဘိုးဘေးကြီးက ဂိုဏ်းကို ပထမဆုံးတည်ထောင်ခဲ့တုန်းက အရာရာတိုင်းထက် အကျိုးအမြတ်ကို ပိုပြီး အလေးပေးခဲ့တယ်။ ဂိုဏ်းတွင်းက အရာအားလုံးကို ဝိညာဉ်ကျောက်တုံးတွေနဲ့ တိုင်းတာလို့ရတယ်။ ဒီစနစ်က နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းကို အရင်းအမြစ်တွေ လျင်မြန်စွာ စုဆောင်းနိုင်စေပြီး အားနည်းတဲ့အခြေအနေကနေ အောင်မြင်စွာတက်လှမ်းနိုင်စေခဲ့ပေမဲ့ အရမ်းကြီးမားတဲ့ လျှို့ဝှက်အန္တရာယ်တစ်ခုကိုလည်း ချန်ရစ်ထားခဲ့တယ်။"

"ငါတို့ လူတွေမှာ ဂိုဏ်းအပေါ် သံယောဇဉ် သိပ်မရှိကြဘူး။ ဂိုဏ်း အင်အားကြီးမားနေချိန်မှာ ငါတို့က အရင်းအမြစ်တွေကို ခံစားဖို့ သူ့ပတ်လည်မှာ စုဝေးနေကြတယ်။ အကယ်လို့ ဂိုဏ်းသာ ကျဆင်းသွားရင်တော့ ငါတို့က သူနဲ့အတူ သေဖို့ လိုက်ပါသွားမှာ မဟုတ်ဘူး။"

"အရာရာတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်တွေ ရှိတယ်။ အားလုံးက မင်းရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်။"

စကားပြောပြီးနောက် မသေမျိုးဆရာသခင် ဝူဝေက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဘေးနံရံရှိ ပန်းချီကားတစ်ချပ်မှာ အလိုအလျောက် လိပ်တက်သွားပြီး သူ၏ လက်ထဲသို့ ကျဆင်းလာသည်ကို ချန်လော့ မြင်လိုက်ရ၏။

"ဒီအကြောင်းတွေ အားလုံးကို ပြောနေတာက အလကားစကားစမြည် ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ အကူအညီကို တောင်းချင်တဲ့ ကိစ္စတစ်ခု ငါ့မှာ ရှိနေလို့ပဲ။"

"ဆရာ ပြောပါ။ တပည့် လုပ်နိုင်သရွေ့တော့ တပည့်ငြင်းဆန်မှာ မဟုတ်ပါဘူး။"

ချန်လော့ လျင်မြန်စွာ ပြန်လည်ဖြေကြားလိုက်၏။ အုတ်မြစ်တည်ဆောက်ခြင်း မသေမျိုးကျင့်ကြံသူဖြစ်သော မသေမျိုးဆရာသခင် ဝူဝေ သည် ချီသန့်စင်ခြင်း တပည့်တစ်ဦးဖြစ်သော သူ့ထံမှ မည်သည့်အရာကို အကူအညီတောင်းရန် လိုအပ်နေမည်ကို သူ မသိချေ။

All Chapters