အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း ၁၀၅ - တောင်အောက်ဆင်းခြင်း
"မင်းရဲ့ပါရမီက ငါမျှော်လင့်ထားတာထက်တောင် ပိုကောင်းနေသေးတယ်။ မင်းဆီမှာအလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပဲ ရှိတာမဟုတ်ဖို့ များတယ်။ မင်းဆီမှာ ဖုံးကွယ်နေတဲ့ အထူးခန္ဓာကိုယ် တစ်ခုခု ရှိနေနိုင်တယ်လို့ ငါ သံသယရှိတယ်။ အထူးခန္ဓာကိုယ် ရှိတဲ့သူတွေက နောင်တချိန် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းတဲ့အခါ ပြဿနာရှိမှာ မဟုတ်ဘူး။"
ချန်လော့သည် စကားမပြောခဲ့ပေ။
သူ၏ထံတွင် ဖုံးကွယ်နေသော အထူးခန္ဓာကိုယ်မရှိဘဲ ဖုံးကွယ်နေသော ဦးနှောက်မြောက်မြားစွာသာ ရှိနေခြင်းဖြစ်သည်။
သို့သော်လည်း ဤအရာမှာ ရှင်းပြရန် ခက်ခဲလှသဖြင့် ဖုံးကွယ်နေသော အထူးခန္ဓာကိုယ်ဟုသာ မှတ်ယူထားစေရန် သူ လွှတ်ထားလိုက်တော့သည်။
"ရှဲ့နိုင်ငံက ပေ့ကျန်းရွာမှာရှိတဲ့ ချီလို့ခေါ်တဲ့ မိသားစုဆီ ဒီပန်းချီကားလေးပို့ပေးဖို့ မင်း ငါ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်လို့ ဒီချီမိသားစုမှာ ဝိညာဉ်အမြစ်ပါတဲ့ မျိုးဆက်ရှိရင် သူ့ကို မင်းရဲ့တပည့်အဖြစ် လက်ခံပြီး တာအိုလမ်းစဉ်ပေါ် ရောက်အောင် လမ်းညွှန်ပေးရမယ်။မရှိဘူးဆိုရင်တော့ ကံကြမ္မာအကျိုးဆက် ကုန်ဆုံးသွားပြီမို့ မင်းဘာသာ ထွက်သွားလို့ရပါပြီ။"
မသေမျိုးဆရာသခင် ဝူဝေ သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပန်းချီကားလိပ်လေးသည် ချန်လော့၏ လက်ထဲသို့ ညင်သာစွာ လွင့်မျောသွားလေ၏။
"ဒီပန်းချီကားထဲမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ငါ့ရဲ့ ထိုးထွင်းသိမြင်မှုတွေ ပါဝင်တယ်။ မင်းရဲ့ ကူညီမှုအတွက်ကြိုတင်ပေးချေမှုတစ်ခုလို့ သဘောထားလိုက်ပါ။"
ချန်လော့သည် ပန်းချီကားလိပ်ကို ယူလိုက်ပြီး ၎င်း၏ ထူးခြားသော သဘာဝကို ချက်ချင်း ခံစားလိုက်ရ၏။
ကျင့်ကြံခြင်းအခန်းထဲမှ ပန်းချီကားများစွာ အဘယ်ကြောင့် ပျောက်ဆုံးနေရသနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။
မသေမျိုးဆရာသခင် ဝူဝေ သည် ၎င်းတို့ကို ပေးကမ်းလိုက်ခြင်းသာ ဖြစ်ပေသည်။
စောစောက ထွက်သွားသော ပိုင်ရှီသည်ရော တစ်ချပ်ရရှိခဲ့သလား ဆိုသည်ကိုသာ သူ မသိခြင်းဖြစ်သည်။
အကယ်၍ သူမ ရရှိခဲ့ပါက မသေမျိုးဆရာသခင် ဝူဝေ သည် သူမအား မည်သည့်တာဝန်ကို အပ်နှင်းခဲ့သနည်း။
"မင်း ဒီနေ့ပဲ ထွက်သွားသင့်တယ်။ မင်းအတွက် တာဝန်ကို ငါ စီစဉ်ပေးပြီးပြီ။"
ပန်းချီကားလိပ်ကို ပေးကမ်းပြီးနောက် မသေမျိုးဆရာသခင် ဝူဝေ သည် ကံကြမ္မာအကျိုးဆက်တစ်ခုကို ဖြေရှင်းလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ တစ်ကိုယ်လုံး ပိုမိုပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
"ဂိုဏ်းက ဘေးအန္တရာယ်နဲ့ ကြုံရမယ်ဆိုတာ သေချာပေါက် မဟုတ်သေးပါဘူး။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ပြီးနောက်မှာ ဂိုဏ်းချုပ်ကြီးဆီမှာ ငါမသိတဲ့ဝှက်ဖဲချပ်တွေ ရှိနေဦးမှာ သေချာတယ်။ အကယ်လို့ ငါတို့ ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်ခဲ့ရင် အဲဒီအချိန်ကျမှ မင်း ပြန်လာခဲ့ပါ။ မင်းကို အတွင်းစည်းတပည့်အဖြစ် ငါ လက်ခံပေးမယ်။"
"ဆရာ.. ဆရာက မထွက်သွားဘူးလား။"
ချန်လော့သည် ပန်းချီကားလိပ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး မသေမျိုးဆရာသခင် ဝူဝေ အား တစ်ချက်ကြည့်ကာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ဂိုဏ်းနှင့် သူ၏ကြားတွင် မည်သည့် သံယောဇဉ်မျှ မရှိကြောင်းကို ယခင်က သူ အလွန်ရှင်းလင်းစွာ ပြောဆိုထားခဲ့သည်။
ယခု သူ၏တပည့်ကို ထွက်ခွာခွင့်ပြုနေစဉ်တွင် သူကိုယ်တိုင်က အဘယ်ကြောင့် မထွက်ခွာရသနည်း။ အကယ်၍ ထျန်းမင်တောင်ထိပ်နှင့် ထျန်းလုတောင်ထိပ်တို့မှ တောင်ထိပ်သခင်များ ထွက်ခွာနိုင်ပါက ဝူတောက်တောင်ထိပ်၏ တောင်ထိပ်သခင် မထွက်ခွာနိုင်ရန် အကြောင်းပြချက် မရှိပေ။
ဤစကားကို ကြားသောအခါ မသေမျိုးဆရာသခင် ဝူဝေ က ပြုံးလိုက်လေ၏။
"ငါက ဂိုဏ်းအပေါ်မှာ သံယောဇဉ် မရှိတာ အမှန်ပါပဲ၊ ဒါပေမဲ့ ဝူတောက်တောင်ထိပ်က ငါ့ဆရာ ချန်ရစ်ခဲ့တဲ့ နေရာလေ။ ကျင့်ကြံခြင်း ဘဝတစ်လျှောက်မှာ လူတစ်ယောက် ဂရုစိုက်ရတဲ့ အရာတွေက အမြဲတမ်း ရှိနေတတ်တာပဲ။"
ဤစကားကို ကြားသောအခါ ချန်လော့မှာ တိတ်ဆိတ်သွားခဲ့၏။
သူသည် မသေမျိုးဆရာသခင် ဝူဝေ အား အရိုအသေပေးလိုက်ပြီးနောက် နောက်ဆုတ်ထွက်ခွာလာခဲ့သည်။
တဖြည်းဖြည်း ပိတ်သွားသော ပင်မခန်းမတံခါးကြီးအား ကြည့်ရင်း ချန်လော့၏ စိတ်ခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးနေခဲ့၏။
မသေမျိုးဆရာသခင် ဝူဝေ သည် အရည်အချင်းပြည့်မီသော ဆရာတစ်ဦး မဟုတ်သော်လည်း သူသည် အသွေးအသားနှင့် ဖွဲ့စည်းထားသော လူသားတစ်ဦး ဖြစ်သည်။
သူ၏ ကိုယ်ပိုင် ယုံကြည်ချက်များနှင့် သူ ဂရုစိုက်သော အရာများ ရှိပေသည်။
ဤအရာများသည် သူ၏ အသက်ထက်ပင် ပို၍ အရေးကြီးနေပေ၏။
ပင်မခန်းမမှ ထွက်ခွာလာပြီးနောက် ချန်လော့သည် တောင်နောက်ဘက်ရှိ သင်္ချိုင်းမြေဆီသို့ ပြန်သွားခဲ့သည်။
သူသည် ဆေးမီးဖိုနှင့် ဆေးဖော်စပ်ရာ အခန်းထဲမှ ပစ္စည်းအချို့ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အဆောင်ရေးဆွဲရန်အတွက် ပစ္စည်းအချို့ကိုလည်း ယူဆောင်လိုက်သည်။
ထိုမျှဖြင့် သူ၏ ပစ္စည်းသိမ်းဆည်းခြင်းမှာ ပြီးစီးသွားခဲ့ပြီဖြစ်သည်။
"စီနီယာအစ်ကိုတို့.. ရေစက်ရှိရင် ငါတို့ ပြန်ဆုံကြသေးတာပေါ့။"
သင်္ချိုင်းမြေထဲတွင် ရပ်နေစဉ် ချန်လော့သည် သူ၏ ပတ်လည်ရှိ သင်္ချိုင်းဂူများအား တစ်ချက်ကြည့်ကာ တိတ်တဆိတ် နှုတ်ဆက်လိုက်၏။
သူသည် နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ရလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း တစ်နှစ်သာကြာပြီးနောက် တစ်ဖန် ပြန်လည်ထွက်ခွာရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
မသေမျိုးဂိုဏ်း၏ လျှို့ဝှက်အန္တရာယ်များသည် အမှန်တကယ်တွင် အချိန်ကြာမြင့်စွာကတည်းက အမြစ်တွယ်နေခဲ့ခြင်းဖြစ်သည်။ ကိုယ်ကျိုးစီးပွား၏ လွှမ်းမိုးမှုအောက်တွင် အထက်ပိုင်းရှိ လူများက ၎င်းတို့ကို ရွေးချယ်ကာ လျစ်လျူရှုထားခဲ့ခြင်းသာ ဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်း ဘိုးဘေးကြီး ရှိနေသဖြင့် မည်သည့်အရာမျှ မှားယွင်းသွားမည် မဟုတ်ဟုလည်း သူတို့ ထင်ကောင်းထင်နေကြပေလိမ့်မည်။
အရာရာတိုင်းသည် ဤသို့ပင် ဖြစ်လာလေ့ရှိ၏။ လျစ်လျူရှုခြင်း၏ အကျိုးဆက်များမှာ မည်မျှ ဆိုးရွားနိုင်ကြောင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်မှသာ လူတို့ နားလည်သဘောပေါက်ကြခြင်းဖြစ်သည်။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် ချန်လော့သည် တာဝန်ပေးအပ်ရာ ခန်းမသို့ သွားရောက်ကာ ပြင်ပအစောင့်ချခြင်း တာဝန်တစ်ခုကို လက်ခံလိုက်၏။
ပုံမှန်အားဖြင့် တာဝန်များကို ထုတ်ပေးလေ့ရှိသော စီနီယာအစ်ကိုဟွမ်မှာလည်း မရှိတော့ချေ။ သူသည် ပြီးခဲ့သည့်နှစ်ကတည်းက တောင်အောက်သို့ ဆင်းသွားခဲ့သလား သို့မဟုတ် သူ့ကဲ့သို့ပင် တောင်အောက်ဆင်းရမည့် တာဝန်တစ်ခုကို လက်ခံသွားသလား ဆိုသည်ကို သူ မသိချေ။
တာဝန်အမှတ်အသား တိုကင်ပြားကို ကိုင်ဆောင်လျက် ချန်လော့သည် အပြာရောင်းမိုး မျှော်စင်သို့ ဦးစွာ သွားရောက်ခဲ့သည်။
ဟွမ်ယင်းသည် သူ၏ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေဆဲဖြစ်ရာ သူမ၏ အချိန်များကို သူ အလဟဿ မဖြစ်စေနိုင်ပေ။ သူ လုပ်ဆောင်ရမည့် ကိစ္စအချို့ ရှိနေသေးသဖြင့် သူမနှင့်အတူ မထွက်ခွာနိုင်ချေ။
ထို့ပြင် သူသည် ရှဲ့နိုင်ငံ၏ မူလဇာတိခံတစ်ဦး အမှန်တကယ် မဟုတ်သဖြင့် အကယ်၍ ဟွမ်ယင်းနှင့်အတူ ပြန်သွားပါက သူ၏ အိမ်အပြန်လမ်းကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
"စီနီယာအစ်ကို.. ဂရုစိုက်သွားပါဦး။"
ဟွမ်ယင်းက ချန်လော့အား နှုတ်ဆက်လေ၏။
"ဂရုစိုက်ပါ။"
ချန်လော့သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်မှ အဆင့်မြင့် ယန်ချီဆေးလုံး တစ်ပုလင်းကို ထုတ်ယူကာ ဟွမ်ယင်းအား ကမ်းပေးလိုက်သည်။
သူ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ဤဂျူနီယာညီမလေးသည် သူ့ကို အများကြီး ကူညီပေးခဲ့၏။ အကယ်၍ ဟွမ်ယင်းသာ မရှိခဲ့ပါက သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ ဤမျှ ချောမွေ့နေမည် မဟုတ်ချေ။
ဤဖြစ်စဉ်အတွင်း ဟွမ်ယင်းကိုယ်တိုင်လည်း များစွာ အကျိုးအမြတ် ရရှိခဲ့သော်လည်း ချန်လော့၏ အမြင်တွင် ၎င်းတို့အားလုံးမှာ သူမ၏ ကိုယ်ပိုင် အရည်အချင်းဖြင့် ရရှိခဲ့သောအရာများသာ ဖြစ်သည်။
သူ မရှိလျှင်လည်း သူမ ရှာဖွေနိုင်မည်ဖြစ်ပြီး အနည်းနှင့်အများ ကွာခြားမှုသာ ရှိမည်ဖြစ်သည်။
"ဒါက..."
ဟွမ်ယင်း၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွား၏။
ဆေးလုံးကို မြင်တွေ့လိုက်ရသောအခါ သူမ ချက်ချင်း နားလည်သွားခဲ့သည်။
စီနီယာအစ်ကိုသည် ဆေးဖော်စပ်ခြင်းကို စွန့်လွှတ်ခဲ့ခြင်း မဟုတ်ဘဲ သူသည် ဆေးပညာရှင်တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည်။
ဤအရာက ချန်လော့သည် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ကြောင်း သူမကို ပိုမို ယုံကြည်သွားစေခဲ့သည်။ ပထမအဆင့် အဆောင်သခင်တစ်ဦးနှင့် ပထမအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်ရာ ထိုသို့သော အရည်အချင်းများဖြင့် ဂိုဏ်းကို အားမကိုးလျှင်ပင် သူသည် ကြီးမြတ်သော တာအိုလမ်းစဉ်တစ်ခုကို သေချာပေါက် ပုံဖော်နိုင်ပေလိမ့်မည်။
"သေချာ ကျင့်ကြံပါ။ ကျင့်ကြံခြင်း လောကမှာ အင်အားက အခြေခံအုတ်မြစ်ပဲ။"
"စီနီယာအစ်ကို.. ကျွန်မ..."
ဟွမ်ယင်းသည် သူမ၏ လက်ထဲရှိ ကြွေပုလင်းလေးကို ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
သူမသည် အလိုအလျောက်ပင် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း စကားလုံးများမှာ သူမ၏ လည်ချောင်းတွင် တစ်ဆို့နေခဲ့ပြီး မည်သို့ ပြောရမည်ကို မသိတော့ချေ။
"ဘာဖြစ်လို့လဲ။"
"အစ်ကိုလည်း ဂရုစိုက်ပါဦး။"
"အေးပါ.. မင်းလည်း ဂရုစိုက်။"
လေတစ်ချက် ဖြူးသွားပြီးနောက် ထိုလူမှာ ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် မတူညီသော လမ်းကြောင်းများပေါ်ရှိ သူစိမ်းများသာ ဖြစ်ကြပေ၏။
ဟွမ်ယင်းအား နှုတ်ဆက်ပြီးနောက် ချန်လော့သည် ကူးပြောင်းကုန်သွယ်ရေးရင်ပြင်သို့ နောက်တစ်ကြိမ် သွားရောက်ကာ သူ၏ လက်ထဲရှိ ဝိညာဉ်ကျောက်တုံးများဖြင့် ပစ္စည်းအချို့ကို ဝယ်ယူခဲ့၏။
ဤတစ်ကြိမ် တောင်အောက်သို့ ဆင်းပြီးနောက် ဤမျှသက်သာသော ဈေးနှုန်းဖြင့် ပစ္စည်းများကို မည်သည့်အချိန်တွင် ပြန်လည် ဝယ်ယူနိုင်မည်ကို သူ မသိချေ။
ကူးပြောင်းကုန်သွယ်ရေးရင်ပြင်ပေါ်တွင် ယခုနှစ်မှ ဂိုဏ်းသို့ စတင်ဝင်ရောက်လာသော တပည့်အချို့မှာ ကြိုးစားပမ်းစားကျင့်ကြံနေကြဆဲဖြစ်သည်။
ပြင်ပလောကရှိ ရှုပ်ထွေးမှုများမှာ သူတို့အတွက် အလွန်ဝေးကွာလွန်းနေသေးပြီး သူတို့သည် ထိုအကြောင်းကိုပင် မကြားဖူးကြသေးချေ။
သူ့အား လမ်းမေးခဲ့သော တပည့်ငယ်လေးကိုလည်း ချန်လော့ မြင်တွေ့ခဲ့ရ၏။
ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်လာချိန်နှင့် နှိုင်းယှဉ်ပါက တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ ထပ်မံတိုးတက်လာခဲ့ပြီး ချီသန့်စင်ခြင်း ဒုတိယအလွှာသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း ဤခွန်အားအဆင့်မှာ ဂိုဏ်းအဆင့် စစ်ပွဲတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် သာမန်လူတစ်ဦးနှင့် မည်သို့မျှ ကွာခြားမည် မဟုတ်ပေ။ ဂိုဏ်းက သူတို့အတွက် မည်သို့ စီစဉ်ပေးမည်ကိုလည်း သူ မသိချေ။
ချန်လော့သည်လည်း တစ်ဖက်လူအား များများစားစား မပြောခဲ့ချေ။ သူသည် လက်ရှိတွင် အန္တရာယ်များသော အခြေအနေ၌ ရှိနေပြီး သူလုပ်နိုင်သမျှမှာ အရင်းအမြစ်များ ပိုမိုပြင်ဆင်ထားရန် သူတို့ကို သတိပေးခြင်းသာ ဖြစ်သည်။
ဤသည်မှာ သူ၏ စွမ်းရည်အတွင်း သူ လုပ်ဆောင်ပေးနိုင်သည့် အများဆုံးအရာပင် ဖြစ်သည်။
သူ၏ ဝိညာဉ်ကျောက်တုံး အများစုကို အသုံးပြုပြီးနောက် ချန်လော့သည် လှည့်ကာ တောင်အောက်သို့ ဆင်းလာခဲ့၏။
ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ထွက်ခွာသွားပြီ ဖြစ်သည်။
တောင်ခါးပန်း တစ်ဝက်ခန့်တွင်
ယခင်က ချောက်ကမ်းပါး လှေကားထစ်များရှိရာ နေရာ၌ ချန်လော့သည် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး တောင်၏ မျက်နှာချင်းဆိုင်ဘက်သို့ ပျံသန်းသွားလေ၏။
ချီသန့်စင်ခြင်း နဝမအလွှာသည် ဓားပျံစီးနင်းခြင်းကို မပြုနိုင်သေးသော်လည်း ခရီးတို လေထဲပျံသန်းခြင်းကိုမူ ပြုလုပ်နိုင်နေပြီဖြစ်သည်။ တစ်ချိန်က သံကြိုးတံတားဖြင့် ဖြတ်ကူးခဲ့ရသော ချောက်ကမ်းပါးမှာ ယခုအခါ လိုအပ်တော့မည် မဟုတ်ချေ။
သူ အမှန်တကယ် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
"ကောင်လေး.. မင်း တောင်အောက် ဆင်းတော့မလို့လား။"
အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
အသံလာရာသို့ လိုက်ကြည့်လိုက်သောအခါ လေခွင်းမသေမျိုးကြိုးကြာငှက် သည် ထူးဆန်းသော ကျောက်တုံးပေါ်တွင် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
မိစ္ဆာသားရဲများ သည် လူသားကျင့်ကြံသူများနှင့် မတူဘဲ ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ကြ၏။ လေခွင်းမသေမျိုးကြိုးကြာငှက်သည် ဒုတိယအဆင့်သားရဲတစ်ကောင်သာ ဖြစ်သော်လည်း သူ၏ သက်တမ်းမှာ သာမန် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများ၏ ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး နှစ်ပေါင်း ခြောက်ရာကျော်တိုင်အောင် အသက်ရှင်နေထိုင်ခဲ့ပြီဖြစ်သည်။
သူသည် အခြေခံအားဖြင့် နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းအတွင်း ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး ဝူတောက်တောင်ထိပ်၏ ယခင်တောင်ထိပ်သခင်မှ ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။
ဝူတောက်တောင်ထိပ်ပေါ်ရှိ လူတိုင်းက လေလေခွင်းမသေမျိုးကြိုးကြာငှက်အား ဝူတောက်တောင်ထိပ်၏ ဒုတိယမျိုးဆက် တပည့်တစ်ဦးဖြစ်သည်ဟု ပြောဆိုကြပြီး ဤစကားမှာ အမှားမဟုတ်ပေ။
"ဂါရဝပြုပါတယ် ဂျူနီယာသိုင်းဦးလေး ချန်ဖုန်း။"
ချန်လော့ ရပ်တန့်လိုက်ပြီး လေလေခွင်းမသေမျိုးကြိုးကြာငှက်အား ရိုသေစွာဖြင့် အရိုအသေပေးလိုက်၏။
ပြီးခဲ့သည့် ပူးတွဲတာဝန် ယူခဲ့စဉ်က လေခွင်းကြိုးကြာ၏ ကူညီမှုများကို သူ မှတ်မိနေဆဲဖြစ်သည်။
"တောင်အောက်ဆင်းတာ ကောင်းပါတယ်.. ဒါပေမဲ့..."
သူ၏ရှေ့တွင် ရိုသေစွာ ရပ်နေသော ချန်လော့အား ကြည့်ရင်း လေခွင်းမသေမျိုးကြိုးကြာငှက်သည် ရုတ်တရက် မှိုင်းညို့သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူသည် ကျန်ရှိနေသော စကားများကိုဆက်မပြောတော့ဘဲ ထူးဆန်းသော ကျောက်တုံးပေါ်သို့ ပြန်လည်ပျံသန်းသွားကာ ခြေတစ်ဖက်တည်းဖြင့် ရပ်လျက် မျက်လုံးများကိုမှိတ်ကာ အနားယူနေလေတော့သည်။
သူ မပြောင်းလဲနိုင်သော အရာများစွာ ရှိနေပေသည်။
ထို့အပြင် ပြောင်းလဲနိုင်စွမ်းလည်း မရှိချေ။
ချန်လော့ကဲ့သို့သော တပည့်များအတွက်မူ ဝူတောက်တောင်ထိပ်သည် မသေနိုင်ခြင်း၊ တာအို နှင့် မသေမျိုးပညာရပ်များကို သင်ယူရှာဖွေရာ နေရာတစ်ခု ဖြစ်သည်။
သို့သော် လေခွင်းမသေမျိုးကြိုးကြာငှက်အတွက်မူ ဤနေရာသည် သူ၏ အိမ်ဖြစ်သည်။
မသေမျိုးဆရာသခင် ဝူဝေ ကဲ့သို့ပင် သူသည်လည်း မထွက်ခွာခဲ့ပေ။
သူသည်လည်း နေရစ်ရန် ရွေးချယ်ခဲ့၏။
"ဂျူနီယာသိုင်းဦးလေး.. ဂရုစိုက်ပါ။"
ချန်လော့သည် အရိုအသေပေးလိုက်ပြီးနောက် တောင်အောက်သို့ ဆင်းရန် လှည့်ထွက်သွားခဲ့၏။
အချိန်အတန်ကြာပြီးနောက် မျက်စိမှိတ်ထားသော လေခွင်းမသေမျိုးကြိုးကြာငှက်သည် သူ၏ မျက်လုံးများကို ဖွင့်ကာ ထွက်ခွာသွားသော ချန်လော့အား ကြည့်ရင်း ရေရွတ်လိုက်သည်။
"တစ်ခေါက်လောက် ပြန်လာလည်ဖို့ မှတ်ထားဦး..."
အခန်း ၁၀၆ - သားရဲအရိုး
တောင်အောက်ဆင်းပြီးနောက် ချန်လော့သည် အလောတကြီး ထွက်ခွာမသွားသေးဘဲ ယွဲ့နိုင်ငံ ဂူသင်္ချိုင်းကြီးမှ အတူလွတ်မြောက်လာခဲ့ကြသည့် တုသဲ ၊ ရှဲ့ရွှမ်း နှင့် အခြားသူငယ်ချင်းများထံသို့ သတင်းပို့လိုက်သည်။
ပြီးခဲ့သည့်အကြိမ်က တုကျန်း ဆေးညွှန်းပေးစဉ်က သူ၏ဆက်သွယ်ရန်လိပ်စာကိုပါ ထည့်ပေးခဲ့သဖြင့် ယခုအခါ အသုံးဝင်သွားခြင်းဖြစ်သည်။
သတင်းပို့ပြီးနောက် ချန်လော့သည် အမှန်တကယ် စိတ်အေးသွားခဲ့ရ၏။ ယခုအခါ သူ၏ရှေ့ဆက်ရမည့် လမ်းကို စဉ်းစားရပေတော့မည်။
မသေမျိုးဆရာသခင် ဝူဝေ ပေးအပ်ခဲ့သော တာဝန်မှာ ရှဲ့နိုင်ငံတွင် ဖြစ်ပြီး ထိုနေရာသို့ ရောက်ရန် နယ်မြေကျော် ဝေဟင်သင်္ဘောကို စီးရမည်ဖြစ်သည်။
အကယ်၍ သူ ခြေလျင်လျှောက်မည်ဆိုပါက အနည်းဆုံး သုံးနှစ်ခန့် ကြာမြင့်ပေလိမ့်မည်။
"ငါက ချီသန့်စင်ခြင်း ဒသမအလွှာရောက်ဖို့ အလှမ်းဝေးသေးတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အုတ်မြစ်တည်ဆောက်ခြင်းအတွက် စတင်ပြင်ဆင်ရတော့မယ်။"
ကျင့်စဉ်အားလုံးကို ကြိုတင်ဝယ်ယူထားခဲ့ခြင်း၏ အားသာချက်မှာ ထပ်မံပေါ်လွင်လာခဲ့၏။
အကယ်၍ သူသာ ကျင့်စဉ်များကို ကြိုတင်မဝယ်ထားခဲ့ပါက ယခုကဲ့သို့ တောင်အောက်ဆင်းချိန်တွင် ပထမဆုံးကြုံတွေ့ရမည့် ပြဿနာမှာ ရှေ့ဆက်ကျင့်ကြံရမည့် ကျင့်စဉ်များပင် ဖြစ်သည်။
ဂိုဏ်းကဲ့သို့သော ကျင့်ကြံခြင်းရတနာတိုက် မရှိဘဲ ကျင့်စဉ်များကို ရှာဖွေရန်မှာ အဆပေါင်းများစွာ ခက်ခဲလှ၏။ လေလွင့်ကျင့်ကြံသူ များသည် အန္တရာယ်ရှိမှန်းသိလျက်နှင့် လျှို့ဝှက်နယ်မြေများထဲသို့ အသက်ကိုရင်းကာ အဘယ်ကြောင့် တိုးဝင်နေကြသနည်း။
အကြောင်းမှာ သူတို့၌ ကျင့်စဉ်များမရှိဘဲ ရှေ့ဆက်ရမည့်လမ်းမှာ ပိတ်ဆို့နေသောကြောင့် ဖြစ်ပြီး သူတို့တွင် ပေးဆပ်ရန်မှာ အသက်သာ ကျန်တော့သောကြောင့်ဖြစ်သည်။
ချန်လော့သည်လည်း ယခင်က ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်။
"အရင်ဆုံး ဈေးတန်းကို သွားကြည့်ရမယ်။"
အချိန်ကို စစ်ဆေးကြည့်ပြီးနောက် ချန်လော့သည် စောင့်ဆိုင်းနေရသည့် အချိန်အတွင်း သူ၏ကိုယ်ပေါ်ရှိ ဆေးလုံးများကို ဈေးတန်းတွင် သွားရောက်ရောင်းချရန် ဆုံးဖြတ်လိုက်သည်။
ယခင်က တောင်ပေါ်တွင် သူ၏ ဝိညာဉ်ကျောက်တုံးအားလုံးနီးပါး သုံးစွဲခဲ့ပြီးဖြစ်ရာ ယခုအခါ အရင်းအနှီးအချို့ ပြန်လည်ရှာဖွေရမည်ဖြစ်သည်။
လက်ရှိအခြေအနေအရ ရုတ်တရက် ပေါ်လာသည့် ဤဆေးလုံးများကို မည်သူမျှ သတိထားမိမည်မဟုတ်ချေ။
နေ့စဉ် တပည့်များ တောင်အောက်ဆင်းနေကြပြီး ပစ္စည်းများစွာ သယ်ဆောင်လာကြရာ ပစ္စည်းတိုင်းကို လိုက်လံစုံစမ်းရန်မှာ မဖြစ်နိုင်ပေ။
စစ်ပွဲမှာ မရောက်လာသေးသော်လည်း စီးပွားရေးသမားများသည် အန္တရာယ်ကို ကြိုတင်အာရုံရနေကြပြီဖြစ်သည်။
ချန်လော့ ဈေးတန်းသို့ နောက်တစ်ကြိမ် ဝင်ရောက်လာသောအခါ လူဦးရေမှာ သိသိသာသာ နည်းပါးသွားသည်ကို သူ ခံစားလိုက်ရ၏။ သူ ပုံမှန်သွားလေ့ရှိသော ဆေးဆိုင်မှာလည်း ပိတ်ထားပြီး တံခါးတွင် ပိတ်သည်ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။
အခြားဆိုင်များမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး ဖွင့်ထားသော ဆိုင်အနည်းငယ်တွင်လည်း ရောင်းချရန် ပစ္စည်းမရှိသလောက်ပင် ဖြစ်နေသည်။
စိုးရိမ်ပူပန်မှုများမှာ ဈေးတန်းတစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့၏။
ချန်လော့သည် လမ်းမအတိုင်း ခဏမျှလျှောက်လာပြီးနောက် ယွီရှို့တောင်ထိပ်၏ ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ အနာဂတ်တွင် ဤနေရာသို့ ပြန်လာနိုင်မည့် အခွင့်အရေး ရှိ၊ မရှိ သူ မသိသဖြင့် ယခုတစ်ကြိမ်တွင် အသေအချာ စုံစမ်းရပေမည်။
ယွီရှို့တောင်ထိပ်မှ အကြီးအကဲခယ် သည် သစ္စာဖောက်မှုကို ဦးဆောင်ခဲ့ပြီး ကျန်ရှိနေသော တပည့်များသည် တောင်ပေါ်ရှိ သားရဲများကို ထုတ်ယူကာ ငွေရရန် ရောင်းချနေကြဖို့ များသည်။ ဤအရာမှာ သူ၏အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားရေကန်မသေမျိုးဂိုဏ်း၏ ဟန်ပန်နှင့် အလွန်ကိုက်ညီလှ၏။
အရာရာထက် အကျိုးအမြတ်ကိုသာ ဦးစားပေးခြင်းဖြစ်သည်။
"ဟေး.. ညီကို၊ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"
သူ ဝင်သွားသည်နှင့် ဆိုင်ရှင်က အော်ဟစ်ကာ သူ့ထံသို့ ပြေးလာသည်ကို တွေ့လိုက်ရ၏။
"အရင်က မင်း ငါ့ကို သားရဲအရိုးတွေရှိရင် စောင့်ကြည့်ပေးဖို့ ပြောထားတယ်မဟုတ်လား။ လွန်ခဲ့တဲ့ သုံးရက်ကပဲ ငါ တစ်ခုလက်ခံရရှိထားတယ်။ အဲဒါက ချီသန့်စင်ခြင်းအဆင့် သမင်မိစ္ဆာ ရဲ့ အရိုးစုပဲ။"
ဤစကားကို ကြားလိုက်ရသည်နှင့် ချန်လော့၏ စိတ်ဓာတ်များမှာ ချက်ချင်း တက်ကြွသွားခဲ့၏။
ဤမျှ မမျှော်လင့်ထားသော ရလဒ်မျိုး ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
တောင်ပေါ်ရှိ ညီအစ်ကိုများမှာ အလုပ်ကောင်းကောင်း လုပ်ခဲ့ကြသည်ဟုသာ ဆိုရပေမည်။
"ကျုပ် ယူမယ်။"
ချန်လော့သည် ဈေးနှုန်းပင် မမေးတော့ဘဲ သူ၏ လက်ကျန် ဝိညာဉ်ကျောက်တုံးအားလုံးကို ဆိုင်ရှင်ထံ ပစ်ပေးလိုက်သည်။ တောင်ပေါ်တွင် ပစ္စည်းများ ဝယ်ယူပြီးနောက် သူ၏ထံတွင် ဝိညာဉ်ကျောက်တုံး သုံးရာခန့်သာ ကျန်တော့သည်။
နာရီဝက်ခန့် အဆောင်ရေးဆွဲပြီး ရှာဖွေထားသော ငွေများမှာ အကုန်လုံးနီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ဆိုင်ရှင်ကမ်းပေးသော သိုလှောင်အိတ်ကို ယူပြီးနောက် ချန်လော့သည် လှည့်ထွက်လာခဲ့၏။
"မလောက်ဘူးလေ"
ဆိုင်ရှင်သည် သိုလှောင်အိတ်ကို ဖွင့်ကာ ရေတွက်ကြည့်ပြီးနောက် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွား၏။ ချန်လော့ထံမှ ငွေထပ်တောင်းရန် မော့ကြည့်လိုက်သော်လည်း ချန်လော့၏ အရိပ်အယောင်ပင် မကျန်တော့ချေ။
"တောက်.. ငါတော့ အတော်ရှုံးသွားပြီ။"
မမျှော်လင့်ဘဲ သမင်မိစ္ဆာအရိုးကို ရရှိခဲ့သဖြင့် ချန်လော့မှာ စိတ်ကြည်လင်နေခဲ့သည်။
သူသည် ဈေးတန်းအတွင်း လှည့်ပတ်သွားလာရင်း လွတ်လပ်သောကုန်သွယ်မှုဇုန်သို့ ရောက်ရှိလာခဲ့၏။
ဤနေရာတွင် အသေးစားအရောင်းဆိုင်လေးများသာ ရှိပြီး အများစုမှာ အပျက်အစီးများထဲမှ တူးဖော်ရရှိသော အမှိုက်များ ဖြစ်ကြသည့် သံချေးတက်နေသော မှော်ဓားများ၊ တစ်ဝက်တစ်ပျက် ကျိုးပဲ့နေသော ကျောက်စိမ်းပြားများ စသည်တို့ကို ခင်းကျင်းပြသထားကြသည်။
အများစုမှာ အသုံးမရသော အရာများသာ ဖြစ်သော်လည်း ရံဖန်ရံခါတွင် ကောင်းမွန်သော ပစ္စည်းအချို့ ရှိတတ်သည်။ သို့သော် ထိုသို့ဖြစ်နိုင်ခြေမှာ သုညနီးပါးပင် ဖြစ်သည်။
ချန်လော့သည် ဆိုင်တစ်ဆိုင်၏ရှေ့တွင် ရပ်တန့်လိုက်၏။
ဤဆိုင်မှာ မုတ်ဆိတ်ဗရပွနှင့် လေလွင့်ကျင့်ကြံသူတစ်ဦး ခင်းကျင်းထားခြင်းဖြစ်သည်။
သူသည် ပစ္စည်းရောင်းနေခြင်းမဟုတ်ဘဲ ဝယ်ယူနေခြင်း ဖြစ်သည်။
သူသည် ဆေးလုံးများကို ဝယ်ယူနေခြင်းပင်။
ချီသန့်စင်ခြင်းအဆင့်ရှိ ဆေးလုံးမှန်သမျှကို သူ ဝယ်ယူသည်။
"ဈေးနှုန်းပြောပါ။"
ချန်လော့သည် သူဖော်စပ်ထားသော အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ယန်ချီဆေးလုံး နှစ်လုံးကို ထုတ်ယူကာ တစ်ဖက်လူ၏ လက်ထဲသို့ ပစ်ပေးလိုက်သည်။
"အဆင့်နိမ့် ယန်ချီဆေးလုံးက တစ်လုံးကို ဝိညာဉ်ကျောက်တုံး သုံးတုံး။ အလယ်အလတ်အဆင့် ယန်ချီဆေးလုံးက တစ်လုံးကို ဝိညာဉ်ကျောက်တုံး ဆယ်တုံး။" တစ်ဖက်လူက ဆေးလုံးကို ယူကာ နှာခေါင်းအောက်တွင် အနံ့ခံကြည့်လိုက်၏။
သူသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။
"စုစုပေါင်း ဆေးလုံး နှစ်ရာရှိတယ်၊ ငွေပေးတော့။"
ချန်လော့သည် သူ၏လက်ထဲတွင် ကျန်ရှိနေသော ဆေးလုံးအားလုံးကို ဘူးနှစ်ဘူးအပြည့်ဖြင့် ထုတ်ပေးလိုက်၏။ သူကိုယ်တိုင် ဤဆေးလုံးများကို မလိုအပ်တော့သဖြင့် တစ်ခါတည်း ရှင်းထုတ်ရန် အခွင့်ကောင်းပင်။
တစ်ဖက်လူမှာလည်း ခဏမျှ ကြောင်အသွား၏။
ချန်လော့ထံတွင် ဤမျှ ဆေးလုံးများစွာ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားသဖြင့် ချက်ချင်းပင် ထိုင်ရာမှထကာ အသေအချာ ရေတွက်လေတော့သည်။
ခဏအကြာတွင် ဆေးလုံးများကို ရေတွက်ပြီးသွားသော သက်လတ်ပိုင်း လေလွင့်ကျင့်ကြံသူသည် သိုလှောင်အိတ်တစ်ခုကို ထုတ်ပေးလိုက်သည်။
"စုစုပေါင်း ဆေးလုံး နှစ်ရာ့ခြောက်လုံး ရှိတယ်။ အဆင့်နိမ့် ဆေးလုံး တစ်ရာ့နှစ်ဆယ့်ရှစ်လုံးနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ဆေးလုံး ခုနစ်ဆယ့်ရှစ်လုံးပဲ။"
ထိုသက်လတ်ပိုင်း လေလွင့်ကျင့်ကြံသူသည် ချန်လော့အား ဆေးပညာရှင်တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိပုံရပြီး သူ၏ အမူအရာမှာ ထူးထူးခြားခြား ရင်းနှီးဖော်ရွေသွားခဲ့၏။
"စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်ထောင့်တစ်ရာ့နှစ်ဆယ့်ရှစ်တုံး ရှိပါတယ်။ ကျေးဇူးပြုပြီး ရေတွက်ကြည့်ပေးပါ။"
"မလိုဘူး။"
ချန်လော့သည် သိုလှောင်အိတ်ကို ယူကာ ကြည့်ပင်မကြည့်ဘဲ အင်္ကျီလက်ထဲသို့ ထည့်လိုက်သည်။
ဤအရောင်းအဝယ် ပြီးဆုံးသွားပြီးနောက် သူ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အချိန်ကို တွက်ချက်ကြည့်လျှင် တုသဲနှင့် အခြားသူများလည်း တောင်အောက်သို့ ဆင်းလာလောက်ပြီ ဖြစ်၏။
"နောင်မှာ ဆေးလုံးအသစ်တွေ ရှိရင်လည်း ငါတို့ဆီကို လာရောင်းလို့ ရပါတယ်" ဟု ပြောရင်း သက်လတ်ပိုင်း ကျင့်ကြံသူသည် သူ၏ရင်ဘတ်ထဲမှ တိုကင်ပြားတစ်ခုကို ထုတ်ကာ ချန်လော့အား ပေးလိုက်သည်။
လေလွင့်ကျင့်ကြံသူများ မဟာမိတ်
ချန်လော့သည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး သိပ်ဂရုမစိုက်ဘဲ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ဤသက်လတ်ပိုင်း ကျင့်ကြံသူသည် အပေါ်ယံ မြင်တွေ့ရသကဲ့သို့ ရိုးရှင်းသူ မဟုတ်ပေ။ ဝိညာဉ်ကျောက်တုံးများစွာကို တစ်ခါတည်း ထုတ်ပေးနိုင်ခြင်းမှာ သူ၏ နောက်ကွယ်တွင် ကြီးမားသော အင်အားစုတစ်ခု ရှိနေရမည် ဖြစ်သည်။
သို့သော်လည်း ချန်လော့သည် ထိုကိစ္စများကို စုံစမ်းချင်စိတ် မရှိသလို အာရုံစိုက်မနေချေ။
၎င်းမှာ ရိုးရှင်းသော အရောင်းအဝယ်တစ်ခုသာ ဖြစ်သည်။
သူက ဆေးလုံးရောင်းသည်၊ တစ်ဖက်လူက ဝိညာဉ်ကျောက်တုံးပေးသည်၊ ထိုမျှသာ ဖြစ်ပေသည်။
"ဘာလို့ မင်းတို့ နှစ်ယောက်တည်း ဖြစ်နေရတာလဲ။"
ဈေးတန်းမှ ထွက်လာသောအခါ အပြင်ဘက်တွင် တုကျန်းနှင့် ရှဲ့ရွှမ်း နှစ်ဦးတည်းသာ ရှိနေသည်ကို ချန်လော့ တွေ့လိုက်ရ၏။ ကျန်ရှိသော တုသဲနှင့် အခြားနှစ်ဦးမှာ ရောက်မလာခဲ့ကြချေ။
"စီနီယာအစ်ကိုနဲ့ ဂျူနီယာညီလေး တုကျီ တို့က လျှို့ဝှက်နယ်မြေထဲကို သွားကြတယ်လေ။" တုကျန်းက အားတင်းကာပြုံးလိုက်သော်လည်း သူ၏မျက်လုံးထဲမှ စိုးရိမ်မှုများကိုမူ ဖုံးကွယ်ထား၍ မရချေ။
ယခုအခါ လျှို့ဝှက်နယ်မြေထဲတွင် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ဂိုဏ်းတစ်ခုလုံးနီးပါး သိနေကြပြီဖြစ်သည်။
ချန်လော့ ပေးခဲ့သော သတင်းများနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့နှစ်ဦးစလုံးသည် လက်ရှိအခြေအနေကို နားလည်သွားကြပြီး ထိုသုံးဦးအတွက် အခြေခံအားဖြင့် မျှော်လင့်ချက် မရှိတော့ကြောင်း သိလိုက်ကြ၏။
"သိပ်ပြီး စိတ်မပူပါနဲ့။ သူတို့ ကံကောင်းချင် ကံကောင်းမှာပါ။"
ချန်လော့သည် သူတို့နှစ်ဦးကို နှစ်သိမ့်ရန်သာ တတ်နိုင်တော့သည်။ ဤသို့သော ကိစ္စမျိုး ကြုံလာရသည့်အခါ အတူတူ ထွက်ပြေးရန်မှာ ခက်ခဲလှပေ၏။
"အဲဒီလိုပဲ မျှော်လင့်ရတာပေါ့။"
တုကျန်းက ပြန်ပြောပြီးနောက် ဘာမှ ထပ်မပြောတော့ချေ။
ရှဲ့ရွှမ်းနှင့် ချန်လော့တို့နှင့် မတူသည်မှာ တုကျန်းအတွက်မူ တုသဲနှင့် ကျန်နှစ်ဦးမှာ သူ၏ ညီအစ်ကိုအရင်းအချာများ ဖြစ်ကြသည်။
သူတို့ လေးဦးစလုံးမှာ ငယ်စဉ်ကတည်းက အစစ်အမှန်ပုဂ္ဂိုလ် ရှန်းဟော့၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရပြီး တစ်ခါမျှ ခွဲခွာဖူးခြင်း မရှိခဲ့ကြချေ။
"စီနီယာအစ်ကိုချန်.. အစ်ကို အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ။" ရှဲ့ရွှမ်းက ရုတ်တရက် မေးလိုက်သည်။ သူမ၏ ရှေ့တွင်ရှိသော ချန်လော့မှာ ရှဲ့ရွှမ်းအတွက် အနည်းငယ် စိမ်းသက်နေသလို ခံစားနေရ၏။
သူမသည် ချန်လော့ကို မတွေ့ရသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။
သူမ၏ရှေ့မှ စီနီယာအစ်ကိုမှာ သူမ မှတ်မိနေသော စီနီယာအစ်ကိုနှင့် ကွဲပြားနေသဖြင့် သူမ အနည်းငယ် အသားမကျ ဖြစ်နေခဲ့ခြင်းဖြစ်သည်။
"ချီသန့်စင်ခြင်း နဝမအလွှာပါ။"
ချန်လော့သည် ဖုံးကွယ်မထားခဲ့ချေ။ တုကျန်း၏ ကူညီမှုများကို သူ မေ့မည်မဟုတ်သလို၊ ယွဲ့နိုင်ငံ ဂူသင်္ချိုင်းမှ ထွက်လာစဉ်ကလည်း ရှဲ့ရွှမ်းသည် သူ သတိမေ့မြောနေချိန်တွင် သူ၏ ဘေးနားတွင်ရှိနေကာ ဂရုစိုက်ပေးခဲ့သူ ဖြစ်လေ၏။
ချန်လော့၏ စကားကို ကြားလိုက်ရသောအခါ ရှဲ့ရွှမ်းနှင့် တုကျန်းတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြလေတော့သည်။