ဒါလား
Vol. 9 Ch. 854
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
ပန်းရောင်မြူများက နာရီအနည်းငယ်ကြာခံလိုက်သည်။ နောက်ဆုံး ပျောက်ကွယ်သွားသောအခါ ပထမဆုံး မြင်ရသည့်လူကား သခင်မလေးဟုန်ချိန်ပင်။
သူမ၏မျက်နှာလေးမှာ နီမြန်းနေပြီး မဆိုစလောက် မှုန်ကုပ်နေသည်ကို မြင်နိုင်သည်။ သူမ၏ မျက်လုံးလေးများထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် မအီမသာဖြစ်နေပုံရသည်။ တခဏကြာသော် သူမက တစတစပျောက်ကွယ်နေသော ပန်းရောင်မြူတိမ်များကို ခေါင်းလှည့်ကြည့်ပြီးနောက် ခြေဆောင့်နင်းချလိုက်သည်။ ထိုအခြင်းအရာကြောင့် သူမ၏နှုတ်ခမ်းဖျားကလေးမှ နာကျင်မှုဖြစ်ဟန်တူသော ညည်းသံတစ်ခု ထွက်သွား၏။ ထို့နောက် သူမမှာ အတန်ငယ်ရှက်ရိပ်သမ်းလျက် အလင်းတန်းပမာ အဝေးထွက်သွားလေသည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန် မြူများလုံးဝပျောက်ကွယ်သွားသည်တွင် လုံးလုံးပရမ်းပတာဖြစ်နေသော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ ရံဖန်ရံခါ ရှုံ့တွသွားသော မျက်နှာဖြင့် ကောင်းကင်ကို နုံးချည့်စွာ စိုက်ကြည့်ရင်း သစ်ပင်ကို မှီလျက်လှဲနေသည်။
" သိပ်ကြမ်းတာပဲ "
သူက ခပ်တိုးတိုးရေရွတ်ကာ ငိုနိုင်ရန် မျှော်လင့်နေပါသော်လည်း ကျစရာမျက်ရည်မရှိပေ။ တခဏကြာသော် သူ့အဝတ်အစားများကို လိုက်စုလိုက်သည်။
" ဒါ သေချာပေါက် ရည်ရွယ်ချက်ရှိရှိလုပ်တာ။အင်းပါ ငါက သိပ်တော်နေလို့ဖြစ်မှာပေါ့။ သူ့ခန္ဓာကိုယ်ထဲက အရိုင်းကောင်ကြီးကို တကယ်ကြီး နှိုးဆွခဲ့မိတာ ငါ ယုံတောင် မယုံနိုင်ဘူးကွာ။ သူက ကာမအားတိုးဆေးတောင် သုံးပြီး ငါ့ကို မကောင်းကြံသေးတယ် "
သူ ခါးသီးနာကျည်းနေသည့်အချိန်တွင် နောက်ဆုံး သူကိုယ့်သူ အတန်ငယ် ကျေနပ်အားရသွား၏။ စောစောက ဖြစ်ပွားခဲ့သည့် ညို့ဓာတ်ပြင်းသော မြင်ကွင်းကို ပြန်တွေးကြည့်လိုက်မိသည်တွင် သူ့နှလုံးခုန်သံများ အနည်းငယ်မြန်လာတော့သည်။
" အာ ဘာဖြစ်ဖြစ်။ ဒါက ကျိုးကျစ်မိုတောင်းနေတဲ့ ဖြေရှင်းချက်လို့ပဲ ထားလိုက်တော့မယ် "
သူက သက်ပြင်းချရင်း သူ့ပတ်ပတ်လည်ရှိ တောအုပ်ထဲမှ သူ၏ပြန့်ကြဲနေသော ပစ္စည်းများအားလုံးကို စတင်စုဆောင်းလိုက်သည်။ ထို့နောက် သူ့အိတ်ထဲမှ အဝတ်အသစ်တစ်စုံ လဲလိုက်ပြီး ထွက်လာလိုက်သည်။
" အဲဒီ ကာမအားတိုးဆေးတွေက တကယ့်ကို အန္တရာယ်များလွန်းပါတယ်ကွာ "
ဤသည်မှာ သူကိုယ်တိုင် ဖန်တီးခဲ့သည့် ကာမအားတိုးဆေးကို ပထမဆုံးအကြိမ် နဖူးေတွ့ဒူးတွေ့ ခံစားဖူးခြင်းဖြစ်သည်။ ပုံဆိုင်ဆိုလျှင် သူသည် အခြားသူများစားရန် ဆေးလုံးကို ပေးသော်လည်း ယခု သူကိုယ်တိုင် ကြုံတွေ့ပြီးနောက်ဆုံး မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်သွားလေပြီ။ တချိန်တည်းမှာပင် သူ၏ ကျိုးရီရှင်းအပေါ် လေးစားမှုများ ကြီးထွားလာတော့သည်။
" ရီရှင်းက ဒီနယ်ပယ်မှာ ငါ့ထက်ပိုပြီး အထင်ကြီးစရာကောင်းတာပဲ။ အဲဒီတုန်းက ဆေးလုံးတွေ အများကြီးစားရတာတောင် သူ့ရှေ့ ဝက်တူသားရဲကြီး ငါ ထားတဲ့အချိန်မှာ သူ့ကိုယ်သူ ထိန်းနိုင်သေးတယ် "
တောအုပ်ထဲမှ ပျံထွက်လာပြီးနောက် သူသည် အနီးနားတွင် စောင့်နေသည့် စုန့်ချွဲကို ရှာဖွေလိုက်သည်။ စုန့်ချွဲသည် သူ့မျက်နှာနီမြန်းနေခြင်းနှင့် သူ၏ မဲ့ရွဲ့နေသည့် အမူအရာကို မြင်သောအခါ မည်သည်တို့ဖြစ်လာသည်ကို မခန့်မှန်းနိုင်တော့ပေ။
အမှန်တွင် သခင်မလေးဟုန်ချိန်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေသည်ကိုတော့ သူသိသည်။ ပိုင်ရှောင်ချန်းကိုကြည့်ရသည်မှာ ဆိုးဆိုးဝါးဝါးကိစ္စတစ်ခု ဖြစ်ပျက်လာသည့်အလား။
ထိုသို့ဖြင့် ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲသည် တောင်တန်းများကိုဖြတ်၍ ပျံသန်းနေရင်း သေမင်းနွံတောနှင့် တဖြေးဖြေးနီးကပ်လာတော့သည်။
နောက်တစ်လကုန်ဆုံးသွားပြီးနောက်တွင် သူတို့သည် အလွန်ခေါင်ဖျားသော နေရာတစ်ခုသို့ ရောက်လာကြသည်။ သူတို့က ရံဖန်ရံခါ ဝိညာဥ်ကျင့်ကြံသူများနှင့် တွေ့ခဲ့ကြသော်လည်း သူတို့ထံမှ ထွက်နေသော အရှိန်အဝါအခိုးအငွေ့များကပင် ထိုလူများအား ချက်ချင်းထွက်ပြေးသွားစေသည်။
ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲက လေကိုခွင်း၍ ပျံသန်းနေသည်ကို မြင်သောအခါ ဒူးထောက်ဝပ်တွားအရိုအသေပေးသော လူ့ဘီလူးမျိုးနွယ်စု အနည်းငယ်သာ ရှိသည်။
ထိုခေါင်ဖျားဝေးလံသော နယ်စပ်ဒေသများသည် အမှန်တွင် လူ့ဘီလူးမျိုးနွယ်စုများ အစပြုရာဖြစ်သည်။ စုန့်ချွဲသည် သဘာဝရအရ အမျိုးသမီးများခေါင်းဆောင်သော မျိုးနွယ်စုအနည်းငယ်ကိုပင် တွေ့ခဲ့ရသည်။ မျိုးနွယ်စုရှိ မိန်းမများသည် သာမန်ထက်ထူးကဲစွာ ရက်စက်ကြမ်းကြုတ်ပြီး ခွန်အားဗလကြီးမားကြသည့်အပြင် ကိုယ်လုံးကိုယ်ပေါက် ကြီးမားကြ၏။
စုန့်ချွဲအတွက် ထိုကဲ့သို့ နေရာများကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်၍ သူ့အကြည့်များသည် မြင်နေရသည့် မှင်သက်ဖွယ်အရာများအပေါ် မကြာခဏရစ်ဝဲနေ၏။ လူ့ဘီလူးများမှာမူ ပိုင်ရှောင်ချန်းနှင့်စုန့်ချွဲကို နတ်ဘုရားများအလား ရှုမြင်ကြလေသည်။
မကြာမီ ပိုင်ရှောင်ချန်းက အချိန်အများစုတွင် မိန်းမောတွေဝေလျက် စိတ်နှင့်ကိုယ် မကပ်ကြောင်း စုန့်ချွဲ သတိပြုမိလိုက်သည်။ ပိုင်ရှောင်ချန်း မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူ သိချင်စိတ်ပြင်းပြနေတော့သည်။ သိသာထင်ရှားစွာပင် ပိုင်ရှောင်ချန်းတစ်ယောက်တည်းသာ သခင်မလေးဟုန်ချိန်နှင့် တိုက်ပွဲမှ ပြန်လာခဲ့သည် မဟုတ်ပါလော။
" သူ သူ့ကို တကယ်သတ်ခဲ့တာလို့ မပြောနဲ့နော် " ထိုအတွေးလေးကပင် သူ့ကို ကြောက်လန့်တုန်လှုပ်သွားစေသော်လည်း သူ မေးခွန်းများထပ်မမေးရဲပေ။ ဂယက်ရိုက်လာခဲ့ပါက သူ သတိကြီးကြီးထားရုံသာ တတ်နိုင်တော့သည်။
ထိုနည်းအားဖြင့် ပိုင်ရှောင်ချန်းက မိန်းမောတွေဝေနေလျက် စုန့်ချွဲက သတိအပြည့်ထား၍ ရှေ့ဆက်သွားလိုက်ကြသည်။ သူတို့က သေမင်းနွံတောထံမှ လေးငါးရက်သာ ကွာဝေးတော့သည့်အချိန် တစ်နေရာအရောက်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် တုန့်ခနဲရပ်လိုက်သည်။ ထို့နောက် အနီးရှိ တောင်ခြေတွင် အခြေချထားသော လူ့ဘီလူးမျိုးနွယ်စုတစ်စုကို လှမ်းကြည့်လိုက်သည်တွင် သူ၏ကြောင်တောင်တောင်အမူအရာသည် သိချင်စိတ်ပြင်းပြသည့်အသွင်ပြောင်းသွားတော့သည်။
၄င်းသည် သေးငယ်သော အမျိုးသမီးမျိုးနွယ်စုတစ်စုဖြစ်သည်။ မျိုးနွယ်စုထဲရှိ စစ်သည်များသော်လည်းကောင်း၊ အခြားအရေးကြီးသောလူများသော်လည်းကောင်း အကုန်လုံး မိန်းမများပင်။ ယောက်ျားများကား အားနည်းဟန်တူပြီး အများစုမှာ မျိုးပွားရန်အတွက်သာ ထားရှိကြဟန်တူသည်။
ထိုမျိုးနွယ်စုမှာ လူဦးရေလည်း သိပ်မများပေ။ အဖွဲ့ဝင် တစ်ရာပင်မပြည့်သည့်အပြင် ၉၀ရာခိုင်နှုန်းက မိန်းမများပင်။ ယောက်ျားများကား ပိန်လှီပြီး အားနည်းပုံရသည်။ သူတို့သည် လူ့ဘီလူးအများစုကဲ့သို့ အရိုးကြီးသော်ငြား နုံးချည့်ပျော့ခွေနေကြ၏။ အများစုမှာ မျိုးနွယ်စုနယ်မြေထဲရှိ တစ်နေရာတွင် တစ်ယောက်နှင့် တစ်ယောက် ရံဖန်ရံခါ စကားစမြည်ပြောရင်း တိတ်ဆိတ်စွာ လဲလျောင်းနေကြသည်။
သူတို့နှင့် မလှမ်းမကမ်းတွင် ကောက်ရိုးပုံတစ်ပုံရှိသည်။ ထိုကောက်ရိုးပုံကို မှီ၍ လဲလျောင်းနေသည်မှာ လူ့ဘီလူးမဟုတ်သော ယောကျ်ားတစ်ယောက်ဖြစ်သည်။ သူက ဝိညာဥ်ကျင့်ကြံသူနှင့် ပိုတူသည်။ သို့သော် သူက မြက်နှင့်လုပ်ထားသည့် အဝတ်အပိုင်းအစကို ဝတ်ဆင်ထားပြီး မယုံနိုင်ဖွယ်ကောင်းလောက်အောင် အရိုးပေါ်အရေတင်လျက် အားအင်ချည့်နဲ့နေသည်။ သူသည် အချိန်အတော်ကြာ ရေမချိုးရသေးသည်မှာ သိသာပြီး သူ၏ကံကြမ္မာကို လက်မြှောက်အရှုံးပေးထားပုံရသည့် ပင်ပန်းနေသော မျက်လုံးများဖြင့် ကောင်းကင်ကို စိုက်ကြည့်ရင်း လဲလျောင်းနေသည်။
ပိုင်ရှောင်ချန်းက ထိုလူကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပါးစပ်အဟောင်းသားဖြစ်သွား၏။
"ချွဲအာ သူ့အရှိန်အဝါက ရင်းနှီးနေသလို မဖြစ်ဘူးလား "
အံအားသင့်သွားသော စုန့်ချွဲက နတ်ဘုရားအာရုံများ စေလွှတ်၍ စစ်ဆေးလိုက်သည့်နောက်တွင် သူ့မျက်လုံးများ ပြူးကျယ်သွား၏။
" နတ်ဆရာ "
စုန့်ချွဲမှာ မယုံကြည်နိုင်မှုများဖြင့် ပင့်သက်ရှိုက်သွား၏။ ပိုင်ရှောင်ချန်းသည် ပိုင်ဟောက်ကို မြေရိုင်းဒေသအထဲ တည်နေရာရွှေ့ပြောင်းခံရသည့် ကျင့်ကြံသူများအား ခြေရာခံပေးရန် တောင်းဆိုခဲ့သော်လည်း ပိုင်ဟောက်မှာ ငရဲဧကရာဇ်အဖြစ် ပူပူနွေးနွေးဆက်ခံထားရုံသာ ရှိသေးသောကြောင့် မြေအောက်ကမ္ဘာမြစ်၏ စွမ်းအားများအား အပြည့်အဝမကိုင်တွယ်နိုင်သေးပေ။ ထိုကျင့်ကြံသူများအားလုံးကို ခြေရာခံရန်မှာ သူ အချိန်တိုအတွင်း အလွယ်တကူ လုပ်ဆောင်နိုင်သည့်အရာမဟုတ်ပေ။
" အဲဒါ တကယ့်ကို နတ်ဆရာပဲ "
ပိုင်ရှောင်ချန်းက ပြုံး၍ ပြောလိုက်သည်။ သူသည် မျိုးနွယ်စုထံ ချက်ချင်းပျံသန်းလိုက်ကာ စုန့်ချွဲသည်လည်း ထပ်ကြပ်မကွာလိုက်သွား၏။ အချိန်အနည်းငယ်အတွင်း သူတို့သည် မျိုးနွယ်စုအပေါ် လေထဲသို့ ရောက်သွားလေပြီ။
အမှန်တွင် လူ့ဘီလူးများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ တုတ်ခိုင်ထွားကြိုင်းပြီး အရုပ်ဆိုးသော အမျိုးသမီးများအပါအဝင် သူတို့အားလုံးက နတ်ဘုရားများကို အရိုအသေပေးသည့်အလား လေးဖက်ထောက် ဝပ်တွားလိုက်ကြသည်။
၄င်းမှာ စိတ်ဝင်စားဖွယ်ကောင်းသော ပြိုင်ဘက်ကင်း မျိုးနွယ်စုတစ်စု ဖြစ်သော်လည်း မကြာခင် ပိုင်ရှောင်ချန်းသည် ခေါင်းဆောင်ဖြစ်သည့် လူ့ဘီလူးမတစ်ယောက်အား ရွေးထုတ်လိုက်သည်။ သူမထံမှ ထွက်ပေါ်နေသော အခိုးအငွေ့များအရ သူမက အမြုတေအစီအရင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ကောင်းစွာယှဥ်နိုင်သည်။
နတ်ဆရာ၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးအကြည့်များက ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲအပေါ် ကျရောက်သွားသောအခါ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သွေးလေချောက်ချားနေသည်လား၊ အိပ်မက်မက်နေသည်လား စိုးရိမ်သွားဟန်တူပြီး သူက သူ့မျက်လုံးများအား ပွတ်လိုက်ပြီးနောက် ပြန်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ ထခုန်လိုက်တော့သည်။
" စုန့်ချွဲ၊ ပိုင်ရှောင်ချန်း "
သူ့အသံသည် သိသိသာသာ တုန်ယင်နေပြီး လွန်စွာစိတ်လှုပ်ရှားကာ သူ့ကိုယ်သူ ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ပေ။ သူ့ပါးပြင်တစ်လျှောက် မျက်ရည်ပူများ လိမ့်ဆင်းလာပြီး သူက အက်ကွဲသံကြီးဖြင့် အော်ငိုတော့သည်။
“ ကယပြါဦး၊ ငါ့ကို ကယပြါဦးကှာ "
လူ့ဘီလူးများ တုန်လှုပ်သွားပြီး ပိုင်ရှောင်ချန်းက ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆရာ လေပေါ် ပျံတက်လာ၏။ လူတိုင်း ကြောက်လန့်တုန်ရီနေကြပြီး သူ့ကို တားဆီးရန် ဘာမှမလုပ်ရဲကြပေ။
" နောက်ဆုံးတော့ ဒီကို မင်းရောက်လာပြီပေါ့။ ငါ.... ငါ ရူးမတတ်ပဲကွာ။ ဘုရားရေ။ ဒါက တကယ်ကြီးလား။ ငါ လွန်ခဲ့တဲ့ အချိန်တွေတုန်းက လူတွေငါ့ကိုလာကယ်လိမ့်မယ်လို့ ကြိုမြင်ခဲ့တယ်။ ငါ နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတာ။ ငါ သည်းမခံနိုင်တော့ဘူးထင်တဲ့အချိန် ဒီကို မင်းရောက်လာတာပဲ "
နတ်ဆရာမှာ စကားဆက်ပြောနေရင်း မျက်ရည်များ ဝဲတက်လာတော့သည်။ အနီးကပ်ကြည့်လိုက်လျှင် သူ၏အရေပြားအောက်မှ အရိုးများငေါထွက်နေသည်အထိ သူက မည်မျှဆိုးဆိုးဝါးဝါးပိန်လှီနေကြောင်း မြင်နိုင်သည်။
ပိုင်ရှောင်ချန်းမှာ နတ်ဆရာ၏ အခြေအနေကြောင့် အလွန်အမင်း တုန်လှုပ်သွားး၏။ စုန့်ချွဲမှာမူ သူနှင့်နတ်ဆရာက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဖွဲ့တည်းသားဖြစ်ကြောင်း စဥ်းစားတွေးတောကာ သူ့မျက်နှာ တင်းမာခက်ထန်သွား၏။ ထို့နောက် သူက လူ့ဘီလူးများထံ လှည့်လိုက်ပြီးနောက် လှုပ်ရှားရန် ပြင်လိုက်ချိန် နတ်ဆရာက ကမန်းကတမ်း သူ့လမ်းကို ပိတ်လိုက်သည်။
" ထားလိုက်ပါ။ သူတို့ထဲက တော်တော်များများက ငါ့သွေးသားရင်းတွေပဲ "
လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆရာ မြေရိုင်းဒေသအထဲ တည်နေရာရွှေ့ပြောင်းခံလိုက်ရသောအခါ သူသည် ဒဏ်ရာအပြင်းအထန်ရခဲ့၍ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ချီစုစည်းမှုအဆင့်သို့ ကျဆင်းသွားခဲ့သည်။ ထို့နောက် ဤအမျိုးသမီးမျိုးနွယ်စုက သူ့ကို ဖမ်းဆီးသွားခဲ့ပြီး ခေါင်းဆောင်က သူ့ကျင့်ကြံခြင်းအခြေခံပြန်လည် သက်သာမလာစေရန် သူ့အပေါ်တွင် အချုပ်အနှောင်မန္တန်အစီအရင် ထားရှိခဲ့သည်။ ထိုမျှသာမက သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူတို့က သူ့ကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ခဲ့ကြပြီး မျိုးနွယ်စု၏ မျိုးပွားကျွန်တစ်ယောက်အဖြစ် ပြုလုပ်ခဲ့သည်။
သူ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့ရလွန်း၍ တဖြည်းဖြည်း စိတ်အားထက်သန်မှုများ ကုန်ခမ်းလာတော့သည်။ လူ့ဘီလူးမများက အလွန်တရာရုပ်ဆိုးပြီး ကြမ်းတမ်းလွန်းသောကြောင့် ပို၍ဆိုးသည်။ တချိန်တည်းမှာပင် လူ့ဘီလူးအမျိုးသားများက သူ့ကို အလွန်အမင်း မနာလိုဖြစ်လာကြသည်။ နတ်ဆရာမှာ စိတ်ပိုင်းဆိုင်ရာမပြိုလဲသွားအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။ သူသည် လူတစ်ယောက် သူ့ကို လာကယ်လိမ့်မည်ဟုသာ ကြိုမမြင်ခဲ့လျှင် သတ်သေခဲ့မိမည်ဖြစ်သည်။
ထိုသို့ဖြင့် နောက်ဆုံးတွင် မြေရိုင်းဒေသမှာ သူ့ထက် များစွာ ကောင်းကောင်းမွန်မွန်နေရကြောင်းသိသာသည့် ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲကို တွေ့လိုက်ရသည်။
စုန့်ချွဲမှာ နတ်ဆရာစောစောက ပြောလိုက်သည့်စကားကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မကြာမီ သူ့ရင်ထဲ၌ သနားကရုဏာသက်သောခံစားချက်များ မြင့်တက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာမူ နတ်ဆရာနှင့်ယှဥ်လျှင် သူ့အခြေအနေက သိပ်မဆိုးကြောင်း သဘောပေါက်လိုက်၏။ အတင်းအဓမ္မကျင့်ခံသည်နှင့် ပတ်သက်လျှင် ဘယ်သူမှ နတ်ဆရာကြုံတွေ့ခဲ့ရသည့် အဖြစ်ကို ယှဥ်နိုင်မည် မဟုတ်ပေ။
" ကျုပ် နားလည်ပါတယ် ဟွန့်ဟွန့်ဆရာရယ် " ပိုင်ရှောင်ချန်းက ပြောလိုက်သည်။ သနားကရုဏာသက်စွာ သက်ပြင်းချရင်း သူသည် နတ်ဆရာ၏ ငေါထွက်နေသော ပခုံးကို ဆုပ်ကိုင်လိုက်၏။