← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉) - ဝမ်ယန် ပြန်လည်ရောက်ရှိလာခြင်း၊ ခန်းမစစ်ဆေးပွဲ စတင်ပြီ(၁)

စောင်းသံစဥ်နှင့် ပုလွေသံစဥ်တို့ ငြိမ့်ညောင်းစွာ ပေါင်းစပ်စီးဆင်းသွားမှုနှင့်အတူ ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ နှစ်ဦးကြားရှိ အကွာအဝေးသည်လည်း များစွာနီးကပ်သွားခဲ့လေသည်။

အခြားတစ်ဖက်တွင်မူ သမီးဖြစ်သူနှင့် ဝူယွမ်တို့၏ စကားပြောသံများကို နားထောင်နေခဲ့သော ယင်းရွှမ်းဇီသည် ရုတ်တရက် အသံများ တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်၏။

ယခုလေးတင် ခံစားလိုက်ရသည့် လေထုအခြေအနေအရ သူ့အတွက် စိတ်အဆင်မပြေစေသည့် အရာကြီးတစ်ခု ဖြစ်ပေါ်လာတော့မည့်အလား သူ၏ဗီဇစိတ်က သတိပေးနေခဲ့သည်။

သူ၏ အဖိုးတန် ရွှေမင်းသမီးလေးအား ဝက်တစ်ကောင်က လာရောက်စားသုံးသွားတော့မည့်အလား စိုးရိမ်ပူပန်မှုများက ရင်ထဲ၌ ကိန်းအောင်းလာခဲ့လေသည်။

ယင်းရွှမ်းဇီသည် အခြေအနေကို စုံစမ်းရန် သူ၏ဝိညာဉ်စွမ်းအင်ကို ချက်ချင်းပင် ဖြန့်ကျက်လွှတ်ထုတ်လိုက်၏။

ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ရှိရာ တောင်ထွတ်ဆီသို့ သူ၏ ဝိညာဉ်စွမ်းအင်များ ရောက်ရှိသွားသောအခါ နတ်သူသက်ထား စုံတွဲတစ်တွဲအလား အလွန်လှပတင့်တယ်လှသော မြင်ကွင်းတစ်ခုကို ယင်းရွှမ်းဇီ မြင်တွေ့လိုက်ရလေသည်။

ထိုတောင်ထွတ်ထက်တွင် တစ်ဦးကိုတစ်ဦး ကြင်နာစွာ ငေးမောကြည့်နေကြသော ပါရမီရှင် လူငယ်လေးနှင့် မိန်းမလှလေးတို့ နှစ်ဦးကို သူမြင်တွေ့နေရ၏။

အမျိုးသားက စောင်းတီးခတ်ပြီး အမျိုးသမီးက ပုလွေမှုတ်နေသည့် မြင်ကွင်းမှာ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံလွန်းနေခဲ့သည်။

သို့သော်ငြားလည်း သူကိုယ်တိုင် ယင်းဟွမ်ဟွမ်အတွက် ချန်ထားရစ်ခဲ့သော အသံပို့ ကျောက်စိမ်းလက်ဖွဲ့မှာမူ တောင်ခြေတွင် အထီးကျန်စွာ စွန့်ပစ်ခံထားရလေသည်။

တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ယင်းရွှမ်းဇီမှာ သက်ပြင်းရှည်ကြီးကိုသာ ခပ်လေးလေး ချလိုက်မိတော့၏။ သူ၏ သမီးလေးကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့သည့်အလားပင်။

ဤမျှ တိုးတက်လာသော အခြေအနေများအရ နောက်ပိုင်းရက်များတွင် ဝူယွမ်သည် ကျင့်ကြံရသည်ကို ငြီးငွေ့လာသည့်အခါတိုင်း လူသူကင်းမဲ့သော တောင်ထွတ်များပေါ်၌ ယင်းဟွမ်ဟွမ်နှင့်အတူ ဂီတပညာရပ်များကို ဖလှယ်ရင်း အချိန်ဖြုန်းလေ့ရှိလာခဲ့သည်။

တစ်ခါတစ်ရံတွင် မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်းရှိ ရွှမ်းစု၊ ပိုင်ယွမ်တို့နှင့်လည်း အချိန်ကုန်လွန်ခဲ့လေသည်။

တစ်လဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။ ထိုကာလအတွင်း ဝူယွမ်သည် ‘ချီတစ်ခုမှ လောကမူလနတ်ဘုရားသုံးပါးပွင့်ခြင်း’ ကျင့်စဉ်ကိုသာ အာရုံစိုက် ကျင့်ကြံနေခဲ့သည်။

နောက်ဆုံးတွင်တော့ ကမ္ဘာ့သစ်ပင်၏ မူလစွမ်းအင်များကို အသုံးပြု၍ သူ၏ ပထမဆုံးသော ကိုယ်ပွားတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။

ထို့ကြောင့် ကမ္ဘာ့သစ်ပင်ကိုယ်ပွားသည် မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်း ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကို အဓိကထား လုပ်ဆောင်ခဲ့ပြီး ရွှမ်းစု၊ ပိုင်ယွမ်တို့နှင့်အတူ မဟာရှေးဟောင်းဂိုဏ်းကို အင်တိုက်အားတိုက် တိုးတက်စေရန် ကြိုးပမ်းခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများ၏ များပြားလှသော ထောက်ပံ့မှုဖြင့် ဝူယွမ်သည် နိဗ္ဗာန်အဆင့် ၈ သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သလို သူ၏ ဝိညာဉ်စွမ်းအင်သည်လည်း ရှစ်ခုမြောက်တံဆိပ် ဖြစ်ပေါ်လာကာ တံဆိပ် ၈ ခု ကောင်းကင်အဆောင်သခင် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

သူ၏ ရည်မှန်းချက်ဖြစ်သော ပြိုင်ဘက်ကင်း စွမ်းအားရှင် တစ်ဦးဖြစ်လာရန် လမ်းတွင် ဤသည်မှာ ကြီးမားသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပေသည်။

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ နှစ်ကုန်ပိုင်းသို့ နီးကပ်လာခဲ့ပြီဖြစ်သည်။

တောင်ဂိုဏ်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပြိုင်ပွဲကြီးဖြစ်သည့် ခန်းမလေးခု အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ရမည့် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲကြီးကို မကြာမီ ကျင်းပတော့မည်ဖြစ်၏။

ယနေ့တွင်လည်း ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ နှစ်ဦးသည် တောင်ထွတ်တစ်ခုပေါ်တွင် အတွေးအမြင်များကို ဖလှယ်နေကြလေသည်။

ရုတ်တရက်ဆိုသလို အောက်ဘက်ရှိ ကျောက်တုံးရင်ပြင်ထက်မှ ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာခဲ့ရာ၊ ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ နှစ်ဦးစလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

ယင်းဟွမ်ဟွမ်သည် တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရဟန်ဖြင့် သူမ၏ သွယ်လျသော မျက်ခုံးတန်းလေးများ အနည်းငယ် တွန့်ချိုးသွားပြီး မျက်နှာထားမှာ အလွန်တည်ကြည်သွားကာ မသက်မသာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။

ဝူယွမ်ကလည်း ဆူညံသံများ ထွက်ပေါ်ရာဆီသို့ လိုက်လံရှာဖွေကြည့်လိုက်သည်။

ဧရာမ ကျောက်တုံးရင်ပြင်ကြီးပေါ်တွင်.....

ထောင်ပေါင်းများစွာသော တပည့်များသည် နေရာတစ်နေရာတည်းသို့သာ အံ့သြမှင်တက်စွာဖြင့် စိုက်ကြည့်နေကြလေသည်။

ရင်ပြင်ဆီသို့ ဦးတည်နေသော ကျောက်လှေကားထစ်များပေါ်တွင် လူတစ်ယောက်သည် ခြေတစ်လှမ်းချင်းစီဖြင့် ဖြည်းညင်းတည်ငြိမ်စွာ လျှောက်လှမ်းလာနေ၏။

တပည့်များသည် ထိုလူရိပ်ကို ကြည့်ရင်း တီးတိုးရေရွတ်ပြောဆိုလာကြသည်။

ထိုသူသည် ရိုးရှင်း၍ ဟောင်းနွမ်းနေသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားကာ ဖရိုဖရဲဖြစ်နေသော ဆံပင်များက ကျောပြင်ထက်တွင် ပြန့်ကျဲနေ၏။

အထင်ရှားဆုံးအရာမှာ သူ၏ ကျောပြင်ထက်တွင် လွယ်ထားသော ဆယ်ပေခန့် ရှည်လျားသည့် အနက်ရောင် ဓားမကြီးပင် ဖြစ်သည်။

ထိုဓားမကြီး၏ ကိုယ်ထည်မှနေ၍ အံ့မခန်း ထက်ရှလှသော လှိုင်းဂယက်များက ခပ်ရေးရေး ထွက်ပေါ်နေလေသည်။

သူ၏ မျက်လုံးများက အေးစက်ညို့မှိုင်းနေပြီး ခံစားချက်ကင်းမဲ့နေသည့် ထုံထိုင်းမှုများက မြင်သူတိုင်းကို ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။

ထိုတပည့်များသည် သူ့အနီးသို့ ချဉ်းကပ်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။

ဝူယွမ်၏ စိတ်အစဉ်မှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ဤလူ၏ အသက်အရွယ်မှာ သိပ်မကြီးသေးသော်ငြား လောကဓံကို အလူးအလဲ ခံစားထားရသူတစ်ဦးသဖွယ် ရင့်ကျက်တည်ငြိမ်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

အရေးအကြီးဆုံးမှာ သူ၏ စွမ်းအင်အရှိန်အဝါက မနိမ့်ကျလှပေ။ သူသည် နိဗ္ဗာန်အဆင့် ၉ တွင်သာ ရှိနေသော်ငြား ယခင်က ဝူယွမ် သတ်ဖြတ်ခဲ့ဖူးသော ၀ရမ်းစာရင်းဝင် အဆင့်လေး နေရာမှ ယောင်းလင်းထက်ပင် ပိုမိုအားကောင်းနေသေးသည်။

“ဟွမ်ဟွမ်၊ သူက ငါတို့ တောင်ဂိုဏ်းက တပည့်တစ်ယောက်ပဲလား၊” ဝူယွမ်က သူ၏ဘေးရှိ ယင်းဟွမ်ဟွမ်ကို မေးလိုက်လေသည်။

“အဲ့ဒါက ငါတို့ ကောင်းကင်ခန်းမက ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်လေ၊” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ရင်း သူမ၏ ပုံမှန်အားဖြင့် ကြည်လင်သာယာသော အသံလေးမှာ ယခုအခါတွင် အနည်းငယ် တိုးဝင်နေခဲ့သည်။

“ဝမ်ယန်၊” ဝူယွမ်က တိုးတိုးလေး ရေရွတ်လိုက်၏။ တစ်ဖက်လူထံမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ ဤသူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ဝူယွမ် သိမြင်နိုင်ပေသည်။

ဤသူကား ဝမ်ယန်ပင် ဖြစ်နေတော့၏။

၀မ်ယန်၏ အတိတ်ကဇာတ်လမ်းကို မသိသူများပင်လျှင် သူ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော အတိတ်သမိုင်းများ ရှိနေကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။

“သူက နည်းနည်းတော့ ထူးခြားပုံရတယ်၊ ယောင်းလင်းဆီကထက် ပိုပြီးပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေကို သူ့ဆီကနေ ငါခံစားနေရတယ်၊” ဝူယွမ်က ပြောလိုက်သည်။

ယင်းဟွမ်ဟွမ်သည် သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး တီးတိုးပြောပြလိုက်လေသည်။

“ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကလည်း ဂိုဏ်းရဲ့ ၀ရမ်းစာရင်းထဲမှာ ပါဝင်နေလို့ပဲ၊ သူ့ရဲ့ အဆင့်က ယောင်းလင်းထက်တောင် မြင့်သေးတယ်၊ ၀ရမ်းစာရင်းရဲ့ အဆင့်နှစ်နေရာမှာ ရှိတယ်၊”

“ပြီးခဲ့တဲ့ ဂိုဏ်းပြိုင်ပွဲတုန်းက ယွမ်ဂိုဏ်းရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတဲ့ ငါတို့ရဲ့ ကောင်းကင်ခန်းမက ဂိုဏ်းတူအစ်မကြီးအကြောင်း ဟိုတစ်ခေါက်က ငါပြောပြဖူးတာကို နင်မှတ်မိသေးလား၊”

“အဲဒီ ဂိုဏ်းတူအစ်မကြီးက ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ရဲ့ အစ်မအရင်းလေ”

ယင်းဟွမ်ဟွမ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

ဤဂိုဏ်းတူအစ်ကိုကြီးကို မြင်တွေ့လိုက်ရခြင်းက သူမကို တောင်ဂိုဏ်း၏ အတိတ်က နာကျင်မှုများကို ပြန်လည်အမှတ်ရစေခဲ့၏။

ဂိုဏ်းတူအစ်မကြီး စတေးခံလိုက်ရမှုသည် တောင်ဂိုဏ်းတစ်ခုလုံးအတွက် အမြဲတစေ အနာရွတ်တစ်ခုအဖြစ် တည်ရှိနေခဲ့လေသည်။

ထိုဂိုဏ်းတူအစ်မကြီး သေဆုံးပြီးနောက် တောင်ဂိုဏ်းနှင့် ယွမ်ဂိုဏ်းတို့အကြား အမုန်းတရားများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး တွေ့ဆုံသည်နှင့် သတ်ဖြတ်ကြမည့် အခြေအနေအထိ ဆိုးရွားလာခဲ့သည်။

“အဲ့ဒီအချိန်တုန်းက ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကလည်း ငါတို့ ကောင်းကင်ခန်းမရဲ့ တပည့်တစ်ယောက်ပဲ၊ ဝါအရဆိုရင် သူက ငါ့အစ်မထက်တောင် ဝါစဉ်ပိုကြီးသေးတယ်”

“သေချာစဉ်းစားကြည့်မယ်ဆိုရင် အခုလက်ရှိ တောင်ဂိုဏ်းရဲ့ လူငယ်မျိုးဆက် တပည့်တွေထဲမှာ သူက ဝါအရင့်ဆုံးပဲ၊” ယင်းဟွမ်ဟွမ်က ဆက်ပြောလေသည်။

“ဂိုဏ်းတူအစ်မကြီး သေဆုံးပြီးတဲ့နောက်မှာ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က အကြီးအကျယ် ထိခိုက်သွားခဲ့တယ်၊ သူ့ရဲ့ စရိုက်ကလည်း လုံးဝကို ပြောင်းလဲသွားပြီး တခြားလူတစ်ယောက်လို ဖြစ်သွားခဲ့တယ်”

“ဒါ့အပြင် အဲဒီအချိန်တုန်းက အဖေက အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး ဂိုဏ်းတစ်ခုလုံးရဲ့ ဒေါသတွေနဲ့ လက်စားချေချင်တဲ့ ဆန္ဒတွေကို အတင်းအဓမ္မ ဖိနှိပ်ထားခဲ့ရတယ်၊”

“ဒါပေမယ့် အဲ့ဒီအချိန်က ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က အမုန်းတရားတွေ ဖုံးလွှမ်းနေပြီး အသိဉာဏ်ကင်းမဲ့နေပြီလေ၊ နောက်ပိုင်းကျတော့ သူက ကောင်စီခန်းမထဲကို ပြေးဝင်သွားပြီး အဖေ့ကိုတောင် ထိန်းမနိုင်သိမ်းမရ ဆဲဆိုကြိမ်းမောင်းခဲ့သေးတယ်၊”

“အဲ့ဒီနောက်ပိုင်း ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က တောင်ဂိုဏ်းမှာ နာရီဝက်လောက်ပဲ နေပြီး ထွက်သွားခဲ့တယ်၊ ဒီနှစ်တွေထဲမှာ သူ့အကြောင်း သတင်းတချို့ကို ငါတို့ တစ်ခါတလေပဲ ကြားရတော့တယ်”

“သူက အပြင်ဘက်မှာ ယွမ်ဂိုဏ်းရဲ့ တပည့်တွေကို လိုက်လံသတ်ဖြတ်နေခဲ့လို့ ယွမ်ဂိုဏ်းက သူ့ကို ၀ရမ်းထုတ်ထားတာ”

“သတ်ဖြတ်မှုတွေ အရမ်းများလွန်းခဲ့တယ်၊ သူက သူ့ကိုယ်သူ ၀ရမ်းစာရင်းရဲ့ ဒုတိယနေရာကို ရောက်အောင် လုပ်ခဲ့တာပဲ”

“တကယ်တော့ ဒီနှစ်တွေထဲမှာ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန် ယွမ်ဂိုဏ်းရဲ့ လိုက်လံသတ်ဖြတ်မှုတွေကနေ အသက်ရှင်နိုင်ခဲ့တာ အဖေက သူ့ကို လျှို့ဝှက်ကူညီပေးနေလို့ပဲ၊”

“ဒါပေမယ့် ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကတော့ ဒီအကြောင်းကို လုံးဝ သိမှာမဟုတ်ဘူး၊”

“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်အတွက် အဖေက အပြစ်မကင်းသလို ခံစားနေရတယ်၊ ငါတို့ တောင်ဂိုဏ်းတစ်ခုလုံးကလည်း အပြစ်ရှိသလို ခံစားနေရတယ်၊"

“ဂိုဏ်းတူအစ်မကြီးအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ ငါတို့မှာ လုံလောက်တဲ့ အင်အားမရှိခဲ့ဘူး၊”

“လူသိန်းနဲ့ချီရှိတဲ့ ဂိုဏ်းကြီးတစ်ခုလုံးအတွက် အဖေက အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ခဲ့ရတာ”

“ဒါအတွက် အဖေ့ကို အပြစ်တင်လို့မရဘူး၊ သူကိုယ်တိုင်လည်း နာကျင်နေခဲ့ရတာပဲ”

ယင်းဟွမ်ဟွမ်၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံနေခဲ့သည်။ ဂိုဏ်းအပေါ်ထားရှိသော သူမ၏ ချစ်မြတ်နိုးမှုမှာ ဤအချိန်တွင် အထင်အရှား ပေါ်လွင်နေခဲ့၏။

သူမသည် ယွမ်ဂိုဏ်းကို အလွန်တရာ မုန်းတီးနေခဲ့လေသည်။ သူမ၏ ဖခင်မှာလည်း အလွန်ခက်ခဲသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရသည်။

ကျိုးထုံကို ယွမ်ဂိုဏ်းက သတ်ဖြတ်ခဲ့စဉ်က ကျိုးထုံသည် ယင်းရွှမ်းဇီ၏ တိုက်ရိုက်အဓိကတပည့် တစ်ဦးဖြစ်ခဲ့၏။

ထိုအချိန်က ယင်းရွှမ်းဇီ၏ ဒေါသနှင့် ဝမ်းနည်းကြေကွဲမှုများကို တွေးကြည့်ရုံမျှဖြင့် သိနိုင်သော်လည်း ဂိုဏ်းတစ်ခုလုံးကို မထိခိုက်စေရန်အတွက် လက်စားချေလိုသည့် အတွေးများကို အတင်းအဓမ္မ ဖိနှိပ်ထားခဲ့ရလေသည်။

ယွမ်ဂိုဏ်းသည် အလွန်အမင်း အားကောင်းလွန်းလှသည်။ တောင်ဂိုဏ်းအနေဖြင့် ယွမ်ဂိုဏ်းကို တိုက်ခိုက်မည်ဆိုပါက ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားရုံသာ အဖတ်တင်ပေလိမ့်မည်။

“ဒါဆို အခု သူက ဘာအတွက်ပြန်လာတာလဲ... ခန်းမစစ်ဆေးပွဲအတွက်လား၊ ဒါမှမဟုတ် ဂိုဏ်းပြိုင်ပွဲအတွက်လား၊” ဝူယွမ်က မေးလိုက်၏။

ယင်းဟွမ်ဟွမ်က ပြန်လည်ဖြေကြားလိုက်လေသည်။ “တောင်ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ခန်းမစစ်ဆေးပွဲမှာ ပထမရတဲ့သူက ဂိုဏ်းပြိုင်ပွဲမှာ ပါဝင်မယ့် တပည့်တွေကို ဦးဆောင်ခွင့် ရလိမ့်မယ်၊”

“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန် အခုပြန်လာတာက ဂိုဏ်းပြိုင်ပွဲမှာ တောင်ဂိုဏ်းရဲ့ အင်အားကိုသုံးပြီး ယွမ်ဂိုဏ်းကို လက်စားချေဖို့ ဖြစ်နိုင်တယ်၊”

ဝမ်ယန်သာ အဖွဲ့ကို ဦးဆောင်မည်ဆိုပါက မည်သို့ဖြစ်လာမည်ကို သူမ၏ မသိစိတ်မှ ပုံဖော်ကြည့်မိသွား၏။

“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ရဲ့ စရိုက်က ခေါင်းမာပြီး အေးစက်လွန်းတယ်၊ သူသာ သူ့သဘောအတိုင်း လုပ်မယ်ဆိုရင် ယွမ်ဂိုဏ်းရဲ့ တပည့်တွေကို သတ်ဖြတ်ဖို့ကိုပဲ ဦးစားပေးလိမ့်မယ်၊”

“အဲဒီလိုသာဆိုရင် တောင်ဂိုဏ်းက တပည့်တွေအတွက် ပိုပြီး ကြီးမားတဲ့ သေကျေပျက်စီးမှုတွေကိုပဲ ဖြစ်စေလိမ့်မယ်”

“သူ အဲဒီလိုလုပ်တာကလည်း နားလည်ပေးလို့ ရနိုင်ပါတယ်...” ဝူယွမ် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေသည်။

သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ကိုယ်တိုင်မခံစားဖူးဘဲနှင့် အခြားသူများကို ကြင်နာတတ်ရန် မတိုက်တွန်းသင့်ပေ။ ဝမ်ယန်သည် သူ၏ အစ်မကို ဆုံးရှုံးခဲ့ရပြီး ထိုကဲ့သို့သော နာကျင်မှုကို သူတစ်ဦးတည်းသာ နားလည်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူ၏ မည်သည့် အစွန်းရောက် လုပ်ရပ်များကိုမဆို ဝူယွမ် နားလည်ပေးနိုင်ခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင် စာနာမှုနှင့်အတူ မိမိ၏ ပန်းတိုင်ဆီသို့ ခိုင်မာစွာ လျှောက်လှမ်းလိုသည့် စိတ်ဓာတ်များလည်း ထင်ဟပ်လာခဲ့၏။

အခန်း (၂၄၀) - ဝမ်ယန် ပြန်လည်ရောက်ရှိလာခြင်း၊ ခန်းမစစ်ဆေးပွဲ စတင်ပြီ(၂)

ယခုအခါတွင် ယင်းဟွမ်ဟွမ်သည် သူမ၏ ဖခင်ကို အလွန်နားလည်ပေးနိုင်ပုံရသော်ငြား ထိုဖြစ်ရပ်များက သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်း မဟုတ်သောကြောင့်သာ ဖြစ်သည်။

အကယ်၍ သေဆုံးသွားခဲ့သူမှာ သူမ၏ အစ်မအရင်းသာ ဖြစ်နေမည်ဆိုပါက ဤမျှ ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်မည် မဟုတ်ပေ။

မူရင်းဇာတ်လမ်းအရ နောက်ပိုင်းတွင် လင်းတုန်သည် ကျိုးထုံ၊ ဝမ်ယန်တို့နှင့် ဆင်တူသော အခြေအနေများကို ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်ကလည်း ယင်းရွှမ်းဇီသည် တောင်ဂိုဏ်းအတွက် လင်းတုန်ကို မကယ်တင်နိုင်ခဲ့ပေ။

ထိုကိစ္စကြောင့် ယင်းဟွမ်ဟွမ်သည် အေးစက်သွားခဲ့ပြီး သူမ၏ ဖခင်ဖြစ်သူနှင့် စကားမပြောတော့ပေ။ ထို့ကြောင့် သားကောင်ဖြစ်ခဲ့ရသူများအတွက် နားလည်ပေးခြင်း သို့မဟုတ် နားမလည်ပေးခြင်း ဟူသည် မရှိနိုင်ပေ။

ကျိုးထုံ၊ ဝမ်ယန်၊ လင်းတုန်နှင့် ယင်းရွှမ်းဇီတို့သည်လည်း မှားယွင်းခဲ့ခြင်း မရှိပေ။ သို့သော် အဆုံးတွင်တော့ အရာအားလုံးကို ထမ်းပိုးခဲ့ရသူမှာ ယင်းရွှမ်းဇီပင် ဖြစ်သည်။

သူသည် လူသိန်းပေါင်းများစွာအတွက် လူအနည်းငယ်ကို စွန့်လွှတ်ခဲ့ရပေသည်။

“ဝူယွမ်၊ နင် ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကို တားဆီးရမယ်၊ သူ့ကို အဖွဲ့ကို ဦးဆောင်ခွင့် ပေးလို့မဖြစ်ဘူး၊” ယင်းဟွမ်ဟွမ်က လေးနက်စွာ တောင်းဆိုလိုက်လေသည်။

သို့သော် ဟုန်ယာတုန်မှ ဆန်းကြယ်ရှင်ခြင်းအဆင့် အကြီးအကဲကို ဝူယွမ် မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို သူမ ပြန်လည်သတိရသွား၏။

ဆန်းကြယ်ရှင်ခြင်းအဆင့် အကြီးအကဲပင်လျှင် ဝူယွမ်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်သည် ယခုမှ ကိုးယွမ် နိဗ္ဗာန်အဆင့်တွင်သာ ရှိသေးသောကြောင့် ဝူယွမ်ထံမှ ခေါင်းဆောင်နေရာကို လုယူနိုင်မည် မဟုတ်ကြောင်း သူမ တွေးမိလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ တာဝန်ယူပါတယ်၊” ဝူယွမ်က ယင်းဟွမ်ဟွမ် စိတ်ချစေရန် သူမ၏ ပခုံးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်လေသည်။

“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က အရင်တုန်းက ငါ့ကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးခဲ့တယ်၊ ငါ သူ့ကို သွားတွေ့ချင်တယ်၊ ဝူယွမ်၊ ငါနဲ့အတူ လိုက်ခဲ့ပေးပါ၊” ယင်းဟွမ်ဟွမ်က တောင်းဆိုလိုက်၏။

ဝမ်ယန်ကို ရင်ဆိုင်ရန် သူမ အနည်းငယ် ကြောက်ရွံ့နေသော်ငြား ယခုအခါ တောင်ဂိုဏ်း၏ တပည့်များသည် ဝမ်ယန်ကို သိသိသာသာ ကြောက်ရွံ့နေကြပြီး မည်သူမျှ သူ့ကို စကားသွားမပြောရဲကြပေ။

ဤသည်က ဝမ်ယန်ကို တောင်ဂိုဏ်းနှင့် ပိုမိုစိမ်းကားသွားစေနိုင်သည်။

တောင်ဂိုဏ်းသည် ဝမ်မောင်နှမအပေါ် တစ်ကြိမ် တာဝန်ပျက်ကွက်ခဲ့ပြီးပြီဖြစ်ရာ ဝမ်ယန်ကို တောင်ဂိုဏ်းအပေါ် ထပ်မံ စိတ်ပျက်သွားမည်ကို ယင်းဟွမ်ဟွမ် မလိုလားခဲ့ပေ။

“ကောင်းပြီ၊ သွားကြတာပေါ့၊” ဝူယွမ်က သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် သူနှင့် ယင်းဟွမ်ဟွမ်တို့သည် အတူတကွ အောက်သို့ ပျံသန်းဆင်းသက်သွားကြ၏။

ဝမ်ယန်၏ အရှေ့သို့ သူတို့ ရောက်ရှိသွားသောအခါ ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး တိတ်ဆိတ်သွားကြပြီး လေထုမှာလည်း ချက်ချင်းပင် ခဲအေးသွားသည့်အလား ဖြစ်သွားတော့သည်။

အနည်းငယ် ကြောက်ရွံ့နေသော ယင်းဟွမ်ဟွမ်သည် ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်မိပြီး ဝူယွမ်၏ အနောက်ဘက်တွင် ရပ်နေလိုက်လေသည်။

ဤသည်က ဝူယွမ်နှင့် ဝမ်ယန်တို့ကို ချက်ချင်းပင် မျက်နှာချင်းဆိုင် ဖြစ်သွားစေခဲ့၏။

ဟူး...

ပတ်ဝန်းကျင်ရှိ တပည့်များ၏ အသက်ရှူသံများ လေးလံလာခဲ့သည်။

သူတို့နှစ်ဦးထဲမှ တစ်ဦးမှာ တစ်ချိန်က ကောင်းကင်ခန်းမ၏ ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ အရှေ့ဘက် ရွှမ်ဒေသတွင် ကြောက်မက်ဖွယ်ကောင်းသော၊ နာမည်ဆိုးဖြင့် ကျော်ကြားသော ဂုဏ်သတင်းကို တည်ဆောက်ထားနိုင်သူဖြစ်ကာ...

အခြားတစ်ဦးမှာမူ တောင်ဂိုဏ်းအတွင်း ထွန်းတောက်လာသော ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်သော ထူးခြားဆန်းကြယ်သူတစ်ဦး ဖြစ်ပေသည်။

ဝမ်ယန်သည် ခြေလှမ်းများ ရပ်တန့်သွားကာ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သည်။

သူ၏ အာရုံစူးစိုက်မှုနှင့် အသက်ကင်းမဲ့နေဟန်ရသော မျက်လုံးများထဲတွင် ဝူယွမ်ကို စိုက်ကြည့်နေစဉ် အေးစက်မှုများသာ ကျန်ရစ်နေလေသည်။

သူ၏ မျက်နှာထားမှာ တည်ကြည်အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မပေါ်လွင်နေပေ။ သူ၏ ထုံထိုင်းနေသော မျက်လုံးများက ၀ူယွမ်ဘေးရှိ ယင်းဟွမ်ဟွမ်ကို ခဏတာမျှ အကဲခတ်ကြည့်လိုက်ပြီး အတွေးထဲတွင် နစ်မြောသွားပုံရ၏။

နောက်တစ်ခဏတွင် သူသည် ဝူယွမ်ကို ထပ်မံ စိုက်ကြည့်လိုက်ပြီးနောက် သွေးနံ့များ ပြည့်နှက်နေသော ကြီးမားကျယ်ပြန့်သည့် အရှိန်အဝါတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

ဝမ်ယန်၏ အရှိန်အဝါထဲတွင် သေရေးရှင်ရေး တိုက်ပွဲမျိုးစုံကို ဖြတ်သန်းပြီးမှ ရရှိလာသည့် ပြတ်သားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

ဂိုဏ်းအတွင်း၌သာ မကြာခဏ ကျင့်ကြံလေ့ရှိသော တပည့်အချို့အတွက်မူ ၀မ်ယန်သည် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်သည်မှာ သေချာလှပေသည်။

ထို့ကြောင့် ယင်းဟွမ်ဟွမ် အပါအဝင် ပတ်ဝန်းကျင်ရှိ တပည့်အချို့၏ မျက်နှာများမှာ ဤအချိန်တွင် သိသိသာသာ ဖြူလျော့သွားခဲ့ကြသည်။

သို့သော် ဝူယွမ်မှာမူ လုံးဝ မတုန်လှုပ်ခဲ့ပေ။ အမှန်တကယ်တော့ ဤကြမ်းတမ်းသော အရှိန်အဝါက သူ၏ သွေးကြောများကို လှုပ်ရှားလာစေရန် ဆွပေးနေသကဲ့သို့ပင် ရှိနေ၏။

ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုက ဝမ်ယန်၏ သတ်ဖြတ်လိုသော အရှိန်အဝါများကို အလွယ်တကူပင် အချည်းနှီး ဖြစ်သွားစေခဲ့သည်။

ဝမ်ယန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သူသည် အပြင်လောကတွင် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ လှုပ်ရှားခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို သာမန်တပည့်များမှာ လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ၏ အမြင်တွင် ယင်းရှောင်ရှောင်ကဲ့သို့ တိုက်ရိုက်အဓိကတပည့်များပင် သူ၏ အရှေ့တွင် ဤမျှ တည်ငြိမ်စွာ ရပ်တည်နိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ဤလူငယ်လေး၏ မျက်ဝန်းများထဲတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းဖြစ်လိုသော ကြီးမားသည့် ရည်မှန်းချက်များကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

လေထုမှာ ပိုမိုတင်းမာလာသည်ကို မြင်သောအခါ ယင်းဟွမ်ဟွမ်က အလျင်အမြန်ပင် ဝင်ပြောလိုက်လေသည်။ “ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်၊ သူက ဝူယွမ်တဲ့၊ ကျွန်မတို့ရဲ့ တောင်ဂိုဏ်း လေပြင်းခန်းမက တပည့်တစ်ယောက်ပါ၊ သူ ဂိုဏ်းကို ဝင်လာတာ တစ်နှစ်တောင် မပြည့်သေးပါဘူး၊”

“ဝူယွမ်၊” ထိုအမည်ကို ကြားလိုက်ရချိန်တွင် ဝမ်ယန်၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူ၏ အကြည့်များက ဝူယွမ်၏ မျက်နှာပေါ်တွင် ရပ်တန့်သွားပြီး အက်ကွဲနေသော အသံဖြင့် မေးမြန်းလိုက်လေသည်။

“ယောင်းလင်းကို သတ်၊ နတ်ဆိုးအမှတ်အသား အဖွဲ့ကို ဖျက်ဆီးပစ်ပြီးတော့ ချင်ထျန်းကို ဖမ်းဆီးခဲ့တဲ့ အဲဒီ ဝူယွမ်ဆိုတာ မင်းလား”

“ဟုတ်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်... ကျွန်တော်ပါပဲ၊” ဝူယွမ်က ခေါင်းညိတ်ပြကာ လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးလိုက်သည်။

ဝမ်ယန်သည် ဂိုဏ်းပေါင်းစုံ ၀ရမ်းစာရင်းဝင် တစ်ဦးဖြစ်သောကြောင့် ဤကိစ္စကို သူကြားဖူးနေသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

ဝမ်ယန်က ပြောလိုက်လေသည်။ “ငါ ယောင်းလင်းကို နှစ်လလောက် လိုက်လံဖမ်းဆီးခဲ့ဖူးတယ်၊ ဒါပေမယ့် သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်၊ နောက်ဆုံးကျတော့ မင်းလက်ထဲမှာ ကျဆုံးသွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး...”

“တောင်ဂိုဏ်းက ဒီတစ်ကြိမ်မှာ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ၊”

“ဒါပေမယ့် ငါ ဂိုဏ်းကို ဘာကြောင့် ပြန်လာခဲ့တယ်ဆိုတာကို မင်း သိထားသင့်တယ်၊ တကယ်လို့ မင်းက ငါ့ကို တားဆီးဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဘာမှ ဆက်ပြောနေစရာ မလိုတော့ဘူး...”

“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်၊ ဒါပေမယ့် အဲ့လိုသာဆိုရင်တော့...” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းဖူးဖူးလေးကို ခပ်တင်းတင်းစေ့ကာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဝမ်ယန်ကို တစ်လှည့်၊ ဝူယွမ်ကို တစ်လှည့် ကြည့်ရင်း စကားပြောရန် တုံ့ဆိုင်းနေခဲ့လေသည်။

ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန် ဤမျှ နာကျင်ခံစားနေရသည်ကို သူမ မမြင်တွေ့လိုခဲ့ပေ။

ဤသို့သော အခြေအနေမျိုးဖြင့် သူသည် လွန်ခဲ့သော ကာလများတစ်လျှောက်လုံး အမုန်းတရားများကြားတွင်သာ ခါးသီးစွာ ရှင်သန်နေထိုင်ခဲ့ရမည်မှာ အသေအချာပင် ဖြစ်၏။

သို့သော်ငြား ထိုအမုန်းတရားများကြောင့် နောက်ထပ် တောင်ဂိုဏ်း၏ တပည့်များ အသက်ဆုံးရှုံးရမည့် အဖြစ်မျိုးကိုလည်း သူမ အဖြစ်မခံနိုင်ပေ။

သူမ၏ ရင်ထဲတွင် ဂိုဏ်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လိုသော ခိုင်မာသည့် ဆန္ဒများက နက်ရှိုင်းစွာ ကိန်းအောင်းနေခဲ့သည်။

“ငါ့ရင်ထဲက ရည်မှန်းချက်တွေ အောင်မြင်ပြီးသွားတဲ့အခါ တောင်ဂိုဏ်းကို ငါ့အသက်နဲ့ ပြန်လည်ပေးဆပ်သွားပါ့မယ်...”

ဝမ်ယန်၏ ညို့မှိုင်းနေသော မျက်ဝန်းများက ယင်းဟွမ်ဟွမ်ထံသို့ ကျရောက်သွားပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ဆိုလိုက်လေသည်။

ထို့နောက် သူ၏ အကြည့်များက ဝူယွမ်ထံသို့ ရွှေ့လျားသွားကာ “မင်းက ယောင်းလင်းကို သတ်နိုင်ခဲ့တယ်ဆိုတော့ မင်းရဲ့ စွမ်းအားက မနိမ့်ကျဘူးဆိုတာကို သက်သေပြနေတာပဲ၊ တကယ်လို့ မင်းက ငါ့ကို တားဆီးချင်တယ်ဆိုရင် မင်းက ငါ့ထက် ပိုသန်မာနေမှပဲ ရလိမ့်မယ်”

“ဒါပေမယ့် ငါက သေဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားမို့လို့ မင်းမှာ အဲ့လောက် စွမ်းအားတွေ ရှိနေရင်တောင် ငါ့ကို အနိုင်ရဖို့ဆိုတာ သေချာမှာတော့ မဟုတ်သေးဘူး...”

ဝူယွမ်က ခေါင်းယမ်းပြလိုက်ပြီး “ကျွန်တော်က ခင်ဗျားကို တားဆီးဖို့ လုံးဝမရည်ရွယ်ထားခဲ့ပေ တကယ်လို့ ကျွန်တော်သာ ခင်ဗျားရဲ့ အခြေအနေမျိုးမှာဆိုရင် ခင်ဗျားလိုပဲ လုပ်မိမှာပါ”

“ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုဆိုးရွားတဲ့ လုပ်ရပ်မျိုးကို လုပ်မိနိုင်တယ်၊ ဒါပေမယ့် သေချာတာကတော့ ခင်ဗျားကို တားဆီးဖို့အတွက် ကျွန်တော့်ဘက်က အစွမ်းကုန် ကြိုးစားသွားရမှာပဲ...”

“လူတိုင်းမှာ သူတို့ မှန်ကန်တယ်လို့ ယုံကြည်ထားတဲ့ ရွေးချယ်မှုတွေ ရှိကြတယ်၊ ဒါပေမယ့် လူတိုင်းရဲ့ ရွေးချယ်မှုတွေက ထပ်တူကျနေမှာတော့ မဟုတ်ဘူးလေ”

“ကိုယ့်ရဲ့ စွမ်းအားတွေနဲ့ ကိုယ်ယုံကြည်ရာကိုပဲ အစွမ်းကုန် ကြိုးစားကြတာပေါ့...”

သူ၏ မျက်ဝန်းများထဲတွင် သိုင်းပညာလမ်းစဉ်၌ အမြင့်မားဆုံး နေရာအထိ တက်လှမ်းလိုသည့် ပြင်းပြသော ရည်မှန်းချက်များက တောက်ပနေခဲ့သည်။

ဝမ်ယန်သည် ဝူယွမ်ကို စူးရှစွာဖြင့် နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့နှစ်ဦးကို ကျော်ကာ ခပ်လှမ်းလှမ်းဆီသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့လေသည်။

သူ၏ ကျောပြင်မှာ အထီးကျန်ဆန်မှုများနှင့်အတူ သွေးအေးရက်စက်သော အရိပ်အယောင်များ ရောယှက်နေခဲ့၏။

နောက်ရက်အနည်းငယ်အတွင်းမှာပင် ဝမ်ယန် ပြန်လည်ရောက်ရှိလာသည့် သတင်းက တောင်ဂိုဏ်းတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး အတော်လေး ဂယက်ရိုက်သွားစေခဲ့သည်။

အသစ်ဝင်ရောက်လာသော တပည့်အချို့မှာ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်၏ အကြောင်းကို သိပ်မသိကြသေးသော်ငြား သူသည် ဂိုဏ်း၏ ၀ရမ်းစာရင်း၌ အဆင့်နှစ်နေရာတွင် ရှိနေကြောင်းကို သိလိုက်ရသောအခါ အားလုံးမှာ အံ့သြမှင်တက်သွားခဲ့ကြရလေသည်။

ဝမ်ယန် မည်မျှအထိ တိုးတက်လာခဲ့သည်ကို မည်သူမျှ တပ်အပ်မသိနိုင်ကြသော်လည်း သူ၏ စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေမည်မှာ အသေအချာပင် ဖြစ်သည်။

ဝူယွမ်၏ အရင်က အထင်ကြီးဖွယ် အောင်မြင်မှုများကြောင့် လူအများစုက သူ့ကို ပို၍ မျက်နှာသာပေးခဲ့ကြသော်လည်း သူတို့နှစ်ဦးကြားရှိ အစစ်အမှန် အောင်နိုင်သူကိုမူ တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီးမှသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ဝူယွမ် ရုတ်ခြည်း ထွန်းတောက်လာမှုနှင့် ဝမ်ယန် ပြန်လည်ရောက်ရှိလာမှုတို့က ယခုနှစ်၏ ခန်းမစစ်ဆေးပွဲကြီးကို မျှော်လင့်ချက်များစွာဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ဤကဲ့သို့သော လေထုအခြေအနေအောက်တွင် အချိန်ကာလမဖားသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး တောင်ဂိုဏ်းအတွင်းရှိ ပြင်းပြတက်ကြွနေသော စိတ်ခံစားမှုများကလည်း တဖြည်းဖြည်း ကြီးထွားလာကာ နောက်ဆုံးရက်တွင်တော့ အမြင့်ဆုံး ကန့်သတ်ချက်အထိ ရောက်ရှိသွားခဲ့လေတော့သည်။

တံခါးပိတ် ကျင့်ကြံနေခဲ့ကြသော တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများ၏ ထောက်ပံ့မှုကြောင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ များစွာ တိုးတက်လာခဲ့ပြီး ဤခန်းမစစ်ဆေးပွဲအတွက် ယုံကြည်မှုများဖြင့် ပြည့်လျှံနေကြလေသည်။

သူတို့တစ်ဦးချင်းစီ၏ ရင်ထဲတွင်လည်း ခန်းမစစ်ဆေးပွဲတွင် အမြင့်မားဆုံးသော ရလဒ်များကို ဆွတ်ခူးရယူလိုသည့် ရည်မှန်းချက်များ ကိုယ်စီ ရှိနေကြ၏။

နောက်ဆုံးတွင်တော့ အားလုံး မျှော်လင့်စောင့်စားနေခဲ့ကြသော ခန်းမစစ်ဆေးပွဲ အချိန်ကာလသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

ခန်းမစစ်ဆေးပွဲသည် တောင်ဂိုဏ်း၏ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး တောင်ဂိုဏ်းတစ်ခုလုံးရှိ အကြီးအကဲများမှစ၍ သာမန်တပည့်များအထိ အားလုံးက အလွန်တရာ အလေးထားကြလေသည်။

ခန်းမစစ်ဆေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တပည့်အရေအတွက်မှာ အလွန်များပြားလှသောကြောင့် ပြိုင်ပွဲကို အဆုံးမဲ့ ရှည်လျားစွာ တန်းစီနေသော တောင်တန်းကြီးများ တည်ရှိရာ တောင်ဂိုဏ်း၏ အလယ်ဗဟိုတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုတောင်တန်းကြီး၏ အတွင်းဘက်တွင်တော့ တိမ်လွှာများကို ထိုးဖောက်သွားနိုင်လောက်အောင် မားမားမတ်မတ် ရပ်တည်နေကြသည့် ဧရာမတောင်ထွတ်ကြီးများ ရှိနေ၏။

မြူခိုးများ ဖုံးလွှမ်းနေမှုကြောင့် ထိုနေရာသည် နတ်ဘုံနတ်နန်းတစ်ခုဟု အမှတ်မှားဖွယ်ရာ ကောင်းလှပေသည်။

လေပြေလေညင်းများက မြူခိုးများကို သယ်ဆောင်တိုက်ခတ်လာတိုင်း အေးစိမ့်သော ခံစားချက်နှင့်အတူ သဘာဝ၏ လတ်ဆတ်သော ရနံ့တို့ကိုပါ ခံစားရစေသည်။

ဤတောင်တန်းကြီးအတွင်း ဆက်စပ်နေသော ဧရာမတောင်ထွတ်ကြီးများတွင် ပြိုင်ပွဲကျင်းပရာ နေရာများစွာ ရှိနေသော်လည်း ယေဘုယျအားဖြင့် အားလုံး၏ အာရုံကို အမှန်တကယ် ဖမ်းစားနိုင်ခဲ့သည်မှာ အလယ်ဗဟိုရှိ အကြီးမားဆုံးသော တောင်ထွတ်ကြီးပင် ဖြစ်လေသည်။

ခန်းမလေးခုမှ တိုက်ရိုက်တပည့်များနှင့် ၎င်းအထက် အဆင့်ရှိသူများ၏ ပြိုင်ပွဲများအားလုံးကို ဤနေရာတွင်သာ ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ဤတောင်ထွတ်ကြီး၏ လူကြိုက်များမှုမှာ အခြားသော ဧရာမတောင်ထွတ်ကြီးများထက် များစွာ သာလွန်နေခဲ့သည်။

လူအများ၏ မျှော်လင့်တကြီး စောင့်ကြည့်နေကြသည့် အကြည့်များကြားတွင် ဝူယွမ်၊ ဝမ်ယန်၊ ယင်းရှောင်ရှောင်နှင့် အခြား တိုက်ရိုက်အဓိကတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် အစဉ်လိုက် ထွက်ပေါ်လာခဲ့ကြလေတော့သည်။

All Chapters