သုံးဦးသား ခရီးဆက်ခြင်း
Vol. 9 Ch. 855
ပိုင်ရှောင်ချန်းသည် ပိန်လှီကာ ဖရိုဖရဲဖြစ်နေသော နတ်ဆရာကိုကြည့်ကာ လွန်စွာ စာနာသနားသွားသည်။ တချိန်ထဲမှာပင် အမျိုးသမီးကြီးစိုးသော ဤလူမျိုးစုမှ လူ့ဘီလူးအမျိုးသမီးများကို သခင်မလေးဟုန်ချိန်နှင့် နှိုင်းယှဥ်မိလိုက်တော့သည်။
ထိုအခါတွင် သူသည် ရုတ်တရက် စိတ်ချမ်းမြေ့သွားတော့သည်။
သို့သော် သူ၏မျက်နှာပေါ်တွင်မူ ထိုအမူအရာကို မပေါ်စေပေ။ သူ၏ စာနာသနားနေသော အမူအရာသာ ပို၍ပေါ်လွင်လာစေတော့သည်။ ထို့နောက် စုန့်ချွဲနှင့် နတ်ဆရာတို့အားခေါ်၍ ထိုလူမျိုးစုမှ ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းသည် ဆေးလုံးများအသုံးပြု၍ နတ်ဆရာပေါ်တွင် တပ်ဆင်ထားသည့် အချုပ်အနှောင် မန္တန်တော်များကို ပယ်ရှားလိုက်ပြီး ဒဏ်ရာဗလပွနှင့် အားအင်ချည့်နဲ့နေသည့် အခြေအနေမှ ပြန်၍ကောင်းမွန်လာစေရန် ကူညီပေးလိုက်သည်။ ထို့ကြောင့် နတ်ဆရာ၏မျက်နှာတွင် တဖြည်းဖြည်းနှင့် သွေးရောင်များပြန်သန်းလာပြီး ဒုက္ခတောထဲမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိလိုက်ရ၍ သူ၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများပြည့်နှက်သွားတော့သည်။
သူ၏ခန္ဓာထဲသို့ အသက်တစ်ချောင်း အသစ်တစ်ဖန် ပြန်လည် ဝင်ရောက်သွားသည့်အလား။ သူ စိတ်နှလုံးချမ်းမြေ့သွားပြီး သူ၏အမြင်တွင် ကောင်းကင်ကြီးမှာ ယခင်ကထက် ပို၍ပြာလဲ့နေပြီး နေလုံးကြီးမှာလည်း ယခင်ကထက်ပင် ပို၍သာနေတော့သည်။ အရာရာတိုင်းမှာ အဆင်ပြေနေ၏။ သို့သော် ထိုအဆင်ပြေနေမှုမှာ နာရီအနည်းငယ်မျှသာ ခံလိုက်သည်။ ထိုအမျိုးသမီးကြီးစိုးသော လူမျိုးစု၏ အဝေးတစ်နေရာသို့ သူတို့သုံးယောက်ရောက်သွားသောအခါ ပိုင်ရှောင်ချန်းမှာ စကားစပြောလိုက်တော့သည်။
" နတ်ဆရာရေ။ မင်းတော်တော်ကို အခြေအနေဆိုးဆိုး ဖြစ်သွားခဲ့တာပါလား။ အိမ်း မင်းနဲ့မတွေ့ခင်တုံးက ချွဲအာဖြစ်ရပ်က အဆိုးဆုံးလို့ ထင်ထားတာ။ တကယ်တမ်းက မင်းဖြစ်ရပ်က အဆိုးဆုံးပါလား "
သူက သက်ပြင်းချကာ ဆိုလိုက်သောအခါ စုန့်ချွဲမှာ စိတ်ထဲတွင် အေးစက်စက်နှင့် နှာမှုတ်လိုက်ပြီး ပိုင်ရှောင်ချန်းမှာ နတ်ဆရာအား ကြွားလုံးထုတ်တော့မည်ဟု ထင်သွားလေသည်။
သူ၏ထင်မြင်ချက်မှာ ကွက်တိပင်ဖြစ်သည်။ သို့သော် နာရီအနည်းငယ် ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ နတ်ဆရာသည် သူ့အား မြေရိုင်းဒေသထဲတွင် မည်သို့ အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်ကို မေးခွန်းမထုတ်သဖြင့် သည်းမခံနိုင်တော့ပေ။ သူ၏ စွန့်စားခန်းများကို ချီးမွမ်းမည့်သူမရှိသဖြင့် သူ၏စိတ်နှလုံးမှာ ယားကျိကျိဖြစ်နေရပြီး နတ်ဆရာ မေးခွန်းထုတ်မည့်အချိန်ကို စောင့်ဆိုင်းရင်း ဂနာမငြိမ်ဖြစ်လာတော့သည်။
ထိုအခါ နတ်ဆရာ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်ပေါက်လာသည်။ သူသည် ပိုင်ရှောင်ချန်းနှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသည်ဖြစ်သော်လည်း သူ့အကြောင်းကို နောကျေနေအောင်သိထားသူ တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူသည် စောစောက ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲတို့၏ ကျင့်ကြံခြင်းအခြေခံအား သေသေချာချာအကဲမခတ်မိခဲ့သော်လည်း ယခု စစ်ဆေးကြည့်လိုက်သောအခါ သူတို့၏ တိုးတက်မှုကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားရတော့သည်။ ထို့နောက် ရှင်းကုံကျစ်တာအိုဂိုဏ်းနှင့် မဟာတံတိုင်းပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်အမှတ်ရသွားသောအခါ စကားလမ်းကြောင်းလွှဲရန် ဆုံးဖြတ်လိုက်တော့သည်။
" အာ ငါ့ကို စိတ်မပူနဲ့။ နည်းနည်းလေး ကျင့်ကြံပြီးသွားရင် ပြန်ကောင်းသွားမှာ "
ထိုသို့ဆိုကာ သူသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်သည်။
နတ်ဆရာ၏သစ္စာမစောင့်သိမှုကြောင့် ပိုင်ရှောင်ချန်းမှာ မကျေမနပ်ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှသာ ကြွားလုံးထုတ်ချင်သည်ဖြစ်ပါသော်လည်း သူက မီးစဥ်ကြည့်ကရန် ငြင်းဆိုနေပေသည်။ ထို့ကြောင့် သူသည် ရုတ်တရက် ရွှီပေါက်ချိုင်ကို သတိရသွားတော့သည်။ ရွှီပေါက်ချိုင်ဆိုလျှင် သူနှင့်အတူလိုက်ပါပြောဆိုပြီး မီးစဥ်ကြည့်ကမည်မှာ အမှန်ပင်။
စုန့်ချွဲမှာမူ ပိုင်ရှောင်ချန်း၏ အမူအရာကြောင့် အလွန်ကျေနပ်နေတော့သည်။ အချိန်များကုန်ဆုံးသွားပြီး သူတို့သည် သေမင်းနွံတော အနားသို့ ရောက်ရှိလာတော့သည်။
တစ်ရက်တာခရီးသာကျန်တော့သည့် နောက်ဆုံးတွင် ပိုင်ရှောင်ချန်းအား ဂုဏ်ဆာခွင့် လုံးဝမပေးခဲ့သည့် နတ်ဆရာသည် မနေနိုင်တော့ပဲ မေးခွန်းတစ်ခုမေးလိုက်တော့သည်။
" အမ်၊ ငါတို့ဘယ်သွားနေတာတုံး "
ထိုမေးခွန်းကြောင့် စုန့်ချွဲမှာ ဒိန်းခနဲ ရင်ခုန်သွားတော့သည်။ သူသည် အဖြေချက်ချင်းပေးရန်ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။ သူက မတ်တတ်ထရပ်လိုက်ပြီး ကျယ်လောင်စွာ ဆိုလိုက်တော့သည်။
" ငါတို့က သေမင်းနွံတောဆီကို သွားနေတာကွ။ အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်မဲ့လမ်းလေ။ သေမင်းနွံတော ဆိုတာကို မင်းကြားဖူးလား။ အဲဒီနေရာက အရမ်းအန္တရာယ်များတာကွ။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူမပြောနဲ့ နတ်အဆင့်ကျင့်ကြံသူတွေတောင် အဲဒီထဲကို ခြေတစ်လှမ်း လှမ်းရဲတာမဟုတ်ဘူး "
" သေမင်းနွံတော ဟုတ်လား "
နတ်ဆရာမှာ မျက်လုံးပြုးကြီးများဖြင့် ဆိုလိုက်လေသည်။ သူသည် သေမင်းနွံတော အကြောင်းကြားဖူးထားသည်ဖြစ်၍ ပိုင်ရှောင်ချန်းမှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ကြောင်းကို သိသည်။ သူကြားဖူးခဲ့သည့် အရာများအရဆိုလျှင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများပင် ထိုအထဲသို့ ခြေမချရဲပေ။
၎င်းမှာ သက်ရှိများ မရှိသော တားမြစ်နယ်မြေတစ်ခုဖြစ်သည်။
" ဘာလို့ မဟာတံတိုင်းကိုပဲ မသွားတာလဲ " နတ်ဆရာမှာ တံတွေးမျိုချကာ မေးလိုက်သည်။ သူအကယ်တင်ခံရမည်ဖြစ်ကြောင်း နိမိတ်ဖတ်နိုင်ခဲ့သော်လည်း နောင်တွင် မည်သည့်အရာများဆက်ဖြစ်မည်ကိုမူ မသိခဲ့ရပေ။ သူ၏တစ်ဘဝလုံးစာအတွက် အကြီးမားဆုံးသော ဒုက္ခတွင်းကြီးထဲမှ လွတ်မြောက်ခဲ့ပြီးနောက် သူ၏ကံကြမ္မာကို စိုးရိမ်မိနေတော့သည်။
ဘေးနားတွင်မူ စုန့်ချွဲမှာ သက်ပြင်းချလိုက်တော့သည်။ ပိုင်ရှောင်ချန်းကြွားဝါတော့မည်ကို ယခုတွင် မည်သူမှ ရပ်နိုင်တော့မည်မဟုတ်ကြောင်း သူကသိလိုက်သည်။ သူထင်ထားသည့်အတိုင်းပင်။ နတ်ဆရာ၏နှုတ်မှ ထိုဒုတိယမြောက်မေးခွန်း ထွက်လာသည်နှင့် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ပို၍တောက်ပသွားတော့သည်။
" ဟားဟား။ မင်းက ကြားဖူးတာပဲကွ။ ကောင်းပြီ နတ်ဆရာရေ၊ ငါရှင်းပြတာနားထောင် "
သူ့ကိုယ်သူ အလွန်ကျေနပ်နေသည့် အမူအရာဖြင့် သူ၏အိတ်ကိုပုတ်လိုက်ပြီး အမိန့်ပေးဆွဲပြားတစ်ခုကိုထုတ်လိုက်လေသည်။
ထိုအခါမှသာ နတ်ဆရာ၏ မျက်ဝန်းများမှာ တစ်ခဏမျှ အသက်မဲ့သွားပြီး သူသည် ပိုင်ရှောင်ချန်းလိုချင်နေသည့် အခွင့်အရေးအား ပေးလိုက်မိပြီဖြစ်ကြောင်း ရိပ်မိသွားတော့သည်။
" ဒါကိုမြင်လား။ ဒီ အမိန့်ပေးဆွဲပြားနဲ့ဆိုရင် သေမင်းနွံတောကိုဘေးကင်းကင်းနဲ့ အလွယ်တကူကျော်ဖြတ်လို့ရတယ်။ "
ပိုင်ရှောင်ချန်းမှာ သူ၏မျက်ခုံးများကို စိတ်လှုပ်ရှားစွာဖြင့် ပင့်လိုက်၊ကြုတ်လိုက် လုပ်၍ နတ်ဆရာ၏မျက်နှာရှေ့တွင် အမိန့်ပေးဆွဲပြားကို ဝှေ့ယမ်းလိုက်သည်။
" မင်းဘာတွေးနေသလဲဆိုတာ ငါသိတယ်။ ဒီ ဆွဲပြားက ဘာလဲဆိုတာ သိချင်နေတာမလား။ ငါဘယ်လိုရခဲ့သလဲဆိုတာကိုရော သိချင်နေတာမလား။ ဇာတ်လမ်းကတော့ အရှည်ကြီးကွ။ ဒါပေမဲ့ ငါတို့မှာ အချိန်အများကြီးရှိပါတယ်ကွ။ အသေးစိတ်ရှင်းပြမယ်။ ငါတို့အားလုံး မြေရိုင်းဒေသထဲကို တည်နေရာရွှေ့ပြောင်းခံလိုက်ရတဲ့အချိန်ကနေ စခဲ့တာပဲ "
ပိုင်ရှောင်ချန်းမှာ နောက်နေ့တစ်ရက်လုံးကို သူ၏ စွန့်စားခန်းများအား အသေးစိတ်ရှင်းပြီး သူရရှိခဲ့သည့် ရာထူးအာဏာနှင့် အဆင့်အတန်းများကို ပုံကြီးချဲ့ပြောဆိုကာ ကုန်ဆုံးစေလိုက်တော့သည်။
အစပိုင်းတွင် နတ်ဆရာမှာ နောင်တကြီးစွာနှင့် သက်ပြင်းချနေလေ၏။ သို့သော် ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်အား ပြန်ပေးဆွဲခဲ့သည့် နေရာသို့ရောက်သွားသောအခါ သူ၏မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ထွက်ကျလုမတတ် ပြူးကျယ်သွားတော့သည်။ ထို့အပြင် နောက်ဆုံးတွင် သရဲကြီးဘုရင်အား ပြန်ပေးဆွဲသည့်အချင်းအရာမှာ အခြားသော ဇာတ်လမ်းများနှင့်ယှဥ်လိုက်ပါ စာမဖွဲ့လောက်သည်ကိုပါ သိလိုက်ရတော့သည်။
" မြေရိုင်းဒေသက လက်ရွေးစင်အကုန်လုံးကို မင်းပြန်ပေးဆွဲခဲ့တာ ဟုတ်လား။ ပြီးတော့ သရဲကြီးဘုရင်ကရော မင်းကို သခင်မလေးဟုန်ချိန်နဲ့ လက်ဆပ်ပေးခဲ့တာ၊ ဟုတ်လား "
" ဗဟိုဧကရာဇ်မင်းဆက်ရဲ့ အမှုဆောင်အရာရှိဖြစ်ခဲ့တာ ဟုတ်လား။ ပြီးတော့ မရေမတွက်နိုင်လောက်အောင် ငွေညှစ်ခဲ့တာဟုတ်လား "
" မဟာကောင်းကင်သခင်ကို ဘုံဝါဒ တည်မြဲအောင်လုပ်ရာမှာရော မင်းက ကူညီပေးခဲ့တာ ဟုတ်လား "
" မင်း... ဘုရားရေ။ မင်းနောက်နေတာမဟုတ်ပါဘူးနော်။ မင်းရဲ့တပည့်က ငရဲဧကရာဇ် ဟုတ်လား "
နတ်ဆရာမှာ အလွန်တုန်ရီနေပြီဖြစ်ပြီး သူကြားနေရသည့်စကားများကို မယုံကြည်နိုင်တော့ပေ။ ထိုဇာတ်လမ်းမှာ လုံးဝ ယုံကြည်နိုင်စရာမရှိသဖြင့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်နှင့်ပင် တူနေတော့သည်။
နတ်ဆရာ၏ မျက်ဝန်းများထဲမှ အကြည့်ကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေတော့သည်။ ယခုမှသာ သူသည် မြေရိုင်းဒေသမှ နောင်တအနည်းငယ်ပင်မရပဲ ထွက်ခွာသွားနိုင်တော့မည်ဟု ခံစားလိုက်ရတော့သည်။
သို့သော် သူသည် လိုအပ်သည်ထက်ပို၍ နှိမ့်ချသင့်ကြောင်း တွေးလိုက်မိလေသည်။
" အေးကွ။ ငါလုပ်ခဲ့တာတွေက မဆိုးပါဘူး။ တကယ်တမ်း ငါက ဘာမှ ပြင်းပြင်းထန်ထန်တောင် ကြိုးစားခဲ့တာ မဟုတ်ဘူး "
သူ၏ အင်္ကျီလက်ကိုခါ၍ မေးငေါ့ကာ ဝင့်ကြွားစွာ ဆိုလိုက်လေသည်။
" ငါ အင်္ကျီလက်ကိုခါလိုက်တာနဲ့ အရာအားလုံး ပြာကျသွားရတာကို မင်းလည်း အသိပဲလေ။ ဒါပထမဆုံးအကြိမ်မှ မဟုတ်ပဲ "
နတ်ဆရာအတွက်မူ သူ၏နားထဲတွင် မိုးချုန်းသံများဖြင့် ပြည့်နှက်နေသည့်အလား ခံစားနေရပြီး အမှန်တွင်မူ သူသည် ထိုဇာတ်လမ်းကို လုံးဝအယုံအကြည်မရှိပေ။ သို့သော်... စုန့်ချွဲ၏ မျက်နှာပေါ်မှ အရုပ်ဆိုးသောအမူအရာကို မြင်လိုက်ရပြီး သူစကားတစ်ခွန်းမှ မပြောသည်ကို သတိထားမိလိုက်သည်။ ထိုအခါမှ နတ်ဆရာ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများမှာ လှိုင်းတံပိုးများအလား ရိုက်ခတ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ ဇာတ်လမ်းနောက်ဆုံးတွင် သူ၏တပည့်သည် ငရဲဧကရာဇ် ဖြစ်နေသည့်အကြောင်းပါဝင်နေသဖြင့် ပို၍ပင် ဆိုးသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ မည်သည့်နေရာရောက်သည်ဖြစ်စေ သက်ရှိတိုင်းကို လှုပ်ခါယမ်းပစ်နိုင်သည်ဟူသော ရက်စက်သည့်အမှန်တရားကြီးကို နတ်ဆရာမှာ ပူဆွေးသောကများနှင့် တအံ့တသြလက်ခံလိုက်ရတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူသည် တန်ခိုးအာဏာကြီးမားသော မြေအောက်အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။
မဟာတံတိုင်းကြီးတွင်လည်း အောက်ခြေမှစ၍ ကြိုးစားကာ စစ်ဦးစီးမှူးအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။
မြေရိုင်းဒေသတွင်လည်း သူသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာနှင့် ငရဲဧကရာဇ်၏ ဆရာဖြစ်သွားခဲ့သည်။
နတ်ဆရာမှာ ကောင်းစွာ နားမလည်နိုင်တော့ပေ။ ပိုင်ရှောင်ချန်း၏ လုပ်ရပ်အားလုံးမဆိုထားနှင့် သူ၏လုပ်ရပ်များထဲမှ တစ်ခုလောက်ပင်လျှင် လူတိုင်းကို အလွန်အမင်း တုန်လှုပ်သွားစေနိုင်သည်။
ညနေစောင်းခါနီးအချိန်တွင် မိန်းမောနေသည့် နတ်ဆရာအပါအဝင် သူတို့သုံးယောက်မှာ ယခင်က ကောင်းကင်တံတားမြစ်ဒေသ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမဟာတံတိုင်းတို့ ဆုံစည်းခဲ့ရာနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ သက်ရှိလုံးဝမရှိသော နယ်မြေသို့ ဝင်ပေါက်ဖြစ်သည်။
မိုးအထိမြင့်မားပြီး ရစ်ပတ်နေသည့်တောင်စဥ်တန်းထဲသို့ ဝင်လိုက်သောအခါ ယခင်က မည်သူမှ မရောက်ဖူးသည့် နေရာဖြစ်သော သေမင်းနွံတောသို့ ရောက်ရှိသွားမည်ဖြစ်သည်။
သူတို့မှာ ထိုတောင်တန်းများကို မြင်လိုက်သည်နှင့် ပိုင်ရှောင်ချန်းက သူ၏အိတ်ကို ပုတ်လိုက်ပြီး သင်္ချိုင်းစောင့်ကြီးက အမှန်အတိုင်းပြောခဲ့မည်ဖြစ်ကြောင်းယုံကြည်လိုက်သည်။ ထို့နောက် အံကြိတ်၍ တောင်တန်းများထဲသို့ ပျံသန်းသွားတော့သည်။
စုန့်ချွဲမှာလည်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည် သေမင်းနွံတော ထဲသို့ ဝင်လိုစိတ်မရှိသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိကြောင်းသိသည်။ မဟာတံတိုင်းကြီးမှာ ပြိုကျသွားပြီဖြစ်ပြီး ကောင်းကင်ဧကရာဇ်သည် ထိုနေရာကို ပိတ်လှောင်ခဲ့သည်ဖြစ်ရာ ထိုလမ်းမှနေ၍ ကောင်းကင်တံတားဒေသဆီသို့ပြန်နိုင်မည် မဟုတ်တော့ပေ။
သူတို့သာ သေမင်းနွံတောကို မဖြတ်ပါက အိမ်သို့ပြန်ရောက်ရန် မည်မျှအထိစောင့်ဆိုင်းရမည်ကို သိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စုန့်ချွဲမှာ ပြတ်သားမှုများတောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအနောက်သို့ လိုက်သွားတော့သည်။
နတ်ဆရာသည်လည်း မိန်းမောနေရာမှ ခေါင်းခါယမ်းလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့လေးစားမှုများနှင့် ကြည်ညိုမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူ့အတွက်မူ ပိုင်ရှောင်ချန်းမှာ နတ်တစ်ပါးနှင့် တူနေပြီဖြစ်သည်။ ယခုတွင် သူသည် သေမင်းနွံတော ကိုဖြတ်ကျော်နိုင်ရန်အတွက် ပိုင်ရှောင်ချန်း၏ စွမ်းရည်များကို စုန့်ချွဲထက်ပင်ပို၍ ယုံကြည်နေပြီဖြစ်သဖြင့် လုံးဝတွေဝေမနေတော့ပဲ သူ့နောက်သို့ လိုက်သွားတော့သည်။