← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

177

"ကြည့်လေ ရှန်းမင်က ကျွန်တော့်မိဘတွေရဲ့လက်ကောက်ဝတ်တွေကို ကိုင်ထားတုန်းပဲ ပြာနှမ်းကုန်ပြီ"

ဟယ်တ ရှန်းမင်၏လုပ်ရပ်များကို ဒေါသတကြီး စွပ်စွဲပြောဆိုလိုက်သည်။ ဟယ်အာ့မှ ဆက်ပြောလာ၏။

"ပြီးတော့ အဲ့ဓားနှစ်လက်နဲ့ ရှန်းမင်က ကျွန်တော့်မိဘတွေကိုသတ်ဖို့ စီစဉ်နေတာ"

​ရွာလူကြီးမှာ ဟယ်တနှင့်ဟယ်အာ့တို့ထံကြည့်ကာ မျက်မှောင်ကြုတ်လျက်မေးလိုက်သည်။

"မင်းတို့ပြောတာ အမှန်ပဲလား"

​"သေချာပေါက် အမှန်ပါပဲ၊ လုံးဝမလိမ်ပါဘူး"

​ရွာလူကြီး၏ပါးများပင်တုန်ယင်သွားပြီး လှောင်ပြုံးတစ်ခုပြုံးကာ ကျိန်ဆဲလိုက်သည်။

"မင်းတို့လိုကောင်တွေကို ရှန်းမင်သာ တကယ်သတ်ချင်တယ်ဆိုရင် ဓားတွေလိုဦးမှာလား၊ မင်းတို့ကိုယ်မင်းတို့ တောင်ပေါ်ကဝံပုလွေတွေထက် ပိုကြမ်းတမ်းနေတယ်လို့ထင်နေတာလား"

​ဟယ်တပါးစပ်ဟသွားသော်လည်း စကားမပြောနိုင်တော့ပေ။ ဘေးတွင်ရပ်နေသော လောင်ချီမှာ ဟယ်မိသားစု တစ်ခုလုံးလိမ်ညာနေကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ ​လောင်ဟယ်သည် ပန်းပဲဆရာတစ်ဦးဖြစ်ပြီး နေ့စဉ်သံထည်များထုနှက်နေရသော်လည်း ဝံပုလွေများနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။ ​ကူးရှီနှင့်သူမ၏ သား၊ ချွေးမ နှစ်ယောက်ဆိုလျှင် မည်သည့်နေရာတွင်မှ အသုံးမကျသောလူများသာ ဖြစ်ကြသည်။ အကယ်၍ ရှန်းမင်သာ သူတို့ကို သတ်ချင်ခဲ့ပါက သူတို့အသံထွက်ရန်ပင် အခွင့်အရေးရလိုက်မည် မဟုတ်ပေ။ ​လောင်ချီ အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"လောင်ဟယ်၊ မင်းတို့မိသားစုရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ ဘာလို့ ရှန်းမင်ကိုလုပ်ကြံစွပ်စွဲနေတာတုန်း၊ ငါတို့အားလုံးကအပြင်ကလာတဲ့သူတွေချည်းပဲ၊ အခုမှကျိုးကျားရွာမှာ အခြေချပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြီးပွားတိုးတက်နေကြတာ၊ မိုက်မဲတဲ့အလုပ်တွေလုပ်ပြီး ငါတို့ရဲ့ဂုဏ်သိက္ခာကို မဖျက်ဆီးစမ်းပါနဲ့"

​သူတို့လိမ်ညာမှုများပေါ်သွားသောအခါ လောင်ဟယ်နှင့်သူ့မိသားစုမှာ လူအုပ်ကြီးကို ဆက်လှည့်စား၍မရတော့ပေ။ ဟယ်တနှင့်ဟယ်အာ့တို့သည် အရှက်ကွဲသွားသလိုခံစားလိုက်ရပြီး ဒေါသတကြီးဖြင့် ရှန်းမင်ထံသို့ ပြေးဝင်သွားကာ ဓားမြှောင်ကိုကောက်၍ ကျိုးထောင်ဟွားကို ထပ်ထိုးသတ်ရန်ရည်ရွယ်လိုက်သည်။ ​ကံကောင်းစွာဖြင့် ရှန်းမင်မှအမြန်တုံ့ပြန်နိုင်ခဲ့ပြီး သူတို့ကိုဖမ်းဆီးထိန်းချုပ်နိုင်ခဲ့၏။ ​တစ်ချိန်တည်းမှာပင် ဟယ်မိသားစု၏ချွေးမနှစ်ဦးသည် ကျိုးထောင်ဟွား၏ဝမ်းဗိုက်ဆီသို့ ဝင်တိုက်လိုက်ကြသည်။ သူမတွင်ကိုယ်ဝန်ရှိနေပြီး အကယ်၍ ကလေးသာပျက်ကျသွားပါက သားအမိနှစ်ယောက်စလုံးအသက်အန္တရာယ်ကို ထိခိုက်စေနိုင်၏။ ​သို့သော် သူတို့လုပ်ရပ်များကို အနီးအနားရှိ နတ်ဆိုးငါးကောင်မှ စောင့်ကြည့်နေခဲ့ကြောင်း သူတို့မသိခဲ့ကြပေ။ သူတို့သည် ကျိုးထောင်ဟွားကိုမတိုက်မိဘဲ နတ်ဆိုးငါးကောင်၏ သံမဏိကဲ့သို့မာကျောသော ခန္ဓာကိုယ်များကိုသာ ဝင်တိုက်မိသွားကြသည်။

​"အား"

သူတို့နှစ်ဦးနာနာကျင်ကျင်အော်ဟစ်လိုက်ကြပြီး သူတို့ခေါင်းပေါ်တွင် အဖုကြီးများထွက်လာသည်။ ထို့နောက် ဟယ်မိသားစုဝင်ခြောက်ဦးစလုံးကို ဖမ်းဆီးထိန်းချုပ်လိုက်နိုင်၏။ ​ရွာလူကြီးမှာမြေကြီးပေါ်မှ ဓားမြှောင်နှစ်လက်ကို ကောက်ယူလိုက်ပြီး ဟယ်မိသားစုဝင် ခြောက်ဦးကို ဒေါသတကြီးဆူပူလိုက်သည်။

"မင်းတို့အားလုံး ပြုစားခံထားရတာပဲ၊ တကယ်ထောင်ဟွားကို သတ်ချင်နေကြတာလား၊ ဒီနေ့ မင်းတို့ရရှိနေတဲ့ကြီးပွားချမ်းသာမှုနဲ့ ဘဝကောင်းကြီးဆီကို ဘယ်သူယူလာပေးခဲ့တာလဲဆိုတာ မေ့သွားကြပြီလား"

​လောင်ဟယ်မှ အော်ဟစ်လိုက်သည်။

"ဘာဘဝကောင်းကြီးလဲ၊ အသုံးမကျတဲ့ မြို့ရိုးကြီး တည်ဆောက်ဖို့ ခင်ဗျားကငါ့ကို ပိုက်ဆံတွေအများကြီးလှူခိုင်းခဲ့တယ်၊ နောက်ဆုံးတော့ စစ်တပ်သာဒီကိုရောက်လာရင် ငါတို့အားလုံးသေကြရတော့မှာပဲ၊ ကျိုးထောင်ဟွားရဲ့မြို့ရိုးဆောက်မယ်ဆိုတဲ့ အကြံဆိုးသာမရှိခဲ့ရင် ငါတို့လည်း အရင်ခြောက်လကကျိုးရှန့်ဟူနဲ့ ယွမ်ရင်ရှင်းတို့လို အဝေးကိုထွက်ပြေးလွတ်မြောက်နေလောက်ပြီ၊ သူမကဘာလို့ မသေသင့်ရမှာလဲ"

​လောင်ဟယ်၏စကားများကြောင့် အချို့သူများစိတ်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။ ​ချောင်းချွန်းရှန်းမသေချာမရေရာစွာဖြင့် မေးလိုက်၏။

"ငါတို့ရွာရဲ့ ဒီမြို့ရိုးကြီးကလုံခြုံတယ် မဟုတ်ဘူးလား၊ အဲဒီအပေါ်မှာ ခူယားကောင်နတ်ဆိုးတွေလည်း ရှိနေသေးတယ်လေ"

​ကျိုးယွဲ့ကျန်းသက်ပြင်းချလိုက်သည်။

"ငါ့အသက်အရွယ်နဲ့ ဒီအရိုးဆွေးကြီးတွေက ဘေးလွတ်ရာထွက်ပြေးရတဲ့ဒဏ်ကို ဘယ်လိုလုပ် ခံနိုင်မှာလဲ၊ တစ်နှစ်နှစ်နှစ်ဆို ထားလိုက်ပါတော့၊ လအနည်းငယ်လောက်သာ ခရီးသွားရမယ်ဆိုရင် ငါမခံနိုင်တော့ဘူး"

​ကျိုးကျားရွာရှိအိမ်ထောင်စုတစ်ရာ့ငါးဆယ့်ကိုးစုအနက် ထက်ဝက်ခန့်တွင် မိသားစုတိုင်း၌ သက်ကြီးရွယ်အိုတစ်ဦးစီရှိကြပေသည်။ ​အဘိုးယွဲ့ကျန်းစကားကို ကြားသောအခါ အခြားသူများလည်း အတွေးနက်သွားကြ၏။ ​ဘေးလွတ်ရာ ထွက်ပြေးမည်ဆိုလျှင် သူတို့ခန္ဓာကိုယ်များမှာ ခရီးကြမ်းဒဏ်ကို မခံနိုင်ကြပေ။ မပြေးဘဲနေမည်ဆိုလျှင်လည်း ကြီးမားလှသောစစ်တပ်ကြီးကို ရင်ဆိုင်ရမည်ဖြစ်ပြီး မြို့ရိုးများမှာသူတို့အားတားဆီးထားနိုင်မည်မဟုတ်ချေ။ ​ရွာသားများ မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းများဖြင့် ဖုံးလွှမ်းသွားကြပြီး အေးစက်သောလေပြင်းမှာ သူတို့အရိုးထဲထိ စိမ့်ဝင်သွားစေသည်။ ​ကျိုးထောင်ဟွား အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ရှင်ကလောင်ဟယ် မဟုတ်ဘူး၊ ပြီးတော့ ရှင်တို့ကလည်း ကူးရှီနဲ့ ဟယ်မိသားစုရဲ့ သား၊ ချွေးမတွေမဟုတ်ကြဘူး"

​ထိုစကားများကြောင့် လူအုပ်ကြားတွင် ဆူညံသွားသည်။

‘​သူတို့က ဟယ်မိသားစုဝင်တွေ မဟုတ်ဘူးဆိုရင် ဘာတွေလဲ’

​"နတ်ဆိုး နင့်ရဲ့ပင်ကိုယ်အသွင်ကိုပြစမ်း"

​ကျိုးထောင်ဟွား လက်သင်္ကေတပြုလုပ်လိုက်သည့် အခိုက်အတန့်တွင် ဟယ်မိသားစုဝင်ခြောက်ဦးစလုံး၏ခြေအောက်၌ အဖြူရောင်တောက်နေသောအစီအရင်စက်ကွင်းတစ်ခုပေါ်လာပြီး သူတို့ခြေထောက်များပတ်လည်တွင် အမည်းရောင်စွမ်းအင်များ ရစ်ဝဲနေသည်ကို လူတိုင်းရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ကြရသည်။ ​ချောင်းချွန်းရှန်း အံ့အားသင့်ဟန်ဖြင့် အော်ဟစ်လိုက်၏။

"ဟယ်မိသားစုဝင်ခြောက်ယောက်လုံးကို နတ်ဆိုးဝိညာဉ် ပူးကပ်နေတာများလား၊ လူခြောက်ယောက်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တဲ့ နတ်ဆိုးကဘယ်လို နတ်ဆိုးမျိုးလဲ"

​မြို့ပေါ်ရှိနတ်ဆိုးဂိုဏ်းဝင်များ၏ အကြောင်းကိုကြားသိပြီးနောက် သူမသည် နတ်ဆိုးကလေးတစ်ကောင်၏ အသက်စွမ်းအင်စုပ်ယူခြင်းကို ခံရလုနီးပါးဖြစ်ခဲ့ရပုံအား ရှင်းလင်းစွာမှတ်မိနေသေးသည်။ ​ယခုတစ်ကြိမ် ဟယ်မိသားစုဝင်များကို ပူးကပ်နေသော နတ်ဆိုးမှာ ယခင်နတ်ဆိုးကလေးထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်ဟုခံစားရသဖြင့် ကြောက်ရွံ့တကြီးနတ်ဆိုးငါးကောင်အနောက်သို့ ပုန်းကွယ်လိုက်သည်။

‘အဲဒီနတ်ဆိုးက ဟယ်မိသားစုကို ကြိုးကိုင်ပြီး ထောင်ဟွားကိုသတ်ခိုင်းနေတာပဲ’

​လောင်ချီ ကျိန်ဆဲလိုက်သည်။

"ဒါဆိုနတ်ဆိုးဝိညာဉ်က ကြိုးကိုင်နေတာကိုး၊ ဒါကြောင့်မလို့ ဟယ်မိသားစုကပြင်ပကလာတဲ့သူတွေနဲ့ ကျိုးကျားရွာကြားမှာ ရုတ်တရက်ပဋိပက္ခတွေဖန်တီးနေတာ ငါသိသားပဲ"

​ရုတ်တရက် ဟယ်မိသားစုဝင်ခြောက်ဦး၏ခေါင်းပေါ်မှ မှင်ရောင်ကဲ့သို့ မည်းနက်သောတိမ်တိုက်ထူထူခြောက်ခု ပျံသန်းထွက်ပေါ်လာသည်။ ၎င်းတို့သည် လေထဲတွင်စုစည်းသွားကြပြီး နောက်ဆုံးတွင် အဖြူရောင်ပုံရိပ်ကြီးတစ်ခုအဖြစ် ပေါ်ထွက်လာ၏။ ​၎င်း၏ခန္ဓာကိုယ်မှာ သွယ်လျရှည်လျားပြီး မှိုတက်နေသော ဆန်စေ့များနှင့်တူသည့် မီးခိုးရောင်သမ်းသော အမွှေးအမျှင်ဖြူများဖြင့် ဖုံးလွှမ်းနေကာ ပုပ်ဟောင်နေသောတွင်းနက်ကြီးထဲမှ တွားသွားထွက်လာသည့် နတ်ဆိုးတစ်ကောင်နှင့်တူနေသည်။ ​၎င်း၏ လက်မောင်းများမှာ တွဲလောင်းကျနေပြီး အစွန်းများတွင် တွန့်လိမ်နေသော မည်းနက်သည့်လက်သည်းများပါရှိ၍ ထိုအရာများမှာ လေထုထဲပေါ့ပေါ့ပါးပါး ရမ်းခါလိုက်ရုံနှင့် လူ့အရေပြားကို အလွယ်တကူဆွဲဖြဲနိုင်စွမ်းရှိ၏။ လောင်ချီ ထိတ်လန့်တကြားမေးလိုက်သည်။

"ဒါက ဘာကြီးလဲ"

​ချောင်းချွန်းရှန်း သေချာဟန်ဖြင့်ပြောလိုက်သည်။

"နတ်ဆိုးဝိညာဉ်ပဲ နတ်ဆိုးကြီးကွ၊ သူက ဟယ်မိသားစုဝင်ခြောက်ဦးကို ကြိုးကိုင်နေတာပဲ"

​ရန်ရှီပြောလိုက်သည်။

"ခုနဒီနတ်ဆိုးက ဟယ်မိသားစုကို ကြိုးကိုင်ပြီး အဓိပ္ပာယ်မရှိတာတွေပြောခိုင်းတာ၊ လူတိုင်း ထောင်ဟွားအပေါ်မကျေမနပ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာပဲ၊ ထောင်ဟွားက ငါတို့ကိုမြို့ရိုးဆောက်ပြီးနေခိုင်းတာမှန်တယ်လို့ ငါ ယုံကြည်တယ်"

​ယခုအခါ ရန်ရှီသည် အပြင်ဘက်တွင် ခွေးလိုဝက်လိုနေထိုင်နေရသော ကျိုးရှန့်ဟူနှင့် ကျိုးယွဲ့ဖေးတို့ထက် ပိုပျော်ရွှင်နေမည်မှာ သေချာလှသည်။

‘​တကယ်လို့ သူတို့ကအိမ်နဲ့ဆေးပင်စိုက်ခင်းတွေကိုရောင်းပြီး ငွေအများကြီးနဲ့ ထွက်ပြေးသွားရင်တောင် သားအဖနှစ်ယောက်က အဲ့လောက်များတဲ့ပိုက်ဆံတွေကို ကာကွယ်နိုင်ပါ့မလား။ သူတို့ အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်မည်ဟုအာမ, မခံနိုင်ပေ’

​ရွာလူကြီးမှာ ခြောက်သွေ့နေသော လျှော်ပင်များကဲ့သို့ ဖရိုဖရဲဖြစ်နေသည့် ဆံပင်ဖြူရှည်ကြီးများ၊ ကြောက်မက်ဖွယ်ကောင်းသော အရိုးစုမျက်နှာနှင့် မှောင်မည်းနေသော မျက်လုံးအိမ်များထဲတွင် မီးတောက်နေသည့် ထူးဆန်းသော တစ္ဆေမျက်လုံးနှစ်လုံးရှိသည့် ထိုသတ္တဝါကြီးထံမော့ကြည့်လိုက်၏။ ​ရွာလူကြီး မေးလိုက်သည်။

"ထောင်ဟွား ဒါကဘယ်လို နတ်ဆိုးမျိုးလဲ၊ ငါတို့ရွာထဲကို နောက်ထပ်နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးဝိညာဉ်တွေ ဝင်လာမှာမဟုတ်ဘူးလို့ သမီးပြောခဲ့တယ်မလား၊ သူကဘယ်လိုလုပ် ဝင်လာတာလဲ"

​ရွာလူကြီးမှာ နတ်ဆိုးများအကြောင်းနားမလည်သော်လည်း ဤသွယ်သွယ်လျလျအဖြူရောင်နတ်ဆိုးမှာ ထိုနေ့ကမစင်နတ်ဆိုးထက် အများကြီးပိုအစွမ်းထက်ကြောင်း အာရုံခံမိသည်။ ​ထိုစဉ်မှာပင် လောင်ဟယ်နှင့်ကူးရှီတို့နိုးလာကြ၏။ ​သူတို့ခြောက်ဦးမှာ ရုပ်ဆိုးအကျည်းတန်သောသတ္တဝါကြီးကို တွေ့လိုက်ကြသည်။ ၎င်း၏မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် သူတို့သွေးများကို ချက်ချင်းအေးခဲသွားစေခဲ့၏။ ထိုအရာကြီး၏ ပွင့်ဟနေသော ပါးစပ်ထဲမှ အေးစက်စက်တောက်ပနေသော မညီညာသည့်သွားများကိုမြင်တွေ့နေရပြီး ထိုသွားတို့မှာလူတစ်ယောက်ကိုအပိုင်းပိုင်းအစစ ဝါးစားပစ်နိုင်စွမ်းရှိပုံရသည်။

​"အား"

​ခြောက်ယောက်စလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ​ကျိုးထောင်ဟွား ရှင်းပြလိုက်၏။

"ဒါက ဆန်နတ်ဆိုးပဲ၊ လူတွေရဲ့အသိစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်၊ ဒီရက်ပိုင်း ရွာက စားနပ်ရိက္ခာတွေအများကြီးဝယ်နေတာဆိုတော့ ဆန်ထဲကနေပါလာတာဖြစ်ရမယ်၊ လောင်ဟယ်က အဲဒါကိုအမှတ်မထင်ဝယ်ပြီးစားလိုက်မိလို့ သူတို့အသိစိတ်ကို ထိန်းချုပ်ခံလိုက်ရတာပဲ"

​လောင်ချီ စိုးရိမ်တကြီးမေးလိုက်သည်။

"ဟမ် ထောင်ဟွား၊ ငါတို့လည်း ဒီရက်ပိုင်း ဆန်တွေအများကြီး ဝယ်ထားတာလေ၊ အဲဒါတွေကို စားသင့်လား မစားသင့်ဘူးလား"

​သူဟယ်မိသားစုဝင် ခြောက်ဦးကဲ့သို့ အရှက်မကွဲချင်ပေ။ ​ကျိုးထောင်ဟွား ပြောလိုက်သည်။

"မလိုပါဘူး၊ နှစ်ပေါင်းတစ်ထောင့်ငါးရာ ကျင့်ကြံထားတဲ့ ဆန်နတ်ဆိုးဆိုတာ လမ်းဘေးက ဂေါ်ဖီထုပ်တွေလို ပေါနေတာမှ မဟုတ်တာ၊ ဒီလိုတစ်ကောင်ရှိနေတာတောင် တော်တော်ရှားနေပြီ"

​လောင်ချီနှင့် အခြားရွာသားများ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်နိုင်ကြသည်။ သူတို့အသစ်ဝယ်ထားသော စားနပ်ရိက္ခာများ အန္တရာယ်ကင်းသည်ဟု ဆိုလိုသည်မဟုတ်ပါလား။ ​ဒူးရင်းသီးနတ်ဆိုးမှာ ဆန်နတ်ဆိုးထံ ဝမ်းသာအားရဟန်ဖြင့်ကြည့်ရင်း နှုတ်ခမ်းသပ်လိုက်သည်။

‘နှစ်ပေါင်း ၁၅၀၀ကျော် ကျင့်ကြံထားတာလား။ အဲ့ဒါဆို သူသေသွားရင် အစ်မကျိုးက နှစ်ပေါင်း၁၅၀၀ကျင့်ကြံခြင်းအမြုတေရမှာပေါ့။ အဲ့အချိန်ကျရင် သူမလည်း အဆင့်တက်လို့ရအောင် အဲဒီ ကျင့်ကြံခြင်းအမြုတေကိုပေးဖို့ အစ်မကျိုးကို သေချာပေါက်တောင်းဆိုရမယ်’

​ထိုသို့တွေးရင်း ဒူးရင်းသီးနတ်ဆိုး၏အကြည့်များမှာ လင်းရှောင်ယွဲ့ထံသို့ အလိုလိုရောက်ရှိသွား၏။

‘အရမ်းအားကျစရာကောင်းချက်ပဲ’

All Chapters