← Chapters

ထူးဆန်းသော နှင်းဝိညာဉ်မြေခွေးလေး (၂)

Vol. 13 Ch. 128

ထူးဆန်းသော နှင်းဝိညာဉ်မြေခွေးလေး (၂)

Vol. 13 Ch. 128

ရန့်မြဲ့သည် တိုးညှင်းစွာ ညည်းတွားလိုက်ပြီး၊ ကင်းစောင့်အဖွဲ့မှာ စွတ်ဖားကို ပိုမိုတင်းကြပ်စွာ ကာကွယ်ရန်အတွက် သူတို့၏ ဖွဲ့စည်းပုံကို အနည်းငယ် ချိန်ညှိလိုက်ကြသည်။

ထျန်းပင်း၏ မျက်လုံးများထဲတွင် ကြမ်းတမ်းသော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သော်လည်း၊ လင်းထျန်းလုံ၏ အကြည့်တစ်ချက်ကြောင့် ၎င်းမှာ ရပ်တန့်သွားခဲ့ပြီး လည်ချောင်းထဲမှ ခြိမ်းခြောက်သည့် ညည်းတွားသံ တစ်ခုကိုသာ ထုတ်လွှတ်ကာ အသံထွက်ပေါ်လာရာဆီသို့ စူးစိုက်ကြည့်နေတော့သည်။

လင်းထျန်းလုံသည် ငွေပြာဘုရင်မျက်ဝန်းများဖြင့် ချက်ချင်းပင် လှမ်းကြည့်လိုက်လေသည်။ ပြင်းထန်သော ရန်လိုမှု သို့မဟုတ် ခြိမ်းခြောက်မှုကို သူ အာရုံမခံမိသော်လည်း၊ ထိုအသံထဲရှိ ထူးဆန်းသော စည်းချက်ကြောင့် သူ သတိထားနေမိလေသည်။

သူသည် စိတ်ခြင်းချိတ်ဆက်မှုမှတစ်ဆင့် ဝံပုလွေအုပ်စုကို တည်ငြိမ်စေလိုက်ပြီး၊ သွားရောက် စုံစမ်းရန်အတွက် အမဲလိုကိ်အဖွဲ့ကို ဦးဆောင်သွားရန် ယင်းဖုန်းကို အချက်ပြလိုက်လေသည်။

“ရှောင်လန်၊ ရှောင်ယင်း... မကြောက်နဲ့နော်၊ ဘာမှမဖြစ်ဘူး...” လင်းထျန်းလုံသည် ပထမဦးစွာ ကလေးငယ်နှစ်ဦးကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အချင်းချင်း ကြည့်လိုက်ကြလေသည်။ သူတို့မှာ ထိတ်လန့်နေပုံ မပေါ်ပေ။

ရှောင်ယင်းမှာ သိချင်စိတ်ဖြင့် ခြေဖျားထောက်ကာ ပိုမိုဝေးကွာသော နေရာကို မြင်ရရန် ကြိုးစားနေလေသည်။

ဟိန်းဟောက်သံမှာ ရုတ်တရက် ဆန်လှသော်လည်း၊ ထူးဆန်းစွာပင် သူတို့အား အကြပ်အတည်းထဲ ‌ကျရောက်နေသည် ဆိုသည့် ခံစားချက်ကို လှုံ့ဆော်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် မကြာမီမှာပင် ရှေ့ရှိ မြူခိုးများထဲမှ ပြေးလွှားသံများနှင့် ဝံပုလွေဟိန်းဟောက်သံ အချို့ ထွက်ပေါ်လာပြီး၊ ၎င်းနောက်တွင် ပိုမိုသွက်လက်သော တရှပ်ရှပ် အသံများနှင့်... ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံလေးများကဲ့သို့ ခပ်သဲ့သဲ့ အသံတစ်ခုလည်း လိုက်ပါလာခဲ့သည်။

ယင်းဖုန်းနှင့် အခြားသူများမှာ ဘာမှန်းမ‌သေချာ မရေရာသည့်အရာ တစ်ခုခုနှင့် ကြုံတွေ့နေရပုံရသော်လည်း ၎င်းမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုတော့ မဟုတ်နိုင်ကြောင်း ရိပ်မိသွားကြလေသည်။

လင်းထျန်းလုံသည် အာရုံစူးစိုက်လိုက်ရာ၊ မြူခိုးများ လှုပ်ရှားသွားပြီး ငွေရောင် ပုံရိပ်လေးတစ်ခုက အံ့သြစရာကောင်းသော အမြန်နှုန်းဖြင့် ပြေးထွက်လာကာ၊ ၎င်းနောက်တွင် ယင်းဖုန်းနှင့် အမဲလိုက်ဝံပုလွေ အချို့က ကပ်လျက် လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ အမှန်တကယ်ပင် လရောင်ကဲ့သို့ စီးဆင်းနေသော ငွေရောင် အမွေးအမျှင်များ၊ သပ်ရပ်သွယ်လျသော ခန္ဓာကိုယ်နှင့် ကြီးမားပြီး အမွေးပွပွ အမြီးကြီးရှိသည့် ထူးဆန်းသော သားရဲလေး တစ်ကောင် ဖြစ်နေလေသည်။

အသိသာဆုံးမှာ ထိုသားရဲလေး၏ မျက်လုံးနှစ်လုံးကြားတွင် ဒေါင်လိုက်သူငယ်အိမ်တစ်ခု မရှိဘဲ၊ ရေခဲများဖြင့် စုစည်းဖွဲ့စည်းထားပုံရသည့် စိန်ပုံစံ သလင်းကျောက် အစုအဝေး တစ်ခု ရှိနေပြီး တောက်ပစွာ လင်းလက်နေခြင်းပင် ဖြစ်လေသည်။

၎င်း၏ အရှိန်အဝါမှာ ခြေလှမ်း၀က်ပါရမီရှင်အဆင့် ဝန်းကျင်တွင် ရှိနေပြီး၊ သူ၏ အရှိန်မှာ အလွန်အမင်း မြန်ဆန်ကာ လှုပ်ရှားမှုများမှာလည်း မယုံနိုင်လောက်အောင် သွက်လက်လှပေသည်။

ယင်းဖုန်း၏ အရှိန်မှာ အလွန် မြန်ဆန်လှသော်ငြား၊ သူ ခုန်အုပ်တော့မည့် အခိုက်အတန့်လေးမှာပင်၊ သားရဲလေးမှာ ခန့်မှန်း၍မရသော လမ်းကြောင်းများမှ ရေခဲပြင်ပေါ်တွင် လျှောတိုက်သွားသကဲ့သို့ ထူးခြားသော စည်းချက်တစ်ခု ပါဝင်သည့် ကြိုတင်ခန့်မှန်းထားပုံရသော ခြေလှမ်းများဖြင့် အလွယ်တကူ ရှောင်တိမ်းသွားလေသည်။

“ဟင်...” လင်းထျန်းလုံသည် စိတ်ဝင်စားသွားပြီး သေချ အကဲခတ်လိုက်ချိန်တွင် သူ၏ ငွေပြာဘုရင်မျက်ဝန်းများမှာ တဖျတ်ဖျတ် လင်းလက်သွားခဲ့သည်။

[မျိုးနွယ်] - နှင်းဝိညာဉ်မြေခွေး - လရောင်ဗီဇပြောင်းလဲ

[အဆင့်] - ၁၉ ( ခြေလှမ်း၀က်ပါရမီရှင်အဆင့် မိစ္ဆာသားရဲ)

[ပင်ကိုစွမ်းရည်များ] – [နှင်းလမ်းခြေရာဖျောက် (ခရမ်းရောင် ပါရမီရှင်အဆင့်)၊ ကြည်လင်ရေခဲနှလုံးသား (ခရမ်းရောင် · ပါရမီရှင်အဆင့်)၊ ကောင်းချီးအကာအကွယ် (ရွှေရောင် · ဒဏ္ဍာရီအဆင့်)

[စွမ်းရည်များ] – ပုံရိပ်ယောင်အလင်းခြေလှမ်း (ခရမ်းရောင် · ပါရမီရှင်အဆင့်)၊ ကြည်လင်နှလုံးသားတေးသွား (ရွှေရောင် · ဒဏ္ဍာရီအဆင့်)

“အမြန်နှုန်းနဲ့ ဝိညာဉ်အာရုံခံစားမှု အမျိုးအစား ရှားပါးသားရဲ တစ်ကောင်လား...” လင်းထျန်းလုံသည် စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။

ဤမြေခွေးလေး၏ စွမ်းရည် ပေါင်းစပ်မှုမှာ အတော်လေး ထူးခြားပြီး ရှောင်တိမ်းမှုနှင့် အထောက်အပံ့ဘက်သို့ တိမ်းညွတ်နေကာ ၎င်း၏ ရန်လိုမှုမှာ အားနည်းပုံ ရလေသည်။

နှင်းဝိညာဉ်မြေခွေးလေး အဘယ်ကြောင့် နှင်းဝံပုလွေအုပ်စု၏ စခန်းဆီသို့ တက်ကြွစွာ ချဉ်းကပ်လာသည်ကို သူ စဉ်းစားနေခဲ့လေသည်။

သူ စဉ်းစားနေစဉ်‌မှာ ယင်းဖုန်းနှင့် နှင်းဝိညာဉ်မြေးခွေးလေးတို့က စိန်ပြေးလိုက်တမ်း ကစားနေခဲ့ကြလေသည်။

နှင်းဝိညာဉ်မြေခွေးလေးမှာ တိုက်ခိုက်ရန် စိတ်ဝင်စားပုံ မရပေ။ ယင်းဖုန်း၏ လိုက်လံဖမ်းဆီးမှုကို ရှောင်ထွက်ပြီးနောက်၊ သူသည် ရုတ်တရက် ဦးတည်ရာ ပြောင်းလဲလိုက်ပြီး ငွေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ လင်းထျန်းလုံနှင့် ကလေးမလေး နှစ်ဦးဆီသို့ တွန့်ဆုတ်နေခြင်း အလျဉ်းမရှိဘဲ တည့်တည့်မတ်မတ် ပြေးဝင်လာလေတော့သည်။

“သတိထား...” ရန့်မြဲ့သည် တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး သူ့ထံမှ အေးစက်စက် ရေခဲငွေ့များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထျန်းပင်းမှာ သူ၏ ကြွက်သားများကို ပိုမိုအားစိုက်လိုက်ပြီး ခုန်အုပ်ရန် အသင့်ပြင်လိုက်လေသည်။

သို့သော် လင်းထျန်းလုံသည် သူတို့ကို တည်ငြိမ်စွာနေရန် အချက်ပြသည့်အနေဖြင့် ရှေ့ခြေထောက်တစ်ဖက်ကို မြှောက်လိုက်လေသည်။ ဤသားရဲငယ်လေးထံမှ မည်သည့် သတ်ဖြတ်လိုစိတ်ကိုမျှ သူမခံစားရပေ... ထိုအစား... ထူးခြားသော “ငြိမ်းချမ်းခြင်း” ခံစားချက်တစ်ခုသာ ရှိနေလေသည်။

နှင်းဝိညာဉ်မြေခွေးလေးသည် လင်းထျန်းလုံနှင့် မီတာအနည်းငယ် အကွာတွင် ရုတ်တရက် ရပ်တန့်သွားပြီး ပေါ့ပါးစွာ ရပ်တန့်လိုက်ကာ၊ သူ၏ နောက်ခြေထောက်များကို အားပြု၍ အမှန်တကယ်ပင် မတ်တတ်ထရပ်လိုက်လေသည်။

ရေခဲ ရေကန်တစ်ခုကဲ့သို့ ကြည်လင်လှသော သူ၏ အပြာရောင် မျက်လုံးများက လင်းထျန်းလုံကို ဦးစွာ စိုက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များမှာ ရှောင်လန်နှင့် ရှောင်ယင်းတို့အပေါ်သို့ ကျရောက်သွားကာ... သူတို့ လည်ပင်းတွင် ဆွဲထားသော ကျောက်တောင်ဖွတ်နဂါး မူလအကြေးခွံ အဆောင်များပေါ်တွင် ခဏတာ စွဲထင်သွားလေသည်။

နောက်ဆုံးတွင် လင်းထျန်းလုံကို ပြန်လည် ကြည့်ရှုလိုက်လေသည်။

နှင်းဝိညာဉ်မြေခွေးလေးသည် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး၊ သူ့ နဖူးပေါ်ရှိ ရေခဲသလင်းကျောက် အစုအဝေးလေးမှ နူးညံ့သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ကြည်လင်ပြီး နုနယ်သော်လည်း ရှေးဟောင်း အငွေ့အသက်တစ်ခု ပါဝင်နေသည့် စိတ်ပိုင်းဆိုင်ရာ သတင်းစကား တစ်ခုမှာ၊ လင်းထျန်းလုံနှင့် ကလေးမလေးနှစ်ဦးလုံး၏ စိတ်ထဲသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားခဲ့လေသည် -

“အာကာသနဲ့အချိန်ကို ဖြတ်သန်းလာတဲ့ ခရီးသည်... ပြီးတော့ အင်ပါယာဝိညာဉ်ကို သယ်ဆောင်ထားတဲ့ ကြယ်ပွင့်ငယ်လေးများ... ကျွန်ုပ်မှာ ဘာအန္တရာယ်ပြုလိုစိတ်မှ မရှိပါဘူး...”

ဤအတွေးမှာ ကြည်လင်သော စမ်းရေတစ်ခုကဲ့သို့ စီးဆင်းလာပြီး လင်းထျန်းလုံကို ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။ “အာကာသနဲ့အချိန်ကို ဖြတ်သန်းလာတဲ့ ခရီးသည်လား အဲဒါ ငါ့ကို ပြောတာလား။ သူက တကယ်ပဲ ငါ့ကို ထိုးဖောက်မြင်နိုင်တာလား”

ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း အနည်းငယ် မှင်တက်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြလေသည်။ “အင်ပါယာဝိညာဉ်ကို သယ်ဆောင်ထားတဲ့ ကြယ်ပွက့်ငယ်လေးများလား ဒီသဘောက...”

နှင်းဝိညာဉ်မြေခွေးလေးမှာ သူ၏ စိတ်စွမ်းအင်ဖြင့် သတင်းစကားများကို ဆက်လက်ပေးပို့နေလေသည်

“သင်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် အထူးကျေးဇူးတင်ရှိပါတယ် (ချက်ချင်း မတိုက်ခိုက်တာကို ဆိုလိုခြင်း)... ဒီအရာက ကျွန်ုပ်၏ ကျေးဇူးတင်မှု အမှတ်အသား အနည်းငယ်လေးပါ... မကြာမီ အနာဂတ်မှာ ‘ရွေးချယ်မှု’ တစ်ခုနဲ့ အခက်အခဲကို ဖြေရှင်းရာမှာ သင့်အတွက် အထောက်အကူ ဖြစ်နိုင်ကောင်းပါရဲ့...”

နှင်း၀ိညာဥ်‌မြေခွေးလေး၏ အတွေးနှင့်အတူ၊ အလွန်တရာ သန့်စင်လှသော ရေခဲပြာရောင် အလင်းစက်လေး တစ်ခုမှာ သူ၏ နဖူးပေါ်ရှိ သလင်းကျောက် အစုအဝေးမှနေ၍ လွင့်မြောလာပြီး၊ လင်းထျန်းလုံဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားကာ သူ၏နဖူးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားလေတော့သည်။

[စနစ် အသိပေးချက်] ။ ။ အထူးအခြေအနေ [ဝိညာဉ်မြေခွေး၏ ကောင်းချီးပေးမှု] ကို ရရှိပါသည်။

[နှင်းဝိညာဉ်မြေခွေး၏ ကောင်းချီးပေးမှု] - အချိန်ကာလတစ်ခုအထိ သင့်၏ ဝိညာဉ်အာရုံခံစားနိုင်စွမ်းမှာ ယာယီ မြင့်တက်လာမည်ဖြစ်ပြီး၊ ဖြစ်လာနိုင်သော အခွင့်အရေးများနှင့် အန္တရာယ်များကို ပိုမိုထက်မြက်စွာ သိမြင်နိုင်စွမ်းကို ပေးစွမ်းမည် ဖြစ်သည်။ အကျိုးသက်ရောက်မှု ကြာချိန် - သဘာဝအတိုင်း လွင့်ပြယ်သွားသည့် အချိန်အထိ။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ နှင်းဝိညာဉ်မြေခွေးလေးသည် သူတို့ကို၊ အထူးသဖြင့် ကလေးမလေးနှစ်ဦးကို နက်ရှိုင်းစွာ တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက်၊ သူ၏ ပုံရိပ်မှာ ပတ်ဝန်းကျင်ရှိ နှင်းများနှင့် မြူခိုးများထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည့်အလား တဖြည်းဖြည်း မှုန်ဝါးသွားကာ၊ ခပ်သဲ့သဲ့ မွှေးရနံ့လေးတစ်ခုကိုသာ ချန်ရစ်ခဲ့ပြီး ပျောက်ကွယ်သွားလေတော့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး၊ ဝံပုလွေအုပ်စု အပြည့်အဝ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ထူးဆန်းသော နှင်းဝိညာဉ်မြေခွေးလေးမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။

လင်းထျန်းလုံသည် သူ၏စိတ်ထဲတွင် အာရုံခံစားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အေးမြပြီး ငြိမ်းချမ်းလှသော စွမ်းအားများကို ခံစားလိုက်ရပြီး၊ အံ့အားသင့်မှုများ၊ မသေချာ မရေရာမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ဤမြေခွေးလေးမှာ အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး၊ ၎င်း၏ စကားများမှာလည်း တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောနေပုံ ရလေသည်။ “မကြာမီ အနာဂတ်မှာ ‘ရွေးချယ်မှု’ တစ်ခုနဲ့ အခက်အခဲလား သူက ဒီဝိညာဉ်နယ်မြေမှာ စူးစမ်းလေ့လာတာကို ဆိုလိုတာလား၊ ဒါမှမဟုတ် အခြား တစ်ခုခုကိုလား...”

သူသည် သူ့သမီးလေး နှစ်ယောက်ကို အလိုအလျောက် ကြည့်လိုက်မိသည်။

ရှောင်ယင်းသည် သူမ၏ မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း အံ့သြချီးကျူးနေသည့် အမူအရာဖြင့် ပြောလိုက်သည် “ဖေဖေ... အဲဒီ မြေခွေးလေးက အရမ်း လှတာပဲ... ခုနက သူ သမီးတို့ကို စကားပြောနေတာလား... အဲဒါက... အေးမြပြီး အရမ်း သက်တောင့်သက်သာ ရှိတယ်...”

ရှောင်လန်သည် ခုနက အတွေးကို ပြန်လည်စဉ်းစားနေသကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။ “သူ ပြောသွားတာတွေက အရမ်းထူးဆန်းတယ်... ဒါပေမဲ့ သူက ဘာအန္တရာယ်မှ ပေးမယ့်ပုံ မပေါ်ပါဘူး...”

သူမသည် လင်းထျန်းလုံကို မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာငယ်လေးပေါ်တွင်လည်း မေးခွန်းများ ပြည့်နှက်နေလေသည်။

လင်းထျန်းလုံသည် သူ၏ နှလုံးသားထဲရှိ တုန်လှုပ်မှုများကို ဖိနှိပ်လိုက်ပြီး ကလေးငယ်နှစ်ဦး၏ မျက်နှာများကို သူ့နှာခေါင်းကြီးဖြင့် ညင်သာစွာ ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်

“အင်း... အတော် ထူးခြားတဲ့ အကောင်လေး တစ်ကောင်ပါပဲ၊ သူလည်း သွားပြီဆိုတော့... သိပ်အများကြီး မတွေးပါနဲ့တော့...”

သို့သော် သူ ကိုယ်တိုင်ကမူ ပို၍တွေးတောနေမိလေသည်။

ဤနှင်းဝိညာဉ်မြေခွေးလေး ပေါ်ထွက်လာမှု၊ သူ၏ အရိပ်အမြွက် ပါဝင်နေသော စကားများနှင့် ချန်ထားရစ်ခဲ့သည့် ကောင်းချီးပေးမှုတို့မှာ တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းထားခါစဖြစ်သော ဤဝိညာဉ်နယ်မြေကို လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပိုမိုလွှမ်းခြုံသွားသကဲ့သို့ ခံစားရနေလေတော့သည်။

All Chapters