← Chapters

အခန်း (၁၂၅၉-၁၂၆၀)

Vol. 126 Ch. 1259-1260

အခန်း (၁၂၅၉-၁၂၆၀)

Vol. 126 Ch. 1259-1260

အခန်း (၁၂၅၉) - ရောင်စုံကြယ်တာရာမြစ်

"ကျုပ်လည်း ကြားဖူးပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုး မသေမျိုး လှေမျိုးတွေက အထက်ဘုံ (၃) နယ်မြေမှာပဲ လည်ပတ်နေတာ၊ အောက်ဘုံ (၆) နယ်မြေထဲမှာတော့ ဘယ်သူမှ မထုတ်လုပ်နိုင်ကြဘူး"

ဖန့်ချန်က ပြောသည်။

နဂါးအိုကြီးက ခေါင်းညိတ်သည်။

"ငါ ဖော်မြူလာတွေ၊ ဝိညာဉ်အမှတ်အသားတွေ၊ နတ်ဘုရားအမှတ်အသားတွေ အပေါ်မှာ သုတေသန လုပ်ကြည့်ဖူးတယ်၊ ဒီအမှတ်အသားတွေအားလုံးမှာ ဘုံလက္ခဏာတစ်ခု ရှိတယ် အဲဒါကတော့ သူတို့ဟာ အလွန်ကို ရှေးကျနေတာပဲ"

"သူတို့ရဲ့ တည်ရှိမှုဟာ ငါတို့ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေထက်တောင် ပိုပြီး ရှေးကျနိုင်တယ် ဒီအမှတ်အသားတွေက တစ်နည်းအားဖြင့် ဒီပစ္စည်းတစ်ခုရဲ့ စွမ်းအားကို ဆုံးဖြတ်ပေးတာပဲ"

"ငါပြောတဲ့ လှေမျိုးဆိုရင် ရိုက်နှိပ်ထားတဲ့ နတ်ဘုရားအမှတ်အသားတွေက သာမန်မဟုတ်တာ သေချာတယ်၊ ငါတို့တောင် မမြင်ဖူးတဲ့ အဆင့်တွေ ဖြစ်နိုင်တယ်"

နဂါးအိုကြီး၏ စကားကို ဖန့်ချန် အနည်းငယ် လက်ခံသည်။

သူလည်း မှော်ပစ္စည်းတွေကို တစ်ချိန်က သုတေသန လုပ်ကြည့်ဖူးသော်လည်း နောက်ပိုင်းတွင် စိတ်မဝင်စားတော့သဖြင့် ထားလိုက်ခြင်း ဖြစ်သည်။

"သခင်လေးဖန့် မင်းပြောတာက..."

နဂါးအိုကြီးသည် ရှေ့ရှိ အာကာသကို စိုက်ကြည့်လိုက်သည်။

ကြယ်ရောင်အနည်းငယ်ကို မြင်ရသည်မှလွဲ၍ ဤနေရာတွင် အလွန်တရာ ဖိနှိပ်မှုရှိသော လေထုသာ ရှိသည်။

အပြင်ဘက်တွင် ဘာမှမရှိ၊ လေလည်းမရှိ၊ ဝိညာဉ်စွမ်းအင်လည်း မရှိ၊ စွန့်ပစ်ထားသော နေရာတစ်ခုနှင့် တူသည်။

"လူ့လောက နယ်မြေကိုးခုမှာဆိုရင် ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားတဲ့ နေရာမျိုးတောင် ဝိညာဉ်စွမ်းအင် ရှိခဲ့တဲ့ အရိပ်အယောင်တော့ ကျန်ခဲ့တာပဲ ဘာလို့ ဒီနေရာမှာကျတော့ ဘာမှ မရှိရတာလဲ"

အဆင့် ၄ မသေမျိုး တစ်ယောက်အနေဖြင့် နဂါးအိုကြီးသည် မည်သည့်အရာကိုမျှ ကြောက်လန့်သူ မဟုတ်သော်လည်း စကြဝဠာထဲတွင် ရောက်နေချိန်၌ သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုပ်သွားသည်ဟု ခံစားရကာ တုန်လှုပ်သွားသည်။

ထိုသို့သော နေရာမျိုးတွင် မိမိ၏ မသေမျိုး စွမ်းအင် ကုန်ခမ်းသွားပါက ဘဝကို စွန့်လွှတ်လိုက်ရသည့် မသေမျိုး တစ်ပါးနှင့် ဘာများ ထူးခြားပါတော့မလဲ။

"မသိဘူး၊ ဒီမေးခွန်းက အရမ်းနက်နဲလွန်းတယ်၊ ကျုပ် လေ့လာချင်စိတ် မရှိဘူး ခင်ဗျားလည်း ဒီအတိုင်းပဲ လိုက်တွေးမနေတာ ကောင်းမယ် စိတ်အခြေအနေ မတည်ငြိမ်ဖြစ်သွားလိမ့်မယ်"

ဖန့်ချန် ခေါင်းခါလိုက်ပြီး ဤခေါင်းစဉ်ကို ဖြတ်လိုက်သည်။

သူတွင် ထိုအရာအားလုံးကို ရှင်းပြနိုင်လောက်သည့် အသိပညာ ဗဟုသုတ လုံလုံလောက်လောက် မရှိသလို ကျိုးကြောင်းဆီလျော်သည့် ခန့်မှန်းချက်လည်း မရှိပေ။

"ဒီကောင်းကင်နဲ့ မြေကြီးဟာ တစ်ချိန်က ကြက်ဥတစ်လုံး ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ နတ်ဘုရားတစ်ပါးက ပုဆိန်နဲ့ ခုတ်လိုက်တဲ့အတွက် ဒီပုံစံ ဖြစ်လာတယ်လို့ပဲ သဘောထားလိုက်ပါ"

ဖန့်ချန်က ပြုံး၍ ပြောသည်။

နဂါးအိုကြီးက ဘာမှ မပြောတော့ပေ။

သူသည်လည်း ဖန့်ချန်၏ အကြံပေးချက်အတိုင်း လိုက်နာကာ ဆက်လက် လေ့လာခြင်း မပြုတော့ပေ။

ဤသို့ဖြင့် အချိန်ကာလများ လတစ်လပြီး တစ်လ ကုန်ဆုံးသွားသည်။

တစ်လတိုင်းတွင် နဂါးအိုကြီးသည် မသေမျိုးကျောက်တုံး တစ်တုံးကို အသုံးပြုရသည်။

သူသည် ထိုလှေကို အစွမ်းကုန် မောင်းနှင်နေရသဖြင့် အသုံးပြုလိုက်ရသည့် မသေမျိုးစွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းသည်။

မသေမျိုးကျောက်တုံးများသာ မရှိပါက တစ်နှစ်မပြောနှင့်၊ နန်ချင်း ကြယ်တာရာစုဝေးပွဲ သို့ ရောက်ရန် ဆယ်နှစ်ပင် ကြာနိုင်ပေသည်။

"နဂါးအိုကြီးက လှေကို အစွမ်းကုန် မောင်းရင် တစ်ခဏအတွင်းမှာ မိုင် တစ်သိန်း၊ ဆိုလိုတာက ကီလိုမီတာ ငါးသောင်းလောက် သွားနိုင်တယ် အလင်းအရှိန်ရဲ့ ခြောက်ပုံတစ်ပုံလောက် ရှိတယ်"

ဖန့်ချန်သည် ယနေ့တွင် ရုတ်တရက် ပျင်းရိလာသဖြင့် သူတို့ ခရီးစတင်သည့်နေရာနှင့် နန်ချင်း ကြား အကွာအဝေးကို တွက်ချက်ကြည့်သည်။

ရလဒ်အနေဖြင့် - အလင်းနှစ် 0.16 ခန့် ရှိသည်။

စကြဝဠာအတွက်ဆိုလျှင် ထိုအကွာအဝေးမှာ ရှည်လျားလှသည် မဟုတ်သော်လည်း အဆင့် ၄ မသေမျိုး တစ်ယောက်အနေဖြင့် အစွမ်းကုန် မောင်းနှင်ရမည်ဆိုပါက မသေမျိုးကျောက်တုံး တစ်ဒါဇင်ကျော် အကုန်အကျခံရမည် ဖြစ်သည်။

"တည်နေရာ ရွှေ့ပြောင်းရေး အစီအရင် ရှိနေခြင်းက နှစ်နေရာကြား အကွာအဝေးကို တိုတောင်းသွားစေတယ် ဝိညာဉ်ကျောက်တုံးတွေ ကုန်ကျပေမဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေလောက်ပဲ လိုတာပါ အလွန်ဝေးကွာတဲ့ နေရာတွေကို တိုက်ရိုက်သွားမှသာ မသေမျိုးကျောက်တုံး လိုအပ်တာ ဖြစ်လိမ့်မယ်"

ဖန့်ချန်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။

ဒါဟာ တိုးတက်မှု တစ်မျိုး ဖြစ်နိုင်သည်။

အလွန်ရှေးကျသော ကာလများက တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်များ မရှိခဲ့ပေ။

ရှေးခေတ်က ကားမရှိဘဲ မြင်း၊ လား စသည့် သယ်ယူပို့ဆောင်ရေး ယာဉ်များသာ ရှိသကဲ့သို့ပင်။

ထို့ကြောင့် ရှေးလူများအတွက် ခရီးဝေးသွားခြင်းမှာ အလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

"မှန်လေးဘအဲဒီ အစီအရင် ပညာရှင်တွေက တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်ကို ဘယ်လို တည်ဆောက်ကြတာလဲ"

" ဒီမေးခွန်းက သိပ်မနက်နဲပါဘူး မင်းက သူတို့ရဲ့ အဓိက နည်းလမ်းကို မေးတာ မဟုတ်ဘူးလေ သူတို့က နည်းပညာတွေနဲ့ တိုင်းတာပြီး နေရာကို ချိတ်ဆက်ကာ တံခါးတစ်ပေါက် တိုက်ရိုက် တည်ဆောက်တာ၊ အဲဒါက တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်ပဲ"

"သီအိုရီအရဆိုရင် အဲဒီ အစီအရင် ပညာရှင်ကသာ စွမ်းအားကြီးမားရင် မဟာရှ ကနေ နန်ချင်း ကြယ်တာရာစုဝေးပွဲ ကို တိုက်ရိုက်သွားနိုင်သလို နတ်ဘုရားနယ်မြေကိုလည်း တိုက်ရိုက်သွားနိုင်တယ်"

"ရှေးဟောင်း နတ်ဘုရား လမ်းကြောင်းလား"

"ဟုတ်တယ် အဲဒီလိုမျိုးပဲ၊ ဒါပေမဲ့ နည်းနည်း ကွဲပြားတယ် ဘာဖြစ်လို့လဲဆိုတော့ နှစ်တိုင်းလိုလို လူတွေက ဒီနည်းပညာတွေကို မြှင့်တင်၊ ပြောင်းလဲနေကြလို့ပဲ ကျင့်ကြံသူတွေရဲ့ အခြေခံဖြစ်တဲ့ ဓာတ်ငါးပါး ထိန်းချုပ်နည်းလိုမျိုးပေါ့ ဓာတ်ငါးပါး နယ်မြေမှာဆိုရင် အချို့လူတွေက ဒါကို အလွန်နက်နဲတဲ့ အဆင့်အထိ လေ့လာထားကြပြီး အလွန်အစွမ်းထက်တယ်"

"ဝမ်ချွမ်း မြစ်ပေါ်က တံတားတွေကရော"

"အွန်း..."

ဖန့်ချန်၏ မျက်လုံးများထဲတွင် ပြုံးရယ်ခြင်း အရိပ်အယောင် ပေါ်လာသည်

"မသေမျိုးကျောက်တုံး ဘယ်လောက် လိုအပ်လဲ"

"ယင်လောက ကိစ္စတွေကတော့ ငါ သိပ်မသိဘူး၊ မသေမျိုးကျောက်တုံးနဲ့ မဆိုင်ဘူး ဒါပေမဲ့ ငါ့ ခန့်မှန်းချက်အရတော့ အဲဒီတံတားတွေက မှော်ပစ္စည်း တစ်မျိုးမျိုး ဖြစ်နိုင်တယ်"

ဟု မှန်လေး က ပြောသည်။

မှော်ပစ္စည်း တစ်မျိုးမျိုး ဟုတ်လား

ဖန့်ချန်က နောက်တစ်ခါ ယင်လောက သွားတဲ့အခါ အဲဒီတံတားတွေကို သေချာလေ့လာဖို့ လိုအပ်သည်ဟု ယူဆသည်။

တကယ်လို့ သူတို့က မှော်ပစ္စည်းတွေသာ ဖြစ်မယ်ဆိုရင် ဖူထူလောက မှာလည်း အသုံးပြုလို့ ရနိုင်သည် မဟုတ်လား

……

……

မသိလိုက်ဘဲ လူတိုင်းက နန်ချင်း ကို မရေမရာ မြင်လာရသည်။

ဖန့်ကျစ်ရွှယ်တို့သာမက ဖန့်ချန်နှင့် နဂါးအိုကြီးတို့ပင် ထိုနန်ချင်း ကြယ်တာရာစုဝေးပွဲကြောင့် အံ့အားသင့်သွားကြသည်။

နန်ချင်း ကြယ်တာရာစုဝေးပွဲ အနီးတွင် မျက်စိဖြင့် မြင်နိုင်သော ရောင်စုံ နတ်ဘုရားအလင်းတန်းများ ရှိသည်။

ထိုအလင်းတန်းများသည် တောက်ပသော ကြယ်တာရာမြစ်ကဲ့သို့ နန်ချင်းကို ဝိုင်းရံထားသည်။

မကသေးပေ၊ ထိုရောင်စုံ ကြယ်တာရာမြစ်များအပေါ်တွင် ကြီးမားလှသော အဆောက်အအုံများကိုလည်း မြင်တွေ့နိုင်သည်။

"ဒါဟာ အစီအရင်ကြီးတစ်ခု ဖြစ်ပုံရတယ် ဒီအဆောက်အအုံတွေထဲမှာ အမြဲတမ်းလိုလို မသေမျိုး အဆင့်ရှိသူတွေ ရှိနေမှာပဲ သူတို့ရဲ့ ကျင့်ကြံမှုအဆင့် ဘယ်လောက်ရှိမလဲတော့ မသိဘူး"

နဂါးအိုကြီး၏ အမူအရာမှာ လေးနက်နေသည်။

လှေ၏ အရှိန်မှာ တဖြည်းဖြည်း လျော့ကျသွားသည်။

သူ မသေမျိုးစွမ်းအင်သုံးဖို့ မေ့သွားခြင်း မဟုတ်ဘဲ၊ ထိုရောင်စုံ ကြယ်တာရာမြစ်များနှင့် နီးကပ်လာချိန်တွင် မမြင်နိုင်သော တွန်းအားတစ်ခုကြောင့် လှေ၏ အရှိန် လျော့ကျသွားခြင်း ဖြစ်သည်။

လဝက်ကြာပြီးနောက် လှေသည် နောက်ဆုံးတွင် ရောင်စုံ ကြယ်တာရာမြစ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအခါမှသာ လှေပေါ်ရှိ လူတိုင်းသည် ထိုနေရာ၏ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။

ထိုအဆောက်အအုံများသည် ကြယ်တာရာမြစ်နှင့်အတူ စီးဆင်းနေကြပြီး ယခုအချိန်တွင် အဆောက်အအုံ တစ်ခုသည် သူတို့ရှေ့သို့ ရောက်ရှိလာသည်။

သူတို့အပြင် ရှေ့တွင် လှေ နှစ်စင်း ထပ်ရှိနေသေးသည်။

ဆိုလိုသည်မှာ ယခင်က ထိုလှေနှစ်စင်းကို မည်သည့်အစီအရင်ဖြင့် ဖုံးကွယ်ထားသည်ကို မသိရှိခဲ့ကြပေ။

အဆောက်အအုံ၏ အလုပ်ကိုလည်း လူတိုင်း တဖြည်းဖြည်း ခန့်မှန်းမိကြသည်။

ဒါဟာ နန်ချင်း ကြယ်တာရာနယ်မြေ၏ ဆိပ်ကမ်း ဖြစ်သည်။

ရှေ့ရှိ ကောင်းကင်လှေ နှစ်စင်းသည် စစ်ဆေးခြင်း ခံယူနေပြီး စစ်ဆေးရေး တာဝန်ယူထားသူမှာ ထူးဆန်းလှသော ရုပ်သေးရုပ် များ ဖြစ်သည်။

ရုပ်သေးရုပ် တစ်ခုချင်းစီသည် အမြင့် ၁၀ တောင် ရှိပြီး သံချေးရောင် အသားအရေရှိကာ ရွှေရောင်နှင့် ခရမ်းရောင် အမှတ်အသားများဖြင့် နတ်ဘုရား အမှတ်အသားများ ထွင်းထုထားသည်။

"ဒီရုပ်သေးရုပ်တွေက... အမှန်တော့ မှော်ပစ္စည်းတွေပဲ၊ ဒါပေမဲ့... သူတို့က မှော်ပစ္စည်း တစ်ခုတည်း မဟုတ်ဘူး..."

နဂါးအိုကြီးက တိုးတိုးလေး ရေရွတ်လိုက်ပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ

"မင်း သတိထားမိလား၊ သူတို့ရဲ့ လက်မောင်းတွေက သီးခြား မှော်ပစ္စည်းတွေ၊ ခြေထောက်တွေ၊ ခေါင်းတွေကလည်း အတူတူပဲ ဒီမှော်ပစ္စည်းတွေ အကုန်လုံး ပေါင်းစပ်မှသာ ပြည့်စုံတဲ့ ရုပ်သေးရုပ် တစ်ခု ဖြစ်လာတာ ဒီရုပ်သေးရုပ် တစ်ခုရဲ့ စွမ်းအားက အဆင့် ၁ မသေမျိုး တစ်ပါးနဲ့ ညီမျှလောက်တယ်"

ဟု ပြောသည်။

အဆင့် ၁ မသေမျိုး တစ်ပါး

လူတိုင်း အသက်ရှူမှားသွားကြသည်။

သူတို့သည် ယခုဆိုလျှင် သာမန် ကျင့်ကြံသူများ မဟုတ်တော့ဘဲ ကျင့်စဉ်လောက၏ လျှို့ဝှက်ချက်များကို အနည်းငယ် သိရှိနားလည်နေကြပြီ ဖြစ်သည်။

နဂါးအိုကြီး ပြောသည့် အဆင့် ၁ မသေမျိုး ဆိုသည်မှာ သူတို့ အရင်က အလွန်တရာ ရိုသေလေးစားခဲ့သော ဂိုဏ်းခိုပ်အဆင့်များပင် ဖြစ်သည်

နန်ချင်း ကြယ်စုတန်းမှ ကျင့်ကြံသူတွေက... ဂိုဏ်းချုပ်အဆင့်နဲ့ ညီမျှတဲ့ ရုပ်သေးရုပ်တွေကိုတောင် တည်ဆောက်နိုင်ကြတာလား

နန်ချင်း ကြယ်တာရာနယ်မြေထဲသို့ မဝင်ရောက်မီမှာပင် သူတို့သည် လုံးဝ အံ့အားသင့်သွားကြပြီ ဖြစ်သည်။

အခန်း (၁၂၆၀) - ဒိုင်းကာ

ဖန့်ချန်၏ စိတ်ထဲတွင် နဂါးအိုကြီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။

ဒါဟာ သူက ရှေ့ကမြင်နေရတာတွေကို အထင်သေးလို့ မဟုတ်ဘဲ၊ ယခုတစ်ခါ သူသည် ယင် လမ်းကြောင်းဖြင့် လာခြင်းမဟုတ်ဘဲ အနည်းငယ်သာ ထူးခြားသော ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်အဖြစ်သာ ရောက်လာခြင်းကြောင့် ဖြစ်သည်။

မသေမျိုးအဆင့် မဟုတ်သေးသဖြင့် နဂါးအိုကြီးကဲ့သို့ ထိုရုပ်သေးရုပ်များ၏ အောက်ခြေအထိ တစ်ချက်တည်းနဲ့ အကဲခတ်နိုင်စွမ်း မရှိပေ။

မကြာမီပင် ပထမဆုံးသော မသေမျိုးလှေသည် စစ်ဆေးမှု အောင်မြင်သွားပြီး နန်ချင်း ကြယ်တာရာနယ်မြေ ဆီသို့ ဆက်လက် သွားရောက်ခွင့် ရရှိသွားသည်။

ဒုတိယလှေသာ ပြီးသွားပါက ဖန့်ချန်တို့ အလှည့် ဖြစ်လာမည်။

လူအများ စောင့်ဆိုင်းနေစဉ်အတွင်း အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းလှသော အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။

ဖန့်ကျစ်ရွှယ်တို့ လူစုသည် လှေ၏ ညာဘက်သို့ အမြန်သွားရောက်ကြည့်ရှုလိုက်ရာ မသေမျိုးအဆင့် နှစ်ပါး တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

တစ်ပါးသောသူသည် ကျင့်စဉ်ကို သုံးရင်း နန်ချင်း ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

"နန်ချင်း ဆိုတာ တကယ်ပဲ၊ ရောက်ရောက်ချင်း မသေမျိုးတွေ တိုက်ခိုက်တာကို မြင်လိုက်ရတယ်"

လီတောက်ယဲ့က သက်ပြင်းချလိုက်သည်။

ကျောက်ကျောင်လုန်တို့သည်လည်း တာအိုသုံးထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို သိရှိကြပြီး သူတို့သည်လည်း တာအိုသုံးထောင်ဂိုဏ်းတွင် စာရင်းသွင်းထားသူများ ဖြစ်သည်။

ကျောက်ကျောင်လုန်က ပြုံး၍

"ဂိုဏ်းချုပ်၊ နောင်ဆိုရင် နန်ချင်းမှာ ဒီလိုကိစ္စမျိုးတွေ ပိုမြင်ရဦးမှာပဲ"

ဟု ပြောသည်။

"ဘယ်သူက မဟုတ်ဘူးလို့ ပြောမလဲ"

လီတောက်ယဲ့က ခေါင်းညိတ်သည်။

သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်စိတ်အနည်းငယ် ရောထွေးနေသည်။

ခရီးတစ်လျှောက်လုံး သူ စိတ်လှုပ်ရှားနေခဲ့သော်လည်း နန်ချင်းသို့ ရောက်လျှင် အန္တရာယ်များ ကြုံရမည်လား၊ ဂိုဏ်းတည်ထောင်လျှင် အခြားသူများက အနိုင်ကျင့်မည်လားဟု မကြာခဏ တွေးမိသည်။

ကိစ္စတိုင်းအတွက် နောက်ကွယ်က လူကြီးကိုပဲ အမြဲအားကိုးနေ၍ မရပေ။

သူသည် နောက်ပိုင်းတွင် ဖန့်ချန်နှင့် စည်းမျဉ်းများအကြောင်း ဆွေးနွေးပြီး ဖန့်ချန်၏ အစီအစဉ်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

"မားကျီ၊ မင်း တော်တော်ကြာနေပြီနော်၊ ငါ ဒီအထိတောင် ဆုတ်ပေးလိုက်ပြီ၊ မင်း ဘာထပ်လိုချင်သေးလဲ ဟေ့ မင်း....အမေ ကို "

တိုက်ခိုက်ရင်း ဆုတ်ခွာနေသော အကြီးကဲ သည် လူအုပ်ကြားထဲမှ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ကျိန်ဆဲသံများ ချန်ရစ်ခဲ့သည်။

သူ့ကို လိုက်လံသတ်ဖြတ်နေသော မသေမျိုးအဆင့်မှာမူ မျက်နှာပျက်သွားကာ လက်ကို ဝှေ့ယမ်းပြီး ကျင့်စဉ်တံဆိပ်တစ်ခုကို ပစ်လွှတ်လိုက်သည်။

ကြီးမားလှသော ကျင့်စဉ်တံဆိပ်သည် တောက်ပသော အလင်းရောင်များဖြင့် လူတိုင်းကို မျက်စိကျိန်းစေသည်။

သို့သော် ချက်ချင်းပင် လူတိုင်း သတိဝင်လာသည်။

ဒီကျင့်စဉ်တံဆိပ်က... ငါတို့ဆီကို ဦးတည်လာနေတာ မဟုတ်လား။

နဂါးအိုကြီး မျက်နှာပျက်သွားကာ မသေမျိုးစွမ်းအင်ဖြင့် လှေကို ကာကွယ်ရင်း အော်ပြောလိုက်သည်

"မင်းတို့နှစ်ယောက် တိုက်ခိုက်တာ ငါတို့ကို ဘာလို့ ဆွဲထည့်တာလဲ "

"ခုနက အကြီးကဲ က ငါတို့လှေအောက်မှာ ပုန်းပြီး နန်ချင်းထဲကို အခွင့်အရေးယူ ဝင်သွားဖို့ ကြိုးစားနေတာ ဖြစ်မယ်"

ဖန့်ချန်က ပြောသည်။

ပြောနေရင်းနှင့်ပင် တစ်ဖက်၏ ကျင့်စဉ်တံဆိပ်က လှေပေါ်သို့ ကျရောက်လာပြီး အများစုကို နဂါးအိုကြီး၏ စွမ်းအားဖြင့် တားဆီးလိုက်သည်။

သို့သော် လှေသည် ပြင်းထန်စွာ တုန်ခါသွားပြီး ဖန့်ကျစ်ရွှယ်တို့မှာ အန်ချင်သည့်အထိ ဖြစ်သွားကာ မျက်လုံးထဲတွင် ကြယ်ရောင်များ ထွက်လာသည်။

ခဏအကြာတွင် လှေသည် ငြိမ်သက်သွားပြီး လှေတစ်ခုလုံးတွင် အက်ကြောင်းများစွာ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

မထူးဆန်းပါ၊ ဤလှေသည် ပျက်စီးသွားပြီ ဖြစ်သည်။

အတင်းအကျပ် ပြင်ဆင်လျှင်တောင် အရင်ကဲ့သို့ မှော်ပစ္စည်းမျိုး မဟုတ်တော့ပေ။

"မားကျီ၊ မင်း ရူးနေပြီလား"

အရင်က ပျောက်ကွယ်သွားသော အကြီးကဲ သည် လှေအောက်မှ ပေါ်လာပြီး အဆောက်အအုံများဘက်သို့ ထွက်ပြေးသွားသည်။

မားကျီက ထိုအရာကို မြင်သော်လည်း နဂါးအိုကြီးကိုပင် ကြည့်မနေဘဲ လိုက်လံ ဖမ်းဆီးရန် ပြင်သည်။

ချက်ချင်းပင် သူ့ကို မသေမျိုးစွမ်းအင်တစ်ခုဖြင့် တားဆီးလိုက်သည်။

ထိုအခါမှသာ မားကျီသည် နဂါးအိုကြီးကို အေးစက်စက် ကြည့်ကာ

"ဖယ်စမ်း"

ဟု ပြောသည်။

လူတိုင်း ဒေါသထွက်သွားသည်။

အထူးသဖြင့် နဂါးအိုကြီး ခေါ်လာသည့် နောက်မျိုးဆက်များက သူတို့ဘက်ကို ဒေါသတကြီး ကြည့်လိုက်ကြသည်။

တစ်ဖက်က ဘာမှမပြောဘဲ တိုက်ခိုက်သည်၊ အခုလည်း စကားမပြောဘဲ ရိုင်းပြသည်၊ ဒါဟာ အလွန်ကို မာန်မာနကြီးလွန်းသည်။

နဂါးအိုကြီး ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်

"ဟားဟား၊ သောက်ရူး၊ မင်းလည်း အဆင့် ၄ မသေမျိုး တစ်ပါးပဲကို၊ ငါ့ရှေ့မှာ ဘာလာလုပ်တာလဲ ဒီနေ့ မင်း အကြောင်းပြချက် မပေးရင် ဒီနေရာကနေ ဖြတ်သွားခွင့် မရှိဘူး တိုက်ပြီးရင် ထွက်ပြေးတာ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ "

မားကျီ ခဏရပ်သွားပြီး နဂါးအိုကြီးကို သေချာကြည့်ကာ လှေပေါ်ရှိ လူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လျက်

"ငါက မင်းတို့ကို တိုက်ခိုက်တာ မဟုတ်ဘူး၊ ငါ့ရန်သူကို လိုက်လံသတ်ဖြတ်နေတာ"

ဟု ပြောသည်။

ထိုအချိန်တွင် သူ့ရန်သူသည် ရုပ်သေးရုပ် တစ်ခုရှေ့သို့ ရောက်သွားပြီး တစ်ခုခုကို ပြောနေသည်။

ရံဖန်ရံခါ ထိုဘက်သို့ လှည့်ကြည့်ကာ လှောင်ပြုံးပြုံးနေသည်။

"ငါသာ အဆင့် ၄ မသေမျိုး မဟုတ်ရင် မင်းရဲ့ ခုနက တိုက်ကွက်ကြောင့် ဒီမှာ ဘယ်သူ အသက်ရှင်ကျန်မလဲ"

နဂါးအိုကြီးက အေးစက်စက် ရယ်မောသည်။

မားကျီ၏ မျက်လုံးတွင် သည်းခံမှု ကင်းမဲ့သည့် အရိပ်အယောင် ပေါ်လာသည်

"မတရား မလုပ်နဲ့၊ မင်းလည်း ဘာမှ အများကြီး ဆုံးရှုံးတာ မဟုတ်ဘူး မင်းက အဆင့် ၄ မသေမျိုး၊ ငါလည်း အတူတူပဲ၊ ဒါပေမဲ့ ငါက အဆင့် ၄ ရောက်တာ မင်းထက် ပိုကြာပြီးသား"

ပြောပြီးနောက် သူသည် နဂါးအိုကြီးကို ဂရုမစိုက်တော့ဘဲ ရန်သူကို လိုက်လံ ဖမ်းဆီးသွားသည်။

ဤတစ်ခါ နဂါးအိုကြီး မတားတော့ပေ။ သူသည် ဖန့်ချန်ကို ကြည့်ကာ

"ဒီခရီးမှာ ဒီလို အရှက်ရစရာ ကြုံရမယ်မှန်း သိရင် ဟွမ်ဝူကျိ ကိုပဲ မင်းနဲ့ လိုက်ခိုင်းလိုက်မှာ၊ သူ့ကို ဒီကောင်တွေကို တစ်ချက်တည်းနဲ့ ခုတ်သတ်ခိုင်းလိုက်မယ်"

ဟု လျှို့ဝှက်စကား ပြောသည်။

"ဒေါသလျှော့လိုက်ပါ"

ဖန့်ချန် ပြုံး၍ ပြောသည်။

နဂါးအိုကြီးသည် တကယ် ဒေါသထွက်နေသည်ကို သူ သိသည်။

နဂါးအိုကြီးသည် သက်ပြင်းရှည် တစ်ချက်ချလိုက်သည်။

အဆင့် ၄ မသေမျိုး ဖြစ်သည့်အတွက် သူသည် ဒေါသကြီးသော်လည်း အခြေအနေကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။

"ဒေါသပြေသွားပါပြီ၊ ဒါပေမဲ့ နန်ချင်းမှာ ဒီနှစ်ကောင်နဲ့ ထပ်တွေ့ရင်တော့ ရှင်းရဦးမယ် ငါသာ အဆင့် ၄ မဟုတ်ရင် လှေတစ်ခုလုံး ပြာကျသွားပြီ"

ဖန့်ချန် ခေါင်းညိတ်ပြီး ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။

တစ်ယောက်က သူတို့လှေကို ဒိုင်းကာအဖြစ် အသုံးချပြီး၊ ဒိုင်းကာဖြစ်သူမှာ အဆင့်မြင့် မသေမျိုး မရှိပါက ဘာဖြစ်မလဲဆိုတာ သိလျက်နဲ့ လုပ်တာ၊ အလွန်ကို စိတ်သဘောထား ယုတ်မာလွန်းသည်။

နောက်တစ်ယောက်ကလည်း တစ်ဖက်ရဲ့ ရည်ရွယ်ချက်ကို သိလျက်နဲ့ ဂရုမစိုက်ဘဲ လှေနဲ့တကွ အကုန်သတ်ဖို့ ကြိုးစားတာ၊ သူလည်း စိတ်သဘောထား ယုတ်မာသည်။

ရှေ့မှ ဖြတ်သွားသော လှေပေါ်ရှိ ကျင့်ကြံသူများသည်လည်း ဒီဖြစ်ရပ်ကို သတိထားမိကြသည်။

ထိုအချိန်တွင် ရန်သူနှင့် စကားပြောနေသော ရုပ်သေးရုပ်သည် ရုတ်တရက် သံကြိုးခတ် တစ်ခုကို ထုတ်ယူကာ ထိုသူ၏ ဘေးသို့ ပစ်ချလိုက်သည်။

လိုက်လံသတ်ဖြတ်သူ မားကျီလည်း အလားတူပင် ဆက်ဆံခံရပြီး ခြေထောက်တွင် သံကြိုးခတ် ထပ်ရောက်လာသည်။

နှစ်ဖက်စလုံးသည် ပြင်းထန်စွာ ငြင်းခုံပြီးနောက် နောက်ဆုံးတွင် သံကြိုးခတ်တပ်ကာ ရုပ်သေးရုပ် တစ်ခုက ခေါ်ဆောင်သွားသည်။

"ဟားဟား"

လီတောက်ယဲ့တို့မှာ အလွန်ဝမ်းသာသွားပြီး ရယ်မောလိုက်ကြသည်။

ထိုနေရာ၏ ဥပဒေမှာ အလွန်တင်းကျပ်ပြီး ဂိုဏ်းချုပ်ကြီး ဖြစ်ပါစေ၊ ရာဇဝတ်မှု ကျူးလွန်လျှင် သံကြိုးခတ်ခံရမည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

ထင်ရှားသည်မှာ သူတို့ရောက်နေသော နေရာတွင် တိုက်ခိုက်ခွင့် မရှိပေ။

ရှေ့မှလှေသည် လျင်မြန်စွာ ဝင်ရောက်သွားသည်။

ရုပ်သေးရုပ် တစ်ခုသည် သူတို့ရှေ့သို့ ရောက်လာပြီး

"နာမည်၊ ကျင့်ကြံမှုအဆင့်"

ဟု အေးစက်စက် မေးသည်။

နဂါးအိုကြီးက အတုအယောင် နာမည်တစ်ခု ပေးလိုက်သည်

"ဟွမ်ဝူကျိ၊ အဆင့် ၄ မသေမျိုး"

တစ်ဖက်က တိုက်ရိုက် စာရင်းသွင်းလိုက်သည်၊ အတုအယောင် ဟုတ်မဟုတ် သူ ဂရုမစိုက်ပေ။

နာမည်နှင့် အဆင့်များ အားလုံး စာရင်းသွင်းပြီးနောက် ရုပ်သေးရုပ်က

"ဒီမှာ အခြေချမလား၊ မနေဘူးလားဆိုတာ အရေးမကြီးဘူး အခြေချခ ပေးဆောင်ရမယ် အဆင့် ၄ မသေမျိုးအတွက် မသေမျိုးကျောက်တုံး ၅ တုံး ပေးရမယ်"

ဟု ပြောသည်။

ဖန့်ချန်တို့၏ အဖိုးအခမှာ ပို၍ သက်သာပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများဖြင့် ပေးဆောင်ရသည်။

ဖန့်ချန်မှာ ဝိညာဉ်ကျောက်တုံးများ လိုအပ်နေသည်၊ ကံကောင်းစွာဖြင့် နဂါးအိုကြီးမှာ ပိုင်ဆိုင်မှုများစွာ ရှိပြီး မတွန့်ဆုတ်ဘဲ ပေးဆောင်လိုက်ကာ လှေကို ဖြတ်သန်းခွင့် ပေးလိုက်သည်။

"ဟုတ်ပြီ၊ ခုနက ခွေးနှစ်ကောင်က ဘာဖြစ်သွားမလဲ"

နဂါးအိုကြီးက မေးသည်။

ရုပ်သေးရုပ်က

"ဒီနေရာမှာ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်လို့ နှစ်ယောက်စလုံး မသေမျိုးကျောက်တုံး ၁၀ တုံးစီ ဒဏ်ရိုက်ပြီး ၆ လ အချုပ်ကျမယ်"

ဟု ပြောသည်။

"ဟားဟား"

နဂါးအိုကြီး စိတ်ကျေနပ်သွားသည်။

ဖန့်ကျစ်ရွှယ်တို့လည်း အလွန်ပင် စိတ်ကျေနပ်သွားကြသည်။

All Chapters