← Chapters

အခန်း (၁၂၆၉-၁၂၇၀)

Vol. 127 Ch. 1269-1270

အခန်း (၁၂၆၉-၁၂၇၀)

Vol. 127 Ch. 1269-1270

အခန်း (၁၂၆၉) - အကူအညီပေးခြင်း

ဆန်းယွင်ဂိုဏ်း သို့ ဖန့်ချန်တို့ ပြန်ရောက်ကြသည်နှင့် တုန်းဖန်းဟောက်ကျဲ့ ဇနီးမောင်နှံနှင့် နဂါးအိုကြီး ၏ မျိုးဆက်အချို့မှာ အပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။

"အို၊ ဖန့်အကြီးကဲ တောင်အောက်ဆင်းသွားတာလား "

တုန်ဖန်းဟောက်ကျဲ့က အံ့ဩစွာ မေးလိုက်သည်။

"မင်းတို့လည်း တောင်အောက်ဆင်းမလို့လား "

ဖန့်ချန်က ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။

တုန်ဖန်းဟောက်ကျဲ့က ခေါင်းညိတ်လိုက်သည်

"ဟုတ်တယ်၊ ချင်းယွမ်ဈေးမှာ ကြီးကျယ်တဲ့ ဈေးပွဲတော် ရှိတယ်လို့ ကြားလို့ သွားကြည့်မလို့ပါ"

"နောက်နှစ်ရက်လောက် စောင့်ပါဦး၊ ဒီရက်ပိုင်းမှာ ပြဿနာ နည်းနည်း ဖြစ်လာနိုင်တယ် "

ဖန့်ချန်က ပြုံး၍ ပြောသည်။

တုန်ဖန်းဟောက်ကျဲ့မှာ စိုးရိမ်မည့်အစား ဝမ်းသာသွားပြီး ဖန့်ချန်အနားသို့ အမြန်ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"ကျွန်တော်တို့ ဆန်းယွင်ဂိုဏ်းကို တစ်ယောက်ယောက်က လာပြီး ပြဿနာရှာတာလား ဒီလိုကိစ္စမျိုးကို လျှို့ဝှက်မထားနဲ့လေ၊ ကျွန်တော်တို့ ဇနီးမောင်နှံလည်း လူတွေနဲ့ ရန်မဖြစ်တာ ကြာပြီ၊ ခန္ဓာကိုယ်တွေတောင် သံချေးတက်တော့မယ်၊ ကျွန်တော်တို့ အစွမ်းပြရမယ့် အခွင့်အရေး ရှိမလား "

လုံဝူ က ဖန့်ချန်ကို အားမလိုအားမရဖြင့် ကြည့်လိုက်သည်။

"ရှိမှာ မဟုတ်ပါဘူး "

ဖန့်ချန်က ခဏစဉ်းစားပြီးနောက် သေချာပေါက် ပြောလိုက်သည်

"မင်းတို့ အစွမ်းပြရမယ့် အခွင့်အရေး မရှိသလို၊ ကျွငါလည်း မရှိဘူး "

တုန်ဖန်းဟောက်ကျဲ့မှာ စိတ်ပျက်သွားသည်။

လုံဝူသည် ထိုအချိန်တွင် ဖန့်ကျစ်ရွှယ်တို့ထံမှ တောင်အောက်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သိရှိသွားပြီး ဟွာယူဟဲ့ကို နှစ်သိမ့်ပေးရင်း ဒွမ်းမိသားစုရှိရာဘက်သို့ ကျိန်ဆဲလိုက်သည်။

ဟွာယူဟဲ့ ကြုံတွေ့ခဲ့ရသည့်အကြောင်းကို ကြားသောအခါ လူတိုင်းမှာ ဒေါသထွက်ပြီး ဓားကို ကိုင်ကာ ချက်ချင်း သတ်ဖြတ်ပစ်ချင်နေကြသည်။

တုန်ဖန်းဟောက်ကျဲ့က အသံကို လျှော့ချ၍

"ရန်သူဘက်က ရွှေအမြုတေအဆင့် တစ်ယောက်ပဲ သတ်လိုက်တာလား ဒါဆိုရင် သူတို့က လက်စားချေဖို့ အရောက်လာလိမ့်မယ်၊ ကျွန်တော် သဘောပေါက်ပြီ သူတို့ကို အသုံးချပြီး အဆင့်တန်း တည်ဆောက်မလို့ပဲ "

ဒွမ်းမိသားစုမှာ ဆန်းတောင်တွင် နာမည်ကြီးပြီး ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်သည်။

ထိုကာလအတွင်း ဆန်းယွင်ဂိုဏ်းမှာ အခြေချနိုင်ခဲ့သော်လည်း ရံဖန်ရံခါတွင် ကောလာဟလများ ကြားနေရဆဲဖြစ်ပြီး ဆန်းတောင်ရှိ ကျင့်ကြံသူအချို့မှာလည်း နောက်ကွယ်မှ အတင်းပြောနေကြဆဲ ဖြစ်သည်။

ဒွမ်းမိသားစုကိုသာ အသုံးချပြီး ဂုဏ်ကျက်သရေ တည်ဆောက်နိုင်ပါက နောက်ပိုင်းတွင် ဆန်းယွင်ဂိုဏ်းအနေဖြင့် ထိုကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် မလိုတော့ပေ။

"ဟုတ်ပြီ၊ ခုနက ပုဂ္ဂိုလ်ကြီးတစ်ဦး ဒီနေရာကို ဖြတ်သွားတာ တွေ့လိုက်တယ်၊ အဲဒီပုဂ္ဂိုလ်နဲ့ တိုက်ဆိုင်စွာပဲ တွေ့သွားတယ်၊ နှစ်ယောက်သား အတွင်းထဲမှာ စကားစမြည် ပြောနေကြတာ တော်တော်လေး အဆင်ပြေပုံရတယ် "

ဟု တုန်ဖန်းဟောက်ကျဲ့က ကိစ္စတစ်ခုကို သတိရကာ ဖန့်ချန်အား အစီရင်ခံလိုက်သည်။

ဖန့်ချန်၏ အကြည့်မှာ ရွေ့လျားသွားသည်။

နဂါးအိုကြီးကို စကားပြောဆိုနိုင်လောက်အောင် ခေါ်နိုင်သူမှာ အနည်းဆုံး အဆင့် (၄) သို့မဟုတ် အဆင့် (၃) လွတ်လပ်သောမသေမျိုး ဖြစ်ရပေမည်။

အဆင့် (၂) ဆိုလျှင် စကားနှစ်ခွန်းလောက်နှင့် ပြန်လွှတ်လိုက်မည် ဖြစ်ပြီး ဒီနေရာတွင် ကျန်ရစ်နေမည် မဟုတ်ပေ။

" တစ်ယောက်ယောက် လာနေပြီ ထင်တယ် "

ဒွမ်းမိသားစုဘက်သို့ ဦးတည်ကာ ဟွာယူဟဲ့အတွက် ကျိန်ဆဲပေးနေသည့် လုံဝူက ရုတ်တရက် ပြောလိုက်သည်။

တုန်ဖန်းဟောက်ကျဲ့က စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လိုက်ရာ ကျင့်ကြံသူ အုပ်စုကြီးတစ်ခုမှာ စစ်ချီလာသည့်ပုံစံဖြင့် ရောက်လာသည်ကို မြင်လိုက်ရသည်။

သူတို့၏ အရှိန်အဝါများမှာ မသေးလှဘဲ အများစုမှာ အလယ်ပိုင်း (၃) ဆင့် ဖြစ်ပြီး အထက်ပိုင်း (၃) ဆင့် လည်း ပါဝင်သည်။

ဤအင်အားမျိုးမှာ ဆန်းတောင်တွင် ရှိနေသော ကျင့်ကြံသူ အားလုံးကို ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

ယခုအချိန်တွင် ထိုကျင့်ကြံသူများ၏ လှုပ်ရှားမှုသည် ဆန်းတောင်ရှိ ကျင့်ကြံသူ အဖွဲ့အစည်းတိုင်းကို အလွန်အမင်း စိုးရိမ်ထိတ်လန့်စေသည်။

သူတို့မှာ လျှို့ဝှက်ထားရန် ရည်ရွယ်ပုံမရဘဲ ကိစ္စရပ်များကို ကြီးစေချင်ပုံရသောကြောင့် ဒွမ်းဖေးကျန့် သည် မိမိ၏ အရှိန်အဝါကို လုံးဝ မထိန်းချုပ်ထားပေ။

ဘေးဒြက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါမှာ ဆန်းတောင်ရှိ ကျင့်ကြံသူများအတွက် နှလုံးသားပေါ်တွင် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားရပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။

"ဒါ... ဒါ ဒွမ်းမိသားစုက ကျင့်ကြံသူတွေလား "

"မဟုတ်ဘူး၊ ကွမ်းယွမ်ထန်းက ကျင့်ကြံသူတွေလည်း ပါနေသလိုပဲ..."

"ခေါင်းဆောင်က... ဒွမ်းမိသားစုဘိုးဘေး ဒွမ်းဖေးကျန့်လား "

"ဟူးးးး"

"သူတို့ ဒီကို ဘာလာလုပ်တာလဲ "

"ငါ အရင်က သူငယ်ချင်းဆီက ကြားလိုက်တာတော့ ဆန်းယွင်ဂိုဏ်းက တောင်အောက်မှာ ဒွမ်းမိသားစုကို စော်ကားမိတယ်လို့..."

...

...

ခဏအကြာတွင် ဒွမ်းဖေးကျန့်တို့အဖွဲ့သည် ဆန်းယွင်ဂိုဏ်း တံခါးဝသို့ ရောက်ရှိလာကြသည်။

ဆူဂါအိုဟူ မှာ ဒွမ်းမိသားစု ကျင့်ကြံသူများ၏ အကြည့်ခံရရင်း တပ်ဖွဲ့၏ နောက်ဆုံးတွင် ရောက်နေသည်။

သူ၏ အမူအရာမှာ အလွန်ဆိုးရွားနေပြီး ဖန့်ချန်ကို စကားလှမ်းပြောရန် ကြံစည်သော်လည်း ဒွမ်းဖေးကျန့် သိသွားပြီး အသက်သေဆုံးစေမည့် အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေသည်။

ဝေချန် က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

တောင်အောက်တွင် ဖန့်ချန်၏ မာန်မာနကို မြင်ခဲ့ရသဖြင့် အခုသူတို့ရဲ့ အမူအရာကို မြင်ချင်လှပြီ။

ထိုအချိန်တွင် လူနှစ်ဦးမှာ ရယ်မောပြောဆိုလျက် ဆန်းယွင်ဂိုဏ်းအတွင်းမှ ထွက်လာကြသည်။

ဒွမ်းဖေးကျန့် စကားပြောရန် ပြင်လိုက်စဉ် တစ်ဖက်လူ၏ ပုံစံကို မြင်လိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်မှာ ထိုနေရာတွင်ပင် တောင့်ခဲသွားသည်။

ရွှီတုန်းကျန်း ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး မျက်စိမှားသည်ဟု ထင်ကာ မျက်လုံးကို ပွတ်ကြည့်လိုက်ရာ နောက်ဆုံးတွင် မျက်နှာမှာ အစိမ်းရောင် သန်းလာသည်။

ပန်ချန် မှာ ရေခဲနတ်ဘုရားဂိုဏ်း၏ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သဖြင့် ဂိုဏ်းအတွင်းမှ ဘိုးဘေးများနှင့်အတူ အတွေ့အကြုံများ ရှိခဲ့ဖူးသည်။

ထို့ကြောင့် နဂါးအိုကြီးနှင့် စကားပြောနေသူမှာ မည်သူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်မှာ တုန်လှုပ်သွားသည်။

တောက်တိုင်တောင်နယ်မြေ တွင် ချင်းယွမ်ဈေးကဲ့သို့ နေရာများစွာ ရှိသည်။

ချင်ယွမ်ဈေးထက် အားနည်းသည့်နေရာများ ရှိသလို အဆပေါင်းများစွာ ပိုမိုအားကောင်းသည့်နေရာများလည်း ရှိသည်။

ရှေ့မှ ပုဂ္ဂိုလ်မှာ ချင်းယွမ်ဈေးထက် မည်မျှပို၍ အားကောင်းသည် မသိနိုင်သော တုန်းရှင်းဈေး မှ ဖြစ်သည်။

ထို့အပြင် ချင်းယွမ်ဈေးကဲ့သို့ အာဏာရှင်များ ပေါများသည့် နေရာနှင့် မတူဘဲ တုန်းရှင်းဈေးတွင် ဈေးပိုင်ရှင်ရှိသည်။

ထိုပုဂ္ဂိုလ်မှာ တုန်းရှင်းဈေး၏ ပိုင်ရှင်ဖြစ်ပြီး အဆင့် (၃) လွတ်လပ်သောမသေမျိုး ကျူးတုံရှူး ဖြစ်သည်။

"ဒွမ်းမိတ်ဆွေ၊ ခင်ဗျားတို့က ကျူးတုံရှူးအကြီးကဲ ဒီမှာ ရှိနေတာကို မပြောခဲ့ဘူး "

ပန်ချန်က လေးနက်စွာဖြင့် အသံလွှင့်ကာ ပြောလိုက်သည်။

ဒွမ်းဖေးကျန့်မှာ မျက်စိမှားသည် မဟုတ်ကြောင်း သေချာသွားပြီ။

သူမြင်နေရသူမှာ တုန်းရှင်းဈေးပိုင်ရှင် ကျူးတုံရှူး ဖြစ်နေသည်။

စိတ်ထဲတွင် အေးစက်စက် ခံစားချက်များ တိုးဝင်လာပြီး ပန်ချန်ကို ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပေ။

ရွှီတုန်းကျန်းလည်း အသံလွှင့်ကာ

"ကျူးတုံရှူးအကြီးကဲက ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ "

ဘာလို့လဲ ဟုတ်လား ယီးလိုသိမလား.....

ဒွမ်းဖေးကျန့်၏ မျက်နှာမှာ အလွန်ဆိုးရွားနေပြီး ဘာမှ ပြန်မပြောနိုင်ဘဲ ထိုနေရာတွင် ရပ်နေရုံသာ တတ်နိုင်တော့သည်။

"ကျူးမိတ်ဆွေ၊ ဒါတွေက ကျုပ်ရဲ့ မျိုးဆက်ငယ်တွေပါ၊ ကျုပ်ရဲ့ ဆန်းယွင်ဂိုဏ်းကို ဘယ်လို မြင်လဲ"

နဂါးအိုကြီးက ဖန့်ချန်တို့ကို ရယ်မောလျက် ကြည့်လိုက်သည်။

ကျူးတုံရှူးက တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်အားထက်သန်သော အပြုံးဖြင့်

"ဆန်းယွင်ဂိုဏ်းရဲ့ တပည့်တွေဟာ တစ်ယောက်ချင်းစီတိုင်းမှာ ထူးချွန်ထက်မြက်ကြပါတယ်၊ အကြီးကဲရဲ့ လက်အောက်မှာ ကျင့်ကြံခွင့်ရတာ သူတို့ရဲ့ ကံကောင်းခြင်းပါပဲ "

အကြီးကဲ...

ဒွမ်းဖေးကျန့်တို့မှာ လည်ချောင်းထဲတွင် အသက်ရှူရပင် ခက်ခဲလာကြသည်။

ခုနက သူတို့ ကြားလိုက်တာ မှားသွားတာလား... ဒါမှမဟုတ်...

နဂါးအိုကြီးက ရယ်မောလိုက်ပြီး ကျူးတုံရှူးနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဧည့်သည်ကို ပို့ဆောင်ရန် ပြင်လိုက်သည်။

ကျူးတုံရှူးက ဒွမ်းဖေးကျန့်တို့အဖွဲ့ကို တွေ့လိုက်ရပြီး ရွှီတုန်းကျန်းကို အနည်းငယ် မှတ်မိဟန်ဖြင့်

"မင်းက..."

ကျူးတုံရှူးက ရွှီတုန်းကျန်းကို လက်ညှိုးထိုးလိုက်သည်။

ရွှီတုန်းကျန်းက ချက်ချင်းပင် ခါးကိုင်းကာ အမြန်ပြေးသွားပြီး ဂါရဝပြုလိုက်သည်

"ကျွန်တော်က ရွှီတုန်းကျန်းပါ၊ ဘိုးဘေးက ရွှီကွမ်းယွမ် ဖြစ်ပါတယ် "

"ဩော်... ကွမ်းယွမ်ထန်က မျိုးဆက်တစ်ယောက်ကိုး "

ကျူးတုံရှူးက နားလည်သွားပြီး ပြုံး၍ ခေါင်းညိတ်လိုက်သည်

"ငါ ဒီတစ်ခါ ချင်းယွမ်ဈေးကို ဖြတ်သွားတာ အလုပ်ကိစ္စ ရှိနေလို့သာ မင်းတို့ဆီ မလာနိုင်တာကွမ်းယွမ်ရဲ့ ကျန်းမာရေးက ဘယ်လိုလဲ တော်တော်လေး ကောင်းမွန်မယ်လို့ ထင်ပါတယ်၊ သူ့ရဲ့ အရည်အချင်းဆိုရင် ကြိုးစားမယ်ဆိုရင် အဆင့် (၂) ကို တက်လှမ်းဖို့ အခွင့်အလမ်း ရှိပါတယ် "

"ဘိုး... ဘိုးဘေးရဲ့ ကျန်းမာရေးက ကောင်းပါတယ်၊ အကြီးကဲရဲ့ မေးမြန်းမှုကို ကျေးဇူးတင်ပါတယ် "

ရွှီတုန်းကျန်းက လေးစားစွာ ပြောသည်။

ကျူးတုံရှူးက နဂါးအိုကြီးကို ရယ်မော၍ ပြောလိုက်သည်

"အကြီးကဲ သူ့ဘိုးဘေးက အဆင့် (၁) လွတ်လပ်သောမသေမျိုး ရွှီကွမ်းယွမ်ဆိုတာ ရှိပါတယ် ကျုပ်ရဲ့ မျိုးဆက်ငယ်လေးပါပဲ၊ ကျုပ်တို့ကြားမှာ အနည်းငယ် ရင်းနှီးမှုရှိတယ် ဒီချင်းယွမ်ဈေးမှာ တစ်ခုခု အကူအညီလိုရင် သူ့ကို အသုံးပြုလိုက်ပါ လုံးဝ အဆင်ပြေသွားပါလိမ့်မယ် "

ရွှီတုန်းကျန်းမှာ တုန်လှုပ်သွားပြီး ခါးကို ပို၍ ကိုင်းလိုက်ရသည်။

ဒွမ်းဖေးကျန့်မှာ ကိုယ်ခန္ဓာတစ်ခုလုံး အေးစက်သွားပြီး သူ့ခြေဖျားကိုသာ စိုက်ကြည့်နေမိတော့သည်။

ပန်ချန်မှာလည်း ကြောက်လန့်တကြား ချွေးများပင် ပျံလာသည်။

"ကျုပ်ဆီမှာ အဆင့် (၁) လွတ်လပ်သောမသေမျိုးကို အကူအညီယူဖို့ ဘာအလုပ်ရှိမှာလဲ မင်းမှာ အလုပ်ရှိရင်လည်း အရင်သွားလိုက်ပါဦး "

နဂါးပိုကြီးက ပြုံး၍ လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျူးတုံရှူးက ချက်ချင်း လက်အုပ်ချီလိုက်သည်

"အကြီးကဲ ပြောတာ မှန်ပါတယ်၊ ကျုပ် အရင်သွားလိုက်ပါဦးမယ် "

သူက ရွှီတုန်းကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပျံသန်းသွားရာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားတော့သည်။

နဂါးအိုကြီးက ဒွမ်းဖေးကျန့်တို့ကို ကြည့်လိုက်ပြီးနောက် ရွှီတုန်းကျန်းကို ကြည့်ကာ ဖန့်ချန်ကို မေးလိုက်သည်။

"သူတို့ ဒီမှာ ဘာလာလုပ်ကြတာလဲ "

လူအုပ်ကြီးမှာ တုန်လှုပ်သွားပြီး ရွှီတုန်းကျန်းက ချက်ချင်း ဂါရဝပြုရင်း

"ကျွန်တော်တို့က ဆန်းယွင်ဂိုဏ်း တပည့်တွေကို တစ်စုံတစ်ယောက်က မတရားပြုကျင့်တယ်လို့ ကြားသိရလို့ စုံစမ်းဖို့ ရောက်လာတာပါ "

အခန်း (၁၂၇၀) - တောင်းပန်ပါတယ်၊ ဒွမ်းအဘိုးကြီး

ဝေချန်တို့မှာ အံ့အားသင့်ပြီး စကားပင်မပြောနိုင်တော့ပေ။

ကျူးတုံရှူးနှင့် ရွှီတုန်းကျန်းတို့၏ စကား၊ ထို့ပြင် နဂါးအိုကြီးနှင့် ပြောဆိုသည့် စကားများကို ကြားလိုက်ရသောအခါ အခြေအနေမှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြီဟု သူတို့ သိလိုက်ကြသည်။

ဆူဂါအိုဟူကို စိုက်ကြည့်နေသည့် ဒွမ်းမိသားစုမှ ကျင့်ကြံသူအချို့မှာလည်း မသိလိုက်ဘဲ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။

ဒွမ်းဖေးကျန့်မှာ ရွှီတုန်းကျန်း၏ စကားကို ကြားပြီးနောက် သူ့ခြေဖျားကို စိုက်ကြည့်နေသည့် အကြည့်တို့မှာ ပိုမိုပြင်းထန်လာသော်လည်း ခေါင်းမော့မလာဘဲ ခြေဖျားကိုသာ ဆက်လက်စိုက်ကြည့်နေသည်။

"ဒီကိစ္စကိုတော့ မင်းပဲ တာဝန်ယူ ရှင်းလိုက်တော့"

နဂါးပိုကြီးက ဖန့်ချန်ကို ပြုံး၍ ပြောပြီးနောက် လှည့်ထွက်သွားသည်။

ရွှီတုန်းကျန်းမှာ ခဏမျှ ငေးမောနေပြီးမှ ဖန့်ချန်ဘက်သို့ လှည့်ကာ လက်အုပ်ချီလိုက်သည်

"ဖန့်မိတ်ဆွေ၊ မင်္ဂလာပါ "

"အင်း၊ မင်္ဂလာပါ "

ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး

"ခင်ဗျား ခုနက ပြောတယ်လေ၊ လူမိုက်တစ်ယောက်က ငါတို့ ဆန်းယွင်ဂိုဏ်းက တပည့်တွေကို မတရားပြုကျင့်တယ်ဆိုတာ၊ အဲဒီကိစ္စကို အသေးစိတ် ပြောပြပေးပါ "

ရွှီတုန်းကျန်းက စိတ်ကို ပြန်ထိန်းကာ တောင့်တင်းနေသော မျက်နှာကို ဖြေလျော့လိုက်ပြီး အတင်းပြုံးလိုက်သည်

"ကိစ္စက ဒီလိုပါ၊ ကျုပ် ဒီနေ့ ကွမ်းယွမ်ထန်းမှာ အလုပ်ကိစ္စ ရှင်းနေတုန်းမှာ ဒွမ်းမိသားစုက လူရမ်းကား ဒွမ်းထျန်းဖူဆိုတဲ့သူက ဈေးမှာ ဆန်းယွင်ဂိုဏ်းက တပည့်တွေကို မတရားပြုကျင့်ဖို့ ကြံစည်နေတယ်လို့ ကြားရလို့ ကျုပ် အရမ်းဒေါသထွက်ပြီး ဒီကို ချက်ချင်း အပြေးအလွှား လာရှင်းပေးတာပါ "

စကားပြောပြီးနောက် သူသည် ကြောင်အမ်းအမ်း ဖြစ်နေသော ဒွမ်းထျန်းအန်းကို လက်ညှိုးထိုးလိုက်သည်

"ဖန့်မိတ်ဆွေ ကြည့်ပါဦး၊ ဒီလူယုတ်မာရဲ့ ခေါင်းပြတ်ကိုလည်း ကျုပ် ယူလာခဲ့တယ်၊ ကျင့်ကြံသူတစ်ယောက် ဖြစ်ပါလျက်နဲ့ ဒီလို အရည်အချင်းမရှိတဲ့ အလုပ်မျိုး လုပ်တယ်ဆိုတာ ကျုပ် တို့အတွက်တော့ ရှက်စရာပါပဲ "

ဖန့်ချန်က ဘာမှ မပြောပေ။

ရွှီတုန်းကျန်းက အခြေအနေကို ကြည့်ပြီးနောက် ဒွမ်းထျန်းအန်းကို အော်လိုက်သည်

"မင်း၊ အဲဒီ ခေါင်းပြတ်ကို ပစ်ချလိုက်စမ်း "

ဒွမ်းထျန်းအန်းမှာ မသိလိုက်ဘဲ ခေါင်းပြတ်ကို ပစ်ချလိုက်သည်။

ရွှီတုန်းကျန်းက ဖရဲသီးတစ်လုံးကို နင်းချေလိုက်သကဲ့သို့ ခေါင်းပြတ်ကို နင်းခြေလိုက်ပြီးနောက် ဖန့်ချန်ကို လက်အုပ်ချီလိုက်သည်

"ဖန့်မိတ်ဆွေ၊ ဒီလို ရှင်းလင်းပေးတာကို ကျေနပ်ပါသလား "

ဖန့်ချန်က ဘာမှ မပြောဘဲ ဆူဂါအိုဟူဘက်သို့ တစ်ချက် ကြည့်လိုက်သည်။

ရွှီတုန်းကျန်းမှာ ချက်ချင်း နားလည်သွားပြီး

"ဩော်၊ နောက်ထပ် သိသင့်တာတစ်ခု ရှိပါသေးတယ် ဖန့်မိတ်ဆွေ၊ ဒွမ်းထျန်းအန်းတို့က ဒီလို အရည်မရ အဖတ်မရ အလုပ်မျိုး လုပ်တာတင် မဟုတ်သေးဘူး၊ ဆန်းတောင်ပေါ်မှာလည်း အခွင့်အရေးသမား တွေ ရှိသေးတယ်၊ ဒွမ်းထျန်းအန်းနဲ့ ရင်းနှီးချင်လို့ သူတို့အတွက် အတုအယောင် သက်သေလုပ်ပေးပြီး အဖြူအမည်းကို လိမ်ညာပြောဆိုနေကြတာ "

သူက ဝေချန်ကို လက်ညှိုးထိုးလိုက်သည်

"ဟုတ်တယ်၊ မင်းအကြောင်း ပြောနေတာ၊ ဒီကို လာခဲ့ "

ထို့နောက် ဆူဂါအိုဟူကို လက်ညှိုးထိုးလိုက်သည်

"ကျုပ်က ဒီကိစ္စကို အတည်ပြုဖို့ ဒီဆူမိတ်ဆွေကို ဖိတ်ခေါ်လာတာပါ သူ့ဆီကနေ အမှန်တရားကို သိရမှ ကျုပ် စိတ်အေးရတော့တယ်၊ သူသာ အမှန်တရားကို မပြောပြရင် ကျုပ်တို့လည်း ဒီလူယုတ်မာတွေရဲ့ လိမ်ညာမှုမှာ အလိမ်ခံရမှာပဲ "

ဆူဂါအိုဟူနှင့် တပည့်လေးဦးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အမူအရာများ ရှုပ်ထွေးနေကြသည်။

သူတို့လည်း လက်ရှိအခြေအနေကို နားလည်သွားပြီ ဖြစ်သည်။

ဒွမ်းမိသားစုက အသာမရရုံသာမက... အခုတော့ သူတို့ကိုယ်တိုင်ပါ ကံကြမ္မာ အဆုံးအဖြတ် ခံရတော့မည့် အခြေအနေသို့ ရောက်နေပြီ။

ကွမ်းယွမ်ထန်းတောင်မှ ဆန်းယွင်ဂိုဏ်းဘက်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ဝေချန်မှာမူ အသက်မဲ့နေသော ရုပ်အလောင်းသဖွယ် ဆူဂါအိုဟူဘေးမှ ဖြတ်ကာ ရွှီတုန်းကျန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

ဆူဂါအိုဟူက သနားစိတ်ဖြင့် ကြည့်လိုက်သည်။

သူကပဲ အရင်က အသင်းမှားရွေးမိတယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ သူကိုယ်တိုင်...

ဝေချန်မှာ ရုတ်တရက် ဒူးထောက်ကျသွားပြီး မြေကြီးကို ခေါင်းနှင့် တဒုန်းဒုန်း ဆောင့်ကာ အော်ဟစ်တောင်းပန်တော့သည်

"ကျွန်တော် အပြစ်မရှိပါဘူး "

ဖန့်ကျစ်ရွှယ်တို့မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ဝေချန်က ဒွမ်းမိသားစုဝင်တွေနဲ့ ပူးပေါင်းနေတာကို မြင်ကတည်းက သူ ဖန့်ချန်အကြောင်း အတင်းပြောခဲ့မှာကို သူတို့ ခန့်မှန်းပြီးသား ဖြစ်သည်။

"မင်းက တောင်းပန်သေးတယ်ပေါ့ အဖြူအမည်းကို လိမ်ညာပြောဆိုခဲ့တာ မင်းမဟုတ်ဘူးလား ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့တာ မင်းမဟုတ်ဘူးလား "

ရွှီတုန်းကျန်းက ဒေါသတကြီး အော်လိုက်သည်

"လူတွေကို ခေါ်လာခဲ့၊ သူ့ကို သတ်ပစ်လိုက်"

တစ်စုံတစ်ယောက်က ဝေချန်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဖန့်ချန်က လက်ကို အသာ ဝှေ့ယမ်းလိုက်သည်

"ခဏနေဦး "

တိုက်ခိုက်မည့်သူမှာ ရပ်တန့်သွားပြီး ခေါင်းငုံ့ကာ နောက်သို့ ပြန်ဆုတ်သွားသည်။

"သူက လိုတာထက်ပိုပြီး အတင်းပြောတာလောက်ပဲ ရှိတာပါ၊ သေတဲ့အထိတော့ မလိုပါဘူး၊ သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို ဖျက်ဆီးပြီး ဆန်းတောင်ကနေ နှင်ထုတ်လိုက်ရုံပါပဲ "

ဖန့်ချန်က ပြောသည်။

ဝေချန်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်လို့ ထင်လိုက်ပေမဲ့ ဒီစကားကြားတော့ မျက်စိရှေ့မှောင်သွားပြီး သတိလစ်သွားတော့သည်။

"ဒီလူက ဘယ်သူလဲ "

ဖန့်ချန်က ဒွမ်းဖေးကျန့်ကို ကြည့်လိုက်သည်။

ဒွမ်းဖေးကျန့်မှာ တုန်လှုပ်သွားပြီး အတင်းပြုံးကာ ခေါင်းမော့လိုက်သည်

"ကျွန်တော်က..."

"သူက ဒွမ်းမိသားစုက ကျင့်ကြံသူ ဒွမ်းဖေးကျန့်၊ ကွမ်းယွမ်ထန်းမှာ ဧည့်သည်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုမှ ဘေးဒုက္ခဖြတ်ကျော် အဆင့်ကို တက်လှမ်းတာ၊ ဆန်းတောင်မှာ အာဏာပြဖို့ ရည်ရွယ်ချက်နဲ့ သူ့လက်အောက်ငယ်သားတွေကို ပြဿနာရှာခိုင်းတာပါ "

ရွှီတုန်းကျန်းက အေးစက်စက် ပြောလိုက်သည်

"ဒီအတွက်ကြောင့်ပဲ ဒွမ်းထျန်းဖူလို အရည်အချင်းမရှိတဲ့သူက အခွင့်အရေး ရသွားတာ၊ ဆန်းယွင်ဂိုဏ်းကိုလည်း ရန်စမိတာပဲ၊ ဒီလူယုတ်မာကို သတ်ပစ်ရမယ် "

"မင်း... အလကားပဲ "

ဒွမ်းဖေးကျန့်မှာ မျက်နှာတစ်ခုလုံး နီရဲလာပြီး ရွှီတုန်းကျန်းကို စိုက်ကြည့်ကာ

"မင်းက ဘာလို့ ဒီလောက်တောင် အရှက်မရှိ ရတာလဲ၊ တကယ်ကို ရှက်စရာကောင်းလိုက်တာ "

"ကျုပ် အရှက်မရှိတာမဟုတ်ပါဘူး၊ ကျုပ် မိသားစုတစ်ခုလုံး ပျက်စီးသွားမှာ စိုးလို့ပါ၊ တောင်းပန်ပါတယ်၊ ဒွမ်းအဘိုးကြီး "

ရွှီတုန်းကျန်းက အသံလွှင့်ရင်း ဒေါသတကြီး အော်လိုက်သည်

"ငါ အရှက်မရှိတာလား မင်းက ငါ့ကို ရှက်စရာကောင်းတယ်လို့ ပြောရဲတယ်ပေါ့ ကိစ္စတွေ ပိုကြီးမသွားအောင် ငါ အပင်ပန်းခံပြီး လာရှင်းပေးတာ၊ ရေခဲနတ်ဘုရားဂိုဏ်းက ပန်ချန်မိတ်ဆွေကိုတောင် သက်သေအဖြစ် ခေါ်လာတာ၊ ငါ ရှက်စရာကောင်းတယ်ဟုတ်လား ဒါဆိုရင် ဒီနေရာရဲ့ အုပ်ချုပ်သူ ရေခဲနတ်ဘုရားဂိုဏ်းက ပန်ချန်ကိုပဲ မေးကြည့်လိုက် "

"အုပ်ချုပ်သူ မဟုတ်ဘူး၊ ကျွန်တော် မဟုတ်ဘူး၊ မဟုတ်ဘူး..."

ပန်ချန်မှာ အထစ်ထစ်အငေါ့ငေါ့နှင့် ငြင်းဆိုလိုက်သည်။

သူ တည်ငြိမ်သွားဖို့ အချိန်အနည်းငယ် ကြာလိုက်ပြီးနောက် ဖန့်ချန်ကို လက်အုပ်ချီလိုက်သည်

"ကျွန်တော်က ရေခဲနတ်ဘုရားဂိုဏ်းက ပန်ချန်ပါ၊ ဒီနေရာရဲ့ အုပ်ချုပ်သူ မဟုတ်ပါဘူး၊ ဒါတွေက လူတွေ လျှောက်ပြောနေတဲ့ ကောလာဟလတွေပါပဲ "

ခဏနားပြီးနောက် သူသည် ဖန့်ချန်ရှေ့သို့ လေးစားစွာ လျှောက်သွားသည်

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေခဲနတ်ဘုရားဂိုဏ်းလည်း ကြားသိထားပါတယ်၊ ဖြစ်စဉ်မှာ ရွှီမိတ်ဆွေ ပြောတဲ့အတိုင်းပဲ ဖြစ်မှာပါ "

ဒွမ်းဖေးကျန့်မှာ မျှော်လင့်ချက် ကင်းမဲ့သွားပြီး ပန်ချန်နှင့် ရွှီတုန်းကျန်းကို ကြည့်ကာ ခါးသီးစွာ ရယ်မောလိုက်သည်

"ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားတို့ရဲ့ လေတိုက်ရာကို လိုက်ပါတတ်တဲ့ အရည်အချင်းက တကယ်ကို ကောင်းလိုက်တာပဲ "

သူတို့နှစ်ဦးစလုံးမှာ သူ့ရဲ့ ကဲ့ရဲ့မှုတွေကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ရဲ့ အမူအရာကိုသာ စောင့်ကြည့်နေကြသည်။

"ဒီလောက်တောင် စေတနာရှိတဲ့ မိတ်ဆွေနှစ်ယောက် ရှိနေတော့ ဒီကိစ္စကို ခင်ဗျားတို့နှစ်ယောက်ကိုပဲ တာဝန်ပေးလိုက်မယ် "

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

နဂါးအိုကြီးက ကျူးတုံရှူးကို ဒီကို ရောက်လာအောင် လုပ်ပေးပြီး သူတို့ကို ကြောက်ရွံ့သွားအောင် လုပ်ပေးလိုက်ပြီ ဖြစ်ရာ၊ သူကိုယ်တိုင် ဆေးဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းတွေကို ရှာဖွေဖို့ အချိန်မကုန်ချင်တော့ဘဲ ရွှီတုန်းကျန်းကို ပြောလိုက်သည်

"ကွမ်းယွမ်ထန်းမှာ ဆေးဖော်စပ်ဖို့ ပစ္စည်းတွေ အကုန်ရှိတယ်လို့ ကြားလိုက်တယ် "

ရွှီတုန်းကျန်းမှာ ဝမ်းသာအားရဖြင့်

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"

"အတွင်းထဲဝင်ပြီး စကားပြောကြတာပေါ့"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

ရွှီတုန်းကျန်းက ဖန့်ချန်နောက်သို့ လိုက်၍ ဆန်းယွင်ဂိုဏ်းအတွင်းသို့ ဝင်သွားသည်။

ဖန့်ကျစ်ရွှယ်တို့လည်း ပြုံး၍ ဂိုဏ်းအတွင်းသို့ ဝင်သွားကြသည်။

သာမန်ဖြစ်နေသော တံခါးပေါက်ကို ကြည့်ပြီး ပန်ချန်၏ စိတ်ထဲတွင် အေးစက်စက် ခံစားချက်တစ်ခု ပေါ်လာသည်။

တစ်ဖက်လူက... ဘယ်လို လူမျိုးလဲ၊ ဘာကြောင့် ဆန်းတောင်လို နေရာမျိုးမှာ လာရောက် အခြေချနေတာလဲ။

လောကကြီး ပြောင်းလဲသွားတော့မှာလား

သူ၏ အကြည့်မှာ မရေရာဖြစ်နေပြီး ခဏကြာမှ သတိဝင်လာကာ ဒွမ်းဖေးကျန့်ကို လှည့်ကြည့်၍ လက်အုပ်ချီလိုက်သည်

"ဒွမ်းမိတ်ဆွေ၊ ကျွန်တော်တို့နဲ့အတူ ရေခဲနတ်ဘုရားဂိုဏ်းကို လိုက်ခဲ့ပါ "

ဒွမ်းဖေးကျန့်မှာ အသက်ရှင်ရန် မျှော်လင့်ချက်မဲ့သွားသလို အိုမင်းသွားပြီးနောက် ခေါင်းညိတ်ကာ ပန်ချန်တို့နှင့်အတူ ထွက်ခွာသွားသည်။

သူမှာ ငြင်းဆန်ရန် အခွင့်အရေး မရှိပေ၊ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူက လွတ်လပ်သောမသေမျိုး ရှိသည့် ရေခဲနတ်ဘုရားဂိုဏ်းကို ဘယ်လိုများ ပြန်တိုက်ခိုက်ရဲမှာလဲ။

ထိုသို့သာ ဆိုလျှင် ဒွမ်းမိသားစုတစ်ခုလုံး ပျက်စီးသွားလိမ့်မည်၊ နာခံစွာနေမှသာ အသက်ရှင်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်မည်။

သူတို့ ထွက်သွားပြီးနောက် ကွမ်းယွမ်ထန်းမှ ကျင့်ကြံသူတစ်ဦးက ဝေချန်၏ ကျင့်ကြံခြင်းစွမ်းအားကို ဖျက်ဆီးလိုက်ပြီး ဆူဂါအိုဟူဆီသို့ သွားကာ ပြုံး၍ လက်အုပ်ချီလိုက်သည်

"ဆူမိတ်ဆွေ၊ အရင်က မှားယွင်းမှုတွေ ရှိခဲ့ရင် ခွင့်လွှတ်ပါ၊ နောက်ကျရင် ကျွန်တော်တို့ ရင်းနှီးအောင် လုပ်ကြရအောင် "

"ဩော်... ဟုတ်ကဲ့..."

ဆူဂါအိုဟူက ထူးဆန်းစွာ ခေါင်းညိတ်လိုက်သည်။

သူက အသားစိုင်သဖွယ် ဖြစ်နေသော ဝေချန်ကို ကြည့်လိုက်ရာ စိတ်ထဲတွင် အေးစက်သွားသည်။

ဝေချန် မသေသေးသော်လည်း... သူ့ဘဝမှာ သေတာထက် ပိုဆိုးသွားလိမ့်မည် ဖြစ်သည်။

သူ ရန်သူတွေ အများကြီး ရှိထားတာကိုး။

All Chapters