← Chapters

အခန်း (၁၂၅၅-၁၂၅၆)

Vol. 126 Ch. 1255-1256

အခန်း (၁၂၅၅-၁၂၅၆)

Vol. 126 Ch. 1255-1256

အခန်း (၁၂၅၅) - လာခဲ့ပါဦး၊ အဘိုးနဲ့ စကားပြောရအောင်

"မောင်ကြီး... ထတော့၊ မုန့်စားရအောင် ကျမတို့က မိဘတွေကို သွားပြီး ကန်တော့ရဦးမှာလေ"

ယွီရှန်ရှင်းက ဖန့်ချန်ကို ဖြည်းညင်းစွာ တွန်းလိုက်သည်။

ဖန့်ချန် မျက်လုံးဖွင့်ကြည့်လိုက်ရာ မြင်ကွင်းထဲသို့ အနီရောင် ကုတင်အမိုးက ဝင်လာသည်။

သူ ပြန်စဉ်းစားကြည့်မှ မိမိ မနေ့ညက မင်္ဂလာဆောင်ခဲ့သည်ကို သတိရသွားသည်။

သုံးလောကတောင် တိုက်ပွဲတွင် သူ အောင်ပွဲခံပြီး ပြန်လာကတည်းက ပတ်ဝန်းကျင်ရှိ နိုင်ငံငယ်လေးများသည် တုန်လှုပ်ချောက်ချားကုန်ကြပြီး ထပ်မံကျူးကျော်ရန် မဝံ့ရဲကြတော့ပေ။

ချင်းစုန်း သည်လည်း ယခုအခါ လက်အောက်ခံအဖြစ် အညံ့ခံခဲ့ပြီဖြစ်ရာ မဟာရှ ၏ ပတ်ဝန်းကျင်တွင် ရန်သူဟူ၍ မရှိတော့ဟု ဆိုနိုင်သည်။

အကယ်၍ နယ်မြေထပ်ချဲ့မည်ဆိုပါက ပိုမိုဝေးကွာသော နေရာများကိုသာ ကြည့်ရတော့မည်။

သို့သော် ဖန့်ချန်သည် ဆက်လက်၍ စစ်မက်မချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ပြီး မဟာရှနိုင်ငံကို အချိန်အတော်ကြာ အနားပေးရန် ကြံရွယ်ထားသည်။

နှစ်စဉ် စစ်တိုက်နေရသဖြင့် စစ်သည်များနှင့် ပြည်သူများလည်း ပင်ပန်းနေကြပြီဖြစ်သည်။

သို့သော် ယနေ့ရက်ပိုင်းအတွင်း နန်းတွင်းအမတ်များက သူ့ကို စစ်အာဏာပြန်အပ်ရန် နေ့စဉ်အော်ဟစ်နေကြသည်။

အကယ်၍ သူသာ စစ်အာဏာမအပ်ပါက ပုန်ကန်ရန် ကြံစည်နေသည်ဟု စွပ်စွဲကြသည်။

အရပ်ထဲတွင်လည်း သတင်းအချို့ စတင်ပျံ့နှံ့နေပြီး သူ့ဖခင်ကလည်း သူ့ကို ထိုကိစ္စနှင့် ပတ်သက်၍ ခေါ်ယူစကားပြောဖူးသည်။

နောက်ဆုံးတွင် ဖန့်ချန်သည် စစ်အာဏာကို မအပ်ရန်သာ ဆုံးဖြတ်လိုက်သည်။

ယခုအခြေအနေမှာ ခဲရာခဲဆစ် တည်ငြိမ်အောင် လုပ်ထားရခြင်းဖြစ်ရာ အကယ်၍ စစ်အာဏာအပ်လိုက်ပါက နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ တစ်ခဏအတွင်း ပြိုကွဲသွားနိုင်သည်။

နန်းတွင်းထဲက ထိုလူတွေ ဘာတွေးနေသလဲဆိုတာ သူ မသိဘဲ နေပါ့မလား။

ယုရှန်ရှင်းနှင့် ကုတင်ပေါ်တွင် ခဏတာ ကြည်နူးပြီးနောက် နှစ်ဦးသား အစေခံများ၏ အကူအညီဖြင့် မျက်နှာသစ်၊ အဝတ်အစားလဲကာ ရှေ့ခန်းမရှိ ဖန့်ချန်းဟိုင် ဇနီးမောင်နှံထံသို့ ကန်တော့ရန် သွားကြသည်။

ယနေ့ မနက်စာမှာ ဆီကြော်နှင့် ပဲနို့ဖြစ်သည်။

ဖန့်ချန်းယူမှာ အရေးကြီးကိစ္စရှိပုံရပြီး ကမန်းကတန်း လာရောက်ကာ ဆီကြော်တစ်ချောင်းကို ယူ၍ ထွက်သွားသည်။

ဖန့်ချန်သည် သူ သွက်လက်စွာ ထွက်သွားသည်ကို ကြည့်ပြီး တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ဘယ်နေရာမှာ ထူးဆန်းနေသလဲဆိုတာကိုတော့ ပြောမပြတတ်ပေ။

"ချန်အာ... မင်းတို့က အခုမှ မင်္ဂလာဆောင်ထားတဲ့ ဇနီးမောင်နှံအသစ်တွေဆိုတော့ အပြင်ထွက်ပြီး လည်ပတ်ဖို့ အစီအစဉ်ရှိလား အရင်က ငါနဲ့ မင်းအမေ မင်္ဂလာဆောင်ပြီးတော့ အပြင်မှာ နှစ်အတော်ကြာ လှည့်လည်သွားလာခဲ့ကြတယ် အဲဒီနှစ်တွေကမှ အဖေဟာ မဟာရှနိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို တကယ် မြင်တွေ့ခဲ့ရတာ"

ဖန့်ချန်းဟိုင်က မုတ်ဆိတ်ကိုသပ်ရင်း ပြုံး၍ ပြောသည်။

"သားလည်း တကယ်တော့ အစီအစဉ်ရှိပါတယ်၊ ဒါပေမဲ့ သားက ပင်လယ်ဘက်ကို ထွက်ကြည့်ချင်တာပါ"

ဖန့်ချန်က လက်အုပ်ချီ၍ ပြောသည်။

ဖန့်ချန်းဟိုင် ဇနီးမောင်နှံ ခဏတာ မှင်သက်သွားကြသည်။

ပင်လယ်ထွက်မယ် နှစ်ဦးသား မျက်မှောင်ကြုတ်သွားကြသည်။

ဖန့်ချန်၏ မိခင်က တိုက်ရိုက်ပင် မကျေမနပ် ပြောသည်

"ဘာလို့ ပင်လယ်ထွက်မှာလဲ၊ ပင်လယ်မှာ လေလှိုင်းတွေက အရမ်းကြီးတယ်၊ အရမ်း အန္တရာယ်များတယ်"

ယွီရှန်ရှင်းကတော့ ဘာမှမဖြစ်သလို ခံစားရပြီး စိတ်ထဲတွင် တိတ်တဆိတ် စိတ်လှုပ်ရှားနေသည်။

သူမအဖို့ ပင်လယ်ထွက်ရမည်ဆိုလျှင် အလွန်ကောင်းသည်။

သူမသည် ထိုကဲ့သို့ အန္တရာယ်နှင့် စိန်ခေါ်မှုများသော လှုပ်ရှားမှုများကို နှစ်သက်ပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု ထင်သည်။

သို့သော် ယောက္ခမ၏ အငြိုအငြင် အပြောမခံရစေရန် သူမ ထုတ်မပြဝံ့ဘဲ ခေါင်းငုံ့ကာ ပဲနို့ကိုသာ တစ်ငုံချင်း သောက်နေပြီး ဘာမှ ဝင်မပြောပေ။

"အဖေ... အမေ... ပင်လယ်မှာ လေလှိုင်းကြီးပေမဲ့ လုံလောက်အောင် ကျယ်ပြောပါတယ်၊ အရင်က မမြင်ဖူးတဲ့ မြင်ကွင်းတွေကိုလည်း မြင်နိုင်ကောင်း မြင်နိုင်ပါလိမ့်မယ် သား သုံးလောကတောင်က ပြန်လာကတည်းက ပင်လယ်ကူးသင်္ဘော တည်ဆောက်ဖို့ လူတွေကို ခိုင်းထားပြီးပါပြီ၊ ရက်တွက်ကြည့်ရင်လည်း ပြီးခါနီးလောက်ပါပြီ အဲဒီအချိန်ကျရင် သား ပင်လယ်ဘက်ကို ထွက်ကြည့်ပြီး ဗဟုသုတတွေ ရှာဖွေပါရစေဦး"

ဖန့်ချန်က ပြုံး၍ ပြောသည်။

"မင်း စဉ်းစားဖူးလား၊တကယ်လို့ မင်း ပင်လယ်မှာ တစ်ခုခုဖြစ်သွားရင် နိုင်ငံတော်ရဲ့ အခြေခံကို တုန်လှုပ်စေနိုင်တယ်ဆိုတာ"

ဖန့်ချန်းဟိုင်က အဓိပ္ပာယ်ပါပါဖြင့် သတိပေးသည်။

"အဖေ စိတ်ချပါ၊ သား လက်ထဲက စစ်အာဏာကို မအပ်တာဟာ တစ်စုံတစ်ယောက်အတွက် အတင်းအဖျင်းစကားတွေကို တားဆီးပေးဖို့ပဲ ဖြစ်ပါတယ် သား နန်းတွင်းမှာ မရှိရင်တောင် အချို့လူတွေဟာ အသာတကြည် ကခုန်နိုင်မှာ မဟုတ်ပါဘူး"

ဖန့်ချန်က ပြောသည်။

သူ ထိုနေရာသို့ ရောက်လာကတည်းက တစ်နေ့နေ့တွင် မိမိချစ်ရသော အမျိုးသမီးကို ခေါ်ဆောင်ကာ ပင်လယ်ထွက်ပြီး ကမ္ဘာ့အလှအပများကို ကြည့်ရှုရန် စောစောစီးစီးကပင် ကြံစည်ထားခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ကိစ္စများ အားလုံး အဆင်ပြေသွားပြီဖြစ်ရာ သူ အမြန်ဆုံး ခရီးထွက်ရမည်ဖြစ်သည်။

လူ့သက်တမ်းမှာ တိုတောင်းလှသဖြင့် နောင်တမရစေရန် လိုအပ်သည်။

ဖန့်ချန်းဟိုင် ခဏတာ မှင်သက်သွားပြီးနောက် တစ်ခုခုကို နားလည်သွားပုံရကာ ခေါင်းညိတ်လိုက်ပြီး ပြောသည်

"ကောင်းပြီ... စားကြရအောင်၊ မင်း ပင်လယ်ထွက်မှာကို ငါလည်း မတားတော့ပါဘူး မင်းက ချီအမြုတေ သိုင်းပညာရှင် တစ်ယောက်ပဲ၊ ပင်လယ်မှာ တကယ်လို့ ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံရင်တောင် အသက်ရှင်ဖို့ လွယ်ကူပါလိမ့်မယ်"

"ရှောင်ယွီတော့ မလိုက်သွားပါနဲ့လား"

ဖန့်ချန်၏ မိခင်က သက်ပြင်းချလိုက်သည်။

ယွီရှန်ရှင်းက ကမန်းကတန်း ပြောသည်

"အမေ... သမီးက မောင်ကြီးနဲ့ အတူတူပါပဲ မောင်ကြီး ဘယ်သွားသွား သမီး လိုက်မှာပါ"

"ထားလိုက်ပါတော့"

ဖန့်ချန်၏ မိခင်က ခေါင်းယမ်းပြီး ဘာမှ ထပ်မပြောတော့ပေ။

မနက်စာ စားပြီးနောက် ဖန့်ချန်သည် ယွီရှန်ရှင်းကို ခေါ်ကာ သင်္ဘောကျင်းသို့ သွားကြည့်ရန် ပြင်စဉ် တံခါးဝ၌ ရှကျီနှင့် တိုးလေသည်။

"ဖန့်ကြီး... ဘယ်သွားမလို့လဲ"

ရှကျီက ကမန်းကတန်း မေးသည်။

"သင်္ဘောကျင်း သွားမလို့လေ၊ အတူလိုက်မလား"

ဖန့်ချန်က ပြုံး၍ ပြောသည်။

ရှကျီ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး တိုးတိုးလေး မေးသည်

"တကယ် ပင်လယ်ထွက်မှာလား"

"ဟုတ်တယ်လေ၊ မင်းလည်း ငါ့ကို မတားနဲ့တော့၊ ကျန်တဲ့ ကိစ္စတွေကိုတော့ မင်းပဲ စီမံရတော့မှာပဲ"

ဖန့်ချန်က ပြောသည်။

"စကားကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါလည်း မင်းနဲ့အတူ ပင်လယ်ထွက်ချင်တာ၊ တခြားတစ်ယောက်နဲ့များ လဲလို့ မရဘူးလား"

ရှကျီက စမ်းသပ်မေးမြန်းသည်။

ဖန့်ချန်က သူ့ကို ခဏတာ စိုက်ကြည့်လိုက်ရာ ရှကျီ၏ မျက်နှာ တစ်ခုလုံး မတည်မငြိမ် ဖြစ်နေသည်ကို မြင်မှ နှာခေါင်းရှုံ့ကာ ပြောသည်

"မင်းကလွဲရင် တခြားသူဆို ငါ ဘယ်သူ့ကိုမှ စိတ်မချဘူး ငါ ပင်လယ်ထွက်သွားတုန်း ပြန်လာတဲ့အခါ အိမ်ကြီး အသိမ်းခံရမှာကိုလည်း မလိုလားဘူး"

"ထားလိုက်ပါတော့... ဒီလို အလုပ်ကြမ်းကို ငါပဲ လုပ်ပါ့မယ်"

"ဘာ အလုပ်ကြမ်းလဲ၊ ငါ့လူတွေနဲ့ မင်းလူတွေ ပေါင်းထားတာပဲ၊ မင်းက အမိန့်တစ်ခွန်း ပေးလိုက်ရုံပဲ၊ ကျန်တာကိုတော့ လုပ်ပေးမယ့်သူတွေ ရှိပြီးသားပဲ"

ဖန့်ချန်က လက်ယမ်းလိုက်ပြီး

"စကားအပိုတွေ မပြောနဲ့တော့၊ ငါ့သင်္ဘော သွားကြည့်မလား မကြည့်ဘူးလား"

"သွားမယ် သွားမယ်"

ဖန့်ချန်၏ သင်္ဘောသည် တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

တစ်လအကြာတွင် နန်းတွင်းအမတ်များက ဖန့်ချန်ကို စတင်၍ အပြစ်တင် လျှောက်ထားကြစဉ် ထို ဖန့်စစ်နတ်ဘုရားသည် နောက်လိုက်တစ်စုကို ခေါ်ဆောင်ကာ ပင်လယ်ထဲသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရကြောင်း သိလိုက်ကြရသည်။

လူတိုင်း အံ့အားသင့်ကုန်ကြသည်။

အချို့လူများသည် ထိုအခွင့်အရေးကို သုံး၍ ဖန့်ချန်၏ စစ်အာဏာကို သိမ်းယူရန် ကြိုးစားကြသော်လည်း ပိုမို ကြောက်မက်ဖွယ်ကောင်းသော ခုခံမှုတစ်ခုနှင့် တိုးကာ ကြောက်လန့်တကြား ဆုတ်ခွာခဲ့ကြရသည်။

ပင်လယ်ပြင်၏ မြင်ကွင်းမှာ ကုန်းမြေနှင့် တကယ်ပင် မတူပေ။

ပင်လယ်ပြင်တွင် နှစ်အတော်ကြာ လှည့်လည်နေစဉ်အတွင်း ဖန့်ချန်သည် ရံဖန်ရံခါ ယွီရှန်ရှင်းနှင့် နောက်လိုက်များကို ခေါ်ဆောင်ကာ လူသူမရှိသော ကျွန်းများပေါ်သို့ တက်ရောက်ပြီး ဆန်းသစ်သော အပင်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။

အချို့မှာ စားနပ်ရိက္ခာအဖြစ် သုံးစွဲနိုင်သည်။

တစ်နေ့တွင် ယွီရှန်ရှင်းသည် ထမင်းစားနေစဉ် ရုတ်တရက် အန်လေသည်။

ပင်လယ်မူခြင်း မဟုတ်ပေ။

ဖန့်ချန်သည် ချက်ချင်းပင် ရွက်လွှင့်ကာ အိမ်သို့ ပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။

မဟာရှမြို့တော်သို့ ပြန်ရောက်သည့်အချိန်တွင် ယွီရှန်ရှင်းသည် ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသော သားတစ်ယောက်ကို ဖွားမြင်ခဲ့ပြီဖြစ်သည်။

သားတစ်ယောက် ရလာသည်သာမက ဖန့်ချန်သည် မဟာရှနိုင်ငံသားများ တစ်ခါမှ မမြင်ဖူးသော ဆန်းပြားသည့် အရာများစွာကိုလည်း ယူဆောင်လာခဲ့သည်။

ထိုအထဲမှ မျိုးစေ့အချို့ကို ရှကျီထံသို့ ပေးပို့ခဲ့ပြီး လူလွှတ်၍ စိုက်ပျိုးရန် စီစဉ်ခိုင်းလိုက်သည်။

ရှကျီမှာလည်း နည်းလမ်းကောင်းများ ရှိသည်။

ဖန့်ချန် ပင်လယ်ထွက်နေသည့် နှစ်အနည်းငယ်အတွင်း ပြန်ရောက်လာသည့်အခါ အိမ်ရှေ့မင်းသား ရှယွီ မှာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့သဖြင့် ဧကရာဇ်၏ မျက်နှာသာပေးခြင်းကို မခံရတော့ကြောင်း သိလိုက်ရသည်။

ယင်းအစား ရှကျီဟု ခေါ်သော တတိယ မင်းသားမှာမူ ဧကရာဇ်၏ အလေးပေးခြင်းကို ခံရပြီး နိုင်ငံတော်အရေးများကို ကိုယ်တိုင် ပါဝင်ကိုင်တွယ်နေရပြီဖြစ်သည်။

ဖန့်ချန်နှင့် ပတ်သက်မှုကြောင့် မိဖုရားကြီး ဖန့်ချန်းယွဲ့သည်လည်း ရှကျီနှင့် အလွန် ရင်းနှီးပြီး ကိစ္စတော်တော်များများတွင် ကူညီထောက်ပံ့ပေးသည်။

ဧကရာဇ်၏ အလေးပေးမှု၊ မိဖုရားကြီး၏ အားကိုးမှုတို့ကြောင့် ရှကျီသည် အတားအဆီးမရှိ လုပ်ဆောင်နိုင်ခဲ့ပြီး ဆန်းသစ်သော ပြုပြင်ပြောင်းလဲရေး နည်းလမ်းများစွာကို တင်ပြခဲ့သည်။

နောက်ထပ် နှစ်အနည်းငယ်အတွင်း ဖန့်ချန်သည် ရံဖန်ရံခါ ယွီရှန်ရှင်းနှင့်အတူ ပင်လယ်ထွက်လေ့ရှိသည်။

တစ်ခါတစ်ရံ မုန်တိုင်းများနှင့် ကြုံရသဖြင့် အကျိုးမရှိ ပြန်လှည့်လာရတတ်သလို၊ တစ်ခါတစ်ရံတွင်လည်း အံ့သြဖွယ်ရာ ရလဒ်များကို ရရှိတတ်သည်။

သူသည် ထိုကဲ့သို့သော နေ့ရက်များကို တဖြည်းဖြည်း နှစ်သက်လာခဲ့သည်။

စိတ်ထဲတွင် ဘာပူပန်မှုမှ မရှိသလို၊ စားဝတ်နေရေးလည်း မကြောင့်ကြရပေ။

အိမ်တွင် လူကြီးမိဘများ ရှိသလို၊ ရင်ခွင်ထဲတွင်လည်း သားသမီးများ ရှိသည်။

သို့သော် သိုင်းပညာရှင်ဖြစ်စေကာမူ သာမန်လူထက် မထူးခြားပေ။

အသက်ကြီးလာသည့်အခါ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ယိုယွင်းလာသည်။

အချိန်တွေ ကုန်လွန်သွားရာ မသိလိုက်ဘဲ အသက် (၅၀) ဆိုသည့် "ကောင်းကင်ဘုံ၏ အလိုကို သိသောအရွယ်" သို့ ရောက်ရှိလာခဲ့သည်။

ထိုနှစ်မှစ၍ ဖန့်ချန်သည် ပင်လယ်ထဲသို့ ကိုယ်တိုင် မထွက်တော့ဘဲ ကျန်ရှိသော အချိန်များကို မိသားစုနှင့်အတူ ကုန်ဆုံးစေခဲ့သည်။

ယနေ့တွင် သူ၏သားသည် မိသားစုဝင်များကို ခေါ်ဆောင်ကာ လာရောက်ကန်တော့ကြသည်။

ဖန့်ချန်သည် မြေးငယ်လေးနှင့် ခဏတာ ကစားပြီးနောက် သူတို့ကို ပြန်ခိုင်းလိုက်သည်။

အိမ်နောက်ဖေးသို့ ရောက်ပြီး မကြာမီမှာပင် နန်းတက်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော မဟာရှဧကရာဇ် ရှကျီသည် ရုပ်ဖျက်၍ ရောက်ရှိလာသည်။

"အရှင်မင်းကြီး"

ဖန့်ချန်က ပြုံး၍ လက်အုပ်ချီ နှုတ်ဆက်သည်။

ရှကျီက လက်ယမ်းပြကာ

"ဒီလိုတွေ လုပ်မနေပါနဲ့၊ မင်း ဘယ်တော့ နန်းတွင်းပြန်လာပြီး ငါ့ကို ကူညီမှာလဲ"

"ကျုပ်က ပြန်လာပြီး ဘာလုပ်ရမှာလဲ၊ အခု မဟာရှနိုင်ငံက အင်အားတောင့်တင်းနေပြီ၊ အရှင်မင်းကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း အောင်မြင်နေပြီပဲ ကလေးတွေ စာသင်ခွင့်ရတယ် လူအိုတွေ ထမင်းစားရတယ် ကျုပ် ပြန်လာရင် ဘာလုပ်နိုင်မှာလဲ"

ဖန့်ချန်က ပြုံး၍ ပြောသည်။

"မဟာရှ လျှို့ဝှက်စောင့်ရှောက်ရေးအဖွဲ့ဆီက သတင်းရထားတာကတော့ ဟန်ရွှေ နိုင်ငံဘက်က မဟာရှနိုင်ငံ အင်အားကြီးလာတာကို မကြည့်ချင်ပုံရဘူး အခု သူတို့က ချင်းစုန်းနိုင်ငံဆီကို သံတမန်တွေ စေလွှတ်ပြီး ဟိုက ရှောင်းစစ်သူကြီး နဲ့ တိတ်တဆိတ် ဆွေးနွေးနေကြတယ်"

ရှကျီက သက်ပြင်းအသာချကာ

"ငါ့အထင်တော့ စစ်ဖြစ်တော့မယ် ထင်တယ် ဒီလူတွေဟာ အေးအေးဆေးဆေး မနေနိုင်ကြဘူးလား ငါတို့ ဇာတိမြေက ငါတို့ကို ဒီကို လွှတ်လိုက်တာ မဆန်းပါဘူး ဒီလောက် မြေဩဇာကောင်းတဲ့ နေရာကို သူတို့လက်ထဲ ထည့်ပေးထားတာ တကယ် နှမြောစရာပဲ ငါတို့နဲ့ မတူဘူး၊ ငါတို့က အပြင်ကိုပဲ တိုက်ခိုက်ကြတာ၊ ကိုယ့်လူအချင်းချင်း လက်ဖျားနဲ့တောင် မထိကြဘူး"

"ဟုတ်ပါရဲ့... ငါတို့ ဇာတိမြေနဲ့ မတူဘူး ဒါပေမဲ့ မပြန်တာ ကြာတော့ ငါ နည်းနည်း မေ့ချင်သလို ဖြစ်နေပြီ မင်း ငါ့ကို တစ်ခါလောက် ထပ်ပြောပြပေးဦးမလား"

ဖန့်ချန်က သက်ပြင်းအသာချရင်း ပြောသည်။

ရှကျီ မှင်သက်သွားပြီး ဖန့်ချန်ကို ခဏတာ စိုက်ကြည့်နေသည်။

ထို့နောက် မျက်နှာ အနည်းငယ် အေးစက်သွားကာ ထရပ်ပြီး ပြောသည်

"မင်းဘာသာ မင်း ပြန်စဉ်းစားရလိမ့်မယ်၊ အပြင်လူက မင်းကို ကူညီလို့ မရဘူး"

ပြောပြီးသည်နှင့် ရှကျီသည် လှည့်ထွက်သွားလေသည်။

"စိတ်ဝင်စားစရာပဲ၊ ငါ့ဘာသာငါ ပြန်စဉ်းစားခိုင်းတာလား ငါ့ကို အောက်လမ်းနည်းနဲ့ ပြုစားပြီး သတိလွတ်အောင်၊ စိတ်ရူးပေါက်အောင် လုပ်ရမှာ မဟုတ်ဘူးလား"

ဖန့်ချန် စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ထိုစဉ် အဝေးတွင် ဝဝတုတ်တုတ် ကောင်လေးတစ်ယောက် ဟိုပြေးဒီပြေး လုပ်နေသည်ကို တွေ့လိုက်ရသဖြင့် ပြုံးကာ လက်ယမ်းပြလိုက်သည်

"မြေးလေး... လာခဲ့ပါဦး၊ အဘိုးနဲ့ စကားပြောရအောင်"

အခန်း (၁၂၅၆) - သေသင့်ပြီ

ရှကျီ၏ စိုးရိမ်မှုမှာ အမှန်တကယ် ဖြစ်လာခဲ့သည်။

ချင်းစုန်းနိုင်ငံသည် ဟန်ရွှေနိုင်ငံ၏ ထောက်ပံ့မှုဖြင့် မဟာရှ နိုင်ငံအပေါ် တစ်ဖန်ပြန်၍ စစ်ပြုလာခဲ့သည်။

နှစ်ရှည်လများ နန်းတော်သို့ မတက်၊ မည်သည့်ကိစ္စကိုမျှ ဂရုမစိုက်သည့် ဖန့်ချန်သည်လည်း တစ်ဖန်ပြန်၍ အခေါ်ခံလိုက်ရပြီး "ကောင်းကင်ဘုံ၏ အလိုကို သိသောအရွယ်" (အသက် ၅၀) တွင် စစ်ချီတက်ရပြန်သည်။

ပထမနှစ်၊ အကြီးအကျယ် ရှုံးနိမ့်သည်။

ဒုတိယနှစ်၊ အကြီးအကျယ် ရှုံးနိမ့်သည်။

တတိယနှစ်၊ အကြီးအကျယ် ရှုံးနိမ့်သည်။

မဟာရှနိုင်ငံ၏ အင်အားမှာ တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးတွင် ချင်းစုန်းနိုင်ငံနှင့် သဘောတူညီချက်တစ်ခု ရယူလိုက်ရသည်။

နှစ်စဉ် ရွှေငွေအချို့ကို ချင်းစုန်းနှင့် ဟန်ရွှေနိုင်ငံတို့ထံ ပေးသွင်းကာ စစ်ပွဲများကို ရပ်တန့်လိုက်ရသည်။

ဖန့်ချန် ငယ်စဉ်က တည်ဆောက်ခဲ့သော ဂုဏ်သတင်းမှာ အသက်အရွယ်ကြီးရင့်လာချိန်တွင်မူ မထိန်းသိမ်းနိုင်တော့ဘဲ ပျက်စီးသွားရသည်။

ရှကျီထံ ရောက်လာသော သူ့ကို အပြစ်တင်သည့် လျှောက်တင်စာများမှာပင် လူတစ်ရပ်စာမျှ ရှိနေသည်။

သဘောတူညီချက် လက်မှတ်ရေးထိုးသော ထိုနှစ်တွင်ပင် ဖန့်အဘိုးအို ကွယ်လွန်သွားပြီး ဖန့်ချန်းဟိုင် ဇနီးမောင်နှံလည်း ဆက်တိုက်ဆိုသလို ကွယ်လွန်သွားကြသည်။

ဖန့်အိမ်တော်တွင် ညစာစားနေချိန် ဖြစ်သည်။

ဖန့်ချန်ဘေးတွင် ယွီရှန်ရှင်း ထိုင်နေပြီး သားဖြစ်သူ၊ ချွေးမဖြစ်သူနှင့် မြေးငယ်လေးတို့လည်း စားပွဲဝိုင်းတွင် ရှိနေသည်။

၎င်းမှာ ဖန့်အိမ်တော်၏ စည်းကမ်းဖြစ်သည်။

မိသားစုတစ်စုလုံး အတူတူ ထမင်းစားရမည်။

သို့သော် ဖန့်ချန်းယူ မှာမူ အမြဲတမ်း ပျောက်ကွယ်သွားလေ့ရှိပြီး အိမ်တွင် မရှိတတ်ပေ။

"မင်း မျက်နှာပေါ်က ဒဏ်ရာက ဘာဖြစ်တာလဲ"

ဖန့်ချန်သည် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။

သူ့မျက်စိထောင့်တွင် အညိုအမည်းစွဲနေပြီး အရေပြားပင် ပွန်းပဲ့နေသည်။

သူ့ဇနီးသည် ပြောမလိုလို ဖြစ်သွားသော်လည်း သားဖြစ်သူက တားလိုက်သည်။

သူက လေးစားစွာဖြင့်

"အဖေ သား လမ်းလျှောက်ရင်း သတိမထားမိဘဲ ဝင်တိုက်မိတာပါ"

ဟု ပြောသည်။

"မင်းက အခုလောက် ကြီးနေပြီကို လမ်းလျှောက်တာတောင် ဒီလောက် သတိမထားဘူးလားနောက်ပိုင်းကျ လမ်းကို သေချာကြည့်ပြီး သွားပါ"

ဖန့်ချန် ပြုံးလိုက်ပြီး ယွီရှန်ရှင်းအတွက် ဝက်သားသုံးထပ်သား တစ်တုံးကို ထည့်ပေးလိုက်သည်။

"မိန်းမရေ... ဒီအသားက အပြင်မှာ ကြွပ်ပြီး အတွင်းမှာ နူးညံ့နေတာ၊ တကယ်ကို အရသာရှိတယ်"

ညစာစားပြီးနောက် ဖန့်ချန်၏ သားနှင့် ချွေးမတို့သည် နှုတ်ဆက်ကာ ပြန်သွားကြသည်။

ယွီရှန်ရှင်းကမှ ဖန့်ချန်ကို တစ်ချက်ကြည့်ကာ စိုးရိမ်တကြီးဖြင့်

"မောင်ကြီး... ဒီအကြိမ်ကြိမ် ရှုံးနိမ့်မှုတွေကြောင့် လူအများက ဖန့်အိမ်တော်အပေါ် အပြစ်ပုံချနေကြတယ် သားရဲ့ မျက်နှာက ဒဏ်ရာဟာ တစ်ယောက်ယောက်က ရိုက်လိုက်တာ ဖြစ်ဖို့ များတယ်၊ သူ ကိုယ်တိုင် တိုက်မိတာ မဟုတ်လောက်ဘူး"

"ငါ သိပါတယ်"

ဖန့်ချန် ခေါင်းညိတ်သည်။

"ဒါဆို မောင်ကြီး မစိုးရိမ်ဘူးလား"

ယွီရှန်ရှင်း ခဏတာ မှင်သက်သွားသည်။

"ငါ စိုးရိမ်ရမှာလား"

ဖန့်ချန် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ပြုံးကာ နှစ်သိမ့်ပေးသည်

"မစိုးရိမ်ပါနဲ့၊ ဘာမှမဖြစ်ပါဘူး အခု အားလုံး အဆင်ပြေသွားပြီမဟုတ်လား၊ နောက်ဆိုရင် စစ်လည်း တိုက်စရာ မလိုတော့ဘူး မဟာရှနိုင်ငံသားတွေကတော့ ခေါင်းကို ငုံ့ပြီး နေသွားရမှာပေါ့"

မှန်သည့်အတိုင်းပင် နောက်ပိုင်းနှစ်များတွင် ချင်းစုန်းနိုင်ငံက ပိုမို၍ ဆိုးရွားလာသည်။

ဟန်ရွှေနိုင်ငံကို နောက်ခံအားကိုးကာ သဘောတူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်ပြီး မဟာရှနယ်စပ်တွင် ရက်စက်စွာ ကျူးကျော်ကြသည်။

မဟာရှမြို့တော်တွင်ပင် ချင်းစုန်းနိုင်ငံ၏ စားသောက်ဆိုင်များကို ဖွင့်လှစ်လာကြသည်။

နန်းတွင်းဘက်ကလည်း ဖန့်ချန်ကို အပြစ်တင်သည့် လျှောက်တင်စာများကို မထိန်းနိုင်တော့သည့်အပြင် ပြည်သူများ၏ ဒေါသကို ဖြေဖျောက်ပေးရန် တစ်စုံတစ်ယောက် လိုအပ်နေသည်။

ထို့ကြောင့် ဖန့်အိမ်တော်မှာ ဒုက္ခရောက်ရသည်။

ဦးစွာ ဖန့်ချန်၏သားကို အကြောင်းပြချက် တစ်ခုခုဖြင့် ရာထူးမှ ထုတ်ပယ်ပြီး သာမန်ပြည်သူအဖြစ် သတ်မှတ်လိုက်သည်။

ထို့နောက် ဖန့်ချန် ငယ်စဉ်က ရရှိခဲ့သော ဂုဏ်ပုဒ်များကို တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်သည်။

ဖန့်ချန်းယူ မှာလည်း အလားတူ ဒုက္ခရောက်ရပြီး မကြာမီမှာပင် ဖျားနာကာ ကွယ်လွန်သွားသည်။

သူသွားပြီးနောက် သားသမီးမထွန်းကားခဲ့သည့် ဖန့်ချန်းယွဲ့မှာလည်း မကြာခင်မှာပင် ဖျားနာ၍ ကွယ်လွန်သွားသည်။

အချိန်ကုန်လွန်သွားသည်မှာ နောက်ထပ် ဆယ်နှစ်၊ နှစ်ဆယ် နှစ် ရှိသွားပြီဖြစ်သည်။

တစ်ချိန်က ထွန်းတောက်ခဲ့သော ဖန့်အိမ်တော်မှာ ယခုအခါ သာမန်ပြည်သူများနှင့် မည်သို့မျှ မခြားနားတော့ပေ။

သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့မှာ မြို့တော်တွင် မနေနိုင်တော့ဘဲ ဖန့်ချန်၏ မြေးကို ခေါ်ဆောင်ကာ အခြားအရပ်ဒေသသို့ အသက်မွေးရန် သွားကြသည်။

နှစ်ပေါင်းများစွာ ကြာသည်အထိ ပြန်လာကြည့်ခြင်း မရှိကြတော့ပေ။

ဖန့်ချန်နှင့် ယွီရှန်ရှင်းတို့မှာလည်း သာမန်အိမ်လေးတစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

နေ့တိုင်း နံနက်ခင်းတွင် အပြင်ဘက်သို့ လမ်းလျှောက်ထွက်ပြီး ယွီရှန်ရှင်းအတွက် ပေါ့ပါးသည့် မနက်စာများ ဝယ်လာပေးလေ့ရှိသည်။

သူမ ဖျားနေသည်။

ဆီကြော်မှာ အဆီများလွန်းသဖြင့် သူမ စား၍ မရတော့ပေ။

"အဘိုးကြီး ဖယ်စမ်း၊ ဒီလူကြီးရဲ့ လမ်းကို ပိတ်မနေနဲ့ "

သန်မာတုတ်ခိုင်သော ချင်းစုန်းနိုင်ငံမှ သိုင်းသမားတစ်ယောက်သည် ဖန့်ချန်ဘေးမှ ဖြတ်သွားရင်း ထိုအဘိုးအိုကို ကြည့်ရတာ မနှစ်မြို့သဖြင့် ခြေဖြင့် ကန်လိုက်သည်။

ဖန့်ချန်တွင် ရှိနေသည့် သိုင်းပညာ အနည်းငယ် ရှိသေးသော်လည်း သူ ရှောင်မတိမ်းဘဲ ထိုအကန်ကို ခံယူလိုက်သဖြင့် အဝေးသို့ ယိုင်လဲသွားသည်။

တစ်ဖက်လူမှာ ရယ်မောကာ ခြေလှမ်းကျဲဖြင့် ထွက်သွားသည်။

ဤမြင်ကွင်းမှာ မြို့တော်အတွင်း အမြဲလိုလို ဖြစ်ပျက်နေကျဖြစ်ရာ လူတိုင်းလည်း အသားကျနေကြပြီး မည်သူမျှ စပ်စုခြင်း မရှိကြတော့ပေ။

ယခုအခါ မည်သူ့ကိုမဆို ရန်စနိုင်သော်လည်း ချင်းစုန်းနိုင်ငံမှ သိုင်းသမားများကိုမူ မရန်စဝံ့ကြပေ။

ဖန့်ချန်သည် ယိုင်တိုင်တိုင်ဖြင့် အိမ်သို့ ပြန်ရောက်လာပြီး ယွီရှန်ရှင်းကို ထူကာ ထမင်းခွံ့ကျွေးသည်။

တစ်ချိန်တည်းမှာပင် လမ်းပေါ်တွင် မြင်တွေ့ခဲ့ရသည့်အကြောင်းများကို သူမအား ပြောပြသည်။

ယွီရှန်ရှင်းသည် ထမင်းစားရင်း မျက်ရည်များ တောက်လျှောက် ကျလာသည်

"မောင်ကြီး... မောင်ကြီး စိတ်မကောင်းမဖြစ်ဘူးလား"

သူမသည် ဖန့်ချန်ကို နှစ်ပေါင်းများစွာ

"မောင်ကြီး" ဟု ခေါ်ခဲ့သော်လည်း ယခုအခါမူ အစပိုင်းက အခေါ်အဝေါ်အတိုင်း ပြန်ခေါ်နေသည်။

တစ်ခဏတာမှာပင် အချိန်ကာလများ နောက်ပြန်ဆုတ်သွားသလို၊ သူတို့ နှစ်ဦးစလုံး ငယ်ရွယ်စဉ်ကအတိုင်း ဖြစ်သွားသည်။

"စိတ်မကောင်းဖြစ်စရာ ဘာရှိလို့လဲ၊ လူ့ဘဝဆိုတာ ဒီလိုပဲ မဟုတ်လား ရွေးချယ်မှု မတူရင် ရလဒ်လည်း မတူဘူး၊ အကြောင်းအကျိုးဆိုတာ လည်ပတ်နေတာပဲ"

ဖန့်ချန် ပြုံး၍ ပြောသည်

"မြန်မြန် ထမင်းစား၊ မင်းနေကောင်းလာရင် အားနည်းနည်းမွေး၊ မောင်ကြီး နောက်ဆုံးတစ်ခါ ပင်လယ်ထွက်ဖို့ ခေါ်သွားမယ် ဒီတစ်ခါတော့ ငါတို့ အဝေးကြီးကို သွားကြမယ်၊ နောက်ပိုင်း အဲဒီသားမိုက် ပြန်လာရင်တောင် ငါတို့နှစ်ယောက်ကို မြင်ရမှာ မဟုတ်ဘူး၊ အဲဒီအခါကျ သူ စိတ်ရှုပ်စရာလည်း မလိုတော့ဘူးပေါ့"

ယွီရှန်ရှင်း မှင်သက်သွားပြီးနောက် နာခံစွာဖြင့် ထမင်းကို စားလိုက်သည်။

ရက်အနည်းငယ်အကြာတွင် ယွီရှန်ရှင်း ဖျားနာ၍ ကွယ်လွန်သွားသည်။

ဖန့်ချန်သည် သူမ၏ နောက်ဆုံးခရီးကို ရိုးရိုးရှင်းရှင်းပင် စီစဉ်လိုက်သည်။

ကိစ္စပြီးမြောက်ပြီးနောက် တံခါးဝတွင် ထိုင်ကာ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော လူအုပ်ကြီးကို ငေးကြည့်နေသည်။

ရုတ်တရက် အဘိုးအိုတစ်ယောက် ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

ဖန့်ချန် သူ့ကို ကြည့်လိုက်သောအခါ အဘိုးအိုမှာလည်း ပြုံးလိုက်သည်။

သူ၏ သွားများမှာ နှစ်ချောင်း၊ သုံးချောင်းသာ ကျန်တော့သဖြင့် အတော်ပင် ရယ်စရာကောင်းနေသည်။

"သခငါကြီး မဟာရှနိုင်ငံရဲ့ လျှို့ဝှက်စောင့်ရှောက်ရေးအဖွဲ့က ရှူကော ကို မှတ်မိသေးလား"

"ရှူကော လား မင်းလည်း ဒီလောက်ထိ အိုမင်းသွားပြီပေါ့၊ ဒီမှာ ထိုင်ပါဦး၊ ငါ့ဆီ ဘာကိစ္စရှိလို့လဲ"

ဖန့်ချန်သည် ဘေးနားရှိနေရာကို လက်ဖြင့် ပုတ်ပြလိုက်သည်။

ရှူကော သည် တုန်တုန်ရီရီဖြင့် ထိုင်ချလိုက်ပြီးနောက် လွန်ခဲ့သော နှစ်များအတွင်း သူကြုံတွေ့ခဲ့ရသော အခက်အခဲများကို စကားစမြည် ပြောပြသည်။

သူ၏ လမ်းကြောင်းမှာလည်း အဆင်မပြေခဲ့ဘဲ ယခုအခါ သူလည်း တစ်ယောက်တည်း ကျန်ရစ်နေပြီဖြစ်သည်။

"သခင်ကြီး...တတိယမင်းသား ဒီနှစ်တွေအတွင်း သခင်ကြီးဆီ လာရှာသေးလား"

"မလာပါဘူး"

"ဩော်...တတိယ မင်းသားက သခင်ကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို မေ့သွားပြီ ထင်တယ်"

"ဖြစ်နိုင်ပါတယ်"

"သခင်ကြီး တကယ်ပဲ စိတ်မကောင်း မဖြစ်ဘူးလား"

"ကံတရားကို လက်ခံရမှာပေါ့"

"ဒါဆို... ကျနော်တို့ ပုန်ကန်ကြမလား"

"မင်း စကားများနေပြီ၊ ဟို လူငယ်လေးကို မြင်လား၊ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးပေမဲ့ သွေးသား အင်အားတွေ ပြည့်ဝနေတယ် မင်းနဲ့ငါ ပေါင်းရင်တောင် သူ့လက်ထဲမှာ ဆယ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး၊ ငါးချက်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်"

"…… ဒါဆိုရင်တော့ ငါ သွားတော့မယ်"

ရှူကော ထွက်သွားသည်။

နောက်ထပ် နှစ်များစွာ ကြာပြီးနောက် မည်သူကမှန်း မသိသော လူတစ်ယောက်က ဖန့်ချန်၏ အိမ်ကို မီးရှို့လိုက်သည်။

အသက် ၁၀၀ နီးပါးရှိသည့် အဘိုးအိုတစ်ယောက်မှာ နေစရာအိမ်ပင် မရှိတော့ဘဲ ဒုက္ခရောက်ရသည်။

ဖန့်ချန်သည် အဝတ်စတစ်ခုကို ရှာပြီး လမ်းဘေးတွင် ဗေဒင်ဟောသည့် ဆိုင်ငယ်လေးတစ်ခု ဖွင့်လိုက်ရသည်။

ပါးစပ်ကလည်း ဗေဒင်အခေါ်အဝေါ်များကို ရွတ်ဆိုနေသဖြင့် သာမန်လူများမှာ နားမလည်ဘဲ အံ့အားသင့်နေကြပြီး သူလည်း ဆက်လက်၍ အသက်ရှင်နေနိုင်ခဲ့သည်။

လမ်းဘေး အနီးအနားတွင် ရပ်နေသည့် အရိပ်အချို့က ဖန့်ချန်ကို ကြည့်ကာ တိုးတိုးတိုင်ပင်နေကြသည်။

"ဒီကောင်က ဘာနဲ့မှ လှုပ်ရှားမှု မရှိဘူး"

"ဒီလောက်ထိ စိန်ခေါ်နေတာတောင် သူ ဘာမှ မတုံ့ပြန်ဘူး"

"သူ ဘယ်နေရာမှာ ရောက်နေလဲဆိုတာ သူ သတိထားမိသွားပြီလား"

"မဖြစ်နိုင်ဘူး"

"နောက်ဆုံးနည်းလမ်းပဲ သုံးရတော့မယ်"

မကြာမီပင် ဗေဒင်ဆိုင် ရှေ့တွင် ရုပ်သွင်တစ်ခု ပေါ်လာသည်။

၎င်းမှာ ဆံပင်ဖြူဖြူနှင့် အသားအရေနုပျိုနေသည့် အဘိုးအို ရသေ့တစ်ပါး ဖြစ်သည်။

သူသည် ဖန့်ချန်ကို ပြုံးကြည့်ပြီး

"တရားဓမ္မလမ်းကြောင်းကို လိုက်စားသူ၊ မင်းမှာ အလွန်ကောင်းတဲ့ ဉာဏ်ပညာ ရှိတယ်၊ ငါ့နောက်လိုက်ပြီး မသေမျိုးလမ်းစဉ်ကို လေ့လာမလား"

ဖန့်ချန် အနည်းငယ် မှင်သက်သွားသည်။

"မသေမျိုးလမ်းစဉ် လေ့လာရင် ဘာအကျိုးရှိမှာလဲ"

အဘိုးအို ရသေ့က တိုးတိုးလေး ပြောသည်

"မသေမျိုး ဖြစ်နိုင်တယ်၊ လေကို ခေါ်မိုးကို ရွာသွန်းစေနိုင်ပြီး ဘာမဆို လုပ်ဆောင်နိုင်တယ်"

"သူ့ကို လက်ခံလိုက်ပါ၊ လက်ခံလိုက်ပါ "

အရိပ်အချို့က ထိုနေရာကို စိုးရိမ်တကြီး ကြည့်နေကြသည်။

တစ်ဖက်လူသာ သဘောတူလိုက်ပါက ဤအကြိမ်မှာ အောင်မြင်လိမ့်မည်။

"အကြီးအကဲ ဘယ်လို ခေါ်ရမလဲ"

ဖန့်ချန်၏ အမူအရာမှာ ပိုမိုလေးနက်သွားသည်။

"ငါ့နာမည်က ယွမ်ဟယ်"

အဘိုးအို ရသေ့က ပြုံး၍ ပြောသည်။

ဖန့်ချန်သည် သက်ပြင်းအသာချကာ လက်ယမ်းလိုက်သည်

"ခင်ဗျားနဲ့ ကျွန်တော်နဲ့က လိမ်ညာလှည့်ဖြားတဲ့သူတွေချည်းပဲ၊ ဘာလို့ ကျွန်တော့်လို အဘိုးအိုကို လာလိမ်နေရတာလဲ ကျွန်တော့်ဆီမှာ ပိုက်ဆံလည်း မရှိဘူး ယွမ်ဟယ် ဆိုတဲ့ နာမည်က သိပ်ပြီး ခေတ်ဆန်ပေမဲ့ ခင်ဗျားရဲ့ ရုပ်ရည်ကတော့ အတော်လေး ရုပ်ဆိုးလွန်းလို့ ဒီလို နာမည်မျိုးနဲ့ မတန်ဘူး"

အဘိုးအို ရသေ့မှာ ဒေါသထွက်သွားပြီး မိုက်မဲသူဟု ဆဲဆိုကာ လက်ဝါးကို ဝှေ့ယမ်းရင်း ထွက်ခွာသွားသည်။

"ဒီလူကတော့ ကုစားလို့ မရတော့ဘူး"

"ဟုတ်တယ်၊ ကုစားလို့ မရဘူး ငါတို့ အချိန်တွေ အများကြီး ကုန်သွားပြီ၊ သူ့ကို မေ့လိုက်တော့"

"တခြားတစ်ယောက်ကို ပြောင်းကြမလား"

"အင်း"

ရက်အနည်းငယ်အကြာတွင် ဖန့်ချန် ရုတ်တရက် တစ်စုံတစ်ခုကို သိလိုက်ရပြီး ပျော်ရွှင်စွာ ရေရွတ်လိုက်သည်

"သေသင့်ပြီ"

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ရှူရပ်သွားသည်။

နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင်မူ သူသည် အိမ်ပျက်ကြီးထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

သူ့ရှေ့တွင် ရွှင်အဘိုးအို သာမက၊ ဆရာယွမ်ဟယ် ၊ ဖန့်အဘိုးအို နှင့် လီကျင်းနျန်း စသည့် ထူးခြားသူ (၃) ဦးတို့လည်း ရှိနေကြသည်။

All Chapters