အရိုးရွက်သေဘင်္ာကြီးဆီမှ သီချင်းသံ
Vol. 9 Ch. 856
ကောင်းကင်တံတားနယ်ပယ်၏ သေမင်းနွံတော ဖြစ်ပေါ်လာခဲ့သည်နှင့်ပတ်သတ်၍ ဇာတ်လမ်းများနှင့် ထင်မြင်ချက်ပေါင်းများစွာရှိသည်။ လူအားလုံး သဘောတူညီသည့်ဖြေရှင်းချက်တစ်ခု လုံးဝထွက်မလာခဲ့ပေ။ ဤကမ္ဘာကြီးတစ်ခုလုံးတွင် ၎င်း၏မူရင်းဇာတ်မြစ်ကို သိသောသူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိနိုင်သည်။
ထိုနေရာထဲသို့ ဝင်သွားသည့် သက်ရှိတိုင်း အဘယ့်ကြောင့်သေဆုံးသွားရသနည်းဆိုသည့် မေးခွန်းမှာမူ ဖြေရှင်းရခက်သည့် ပုစ္ဆာတစ်ခုဖြစ်နေတော့သည်။ သေမင်းနွံတောထဲသို့ဝင်သွားသည့် နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများအားလုံးထဲမှ တစ်ယောက်တစ်လေပင် ပြန်ရောက်မလာကြသည့်အချက်မှာမူ အမှန်တရားပင်ဖြစ်သည်။
သေမင်းနွံတောအကြောင်းကို စိတ်ဝင်စားနေကြသည့် လူများရှိကြပြီး ၎င်းကိုလေ့လာရန် နည်းလမ်းပေါင်းစုံနှင့် ကြိုးစားခဲ့ပါသော်လည်း သူတို့ရှာဖွေတွေ့ရှိခဲ့သည် တစ်ခုထဲသောအချက်မှာ ၎င်းသည် အဖြူရောင်ပင်လယ်ကြီးနှင့် ပြည့်နှက်နေသည်ဆိုသော အချက်သာဖြစ်သည်။
ထိုပင်လယ်မှာ ရေဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်ပဲ အရိုးများနှင့်ဖွဲ့စည်းထားသည်သာဖြစ်သည်။
သေမင်းနွံတောကို ဝန်းရံနေသည့် တောင်တန်းများ၏ ထိပ်မှကြည့်လိုက်ပါက အဆုံးအစမဲ့ကျယ်ပြောနေသည့် မြူခိုးများကိုသာ မြင်ရမည်ဖြစ်သည်။ ထိုမြူခိုးများ၏အောက်တွင် အရိုးဖြူများမှာ အဆုံးမရှိလောက်အောင် ဆန့်တန်းနေကြသဖြင့် ပင်လယ်ရေနှင့်ပင် တူနေတော့သည်။
လူအရိုးနှင့် သားရဲတိရစ္ဆာန်များ၏ အရိုးများပေါင်းစုံရှိနေကြပါသော်လည်း မည်သို့သော အရိုးအမျိုးအစားများ ရှိနေသည်ကိုမူ သေသေချာချာ မခွဲခြားနိုင်ပေ။ ထို့အပြင် ထိုနေရာတစ်ခုလုံးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်နေပြီး အမုန်းတရားများနှင့် ဖုံးလွှမ်းနေသည်ကို အလွယ်တကူသိမြင်နိုင်သည်။
မည်သည့်သက်ရှိမှ မရှိသလို မည်သည့်အသံကိုမှလည်း မကြားရပေ။
သေမင်းနွံတောနှင့်ပတ်သတ်သည့် ဒဏ္ဍာရီများထဲတွင် ဤကမ္ဘာကြီး မဖြစ်တည်ခင်ကထဲက ဖြစ်ပွားခဲ့သည့် အင်မတန်ကြီးမားသော စစ်ပွဲကြီးတစ်ခုလည်း ပါဝင်သည်။ ထိုစစ်ပွဲကြီးဖြစ်ပွားခဲ့သည့် စစ်မြေပြင်ကြီးမှာ အဆုံးတွင် သေမင်းနွံတောဟု ခေါ်တွင်သော အရိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်ဟု ယူဆကြသူများရှိသည်။
ကမ္ဘာကြီးပေါ်တွင် သေမင်းနွံတော လေးခုရှိပြီး ၎င်းတို့အားလုံးမှာ တစ်ပုံစံထဲ ဖြစ်သည်။
အရှေ့ပိုင်းနှင့် မြောက်ပိုင်းအကြားရှိ နယ်နိမိတ်တွင်ရှိသော သေမင်းနွံတော ထဲတွင် လူရိပ်သုံးခုကို မြင်နေရသည်။ ပထမဆုံးတစ်ယောက်မှာ စိုးစိုးထိတ်ထိတ် ကတုန်ကရီနှင့် အရိုးများပေါ်တွင်ဖြတ်လျှောက်နေသည့် ပိုင်ရှောင်ချန်းဖြစ်သည်။ ခြေလှမ်းတိုင်း၏နောက်တွင် ပေါ်ထွက်လာသည့် အရိုးကျိုးသံများကြောင့် တိတ်ဆိတ်ငြိမ်သက်မှု ပျောက်ကွယ်သွားပြီး ထိုအသံများမှာ ရင်ထိတ်စရာကောင်းလောက်အောင် ထူးခြားဆန်းပြားစွာ ပဲ့တင်ထပ်နေတော့သည်။
ပိုင်ရှောင်ချန်းသည် သင်္ချိုင်းစောင့်ကြီးကို ယုံကြည်ပါသော်လည်း ကြောက်ရွံ့နေဆဲဖြစ်ပြီး သူ၏လက်များဖြူဆွတ်လာသည်အထိ အမိန့်ပေးဆွဲပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏နောက်တွင် စိုးစိုးထိတ်ထိတ်နှင့် တုန်ရီနေကြသည့် စုန့်ချွဲနှင့် နတ်ဆရာတို့နှစ်ယောက် ရှိသည်။
ကံကောင်းသည်မှာ သူတို့ သေမင်းနွံတော ထဲသို့ခြေချလိုက်သည်နှင့် တစ်ပြိုက်နက် ထိုအမိန့်ပေးဆွဲပြားမှာ ဖယောင်းတိုင်တစ်တိုင်အသွင် လင်းလက်သွားပြီး အရပ်မျက်နှာပေါင်းစုံသို့ မီတာဒါဇင်ပေါင်းများစွာအထိအောင် အလင်းရောင်များထုတ်လွှတ်လိုက်သဖြင့် မြူခိုးများမှာ သူတို့၏အဝေးသို့ လွင့်စင်သွားကြသည်။
ထို့ကြောင့် သူတို့၏အကြောက်တရားများမှာ အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားတော့သည်။ သူတို့ လမ်းလျှောက်လာရာ တစ်လမ်းလုံးတွင် သူတို့၏ ခြေလှမ်းများမှနေ၍ ထူးဆန်းသော တဂျွတ်ဂျွတ်မြည်သံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။ သူတို့သည် ဤနေရာသို့ ယခုမှရောက်ဖူးသည်ဖြစ်သဖြင့် ပျံသန်းဖို့ရာ မဝံ့ရဲပဲ ခြေလျှင်သာလျှောက်၍ လမ်းတစ်လျှောက်တွင် ပတ်ပတ်လည်သို့ သတိကြီးကြီး ကြည့်ရှုအကဲခတ်နေတော့သည်။
ထူထဲလှသော မြူခိုးများကြောင့် ပိုင်ရှောင်ချန်းနှင့် သူ၏အပေါင်းအပါတို့မှာ ညဥ့်နက်သန်းခေါင်ယံတွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေပြီး သူတို့၏ပတ်ပတ်လည်တွင် ထိန်လင်းနေသော အသေးစားနေရာလေးကြောင့် သူတို့အားလုံး သိသာပေါ်လွင်နေသည်။
ပိုင်ရှောင်ချန်းမှာ တဂျွတ်ဂျွတ်မြည်အောင် လျှောက်လှမ်းလာရင်း မျက်နှာများဖြူဆုတ်နေတော့သည်။ ယခုအထိ သူကြုံတွေ့ခဲ့ရသမျှ အရာတိုင်းကိုကြည့်ပါက သေမင်းနွံတောထဲတွင် သက်ရှိလုံးဝမရှိသည်မှာ အမှန်တကယ်ပင်ဖြစ်နေသည်။
သုံးရက်တိတိကုန်ဆုံးသွားသည်။ သူတို့မှာ ပျံသန်းနေသည်မဟုတ်ပါသော်လည်း လျင်မြန်စွာ ရွေ့လျားနေသေးသည်။ ယခုတွင်မူ စုန့်ချွဲသည် အရိုးများ၏ တဂျွတ်ဂျွတ်မြည်သံကိုသာမက မြူခိုးများနှင့်အမှောင်ထုကြီး၏ မွန်းကြပ်စရာကောင်းသော ဖိအားတို့ကိုပါ ကျင့်သားရသွားပြီဖြစ်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေသယောင်ပင် ဖြစ်နေတော့သည်။ နတ်ဆရာမှာလည်း သူ့နည်းသူ့ဟန်နှင့် အဆင်ပြေနေပုံပေါ်သည်။ ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် သတိကြီးကြီးထားနေသည့်ပုံပေါ်နေသည်။
ပိုင်ရှောင်ချန်း၏ အစိုးရိမ်လွန်ကဲနေမှုကြောင့် စုန့်ချွဲမှာ အေးစက်စက်နှာမှုတ်မိလိုက်တော့သည်။ ထိုအချင်းအရာကြောင့် သူ၏သတ္တိများမှာ ပို၍တိုးပွားလာပြီး ခြေသံကိုပင် ပို၍ကျယ်လောင်စွာ ဆောင့်ချနေတော့သည်။ သို့သော် ထိုအပြုအမူကို ပိုင်ရှောင်ချန်းက မနှစ်မြို့ပေ။
နတ်ဆရာမှာလည်း သူ၏အပြုအမူများမှာ လွန်ကဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် အလျင်အမြန်ဆိုလိုက်လေသည်။
" တိုးတိုးလုပ်စမ်းပါ စုန့်ချွဲရ "
စုန့်ချွဲမှာမူ နှာမှုတ်လိုက်ပြီး ပြန်လည်တုံ့ပြန်စကားဆိုရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သတိအပြည့်ထားနေသည့် ပိုင်ရှောင်ချန်းက လွှတ်ခနဲ ဆိုလိုက်လေသည်။
" မင်းတို့ ကြားလိုက်လား "
ထိုအခါ စုန့်ချွဲမှာ ရပ်တန့်သွားပြီး နတ်ဆရာမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ အာရုံစိုက်၍နားထောင်လိုက်ကြပြီး အစပိုင်းတွင်မည်သည့်အသံမှ မကြားရပါသော်လည်း တစ်ခဏအကြာတွင် သူတို့နှစ်ယောက်စလုံးမှာ မျက်နှာပျက်သွားကြတော့သည်။ မြူခိုးထဲရှိ အဝေးတစ်နေရာတွင် သီချင်းဆိုသံကိုကြားနေရသည်။
၎င်းမှာ အမျိုးသမီး တစ်ယောက်၏ အသံနှင့်တူသည်။ သို့သော် သူမမှာ ဝေးကွာလွန်းနေသဖြင့် မည်သည်အား သီဆိုနေသည်ကို သူတို့ သေသေချာချာမကြားနိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုသီချင်းသံကလေးကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာများ ဖြူဆုတ်သွားရတော့သည်။
" မဖြစ်နိုင်ဘူး။ ကုန်းစွန်းဝမ်အာ ဒီနေရာကို ထွက်ပြေးလာတာတော့ မဟုတ်ဘူးမလား "
သို့သော် ထိုသီချင်းသံကိုဆက်၍ ကြားလိုက်ရသောအခါ ၎င်းမှာ ကုန်းစွန်းဝမ်အာ၏အသံနှင့်မတူကြောင်း သိလိုက်ရသည်။
စုန့်ချွဲနှင့် နတ်ဆရာတို့မှာ ဘေးဘီဝဲယာကို စိုးရိမ်ထိတ်လန့်စွာ လှည့်ပတ်ကြည့်ရှုလိုက်ကြပြီး ထိုသီချင်းသံ၏ လားရာကို ကြိုးစားရှာဖွေနေကြသည်။ အနည်းငယ်အကြာတွင် နတ်ဆရာမှာ မျက်လုံးပြူးသွားပြီး အရပ်မျက်နှာတစ်ခုသို့ လက်ညှိုးထိုးလိုက်လေသည်။
" အဲဒီမှာ "
ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲတို့မှာ ချက်ချင်းပင် ထိုဘက်သို့ လှည့်ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော အရိုးစုများစွာကို မြင်လိုက်ရသည်။ ထိုအရိုးစုများမှာ အရိုးပေါ်အရိုးထပ်နေကြသည်မဟုတ်ပဲ တည့်မတ်စွာဖြင့် လမ်းလျှောက်နေကြသည်။ ၎င်းတို့မှာ ထောင်ဂဏန်းများစွာရှိပြီး ခါးကုန်း၍ ပခုံးများထက်တွင် အနက်ရောင်ကြိုးများကို ချည်နှောင်ထားသဖြင့် ဧရာမ ရွက်သင်္ဘောကြီးတစ်စင်းကို ဆွဲနေကြသည့် လှေသမားများနှင့် တူနေတော့သည်။
လူအရွယ်အစားရှိသော အရိုးစုထောင်သောင်းများစွာ၏အနောက်တွင် ဘီလူးတစ်ထောင်ကျော်၏ အရိုးစုများ ရှိနေသည်။ သူတို့အားလုံး၏ပုခုံးတွင်လည်း အနက်ရောင်ကြိုးများကိုချည်နှောင်ထားပြီး ၎င်းတို့ကိုအားစိုက်၍ ဆွဲနေကြသည်။
သို့သော် ထပ်၍ ရှိသေးပေသည်။ ဘီလူးတစ်ထောင်ကျော်၏ အနောက်တွင် သားရဲအကောင် တစ်ရာကျော်၏ အရိုးစုများရှိပြီး တစ်ကောင်ချင်းစီမှာ မီတာသုံးထောင်ကျော်အထိ မြင့်မားနေသည်။ သားရဲအားလုံးမှာ ပုံစံမတူကြပေ။ နောက်ဆုံးတွင်မူ အရိုးနဂါးသုံးကောင် ရှိနေသည်ကို တုန်လှုပ်ဖွယ်မြင်လိုက်ရသည်။
အရိုးနဂါးသုံးကောင်ပြီးနောက် ပိုင်ရှောင်ချန်းတို့သုံးယောက်၏ မျက်ဝန်းထဲတွင် နောက်ထပ်ပေါ်လာသည့်အရာမှာ မီတာသုံးသောင်းအထိ ရှည်လျားပြီး အရိုးများဖြင့်သာ တည်ဆောက်ထားသည့် ဧရာမရွက်သင်္ဘောကြီးတစ်စင်းဖြစ်သည်။
ထိုသင်္ဘောကြီးမှာ မဲနက်၍ ပျက်စီးတော့လုမတတ်ဖြစ်နေပြီး ယိမ်းယိုင်နေသည့် အလံတိုင်များပေါ်တွင် ဆုတ်ပြဲနေသော အလံများကို ချည်နှောင်တပ်ဆင်ထားသည်။ သို့သော် မည်မျှပင် အခြေအနေဆိုးရွားစေကာမူ ၎င်းထံမှ တုန်လှုပ်ဖွယ် စွမ်းအင်တစ်ခု ပေါ်ထွက်နေဆဲ။
ထူးဆန်းသည့်အရာမှာ အရိုးစုများသည် ထိုသင်္ဘောကြီးကို အရိုးပင်လယ်ကြီး၏မျက်နှာပြင်ပေါ်တွင် ဆွဲနေကြသည်ဖြစ်သော်လည်း မည်သည့်အသံကိုမှ မကြားရခြင်းပင်။ သေမင်းနွံတော တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်နေဆဲဖြစ်ပြီး ရွက်သင်္ဘောကြီးထဲမှ ထွက်လာနေသည့်သီချင်းသံတစ်သံကိုသာ ကြားနေရသည်။
ပိုင်ရှောင်ချန်းမှာ အလွန်အမင်း ကြောက်လန့်ကာ အသားများ တဆတ်ဆတ်တုန်ရီနေပြီဖြစ်ပြီး နောက်သို့ဆုတ်သွားတော့သည်။
" တစ်ခုခုတော့ လွဲနေပြီ "
သူသည် ဖြူဆုတ်နေသည့်မျက်နှာဖြင့် စိုးရိမ်တကြီးဆိုလိုက်သည်။
" စစ်သင်္ဘောကြီးတစ်စင်းက သေမင်းနွံတော ထဲကိုဘာလို့ရောက်နေတာလဲ။ ပြီးတော့ အဲဒီအရိုးစုတွေကရော ဘာလို့အဲဒါကြီးကို ဆွဲနေရတာလဲ။ ကြောက်စရာကြီးပါလား။ ငါတို့နောက်ပြန်လှည့်ရအောင်လေ။ ငါ့အထင်တော့... မဟာတံတိုင်းကြီးဆီကိုသွားတာ ပိုကောင်းမယ်ထင်တယ်။ "
သို့သော် သူထိုသို့ဆိုလိုက်စဥ်မှာပင် ထိုဧရာမ ရွက်သင်္ဘောကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
အရိုးစုများမှာလည်း ၎င်းနှင့်အတူပျောက်ကွယ်သွားပြီး သီချင်းသံပင်လျှင် အစတည်းက ရှိမနေသည့်အတိုင်း ကွယ်ပျောက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
စုန့်ချွဲနှင့် နတ်ဆရာတို့မှာလည်း ထိတ်လန့်နေတော့သည်။ အလွန်ထူးဆန်းနေသည် မဟုတ်ပါလော။ စုန့်ချွဲမှာမူ ပိုင်ရှောင်ချန်းကိုလှမ်းကြည့်လိုက်ပြီး သူအလွန်ကြောက်ရွံ့နေသည်ကိုမြင်လိုက်ရသောအခါ သူ၏အကြောက်တရားများ ပျောက်ကွယ်သွားတော့သည်။ သူသည် အထင်သေးသည့်အမူအရာဖြင့် အေးစက်စက်နှာမှုတ်လိုက်ပြီး ဆိုလိုက်တော့သည်။
" သေမင်းနွံတော ဆိုတာ ထူးဆန်းနေရမှာလေ။ သင်္ဘောလေးတစ်စင်းလောက်ကို ဘာကြောက်စရာလိုလို့လဲ။ ပုံရိပ်ယောင်တစ်ခုပဲနေမှာပါ။ စိတ်ထဲမထားပဲနေလိုက်ရင် ပျောက်သွားလိမ့်မယ်။ ဘာလဲ ပိုင်ရှောင်ချန်း။ မင်းက သွေးကြောင်တာလား ဘာတုံး "
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပြန်၍ဟောက်လိုက်လေသည်။
" ငါကဘာဖြစ်တယ်။ သရဲတွေကိုကြောက်ရမယ် ဟုတ်လား "
သူသည် အင်္ကျီလက်ကို မာန်ပါပါဝှေ့ယမ်းလိုက်ပြီး ဆက်၍ကြိမ်းဝါးလိုက်သည်။
" ငါက အာကာသအောက်လမ်းဆရာတစ်ယောက် ဖြစ်ခါနီးကောင်ကွ။ ပြီးတော့ ဒီကမ္ဘာမှာ အရေးအပါဆုံး သရဲက ငါ့တပည့်ပဲ။ သရဲတွေကို ငါကဘာလို့ကြောက်နေရမှာလဲ။ မင်းလာနောက်နေတာလား "
စုန့်ချွဲမှာမူ အေးစက်စက်ရယ်မောလိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။ သူသည် နတ်ဆရာအားဆွဲ၍ နဂိုသွားနေခဲ့သည့်လမ်းအတိုင်း ဆက်သွားလိုက်တော့သည်။ နတ်ဆရာမှာ စုန့်ချွဲကိုကြည့်လိုက်၊ ပိုင်ရှောင်ချန်းအားကြည့်လိုက်လုပ်၍ ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး စုန့်ချွဲနောက်သို့လိုက်သွားတော့သည်။
" တကယ် ပုံရိပ်ယောင်တစ်ခုပဲ နေမှာပါ " ပိုင်ရှောင်ချန်းမှာ အနည်းငယ် ရှက်ရွံ့သွားတော့သည်။ ရွက်သင်္ဘောကြီးတစ်စင်း ထိုသို့ရုတ်ချည်းပေါ်လာပြီး ချက်ချင်းပျောက်သွားလိမ့်မည်ဟု သူ အဘယ့်ကြောင့်တွေးမိလိမ့်မည်နည်း။ ထို့နောက် နှာခေါင်းကိုပွတ်၍ သူသည်စုန့်ချွဲထက် အဆင့်မြင့်သဖြင့် သူ့အားစောင့်ရှောက်ရန်လိုအပ်ကြောင်း သူ့ကိုယ်သူသတိပြန်ပေးလိုက်လေသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး အခြားနှစ်ယောက်မှာ သူ၏အမိန့်ပေးဆွဲပြား ဖန်တီးထားသည့် အကာအကွယ်စက်ဝန်းအတွင်း ဆက်ရှိနေစေရန် သူတို့နောက်သို့ ပြေးလိုက်သွားတော့သည်။
တစ်လတိတိ ကုန်ဆုံးသွားပြီး ထိုအတောအတွင်း ထိုထူးဆန်းသော ရွက်သင်္ဘောကြီးမှာ လုံးဝပြန်မပေါ်လာခဲ့ပေ။ ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်းနှင့် စိတ်အေးသွားပြီး သူတို့အဖွဲ့မှာ အရှိန်မြန်လာတော့သည်။
သို့သော် ရက်အနည်းငယ်အကြာတွင် အမျိုးသမီးတစ်ဦး၏ သီချင်းသံကို ထပ်ကြားလိုက်ရ၍ သူတို့အားလုံး မျက်နှာပျက်သွားကြတော့သည်။
ယခုအကြိမ်တွင် သီချင်းသံမှာ ပို၍ပင်ရှင်းလင်းနေသည်။ စာသားများကိုပင် ရှင်းရှင်းလင်းလင်းကြားနေရသည်။
ထိုသီချင်းမှာ ထူးဆန်းပြီး တစ်ခေါက်ကြားမိလိုက်သည်နှင့် မေ့ဖျောက်ပစ်နိုင်မည့် သီချင်းမျိုးမဟုတ်ပေ။ ထိုသီချင်း၏ အကြောင်းအရာမှာ မိမိ၏ကလေးက မိမိလက်ကို စားပစ်ခဲ့သည့် မိခင်တစ်ဦး၏ ပုံပြင်ပင်ဖြစ်သည်။