← Chapters

ရှောင်ချန်းရဲ့ ပစ်မှတ်က ဓားသင်္ချိုင်းပဲ

Vol. 14 Ch. 131

ရှောင်ချန်းရဲ့ ပစ်မှတ်က ဓားသင်္ချိုင်းပဲ

Vol. 14 Ch. 131

“ အားလုံးပဲ... တပည့်တွေ ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲကနေ ပြန်ထွက်လာဖို့က တစ်လကြာဦးမှာ။ ဒီ တစ်လအတွင်းတော့ ငါတို့တွေ တောင်ကြားအပြင်ဘက်မှာ ကျင့်ကြံရင်း တာအိုအကြောင်း ဆွေးနွေးကြတာပေါ့ “ ဌာနမှူးဟန်ကျန်းက ဦးဆောင်၍ ဖိတ်ခေါ်လိုက်သည်။

ထိုက်ရွှီလျှို့ဝှက်နယ်မြေ အတွင်းရှိ အချိန်စီးဆင်းမှုသည် ရွှမ်ထျန်းတိုက်ကြီးနှင့် ဆယ်ဆကွာခြားပါသည်။ လျှို့ဝှက်နယ်မြေ၌ တစ်နှစ်သည် ရွှမ်ထျန်းတိုက်ကြီးပေါ်တွင် သုံးဆယ်ခြောက်ရက်မျှသာ။

အပြင်ဘက်ရှိ ကျင့်ကြံသူများအတွက် ဤအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားမည် ဖြစ်သည်။ သို့သော် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားသူများအတွက်မူ အလွန် အဖိုးတန်လှသည်။ ထို့ကြောင့်ပင် အဓိက အင်အားစုများက ထိုက်ရွှီလျှို့ဝှက်နယ်မြေအပေါ် အတော် အလေးထားသည်။

“ သဘောတူပါတယ် “

လူတိုင်းက တွေဝေမနေဘဲ သဘောတူလိုက်ကြသည်။

ဌာနမှူးဟန်ကျန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ လက်ဖဝါးအရွယ် နန်းတော်ငယ် တစ်ခုကို ထုတ်ယူကာ အော်ဟစ်လိုက်သည်။ “ မြင့်တက်လာစမ်း “

နန်းတော်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် ကြီးမားကျယ်ဝန်းသည့် နန်းတော်ကြီးတစ်ခု ဖြစ်ပေါ်လာပါ၏။

“ ကြွပါ တာအိုမိတ်ဆွေတို့ “

“ ကျေးဇူးအများကြီး တင်ပါတယ် ဌာနမှူးဟန်ကျန်း “

ချူဖုန်းနှင့် အခြားသူများသည် ဌာနမှူးဟန်ကျန်း၏ နောက်မှလိုက်ကာ နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။

အထဲတွင် ပစ္စည်းပစ္စယျ အပြည့်အစုံ ပါဝင်သည်။ လူတိုင်းက စားပွဲဝိုင်းကြီး တစ်ခု၏ ပတ်လည်တွင် စုဝေးထိုင်လိုက်ကြပြီး လက်ဖက်ရည် သောက်ကာ တာအိုအကြောင်း ဆွေးနွေးကြသည်။

တစ်ချိန်တည်းမှာပင် ထိုက်ရွှီလျှို့ဝှက်နယ်မြေ အတွင်း၌

အင်အားစု အသီးသီးမှ တပည့်များ ဝင်ရောက်လာကြ၏။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသော တပည့်များက ရောက်ရောက်ချင်းမှာ သတိနှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်‌စစ်ဆေးကြသည်။ တစ်ဂိုဏ်းတည်းမှလာသော တပည့်များက အတူတကွ ဝင်သွားသော်လည်း အထဲသို့ ကျပန်းသာ ရောက်သည်။ အတူတူရောက်မည်ဟု မည်သူမျှ အာမမခံရဲချေ။

ရှောင်ချန်းက အနီးနားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ၏ အနက်ရောင် ဝတ်ရုံကို ချက်ချင်း ဝတ်ဆင်လိုက်ပြီး ဂရုတစိုက် စတင် စူးစမ်းတော့သည်။

သူ စိမ်းလန်းသည့် တောင်ထိပ်တစ်ခုသို့ ရောက်နေလေသည်။ ထိုနေရာ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ရွှမ်ထျန်းတိုက်ကြီးထက် အဆပေါင်းများစွာ ပိုမို သိပ်သည်းသည်။

ပုံမှန် အချိန်များတွင် ဤကဲ့သို့ ကောင်းချီးနယ်မြေများနှင့် ကြုံရချိန်၌ ရှောင်ချန်း၏ ပထမဆုံး အတွေးမှာ ထိုနေရာမှာပင် ချက်ချင်း ကျင့်ကြံပစ်ဖို့ပင်။

သို့သော် ယခုတစ်ကြိမ်တွင် သူ ကျင့်ကြံရန် အလျင်မလိုပေ။ ယင်းအစား အခွင့်အလမ်းနှင့် ကြုံမကြုံ သိနိုင်ရန် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးသည်။

ရှေးဟောင်းသစ်ပင်ကြီးများသည် ကောင်းကင်ယံသို့ ထိုးတက်နေပြီး နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။ သစ်တောထဲသို့ ဝင်ရောက်သွားသည်နှင့် ထူထပ်သော သစ်ပင်များကြောင့် အလင်းရောင်များ တိုးမဖောက်နိုင်တော့ပေ။ သို့ဖြစ်၍ မြေပြင်ပေါ်တွင် အလင်းမှိန်မှိန်လေးသာကျန်သည်။ ပတ်ဝန်းကျင်သည် အုံ့မှိုင်းနေသည့်အလားပင်။

ခြေလှမ်း ရာဂဏန်းခန့် လျှောက်ပြီးနောက် ရှောင်ချန်းသည် အဝေးမှ တိုက်ခိုက်နေသံများကို ကြားလိုက်ရသည်။

ပုံမှန်ဆိုလျှင် ၎င်းကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ဤနေရာက လျှို့ဝှက်နယ်မြေ ဖြစ်သောကြောင့် တိုက်ခိုက်နေသူများသည် သူ၏ ဂိုဏ်းတူ မောင်နှမများ ဖြစ်နေနိုင်သည်။

အသံလာရာ နောက်သို့ လိုက်သွားပြီးနောက် သူ မြင်လိုက်ရသည်။ မတူညီသော အင်အားစုများမှ စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်က ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ဝတ်ရုံဖြူ အမျိုးသမီး တစ်ဦးကို ဝိုင်းထားကြသည်။

လူအရေအတွက် မမျှသော်လည်း သူမက အေးဆေးစွာ တိုက်ခိုက်နေသည်။ သူမနှင့် မလှမ်းမကမ်းတွင် ဆေးနံလှိုင်လှိုင်ထွက်နေသော ဂျင်ဆင်းပင်တစ်ပင်ကို တွေ့လိုက်ရသည်။

“ ဂျူနီယာညီမလေးလွီ “

ရှောင်ချန်းက ဝတ်ရုံဖြူ အမျိုးသမီးကို ချက်ချင်း မှတ်မိသွားသည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစားမှာ သူတို့ နှစ်ယောက် ယန်မန် ရွှံ့နွံတောတွင် အတူတကွ လေ့ကျင့်ခဲ့စဉ်က အတိုင်းပင် ဖြစ်သည်။

ချွင်...

နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ရှောင်ချန်း သူ၏ ဓားရှည်ကို ဆွဲထုတ်ပြီး လူအုပ်ကြီးထဲသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူများက အနောက်မှ ချဉ်းကပ်လာသော အန္တရာယ်ကို သတိပြုမိသည်။ သို့သော် အချိန်နှောင်းသွားပြီ ဖြစ်၏။

ဓားအလင်းတန်း တစ်ခုနှင့်အတူ တိုက်ခိုက်သူ အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

“ ဘယ်သူလဲ “

သူမ၏ရန်သူများ လဲကျသွားသည်ကို မြင်သော်လည်း လွီယွဲ့အာ သတိထားမှုကို မလျှော့ချလိုက်ပေ။ ဓားအရှိန်အဝါ ထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

“ ဂျူနီယာညီမလေးလွီ... ငါပါ “

ရှောင်ချန်း ဖြည်းညှင်းစွာ ထွက်လာသည်။

လွီယွဲ့အာက ရင်းနှီးနေသော ပုံရိပ်ကိုမြင်ပြီး ပျော်ရွှင်သွားတော့သည်။ “ စီနီယာအစ်ကို “

“ အင်း “

ရှောင်ချန်း သွေးစိတ်ဝိညာဉ်ဂျင်ဆင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “ ဂျူနီယာညီမလေးလွီ... တော်တော် ကံကောင်းတာပဲ။ ရောက်ရောက်ချင်းပဲ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ စိတ်ဝိညာဉ် ဆေးပင်နဲ့ လာတွေ့တယ် “

လွီယွဲ့အာ ချိုသာစွာ ပြုံးလိုက်သည်။ “ စီနီယာအစ်ကိုကလည်း မနောက်ပါနဲ့။ တကယ်လို့ စီနီယာအစ်ကိုသာ ရောက်မလာရင် ဒီဆေးပင်ကို ကျွန်မ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ထူးဆန်းတာက ဆေးပင်ကို စောင့်နေတဲ့ နတ်ဆိုးသားရဲတွေ မရှိဘူး “

ရှောင်ချန်းက ပြောလိုက်သည်။ “ ဂျူနီယာညီမလေး... ထိုက်ရွှီလျှို့ဝှက်နယ်မြေက အပြင်ကမ္ဘာနဲ့ မတူဘူး။ ဒီမှာက သက်ရှိတွေ မရှိသလောက်ကို ရှားတယ်။ ရှိရင်တောင်မှ စိတ်ဝိညာဉ် ဆေးပင်မျိုးကို စောင့်ကြပ်နေမှာ မဟုတ်ဘူး။ ငါ မင်းကို ကာကွယ်ပေးထားမယ်။ သွားပြီး ခူးလိုက်တော့ “

“ ဟုတ်ကဲ့ပါ “

လွီယွဲ့အာ သွေးစိတ်ဝိညာဉ် ဂျင်ဆင်း ဆီသို့ သတိထားကာ လျှောက်သွားလိုက်ပြီး ၎င်းကို ညင်သာစွာ ဆွဲနှုတ်သည်။

သူမ မည်သည့် အန္တရာယ်နှင့်မျှ မရင်ဆိုင်လိုက်ရပေ။

၎င်းက လွီယွဲ့အာကို အနည်းငယ် ထူးဆန်းသလို ခံစားရစေသည်။ အပြင်ကမ္ဘာတွင် တန်ဖိုးကြီး ဆေးပင်များသည် ပြင်းထန်သည့် တိုက်ပွဲများကို ဖြစ်ပွားစေနိုင်သည်။ သို့သော် ဤနေရာတွင်မူ သူမ ၎င်းကို အလွယ်တကူ ရရှိသွားသည်။

“ စီနီယာအစ်ကို... ရှင့်ကို သွေးစိတ်ဝိညာဉ် ဂျင်ဆင်း တစ်ဝက်ကို ပေးမယ်လေ “

ရှောင်ချန်း ပြန်ဖြေသည်။ “ မလောနဲ့။ အခုလောလောဆယ် ဆက်ပြီး စူးစမ်းကြတာပေါ့။ အပြင်ရောက်မှပဲ ရလာတဲ့ ရတနာတွေကို ခွဲဝေကြမယ် “

“ ကောင်းပါပြီရှင် “

လွီယွဲ့အာ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး တောင်ပေါ်တွင် စတင် ရှာဖွေကြသည်။

ဤသို့ဖြင့် ပထမတစ်ရက် ကုန်ဆုံးသွားသည်။

ကံမကောင်းစွာဖြင့် သူတို့ နှစ်တစ်ထောင် စိတ်ဝိညာဉ်ဆေးပင်များကို ထပ်မတွေ့ရတော့။ နှစ်ငါးရာ သက်တမ်းရှိသော ဆေးပင်အချို့ကိုသာ တွေ့၏။

ရှောင်ချန်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေဝင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်သည်။

“ ဂျူနီယာညီမလေး... ဒီည အနားယူဖို့ နေရာတစ်ခု ရှာကြရအောင်။ မနက်ဖြန် မနက်မှ ဆက်သွားကြတာပေါ့ “

“ ဟုတ်ကဲ့ပါ “ လွီယွဲ့အာ ပြန်ဖြေလိုက်သည်။

နောက်တစ်နေ့မနက်တွင် သူတို့ တောင်ပေါ်မှ ဆင်းလာကြသည်။ ရှောင်ချန်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ထိုက်ရွှီလျှို့ဝှက်နယ်မြေ၏ မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုမြေပုံသည် ဝမ်တောက်ကျောင်းတော်မှ မျိုးဆက်ပေါင်းများစွာ၏ ကျင့်ကြံသူများ ကြိုးစားအားထုတ်ကာ ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်သည်။ ရှောင်ချန်းသည် မြေပုံကို တစ်ချက် ကြည့်လိုက်ပြီး သူတို့၏ နောက်ထပ် ဦးတည်ရာကို ဆုံးဖြတ်လိုက်သည်။

လွီယွဲ့အာ သူ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ စီနီယာအစ်ကိုရှောင်... ကျွန်မတို့ နောက်ထပ် ဘယ်ကိုသွားမှာလဲ “

ရှောင်ချန်းသည် ပြောလိုက်၏။ “ အရှေ့မြောက်ဘက်။ ငါတို့ရဲ့ ပစ်မှတ်က ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲက ဓားသင်္ချိုင်းပဲ။ သွားကြစို့ “

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦး အရှေ့မြောက်ဘက်သို့ ထွက်လာသည်။ လျှို့ဝှက်နယ်မြေတွင်တောင်တန်းများနှင့် မြစ်ချောင်းအင်းအိုင်တို့ ပေါများ၏။

သူတို့ တောင်တစ်လုံးနှင့် မြစ်တစ်စင်းကို ဖြတ်ကျော်ပြီးနောက် မတ်စောက်သည့် တောင်ထွတ်တစ်ခု၏ အခြေသို့ ရောက်ရှိလာကြသည်။

ယခင်က တွေ့ခဲ့သော စိမ်းလန်းသည့် တောင်တန်းများနှင့် မတူစွာ ဤတောင်က တစ်ချက် ကြည့်လိုက်ရုံဖြင့် လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေပုံက အတိုင်းသား။

တောရိုင်းအပင် အနည်းငယ်မှလွဲ၍ တောင်ပေါ်တွင် ကျောက်တုံးများနှင့် မြေကြီးဝါများသာ ဖုံးလွှမ်းနေကာ အလွန်ပင် ခြောက်သွေ့နေပါသည်။ တောင်တက်လမ်းတစ်ဝက်တွင် ထူထပ်သော မြူခိုးများက တောင်စောင်းကို ဖုံးလွှမ်းထားသေးသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အပေါ်သို့ တက်သွားကြသည်။ ဓားသင်္ချိုင်းပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ကြောက်မက်ဖွယ် ကောင်းသော အေးစိမ့်မှု တစ်ခုက သူတို့အပေါ် လွှမ်းခြုံသွားပြီး လေထုထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။

သူတို့ အမြင့်သို့ ပိုတက်လာသည်နှင့်အမျှ သတ်ဖြတ်ခြင်း အရှိန်အဝါက ပိုမို ထူထပ် သိပ်သည်းလာသည်။ ခြောက်သွေ့နေသော မြေပြင်နှင့် ကျောက်စ ကျောက်နများကြား ကျိုးပဲ့နေသော ဓားများ ပျံ့ကြဲနေ၏။

သတ်ဖြတ်လိုစိတ်များ ပြည့်နေသည့် မြူခိုးထဲသို့ ရောက်သွားသောအခါ သူတို့ နှစ်ဦးလုံး သတိမလျှော့ရဲတော့ပေ။ ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။

ရုတ်တရက် ရှောင်ချန်းသည် မြူခိုးအတွင်းမှ သူ့ထံသို့ တိုးဝင်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်သည်။ သူ ဓားကို အလိုလိုလွှဲယမ်းလိုက်၏။

ချွင်...

ဓားမြည်သံ ထွက်ပေါ်လာသည်။ တစ်ဆက်တည်းဆိုသလို မြူခိုးအတွင်းမှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်လာ၏။

“ အား “

အနီးနားမှ တုန်လှုပ်နေသော အော်ဟစ်သံများ ဆက်တိုက် ထွက်လာသည်။ “ သူတို့က တော်တော် သန်မာတယ်။ ပြေး “

လွီယွဲ့အာ လိုက်လံ ဖမ်းဆီးရန် ပြင်လိုက်သော်လည်း ရှောင်ချန်းက တားလိုက်သည်။ “ လိုက်ဖမ်းနေဖို့ မလိုဘူး။ ဒီ ကောင်လေးတွေက ငါတို့ရဲ့ ပစ်မှတ် မဟုတ်ဘူး “

ရှောင်ချန်း အော်သံ ထွက်ပေါ်လာသည့် ဘက်သို့ လျှောက်သွား၏။ မြေပြင်ပေါ်တွင် ဆွေးမြေ့နေသော အလောင်းတစ်လောင်း လဲကျနေပြီး အပုပ်နံ့များ တထောင်းထောင်း ထွက်ပေါ်နေသည်။

လွီယွဲ့အာ မျက်မှောင်အသာ ကြုတ်လိုက်သည်။ ရှောင်ချန်းသည် ထိုလူ၏ သိုလှောင်အိတ်ကို ဓားဖြင့် ချိတ်၍ လှမ်းကောက်၏။ ထို့နောက် အထဲတွင် ရှိသောအရာများကို သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ အလောင်းကိုတော့ နောက်တစ်ကြိမ် ကြည့်မနေတော့ဘဲ လှည့်ထွက်သွားသည်။

တစ်နာရီ ကြာပြီးနောက်‌ ပတ်ဝန်းကျင်က မှောင်လာသည်။ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေသော တောင်တန်းက စတင် ပြောင်းလဲလာတော့သည်။

All Chapters