← Chapters

မင်းတို့က ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံး မျိုးဆက်ပဲ

Vol. 14 Ch. 133

မင်းတို့က ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံး မျိုးဆက်ပဲ

Vol. 14 Ch. 133

တိတ်ဆိတ်သွားသည်။

လူအုပ်ကြီးသည် လုံးဝ ငြိမ်သက်သွားတော့၏။

မျက်လုံးများက ရှောင်ချန်းထံသို့ တစ်ပြိုင်နက် လှည့်ကြည့်လာကြသည်။

ယဲ့လင်းရှောင် ရှေ့သို့ ထွက်လာပြီး ရှောင်ချန်း၏ ဘေးတွင် ရပ်ကာ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သူ စကားတစ်ခွန်းမှ မဆိုသော်လည်း သူ၏ လုပ်ရပ်က သိသာပါသည်။ သူ ရှောင်ချန်း၏ အဆိုကို ထောက်ခံသည်။ ဝမ်တောက်ကျောင်းတော်တွင် သူတို့နှစ်ဦးက ပြိုင်ဘက်များ ဖြစ်သော်လည်း အပြင်လူများနှင့် ရင်ဆိုင်ရချိန်တွင် စည်းလုံးပေသည်။ သို့မှသာ ပြင်ပလူများကို ဖိနှိပ်နိုင်ပေမည်။

“ အော်မီထောဖော “

ဓားရှည်တစ်လက် ကိုင်ဆောင်ထားသည့် ကိုရင်ငယ်လေး တစ်ပါးက ပြောလိုက်သည်။ “ ကိုယ်တော်တို့က ထိုက်ရွှီ လျှို့ဝှက်နယ်မြေမှာ အခွင့်အလမ်း လာရှာကြတာ။ အခု ဒကာလေးရှောင်က သွေးမြေမကျမဲ့ နည်းလမ်ကို အဆိုပြုလာမှတော့ ကိုယ်တော်ဖူဟုန်ကတော့ လက်ခံပါတယ် “

၎င်းကို ကြားသောအခါ အခြားသော အဓိက အင်အားစု ရှစ်ခုမှ တပည့်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလာကြသည်။

“ သဘောတူတယ်။ ရောင်းရင်းရှောင် ရဲ့ အကြံပြုချက်အတိုင်းပဲ သွားကြတာပေါ့ “

ခုနက ရှောင်ချန်း၏ ဝံ့ကြွားလှသည့် ပုံစံက သူတို့ကို အနေရခက်သွားစေသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာရှိ လူတိုင်းက ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က မြင့်မြတ်နယ်မြေများမှ လာကြသည်။

မည်သူကမျှ အကြောမခံချင်ပေ။

သို့တိုင်အောင် မမြင်ရသေးသော ရတနာတစ်ခုအတွက် တိုက်ပွဲ စတင်ခြင်းက ဦးနှောက်မရှိသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ပေသည်။

ဓားတဲအိမ်ထဲတွင် မဟာရတနာတစ်ခု ရှိနေရင်တောင် ဤနေရာတွင် အသက်ဆုံးရှုံးသွားပါက လျှို့ဝှက်နယ်မြေ အတွင်းရှိ အခြားသော အမွေအနှစ်များကို ရရန် အခွင့်အရေး အားလုံးကို လက်လွတ်လိုက်ရပေလိမ့်မည်။

“ ကျေးဇူးပြုပြီး “

ဤတစ်ကြိမ်တွင် ရှောင်ချန်းသည် အလျင်စလို မလှုပ်ရှားပေ။ ယင်းအစား သူ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ သူ၏ ဓားစွမ်းရည်က အားလုံးထက်သာလွန်ကြောင်း ယုံကြည်ပေသည်။

မကြာမီ မြင့်မြတ်နယ်မြေ တစ်ခုမှ ကျင့်ကြံသူ တစ်ဦး ရှေ့သို့ ထွက်လာပြီး သူ၏ ဓားဖြင့် ကျောက်တုံးကို ခုတ်ပိုင်းလိုက်ရာ အမှတ်အသား တစ်ခု ပေါ်လာသည်။

“ ခုနစ်ပေရှိတဲ့ ဓားဆန္ဒ “

“ ခုနစ်ပေတည်းလား။ ငါ့ဟာကို ကြည့်ထား “

“ ခုနစ်ပေ နှစ်လက်မ “

…

…

ဓားကျင့်ကြံသူများ အလျှိုလျှို ရှေ့ထွက်လာကြသည်။

သိပ်မကြာမီ ယဲ့လင်းရှောင်၏ အလှည့် ရောက်လာသည်။ သူ၏ဓားဆန္ဒက ကိုးပေခန့် အနက်ရှိသည့်အရာတစ်ခုကို ချန်ခဲ့ကာ နတ်ဘုရားဓားမြင့်မြတ်နယ်မြေမှ ပါရမီရှင်တစ်ဦးနှင့် သရေကျသွားတော့သည်။

အကြည့်များက ရှောင်ချန်းထံသို့ ရောက်လာသည်။

သူက ခပ်ဖွဖွ ပြုံးရင်း ဓားကို မြှောက်ကာ ခုတ်ချလိုက်သည်။

ကလန်

ဓားအလင်းတန်း တစ်ခုက လျှပ်စီးမိုးကြိုးပမာ ရှေ့သို့ စောင့်ထွက်သွားပြီး ဓားစမ်းသပ်ကျောက်တုံး ပေါ်သို့ ကျရောက်သွားသည်။

“ ကိုးပေ ကိုးလက်မ “

လူအုပ်ကြီးက ကျောက်တုံးပေါ်တွင် ကျန်ရစ်နေသော အမှတ်အသားကို မြင်သည်နှင့် သက်ပြင်းချလိုက်သည်။

ဓားကျင့်ကြံသူများမှာ သိသိသာသာ စိတ်ပျက်သွားကြသော်လည်း မည်သူကမျှ ရှောင်ချန်း၏ ရလဒ်ကို မေးခွန်းမထုတ်ရဲကြပေ။

စောနက သူ၏ တိုက်ကွက်တစ်ကွက်ကပင် လူအများကို တုန်လှုပ်သွားစေသည်။

ရှောင်ချန်းက ပြုံးပြီး ပြောလိုက်သည်။ “ ရောင်းရင်းတို့... ကျွန်တော် အရင်ဆုံး သွားနှင့်တော့မယ် “

“ ကျေးဇူးပြုပြီး “

ဖူဟုန် က ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။ ကျန်ရှိနေသော လူငယ်ပါရမီရှင်များမှာ သိသိသာသာ မကျေမနပ်ကြသော်လည်း သူတို့ အားလုံး ပြန်ဖြေလိုက်သည်။

“ ကျေးဇူးပြုပြီး “

လူတိုင်း၏ အကြည့်အောက်တွင် ရှောင်ချန်းသည် ဓားတဲအိမ်ဆီသို့ နဂါးတစ်ကောင်အလား လျှင်စွာ လျှောက်သွားသည်။

ကျွီ...

သူ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ လူတိုင်းက အတွင်းသို့ မျှော်ကြည့်လိုက်ကြသည်။

သို့သော် အတွင်းထဲတွင် သာမန် ခြံဝင်းတစ်ခုသာ ရှိသည်။

ရှောင်ချန်းက ပင်မအခန်းဆီသို့ ဆက်လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

အထဲတွင် သူ၏ မျက်စိကို ပထမဆုံး ဖမ်းစားလိုက်သည့်အရာမှာ ပန်းချီကား တစ်ချပ် ဖြစ်သည်။

သူ ၎င်းကို အလိုလို စူးစိုက်ကြည့်လိုက်သည်။

ထိုပန်းချီကားသည် အဘိုးအို တစ်ဦးက ဓားရှည်တစ်လက်ကို ပေါ့ပေါ့ပါးပါး လွှဲယမ်းနေပုံကို ရေးဆွဲထားသည်။

သူ အကြောင်းအရင်းကို မသိသော်လည်း တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ ပန်းချီကားထဲမှ အဘိုးအိုက အသက်ဝင်လာပြီး ဓားဖြင့်ရှောင်ချန်းထံသို့ လွှဲယမ်းလာသည့်အလားပင်။

ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ကို ရိုက်ခတ်သွားသည်။

ရှောင်ချန်းက သူ၏ ဓားကို အလိုလို လွှဲယမ်းလိုက်မိသည်။

ဘုန်း။

မိုးခြိမ်းကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အခန်းထဲ၌ မီးခိုးငွေ့များ ဖုံးလွှမ်းသွားသည်။ ပန်းချီကားထဲမှ အလင်းတန်းတစ်ခု ထွက်လာပြီး ရှောင်ချန်းကို လွှမ်းခြုံသွားတော့သည်။

အပြင်မှ စောင့်နေကြ‌သော ကျင့်ကြံသူများသည် ဆူညံသံကို ကြားလိုက်ရ၍ ဓားတဲအိမ်ကို သူတို့၏ နတ်ဘုရားအာရုံဖြင့် စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် သူတို့၏ အာရုံက တံခါးဝသို့ ရောက်ရှိသွားချိန်မှာပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ပိတ်ဆို့လိုက်သည်။

တိတ်ဆိတ်သွားသည်။

နတ်ဘုရားဓား မြင့်မြတ်နယ်မြေမှ ပါရမီရှင်က ပြောလိုက်သည်။ “ ရောင်းရင်းယဲ့... ကျုပ်တို့ အလှည့် ရောက်ပြီ “

“ အရင် ကြွပါ ရောင်းရင်းရှဲ့ “ ယဲ့လင်းရှောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

သူနှင့် ရှဲ့ပီဝမ်တို့ ဓားတဲအိမ် ထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။ သူတို့ ခြံဝင်းထဲသို့ ဝင်သွားသောအခါ ရှောင်ချန်းကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။

သူတို့နှစ်ဦး မျက်မှောင်ကြုတ်သွားကြပြီး ပင်မအခန်းဆီသို့ ဆက်သွားလိုက်ကြသည်။

ထိုအချိန်တွင် ရှောင်ချန်းက သူ၏ ခန္ဓာကိုယ်သည် အဆုံးမဲ့အမှောင်ထုထဲသို့ လျင်မြန်စွာ ပြုတ်ကျနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုနောက် သူ မှောင်မိုက်နေသော လိုဏ်ဂူအတွင်းသို့ ပြုတ်ကျသွားသည်။

သူ၏ နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကြက်လိုက်၏။ ပြိုကျခါနီးသည့် ခန်းမကြီးကို တွေ့လိုက်ရပါ၏။

ခန်းမ၏ အဝင်ဝတွင် ဓားအမှတ်အသားတစ်ခု ရှိနေသည်။

ရှောင်ချန်းသည် တုံ့ဆိုင်းမနေဘဲ ယိုယွင်းနေသော ခန်းမဆီသို့ ဦးတည်သွားလိုက်သည်။ အမှောင်ထုကို ဖြတ်သန်းသွားပြီးနောက် သူ စင်မြင့်တစ်ခုကို တွေ့လိုက်ရသည်။ ထိုနောက် ထိုစင်မြင့်ပေါ်တွင် သူ ရုပ်တုတစ်ခုကို တွေ့လိုက်ရ၏။

ထိုရုပ်တုသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးဖြစ်သည်။

၎င်းက အတော်လေး သာမန်ဟု ထင်ရသော်လည်း ရှေ့တွင် ရပ်နေရုံမျှဖြင့် ရှောင်ချန်း ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူ ထိုအချိန်တွင် ကြောက်ရွံ့မှုကိုပါ ခံစားလိုက်ရ၏။

၎င်းထံမှ ဖြာထွက်နေသော အရှိန်အဝါက လူကို အလိုလို ရိုသေလာစေပြီး ဒူးထောက်ကာ အညံ့ခံချင်စိတ်ပင် ဖြစ်ပေါ်လာရသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ရှောင်ချန်း ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။

ဟူး။

သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ကျောင်းအုပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင်ပင် ဤကဲ့သို့ ဖိအားမျိုးကို မခံစားရဖူးချေ။

‘ မဖြစ်ဘူး။ သာမန် ရုပ်တုတစ်ခုရှေ့မှာ ငါ လုံးဝ ဒူးမထောက်နိုင်ဘူး ‘

ထိုအတွေးနှင့်အတူ ရှောင်ချန်းသည် သူ၏ အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး ရုပ်တုထံမှ ဖြာထွက်နေသော ဖိနှိပ်လိုသည့် ဆန္ဒကို ပြန်လည် တွန်းလှန်လိုက်သည်။

စွမ်းအား နှစ်ခုက လေထဲတွင် ရိုက်ခတ်သွားသည်။ အနိုင်ရရှိသူတော့ ပေါ်မလာချေ။

ခရက်။

ရုပ်တုထံမှ အက်ကွဲသံတစ်ခု ထွက်လာသည်။ ရှောင်ချန်းက အသံလာရာသို့ ကြည့်လိုက်ရာ ရုပ်တု၏ ဓားထံမှ ကျောက်တုံးအပိုင်းအစများ ပြုတ်ကျလာသည်။ ထိုအခါ အောက်ဘက်မှ ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။

“ ဘယ်သူက ငါ အိပ်နေတာကို အနှောက်အယှက်ပေးတာလဲ “

ရင့်ကျက်တည်ငြိမ်မှုကို ပေးစွမ်းသော ဩဇာ ညောင်းသည့် အသံတစ်သံ ထွက်လာ၏။

ခဏအကြာတွင် ရုပ်တု၏ အထက်၌ ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုပုံရိပ်က ပြောလိုက်သည်။ “ လူငယ်လေး... ငါ့ကို မြင်တာတောင် ဘာလို့ ဒူးမထောက်တာလဲ “

ဝိညာဉ်ပုံရိပ်ကို စိုက်ကြည့်ရင်း ရှောင်ချန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ‘ ဆရာ ပြောတာ မှန်တယ်။ ငါ တကယ်ပဲ ရှေးခေတ်က လူအိုကြီးနဲ့ လာတွေ့နေတာပဲ။ သူ့ဆီမှာ ဘယ်လို အံ့ဩစရာတွေ ရှိနေမလဲ မသိဘူး ‘

ပုံရိပ်က လူငယ်လေး တိတ်ဆိတ်နေသည်ကို မြင်သောအခါ တင်းမာစွာ ထပ်ပြောလိုက်သည်။ “ ငါပြောတာကို မကြားဘူးလား “

ရှောင်ချန်းက လက်သီးဆုပ်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။ “ ဝတ်ရုံနက် က စီနီယာ့ကို ဂါရဝပြုပါတယ် “

“ … “

ပုံရိပ်က တွေးလိုက်သည်။’ မင်းက ငါ့ကို လာနောက်နေတာလား။ ဘယ်သူကများ ကိုယ့်နာမည်ကို ဝတ်ရုံနက် လို့ ပေးမှာလဲ။ တကယ်လို့ မင်း တစ်ခုခု လုပ်ကြံပြောမယ် ဆိုရင်တောင် အနည်းဆုံးတော့ ယုံလောက်တဲ့ အရာမျိုး ဖြစ်အောင် ကြိုးစားပါဦးလား ‘

“ ဘာလို့ ငါ့ကို လိမ်ရတာလဲ လူငယ်လေး “

ရှောင်ချန်း ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ စီနီယာ... ကျွန်တော် ဘယ်တုန်းက လိမ်လို့လဲ။ လူတိုင်းက ကျွန်တော့်ကို ဝတ်ရုံနက် လို့ပဲ ခေါ်ကြတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်လို သေမှာမကြောက်တဲ့သူက နာမည်တစ်ခုကို အလေးမထားပါဘူး “

“ … “

“…”

ဝိညာဉ်ပုံရိပ်မှာ ပြောစရာ စကားမဲ့သွားသည်။

‘ ရွှမ်ထျန်းတိုက်ကြီးရဲ့ မျိုးဆက်သစ်တွေက တကယ်ကို ဆိုးရွားလာနေပြီပဲ။ အသေခံစစ်သည်တွေတောင် အခု ဒီနေရာကို ဝင်လာနိုင်ပြီလား ‘ သူ တွေးလိုက်သည်။

သူ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ “ မင်းတို့ ကလေးတွေက ငါ မြင်ဖူးသမျှထဲမှာ အဆိုးဆုံး အသုတ်ပဲ “

“ တကယ်လား စီနီယာ “ ရှောင်ချန်းက ရိုးသားစွာ မေးလိုက်သည်။

“ … “

ပုံရိပ်က ထပ်မံ တိတ်ဆိတ်သွားပြီး သိသိသာသာ စိတ်ဆိုးနေပုံရသည်။

နောက်ဆုံးတွင် သူက ပြောလိုက်သည်။ “ ကောင်းပြီ၊ ကောင်းပြီ။ မင်း ဒီနေရာကို ရောက်လာပြီး ငါ့ကို နိုးထစေမှတော့ ငါတို့ကြားမှာ ရေစက် ရှိတယ်ဆိုတဲ့ သဘောပဲ။ ငါ့ရဲ့ စမ်းသပ်မှုကို ခံယူဖို့ အခွင့်အရေး တစ်ခု ပေးမယ် “

“ တကယ်လို့ မင်း အောင်မြင်ရင် ငါ့ရဲ့ အမွေအနှစ်တွေကို ဆက်ခံရလိမ့်မယ်။ အဆင်သင့် ဖြစ်ပြီလား “

၎င်းကို ကြားသောအခါ ရှောင်ချန်း မေးလိုက်သည်။ “ စီနီယာ... အမွေအနှစ်ကို ကျော်သွားလို့ ရမလား။ ကျွန်တော်က အဲဒီအစား တခြားတစ်ခုခုနဲ့ လဲလှယ်ချင်လို့ပါ “

ပုံရိပ်သည် ဒေါသကြောင့် သွေးအန်မိလုနီးပါး ဖြစ်သွားသည်။ “ ကောင်စုတ်လေး... ငါက ဘယ်လို ဖြစ်တည်မှုမျိုးလဲ ဆိုတာကို သိလား။ မင်း အခွင့်အရေးကို လွှင့်ပစ်နေတာပဲ “

ရှောင်ချန်း တည်ငြိမ်စွာ ခေါင်းယမ်းလိုက်သည်။ “ မသိပါဘူး “

ထို စကားတစ်ခွန်းက ပုံရိပ်၏ တည်ငြိမ်မှုကို ချက်ချင်း ရိုက်ချိုးပစ်လိုက်သည်။

“ မင်း... မင်း... ငါ မင်းကို သတ်မိတော့မယ် “

All Chapters