အရူး၊ မင်းက တကယ့် အရူးပဲ
Vol. 14 Ch. 136
ဘုန်း...
လက်သီးချက်က လေထုကို ဖြတ်သန်းကာ မြည်ဟည်းသွားသည်။
ထိုလက်သီးပေါ်တွင် မတူညီသော လက်သီးသိုင်းကျမ်းများ၏ ပုံရိပ်ပေါင်းများပေါ်လာပြီး ရှေ့ရှိ ကြေးဝါလူသားအစီအရင်ထံသို့ မုန်တိုင်းတစ်ခုအလား ဝင်တိုက်သွားသည်။
ဘုန်း...
မိုးခြိမ်းသံအလား ပေါက်ကွဲသံကြီးနှင့်အတူ ကြေးဝါလူသားဆယ့်ရှစ်ယောက်အစီအရင်သည် ကွဲအက်သွားသည်။ ကြေးဝါလူသား ဆယ့်ရှစ်ယောက်လုံး လွင့်ထွက်သွားကြပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားကြသည်။
ချောင်ရို့ချန် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ “ တော်တော် နေလို့ကောင်းသွားတာပဲ။ ဒီလို ကျေနပ်စရာကောင်းတဲ့ တိုက်ပွဲမျိုး မတိုက်ရတာ ကြာပြီ “
သူ လက်သီးကို ပြန်မရုပ်သိမ်းသေးဘဲ ကြမ်းပြင်ပေါ်တွင် လဲကျနေသော ကြေးဝါလူသား ဆယ့်ရှစ်ယောက်ကို ကြည့်လိုက်သည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေပြီး အနည်းငယ် ထိလိုက်ရုံဖြင့် တစ်စစီ ကွဲကြေသွားတော့မည့်ပုံပင်။
ထိုအခိုက်တွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ အဋ္ဌမမြောက် အထပ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ နဝမမြောက် အထပ် စမ်းသပ်မှုကို ဆက်သွားဖို့ ဆန္ဒရှိပါလား “
“ ရှိတယ် “
ချောင်ရို့ချန်ပြောပြီးသည်နှင့် အလင်းတန်းတစ်ခု ကျဆင်းလာသည်။ အလင်းရောင်များ မှေးမှိန်သွားသောအခါ နဝမမြောက် အထပ်သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ဤတစ်ကြိမ်တွင် ကြေးဝါလူများသား မရှိတော့ဘဲ အခန်းလွတ်တစ်ခန်းသာ ရှိသည်။
သူ ဇဝေဇဝါဖြင့် ခေါင်းကုတ်လိုက်သည်။ ၎င်းက သူထင်ထားသည့်အတိုင်း မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် စမ်းသပ်မျှော်စင်၏ အပြင်ဘက်တွင် နဝမမြောက်အထပ် လင်းလာသည်ကို မြင်သောအခါ လူတိုင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
“ စမ်းသပ်မျှော်စင်ရဲ့ နဝမအထပ်ကို ရောက်သွားတာ ဘယ်သူလဲ။ သွေးနတ်ဘုရားဂိုဏ်း က ပါရမီရှင်လား။ ဒါမှမဟုတ် အဲဒီ ဝတ်ရုံနက်နဲ့ လူလား “
“ ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူက မြင့်မြတ်နယ်မြေ ဆယ်ခုထဲက ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်ရမယ် “
“ … “
စမ်းသပ်မျှော်စင်၏ နဝမမြောက် အထပ်၌ တိတ်ဆိတ်နေသောကြောင့် ချောင်ရို့ချန် တင်ပျဉ်ခွေ ထိုင်ရန် ပြင်လိုက်စဉ် ရုတ်တရက် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူ စောင့်ကြည့် ခံနေရ၏။
ထိုအခိုက် နံရံထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူနှင့် တစ်ပုံစံတည်း တူညီသော အရှိန်အဝါရှိသည့် အနက်ရောင် ဝတ်ရုံနှင့်သူကို ကြည့်ရင်း ချောင်ရို့ချန်၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်သွားသည်။
“ ဘယ်သူလဲ “
“ မင်းက သိချင်တယ်ပေါ့ “
အနက်ရောင်ဝတ်ရုံက ချောင်ရို့ချန်၏အသံဖြင့် ပြောလိုက်သည်။ ချောင်ရို့ချန်သည် ထူးဆန်းသော အရာများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း ဤအရာက သူကို ကြက်သီးထသွားစေ၏။ သူ လက်သီး ဆုပ်လိုက်မိသည်။
“ မင်း ကြောက်နေတာပဲ “
အနက်ရောင်ဝတ်ရုံက စကားလုံးများဖြင့် ချောင်ရို့ချန်၏ စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရန် ကြိုးစားနေသည့်အလား တစ်လှမ်းချင်း ရှေ့သို့ တိုးလာသည်။
“ ဟမ့်... ငါ့တစ်သက်မှာ ဘယ်ပြိုင်ဘက်ကိုမှ မကြောက်ဘူး “
ချောင်ရို့ချန်က တိုက်ခိုက်မည့် ဟန်သို့ လျင်မြန်စွာ ပြင်ဆင်လိုက်သည်။ ထိုအနက်ရောင်ဝတ်ရုံအောက်တွင် မည်သည့်အရာ ရှိနေပါစေ သူ၏ လက်သီးနှင့် မိတ်ဆက်ပေးရန် ပြင်လိုက်သည်။
“ ဟုတ်လို့လား။ ဒါဆို မင်းရဲ့လည်း အကြောက်တရားကို အမြင့်ဆုံးအထိ တွန်းပို့ပေးတာပေါ့ “
ထိုသို့ပြောရင်း အနက်ရောင် ဝတ်ရုံက သူ၏ ဝတ်ရုံကို ချွတ်လိုက်ပြီး မျက်နှာဖုံးကို ခွာချလိုက်ရာ ချောင်ရို့ချန်နှင့် တစ်ပုံစံတည်း တူညီသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
ထိုအကြည့်၊ အရှိန်အဝါ၊ အသေးစိတ်သော အမူအရာလေးများကအစ ပုံစံခွက် တစ်ခုတည်းကနေ ထုတ်လုပ်ထားသည့်အလားပင်။ အကယ်၍ ချောင်ရို့ချန်သာ သူသည် တစ်ဦးတည်းသော သားဖြစ်ကြောင်း မသိထားလျှင် ၎င်းက ပျောက်ဆုံးနေသော အမြွှာညီအစ်ကိုဟုပင် ထင်မိလိမ့်မည်။
သူ မတုန်လှုပ်သွားဘူးဟု ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။ သို့သော် သူ၏ သံမဏိ လက်သီးကို ပို၍ ယုံကြည်သည်။
သူ လေးနက်စွာ ပြောလိုက်သည်။ “ ခွေးကောင်... ငါ့ပုံစံကို ဟန်ဆောင်ရဲတာလား။ ငါ မင်းကို ပြောမယ်။ မင်းက ငါ့မျက်နှာကို ကူးလို့ရရင် ကူးလို့ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ လက်သီးတွေကိုတော့ ကူးလို့ မရဘူး “
ထိုသို့ပြောပြီးနောက် ချောင်ရို့ချန်က ရှေ့သို့ ပြေးဝင်သွားပြီး အတုအယောင်ထံသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။
အတုအယောင်ကလည်း တူညီသော နည်းစနစ်ဖြင့် ပြန်လည် တိုက်ခိုက်လာသည်။
ခရက်...
သူတို့၏ လက်သီးများ ရိုက်ခတ်သွားသောအခါ အက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။ ချောင်ရို့ချန်သည် သူ၏ လက်မောင်းတွင် ထုံကျင်မှုကို ခံစားလိုက်ရသည်။ ပြိုင်ဘက်၏ ခွန်အားက သူ၏ ခွန်အားထက်ပင် ပို၍ ကြီးမားသည်။
အတုအယောင်က ရယ်မောလိုက်ပြီး ပြောသည်။ “ အခုရော မင်းရဲ့ လက်သီးကို ငါ မသုံးနိုင်ဘူးလို့ ထင်နေတုန်းပဲလား “
“ ငါ မယုံဘူး။ ငါလုပ်သမျှ အရာအားလုံးကို မင်း သိနိုင်စရာ အကြောင်းမရှိဘူး “
ချောင်ရို့ချန်က သူ၏ လက်သီးနည်းစနစ်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးသော်လည်း တိုက်ခိုက်လေလေ ပိုမို၍ အံ့အားသင့်လာရလေပင်။ သူ့ရှေ့က အတုအယောင်က တိုက်ခိုက်မှုတိုင်းကို တူညီသော နည်းစနစ်ဖြင့် ပြန်လည် ချေပနေသည်။
ထို့အပြင် အတုအယောင်က ထိုးလိုက်သော လက်သီးတိုင်းသည် သူ၏ လက်သီးထက် ပိုမို ပြင်းထန်သည်။ အကယ်၍ ချောင်ရို့ချန်သာ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထထားသည့် ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦး မဟုတ်လျှင် ရှုံးနိမ့်သွားခဲ့သည်မှာ ကြာလောက်ပြီ ဖြစ်သည်။
ဘုန်း...
အပြန်အလှန် တိုက်ကွက် ဖလှယ်အပြီးတွင် ချောင်ရို့ချန် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ပြိုင်ဘက်ကို အေးစက်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။ “ မင်းက ဘယ်သူလဲ “
အတုအယောင်က ပြုံးပြီး ပြန်ဖြေသည်။ “ ငါက မင်းပဲလေ။ ပြောရရင် မင်းရဲ့ ပုံရိပ်ယောင်ပဲ။ မင်းရဲ့ ခွန်အားနဲ့ နည်းစနစ်တွေအပေါ် အခြေခံပြီး စမ်းသပ်မျှော်စင်က ဖန်တီးထားတဲ့ ပုံစံတူတစ်ခု။ ပြီးတော့ ငါက မင်းထက် နှစ်ဆ ပိုသန်မာတယ် “
ချောင်ရို့ချန် ရုတ်တရက် နားလည်သွား၏။ “ ဒါဆို နဝမမြောက် အထပ်ရဲ့ စမ်းသပ်မှုက... ကိုယ့်ကိုယ်ကိုယ် ကျော်လွှားဖို့ပေါ့ “
“ ဟုတ်တယ်။ ကံမကောင်းတာက မင်းမှာ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ ခွန်အား မရှိဘူး။ အခု သိသွားပြီဆိုတော့ စမ်းသပ်မှုက အဆုံးသတ်သင့်ပြီ “
ပုံရိပ်ယောင်က စကားပြောနေစဉ် သူ၏ အရှိန်အဝါက ဆက်လက် မြင့်တက်လာပြီး စစ်မှန်ကံကြမ္မာအဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်လှမ်းသွားသည်။
သို့သော် ချောင်ရို့ချန်က လှောင်ပြုံး ပြုံးလိုက်သည်။
“ အတုက အတုပါပဲ။ ငါ့ရဲ့ အစွမ်းအထက်ဆုံး အရာက ဘာလဲဆိုတာကို မင်း မသိဘူးထင်တယ် “
သူ ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ မီးတောင်ပေါက်ကွဲသည့်ပမာ ကြမ်းတမ်းသော ဖိအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်တွင် သူ နတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။ ပြင်းထန်သည့် ဖိအားတစ်ခုက မျှော်စင်၏ နဝမထပ် တစ်ထပ်လုံးကို လွှမ်းခြုံသွားသည်။
“ နတ်ဘုရား ခန္ဓာကိုယ် “
ပုံရိပ်ယောင်၏ မျက်လုံးထဲတွင် ရှားပါးသော အံ့အားသင့်မှု အရိပ်အယောင် တစ်ခု ပေါ်လာသည်။
“ ဟုတ်တယ်။ ပြင်းထန်တာအိုနတ်ဘုရားလက်သီး “
ချောင်ရို့ချန်က ထိုးချလိုက်သည်။ ဤလက်သီးတွင် ပြင်းထန်တာအိုနတ်ဘုရားလက်သီး၏ ဆန္ဒသာမက သူ ဤအချိန်အတွင်း ကျင့်ကြံခဲ့သော လက်သီးနည်းစနစ်များ၏ အနှစ်သာရများလည်း ပါဝင်နေသည်။
ထိုဆန္ဒများသည် ပြင်းထန်တာအိုနတ်ဘုရားလက်သီး အတွင်းသို့ ပေါင်းစပ်သွားခြင်း မဟုတ်ပေ။ ယင်းအစား ၎င်းတို့က လက်သီးစွမ်းအင်အပေါ်တွင် အားဖြည့်ပေးခြင်းပေ။
ပုံရိပ်ယောင်က လက်သီးထဲတွင် ပါဝင်သည့်လက်သီးဆန္ဒများကို အာရုံခံမိလိုက်သဖြင့် ပြန်လည် တိုက်ခိုက်ရင်း အသံထွက် ကျိန်ဆဲလိုက်သည်။ “ ရူးနေတာပဲ... မင်းက တကယ့် ရူးသွားပြီ “
‘ ဘယ်သူကများ ဒီလောက်များတဲ့ လက်သီးဆန္ဒတွေကို နားလည်သဘောပေါက်နိုင်မှာလဲ။ မင်းရဲ့ ခန္ဓာကိုယ်လေးက အဲဒါကို တကယ်ပဲ ခံနိုင်ရည် ရှိလို့လား ‘
ဘုန်း... ဘုန်း... ဘုန်း...
လက်သီးစွမ်းအင်နှစ်ခုက လေထဲတွင် ရိုက်ခတ်သွားပြီး သေးငယ်သော မှိုပွင့်ပုံ တိမ်တိုက်တစ်ခု ပေါက်ကွဲထွက်လာသည်။ တုန်ခါမှု လှိုင်းလုံးကြီးက ချောင်ရို့ချန်နှင့် ပုံရိပ်ယောင် နှစ်ဦးစလုံးကို လွှမ်းခြုံသွားသည်။
အချိန်ကြာပြီးနောက် ချောင်ရို့ချန် ကျန်ရစ်နေသော စွမ်းအင်များကို လက်ဝှေ့ယမ်းကာ ဖယ်ရှားလိုက်သည်။ ထို့နောက် လွတ်နေသော နဝမမြောက် အထပ်ကို ကြည့်လိုက်ရင်း သူ၏ နှုတ်ခမ်းထောင့်များ ကျေနပ်စွာ ကွေးတက်သွားသည်။
“ နဝမအထပ်က ထင်သလောက်လည်း မထူးခြားပါဘူး “
“ စမ်းသပ်မျှော်စင်ရဲ့ နဝမအထပ်စမ်းသပ်မှုကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ သင်က အခု မျှော်စင်ထဲမှာ ရက်ပေါင်း ရှစ်ဆယ့်တစ်ရက် တိုင်တိုင် တာအို ကို နားလည်သဘောပေါက်နိုင်ပါပြီ “
အသံ ဆုံးသွားသည်နှင့် ချောင်ရို့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းတစ်ခု ကျဆင်းလာသည်။
အကြောင်းရင်း တစ်ခုခုကြောင့် သူ၏ စိတ်ထဲတွင် နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
အလင်းရောင်ထဲတွင် ဉာဏ်အလင်းပွင်းသွားလို ခံစားလိုက်ရပြီး လက်သီးသိုင်းကျမ်းတစ်ရာထဲမှ ကျန်ရှိနေသော သိုင်းကျမ်းများကို သူ စတင် ကျင့်ကြံတော့သည်။
ထိုအခိုက် မျှော်စင်ဝိညာဉ်က သူကို အာရုံစိုက်နေသည်။
မျှော်စင်ဝိညာဉ်သည် ဤနှစ်များ တစ်လျှောက် ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနိုင်သူကို တစ်ခါမျှ မတွေ့ဖူးပေ။
သို့သော် ဤပါရမီရှင်ကတော့...
‘ နေပါဦး သူ အမှိုက် နည်းစနစ် တစ်ခုကို ကျင့်ကြံနေတာလား။ ဒီကောင်လေးရဲ့ ခေါင်းထဲမှာ ဘာတွေများ ဖြစ်နေတာလဲ။
အခြားသူများက နက်နဲသည့် နည်းစနစ်များကို နားလည်ဆင်ခြင်ရန် မျှော်စင်သို့ လာကြသော်လည်း ဤကောင်လေးက အဆင့်နိမ့်နည်းစနစ်များကို အလေးအနက်ထားပြီး လေ့ကျင့်နေသည်လား။
တစ်ယောက်ယောက်က သူ့ကို ကြည့်နေသည်အား ချောင်ရို့ချန် သတိမထားမိခဲ့ပေ။ သူက ကျင့်ကြံခြင်းထဲတွင် လုံးဝ နစ်မြောနေခဲ့သည်။
ဤအလင်းရောင် အတွင်းတွင် သူ၏ နားလည်နိုင်စွမ်းက သိသိသာသာ မြင့်တက်လာကြောင်း တွေ့လိုက်သည်။ မူလက နည်းစနစ် တစ်ခုကို အပြည့်အဝ ကျွမ်းကျင်ရန် ရက်အတော်ကြာ အချိန်ယူရမည် ဖြစ်သော်လည်း ယခုအခါ နာရီအနည်းငယ် အတွင်းမှာပင် သူ နားလည်နေပြီ ဖြစ်သည်။
‘ စမ်းသပ်မျှော်စင်က တကယ့်ကို ရတနာပဲ။ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ ခွန်အားကို နောက်တစ်ဆင့်ဆီ သေချာပေါက် တက်လှမ်းနိုင်အောင် လုပ်ရမယ် ‘