← Chapters

ရှင်တို့လို လူမျိုးတွေကို ကိုင်တွယ်ဖို့ ကျွန်မ တစ်ယောက်တည်းနဲ့ လုံလောက်တယ်

Vol. 14 Ch. 137

ရှင်တို့လို လူမျိုးတွေကို ကိုင်တွယ်ဖို့ ကျွန်မ တစ်ယောက်တည်းနဲ့ လုံလောက်တယ်

Vol. 14 Ch. 137

ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွင်း၌။

သာယာလှပသည့် တိတ်ဆိတ်ငြိမ်သက်နေသော တောင်ကြားလေးထဲတွင် ဇီသာသံ ညင်သာစွာ ထွက်ပေါ်နေသည်။

ထိုတောင်ကြားလေးသည် ပန်းများ ပွင့်လန်းနေပြီး၊စမ်းချောင်းသွယ်လေး စီးဆင်းနေ၏။

တောင်ကြား၏ဗဟို ရေလယ်စင်မြင့်ထက်တွင် မျက်နှာဖုံး တပ်ဆင်ထားသော ဝတ်ရုံဖြူနှင့် အမျိုးသမီးတစ်ဦး ဇီသာ ထိုင်ကာ တီးခတ်နေသည်။

ရေကန်ဘေးတွင် သစ်သား ဆိုင်းဘုတ်တစ်ခု ရှိနေပြီး ၎င်းပေါ်တွင် ရေးသားထားသည်။ “ ရေကန်ထဲ ခြေချသူတိုင်း သေရမယ် “

၎င်း၏ဘေးတွင် ကျောက်စာတိုင် တစ်ခု ရှိပြီး အပေါ်တွင် ထိုက်ယင် ရေကန် ဟူသော စာလုံးကြီး သုံးလုံး ထွင်းထုထားသည်။

ရေကန်၏ မျက်နှာပြင်က အေးခဲမနေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကိုတော့ ထုတ်လွှတ်နေသည်။ သို့သော် ရေကန်ဘေးရှိ ပန်းများနှင့် အပင်များမှာ မထိခိုက်ပေ။ ယင်းအစား ၎င်းတို့က အာဟာရဝဝလင်လင်ရထားကြသည့်ဟန်ပင်။

မမြင်ရသော စွမ်းအားတစ်ခုက ဤတောင်ကြား အတွင်းတွင် ဟန်ချက်ညီမှု တစ်ခုကို ဖန်တီးပေးထားသည့်အလား ဤနေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များကို အခြားနေရာများထက် အဆပေါင်းများစွာ ပိုမို သိပ်သည်းနေစေသည်။

ထို့အပြင် စိတ်ဝိညာဉ်စွမ်းအင်များ အများဆုံး စုစည်းနေသော နေရာမှာ ရေကန်၏ ဗဟိုရှိ စင်မြင့်ပင် ဖြစ်သည်။

ရှပ်...ရှပ်...ရှပ်

ရုတ်တရက် အလောတကြီး ခြေသံများ ထွက်ပေါ်လာပြီး တောင်ကြား၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ကျင့်ကြံသူတစ်စုသည် တောင်ကြားအတွင်းသို့ ရောက်ရှိလာကြသည်။ ဦးဆောင်လာသော ကျင့်ကြံသူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပြောသည်။ “ ဒါက မြေပုံပေါ်မှာ မှတ်သားထားတဲ့ ထိုက်ယင် တောင်ကြား ဖြစ်ရမယ်။ ကောလာဟလတွေအရ တောင်ကြားထဲမှာ ထိုက်ယင်ဥပဒေသတွေရှိနေလို့ ဒီနေရာရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက တခြားနေရာတွေထက် ပိုကြွယ်ဝတယ်တဲ့ “

သူ၏ဘေးရှိ တပည့်ဖြစ်သူက ပြောလိုက်သည်။ “ စီနီယာအစ်ကို... ဒါဆို ဒီတောင်ကြားထဲမှာ ထိုက်ယင် ကျောက်တုံးတွေ သေချာပေါက် ရှိရမယ်။ ကျွန်‌တော်တို့သာ တစ်တုံးလောက် ပြန်ယူသွားနိုင်ရင် အကျိုးပြုမှတ်ရမှာပဲ “

“ ဟုတ်တယ်။ အားလုံးပဲ... ငါနဲ့အတူ သေချာ လိုက်ရှာကြ။ ဒါပေမဲ့ တစ်ခုတော့ သေချာလေးမှတ်ထား။ တောင်ကြားထဲက ဘာကိုမှ မနှောင့်ယှက်နဲ့။ ထိုက်ရွှီ ဂိုဏ်းက ဒီမှာရှိတဲ့ ထိုက်ယင်ဥပဒေသတွေကို စည်းနှောင်ထားဖို့ အစွမ်းထက်တဲ့ အစီအရင် တစ်ခု ချထားခဲ့လောက်တယ် “ စီနီယာအစ်ကိုက သတိပေးလိုက်သည်။

“ စီနီယာအစ်ကို... ကျွန်မတို့ရဲ့ ချန်းကျီ ဂိုဏ်းက အစီအရင်တွေနဲ့ ပတ်သက်ပြီး အကျော်ကြားဆုံး မဟုတ်ဘူးလား။ ဘာကို စိတ်ပူနေတာလဲ “ တက်ကြွပြီး ဆွဲဆောင်မှုရှိသော မိန်းကလေး တစ်ဦးက နောက်ပြောင်ကာ ဝင်ပြောလိုက်သည်။

“ ဂျူနီယာညီမလေးလန်... သတိမလွတ်နဲ့။ အစ်ကိုတို့ ချန်းကျီ ဂိုဏ်းက သူတော်စင်တစ်ပိုင်းဂိုဏ်းတစ်ခု သက်သက်ပဲ။ ထိုက်ရွှီဂိုဏ်းက မြင့်မြတ်နယ်မြေတွေထက်တောင် ပိုအစွမ်းထက်တယ်။ သူတို့နဲ့ ယှဉ်ရင် တို့တွေရဲ့ အမွေအနှစ်က ပြောစရာတောင် မလိုအောင် အဆင့်နိမ့်လွန်းတယ် “ စီနီယာအစ်ကိုဆိုသူသည် လေးနက်စွာ သတိပေးလိုက်သည်။

လူတိုင်း ဆက်လက် ဆွေးနွေးနေကြစဉ် အုပ်စုထဲမှ တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။ “ စီနီယာအစ်ကို... ဇီသာ တီးနေတာ ဘယ်သူလဲ ဆိုတာကို သွားမစစ်သင့်ဘူးလား “

“ ဟောက်... မင်းက ဘာလို့ အဲဒီလောက် စပ်စုနေရတာလဲ။ သွားချင်ရင် မင်းဘာသာ သွား “ စီနီယာအစ်ကိုက ပြန်ဖြေလိုက်သည်။ မူလက သူတို့ကို ဤနေရာသို့ လာခဲ့သည်မှာ ဇီသာသံ၏ ဆွဲဆောင်မှုကြောင့် ဖြစ်ကြောင်းကို လုံးဝ မေ့သွားသည်။

“ အို “

ဂျူနီယာညီလေးဟောက်က အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်သည်။

အဖွဲ့သည် တောင်ကြားတစ်လျှောက် စတင် ရှာဖွေကြသော်လည်း သူတို့၏ ခြေလှမ်းများက ဇီသာသံ ထွက်ပေါ်လာရာဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားကြသည်။

တစ်နာရီ ကြာပြီးနောက် သူတို့သည် ထိုက်ယင် ရေကန်၏ အစွန်းသို့ ရောက်ရှိသွားကြသည်။

ဂျူနီယာညီမလေးလန် က ရုတ်တရက် အော်ဟစ်လိုက်သည်။ “ စီနီယာအစ်ကို... ရေကန်ရဲ့ အလယ်ကို ကြည့်လိုက်ဦး “

လူတိုင်းက စင်မြင့်သို့ ကြည့်လိုက်ကြသည်။ ၎င်း၏အထက်တွင် ကြီးမားသော စိတ်ဝိညာဉ် စွမ်းအား ရေဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး တောင်ကြား၏ စိတ်ဝိညာဉ် စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသည်။

ရေကန်၏ အလယ်တွင် မျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသမီးက သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သတိမထားမိသည့်အလား ဇီသာ တီးခတ်နေသည်။

“ စီနီယာအစ်ကို... သူက ကျင့်ကြံနေတာလား “ ဂျူနီယာညီလေးဟောက်မှာ သူ၏ မျက်စိရှေ့က မြင်ကွင်းကြောင့် မှင်တက်သွားသည်။

သူက အဖြစ်အပျက်များစွာ မြင်တွေ့ဖူးသော်လည်း ဤမြင်ကွင်းကြောင့် ကြောက်ရွံ့အံ့ဩသွားဆဲပင်။

“ စီနီယာအစ်ကို... ကြည့်ကြည့်။ ဟိုမှာ ဆိုင်းဘုတ် တစ်ခု ရှိတယ် “

မျက်စိလျင်သော ချန်းကျီ ဂိုဏ်းမှ တပည့်တစ်ဦးက ရှေ့သို့ လက်ညှိုးထိုးပြလိုက်သည်။

လူတိုင်းက သူ ညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဆိုင်းဘုတ်ပေါ်ရှိ စကားလုံးများကို ဖတ်ပြီးသောအခါ သူတို့အားလုံး အလန့်တကြားဖြစ်သွားကြ၏။

ယခင်က မနာခံတတ်သော ဂျူနီယာညီမလေးလန် ပင်လျှင် နောက်ထပ် အသံမထွက်ရဲတော့ပေ။ သူမက မာနကြီးသော်လည်း ဦးနှောက်မရှိသူတော့ မဟုတ်ချေ။

ဂျူနီယာညီလေးဟောက်က အသံကို နှိမ့်လိုက်သည်။ “ စီနီယာအစ်ကို... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ “

သူ စကားပြောပြီးသည်နှင့် ကောင်းကင်ယံမှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်လာသည်။

“ ချင်းချင်း။ ဒီတစ်ကြိမ် မင်း ဘယ်ကို ထွက်ပြေးဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ “

လူတိုင်း၏ အာရုံစိုက်မှုက ထိုအသံဆီသို့ ချက်ချင်း ရောက်သွားကြသည်။

သူတို့ မော့ကြည့်လိုက်ရာ တာ့ယန်မြင့်မြတ်နယ်မြေ၏ ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဓားပျံစီးလာကြသော တပည့်တစ်စုကို တွေ့လိုက်ရသည်။ သူတို့၏ အနောက်တွင် သူတော်စင်တစ်ပိုင်းအဆင့်အင်အားစုများမှ တပည့်များလည်း ပါဝင်သည်။

သူတို့၏ အဝတ်အစားများအရ အားလုံးမှာ တာ့ယန်မြင့်မြတ်နယ်မြေ၏ လက်အောက်ခံ အင်အားစုဖြစ်ကြောင်း သိသာလှသည်။ အကြမ်းဖျင်း ရေတွက်ကြည့်လျှင် လူဒါဇင်‌ကျော်ရှိပြီး သူတို့ထဲမှ အချို့မှာ ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

တစ်ချိန်က ငြိမ်းချမ်းခဲ့သော တောင်ကြားလေးမှာ ချက်ချင်း လှုပ်ရှားတက်ကြွလာသည်။

သို့တိုင်အောင် ရေကန်လယ်က စင်မြင့်မှ ချင်းချင်းကတော့ သူမ၏ ဇီသာကို ဆက်လက် တီးခတ်နေ၏။ သူမ၏လေသံက တည်ငြိမ်ပါသည်။ “ ရှင်တို့ လာကြတာပဲ “

တာ့ယန်မြင့်မြတ်နယ်မြေ၏ ခေါင်းဆောင်မှာ ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူက ရေကန်လယ် စင်မြင့်ထက်ရှိ ချင်းချင်းကို အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

“ ငါတို့ ဒီမှာ ရှိနေမှန်း သိနေမှတော့ ဝမ်တောက်ကျောင်းတော်က တပည့်တွေကို လွှဲပေးလိုက် “

ချင်းချင်းက အလျင်မလိုဘဲ ပြန်ဖြေလိုက်သည်။ “ ရှင်တို့လို လူတွေကို ကိုင်တွယ်ဖို့ ကျွန်မရဲ့ စီနီယာတွေ လှုပ်ရှားဖို့ မလိုပါဘူး။ ကျွန်မ တစ်ယောက်တည်းနဲ့ လုံလောက်တယ် “

“ မောက်မာလိုက်တာ “

တာ့ယန်တပည့်များထံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ စီနီယာအစ်ကိုတု... ဒီကောင်မလေးကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ “ တာ့ယန်အဖွဲ့မှ စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။

“ သူ့ကို အထင်မသေးနဲ့။ သူက ဝမ်တောက်ကျောင်းတော်ရဲ့ အတွင်းစည်း ပြိုင်ပွဲမှာ ဒုတိယ ရထားတဲ့သူပဲ။ မင်း တစ်ယောက်တည်း ကိုင်တွယ်လို့ရတဲ့သူ မဟုတ်ဘူး “

စီနီယာအစ်ကိုတုက ချင်းချင်းကို သတ်ပြီး ကုသိုလ်မှတ်အတွက် သူမ၏ ခေါင်းကို ပြန်ယူသွားချင်သော်လည်း မဆင်မခြင် မလှုပ်ရှားပေ။

“ ထိုက်ယင် ရေကန်ကို ဝိုင်းထားလိုက်။ သူ့ကို ထွက်ပြေးခွင့် မပေးနဲ့ “

“ နားလည်ပါပြီ “

မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူများက ရေကန်လယ်က စင်မြင့်ကို တင်းကျပ်စွာ ဝိုင်းရံလိုက်ကြသည်။

တေးဂီတက ဆက်လက် ထွက်ပေါ်နေသည်။

ချင်းချင်းက သူတို့ကို တစ်ချက်လေးမျှတောင် လှည့်မကြည့်ခဲ့ပေ။ သူမသည် ရေကန်လယ် စင်မြင့်ထက်တွင် ထိုင်နေခဲ့သည်မှာ ဆယ်ရက်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။ ထိုအချိန်အတွင်း အင်အားစုအချို့က ပြဿနာလာရှာကြသေး၏။ သို့သော် သူတို့ အားလုံး ယခုအခါ ထိုက်ယင် ရေကန်၏ အောက်ခြေတွင် အနားယူနေကြပြီ ဖြစ်သည်။

“ သတ် “

စီနီယာအစ်ကိုတု၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်ယံရှိ ကျင့်ကြံသူများ အားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ဘေးမှနေ၍ စောင့်ကြည့်နေကြသော ချန်းကျီဂိုဏ်းမှ ကျင့်ကြံသူများမှာ မှင်တက်သွားကြသည်။ စောစောက ချင်းချင်းကို ကြိမ်းမောင်းနေသော အုပ်စုသည် လေထဲတွင် အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြပြီး ပရမ်းပတာ ဖြစ်သွားသည်။

တိုက်ပွဲ အော်ဟစ်သံများက ထိုက်ယင် ရေကန်၏ အထက်တွင် အဆုံးအစမဲ့ ထွက်ပေါ်နေသည်။

ခဏအကြာတွင် ကောင်းကင်ယံ၌ ပုံရိပ် အနည်းငယ်သာ ကျန်ရစ်တော့သည်။

သို့သော် ထိုကျန်ရှိနေသူ အနည်းငယ်မှာလည်း ဒဏ်ရာများ ဖုံးလွှမ်းနေပြီး ဖရိုဖရဲ ဖြစ်နေကြသည်။

စီနီယာအစ်ကိုတု က ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ့ကို တိုက်ခိုက်ရန် လူအချို့ ပျံသန်းလာသည်ကို မြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ။ ကျန်တဲ့လူတွေကော ဘယ်ရောက်သွားကြပြီလဲ “

သူ၏ အော်ဟစ်သံက ကျန်ရှိနေသော လူအနည်းငယ်ကို သတိဝင်သွားစေ၏။ သူတို့က ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီးနောက် သူတို့ကိုယ်သူတို့ ပြန်ကြည့်ကာ မေးလိုက်ကြသည်။ “ စီနီယာအစ်ကိုတု... ကျွန်တော်တို့ အခုလေးတင် ဘာဖြစ်သွားတာလဲ “

တုက ဒေါသတကြီး ပြန်ပြောချင်သော်လည်း ထိုစကားကို ကြားသောအခါ သူကိုယ်တိုင် တစ်ခဏမျှ ပြောစရာစကားပျောက်သွားသည်။

သူ၏ မျက်လုံးများက ရေကန်၏ အလယ်ခေါင် စင်မြင့်ဆီသို့ လှည့်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ အဲဒါ မင်းပဲ။ မင်းက ငါတို့ရဲ့ စိတ်တွေကို ထ်ုယောင်ထင်မှားဖြစ်အောင် ဇီသာကို သုံးခဲ့တာပဲ “

“ ရှင်က ဉာဏ်ရှိသေးသားပဲ။ ကျွန်မ လက်တွေ မညစ်ပတ်ချင်ဘူးလေ... ဒါပေမဲ့ ရှင်တို့က ပထမဆုံး သတိဝင်လာတဲ့သူတွေဆိုတော့ တာ့ယန် မြင့်မြတ်နယ်မြေက လိုက်ရှာနေတဲ့ ရတနာကို ပြပေးလိုက်မယ် “

ချင်းချင်း၏ လေသံက အမြဲတမ်းလိုပင် တည်ငြိမ်နေပြီး သာမန်ရိုးကျကိစ္စတစ်ခုကို ပြောပြနေသည့်အလား။

ကောင်းကင်ယံမှ လူများ တစ်ခဏမျှ အေးခဲသွားပြီးနောက် သူတို့သည် စင်မြင့်ဆီသို့ လှည့်ကြည့်လိုက်ကြ၏။ ထိုနေရာတွင် ချင်းချင်း၏ မျက်လုံးစည်း ညင်သာစွာ ကျွတ်ကျသွားပြီး အရောင်တောက်နေသည့် သူငယ်အိမ်နှစ်ခုပါ မျက်ဝန်းတစ်စုံ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

“ သူငယ်အိမ်နှစ်ခုမျက်ဝန်း “

စီနီယာအစ်ကိုတုက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“ ဘာလို့ ဒီလောက် အံ့ဩနေရတာလဲ။ ဒါက ရှင်တို့ လိုချင်နေတဲ့ အရာပဲ မဟုတ်ဘူးလား “

ချင်းချင်း ပြောနေရင်း သူမ၏မျက်လုံးထဲမှ အလင်းတန်းတစ်ခု ထွက်လာသည်။ ထိုအခိုက်အတန့်တွင် တောင်ကြားထဲ၌ ထူးခြားဖြစ်စဉ်များ ထွက်ပေါ်လာသည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာသည်။

စင်မြင့်ထက်တွင် စိတ်ဝိညာဉ်ရေဝဲဂယက်ကြီးက အဖြူအနက် ထိုက်ချီ ပုံစံကားချပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ ရှင်တို့တွေ သေလို့ရပြီ “

ချင်းချင်း ထိုစကားကို ပြောလိုက်သည်နှင့် ထိုက်ချီ ပုံစံကားချပ်ကြီးက စူးရှတောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီး တာ့ယန်မြင့်မြတ်နယ်မြေမှ အင်အားစုများကို ဖုံးလွှမ်းသွားတော့သည်။

All Chapters