← Chapters

တာ့ယန်မြင့်မြတ်နယ်မြေကနေ ရတနာတွေ လာပို့ပေးမဲ့သူတွေကို ထပ်ပြီး စောင့်နေလိုက်မယ်

Vol. 14 Ch. 138

တာ့ယန်မြင့်မြတ်နယ်မြေကနေ ရတနာတွေ လာပို့ပေးမဲ့သူတွေကို ထပ်ပြီး စောင့်နေလိုက်မယ်

Vol. 14 Ch. 138

“ မလုပ်ပါနဲ့... မလုပ်ပါနဲ့ဗျ “

ကောင်းကင်ယံမှ သွေးရူးသွေးတန်း အော်ဟစ်သံများ ထွက်လာသည်။ ထို့နောက် ရုန်းကန်နေကြသော လူနည်းစုမှာ ချက်ချင်းပင် အသက်ရှူရပ်တန့်ကာ သေဆုံးသွား၏။ လူသေအလောင်းများက ထိုက်ယင်ရေကန်ထဲသို့ ပြုတ်ကျသွားသည်။

ထိုက်ယင်ရေကန်တစ်ဝိုက်တွင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ချန်းကျီဂိုဏ်းမှ တပည့်များသည် စကားထပ် မပြောရဲကြတော့ပေ။ သူတို့က ရေကန်ထက်တွင် ဇီသာ တီးခတ်နေသော အမျိုးသမီးကို ကြောက်ရွံ့လေးစားမှုများဖြင့် စိုက်ကြည့်နေမိသည်။

ထိုစဉ် ကောင်းကင်ယံရှိ ထိုက်ချီပုံစံကားချပ်ကြီးမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွား၏။ သူတို့၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်တော့သည်။

‘ ပြေး ‘

ဤနေရာက သူတို့လို ဂိုဏ်းငယ်လေးမှ လူများ ရှိသင့်သည့် နေရာမျိုး မဟုတ်ပေ။

ထိုက်ယင်ကျောက်တုံးများက မည်မျှပင် တန်ဖိုးကြီးမားနေပါစေ အသက်လောက်တော့ အရေးမကြီးချေ။

“ ချင်း... စီနီယာအစ်မချင်း၊ ကျွန်တော်တို့က ဒီကနေ ဖြတ်သွားရုံ သက်သက်ပါဗျာ။ ဒါပေမဲ့ စီနီယာအစ်မကို နှောင့်ယှက်မိသလို ဖြစ်သွားတယ်။ စီနီယာအစ်မကပဲ သဘောထားကြီးကြီးနဲ့ ကျွန်တော်တို့လို အဆင့်နိမ့်တဲ့သူလေးတွေကို ဗွေမယူပါနဲ့လို့ မျှော်လင့်ပါတယ် “ ချန်းကျီဂိုဏ်း၏ စီနီယာအစ်ကို ကျူးကော့ကျန်းသည် ရိုသေသမှုဖြင့် ပြောလိုက်သည်။

ထိုစဉ် ဂျူနီယာမောင်နှမများက သူ၏ အညံ့ခံမှုကို အရှက်ရစရာဟု မထင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ သတ္တိနှင့်တာဝန်ယူစိတ်ကို လေးစားသွားကြသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် အရှေ့သို့ ထွက်ရန်မှာ အတော်လေး သတ္တိရှိဖို့ လိုအပ်သည်။ အကယ်၍ သူတို့သာဆိုလျှင် ဇီသာ တီးနေသော အမျိုးသမီးကို မျက်လုံးချင်းပင် မဆုံရဲလောက်ချေ။

ချင်းချင်းသည် တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ မျက်လုံးစည်းကို ဖြည်းညှင်းစွာ ပြန်တပ်လိုက်သည်။ သူမ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ရပါတယ်။ ငါက အပြစ်ကင်းတဲ့သူတွေကို သတ်ဖြတ်တတ်တဲ့သူ မဟုတ်ပါဘူး။ နင်တို့ကလည်း ဒီကို ရတနာရှာဖို လာခဲ့ကြတာပဲမလား “

ကျူးကော့ကျန်းက လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ စီနီယာအစ်မချင်းက ထိုက်ယင်ရေကန်ထဲက ရတနာကို မျက်စိကျနေတယ်ဆိုရင်တော့ ကျွန်တော်တို့ အဲဒါကို မလိုချင်ပါဘူး “

ချင်းချင်းက ညင်သာစွာ ပြုံးလိုက်သည်။ “ ဒါဆို နင်ပြောချင်တာက... ဒီရေကန်ထဲမှာ ဘာရတနာ ရှိလဲဆိုတာကို သိတယ်ပေါ့ “

ချန်းကျီ ဂိုဏ်းမှ တပည့်များ တစ်ခဏမျှ အေးခဲသွားကြသည်။ သူတို့ တွေးမိကြသည်။ ‘ စီနီယာအစ်မက ရေကန်ထဲက ထိုက်ယင် ကျောက်တုံးတွေအတွက် ဒီကို ရောက်နေတာ မဟုတ်ဘူးလား ‘

ဇဝေဇဝါ ဖြစ်သွားသော်လည်း ကျူးကော့ကျန်း က ရှင်းပြလိုက်ဆဲပင်။ “ စီနီယာအစ်မချင်း.... ကျွန်တော်တို့ထင်ထားတာသာ မှန်မယ်ဆိုရင် ဒီရေကန်ထဲမှာ ထိုက်ယင် ကျောက်တုံးတွေ ရှိပါတယ်ဗျ။ ပြီးတော့ နှစ်တွေကြာပြီဆိုတော့ အဲဒီကျောက်တုံးတွေက လမင်းရဲ့စွမ်းအားတွေနဲ့ ပြည့်နှက်နေလို့ ထိုက်ယင် တာအိုရဲ့ အငွေ့အသက်တွေ ပြည့်နှက်နေမှာ သေချာပါတယ် “

ချင်းချင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ လမင်း၏ စွမ်းအားသည် သူမ ကျင့်ကြံသော စွမ်းအားနှစ်ခုထဲမှ တစ်ခု ဖြစ်ပါသည်။

‘ ဆရာ ပြောတာ မှန်တယ်။ တာ့ယန်မြင့်မြတ်နယ်မြေက လူတွေက ငါ့ဆီကို ရတနာတွေ လာပို့ပေးကြတာပဲ ‘ သူမ တွေးလိုက်သည်။

ထို့နောက် နှုတ်ခမ်းကို ခပ်ဟဟဖွင့်ကာ ပြောလိုက်သည်။ “ ငါ နားလည်ပြီ။ ဒါဆို နင်တို့က ထိုက်ယင် ရေကန်ထဲ ဝင်ပြီး ကျောက်တုံးတွေကို ရှာချင်တယ်ပေါ့ “

ချန်းကျီဂိုဏ်းမှ တပည့်များက ပထမတော့ ဝမ်းသာသွားကြသော်လည်း ရုတ်တရက် အတွေးတစ်ခု သူတို့၏ စိတ်ထဲသို့ ဖြတ်သန်းသွားသည်။

‘ သူက...ငတုံးတွေကို မျှားနေတာများလား ‘ သူတို့ တွေးလိုက်မိကြသည်။ ဘာပဲဖြစ်ဖြစ် သစ်သား ဆိုင်းဘုတ်ပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည် မဟုတ်ပါလား။ ထိုက်ယင်ရေကန်ထဲ ဝင်သူတိုင်း သေရမည် ဟူ၍ ဖြစ်သည်။

ချင်းချင်း သူတို့၏ တုံ့ဆိုင်းနေမှုကို ရိပ်မိသွားပြီး ပြုံးလျက် ပြောလိုက်သည်။ “ စိတ်မပူပါနဲ့။ ငါတို့ကြားမှာ ရန်ငြိုးမှ မရှိတာ။နင်တို့ ရေကန်ထဲက အလောင်းတွေ အားလုံးကို ဆယ်ပေးရင် ထိုက်ယင် ကျောက်တုံးတွေကို ရှာဖို့ ခွင့်ပြုမယ်။ ဒါပေမဲ့ ရလာတဲ့အထဲက တစ်ဝက်ကိုတော့ ငါ့ကို ပေးရမယ် “

“ စီနီယာအစ်မ တကယ် ပြောနေတာလား “

ကျူးကော့ကျန်းက မစဉ်းစားတော့ဘဲ အလိုလို မေးလိုက်မိသည်။

သူ့နောက်က တပည့်များသည် ချင်းချင်းကို စူးစမ်းလိုသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

‘ သူက ဘယ်သူများလဲ ‘ သူတို့ တွေးမိသွားကြသည်။

သူမသည် တာ့ယန်မြင့်မြတ်နယ်မြေနှင့် ရန်ငြိုးဖွဲ့ထားသော်လည်း အခုထိ အကောင်းတိုင်း အသက်ရှင်နေသေးသည်။ ထို့အပြင် ဝမ်တောက်ကျောင်းတော်၏ တပည့်တစ်ယောက်ပင် ဖြစ်နေသေးသည် မဟုတ်ပါလား။ သူမ၏ကံကြမ္မာက ကောင်းမွန်လှ၏။

“ သေချာတာပေါ့ “ အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသည့်အလား ချင်းချင်း အလျင်မလိုဘဲ ပြန်ဖြေလိုက်သည်။ “ တကယ်လို့ ငါက နင်တို့ကို သတ်ချင်တယ်ဆိုရင် စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်းနေစရာ အကြောင်းမရှိဘူးလေ “

“ စီနီယာအစ်မချင်း ပြောတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ အလုပ် စလိုက်ပါတော့မယ်။ စီနီယာအစ်မ ကတိတည်မယ်လို့ မျှော်လင့်ပါတယ် “ ကျူးကော့ကျန်း က သူ့အနောက်က ဂျူနီယာများကို အကြည့်တစ်ချက် ပို့လိုက်သည်။

“ ဒီကိစ္စက ဆန္ဒအလျောက်ပဲ။ မပါချင်ဘူးဆိုရင် အခု တောင်ကြားထဲကနေ လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရတယ် “

လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း မည်သူကမျှ စကားမပြောကြပေ။

နောက်ဆုံးတွင် ရှေ့သို့ ထွက်လာသူမှာ ဂျူနီယာညီလေးဟောက်ပင် ဖြစ်သည်။ “ စီနီယာအစ်ကို... ကျွန်တော်ပါမယ် “

ဂျူနီယာညီမလေးလန် က အံကြိတ်လိုက်သည်။ “ စီနီယာအစ်ကို... ကျွန်မလည်း သွားမယ် “

“ ကောင်းပြီ။ ခဏနေရင် ကျန်တဲ့သူတွေ အားလုံး ငါနဲ့အတူ ရေထဲ ဆင်းရမယ်။ ညီမလေး နင်ကတော့ တာ့ယန်မြင့်မြတ်နယ်မြေ နဲ့ တခြားအင်အားစုတွေက ကျင့်ကြံသူတွေဆီကနေ သိုလှောင်အိတ်တွေနဲ့ လက်နက်တွေကို စီနီယာအစ်မချင်းအတွက် ကောက်ပေးလိုက် “

ကျူးကော့ကျန်း က တာဝန်များကို လျင်မြန်စွာ ခွဲဝေပေးလိုက်သည်။

“ နားလည်ပါပြီ “

တညီတညွတ်တည်း ပြန်ဖြေပြီးနောက် ချန်းကျီဂိုဏ်းမှ တပည့်များသည် အလောင်းများကို ဆယ်ယူရန် ရေထဲသို့ စတင် ဝင်ရောက်သွားကြသည်။

ထိုအချိန်တွင် ထိုက်ရွှီလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်၌...

တာ့ယန်မြင့်မြတ်နယ်မြေ၏ စခန်းချရာနေရာတွင် အကြီးအကဲမျာစနှင့် အမှောင်ခန်းမ၏ ဌာနမှူးတို့သည် တဲတစ်လုံးထဲ၌ ကျင့်ကြံနေကြသည်။ သူတို့ရှေ့တွင် ဝိညာဉ်မီးအိမ် တစ်ရာကို စီထားသည်။

ဖုန်း... ဖုန်း... ဖုန်း...

ဝိညာဉ်မီးအိမ်များထံမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

လူတိုင်းက ရုတ်တရက် မျက်လုံးဖွင့်လာပြီး အသေအချာ ကြည့်လိုက်ကြသည်။ ဝိညာဉ်မီးအိမ် တစ်ဒါဇင်ကျော်က တစ်ပြိုင်နက်တည်း ကွဲအက်သွားကြ၏။

အမှောင်ခန်းမ ဌာနမှူး၏ အမူအရာက မည်း‌သည်းသွားသည်။ “ ဘာတွေ ဖြစ်ကုန်တာလဲ။ တာ့ယန်မြင့်မြတ်နယ်မြေက တပည့်တွေ အများကြီး ဘာလို့ ခဏလေးနဲ့ သေသွားတာလဲ “

အကြီးအကဲ တစ်ဦးက ပြောလိုက်သည်။ “ တစ်ယောက်ယောက်က အထွတ်အထိပ်ရတနာ တစ်ခုကို တွေ့သွားပြီး တခြားအင်အားစုတွေနဲ့ ပဋိပက္ခ ဖြစ်သွားတာ နေမယ်။ ဘယ်ကောင်လေးက သူတို့ကို ဦးဆောင်နေလဲ မသိပေဘူး။ ဒါပေမဲ့ လူအများကြီးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရတယ် ဆိုတော့... “

ပတ်ဝန်းကျင်ရှိ အကြီးအကဲများက စကားမပြောကြသော်လည်း သူတို့ အားလုံး ခေါင်းအသာညိတ်လိုက်ကြသည်။

ထိုက်ရွှီ လျှို့ဝှက်နယ်မြေ ပွင့်လာသည့် အကြိမ်တိုင်း မြင့်မြတ်နယ်မြေ တစ်ခုပင်လျှင် သေဆုံးမှုများကို ကြုံတွေ့ရလေ့ရှိသည်။ ပုံမှန်အားဖြင့် တပည့် သုံးပုံတစ်ပုံခန့် ဆုံးရှုံးရခြင်းက သာမန်ကိစ္စတစ်ခုပင်။

သို့သော် ဤတစ်ကြိမ်တွင် ဒါဇင်ကျော် တစ်ပြိုင်နက်တည်း ဆုံးရှုံးသွားသည်။ အကြီးအကဲများအနေဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားရ၏။ နိမိတ်မကောင်းသည့် ခံစားချက်တစ်ခုက သူတို့နှလုံးကို ဖုံးလွှမ်းသွားတော့သည်။

…

…

“ စီနီယာအစ်မချင်း... ဒါတွေက စီနီယာအစ်မရဲ့ ပစ္စည်းတွေပါ “

ဂျူနီယာညီမလေးလန် က ချင်းချင်း၏ အရှေ့ ပေအနည်းငယ် အကွာတွင် သိုလှောင်အိတ်များနှင့် လက်စွပ်အပုံလိုက်ကို ဂရုတစိုက် ချထားပေးလိုက်သည်။

ချင်းချင်းက ထိုအပုံကို တစ်ချက် ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ နင့် စီနီယာတွေ ဂျူနီယာတွေအတွက် လက်နက် ရွေးလိုက်။ တစ်ယောက်ကို တစ်ခုစီပေါ့ “

“ ဒါက... သင့်တော်ပါ့မလား မသိဘူး “

ဂျူနီယာညီမလေးလန် ဤကဲ့သို့သော အကျိုးအမြတ်မျိုးကို မမျှော်လင့်ထားချေ။ စီနီယာအစ်မချင်း က သူတို့ ထင်ထားသလောက် ရက်စက်ကြမ်းကြုတ်သူ တစ်ယောက် မဟုတ်သည့်ပုံပင်။

ချင်းချင်းက ပြန်ဖြေသည်။ “ ငါ ရွေးခိုင်းရင် ရွေးလိုက်။ မယူချင်ဘူးဆိုရင်လည်း ထွက်သွား “

“ ယူပါ့မယ်... ယူပါ့မယ် “

ဂျူနီယာညီမလေးလန်သည် သူမ၏ ဂိုဏ်းတူတပည့်များ၏ လိုအပ်ချက်များအပေါ် မူတည်ပြီး လက်နက် ဆယ်ခုကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။ ထို့နောက် သူမ လေးစားစွာ ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ် စီနီယာအစ်မချင်း။ စီနီယာအစ်မက တကယ်ကို လူကောင်း တစ်ယောက်ပါပဲ “

“ အင်း “

ချင်းချင်းက တည်ငြိမ်စွာ တုံ့ပြန်လိုက်သော်လည်း အကြောင်းရင်း တစ်ခုခုကြောင့် လူကောင်း ဟူသော စကားလုံးများကို ကြားလိုက်ရခြင်းက အနည်းငယ် ထူးဆန်းသလို ခံစားရသည်။

ချန်းကျီဂိုဏ်းမှ တပည့်များ ထိုက်ယင်ကျောက်တုံးများကို ရှာဖွေနေစဉ် ချင်းချင်းသည် သိုလှောင်အိတ်များနှင့် လက်စွပ်တစ်ခုစီတိုင်းမှ ကျန်ရစ်နေသော အမှတ်အသားကို ဖျက်ပစ်ရန် သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုနေသည်။

အတွင်း၌ ရှိနေသော ပစ္စည်းများကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသည်။

‘ ဒီလူတွေက တကယ့်ကို ရတနာ လာပို့ပေးတဲ့ ကလေးတွေပဲ။ ကိုယ်တိုင် ရတနာတွေ လိုက်ရှာရမဲ့ ဒုက္ခ သက်သာသွားပြီ ‘ သူမ တွေးလိုက်သည်။

အချိန်များက ဖြည်းညှင်းစွာ ကုန်လွန်သွားသည်။

သုံးရက်နှင့်သုံးည ကြာပြီးနောက်။

သစ်တိုင်အရွယ်အစားရှိပြီး ကြည်လင်တောက်ပကာ ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နေသည့် ထိုက်ယင် ကျောက်တုံးတစ်တုံး သယ်ဆောင်လျက် ကျူးကော့ကျန်းသည် ရေကန်ထဲမှ ထွက်ပေါ်လာသည်။

ကြည့်ရမဆိုးစေလိုသဖြင့် သူက အဝတ်အစားများကို အငွေ့ပျံသွားစေရန် စိတ်ဝိညာဉ် စွမ်းအားကို ကြိုပြီး သုံးထားသည်။

“ စီနီယာအစ်မချင်း... ကျွန်တော်တို့ ရေကန်ထဲမှာ တာအို အမှတ်အသား ကိုးခု ထွင်းထုထားတဲ့ ထိုက်ယင်ကျောက်တုံး တစ်တုံးကို တွေ့ခဲ့ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ “

“ အဲဒီမှာ ထားခဲ့လိုက်” သာမန် ကျောက်တုံး တစ်တုံးကို ပြောနေသကဲ့သို့ ချင်းချင်း၏ လေသံက လုံးဝ တည်ငြိမ်နေခဲ့သည်။

“ နားလည်ပါပြီ “

ကျူးကော့ကျန်းက နောက်ထပ် ဘာမှ မပြောရဲတော့ပေ။ ‘ စီနီယာအစ်မချင်း က ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ ဒီလောက် ရှားပါးတဲ့ ရတနာ တစ်ခုရဲ့ ရှေ့မှာတောင် လုံးဝ တည်ငြိမ်နေနိုင်တယ် ‘ သူ စိတ်ထဲမှ တွေးလိုက်သည်။

‘ တကယ်လို့ ငါတို့သာ ပိုသန်မာခဲ့ရင် ရေကန်ထဲက ထိုက်ယင်စိတ်ဝိညာဉ်သွေးကြောကို ယူသွားနိုင်လောက်တယ် ‘

‘ ထားလိုက်ပါတော့၊ လူဆိုတာ ရောင့်ရဲတင်းတိမ်ဖို့လိုတယ် ‘ ထိုက်ယင်ကျောက်တုံးကို ချထားပြီးနောက် ကျူးကော့ကျန်းသည် လှည့်ထွက်သွားသည်။

သူတို့ ထွက်သွားပြီ ဖြစ်ကြောင်း သေချာသွားသောအခါ ချင်းချင်းက ထိုက်ယင်ကျောက်တုံးကို သူမ၏ လက်စွပ်ထဲသို့ တည်ငြိမ်စွာ သိမ်းဆည်းလိုက်သည်။

ထို့နောက် သူမ ဆက်လက်ကျင့်ကြံခြင်းသည်။ တာ့ယန်မြင့်မြတ်နယ်မြေမှ လူများ ထပ်ပြီး ရတနာများလာပို့ပေးဖို့ ပေါ်လာဦးမလား ဆိုတာကို စဉ်းစားနေသည်။

All Chapters