← Chapters

ဆရာ... ကျွန်တော့်ကို ကူညီပါဦး

Vol. 14 Ch. 139

ဆရာ... ကျွန်တော့်ကို ကူညီပါဦး

Vol. 14 Ch. 139

ထိုက်ရွှီလျှို့ဝှက်နယ်မြေ၊ ရတနာတစ်ရာ တောင်တန်း။

ဤနေရာက ထိုက်ရွှီဂိုဏ်း၏ ဆေးဥယျာဉ်ဖြစ်ပြီး ဆေးဖက်ဝင်အပင်မျိုးစုံကို နေရာတိုင်းတွင် တွေ့နိုင်သည်။

အပင်တိုင်းက နှစ်တစ်ရာကျော်ကြာ သက်တမ်းရှိသည်။ အပြင်ကမ္ဘာတွင် မြင်ရခဲသော နှစ်တစ်ထောင် သက်တမ်းစိတ်ဝိညာဉ်ဆေးပင်များပင် ဤနေရာ၌ မရှားပါးလှပေ။

ရလဒ်အနေဖြင့် ဤနေရာသည် အဓိကအင်အားစုများအကြား ပဋိပက္ခများ ဖြစ်ပွားသည့် နေရာတစ်ခု ဖြစ်လာသည်။

နှစ်တစ်ထောင် ဆေးပင်တစ်ပင်ကြောင့် ပြင်းထန်သည့်တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေ၏။ ထိုတိုက်ပွဲများက ဤနေရာတွင် သာမန် မြင်ကွင်းတစ်ခုသာ ဖြစ်သည်။

ရတနာတစ်ရာတောင်ထွတ်၏ အနောက်ဘက်တွင်။

မြင့်မြတ်နယ်မြေ အသီးသီးမှ တပည့်ဆယ်ယောက်ကျော်သည် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ကို လိုက်လံ ဖမ်းဆီးနေကြသည်။

အမျိုးသားမှာ လူကောင်ထွားပြီး လုံးလုံးဝိုင်းဝိုင်းလေးဖြစ်သည်။ အနက်ရောင် ဝတ်ရုံကြီး ဝတ်ထားသော်လည်း သူ၏ဖက်တီးပုံစံကို မဖုံးကွယ်ထားနိုင်ပေ။

အမျိုးသမီးမှာ ပန်းတစ်ပွင့်ကဲ့သို့ လှပသော်လည်း ယခုအခါ အတော်လေး ဖရိုဖရဲ ဖြစ်နေရှာသည်။

“ သခင်လေးဝမ်... ရှေ့မှာ လမ်းမရှိတော့ဘူး “

သူမ စကားပြောပြီးသည်နှင့် ဘုန်းကြီးအချို့က လမ်းကို ပိတ်ဆို့လိုက်ကြသည်။

သူတို့ကို လိုက်ဖမ်းနေသော ကျင့်ကြံသူများသည် ထိုစုံတွဲကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြပြီး ထွက်ပြေးရန် အခွင့်အရေး မပေးတော့ပေ။

“ သခင်မလေး နန်ကုန်း... ကျွန်တော့်အနောက်မှာ နေပါ။ ကျွန်တော် ရှိနေသရွေ့ ခင်ဗျား လုံးဝ ဘေးကင်းစေရမယ် “ အနက်ရောင် ဝတ်ရုံဖြင့် အမျိုးသားက လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။

အမျိုးသမီးက တုံ့ဆိုင်းမနေဘဲ သူ၏ အနောက်၌ ဝင်ရပ်လိုက်သည်။

ဤစုံတွဲမှာ အခြားသူမဟုတ်ဘဲ ဝမ်ပေါင်လဲ့နှင့် နန်ကုန်းယွီတို့ပင် ဖြစ်ကြသည်။

ဝမ်ပေါင်လဲ့သည် သူ၏ ထက်မြက်သော နတ်ဘုရားအာရုံကို အရင်းတည်ပြီး ရတနာတစ်ရာတောင်ထွတ်သို့ ရောက်ရှိလာသည်။ တိုက်ဆိုင်စွာပင် သူက လူအချို့နှင့် တိုက်ခိုက်နေသော နန်ကုန်းယွီကို တွေ့ရှိခဲ့ပြီး ဝင်ရောက် ကယ်တင်ပေးခဲ့သည်။ ထို့နောက် သူ၏ အမှတ်အသားကို ထုတ်ဖော်ပြီး သူတို့နှစ်ဦး ရတနာများ ရှာဖွေရန် ပူးပေါင်းခဲ့ကြသည်။

သူ၏ ထက်မြက်သော အနံ့ခံနိုင်စွမ်းနှင့် ဆေးပင်များကို အာရုံခံနိုင်စွမ်းတို့ကြောင့် ဝမ်ပေါင်လဲ့သည် နှစ်တစ်ထောင် သက်တမ်းရှိ စိတ်ဝိညာဉ်ဆေးပင်နဂါးသွေး သစ်သီးကို လျင်မြန်စွာ တွေ့သွားသည်။

နဂါးသွေးသစ်သီးသည် နဂါးသွေးမြက်ပင်မှ သီးခြင်းဖြစ်ပြီး ၎င်းအပင်က နှစ်ငါးရာလျှင် တစ်ကြိမ် ပွင့်ကာ နှစ်တစ်ထောင်ကြာမှသာ အသီးသီးလေ့ရှိသည်။

ထိုအသီးတွင် နဂါးသွေးစွမ်းအားများ ပါဝင်သည်။ ၎င်းကို စားသုံးလိုက်သော ကျင့်ကြံသူ၏ စွမ်းအား သိသိသာသာ တိုးတက်စေရုံသာမက ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးနိုင်မည် ဖြစ်သည်။

သူတို့နှစ်ဦး နဂါးသွေးသစ်သီး ကိုးလုံးကို ခူးဆွတ်လိုက်သည့် အခိုက်မှာပင် အခြားအင်အားစုများမှ အဖွဲ့ဝင်များ၏ ပစ်မှတ်ထားခြင်းကို ခံရတော့သည်။

“ ဟမ့် “

သွေးနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးက အေးစက်စွာ နှာမှုတ်လိုက်သည်။ “ ကောင်လေး... မင်း သေရတော့မဲ့ အချိန်ရောက်နေတာတောင် သူရဲကောင်း လုပ်ချင်နေသေးတာလား။ မင်းကိုယ်မင်းရော ပြန်ကြည့်ပြီးပြီလား။အလှလေးနဲ့ ထိုက်တန်တယ်လို့များ ထင်နေတာလား”

ငရဲကိုးထပ်မြင့်မြတ်နယ်မြေမှ တပည့်တစ်ဦးက ဝင်ပြောလိုက်သည်။ “ သွေးမိစ္ဆာ... မင်းက မိန်းမတွေကို စိတ်မဝင်စားဘူး ထင်နေတာ။ ဘယ်အချိန်ကစပြီး မိန်းမတွေကို စိတ်ဝင်စားသွားတာလဲ “

သွေးမိစ္ဆာက ရယ်မောလိုက်သည်။ “ ငါ အခုထိ မိန်းမတွေကို စိတ်မဝင်စားသေးပါဘူး။ ဒါပေမဲ့ ဒီတစ်ယောက်က အပျိုစင်ဖြစ်ရမယ်။ ပြီးတော့ နောက်ခံကောင်းကနေ လာတာလေ။ သူ့ရဲ့ သွေးကို ကျင့်ကြံဖို့ သုံးလိုက်ရင် အားထုတ်မှု တစ်ဝက်နဲ့ အကျိုး နှစ်ဆ ရလိမ့်မယ် “

သူ၏ စကားများကြောင့် ပတ်ဝန်းကျင်ရှိ လူများက အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ သွေးနတ်ဘုရား ဂိုဏ်းသည် မြင့်မြတ်နယ်မြေ တစ်ခု၏ အမည်ကို ခံယူထားသော်လည်း တကယ့်လက်တွေ့တွင်မူ ၎င်းက နတ်ဆိုးဂိုဏ်း တစ်ခုသာ ဖြစ်သည်။

အကယ်၍ သူတို့သာ နဂါးသွေး သစ်သီးကို မလိုချင်လျှင် မည်သူကမျှ သွေးနတ်ဘုရားဂိုဏ်းမှ လူတစ်ယောက်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နေမည် မဟုတ်ပေ။ ၎င်းက အလွန် အရှက်ရစရာ ကောင်းလှသည်။

“ အော်မီထောဖော “

အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဘုန်ကြီးငယ်တစ်ပါးက တည်ငြိမ်စွာ ရွတ်ဆိုလိုက်သည်။ “ ဒကာလေး... နဂါးသွေး သစ်သီးကို လွှဲပေးမယ်ဆိုရင် ကိုယ်တော်က ဒကာ‌လေးနဲ့ ဘေးက မိန်းကလေးအတွက် ဘေးကင်းကင်း ထွက်သွားရမယ်လို့ အာမခံပေးပါတယ် “

မဟာမိုးကြိုးကျောင်းတော်၏ တပည့်တစ်ဦး အနေဖြင့် မကောင်းဆိုးဝါးများကို ကူညီရန် သူ စိတ်မဝင်စား။ သူ ဤနေရာသို့ ရောက်နေရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ နဂါးသွေး သစ်သီးကြောင့်ဖြစ်ပြီး လူသတ်ရန် မဟုတ်ချေ။

၎င်းကို ကြားသောအခါ သွေးမိစ္ဆာက မျက်လုံးမှေးကျဉ်းကာ ဘုန်းကြီး ဖူယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ ဘုန်းကြီးကတုံး... မင်းက မဟာမိုးကြိုးကျောင်းတော်ရဲ့ ပါရမီရှင် လေးပါးထဲက တစ်ပါး ဖြစ်နေရုံနဲ့ ငါက ကြောက်မယ်လို့ မထင်နဲ့။ ဒီနေ့ အဲဒီ ကောင်မလေးက ငါ့အပိုင်ပဲ “

သူ ပြောပြီးသည်နှင့် ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး သွေးနီရောင် အလင်းတန်းတစ်ခု လွှမ်းခြုံသွားသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် နတ်ဆိုးဘုရင်တစ်ပါးနှင့် တူနေပြီး မြင်သူတကာကို ကြောက်လန့်သွားစေနိုင်သည်။

သို့သော် ဝမ်ပေါင်လဲ့ကတော့ အနည်းငယ်မျှ မကြောက်ရွံ့ပေ။ ယင်းအစား သူက ဖူယွမ်ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “ ဘုန်းဘုန်းလေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘုန်ဘုန်း‌ကို မြန်မြန် ထွက်သွားဖို့ ကျွန်တော် အကြံပေးပါတယ်။ မဟုတ်ရင် ကျွန်တော် လှုပ်ရှားလိုက်တဲ့အခါ ဘုန်းဘုန်းပါ ဒဏ်ရာရသွားလိမ့်မယ် “

သူ၏ စကားများက လူအုပ်ကြီးကို မှင်တက်သွားစေသည်။

သူ၏ အနောက်ရှိ နန်ကုန်းယွီပင် ဝမ်ပေါင်လဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

‘ သခင်လေးဝမ် ခေါင်းက တစ်ခုခုနဲ့ ရိုက်မိထားတာများလား ‘ သူမ တွေးလိုက်သည်။

သူ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ တစ်ဖက်က သွေးမိစ္ဆာနှင့် ဘုန်းကြီးဖူယွမ် နှစ်ဦးစလုံးက စစ်မှန်ကံကြမ္မာအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။

‘ ဘယ်လိုလုပ် ဒီလိုစကားမျိုးကို ပြောရဲရတာလဲ ‘

“ ဟားဟားဟား “

သွေးမိစ္ဆာက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဖူယွမ်ဘက်သို့ လှည့်လိုက်သည်။ “ ဘုန်းကြီးလေး... မင်း ကြားလိုက်လား။ ဒီကောင်လေးက မင်းကို ကျေးဇူးမတင်တဲ့အပြင် မင်းကိုပါ အထင်သေးနေတာ။ ငါသာ မင်းနေရာမှာဆိုရင် သူ့ကို အခုချက်ချင်း မြေကြီးထဲ ဝင်သွားအောင် ရိုက်နှက်မိမှာပဲ “

ဘုန်းကြီးဖူယွမ်က မျက်မှောင်အသာ ကြုတ်လိုက်သည်။ သူက ပုံမှန်အားဖြင့် အကြမ်းဖက်မှုကို မနှစ်သက်သော်လည်း ယနေ့တွင် ဤလူငယ်လေးက သူ့ဒေါသကို ဆွလာသည်။

“ အော်မီထော်ဖော။ ဒကာလေး နောင်တရဖို့ ငြင်းဆန်နေမှတော့ ဒီဘုန်းကြီး ရိုင်းစိုင်းတယ်လို့ အပြစ်မတင်ပါနဲ့ “

သူ စကားပြောနေစဉ် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် ဗုဒ္ဓအလင်းတန်းများ တောက်ပလာသည်။ ပြင်းထန်သည့် ဖိအားတစ်ခု ဝမ်ပေါင်လဲ့နှင့် နန်ကုန်းယွီတို့ အပေါ်သို့ ချက်ချင်း ကျဆင်းလာသည်။

ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်ထဲရှိ ကျောက်စိမ်းဆွဲပြားကို မည်သူကမျှ သတိမထားမိကြပေ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ထိုနေရာတွင် ရပ်နေသည်။

“ ဟူး... ဘုန်းကြီးလေး ခင်ဗျားက လူကောင်း တစ်ယောက်လို့ ထင်ထားတာ။ အခု ခင်ဗျားကပါ ကျွန်တော့်ကို လုဖို့ ကြိုးစားမယ်လို့ မထင်ထားခဲ့ဘူး “

သူက ထိုနေရာရှိ လူတိုင်းကို ဝေ့ဝဲကြည့်လိုက်ပြီး မေးလိုက်သည်။ “ စောစောက ကျွန်တော် ဘာလို့ ပြေးနေခဲ့လဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြလား “

“ ကောင်စုတ်လေး... အဲဒါ ရှင်းနေတာပဲ မဟုတ်ဘူးလား။ မင်း ငါတို့ကို ကြောက်လို့လေ “ ဤငတုံးက ဘာမှနားမလည်ဟုတွေးကာ သွေးမိစ္ဆာ အထင်အမြင်သေးစွာ ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေထဲတွင် ဤမျှများပြားသော ပြိုင်ဘက်များကို တစ်ယောက်တည်း ရင်ဆိုင်ရဲသူ ဘယ်နှစ်ယောက်များ ရှိမည်နည်း။

“ မဟုတ်ဘူး။ ကျုပ်ရဲ့ ဂိုဏ်းတူတပည့်တွေ ထိခိုက်မိသွားမှာ စိုးရိမ်လို့။ ဒါပေမဲ့ အခု ဘယ်သူမှ မရှိတော့ဘူး ဆိုတော့ လွတ်လွတ်လပ်လပ် တိုက်ခိုက်လို့ ရပြီ “

ဝမ်ပေါင်လဲ့က ပြောနေရင်း သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

“ ဖွီး... ဟားဟားဟား “ သွေးမိစ္ဆာက အော်ဟစ် ရယ်မောလိုက်သည်။ “ မင်း ထိုက်ရွှီ လျှို့ဝှက်နယ်မြေထဲမှာ အခုချိန်ထိ ဘယ်လိုများ အသက်ရှင်နေလဲဆိုတာ ငါ တကယ် နားမလည်နိုင်တော့ဘူး။ အားလုံးပဲ... တိုက်ခိုက်ကြ။ နဂါးသွေးသစ်သီးကိုတော့ ရတဲ့သူ ယူကြေးပဲ “

သို့သော် သူ စကားပြော၍ မပြီးဆုံးမီမှာပင် ဝမ်ပေါင်လဲ့က အော်ဟစ်လိုက်သည်။ “ ဆရာ... ကျွန်တော့်ကို ကူညီပါဦး။ ခုတ်ပိုင်းလိုက် “

ကလန်။

မီတာများစွာ ရှည်လျားသော ဓားချီက ဓားကျောက်စိမ်းထဲမှ ပေါက်ကွဲထွက်လာပြီး သွေးမိစ္ဆာနှင့် သူ၏ အုပ်စုကို ခုတ်ပိုင်းသွားသည်။

သွေးမိစ္ဆာ၏ လှောင်ပြောင်နေသော အပြုံးက ချက်ချင်း အေးခဲသွားသည်။ ထိုတိုက်ခိုက်မှုတွင် ဓားတာအို၏ အနှစ်သာရများ ပါဝင်နေသည်။ သူ၏ ဆရာပင် ခက်ခက်ခဲခဲ နားလည်သဘောပေါက်ထားရသည့် အရာမျိုး ဖြစ်သည်။

ပြေး

ထိုတိုက်ခိုက်မှုကို မြင်သောအခါ လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ လွတ်မြောက်ရေး နည်းစနစ်များကို အသုံးပြုကာ ထွက်ပြေးရန် ဖြစ်သည်။

သို့သော် ဓားမကျဆင်းလာမီမှာပင် သူတို့ ထွက်ပြေးစရာ လမ်းမရှိတော့ကြောင်းကို ခံစားလိုက်ရသဖြင့် အလွန် ထိတ်လန့်သွားကြသည်။

ဓားကျဆင်းလာသည်ကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဘုန်း

ဓားတစ်ချက်တည်းဖြင့် တစ်ချိန်က ဆူညံနေခဲ့သော တောင်စောင်းသည် သင်္ချိုင်းအလား တိတ်ဆိတ်သွားတော့သည်။

ဝမ်ပေါင်လဲ့နှင့် နန်ကုန်းယွီကို လိုက်လံ ဖမ်းဆီးနေခဲ့သော ကျင့်ကြံသူများစွာသည် ချက်ချင်း သုတ်သင်ခံလိုက်ရသည်။

ရှေ့ဆုံးမှ သွေးမိစ္ဆာမှာ အရိပ်အယောင်ပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားသည်။

၎င်းကို တွေ့လိုက်ရသော ဘုန်းကြီး ဖူယွမ်နှင့် အခြားသူများမှာ တုန်လှုပ်သွားကြသည်။ သူတို့ ကျောက်ရုပ်များအလား တောင့်တင်းသွားပြီး ချွေးစေးမတား ထွက်လာ၏။ ကြောက်မက်ဖွယ် ဓားချီကြောင့် ကျန်ရစ်ခဲ့သော ဧရာမ ချောက်ကမ်းပါးကြီးကို စိုက်ကြည့်နေကြသည်။

နန်ကုန်းယွီပင် ပါးစပ်အ‌ဟောင်းသားဖြစ်သွားသည်။ သခင်လေးဝမ် အဘယ်ကြောင့် ယုံကြည်မှု ရှိနေခဲ့သလဲ ဆိုတာ မဆန်းတော့ပေ။ သူ၏ လက်ထဲတွင် ဤမျှ အစွမ်းထက်သော ရတနာ တစ်ခု ရှိနေခဲ့သည် မဟုတ်ပါလား။

ဝမ်ပေါင်လဲ့က အလောင်းများကို လုယက်ရန် အလျင်စလို မလုပ်ပေ။ ယင်းအစား သူက မှင်တက်နေသော ဘုန်းကြီးများဘက်သို့ လှည့်လိုက်သည်။

သူ ပြုံးလိုက်သည်။ “ ဘုန်းကြီးလေး... ခင်ဗျားက ခုန ကျွန်တော့်ကို ချမ်းသာပေးခဲ့မှတော့ ကျွန်တော်လည်း ခင်ဗျားကို ချမ်းသာပေးမယ်။ ခင်ဗျားတို့ရဲ့ သိုလှောင်လက်စွပ်တွေနဲ့ အိတ်တွေကိုပဲ ထားခဲ့လိုက်။ ပြီးရင် ထွက်သွားလို့ ရပြီ။ တရားမျှတတယ် မလား “

ဖူယွမ်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူ ငြင်းဆန်ချင်သော်လည်း ဝမ်ပေါင်လဲ့၏ လက်ထဲရှိ ဓားကျောက်စိမ်းကို မြင်သောအခါ သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်လိုက်သည်။

သူ့ထံတွင် အသက်ကို ကယ်တင်ပေးနိုင်သည့် ဂိုဏ်း၏ ရတနာတစ်ခု ရှိသော်လည်း ထိုဓားကျောက်စိမ်းက နောက်ထပ် တိုက်ခိုက်မှု ဘယ်နှစ်ကြိမ် ထုတ်လွှတ်နိုင်ဦးမလဲ ဆိုသည်ကို လောင်းကြေးမထပ်ရဲပေ။

“ ဒီဘုန်းကြီး အရှုံးပေးပါတယ် “

ထိုသို့ပြောပြီးနောက် ဖူယွမ်က သူ၏ သိုလှောင်လက်စွပ်ကို ချွတ်လိုက်ပြီး မြေပြင်ပေါ်တွင် ချထားလိုက်သည်။

သူ့အနောက်က ဘုန်းကြီး နှစ်ပါးကလည်း လိုက်လုပ်ကြပြီး သူတို့၏ သိုလှောင်အိတ်များကို ချထားပြီး အတူတကွ ထွက်ခွာသွားကြသည်။

ဝမ်ပေါင်လဲ့က တိုက်ပွဲနိုင်ပစ္စည်းများကို လျင်မြန်စွာ စုဆောင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ ဆရာထံမှ ရတနာကို သုံးလိုက်သည် ဖြစ်ရာ ဘာကိုမှ အလဟဿ မဖြစ်စေသင့်။

သူ ပစ္စည်းသိမ်းပြီးသွားသောအခါ နန်ကုန်းယွီ နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ “ သခင်လေးဝမ်... ရှင်က တကယ် အံ့ဩစရာပဲ။ ကျွန်မတို့ နောက်ထပ် ဘယ်ကို သွားကြမလဲ “

ဝမ်ပေါင်လဲ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ ကျွန်တော်က အံ့ဩစရာ ကောင်းတာ မဟုတ်ဘူး။ ကျွန်တော့်ဆရာက သူတို့ရဲ့ ဆရာတွေထက် ပိုသန်မာနေလို့ပါ။ နောက်ထပ် တောင်ပေါ်ကို စူးစမ်းကြည့်ကြတာပေါ့။ ကျွန်တော် အရသာရှိတဲ့ အနံ့တစ်ခုကို အခုကတည်းက ရနေပြီ... “

All Chapters