← Chapters

အဏ္ဏ ဝါခေါ်သံဂိုဏ်းအန္တရာယ်နှင့် ရင်ဆိုင်ရခြင်း

Vol. 9 Ch. 857

အဏ္ဏ ဝါခေါ်သံဂိုဏ်းအန္တရာယ်နှင့် ရင်ဆိုင်ရခြင်း

Vol. 9 Ch. 857

ထိုသီချင်းသံနှင့် ၎င်း၏စာသားများကြောင့်် ပိုင်ရှောင်ချန်းမှာ ကြက်သီးမွေးညင်းများထသွားတော့သည်။ စုန့်ချွဲနှင့် နတ်ဆရာတို့မှာလည်း အသားများတုန်ရီနေကြသည်။ ထိုအချိန်တွင် ဧရာမ ရွက်သင်္ဘောကြီးမှာ ထပ်မံပေါ်ထွက်လာပြီး ယခုအကြိမ်တွင် သူတို့နှင့်ပို၍ နီးကပ်နေတော့သည်။

မီတာတစ်ထောင့်ငါးရာအကွာတွင် ရောက်နေပြီဖြစ်၍ သူတို့မှာ ထိုသင်္ဘောကြီးကို ရှင်းလင်းစွာ မြင်နေရသည်။ သူတို့အားလုံး တုန်လှုပ်ခြောက်ခြားကာ အတွေးများ ယောက်ယက်ခတ်နေလျက် ငေးကြည့်နေကြစဥ် သီချင်းသံမှာရပ်တန့်သွားပြီး ရွက်သင်္ဘောကြီး ပျောက်ကွယ်သွားတော့သည်။

ဤအကြိမ်တွင်မူ စုန့်ချွဲမှာ အေးစက်စက် နှာမမှုတ်နိုင်တော့ပေ။ သူ၏ မျက်နှာပင်လျှင် ယခင်ကထက် ပို၍ဖြူဆုတ်နေပြီဖြစ်သည်။ သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလွန်ထူးဆန်းသော အရာကြီးတစ်ခုဖြစ်နေပြီဖြစ်ကြောင်း ယုံကြည်သွားကြတော့သည်။ ထိုသင်္ဘောကြီးကို သူတို့ပထမဆုံးအကြိမ်မြင်ခဲ့စဥ်က ၎င်းသည် သူတို့နှင့် မီတာသုံးထောင် အကွာလောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ ဒုတိယအကြိမ်တွင်မူ မီတာတစ်ထောင့်ငါးရာမျှသာ ဝေးတော့သည်။

တတိယအကြိမ်တွင် မည်မျှအထိ နီးကပ်လာမည်ကို သူတို့အားလုံး မတွေးရဲလောက်အောင်ပင်ဖြစ်နေတော့သည်။

ယခုဆိုလျှင် သူတို့လာရာလမ်းအတိုင်း ပြန်လှည့်ရန်မှာ တစ်လတိတိကြာမည်ဖြစ်ပြီး ထိုအပြန်လမ်းတွင် အခြားတစ်စုံတစ်ရာ မဖြစ်နိုင်ဘူးဟု မည်သူမှ အာမ မခံနိုင်ပေ။ ပိုင်ရှောင်ချန်းထံတွင်ရှိသော သေမင်းနွံတော၏မြေပုံအရ သူတို့က သုံးလခန့်ကြာလျှင် ၎င်းကိုဖြတ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ခရီးတစ်ဝက်နားအထိ ရောက်နေပြီဖြစ်ကြောင်းသိနိုင်သည်။

အဆုံးတွင် စုန့်ချွဲမှာ အံကြိတ်၍ ဆိုလိုက်တော့သည်။

" အဲဒီသင်္ဘောကြီးက တစ်လမှ နှစ်ခါပေါ်တာ။ ငါတို့ အရှိန်နည်းနည်းတင်လိုက်မယ်ဆိုရင် အဲဒီသင်္ဘောကြီး ပြန်ပေါ်မလာခင် ဒီကနေ ထွက်ရင်တောင်ထွက်နိုင်မှာ "

သူ၏စကားကို နတ်ဆရာကလည်း မာန်ပါပါခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ပိုင်ရှောင်ချန်းမှာ တစ်ကိုယ်ထဲ ရေရွတ်နေဆဲ ဖြစ်သော်လည်း သင်္ချိုင်းစောင့်ကြီးမှာ သူ့အား အန္တရာယ်ပြုလိုသည့်စိတ် ရှိမည်မဟုတ်ကြောင်း ယုံကြည်လိုက်သည်။ အဆုံးတွင် သူသည် လက်ခံလိုက်သဖြင့် သူတို့သုံးယောက်မှာ လေပေါ်သို့ပျံတက်သွားကြပြီး အလင်းတန်းများအသွင်ဖြင့် အဝေးသို့ ထွက်ခွာသွားကြတော့သည်။

လတစ်ဝက်တိတိ ထပ်မံ ကုန်ဆုံးသွားပြီး ထိုအတောအတွင်းမှာလည်း ထိုရွက်သင်္ဘောကြီးမှာ ပြန်၍ ပေါ်မလာပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှပင် သတိမလျော့သွားပေ။ လမ်းတစ်လျှောက်လုံးတွင် သူသည် ဘေးဘီဝဲယာကို သတိကြီးကြီး ကြည့်ရှုအကဲခတ်နေခဲ့သည်။ နတ်ဆရာမှာ ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲတို့လောက် မမြန်သဖြင့် ပိုင်ရှောင်ချန်းမှာ သူ့အားဆွဲခေါ်နေရသည်။

လတစ်ဝက်တိတိ ပျံသန်းပြီးနောက် ညနေခင်းတစ်ခုတွင် အရိုးများပင်အေးစိမ့်သွားနိုင်လောက်သည့် သီချင်းသံကြီးကို သူတို့ တတိယအကြိမ်အဖြစ် ကြားလိုက်ရတော့သည်။

ထိုသီချင်းသံမှာ ပို၍ကြည်လင်ပြတ်သားနေပြီး အရိုးရွက်သင်္ဘောကြီးမှာလည်းတုန်လှုပ်ခြောက်ခြားဖွယ် သူတို့၏အရှေ့တွင် ပြန်၍ပေါ်ထွက်လာပြီး ယခုအကြိမ်တွင် မီတာတစ်ထောင်ထက်နည်းသော အကွာအဝေးတစ်ခုသို့ ရောက်နေပြီဖြစ်သည်။

ထိုသင်္ဘောကြီးမှာ ယခုတွင် အလွန် ထင်ရှားပြတ်သားနေပြီဖြစ်သည်။ သင်္ဘောပေါ်တွင် တလူလူလွင့်နေသည့် သရဲမျက်နှာပုံစံ ရေးထိုးထားသော အလံသုံးခုကိုပင် ပိုင်ရှောင်ချန်းက မြင်လိုက်ရသည်။

အလယ်ရှိ အလံ၏သရဲမျက်နှာမှာ အစိမ်းရောင် အသားအရည်နှင့် အစွယ်ရှည်ကြီးများကိုပိုင်ဆိုင်ထားပြီး သူတို့အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည့်အလား။

ထိုဧရာမ ရွက်သင်္ဘောကြီးမှာ သူတို့အနားသို့ တဖြည်းဖြည်း ကပ်လာသဖြင့် စုန့်ချွဲ နှင့် နတ်ဆရာတို့မှာ အလွန်အမင်း တုန်ရီသွားတော့သည်။ မီတာ ကိုးရာ၊မီတာခြောက်ရာ....

အနီးသို့ ရောက်လာသောအခါ ပိုင်ရှောင်ချန်းမှာ အရိုးစုများကို ပို၍ ရှင်းလင်းစွာမြင်လိုက်ရတော့သည်။ သူတို့၏မျက်နှာများမှာ လုံးဝအသက်မဲ့နေပါသော်လည်း ခါးသီးသောခံစားချက်များ ဖုံးလွှမ်းနေသည့် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

အရိုးစုအချို့မှာ အရိုးများတင်မဟုတ်ပဲ ပုတ်ပွနေသည့် အသားများ သူတို့၏ အရိုးများတွင် ကပ်နေသေးသည်။ အချို့ဆိုလျှင် အဝတ်အစားများပင် ပါသေးသည်။ အဝတ်အစား များမှာ အမျိုးအစားများစွာရှိပြီး အချို့မှာ ယနေ့ခေတ်မှဖြစ်ကာ တချို့မှာ ရှေးခေတ် အဝတ်အစားများ ဖြစ်နေကြသည်။ ဤ အရိုးစုများထဲမှ အချို့မှာ ဝိညာဥ်ကျင့်ကြံသူများဖြစ်ခဲ့ကြသည်ဖြစ်ပြီး အချို့မှာ သာမန်ကျင့်ကြံသူများသာ ဖြစ်ခဲ့မည်မှာ အသေအချာပင်။

ထို့အပြင် နက်မှောင်နေသည့် ရွက်သင်္ဘောကြီးမှာမူ ကြီးမားသော တိုက်ပွဲကြီးတစ်ခုထဲတွင် ပါဝင်ခဲ့သည့်အလား အပေါက်များ ဗရပွနှင့်ဖြစ်နေသည်ကို ပိုင်ရှောင်ချန်းက မြင်လိုက်ရသည်။

အစပိုင်းတွင် တုန်လှုပ် ခြောက်ခြားသွားကြပြီးနောက် သူတို့အားလုံးမှာ ထိုရွက်သင်္ဘောကြီးထံမှ ဆုတ်ခွာသွားကြတော့သည်။ သို့သော် ထိုအချိန်တွင် သီချင်းသံ ပြီးဆုံးသွားပြီး သင်္ဘောကြီးမှာလည်း ပျောက်ကွယ်သွားသည်။

ယခုအကြိမ်တွင်မူ သူတို့၏အရှေ့ မီတာသုံးရာအကွာတွင်မှသာ ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီး စုန့်ချွဲနှင့် နတ်ဆရာတို့မှာ တုန်ရီနေကြပြီဖြစ်သည်။ ယခုတွင်မူ သူတို့၏ အတွေးထဲတွင် အန္တရာယ်ပေါင်းသောင်းခြောက်ထောင်နှင့် ကြုံတွေ့နေရသကဲ့သို့ ခံစားချက်များ နိုးထလာပြီဖြစ်သည်။

" လတစ်ဝက်ပဲ ရှိသေးတာလေ " စုန့်ချွဲကဆိုလိုက်သည်။

" ပိုပြီးတော့တောင် နီးလာတာပါလား။ နောက်တစ်ခါပေါ်လာရင် ငါတို့ကို တိုက်မိနေလောက်ပြီ "

" သောက်ကျိုးနည်းဟေ့။ ဒါ ဘယ်လိုနေရာကြီးလဲကွ။ "

နတ်ဆရာကပါ လိုက်ပြောလိုက်သည်။

“ အဲ့ဒီသင်္ဘောကြီးကိုဆွဲနေတဲ့ အရိုးစုတွေထဲ ငါမပါချင်ဘူးနော် "

စုန့်ချွဲမှာမူ မျက်လုံးကြီးများပြူးကာ ဆက်ပြောလိုက်တော့သည်။

" မင်းရဲ့ အမိန့်ပေးဆွဲပြားနဲ့ဆို ငါတို့ဘေးကင်းလိမ့်မယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ နီမြန်းနေတော့သည်။ သူသည် နောက်သို့ချာကနဲလှည့်ကာ စုန့်ချွဲနှင့်နတ်ဆရာတို့အား ဟောက်လိုက်လေသည်။

" ပါးစပ်ပိတ်စမ်းကွာ မင်းတို့နှစ်ကောင်။ ငါတို့က နှေးလွန်းနေတာ။ မင်းတို့ကို ငါသယ်သွားမယ်။ အဲဒါဆို ဒီနေရာထဲကနေ လတစ်ဝက်အတွင်း ထွက်နိုင်လောက်တယ် "

ပိုင်ရှောင်ချန်းမှာ သင်္ချိုင်းစောင့်ကြီးအား ယုံကြည်နေဆဲဖြစ်သော်လည်း လက်ရှိတွင် ကြုံတွေ့နေရသည့် အခြေအနေများကြောင့် သူ၏ အကြောက်တရားများမှာ အခြားအရာများကို လွှမ်းမိုးသွားပြီဖြစ်သည်။ သူသည်စုန့်ချွဲနှင့် နတ်ဆရာအား ဆုပ်ကိုင်လိုက်ပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းကိုထုတ်ဖော်၍ လေကိုခွင်းကာ မူလလမ်းအတိုင်း သွားလိုက်တော့သည်။

သူသည် ခုနစ်ရက်တိတ် မရပ်မနားပဲ ပျံသန်းသွားတော့သည်။

သို့သော်လည်း ပိုင်ရှောင်ချန်း မည်မျှပင် လျင်မြန်စွာ ရွေ့လျားနေစေကာမူ အရာမရောက်ပေ။ ခုနစ်ရက်မြောက်နေ့၏ ညနေခင်းအချိန်တွင် သူတို့သုံးယောက်မှာ ထိုထူးခြားဆန်းပြားသောအသံကြီးကို ထပ်ကြားလိုက်ရပြန်သည်။

ထိုအသံကြီးမှာ ကျယ်လောင်လွန်းလှသဖြင့် ထိုအမျိုးသမီးမှာ သူတို့၏နားမှာကပ်၍ သီဆိုနေသည့်အလားပင်။ အားပြင်းသော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာပြီး သူတို့ကို ရစ်ပတ်သွားတော့သည်။ တချိန်ထဲမှာပင် အရိုးစုများသည်လည်း ရွက်သင်္ဘောကြီးကို အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရှေ့သို့ ဆွဲလာနေသည်။ ထို့နောက် ထိုအရိုးစုများမှာ သူတို့အားဝင်တိုက်သွားသဖြင့် ပိုင်ရှောင်ချန်း၊ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သူ၏အမြင်အာရုံ မှုန်ဝါးသွားသည်။ ထို့နောက် ရှင်းရှင်းလင်းလင်း ပြန်မြင်ရသွားသောအခါတွင် သူသည် ရွက်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် စုန့်ချွဲ၊ နတ်ဆရာတို့နှင့်အတူ မတ်တတ်ရပ်လျက်သားဖြစ်နေသည်ကို သိလိုက်ရတော့သည်။

အောက်တွင်ရှိနေသော အရိုးစုများမှာ ရွက်သင်္ဘောကြီးအား မြူခိုးများကိုဖြတ်၍ ဆွဲနေဆဲဖြစ်ပြီး သူတို့မှာ ထိုသင်္ဘောကြီးပေါ်တွင် ရပ်နေကြသည်။

သူတို့မှာ သရဲရွက်သင်္ဘောကြီးပေါ်တွင် ရပ်နေကြစဥ် သေမင်းနွံတောနှင့် အလွန်ဝေးကွာသော နေရာတစ်ခုတွင် အခြားဖြစ်ရပ်တစ်ခု ဖြစ်ပျက်နေသည်။ အရှေ့ပိုင်းကောင်းကင်တံတားမြစ်၏ အလယ်ဒေသထဲတွင်ရှိသော အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ခေါင်းလောင်းသံများဖြင့် ပြည့်နှက်နေသည်။

ထိုအသံများမှာ ဂိုဏ်းထဲရှိ ကျင့်ကြံသူများအားလုံးအတွက် ကြီးမားသော ဖိအားကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အလွန် အန္တရာယ်များသော အခြေအနေထဲသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း လူတိုင်းက သိလိုက်သည်။

ယခုအချိန်တိုင်အောင် ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ယောက်တစ်လေပင် နတ်အဆင့်သို့ မဖောက်ထွက်နိုင်သေးပေ။ ထို့ကြောင့် အလယ်ဒေသရှိ အခြားဂိုဏ်းကြီးများဖြစ်ကြသော ရှင်းဂိုဏ်း၊ တာအိုဂိုဏ်းနှင့် ကျစ်ဂိုဏ်းတို့မှာ ဂနာမငြိမ်ဖြစ်လာကြတော့သည်။ ကတောက်ကဆများ ပိုမိုများပြားလာပြီး ပဋိပက္ခများ ပို၍ပြင်းထန်လာကြကာ အဏ္ဏဝါခေါ်သံဂိုဏ်းသားအချို့ အသတ်ခံလိုက်ရသည်အထိ ဖြစ်သွားကြတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်း အလယ်ဒေသထဲသို့ စတင်ရောက်ရှိခဲ့စဥ်က သူတို့သည် အခြားဂိုဏ်းကြီးသုံးဂိုဏ်း၏ အကျိုးအမြတ်များကို နှောင့်ယှက်ခဲ့ကြသည်။ ထို့အပြင် အမွေအနှစ်နယ်မြေထဲတွင် ပိုင်ရှောင်ချန်းပြဿနာရှာခဲ့သည့် ကိစ္စရပ်ကြီးကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အခြားဂိုဏ်းများမှနေ၍ ရင်းမြစ်ပစ္စည်း အမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ပို၍ဆိုးသည့်အချက်မှာ အခြားဂိုဏ်းသုံးဂိုဏ်းမှ လက်ရွေးစင်များ၏ ခန္ဓာကိုယ်များ အပေါ်တွင် ဖယ်ရှား၍မရတော့သည့် လိပ်ပုံစံ အမှတ်အသားများ ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုဂိုဏ်းသုံးဂိုဏ်း၏ ပိုင်ရှောင်ချန်းနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် ထားရှိသည့် အမုန်းတရားများမှာ အရိုးများထဲထိအောင် စိမ့်ဝင်ကိန်းအောင်းနေကြပြီဖြစ်သည်။

ယခုတွင်မူ ထိုအမွေအနှစ်နယ်မြေကို ပြန်ဖွင့်မည့် အချိန်သို့နီးကပ်လာပြီဖြစ်သည်။ ထို့ကြောင့် အခြားသုံးဂိုဏ်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းအား လျှို့ဝှက်စွာဆက်သွယ်၍ ဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြုတ်သုတ်သင်မည့် စစ်ပွဲတစ်ခုစတင်ရန်အတွက် သွယ်ဝိုက်သော ထောက်ခံချက်တစ်ခုကို ရယူခဲ့ကြသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ခေါင်းလောင်းများ မြည်နေရသည့်အကြောင်းအရင်းမှာ လက်ရှိဖြစ်ရပ်များကို သတင်းပေးပို့ခဲ့သည့် သူတို့၏ သူလျှိုများထံမှ ရရှိသော အချက်အလက်များကြောင့်ဖြစ်သည်။ ယခင်က အဏ္ဏဝါခေါ်သံဂိုဏ်းသည် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သံတမန်များစေလွှတ်ကာ သက်ညှာပေးရန် တောင်းဆိုခဲ့သည်။ ပိုင်ရှောင်ချန်းမှာ စစ်ဦးစီးမှူးတစ်ယောက်ဖြစ်နေပြီး ထိုဂိုဏ်းထဲတွင် သူ့အပေါ် ကျေးဇူးကျွေးတင်နေကြသည့် လူအချို့ ရှိနေခဲ့သည် မဟုတ်ပါလော။ ထိုလူများမှာ အဏ္ဏဝါခေါ်သံဂိုဏ်းအား အတိုင်းအတာတစ်ခုအထိ ဂရုစိုက် စောင့်ရှောက်နိုင်ခဲ့သည်။ သူတို့သာ ထိုသို့ မစောင့်ရှောက်ပေးခဲ့ပါက အခြားဂိုဏ်းသုံးဂိုဏ်းမှာ ယခင်ထဲက လှုပ်ရှားပြီးနေလောက်ပြီဖြစ်သည်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အစအနပင် ရှာမရလောက်အောင် ပျောက်ကွယ်သွားသည်။ မြေရိုင်းဒေသထဲရှိ သူ၏စွန့်စားခန်းအချို့မှာ ပျံ့နှံ့လာခဲ့ပြီး သူအသက်ရှိနေသေးကြောင်း လူအများကသိကြပါသော်လည်း ' အဝေးတစ်နေရာမှ ရေက အနီးရှိ မီးတောက်ကို ငြှိမ်းသက်ပေးနိုင်မည်မဟုတ်ပေ ' ဟူသော ရှေးဆိုရိုးစကားလည်း ရှိနေသည် မဟုတ်ပါလော။

ထို့ကြောင့် ခေါင်းဆောင်ကြီးအားလုံးမှာ တံခါးပိတ်ကျင့်စဥ်မှ ထွက်လာကြပြီး ဂိုဏ်း၏ မဟာမန္တန်အစီအရင်ကိုဖွင့်၍ အသက်ပေးတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းမှ တစ်ယောက်တစ်လေပင် တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိကြပေ။ အခြားဂိုဏ်းသုံးဂိုဏ်းဘက်တွင် နတ်အဆင့်ကျင့်ကြံသူ သုံးယောက် ရှိနေသည်မဟုတ်ပါလော။ သူတို့က အလွယ်ဆုံးနှင့် စွမ်းအားအနည်းဆုံး နည်းလမ်းကိုသုံး၍ မော်တယ်တာအို နတ်အဆင့်ကျင့်ကြံသူများဖြစ်လာကြပါသော်လည်း နတ်အဆင့်တွင် ရှိနေသေးသည်။

" ဂိုဏ်းရဲ့သေရေးရှင်ရေးက ဒီစစ်ပွဲအတွင်းမှာ အဖြေပေါ်လိမ့်မယ် "

" အသက်သေတဲ့အထိ ဂိုဏ်းကိုကာကွယ်မယ်ဟေ့ "

ခေါင်းလောင်းများမြည်ဟည်းနေပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူများမှာ ရဲသွေးရဲမာန်အပြည့် အော်ဟစ်နေကြစဥ် ဂိုဏ်းထဲရှိ တစ်နေရာမှ အားပါသော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာသည်။ ထို့နောက် မီတာရာပေါင်းများစွာ ရှည်လျားပြီး ခရမ်းရောင်အတိပြီးသော ခန္ဓာကိုယ်ကြီးနှင့် အနက်ရောင်မီးတောက်များတောက်လောင်နေသော ခြေထောက်များကို ပိုင်ဆိုင်ထားသည့် ဧရာမ သားရဲကြီးတစ်ကောင် ပေါ်လာတော့သည်။ သူသည် နဂါးနှင့် ချီလင်တို့ ရောစပ်ထားသည့် သတ္တဝါတစ်ကောင်နှင့်တူနေပြီး ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းရှိ ခေါင်းဆောင်ကြီးများကိုပင် စိတ်လှုပ်ရှားသွားစေနိုင်သည့် မြင့်မားသော စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားသည်။

၎င်းသည်ကား ဘရူဆာပင်ဖြစ်သည်။

All Chapters