← Chapters

ကြောက်မက်ဖွယ် အရိုးရွက်သ​ေဘင်္ာပေါ်ဝယ်

Vol. 9 Ch. 858

ကြောက်မက်ဖွယ် အရိုးရွက်သ​ေဘင်္ာပေါ်ဝယ်

Vol. 9 Ch. 858

အဏ္ဏဝါခေါ်သံဂိုဏ်းက အခြားဂိုဏ်းသုံးဂိုဏ်းနှင့် ကတောက်ကဆဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ယခုတွင်မူ စစ်ပွဲဖြစ်ပွားရန် အလွန်နီးကပ်နေပြီဖြစ်သည်။ တိုက်ခိုက်မှုများ ဖြစ်ပွားခါနီးအချိန်တွင် ပိုင်ရှောင်ချန်း၊ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ သေမင်းနွံတောထဲတွင် အကြောက်တရားများနှင့်အတူ ပိတ်မိနေကြပြီး ထိုဂိုဏ်းသို့ ပြန်ရောက်ရန် တောင့်တနေကြသည်။

သူတို့သုံးယောက်မှာ မျက်နှာများပျက်နေကြပြီး ပျက်စီးကျိုးပဲ့နေသည့် သရဲရွက်သင်္ဘောကြီး၏ကုန်းပတ်ပေါ်တွင်ရပ်နေကြကာ ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။

နက်မှောင်နေသည့် ကုန်းပတ်ကြီးပေါ်မှာပင် အပေါက်များစွာရှိနေသဖြင့် ရှေးယခင်က ခန်းနားကြီးကျယ်လှသည့် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ရမည်မှာ အသေအချာပင်။ သင်္ဘောကြီးမှာ ယိုယွင်းပျက်စီးနေပါသော်လည်း ကောင်းကင်ဧကရာဇ်ကို ကြုံတွေ့ခဲ့ရစဥ်က ပိုင်ရှောင်ချန်း ခံစားခဲ့ရသည့် အကြောက်တရားများကို ပေးစွမ်းနိုင်လောက်အောင် စွမ်းအားကြီးမားသည့်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ သင်္ဘောကြီးမှာ ထိုအချိန်ကထက် အနည်းငယ်ပို၍ အားကောင်းနေသည့်ပုံပေါ်သည်။

၎င်းအငွေ့အသက်ကြီးကြောင့် သူ၏ ဝိညာဥ်ပင် တုန်ရီနေရပြီဖြစ်သည်။

ဘေးဘီဝဲယာကို စိုးစိုးထိတ်ထိတ်နှင့် လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး သင်္ဘောကြီး၏ ဘေးဘက်သို့သွားကာ အစွန်းမှနေ၍ ခုန်ချရန် ပြင်လိုက်သည်။ စုန့်ချွဲနှင့် နတ်ဆရာတို့မှာလည်း သူ့အတိုင်းလိုက်ခုန်လိုက်ပါသော်လည်း အစွန်းနားသို့ ရောက်သွားသောအခါ အနက်ရောင်အလင်းတန်း ဒိုင်းကာကြီးတစ်ခုပေါ်ထွက်လာသဖြင့် သူတို့မှာ ၎င်းကိုဝင်တိုက်မိသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အစောပိုင်း နတ်အဆင့်ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်သည်ဖြစ်ပြီး နတ်အဆင့်၏ အလယ်ပိုင်းအဆင့်တွင်ရှိသော သူများနှင့် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်နိုင်ပါသော်လည်း မထူးခြားပေ။ သူသည် ထိုဒိုင်းကာကြီးကို ထိသွားသည်နှင့် နောက်သို့ပြန်၍ လွင့်ထွက်သွားရသည်။

နောက်တစ်ကြိမ် ထပ်မံ ပြေးတိုက်လိုက်သောအခါတွင်လည်း ထိုနည်းတူပင်။

စုန့်ချွဲနှင့် နတ်ဆရာတို့မှာလည်း အလားတူပင်။ သူတို့မှာ အသက်ရှူသံများမြန်လာပြီး အလွန်စိုးရိမ်နေသည့် အမူအရာများဖြင့် ဘေးဘီဝဲယာသို့အကဲခတ်လိုက်ကြတော့သည်။

ရွက်သင်္ဘောကြီး၏ ကုန်းပတ်မှာ ပြောင်သလင်းခါလုနီးပါးဖြစ်နေပြီး ကြီးကြီးမားမား ပစ္စည်းတစ်ခုတစ်လေပင် မရှိပေ။ အောက်ဘက်ရှိ ကုန်းပတ်သို့ သွားနိုင်သည့် တစ်ခုထဲသောလမ်းဖြစ်သော အခန်းငယ်တစ်ခန်း သို့မဟုတ် တံတားတစ်စင်းနှင့် တူသည့်အရာတစ်ခုသာ ရှိသည်။ ၎င်း၏ ပုံပန်းသွင်ပြင်အရဆိုလျှင် ယခင်က ဤကုန်းပတ်ပေါ်တွင် အခြားအဆောက်အဦများရှိခဲ့ပါသော်လည်း ပျက်စီးသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ဟန်တူသည်။

သရဲမျက်နှာသုံးခုရှိသော အလံများချည်ထားသည့် အလံတိုင်လေးတစ်ခုက အခန်းငယ်လေးတစ်ခုထဲမှ ထိုးထွက်နေခြင်းဖြစ်သည်။ ထိုအခန်းမှ တံခါးပေါက်၏ အထက်တွင်မူ ရှေးခေတ်ကဖြစ်ဟန်တူသော အမှတ်အသားရှစ်ခုပါသည့် ကြေးမုံပြင်တစ်ချပ်ရှိသည်။

ထိုအရာများမှလွဲ၍ အခြားအရာများကို မမြင်နိုင်ပေ။

စုန့်ချွဲမှာ အလွန်မျက်နှာပျက်နေပြီး ကုန်းပတ်ပေါ်တွင် လမ်းလျှောက်၍ သင်္ဘောကြီးအား စစ်ဆေးနေသည်။ နတ်ဆရာကမူ အသက်ရှူသံများမြန်နေပြီး အသားများတုန်ရီနေတော့သည်။ သူသည် နဂိုထဲက အားအင်ချည့်နဲ့နေခဲ့သဖြင့် သင်္ဘောကြီး၏ အမှောင်ထုထဲသို့ ရောက်သွားသည်နှင့် အဆုံးအစမဲ့သော အေးစက်မှုများ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာနေသည်ကို ခံစားလိုက်ရသည်။

" နတ်ဆရာရေ။ မြန်မြန်နိမိတ်ဖတ်လိုက်စမ်းပါ " ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။

" ဒီ သင်္ဘောကြီးထဲက ထွက်နိုင်မဲ့နည်းကို ရှာလို့ရ၊မရ စမ်းကြည့်စမ်းပါ "

သူသည် အခန်းတံခါးကို လှမ်းကြည့်လိုက်သောအခါ ဤသရဲသင်္ဘောကြီးမှာ သူ၏အသက်ကို အပြည့်အဝထိန်းချုပ်နေသည့်အလား ခံစားလိုက်ရသည်။ ထို့အပြင် ဤသင်္ဘောကြီးသည် သူတို့သုံးယောက်အား ထိုအခန်းထဲသို့ ဝင်စေချင်နေသည်ဖြစ်ကြောင်း သူကယုံကြည်သွားတော့သည်။

နတ်ဆရာ၏ အကြောက်တရားများမှာ အချိန်နှင့်အမျှ တိုးပွားလာတော့သည်။ ပိုင်ရှောင်ချန်း၏ အကြံပေးချက်ကို ကြားလိုက်သောအခါ သူသည် သူ၏ဝတ်ရုံခေါက်ရိုးထဲသို့ နှိုက်လိုက်ပြီး သူ နိမိတ်ဖတ်ရာတွင် သုံးသည့် ကြေးနီဖြင့်သွန်းလုပ်ထားသော ဒင်္ဂါးပြားတစ်ပြား ကိုထုတ်လိုက်သည်။ သာမန်ဆိုလျှင် သူသည် ထိုကြေးနီဒင်္ဂါးပြားကို အလွန်မြတ်နိုးတွယ်တာသည်။ သူဖမ်းဆီးခံခဲ့ရသည့် လူ့ဘီလူးမျိုးနွယ်စုထဲတွင် သူ၏တာဝန်များကို ထမ်းဆောင်နေချိန် ထိုဒင်္ဂါးစေ့ကို ကိုယ်နှင့်မကွာ ယူထားခွင့်ရှိသည်။ ၎င်းကို သူဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် နိမိတ်ဖတ်ရာတွင် သူအသုံးပြုလေ့ရှိသည့် အမျိုးမျိုးသော မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များကို ထုတ်သုံးလိုက်တော့သည်။

ထိုအချိန်တွင် အစိမ်းရောင် အသားအရည်နှင့် အစွယ်ရှည်ကြီးတို့ကိုပိုင်ဆိုင်ထားသည့် သရဲမျက်နှာကြီးနှင့်အလံမှာ ရုတ်တရက် တုန်ခါသွားတော့သည်။

ထိုကြောင့် နတ်ဆရာ၏လက်မှာ တုန်ရီသွားရပြီး ဒင်္ဂါးစေ့မှာ သူ၏လက်ချောင်းများထဲမှနေ၍ လွတ်ကျသွားတော့သည်။ ၎င်းမှာ ကုန်းပတ်ပေါ်သို့ကျသွားပြီး လှိမ့်ကာလှိမ့်ကာနှင့် အက်ကွဲကြောင်းတစ်ခုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

" ငါ့ မှော်ဒင်္ဂါးစေ့လေး "

နတ်ဆရာမှာ သနားစဖွယ် အော်ဟစ်လိုက်တော့သည်။ " အဲဒီဒင်္ဂါးစေ့က ရှားပါးပစ္စည်းကွ။ ငါ့နာမည် ရေးထိုးထားတဲ့ ငါ့သက်စောင့်မှော်ပစ္စည်းလေးကွ "

သူသည် ထိုဒင်္ဂါးစေ့ကျသွားခဲ့သည့် အက်ကွဲကြောင်းဆီသို့ အပြေးသွားလိုက်ပါသော်လည်း အောက်ဘက်တွင်မူ အမှောင်ထုကြီးကိုသာ မြင်နေရသည်။ သူ၏မှော်ဒင်္ဂါးစေ့ မည်သည့်နေရာသို့ ကျဆင်းသွားသည်ကို သိရှိရန်မှာ မဖြစ်နိုင်ပေ။ နတ်ဆရာမှာ ချက်ချင်းပင် ငိုကြွေးမြည်တမ်းနေတော့သည်။ လူ့ဘီလူးမျိုးစုအတွင်းမှာ အနှိပ်စက်ခံခဲ့ရစဥ်ကပင် သူ၏ ကြေးနီးဒင်္ဂါးစေ့လေးကို မပျောက်မပျက် ထိန်းသိမ်းနိုင်ခဲ့ပါသော်လည်း ဤကဲ့သို့ ထူးခြားဆန်းပြားလှသော သင်္ဘောကြီးပေါ်တွင် ဆုံးရှုံးသွားရပြီဖြစ်သည်။

အရေးကြီးသော အချက်အလက်များကို နိမိတ်ဖတ်ခါနီးတွင် နတ်ဆရာတစ်ယောက် သူ၏ ကြေးနီဒင်္ဂါးစေ့ကို ဆုံးရှုံးသွားသည့် မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် စိတ်ပျက်သွားရသည်။ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ပြီးနောက် သူသည် အခန်းငယ်ကလေးအား အာရုံစိုက်ကြည့်လိုက်တော့သည်။

စုန့်ချွဲမှာမူ သင်္ဘောကြီးကို စစ်ဆေးခဲ့ပါသော်လည်း မည်သည့်အရာမှ မတွေ့ခဲ့ရသဖြင့် အခန်းငယ်လေးဆီသို့ အာရုံလွှဲလိုက်တော့သည်။ ထိုဆီသို့လျှောက်လှမ်းသွားပြီး တံခါးအရှေ့တွင်ရပ်၍ မျက်မှောင်ကြုတ်ကာ စစ်ဆေးလိုက်လေသည်။

နတ်ဆရာမှာမူ ရှုံ့မဲ့နေသည့်မျက်နှာထားဖြင့် မျက်ရည်စက်လက်ဖြစ်နေပြီး ပိုင်ရှောင်ချန်းကို မခံမရပ်နိုင်လောက်အောင် ဖြစ်နေတော့သည်။ သို့သော် သူသည် စကားတစ်ခွန်းတစ်လေပင် မပြောရဲပေ။ အဆုံးတွင် ထိုအခန်းငယ်လေးအား ကြည့်မိလိုက်သောအခါ သူ၏မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။

သူသည် အမှတ်သားရှစ်ခုပါသော ကြေးမုံပြင်ကို အထူးတလည် စိတ်ဝင်စားနေသည်။ ထိုကြေးမုံပြင်မှာ နက်မှောင်နေပြီး အလင်းရောင် မထုတ်လွှတ်နိုင်သလို မည်သည့်ပုံရိပ်မှလည်း ထုတ်ဖော်နိုင်မည့်ပုံ မပေါ်ပေ။ ထို့အပြင် ထိုကြေးမုံပြင်မှာ အနည်းငယ်ပင် ကြောက်စရာကောင်းနေသည်။ နတ်ဆရာ၏အမြင်ထဲတွင် ထိုကြေးမုံပြင်မှာ အလွန်တမူထူးခြားသော အရာတစ်ခု ဖြစ်နေတော့သည်။

" အဲဒါ ရတနာတစ်မျိုးမျိုးပဲ ဖြစ်ရမယ် "

သူက တွေးလိုက်လေသည်။ နတ်ဆရာ၏ နိမိတ်ဖတ်ခြင်းအတတ်နှင့် ပတ်သတ်သော နားလည်မှုများက ဤ အမှတ်သားရှစ်ခုပါသော ကြေးမုံပြင်သည် သူနှင့် ကွက်တိကျလောက်အောင် သင့်တော်နေသည်ဟု ညွှန်ပြနေသည့်အလားပင်။ သူ၏ မှော်ဒင်္ဂါးစေ့လေးအား ဆုံးရှုံးလိုက်ရမှုကြောင့် စိတ်ဓာတ်ကျနေသဖြင့် ပို၍ပင် ဆိုးနေတော့သည်။ သူသည် မျက်လုံးပြူးကြီးများဖြင့် ပြေးသွားပြီး ထိုကြေးမုံပြင်ဆီသို့ လက်ကိုဆန့်တန်းလိုက်တော့သည်။

" ခဏနေဦး "

နတ်ဆရာ၏ အကြောက်အလန့်ကင်းမဲ့မှုကြောင့် အံ့အားသင့်သွားသည့် ပိုင်ရှောင်ချန်းက လှမ်းအော်လိုက်သည်။ သို့သော် သူ နောက်ကျသွားပြီဖြစ်သည်။ နတ်ဆရာမှာ ကြေးမုံပြင်ကို ဆုပ်ကိုင်လိုက်ပြီဖြစ်သည်။

အရာရာတိုင်းမှာ အန္တရာယ်နှင့် ပြည့်နှက်နေသည့်အလား ဖြစ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ ချာချာလည်နေရတော့သည်။ စုန့်ချွဲပင်လျှင် နတ်ဆရာ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် ကြောက်လန့်သွားရသည်။

" မင်းဘာလုပ်တာတုံး နတ်ဆရာ "

သူက အဆင်သင့်ပြင်လိုက်သည့် အနေအထားဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံအား လှည့်ပတ်၍ ဆိုလိုက်သည်။ သို့သော် မည်သည့်အရာမှ ဖြစ်မလာချေ။ အရိုးစုများမှာ သင်္ဘောကြီးကို ယခင်ကအမြန်နှုန်းအတိုင်း ဆွဲနေဆဲဖြစ်သည်။

မည်သည့်အရာမှ ဖြစ်ပေါ်မလာကြောင်း သေချာသွားသောအခါမှ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။ နတ်ဆရာမှာမူ သူအလောတကြီး လှုပ်ရှားမိခဲ့ကြောင်း သတိဝင်သွားသဖြင့် အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရတော့သည်။ သို့သော် သူ၏အိတ်ထဲသို့ ထိုအမှတ်အသားရှစ်ခုပါသည့်မှန်ကို အလျင်အမြန် ထည့်လိုက်တော့သည်။

" ငါ့ရဲ့ မှော်ဒင်္ဂါးစေ့က အက်ကွဲကြောင်းထဲ ကျသွားတာကိုး "

သူက အပြစ်ဖာသည့် လေသံနှင့် ဆိုလိုက်သည်။

“ အဲဒီတော့ ဒီကြေးမုံပြင်ကို ငါ့ကြေးနီးဒင်္ဂါးစေ့ရဲ့ အစားထိုးအဖြစ် ယူရမှာပဲ "

ပိုင်ရှောင်ချန်းမှာမူ နှာတံကိုပွတ်လိုက်ကာ စုန့်ချွဲမှာ နတ်ဆရာအား တစ်ခဏမျှပြူးကြည့်လိုက်ပြီးနောက် ကုန်းပတ်အားနောက်ထပ်တစ်ကြိမ် စစ်ဆေးလိုက်တော့သည်။ ထို့နောက် သူ၏မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။

" ငါတို့က ဘယ်ကိုသွားလို့သွားမှန်းမသိတဲ့ သင်္ဘောကြီးတစ်စင်းပေါ် ရောက်နေတာ " သူကဆိုလိုက်သည်။

" ပြီးတော့ ငါတို့ကိုလည်း အောက်ဆင်းခွင့်မပြုဘူး။ ကုန်းပတ်တွေရဲ့အောက်ကိုသွားပြီး နည်းနည်းပါးပါး လှည့်ပတ်ကြည့်ရအောင်လား။ အဲဒါဆို ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ သိရင်သိမှာပေါ့ "

ထိုသို့ဆိုကာ စုန့်ချွဲသည် ပိုင်ရှောင်ချန်းနှင့် နတ်ဆရာတို့အား လျစ်လျူရှုလိုက်ပြီး အခန်းငယ်လေး၏ တံခါးဆီသို့ လှမ်းလိုက်သည်။

" ခဏနေပါဦး စုန့်ချွဲ "

ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့သော် စုန့်ချွဲမှာ သူ့အားလုံးဝဂရုမစိုက်ပဲ အခန်းငယ်လေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

နတ်ဆရာနှင့် စုန့်ချွဲတို့၏ စိတ်လိုက်မာန်ပါမှုများကြောင့် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်စပြုလာတော့သည်။ ပိုင်ရှောင်ချန်းမှာ သူတို့အဖွဲ့၏ ခေါင်းဆောင် မဟုတ်ပါလော။ သူ၏အမိန့်များကို သူတို့နာခံရမည်ဖြစ်ပေသည်။

" ဒီကောင်တွေက ရူးနေတာလား ဘာတုံး။ ဘာမှမဟုတ်တဲ့ ကြေးမုံပြင်တစ်ချပ်ကိုမြင်လို့ အသက်နဲ့ရင်းတဲ့ကောင်နဲ့။ သေမင်းခံတွင်းဝထဲကို ပြေးဝင်တဲ့ကောင်နဲ့ "

ပိုင်ရှောင်ချန်းက စိုးထိတ်စွာ ရပ်နေစဥ် နတ်ဆရာမှာ အနည်းငယ်မျှ တွေဝေနေတော့သည်။ အမှန်မှာ သူသည် သူ၏ မှော်ဒင်္ဂါးစေ့လေးအတွက် စိတ်မကောင်းဖြစ်နေဆဲဖြစ်သည်။ ၎င်းမှာ အောက်ဘက်ကုန်းပတ်တွင်ရှိနေပြီး သူလာရှာမည်ကို စောင့်ဆိုင်းနေသည်ဟုပင် သူကထင်နေတော့သည်။ ထို့ကြောင့် သူသည်လည်း အံကိုကြိတ်၍ အခန်းငယ်လေး၏တံခါးဆီသို့ လျှောက်သွားတော့သည်။

" စုန့်ချွဲပြောတာမှန်တယ်။ ဒီသင်္ဘောကြီးက ငါတို့ကို ဒုက္ခပေးချင်တဲ့ ပုံစံမပေါ်ပါဘူး။ တကယ်သာ ဒုက္ခပေးချင်ရင် ငါတို့သေနေတာကြာပေါ့။ အကောင်းဆုံးကတော့ အောက်ဘက်က ကုန်းပတ်တွေကို သွားပြီးအကဲခတ်ဖို့ပဲ "

ထိုသို့ဆိုကာ သူသည်အခန်းငယ်လေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်းအား ပင်မကုန်းပတ်ပေါ်တွင် တစ်ယောက်ထဲထားခဲ့တော့သည်။

သူ၏အမူအရာမှာ အချိန်နှင့်အမျှ ပို၍အရုပ်ဆိုးလာပြီး မတ်တတ်ရပ်လျက် အခန်းငယ်လေး၏ တံခါးကို စိုက်ကြည့်နေတော့သည်။

မည်သည့်အကြောင်းကြောင့်မှန်းမသိပါသော်လည်း ထိုအခန်းတံခါးမှာ အန္တရာယ်ပြုလိုသည့် ကြောက်မက်ဖွယ် သရဲပါးစပ်ကြီးတစ်ပေါက်နှင့်တူနေတော့သည်။

ထို့နောက် ရုတ်တရက် သူ ကျောချမ်းသွားရတော့သည်။

" ခဏနေပါဦး "

သူ၏ အတွေးထဲတွင် ပေါ်လာတော့သည်။

“ စုန့်ချွဲက ဘယ်တုံးကမှ စိတ်လိုက်မာန်ပါ မလုပ်ဖူးဘူး။ နတ်ဆရာလည်း အတူတူပဲ။ သူတို့သာ စိတ်လိုက်မာန်ပါ လုပ်လို့ရှိရင် ဒီကျင့်ကြံခြင်းလောကမှာ ဒီလောက်အကြာကြီး အသက်ရှင်နေနိုင်မှာမဟုတ်ဘူး။ ဒီ ထူးဆန်းတဲ့ သင်္ဘောကြီးပေါ်ရောက်မှ ဘာလို့ သူတို့ကမူမမှန်တော့တာလဲ "

သူသည် ဘေးဘီဝဲယာသို့လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ထူးဆန်းသည့်အရာ တစ်ခုတစ်လေပင် မမြင်ရပေ။ အဝေးတွင် မြူခိုးများမှာ ထူထဲနေဆဲဖြစ်ပြီး အရာရာတိုင်းမှာလည်း အရင်အတိုင်း တိတ်ဆိတ်နေဆဲ။

အချိန်ကြာမြင့်စွာ ချီတုံချတုံနှင့် တွေးတောလိုက်ပြီးနောက် အဆုံးတွင် သူသည် အံကြိတ်၍ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဤသင်္ဘောကြီးမှာ သူ့အားထွက်ခွာခွင့်မပေးသဖြင့် သူက အခန်းငယ်ထဲသို့ ဝင်ရတော့မည်ဖြစ်သည်။ စုန့်ချွဲနှင့် နတ်ဆရာတို့ အန္တရာယ်တောထဲ တိုးဝင်သွားသည်ကို သူထိုင်၍ ကြည့်မနေနိုင်ပေ။ ထို့ကြောင့် နီမြန်းနေသည့် မျက်ဝန်းများဖြင့် သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး စက္ကူလက်ဖွဲ့အဆောင် အပိုများကိုထုတ်၍ သူ၏ခန္ဓာကိုယ်အနှံ့တွင် ကပ်လိုက်တော့သည်။ ထို့အပြင် ချပ်ဝတ်တန်ဆာ အနည်းငယ်ကိုပင် ထုတ်၍ ဝတ်ဆင်လိုက်သည်။ ထို့နောက် တံခါးထဲသို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်။

ပိုင်ရှောင်ချန်း ထိုအခန်းငယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ အလယ်ရှိအလံထဲမှ အစိမ်းရောင် အသားအရည်နှင့် အစွယ်ရှည်ကြီးများကိုပိုင်ဆိုင်ထားသည့် သရဲမျက်နှာကြီးမှာ ရုတ်တရက် ပြုံးသွားတော့သည်။

All Chapters