← Chapters

တရုတ်နိုင်ငံ၏ Top Voice အစီအစဉ် စတင်ခြင

Vol. 11 Ch. 162

တရုတ်နိုင်ငံ၏ Top Voice အစီအစဉ် စတင်ခြင

Vol. 11 Ch. 162

ဤစာရေးဆရာများသည် ရဲ့လင်းချန် ထင်ထားသည်နှင့် လုံးဝ မတူချေ။ သူတို့အားလုံး ပျော်ပျော်နေတတ်သော စိတ်ထား ရှိပုံရသည်။

သိချင်စိတ်ဖြင့် သူ Rugao Under The Bridge ၏ ဝတ္ထုဖြစ်သော တောင်ကိုသိမ်း၍ ဘုရင်ဖြစ်ခြင်းကို ဖတ်ကြည့်လိုက်သည်။

*ဟင် … ဒီစာအုပ်က မဆိုးဘူးဟ*

ထို့အပြင် ဝေဖန်ချက်များကလည်း ကောင်းမွန်သည်။ ပရိသတ်အချို့နှင့် အောင်မြင်မှုလေး ရနေသော စာအုပ်ဟု ဆိုနိုင်ပေသည်။

အရေးအသားက ရယ်စရာကောင်းပြီး ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးပင်။ အထူးသဖြင့် အမျိုးအစား စုံလင်သော အစားအသောက်များကို ပြေပြစ်စွာ သရုပ်ဖော် ရေးသားထားခြင်းကြောင့် သူ ဖတ်နေစဉ်မှာပင် ဗိုက်ဆာလာရသည်။

အကယ်၍များ ဤဝတ္ထုကို ညဘက်မှ ဖတ်မိလျင် ဝိတ်လျော့နေသူ၏ ဆာလောင်စိတ်ကို ပို၍ ပြင်းပြသွား စေလောက်သည်။

*ဒီလူက အစားအသောက် ကြိုက်တဲ့လူ ဖြစ်ဖို့များတယ်*

ရဲ့လင်းချန်က Rugao Under The Bridge ၏ ပရိုဖိုင်တွင် မှတ်ချက် ဝင်ရေးလိုက်သည်။ ထို့နောက် သူ အဖွဲ့လိုက် စကားပြောခန်းမှ ထွက်လိုက်ပြီး ကီးဘုတ်ပေါ် လက်တင်၍ စရေးသားလေတော့သည်။

အခန်းလေး ပြောင်းလဲမှု။

အခန်းငါး ဝင်ရောက်ခြင်း။

အခန်းခြောက် ဆရာ။

အပိုင်း သုံးပိုင်းကို ပုံမှန်အတိုင်း ရေးလိုက်ပြီး စုစုပေါင်း စာလုံးရေ တစ်သောင်းခွဲမျှ ရှိလေသည်။

ဝတ္ထုသစ်တစ်ပုဒ် ဖြစ်သောကြောင့် ကြော်ငြာခြင်း မခံရသေးပေ။ ထု့ိကြောင့် ဖတ်ရှုသူကလည်း အနည်းငယ်သာ ရှိပြီး မှတ်ချက်ကလည်း သုံးခုသာ ရှိသည်။

ပထမ မှတ်ချက်မှာ [ငါက စာကြမ်းပိုးအိုကြီး တစ်ယောက်ပဲ၊ ဒီစာအုပ်က အစကတည်းက ငါ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်၊ နောက်ဆိုရင် ဒါ ပေါက်လာလိမ့်မယ်လို့ ငါ ယုံတယ်၊ ပထမဆုံး ကောမန့်က ငါပဲကွ]

ဒုတိယ ကောမန့်မှာ [စာရေးဆရာရေ ကျေးဇူးပြုပြီး အပိုင်းများများလေး တင်ပေးပါလို့၊ ဖတ်လို့ကောင်းနေပြီ]

တတိယကောမန့်မှာ ကြော်ငြာတစ်ခုသာ ဖြစ်သည်။

....

နှစ်ရက်ကြာသော် စုန့်ချမ်က ရဲ့လင်းချန်ထံ စာပို့လာသည်။ သူ၏ တိုက်တွန်းမှုအပြီးတွင် ပန်ဒါ ထုတ်လွှင့်ရေးက ရဲ့လင်းချန် ကမ်းလှမ်းသော ဈေးကို သဘောတူလိုက်သည်။

ပန်ဒါ ထုတ်လွှင့်ရေး၏ ရှယ်ယာရှင်များလည်း စိုးရိမ်နေကြသည်။ ဝယ်ဈေးနှင့် ပတ်သက်၍ သူတို့ စုန့်ချမ်နှင့် ညှိနှိုင်းရန် စိတ်မရှည်ကြတော့ချေ။

အဘယ်ကြောင့် တစ်ရက်ကုန်သွားလေ သူတို့အတွက် ဆုံးရှုံးမှု ပိုများလေ ဖြစ်သောကြောင့်ပင်။ သူတို့တွင် ပန်ဒါ ထုတ်လွှင့်ရေးကို လည်ပတ်ရန် ရင်းနှီးငွေ ကုန်သွားပြီ ဖြစ်သည်။ များပြားသော အကြွေးကြောင့် သူတို့ မနှောင့်နှေးရဲသလို ဆပ်လည်း မဆပ်နိုင်ကြချေ။

ဝိုင်အလှကုန် ပစ္စည်းသည်လည်း ချောချောမွေ့မွေ့ လည်ပတ်နေသည်။ ကျန်းယွင်ရှီက အဆင်ပြေ ချောမွေ့စွာ စီမံနိုင်သည်။ ဆိုင်ကို သေချာ ငှားရမ်းပြီးနောက် ပြင်ဆင်မှုများ ပြုလုပ်လေသည်။ ထိုဆိုင်သည် ယဃင်က အလှကုန် ပစ္စည်းဆိုင် ဖြစ်သဖြင့် သူတို့ ရှိပြီးသား အပြင်အဆင်ကို အနည်းငယ် အဆင့်မြင့် မွမ်းမံရန်သာ လိုအပ်ပေသည်။ သူတို့ လုပ်စရာဟူ၍ နံရံကပ်စက္ကူအသစ်များ ကပ်ပြီး ပစ္စည်းကိရိယာတစ်ချို့ ထပ်ထည့်ရန်သာ လိုအပ်သည်။

အပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် သူတို့ ခပ်မြန်မြန် လည်ပတ်နိုင်လောက်သည်။

ပိတ်ရက်တွင် ရဲ့လင်းချန်သည် မြို့တော် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနသို့ သွားလိုက်သည်။ ထိုနေရာ၌ တရုတ်ပြည်၏ Top Voice အကြိုပြိုင်ပွဲ ကျင်းပပေမည်။

ချန်ရှောင်မန်က သူမပြိုင်ပွဲသို့ လာကြည့်ရန် သူ့အား အကြိမ်ကြိမ် တောင်းဆိုခဲ့သဖြင့် ရဲ့လင်းချန် သဘောတူ လိုက်ရသည်။

ချန်ရှောင်မန်အတွက် ရဲ့လင်းချန်တွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။

ချန်ရှောင်မန်က အလွန် လှပ၍ ထူးချွန်သော မိန်းကလေး တစ်ဦး ဖြစ်ပါသည်။ ပို၍ အရေးကြီးသည့် အချက်မှာ သူ၏ ပထမဆုံးအကြိမ်ကို သူမက ယူသွားခြင်း ဖြစ်သည်။ ရဲ့လင်းချန် ထပ်တလဲလဲ ပြန်တွေးတောမိပြီး ၎င်းကို နောက်တစ်ကြိမ် ခံစားကြုံတွေ့လိုစိတ် ထက်သန်လာရသည်။

မြို့တော် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနသည် ခပ်ချွန်ချွန် မျှော်စင်ပုံစံ တည်ဆောက်ထားသည့် အဆောက်အဦး ဖြစ်ပြီး သမိုင်းမှတ်ကျောက်အလား မြင့်မားကာ ရင်သက်ရှုမောစရာပင်။

လတ်တလော၌ ရုပ်မြင်သံကြားဌာန၏ တံခါးတွင် လူများဖြင့် ပြည့်နှက်နေ၏။ အားလုံး၏ မျက်နှာတွင် စိတ်အားထက်သန်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ ပြည့်နှက်နေသည်။ အများစုသည် လူငယ် အမျိုးသားများနှင့် အမျိုးသမီးများ ဖြစ်ပြီး ဘေးဘီကို အမြဲ ကြည့်နေကြသည်။

တရုတ်နိုင်ငံ၏ Top Voice သို့ စာရင်းပေးထားသူများထဲတွင် အချို့သော အဆိုတော်များလည်း ပါသည်။ သူတို့အား နာမည်ကျော်သည်ဟု သတ်မှတ်နိုင်ပေသည်။ သူတို့အပြင် နာမည်ကျော် ဒိုင်လူကြီး လေးယောက် ရှိသည်။

ဒိုင်လေးယောက်သည် ဂီတနယ်ပယ်၏ အကျော်အမော်များ ဖြစ်သည်။ သူတို့အားလုံးက ဂီတနယ်ပယ် အသီးသီးမှ ရေပန်းစားသော အနုပညာရှင်များ ဖြစ်လေသည်။

“တရုတ်နိုင်ငံရဲ့ Top Voice ပွဲလက်မှတ်ကို ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါ့ကို‌ ကောင်းကင်ဘုံက စောင်မတာပဲ ဖြစ်မယ်”

“ချီးပဲ၊ မင်းက တအား ကံကောင်းတာပဲ ဘရိုရေ၊ ငါ့လက်မှတ်ကို မှောင်ခိုသမားဆီက ဝယ်ထားတာ၊ ဈေးကို နှစ်ဆမက ပေးလိုက်ရတယ်”

“ငါ အရမ်း စိတ်လှုပ်ရှားနေပြီ၊ ဧည့်သည်တော်ဒိုင်တွေထဲက တစ်ယောက်က ဒိုင်ဟားဟားလို့ ငါ ကြားထားတယ်”

“ဟုတ်တယ်၊ ငါ ဒိုင်ဟားဟားရဲ့ သီချင်းတွေကို နားထောင်ပြီး ကြီးလာတာ”

“ငါက ဒိုင်ဟုန်နာကို ပိုသဘောကျတယ်၊ သူက တစ်ချိန်က ဂီတဘုရင်မလေ၊ သူ့အခြေခံတွေက သိပ်ကောင်းတာ”

“ဒိုင်ဟုန်နာက အရမ်း စည်းကမ်းကြီးပြီး အညှာအတာမရှိဘူးလို့ ငါ ကြားဖူးတယ်၊ အရင်တစ်ခေါက်တုန်းက သူ ပြိုင်ပွဲဝင်ကို မျက်ရည်ကျတဲ့အထိ ဝေဖန်ခဲ့တယ် မဟုတ်လား”

“ဟုတ်တယ်၊ ငါလည်း အဲ့ဒါကို ကြားဖူးတယ်၊ သူက ပြိုင်ပွဲဝင်ကို အမှိုက်ပဲ၊ အဲ့အသံနဲ့ ဘဝမှာ ဘာမှသုံးစားလို့ ရမှာ မဟုတ်ဘူးလို့ ပက်ပက်စက်စက် ပြောပစ်တာ”

...

လမ်းတစ်လျှောက်တွင် အလွန် လူပြည့်ကျပ်နေသည်။ အားလုံးက အဖွဲ့ကိုယ်စီဖြင့် သူတို့အတွေးများကို ဆွေးနွေးလျက် ရှိသည်။

ရဲ့လင်းချန် တစ်ကိုယ်တည်း ရပ်နေပြီးနောက် ပြိုင်ပွဲကျင်းပရာ နေရာသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ ထိုသို့ သွားနေစဉ်တွင် လမ်းတစ်ဖက်တစ်ချက်စီ၌ လူတစ်ချို့က ဆိုင်များခင်း၍ အလင်းချောင်းလေးများ ရောင်းနေကြသည်။

သူတို့ အများစုသည် စီးပွားရေး အမြင်ရှိကြသော ကျောင်းသားများ ဖြစ်ပြီး အခွင့်အရေးကို အသုံးချ၍ အပိုဝင်ငွေ ရှာနေလေသည်။

လူငယ်တစ်ချို့က အလင်းများ ပါသည့် ပိုစတာတစ်ချို့အား သူတို့ကိုယ်၌ ချိတ်ထားသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။ ပိုစတာ၌ ‌ရေးထားသော စကားများက ချန်ရှောင်မန်ကို အားပေးသော စကားများ ဖြစ်သည်။

ထို့အပြင် လူတော်တော်များများကလည်း ချန်ရှောင်မန်နှင့် ပတ်သက်၍ ပြောနေကြသည်။ သူတို့သည် အင်တာနယ် ဆယ်လီဘဝမှ ရေပန်းစားလာသော သူမကို အတော်လေး အာရုံစိုက်နေသည်။ ထို့အပြင် သူမကို တေးရေးဆရာ ဝိုင်က ပံ့ပိုးပေးခဲ့သည်။ ယင်းက လူအများအား သူမ၏ ဖျော်ဖြေမှုကို မျှော်လင့်လာစေခဲ့သည်။

*ချန်ရှောင်မန်က အတော်လေး နာမည်ကြီးနေတဲ့ပုံပဲ*

ရဲ့လင်းချန် ပြုံးလိုက်မိပြီးနောက် ချန်ရှောင်မန် သူ့ဆီ ပို့ထားသော e-ticket ကိုသုံး၍ ပြိုင်ပွဲ ကျင်းပရာနေရာထဲသို့ ဝင်လိုက်သည်။

သူသည် ချောင်ကျသော ထောင့်ခုံတစ်ခုံကို ရွေးထိုင်လိုက်ပြီး တရုတ်နိုင်ငံ၏ Top Voice အစီအစဉ် စတင်လာမည်ကို ငြိမ်၍ စောင့်နေလိုက်သည်။

ခန်းမထဲ၌ ပွဲကြည့်ပရိသတ်များနှင့် ပြည့်လာသည်နှင့်အမျှ ပိုမို ဆူညံလာသည်။ ခန်းမအလယ်တွင် ကြီးမားသော စင်မြင့်တစ်ခုနှင့်အတူ ဒိုင်လူကြီးများအတွက် ခုံလေးခုံ ရှိလေသည်။

ထိုစဉ် ပြိုင်ပွဲ စင်အနောက်ဘက်ခြမ်း၌ ....

ပြိုင်ပွဲဝင်များအားလုံး ရောက်ရှိနေကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် စိုးရိမ်စိတ်တို့ ပေါ်လွင်နေကာ ပြိုင်ပွဲ စမည့် အချိန်ကို ထိုင်စောင့်နေလေသည်။

“ဘာလို့ မစသေးတာလဲ”

“ဟူး ... ငါ အရမ်း စိတ်လှုပ်ရှားနေပြီ၊ ဒိုင်တွေက စည်းကမ်း တင်းကြပ်မလား မသိဘူး”

“ငါ့ရင်တွေလည်း တဒုန်းဒုန်း ခုန်နေတာ၊ ငါ ရုတ်တရက်ကြီး ပေါက်သွားမလား၊ ပေါက်သွားရင် ဘယ်လိုလုပ်ရမလဲ၊ ဒုက္ခများလိုက်တာ”

“အား ... ငါ ဘယ်လို သီချင်းဆိုရမလဲ၊ ငါသာ ပထမနေရာ ရမယ်ဆိုရင်ကွာ ...”

...

ပြိုင်ပွဲဝင်များအားလုံး အတွေးကိုယ်စီ ရှိနေကြပြီး အချင်းချင်း စကားစမြည် ပြောနေကြသည်။

သို့သော် သူတို့၏ အကြည့်က တစ်ဖက်မှ မိန်းမပျိုလေးတစ်ယောက်ထံ မကြာခဏ ရောက်သွားတတ်သည်။ ထိုမိန်းမပျိုလေးသည် သူမအလှအပကို ထင်ပေါ်စေသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမအသွင်အပြင်က အလွန် မျက်စိ ပသာဒ ဖြစ်လှသည်။ သူမ၏ တစ်မီတာ ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိဘဲ အနီးအနားမှ လူများ၏ ဖယ်ကျဉ်ခြင်း ခံထားရသည့် ပုံပင်။

“အဲ့ဒါ ချန်ရှောင်မန် မဟုတ်လား၊ အင်တာနယ် ဆယ်လီကနေ ကြယ်ပွင့် ဖြစ်လာတယ်ဆိုတော့ အတော်လေး ကံကောင်းတာပဲ”

“ဟုတ်တယ် ငါတို့အားလုံး သီချင်းဆိုဖို့ အနိမ့်ဆုံးအဆင့်ကနေ တက်လာရတာ၊ သူကတော့ ဒီလက်မှတ်ကြီး ပေါက်လိုက်သလိုပဲ”

“အဲ့ဒါကလည်း သူ ဝိုင်နဲ့ တွေ့ခဲ့လို့ပါ၊ ဝိုင်နဲ့ တွေ့ခဲ့တဲ့လူက ငါ ဖြစ်မယ်ဆိုရင် သူ့ထက် ပိုကောင်းအောင် ငါ လုပ်နိုင်တယ်”

“ဟီးဟီး ငါလည်း အဲ့လိုထင်တာပဲ”

ချန်ရှောင်မန်၏ ကျော်ကြားမှုက ဤလူများထက် သာ၏။ သူမသည် ရုတ်တရက် လူသိများလာခဲ့သလို သီချင်းဆိုလည်း ကောင်းသလို လှလည်း လှသည်။ ထို့ကြောင့် သူမသည် အခြားသူများ၏ ဖယ်ကျဉ်ခြင်း ခံရတော့သည်။

ပြိုင်ဆိုင်လိုစိတ် ပြင်းကြသူများ ဖြစ်သဖြင့် သူမသည် ယခုအခြေအနေ၌ မည်သူနှင့်မှ မိတ်ဆွေဖွဲ့နိုင်စွမ်းမရှိ ဖြစ်နေ၏။

ထို့အပြင် ချန်ရှောင်မန်၏ လျင်မြန်စွာ ကျော်ကြားလာခြင်းကြောင့် သူတို့အများစုက ပိုအားကျနေခဲ့ကြပြီး သူမနှင့် သူတို့ကြား၌ စည်းခြားထားသလို ဖြစ်နေလေသည်။

ချန်ရှောင်မန်သည် အခြားသူများ သူမကို ဘယ်လို ဆက်ဆံသလဲ ဆိုသည်ကို အရေးမစိုက်ချေ။ သူမပုံက ဂရုမစိုက်ပုံပေါ်ကာ တည်ငြိမ်နေ၏။ သို့သော် သူမစိတ်ထဲတွင် လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ မတည်မငြိမ် ဖြစ်နေ၏။

အထူးသဖြင့် သူမဖုန်းကို ကြည့်လိုက်သောအချိန်ပင်။ သူမမျက်နှာက ချက်ချင်း နီမြန်းလာပြီး မျက်လုံးများ စိုစွတ်လာကာ ငိုလုမတတ် ဖြစ်သွားရသည်။

သူမ ဝေ့ပေါ်မှနေ၍ စာတို ရလာခြင်း ဖြစ်သည်။

[ငါ ရောက်နေပြီ၊ အကောင်းဆုံး ကြိုးစားပါ]

ပို့လာသူက ဝိုင်ပင်။

ရိုးရှင်းသော စာလေး ဖြစ်သော်လည်း ချန်ရှောင်မန်သည် သူမကိုယ်တွင်းသို့ လျှပ်စီးကြောင်း စီးဆင်းလာသလို ခံစားလိုက်ရပြီး ရင်ထဲ နွေးထွေးလာသည်။

*သူ တကယ် လာတာပဲ*

တစ်ချိန်တည်းမှာပင် ဝန်ထမ်းတစ်ယောက်က အထဲဝင်လာပြီး သူတို့ကို သတိပေးလာသည်။

“အားလုံး အသင့်ပြင်ထားကြပါ၊ ပွဲစပါတော့မယ်”

“သူ စိတ်ပျက်သွားအောင် ငါ လုပ်လို့ မဖြစ်ဘူး”

ချန်ရှောင်မန်၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

All Chapters