← Chapters

နံရံဆေးရေးပန်းချီကားနှင့် ထာဝရအသက်ရှည်နည်းပညာရပ်

Vol. 9 Ch. 859

နံရံဆေးရေးပန်းချီကားနှင့် ထာဝရအသက်ရှည်နည်းပညာရပ်

Vol. 9 Ch. 859

ထိုအခန်းလေး၏အဝင်ဝတွင် အောက်သို့ဆင်းနိုင်သည့် လှေကားတစ်ခုရှိသည်။ ပိုင်ရှောင်ချန်းက အတွင်းသို့ရောက်သွားသောအခါ စုန့်ချွဲကို မတွေ့သော်လည်း လှေကား၏ အောက်ခြေတွင် နတ်ဆရာအား လှမ်းမြင်လိုက်ရသည်။

သူသည် ရှေ့သို့ ပြေးသွားပြီး သတိကြီးကြီးထားလျက် လှေကားအောက်သို့ဆင်းသွားသဖြင့် ပင်မ ကုန်းပတ်ကြီး၏ အောက်ဘက်ရှိ ပထမဆုံး ကုန်းပတ်ပေါ်သို့ ရောက်သွားတော့သည်။

ကုန်းပတ်နံပါတ်တစ်အပေါ်သို့ သူခြေထောက်ချလိုက်သည်နှင့် ဘေးပတ်ပတ်လည်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည့် စုန့်ချွဲနှင့် နတ်ဆရာတို့ကို မြင်လိုက်ရသည်။

သူတို့နှစ်ယောက်စလုံး ဘေးမသီရန်မခ ရှိနေသည့်အချက်ကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားရသည်။ သူက လုံးဝ တွေဝေမနေပဲ သူတို့၏ဘေးသို့ ပြေးသွားလိုက်သည်။

ကုန်းပတ်နံပါတ်တစ်မှာ အကျယ်ကြီးမဟုတ်ပဲ အဝေးတစ်နေရာတွင်ရှိသော အောက်ဘက်သို့ဆက်ဆင်းနိုင်သည့် အခြားလှေကားတစ်ခုမှလွဲ၍ ပင်မကုန်းပတ်ကဲ့သို့ပင် ဟာလာဟင်းလင်းကြီး ဖြစ်နေသည်။

သို့သော် နံရံများတွင်မူ ဧရာမနံရံဆေးရေးပန်းချီတစ်ခု ရေးထိုးထားသည်။

ထိုပန်းချီမှာ ကောင်းကင်ကြီးတစ်ခုပုံဖြစ်သည်။ ၎င်းမှာ သာမန်ကောင်းကင်ပြာတစ်ခု မဟုတ်ပဲ လှိုင်းများဖြင့် ဖုံးလွှမ်းနေသည့် သမုဒ္ဒရာကြီးတစ်စင်းနှင့် ပို၍တူနေသည်။ ဟိုတစ်နေရာ သည်တစ်နေရာ မျောလွင့်နေသည့် တိမ်တိုက်များသာမပါရှိပါက ၎င်းမှာ ကောင်းကင်ကြီးတစ်ခု၏ ပုံဖြစ်ကြောင်းကိုပင် ပိုင်ရှောင်ချန်း သတိထားမိမည်မဟုတ်ပေ။

အံ့အားသင့်ဖွယ်အကောင်းဆုံးအချက်မှာ ထိုဧရာမ နံရံဆေးရေးပန်းချီကြီးတွင် လက်ကြီးတစ်ဖက်၏ ပုံလည်းပါနေခြင်းဖြစ်သည်။ ထိုလက်ကြီးမှာ ကောင်းကင်ကြီး၏ တစ်ဝက်နီးပါးအထိ ဖုံးလွှမ်းထားပြီး ကောင်းကင်ပေါ်မှနေ၍ အောက်ဘက်ရှိ မြေပြင်ကြီးအား ဖိထားသည်။

ထိုနံရံဆေးရေးပန်းချီအား ကြည့်လိုက်ရုံနှင့် ပိုင်ရှောင်ချန်း၏ အသိစိတ်များ ချာချာလည်သွားရသည်။ မည်သည့်အကြောင်းကြောင့်တော့မသိသော်လည်း သူ၏ ရင်ထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် ဖိအားတစ်ခုဖြင့် ပြည့်နှက်သွားတော့သည်။

ထို့အပြင် ထိုလက်ကြီးမှာ ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အစွမ်းများပိုင်ဆိုင်ထားသဖြင့် သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်များကင်းမဲ့နေသည့်အလား ဖြစ်သွားတော့သည်။

ထိုပန်းချီထဲရှိ မြေပြင်ကြီးမှာ ပက်ကြားအက်ကာ အက်ကွဲနေသည်။ ထိုမြေပြင်ပေါ်တွင် သေခြင်းတရားကို ကြောက်ရွံ့နေသည့် အရိပ်အယောင် အနည်းငယ်လေးမျှပင် မရှိသော အမူအရာများကို ပိုင်ဆိုင်ထားသည့် အံ့အားသင့်ဖွယ် လူ့ဘီလူးကြီးသုံးကောင် ရပ်နေသည်။ ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် ထိုဧရာမလက်ကြီးကို တုံ့ပြန်တိုက်ခိုက်ရန် ထိုလူ့ဘီလူးကြီးများမှာ သူတို့၏လက်များအားလုံးကို ဆန့်ထုတ်ထားကြသည်။

ပန်းချီထဲတွင် ၎င်းထက် ပို၍မပါပေ။ ပိုင်ရှောင်ချန်းမှာ ၎င်း၏အဓိပ္ပါယ်ကို မသိသလို စုန့်ချွဲနှင့် နတ်ဆရာတို့မှာလည်း ထိုနည်းတူပင်။ သို့သော် ထိုပန်းချီကြီးကို ကြည့်ရသည်မှာ တုန်လှုပ်ဖွယ်ကောင်းနေသည်တော့ အမှန်ပင်။

အချိန်အကြာကြီး ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ ပထမဆုံး အသိစိတ်ပြန်ဝင်လာသူဖြစ်သည်။ သူသည် ဖြူဆုတ်နေသည့်မျက်နှာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီး သူ၏အသိစိတ်မှာလည်း ကြောက်ရွံ့မှုများ၊ နာကျင်မှုများနှင့်အတူ ချာချာလည်နေပြီဖြစ်သည်။

" နံရံဆေးရေးပန်းချီတစ်ခုက ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားရတာလဲ။ နှလုံးသားနဲ့ ဝိညာဥ်ထဲအထိကို ထိုးဖောက်နေတာပါလား "

ထိုအချိန်တွင် စုန့်ချွဲနှင့် နတ်ဆရာတို့မှာ မျှော်လင့်ချက်များကင်းမဲ့ကာ နီမြန်းနေသော မျက်ဝန်းများဖြင့် တုန်တုန်ရီရီဖြစ်နေဆဲ။ ထို့ကြောင့် သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့၏ခန္ဓာကိုယ်ထဲသို့ စွမ်းအားများကို ထည့်သွင်းလိုက်သည်။

ထိုအခါ စုန့်ချွဲမှာ အသားများ တုန်ရီသွားပြီး ပါးစပ်ထဲမှ သွေးများစီးကျလာကာ အသိစိတ်ပြန်ဝင်လာတော့သည်။ သူသည် နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားပြီး သူ၏အမူအရာမှာ ဇဝေဇဝါဖြစ်နေတော့သည်။ နတ်ဆရာ၏ ကျင့်ကြံခြင်းအခြေခံမှာ လက်ရှိတွင် စုန့်ချွဲ၏ ကျင့်ကြံခြင်းအခြေခံနှင့်ပင် အကွာကြီးရှိနေသေးသဖြင့် သူ၏ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်လာပြီး ပုံခနဲ လဲကျသွားသည်။

" ဒါဘယ်လို နံရံဆေးရေးပန်းချီကြီးလဲ "

သူသည် အသက်ကိုပင် ကြိုးစားရှူနေရပြီး ၎င်းအားထပ်၍ မကြည့်ရဲတော့ပေ။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏အပေါင်းအပါများကိုကြည့်လိုက်ပြီး နတ်ဆရာမှာ သူနှင့်ပိုနီးကြောင်း သိလိုက်သဖြင့် သူ့အနားသို့ကပ်လိုက်သည်။

" ဒီနေရာကြီးက တော်တော် ကြောက်စရာကောင်းတာပဲ " သူက ဆိုလိုက်သည်။

" နောက်ပြန်လှည့်ရအောင်။ သင်္ဘောပေါ်ကဆင်းဖို့နည်းကို ပင်မကုန်းပတ်ပေါ်မှာ ရှာလို့ရပါတယ်။ ငါတို့အောက်ကိုဆင်းတာနဲ့ ပိုပြီးကြောက်စရာကောင်းလာမယ်လို့ ငါခံစားနေရတယ် "

သို့သော် ပိုင်ရှောင်ချန်း၏ နှုတ်မှ ထိုစကားများထွက်လာသည်နှင့် စုန့်ချွဲမှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး ကုန်းပတ်နံပါတ်နှစ်ဆီသို့ သွားနိုင်သည့် လှေကားဆီသို့ ဦးတည်သွားတော့သည်။ လျှပ်တစ်ပြက်အတွင်း သူသည် ထိုလှေကားဆီသို့ရောက်သွားပြီး ချက်ချင်းပင်ဆင်းသွားတော့သည်။

နတ်ဆရာမှာလည်း ထိုနည်းတူပင် ပိုင်ရှောင်ချန်းအား လျစ်လျူရှုကာ ပြေးထွက်သွားသည်။ ပိုင်ရှောင်ချန်းက လက်ကိုဆန့်၍ နတ်ဆရာအားလှမ်းဆွဲလိုက်သည်။ သို့သော် ထိုအချိန်တွင် နတ်ဆရာသည် နောက်သို့ချာကနဲလှည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော မျက်နှာအမူအရာကြီးဖြင့် ဟစ်ကြွေးလိုက်၏။

ထိုအခါ အစိမ်းရောင်အရေပြားနှင့် အစွယ်ရှည်ကြီးများကို ပိုင်ဆိုင်ထားသည့် သရဲမျက်နှာတစ်ခု နတ်ဆရာ၏ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ သူ၏လက်ကို စွမ်းအားတစ်ခုက တွန်းကန်လိုက်သည့်အလား ခံစားလိုက်ရပြီး နတ်ဆရာမှာ လှေကားအောက်သို့ ပြေးဆင်းသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားပြီး သူ၏မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခု ပေါ်လာတော့သည်။ သူစောစောက ဆိုခဲ့သောစကားများမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်မဟုတ်ပါလော။

ပင်မကုန်းပတ်ပေါ်တွင် ရှိခဲ့စဥ်ကတည်းက တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း သူကသတိထားမိခဲ့သဖြင့် အဖြေထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤသင်္ဘောကြီးမှာ နတ်ဆရာနှင့် စုန့်ချွဲတို့ နှစ်ဦးစလုံးကို ထိန်းချုပ်နေသည်မှာ အမှန်ပင်။

" စောစောက အဲဒီ အစိမ်းရောင်အသားအရေနဲ့ အစွယ်ရှည်သရဲက အပြင်ဘက်က အလံပေါ်မှာရှိတဲ့သရဲနဲ့ တစ်ပုံစံထဲပဲ "

ထိုသို့တွေးလိုက်ပြီး ပင်မကုန်းပတ်ပေါ်သို့ပြန်တက်ရန် လှေကားဘက်သို့လှည့်လိုက်သောအခါ ထိုလှေကားမှာ မရှိတော့သည်ကို တွေ့လိုက်ရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများထသွားပြီး မျက်နှာမှာလည်း အသက်မရှိတော့သည့်အလား ဖြူဆုတ်သွားသည်။ ရုတ်တရက် ထိုနေရာကြီးမှာ ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး သူ၏နှလုံးသားမှာလည်း ဗုံတစ်လုံးကဲ့သို့ ကျယ်လောင်စွာ ခုန်နေတော့သည်။

" ဘာလုပ်ရပါ့။ ဘာလုပ်ရပါ့မလဲကွာ "

သူသည် သင်္ချိုင်းစောင့်ကြီး သူ့အားပေးခဲ့သည့် အမိန့်ပေးဆွဲပြားအား တင်းကြပ်နေအောင် ဆုပ်ကိုင်ထားရုံမှတစ်ပါး အခြားမလုပ်နိုင်တော့ပေ။ ထိုဆွဲပြားထဲတွင် သူ၏မျှော်လင့်ချက်အားလုံးကို ပုန်အောထားတော့သည်။

" ငါက ငရဲဧကရာဇ်ရဲ့ ဆရာကွ။ ဒီကမ္ဘာမှာ ငါ့ကို ရန်စရဲတဲ့ သရဲနဲ့ ဝိညာဥ်တစ်ကောင်မှ ရှိမှာမဟုတ်ဘူး။ "

သူသည် ငိုမဲ့မဲ့ဖြင့် ရောင်စုံခြယ် မီးတောက်တစ်ခုအားထုတ်လိုက်ပြီး ကြိုးစား၍ သတ္တိမွေး လိုက်သည်။ ထို့နောက် အံကြိတ်၍ နောက်ကုန်းပတ်သို့ သွားနိုင်သော လှေကားဆီသို့ ဦးတည်သွားတော့သည်။

တစ်ယောက်ထဲရှိနေသည့်အချက်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။ ထို့အပြင် စုန့်ချွဲနှင့် နတ်ဆရာတို့ အထိန်းချုပ်ခံနေရသည်ကို သူက ဘာမှမလုပ်ပဲထိုင်ကြည့်မနေနိုင်ပေ။

" သောက်ကျိုးနည်းပါကွာ။ ဒီလိုသာဖြစ်မယ်မှန်းသိရင် အဏ္ဏဝါခေါ်သံဂိုဏ်းကို ငါ့ဟာငါ တစ်ယောက်ထဲပြန်ပါတယ် "

နောင်တများကြောင့် တဆစ်ဆစ်နာကျဥ်နေလျက် လှေကားဆီသို့ သတိကြီးကြီးဆက်သွားကာ အောက်တွင်ရှိသော ကုန်းပတ်နံပါတ်နှစ်သို့ ရောက်သွားတော့သည်။

ထိုနေရာသို့ရောက်သွားသည်နှင့် သူသည် အတတ်နိုင်ဆုံး သတိကြီးကြီးထားလိုက်၏။သူ၏ကျင်ကြံခြင်းအခြေခံအား လည်ပတ်စေလိုက်ပြီး မူမမှန်သော အရာများရှိနေမည်စိုးသဖြင့် သူ၏နတ်ဘုရားအာရုံကို အရပ်မျက်နှာ အနှံ့သို့ ထုတ်လွှတ်လိုက်သည်။ နံရံဆေးရေးပန်းချီနှင့်တူသော အရာမျိုးကြောင့် ထပ်မံ အံ့သားသင့်ရန် ဆန္ဒလုံးဝမရှိတော့ပေ။

သို့သော် ကုန်းပတ်နံပါတ်နှစ်မှာ သူထင်ထားသည်နှင့် အနည်းငယ် မတူညီပေ။ အန္တရာယ် ဖြစ်စေနိုင်သည့် အရာတစ်စုံတစ်ရာပင် ရှိသည့်ပုံမပေါ်ပေ။ ထို့အပြင် ၎င်းမှာ ကုန်းပတ်နံပါတ်တစ်ထက်လည်း များစွာပို၍ကြီးမားနေသည်။

နံရံဆေးရေးပန်းချီများမရှိပဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် အဝါရောင် ဖယောင်းတိုင်မီးရောင်ကြောင့် ထိုနေရာကြီးမှာ အနည်းငယ်မျှ မှေးမှိန်နေသည်။

ထို့အပြင် ကုန်းပတ်၏ အလယ်တွင် လှုပ်ကုလားထိုင် တစ်လုံးရှိနေသည်။

၎င်းမှာ ငြိမ်သက်စွာနှင့် မလှုပ်မယှက်ရှိနေပြီး သာမန်ကုလားထိုင် တစ်လုံးအတိုင်း။ ထိုလှုပ်ကုလားထိုင်၏ ရှေ့တွင် အရိုးစုသာသာ ရှိတော့သော ရုပ်အလောင်းနှစ်ခုရှိနေသည်။

သူတို့မှာ ကုလားထိုင်ကြီး၏ ရှေ့တွင် ဒူးထောက်နေကြပြီး ရုပ်အလောင်းတစ်ခုမှာ အမျိုးအသားတစ်ယောက်ဖြစ်ဟန်တူပြီး အခြားတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဖြစ်ဟန် တူသည်။ အရိုးစုတစ်ခုမှာ ရွှေသားဖြင့်ထုဆစ်ထားသကဲ့သို့ဖြစ်နေပြီး အခြားတစ်ခုမှာမူ သလင်းကျောက်ကဲ့သို့ဖြစ်နေသည်။ သူတို့မှာ ဒူးထောက်နေကြပါသော်လည်း ခန္ဓာကိုယ်အနေအထားကို ကြည့်လိုက်ပါက သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့ထားသည့်ပုံပေါ်နေသည်။

ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းလှပါသော်လည်း ပွေ့ဖက်နေသည့် ထိုအရိုးစုနှစ်ခု၏ ဦးခေါင်းများမှာ ပေါင်းစည်းနေသည့်အချင်းအရာကြောင့် ပို၍ပင် ထူးခြားဆန်းပြားနေသည်။ ထိုပေါင်းစည်းခြင်းမှာ မပြီးမြောက်သေးပေ။ တစ်ဝက်အထိသာ ပေါင်းစည်းရသေးသည်။ သို့သော် ထူးခြားဆန်းကြယ်နေဆဲ။

ထိုမြင်ကွင်းတစ်ခုထဲကြောင့် ပိုင်ရှောင်ချန်း၏နှလုံးသားကို အကြောက်တရားများက ဖုံးလွှမ်းသွားတော့သည်။ ထို့အပြင် စုန့်ချွဲနှင့် နတ်ဆရာတို့မှာ ထိုအရိုးစုနှစ်ခု၏ ရှေ့တွင် မလှုပ်မယှက် ရပ်နေကြသည်။

" သူတို့ရော အဲဒီလိုမျိုး ပေါင်းစည်းသွားတော့မှာလား "

ပိုင်ရှောင်ချန်းမှာ လက်ရှိဖြစ်ရပ်များကို နားမလည်နိုင်သော်လည်း ဤနေရာကြီးမှာ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်စရာကောင်းပြီး ထူးခြားဆန်းကြယ်နေကြောင်း အပြည့်အဝယုံကြည်သွားတော့သည်။

ဤအခြေအနေတစ်ရပ်လုံးမှာ ထူးဆန်းနေသည်လည်းဖြစ်၍ သူ၏နှလုံးခုန်နှုန်း မြန်လာတော့သည်။ ထိုမြင်ကွင်းကို ခေတ္တမျှ လေ့လာအကဲခတ်လိုက်ပြီးနောက် သူ၏အကြည့်မှာ စုန့်ချွဲနှင့် နတ်ဆရာတို့ထံမှ ရွှေရောင် အရိုးစုဆီသို့ ရောက်သွားတော့သည်။

၎င်းအား သေသေချာချာကြည့်ရှုလိုက်သောအခါ သူ၏မျက်လုံးများမှာ ပြူးသွားရတော့သည်။

" ဒါ... ထာဝရအသက်ရှည်ခြင်း ပညာရပ်ရဲ့ အငွေ့အသက်ပဲ။ ဒီအရိုးစုက ထာဝရအပိုင်းရဲ့ သရုပ်သကန်ပဲ။ "

ပိုင်ရှောင်ချန်း၏အတွေးထဲတွင် အကြောက်တရားများမှာ လှိုင်းတံပိုးများကဲ့သို့ ရိုက်ခတ်နေပြီဖြစ်သဖြင့် သူ၏ လည်စလုတ်မှာ အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်နေ၏။ သူ၏အဆိုမှာလည်း လုံးဝမမှားပေ။ သူသည် သွေးဘိုးဘေးကြီးနှင့် ဤရွှေရောင်အရိုးစုကြီးကဲ့သို့ ထာဝရအသက်ရှည်ခြင်းပညာရပ်၏ ထာဝရအပိုင်းကို ကျင့်ကြံခဲ့သည် မဟုတ်ပါလော။

" ဒီ ရွှေရောင်အရိုးစုက ထာဝရအပိုင်းကို ကျွမ်းကျင်တတ်မြောက်ခဲ့တာဆိုရင် ဟိုသလင်းကျောက် အရိုးစု ကျင့်ကြံခဲ့တာက… "

ချက်ချင်းပင် သလင်းကျောက်အရိုးစုနှင့် ရုပ်အလောင်းကြီးမှာ ထာဝရအသက်ရှင်နေနိုင်သော အရာတစ်ခုကဲ့သို့ ၎င်းထဲတွင် များပြားလှသော သက်စောင့်အားများကျန်ရှိနေသေးကြောင်း သူကသိလိုက်ရသည်။

" အသက်ရှည်ခြင်းအပိုင်းပဲ " ထာဝရအသက်ရှည်ခြင်းပညာရပ်ကို ထာဝရအပိုင်းနှင့် အသက်ရှည်ခြင်းအပိုင်းအဖြစ် ခွဲထားကြောင်းကို ပိုင်ရှောင်ချန်းက အစထဲကသိသည်။ သို့သော်သူသည် အသက်ရှည်ခြင်းအပိုင်းကို တစ်ခါမျှပင် မကြုံတွေ့ခဲ့ဖူးပဲ ထာဝရအပိုင်းကိုသာ တွေ့ခဲ့ဖူးသည်။ ထာဝရအသက်ရှည်ခြင်းပညာရပ်ကို ကျင့်ကြံထားထားသည့် ရုပ်အလောင်းနှစ်ခုစလုံးကို မထင်မှတ်ပဲ တွေ့လိုက်ရမည်ဟု သူကလုံးဝမထင်ထားပေ။

သူ၏အသိစိတ်ထဲတွင် မိုးကြိုးအချက်ပေါင်း မရေမတွက်နိုင်လောက်အောင် ပစ်ခတ်နေသည့်အလား ဖြစ်နေတော့သည်။ သို့သော် ထာဝရအပိုင်းနှင့် အသက်ရှည်ခြင်းအပိုင်းတို့ကို အသီးသီး ကျင့်ကြံထားသည့် ဤအရိုးစုနှစ်ခုမှာ အဘယ့်ကြောင့် သူတို့၏ဦးခေါင်းများအား ပေါင်းစည်းနေကြသည်ကို မသိနိုင်လောက်အောင်ဖြစ်နေတော့သည်။

ထိုအချိန်တွင် စောစောက မလှုပ်မယှက် ရပ်နေသည့် လှုပ်ကုလားထိုင်ကြီးမှာ ရုတ်တရက် ရှေ့နောက်ယိမ်းခါလာသဖြင့် သူ ကျောချမ်းသွားရပြီး ကြက်သီးမွေးညင်းများ ထလာတော့သည်။

ထို့အပြင် ထိုကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်၏ အရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။

All Chapters