သရဲ
Vol. 9 Ch. 860
သရဲရွက်သင်္ဘောကြီး၏ ကုန်းပတ်နံပါတ်နှစ်မှာ သုဿာန်တစပြင်အလား တိတ်ဆိတ်နေသည်။ ထိုလှုပ်ကုလားထိုင်လေး ရှေ့နှင့်နောက် ဖြည်းညင်းစွာ ယိမ်းထိုးသွားသောအခါတွင် ပိုင်ရှောင်ချန်း၏ ရင်ထဲတွင် ကြက်သီးမွေးညင်းထစရာကောင်းသော ခံစားချက်များနှင့် ပြည့်နှက်သွားသည်။
သူသည် ခေါင်းအစခြေအဆုံး တုန်ရီနေပြီး မအော်ဟစ်မိစေရန် မနည်းထိန်းထားရသည်။
ထိုကုလားထိုင်ပေါ်တွင် မည်သူမှ မထိုင်နေသည်မှာ အသေအချာဖြစ်သော်လည်း လူတစ်ယောက်ရှိနေသည့်အလား လှုပ်ယမ်းနေသည်။ ထို့အပြင် ၎င်းပေါ်တွင် ဖြူဆွတ်နေသောမျက်နှာဖြင့် အဘွားကြီးတစ်ယောက်၏ မသဲမကွဲပုံရိပ်တစ်ခုရှိနေပြီး သူမသည် သူ့အားကြောက်မယ်ဖွယ် ပြုံး၍ ကြည့်နေသည်မှာ သေချာကြောင်း ပိုင်ရှောင်ချန်းက ခံစားနေရသည်။
" သရဲတစ်ကောင်ပါလား "
ပိုင်ရှောင်ချန်းမှာ အော်ဟစ်လိုက်၏။ သူသည် ရင်တဒိန်းဒိန်းခုန်နေပြီး စုန့်ချွဲနှင့် နတ်ဆရာတို့အား ဆွဲခေါ်လိုက်ကာ သူနှင့်အတူခေါ်၍ လှုပ်ကုလားထိုင်၏အဝေးသို့ ပြေးထွက်သွားတော့သည်။
သူ၏ အပေါင်းအပါ နှစ်ယောက်မှာ လုံးဝအသိစိတ် မရှိတော့သည့်အလား။ သူတို့၏ မျက်ဝန်းများမှာ အသက်မဲ့နေကြပြီး ပိုင်ရှောင်ချန်းက သူတို့အားဆွဲခေါ်သွားသောအခါ သူတို့၏ ခန္ဓာကိုယ်များမှာလည်း အတောင့်လိုက်ဖြစ်နေကြသည်။
တချိန်ထဲမှာပင် ထိုလှုပ်ကုလားထိုင်လေးမှာ ရှေ့နှင့်နောက် ပို၍ လျင်မြန်စွာ ယိမ်းထိုးလာနေသည်။
ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ အရိုးစုနှစ်ခုမှာ တုန်ရီသွားကြပြီး ရွှေရောင်နှင့် သလင်းကျောက်ရောင်များဖြင့် တောက်ပလာကြတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ငိုကြွေးနေ၏။ လှုပ်ကလားထိုင်လေး ယိမ်းထိုးနေသည့် မြင်ကွင်းကြောင့် သူ၏ဦးရေခွံမှာ ထုံကျဥ်နေရပြီဖြစ်သည်။ စုန့်ချွဲနှင့်နတ်ဆရာတို့အား သူ၏အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး လှေကားဆီသို့ ပြေးကာ အပေါ်ကုန်းပတ်သို့ တက်သွားတော့သည်။
သူသည် လျင်မြင်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း လှေကားထိပ်သို့ ရောက်သွားတော့သည်။ နောက်ဆုံးလှေကားထစ်ကို ခုန်ကျော်လိုက်သည်နှင့် တပြိုက်နက် သူ၏အမြင်အာရုံများ ဝေဝါးသွားရတော့သည်။ ထို့နောက် သူ စိတ်အေးလက်အေးနှင့် သက်ပြင်းမချရသေးခင်မှာပင် သူ၏မျက်လုံးများက အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်အလား ပြူးကျယ်သွား၏။
သူသည် အရိုးစုနှစ်ခုနှင့် လှုပ်ကုလားထိုင်တစ်လုံးကို ကြည့်နေဆဲဖြစ်ကြောင်း တုန်လှုပ်ခြောက်ခြားဖွယ်ရာ သိလိုက်ရသည်။ သူက ကုန်းပတ်နံပါတ်နှစ်အပေါ်တွင် ရှိနေဆဲ။
လှုပ်ကုလားထိုင်လေးမှာ ရှေ့နှင့်နောက် လျင်မြန်စွာယိမ်းထိုးနေပြီး ဤအကြိမ်တွင် ၎င်းဆီမှ ထူးဆန်းသော ညည်းသံတစ်သံကို ကြားနေရသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားရသည်။
" ဘယ်လိုတောင် ဒီလိုတွေဖြစ်နေရတာလဲကွာ "
သူသည် ချာခနဲလှည့်ကာ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားနှစ်မျိုးစလုံးကိုထုတ်၍ လှေကားအောက်သို့ ပြေးဆင်းသွားတော့သည်။ သို့သော် လှေကားအောက်ဆုံးသို့ရောက်သွားသောအခါ သူ၏အမြင်အာရုံမှာ ထပ်မံ ဝေဝါးသွားပြီး ရှင်းရှင်းလင်းလင်း ပြန်မြင်နိုင်သောအခါတွင် သူက အရိုးစုနှစ်ခုနှင့် ထိုလှုပ်ကုလားထိုင်တို့ကို ကြည့်နေဆဲ။
ကုန်းပတ်နံပါတ်နှစ်မှာသာ ရှိနေဆဲ။
မည်သို့ သူလုပ်ဆောင်သည်ဖြစ်ပါစေ ကုန်းပတ်နံပါတ်နှစ်ပေါ်သို့သာ သူ ပြန်ရောက်လာမည်ဖြစ်သည်။ ယခုတွင်မူ လှုပ်ကုလားထိုင်မှာ အပြင်းအထန် ယိမ်းထိုးနေပြီဖြစ်သဖြင့် သူ့အားဖမ်းရန်ပြင်နေသည့်အလား အရှေ့သို့ စောင်းလာတော့သည်။
ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်း၍ မေ့လဲလုမတတ်ဖြစ်နေတော့သည်။ သူသည် အသံကုန်အော်ဟစ်လိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်း၍ ထိုလှုပ်ကုလားထိုင်ဆီသို့ လေပြင်းတစ်ချက် စေလွှတ်လိုက်သည်။
သို့သော် ထိုလေမှာ ကုလားထိုင်ကို ကျော်ဖြတ်သွားသည်သာဖြစ်သည်။ ယခုတွင်မူ ဤအခြေအနေသည် သေးရေရှင်ရေးဖြစ်နေပြီဖြစ်ကြောင်း သူကသိလိုက်သည်။ ထိုလှုပ်ကုလားထိုင် သူ၏အနီးသို့ ရောက်လာပြီး သူ့အသက်အား မနှုတ်ယူခင် ဤနေရာမှ ချက်ချင်းထွက်ခွာသွားရမည်ဖြစ်သည်။
" အရဲစွန့်ဖို့အချိန်ရောက်ပြီ "
သူသည် လှစ်ခနဲ ထပ်မံလှုပ်ရှားလိုက်ပြီး ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်အထိ လှေကားပေါ်သို့ပြန်၍ပြေးတက်သွားသည်။ ဤအကြိမ်တွင်မူ သူသည် လှေကားထစ်အဆုံးအထိ မတက်သွားပေ။ သူ၏လက်သီးကိုဆုပ်လိုက်ပြီး အနက်ရောင်လေပွေတစ်ခု ပေါ်ထွက်လာစေလိုက်သည်။
သူ၏ပတ်ပတ်လည်မှ လေထုကြီးမှာ ချက်ချင်းပင် တွန့်လိမ် ကွေးကောက်သွားသည်။ သူသည် သေမင်းနွံတောထဲရှိ သရဲရွက်သင်္ဘောကြီးပေါ်တွင် ရောက်နေသည်ဖြစ်သော်လည်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်အချို့မှာ ကျန်ရှိနေဆဲပင်။ သို့သော်လည်း အနက်ရောင်လေပွေကြီးထံမှ ဆွဲငင်အားကြောင့် ထိုစွမ်းအင်များမှာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား၊ သူ၏ချီနှင့်သွေးတို့အပြင် သူ၏ဝိညာဥ်တို့နှင့်အတူ စုပ်ယူခံလိုက်ရသည်။
သူ၏နောက်တွင် တော်ဝင်ဝတ်ရုံတစ်ခုနှင့် တော်ဝင်သရဖူတစ်ခုကို ဆင်မြန်းထားသည့် မသဲကွဲသော ပုံရိပ်တစ်ခုပေါ်လာသည်။ တချိန်ထဲမှာပင် အထက်စီးဆန်သော အငွေ့အသက်တစ်ခုလည်း ပေါ်ပေါက်လာသည်။
၎င်းမှာ သူ၏ထာဝရဧကရာဇ် လက်သီးပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ထာဝရအရိုးအဆင့်၏ မဟာစက်ဝန်းတွင် ရောက်နေပြီဖြစ်၍ သူ၏ ဤလက်သီးချက်ထဲမှ ထုတ်လွှတ်နိုင်သော စွမ်းအားပမာဏမှာ အရင်လို နှစ်ဆမဟုတ်ပဲ ငါးဆတိတိ ရှိနေပြီဖြစ်သည်။
သူ့သာမန်အား၏ ငါးဆဆိုသည်မှာ နှောင်းပိုင်းနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် မှင်တက်သွားစေနိုင်သော ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းအားမျိုးကို သူ့အား ပေးစွမ်းနိုင်သည်။
" ပွင့်စမ်း "
သူသည် လှေကားထစ်များအား လက်သီးဖြင့်ထိုးချလိုက်ပြီး အော်ဟစ်လိုက်သည်။
သူထိုသို့ထိုးချလိုက်သောအခါ အရိပ်ပုံစံနှင့် ဧကရာဇ်ကြီးမှာလည်း သူနှင့်အတူ ပူးပေါင်းသွားသဖြင့် သူတို့၏ လက်သီးများမှာ တစ်ခုနှင့်တစ်ခု ထပ်သွားပြီး ဧရာမတိုက်ကွက်ကြီးတစ်ခုအသွင်ပြောင်းသွားတော့သည်။
ဝုန်းး
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဧရာမနဂါးကြီးတစ်ကောင်၏ အော်သံကဲ့သို့ အသံတစ်သံလည်း ဟိန်းထွက်လာသည်။ သူ၏လက်သီးချက်မှာ လှေကားပေါ်သို့ကျဆင်းသွားသောအခါတွင် ၎င်းမှာ ကြေးမုံပြင်တစ်ချပ်ကဲ့သို့ကြေမွသွားပြီး ထွက်ပေါ်လာသည့်အပေါက်ထဲသို့ ခုန်ချလိုက်လေသည်။
ထိုအခါ သူ၏အမြင်အာရုံမှာ ဝေဝါးသွားပြီး ပြန်လည်ရှင်းလင်းသွားသောအခါ နေရာသစ်တစ်ခုသို့ ရောက်သွားတော့သည်။
သူသည် ကုန်းပတ်နံပါတ်နှစ်ပေါ်တွင် မရှိတော့သည်ကို သိလိုက်ရသဖြင့် စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်တော့သည်။
" ဒါ ဘယ်လိုနေရာကြီးလဲကွာ။ ဒီကို မလာခဲ့သင့်ဘူး။ သေမင်းနွံတောထဲကိုတောင် မလာခဲ့သင့်ဘူးကွာ " သူ၏နှလုံးသားထဲတွင် နောင်တများဖြင့် ပြည့်နေပြီဖြစ်ပြီး သင်္ချိုင်းစောင့်ကြီးက သူ့အားရောင်းစားသွားပြီဟုပင် ထင်စပြုလာတော့သည်။ သေမင်းနွံတောထဲတွင် ဤကဲ့သို့ ကြောက်စရာ ကောင်းသော ရွက်သင်္ဘောကြီးရှိနေသည်ကို သူသိပါက လုံးဝလာခဲ့မည်မဟုတ်ပေ။
သို့သော် သူ့တွင် ရွေးချယ်စရာ မရှိခဲ့သည်မဟုတ်ပါလော။ စုန့်ချွဲနှင့် နတ်ဆရာတို့ အသိစိတ်လွတ်နေသည်မှာ အသေအချာပင်။ အကယ်၍သူသာ သူတို့ကိုဆွဲခေါ်၍ သူ၏အိတ်ထဲသို့ မထည့်ခဲ့ပါက သူတို့နှစ်ယောက်မှာ ကုန်းပတ်နံပါတ်နှစ်ပေါ်တွင်သာ ရှိနေဦးမည်ဖြစ်သည်။
" ငါ ဘာလုပ်ရမှာလဲ "
သူသည် ငိုမဲ့မဲ့ ဖြစ်နေ၏။ ထာဝရဧကရာဇ် လက်သီးကိုသုံးလိုက်ရသည့်အတွက် သူ၏အပြင်အား ကုန်ဆုံးသွားရပြီဖြစ်သည်။ သို့သော်လည်း သူသည် ယခုတွင် ထာဝရအရိုး၏မဟာစက်ဝန်းအဆင့်တွင် ရောက်နေပြီဖြစ်၍ ယခင်ကကဲ့သို့ ကြောက်ခမန်းလိလိ အင်အင်ချည့်နဲ့နေသကဲ့သို့ မခံစားရတော့ပေ။
သူသည် စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်ပါသော်လည်း တစ်ခဏအကြာတွင် ထို စိတ်အေးမှုများပျောက်ကွယ်သွားရပြီး ထပ်မံတုန်လှုပ်သွားပြန်သည်။ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကုန်းပတ်နံပါတ်နှစ်လည်းမဟုတ်၊ တစ်လည်းမဟုတ်သည့် နေရာသို့ရောက်နေကြောင်း သိလိုက်ရ၍ အသိစိတ်များမှာ ချာချာလည်သွားတော့သည်။
သူသည်မည်သည့်ကုန်းပတ်ပေါ်တွင်မှ ရှိနေသည်မဟုတ်ပေ။ သီးသန့် အခန်းငယ်လေးတစ်ခန်းထဲသို့ ရောက်နေသည်။ အမျိုးသမီး အဝတ်လဲခန်းတစ်ခန်းထဲဖြစ်လေသည်။
ထိုအခန်းထဲတွင် ဖုန်မှုန့်များ၊ ပင့်ကူအိမ်များ တက်နေသည့် ယိုယွင်းပျက်ဆီးနေသော ကုတင်တစ်လုံးရှိပြီး ၎င်း၏ဘေးတွင် အလှပြင်စားပွဲတစ်လုံးရှိသည်။
ထိုစားပွဲမှာ ရှေးဟောင်းဆန်နေပြီး ဖုန်များလည်းတက်နေသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများရှိနေပြီး ထောင့်တစ်ထောင့်ဆိုလျှင် ခုတ်ထစ်ခံထား၍ ကျိုးပြတ်နေသည်။ ထို့အပြင် သေသေချာချာ ကြည့်ရှုလိုက်ပါက ၎င်းအပေါ်တွင် ခြောက်ကပ်နေသည့် အမည်းရောင်သွေးများရှိနေသည်ကို မြင်နိုင်သည်။
ထိုစားပွဲပေါ်တွင် ကြေးမုံပြင်တစ်ချပ်ထောင်ထားပြီး ၎င်းမှာလည်း အက်ကွဲကြောင်းများ ဗရပွနှင့်ပင်။ ထူးဆန်းသည်မှာ ဤတစ်ခန်းလုံးတွင် ထိုကြေးမုံပြင်တစ်ချပ်သည်သာလျှင် ဖုန်မတက်နေသည့်အရာဖြစ်သည်။
ဤအဝတ်လဲခန်းထဲတွင် ကုတင်တစ်လုံး၊ အလှပြင်စားပွဲတစ်လုံးနှင့် ကြေးမုံပြင်တစ်ချပ်တို့သာရှိသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ တုန်ရီစပြုလာတော့သည်။
အဘယ့်ကြောင့်ဆိုသော် သူထိုစားပွဲကို ကြည့်မိလိုက်သည့်အခါတွင် သီချင်းသံကိုကြားလိုက်ရသောကြောင့်ပင်။
၎င်းမှာ သူယခင်ကကြားခဲ့သည့် မိမိ၏ ကလေးငယ်က မိမိ၏လက်ကို စားပစ်ခဲ့သည့် မိခင်တစ်ယောက်၏အကြောင်းကို ရေးဖွဲ့ထားသော သီချင်းပင်ဖြစ်သည်။
သူရပ်နေသည့်အခန်းထဲတွင် သီဆိုနေသည့်အလား ထိုသီချင်းသံအား ကြည်လင်ပြတ်သားစွာကြားနေရသည်။
" မင်းဘယ်သူဖြစ်ဖြစ် ငြိမ်ငြိမ်နေနော်။ ငါ့တပည့်က ငရဲဧကရာဇ်ကွ "
သူသည် ချုံးပွဲချ ငိုချလိုက်ချင်နေပြီဖြစ်ပြီး အလျင်အမြန်ပင် နောက်သို့လှည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ ကုန်းပတ်နံပါတ်နှစ်မှ ထွက်ခွာခဲ့ပြီးနောက် ဤသရဲရွက်သင်္ဘောကြီးတစ်စင်းလုံး၏ ဗဟိုချက်သို့ ရောက်လာသည့်ပုံပင်။
ဤအဝတ်လဲခန်းမှာ သီချင်းသံထွက်ပေါ်နေသည့်နေရာဖြစ်သည်။
အတိအကျဆိုလျှင် ထိုအလှပြင်စားပွဲဆီမှ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။