ထပ်ဝယ်ဦးမလို့လား
Vol. 29 Ch. 281
“သူတို့ ထွက်သွားကြပြီ”
အနီးကပ်စောင့်ကြည့်နေကြသော အင်မော်တယ်ဘုရင်ရဲ့ရန်၊ တင်းရွေ့ နှင့် အခြားသူများသည် လှေပျံထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည်။
“ဦးတည်ရာကိုကြည့်ရတာ ဖေးရှန်ဂိုဏ်းကိုပြန်တဲ့ပုံမပေါ်ဘူး”
သို့သော်လည်း မြောင်ယွီ မအံ့ဩပေ။
“သူတို့က ယူမဟာမိတ်အဖွဲ့ရဲ့ အဓိကလုပ်ကြံသတ်ဖြတ်ရမယ့်ပစ်မှတ်တွေ ဖြစ်သွားပြီ။ ဂိုဏ်းကိုပြန်သွားတာက ရန်သူတွေရှာရဖွေရပိုလွယ်ကူအောင်လုပ်ပေးသလို ဖြစ်သွားလိမ့်မယ်”
“ငါသာသူတို့နေရာမှာဆိုရင်လည်း ယူမဟာမိတ်အဖွဲ့ရဲ့ ဩဇာစက်ဝန်းပြင်ပကို အမြန်ဆုံးသွားပုန်းမှာပဲ”
လှေပျံပျောက်ကွယ်သွားမှသာ အင်မော်တယ်ဘုရင်ရဲ့ရန် သက်ပြင်းချလိုက်တော့သည်။
“မကြာခင်မှာ သူတို့နာမည်က အလယ်အင်မော်တယ်လောကတစ်ခုလုံးမှာ ဟိုးဟိုးကျော်သွားတော့မယ်။ အဆင့် ၈ အင်မော်တယ်ရတနာရဲ့ ဆွဲဆောင်မှုကိုခုခံနိုင်တဲ့သူ မရှိလောက်ဘူး”
“ဒီကိစ္စကြောင့် အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေအများကြီး ကျင့်ကြံခြင်းကနေ ထွက်လာကြလိမ့်ဦးမယ်”
“အခုတော့ သူဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲဆိုတာ စောင့်ကြည့်ရုံပဲ”
တင်းရွေ့က ရုတ်တရက်ဆိုသည်။
“ဒါပေမဲ့ ဒီလူက အင်မော်တယ်ကံကြမ္မာတိုကင်တွေ အများကြီးဝယ်ထားတာပဲ။ သူပုန်းနေရင်တောင် ဆယ်နှစ်တစ်ကြိမ်ဆိုရင်တော့ မိသွားမှာပဲမဟုတ်လား”
ထိုမေးခွန်းက မြောင်ယွီကိုပင် အတွေးနက်သွားစေသည်။ သို့သော် မည်သို့ပင်စဉ်းစားစေကာမူ နားမလည်နိုင်ခဲ့ချေ။
သူတို့၏ခန့်မှန်းချက်များမှာ မှားယွင်းခြင်းမရှိ။ တန်းဟွာမြို့တွင် အဆင့် ၈ အင်မော်တယ်ရတနာ ပေါ်ထွက်လာသည့်သတင်းမှာ လျင်မြန်စွာပြန့်နှံ့သွား၏။
ထိုအင်မော်တယ်ရတနာ၏စွမ်းအားကိုလည်း တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပိုမိုချဲ့ကားပြောဆိုကြသည်။
ထိုအဆင့် ၈ အင်မော်တယ်ဓားကိုရရှိပါက အလယ်အင်မော်တယ်လောကတွင် အနှိုင်းမဲ့ဖြစ်လာလိမ့်မည်ဟူသော ကောလာဟလများပင် ထွက်ပေါ်လာ၏။
သတင်းကြားသည်နှင့် လူပေါင်းများစွာမှာ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး ယင်းတို့အနက် အထင်ရှားဆုံးမှာ ယူမဟာမိတ်အဖွဲ့ပင်။
ယူမဟာမိတ်အဖွဲ့၏နောက်ကွယ်ရှိ မိစ္ဆာဘုရင်သုံးပါးနှင့် အင်မော်တယ်ဘုရင်တစ်ပါးတို့မှာလည်း သတိပြုမိသွားကြပြီဟုဆိုကြ၏။
မိစ္ဆာအရှင်မြတ်အများအပြား အသတ်ခံလိုက်ရသဖြင့် ဤကြီးမားသော မြေအောက်အဖွဲ့အစည်းမှာ အလွန်အမင်းဒေါသထွက်နေပြီး သွေးချောင်းစီးတိုက်ပွဲကြီးတစ်ခုမှာ မလွဲမသွေဖြစ်ပေါ်တော့မည်။
ထိုအချိန်တွင် ဖေးရှန်ဂိုဏ်းသို့ပင် သတင်းရောက်လာ၏။
ဂိုဏ်းအတွင်းရှိ အကြီးအကဲများနှင့် တပည့်များမှာ တန်းဟွာမြို့တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို သိရှိသွားသောအခါ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး အမြဲတစေ ကြောက်ရွံ့နေကြရတော့သည်။
ဘိုးဘေးကြီးကျန်းက အဆင့် ၈ အင်မော်တယ်ရတနာကို ပိုင်ဆိုင်ထားတာလား...
သူကတိုက်ပွဲတစ်ခုတည်းမှာတင် မိစ္ဆာအရှင်မြတ်ဆယ်ယောက်ကို သတ်ခဲ့တယ်လား...
ဤအရာမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။
သို့သော် ယခုအချိန်မှာ သူတို့အံ့ဩနေရမည့်အချိန်မဟုတ်။ ယူမဟာမိတ်အဖွဲ့ဟူသောဘီလူးကြီး၏ ခြိမ်းခြောက်မှုက သူတို့ဦးခေါင်းပေါ်တွင် ဝဲပျံနေသည်။
“ငါတို့ ဘာလုပ်သင့်သလဲ။ ယူမဟာမိတ်အဖွဲ့ဆိုတာ ငါတို့ခုခံနိုင်တဲ့အရာမျိုးမဟုတ်ဘူး”
“ဒီထဲမှာ တစ်ခုခုနားလည်မှုလွဲတာမျိုးရှိနေမလား”
“ယူမဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုရှာပြီး တောင်းပန်ဖို့ လက်ဆောင်ပြင်ဆင်ရင်ရော ဘယ်လိုလဲ”
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မိစ္ဆာအရှင်မြတ်ဆယ်ယောက် သေသွားပြီလေ။ ဒီကိစ္စမှာ ညှိနှိုင်းစရာမရှိတော့ဘူး”
“ဒါပေမဲ့ ငါတို့က ယူမဟာမိတ်အဖွဲ့နဲ့ စကားပြောဖို့တောင် အရည်အချင်းမပြည့်မီဘူးလေ”
“ဘိုးဘေးကြီးကျန်းက ဘာလို့ပြန်မလာသေးတာလဲ။ သူက အင်မော်တယ်ကံကြမ္မာတိုကင်တွေကို ဆက်ဝယ်ဖို့ကြံနေတာလား”
“ဒါကရူးသွပ်မှုပဲ။ ဓားတစ်လက်တည်းနဲ့ အင်မော်တယ်ဘုရင်ရှေ့မှာ အသက်ရှင်နိုင်မယ်လို့ သူတကယ်ထင်နေတာလား”
အကြီးအကဲများမှာ အိုးပူတိုက်ခံထားရသောပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်တကြီးဖြစ်နေကြသော်လည်း ဂိုဏ်းချုပ်ယွမ်ရှန့်နှင့် အကြီးအကဲချုပ်ယွမ်ရှန့်တို့မှာ အေးအေးဆေးဆေးရှိနေကြပြီး အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိ။
“မင်းတို့ပုံစံကိုကြည့်ဦး။ ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ တည်ငြိမ်မှုပျက်နေကြတာလား။ မင်းတို့ရဲ့သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ”
“လက်ဆောင်တွေပြင်ဆင်မယ် ဟုတ်လား။ ဘိုးဘေးကြီးရဲ့မျက်နှာကို အိုးမည်းသုတ်ဖို့ကြံနေကြတာလား”
မည်သူ့ကိုကြောက်နေရမည်နည်း။ ဘိုးဘေးကြီးမှာ အင်မော်တယ်ဧကရာဇ်ကို သတ်ဖူးသူဖြစ်သည်။
သူသည် အလယ်အင်မော်တယ်လောကတွင် အနှိုင်းမဲ့ဖြစ်ပြီး စိတ်အလိုရှိရာသွားလာနိုင်သူ မဟုတ်ပါလား။
အကယ်၍ အထက်အင်မော်တယ်လောကက သတိပြုမိသွားမည်ကိုမစိုးရိမ်ရလျှင် ဤအဖိုးကြီးနှစ်ယောက်မှာ ထိုကိစ္စကိုလူသိရှင်ကြားကြေညာပြီး ဘိုးဘေးကြီးနောက်သို့ ခေါင်းမော့ရင်ကော့ကာ လိုက်ပါနေကြမည်မှာကြာလေပြီ။
ယွမ်ရှန့်က မထီမဲ့မြင်အမူအရာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။
“မိစ္ဆာဘုရင်တွေနဲ့ အင်မော်တယ်ဘုရင် အနည်းငယ်လောက်ကို ဒီလောက်တောင် ကြောက်နေရတာလား”
“မင်းတို့က အသက်ကြီးလာလေ ပိုညံ့လာလေပဲ”
အကြီးအကဲများမှာ ဆွံ့အသွား၏။
မိစ္ဆာဘုရင်အနည်းငယ်ဟုတ်လား...
ဂိုဏ်းချုပ်ကြီးကိုယ်တိုင်က အင်မော်တယ်အရှင်မြတ်အဆင့်ပဲ ရှိသေးတာလေ...
အင်မော်တယ်ဘုရင်တွေကိုအထင်သေးဖို့ ဘယ်ကယုံကြည်မှုတွေရနေတာလဲ...
“ဂိုဏ်းချုပ်၊ အကြီးအကဲချုပ်... ခင်ဗျားတို့နှစ်ယောက်လုံး ရူးသွားကြပြီလား”
“ဒီတစ်ကြိမ်မှာ နည်းနည်းလေးမှားလိုက်တာနဲ့ တစ်ဂိုဏ်းလုံးပျက်စီးသွားနိုင်တယ်”
ယွမ်ရှန့်က အစ်ကိုကြီးချန်၏ဟန်ပန်အတိုင်း စိတ်မရှည်စွာဖြင့်လက်ဝှေ့ယမ်းပြလိုက်သည်။
“တော်စမ်း... တော်စမ်း... စိတ်အေးအေးထားကြစမ်းပါ။ ကျင့်ကြံစရာရှိတာ သွားကျင့်ကြ။ ဒီလိုအသေးအမွှားကိစ္စတွေကို စိတ်ပူမနေကြနဲ့”
“ဘိုးဘေးကြီးရှိနေသရွေ့ ဖေးရှန်ဂိုဏ်းက မင်းတို့ထင်ထားတာထက် အဆပေါင်းရာချီ ပိုပြီးခိုင်မြဲနေလိမ့်မယ်”
အကြီးအကဲများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤအရာကို အသေးအမွှားကိစ္စဆိုသလား...
ဒုတိယအကြီးအကဲယွမ်ရှုက တိုးတိုးတိတ်တိတ် မေးမြန်းလိုက်၏။
“ဘိုးဘေးကြီးကလည်း အင်မော်တယ်ဘုရင်ဖြစ်နေလို့လား”
ကျန်းချန်၏ ယခုတစ်ကြိမ်တိုက်ပွဲမှတ်တမ်းမှာ သူတို့ကိုအလွန်အံ့အားသင့်စေခဲ့သည်။
ထို့အပြင် သူတို့သည် အစကတည်းက ဤဘိုးဘေးကြီးကိုအထင်သေးခဲ့မိကြောင်း သတိပြုမိသွား၏။
“အချိန်မတန်သေးဘူး”
ယွမ်ရှန့်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ပြုံးပြီးပြောလိုက်သည်။
“မင်းတို့ နောင်ကျရင် အလိုလိုနားလည်လာကြမှာပါ”
ထိုအချိန်တွင် ကျန်းချန်နှင့် အခြားသူများသည် ကောင်းကင်နယ်မြေနှစ်ခုကို ဖြတ်ကျော်ခဲ့ကြပြီး ထျန်းရှူးဂိုဏ်း၏ အခြားဌာနခွဲတစ်ခုသို့ ရောက်ရှိနေကြလေပြီ။
တံခါးထဲသို့ဝင်လိုက်သည်နှင့် အင်မော်တယ်အစေခံတစ်ဦးက ထုံးစံအတိုင်းကြိုဆိုရန် ရှေ့ထွက်လာ၏။
အစ်ကိုကြီးချန်ကတော့ မျှော်လင့်ထားသည့်အတိုင်း သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်လေသည်။
“ငါ အင်မော်တယ်ကံကြမ္မာတိုကင်တွေ ဝယ်ချင်တယ်။ ဒီမှာရှိသမျှ အကုန်ယူမယ်”
လင်ဟန်ဟန်၊ ယွမ်ကျဲ နှင့် အခြားသူများမှာ မျက်နှာကိုလက်နှင့်အုပ်ထားကြတော့သည်။
မျှော်လင့်ထားသည့်အတိုင်း သူဟန်ထုတ်နေဆဲ။
ခင်ဗျားက အရမ်းအစွမ်းထက်တယ်ဆိုရင်တောင်မှ အတတ်နိုင်ဆုံးလူမသိအောင်နေပေးပါလား။
သို့သော်လည်း စုရဲ့နှင့် စုမန်တို့မှာ အခွင့်အရေးကိုလက်လွတ်မခံဘဲ ဝိုင်းဝန်းမြှောက်ပင့်ကြတော့သည်။
“ဘိုးဘေးကြီးက တကယ့်ကို သူရဲကောင်းပါပဲ”
“ဘိုးဘေးကြီးကလွဲလို့ တခြားဘယ်သူကမှ ဒီလောက်အများကြီးကို တစ်ခါတည်းဝယ်ရဲမှာမဟုတ်ဘူး”
“ဟုတ်တာပေါ့... ဘိုးဘေးကြီးက ဘာကိုမှမကြောက်တတ်ဘူးလေ”
သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ အစေခံနှင့် ဆိုင်အတွင်းရှိ အခြားဖောက်သည်များမှာ ထိုစကားများကြောင့် မှင်သက်သွားကြ၏။
သို့သော်လည်း ယခုတစ်ကြိမ်တွင် လှောင်ပြောင်သံများထွက်ပေါ်မလာခဲ့ပေ။
သတင်းမှာ လူထက်ပိုမြန်သဖြင့် တန်းဟွာမြို့ရှိ ကျန်းချန်၏လုပ်ဆောင်ချက်များမှာ ဤနေရာသို့ပြန့်နှံ့နေပြီးဖြစ်သည်။
သူ့ကိုမမြင်ဖူးသော်ငြား အင်မော်တယ်ကံကြမ္မာတိုကင်အားလုံးကို ဝယ်ယူနေသူအကြောင်းကြားသည်နှင့် လူတိုင်းက သူ့ကိုသတိရကြ၏။
“ဒါက ကျန်း အမည်ရတဲ့လူလား”
“ယူမဟာမိတ်အဖွဲ့ရဲ့ မိစ္ဆာအရှင်မြတ်ဆယ်ယောက်ကို သတ်ခဲ့တဲ့သူလား”
“သူက တန်းဟွာမြို့မှာရှိတဲ့ တိုကင်တွေအကုန်ဝယ်ခဲ့တယ်လို့ကြားတယ်။ သူ ပုန်းနေလိမ့်မယ်လို့ ငါထင်ထားတာ၊ အခုတော့ ထပ်ဝယ်ဖို့လုပ်နေပြန်ပြီလား”
“ဒီလူက ရူးနေတာလား။ သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ”
“မြန်မြန်သွားကြစို့။ ယူမဟာမိတ်အဖွဲ့က မကြာခင်မှာ ကလဲ့စားချေဖို့ရောက်လာတော့မှာ”
“ဘာကိုကြောက်နေတာလဲ။ ဒါက ထျန်းရှူးဂိုဏ်းလေ။ ယူမဟာမိတ်အဖွဲ့က ဘယ်လောက်ပဲအစွမ်းထက်ပါစေ ဒီထဲမှာတော့ တိုက်ခိုက်ရဲမှာမဟုတ်ဘူး”
ဆူညံလှသော ဆွေးနွေးသံများကြားတွင် အစ်ကိုကြီးချန်မှာ ထျန်းရှူးဂိုဏ်း၏အပေါ်ဆုံးထပ်သို့ ဖိတ်ခေါ်ခံလိုက်ရသည်။
ဤနေရာမှ ဌာနခွဲတာဝန်ခံယန်ဝေ့က အလျင်အမြန်ပင် ကြိုဆိုရန်ထွက်လာ၏။
“ကြိုဆိုပါတယ်... ကြိုဆိုပါတယ်”
“အရှင်ကြွရောက်လာတာ ဒီနေရာသေးသေးလေးအတွက် ဂုဏ်ယူစရာပါပဲ”
တစ်ဖက်လူ၏ ထက်သန်လှသောအမူအရာကိုကြည့်ပြီး လင်ဟန်ဟန်နှင့် အခြားသူများမှာ ဂုဏ်ယူရမလို၊ စိတ်ပျက်ရမလို ဖြစ်နေကြသည်။
ထျန်းရှူးဂိုဏ်းသည် ကြီးမားသောအုတ်မြစ်နှင့် မြင့်မြတ်သောအဆင့်အတန်းရှိသဖြင့် ၎င်းတို့၏နေရာကို ဂုဏ်တက်စေသည်ဟု ပြောဆိုခြင်းခံရသူ အလွန်ရှားပါး၏။ ဌာနခွဲတာဝန်ခံနှင့် တွေ့ဆုံနိုင်သူများမှာလည်း ပုဂ္ဂိုလ်ကြီးများသာဖြစ်ကြသည်။
ဘိုးဘေးကြီးသည် အိမ်ကထွက်လာပြီး ရက်အနည်းငယ်အတွင်းမှာပင် ထိုအဆင့်သို့ရောက်ရှိသွားလေပြီ။ သူဖန်တီးခဲ့သောပြဿနာမှာ ကြီးမားလွန်းလှသဖြင့် အလယ်အင်မော်တယ်လောကတစ်ခုလုံး ဂုဏ်သတင်းပျံ့နှံ့သွားပေတော့မည်။
တစ်ဖက်လူကလည်း ထိုကဲ့သို့အာရုံစိုက်ခံရသူမို့ အလေးထားဆက်ဆံနေခြင်းဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူ၏ထက်သန်မှုမှာ အစ်ကိုကြီးချန်ကို စိတ်မလှုပ်ရှားစေနိုင်ပေ။ သူက အားနာစရာစကားများပြောဆိုရန်ပင် ပျင်းရိနေ၏။
ဈေးမလျှော့ပေးနိုင်ဘူးဆိုရင် ဘာထူးမှာလဲ။
“မင်းတို့ဆီမှာ အင်မော်တယ်ကံကြမ္မာတိုကင် ဘယ်နှခုရှိသလဲ”
ယန်ဝေ့သည် ဖောက်သည်ပေါင်းစုံကို မြင်ဖူးထားသူဖြစ်သဖြင့် ဤကဲ့သို့ တိုက်ရိုက်ပြောဆိုခြင်းကို မအံ့ဩပေ။
“၁၂၄ ခု ရှိပါတယ်။ အရှင်က အားလုံးကိုယူမှာ သေချာပါသလား”
သူသည် ဂိုဏ်းချုပ်ရုံးထံမှ ညွှန်ကြားချက်တောင်းခံထားပြီးဖြစ်သည်။
အထက်လူကြီးများက ကျန်းချန်ဝယ်လိုပါက အားလုံးကိုရောင်းချပေးလိုက်ရန် ပြောထား၏။ မည်သို့ပင်ဖြစ်စေ ထျန်းရှူးဂိုဏ်းမှာ စီးပွားရေးလုပ်နေခြင်းမဟုတ်ပါလား။
“သေချာတာပေါ့”
ကျန်းချန်က အင်မော်တယ် ကျောက်တုံး ၁၂.၄ သန်းကို လျင်မြန်စွာရေတွက်ကာ လက်စွပ်တစ်ခုထဲထည့်၍ ပေးလိုက်သည်။
မိနစ်ပိုင်းအတွင်းမှာပင် အရောင်းအဝယ်ပြီးဆုံးသွား၏။
ထို့နောက် ကျန်းချန်သည် အင်မော်တယ်ကံကြမ္မာတိုကင်များကိုယူဆောင်ကာ ထွက်ခွာရန်ပြင်လိုက်သည်။ သူက အလွန်အလုပ်များနေသည့် ပုံစံမျိုးပင်။
အင်မော်တယ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သော ယန်ဝေ့မှာလည်း အတော်လေးဆွံ့အသွားသည်။ ခဏလောက်တောင် နားဖို့မစဉ်းစားဘူးလား။
“အရှင်က ဒီလောက်အများကြီးကို ဘာလုပ်ဖို့ရည်ရွယ်ထားသလဲဆိုတာကို သိခွင့်ရှိမလား”
ဤအကြောင်းနှင့်ပတ်သက်၍ အထက်လူကြီးများက သူ့ကိုစုံစမ်းခိုင်းထားသည်။