← Chapters

ခေါင်းဖြီးနေသော အမျိုးသမီး

Vol. 9 Ch. 861

ခေါင်းဖြီးနေသော အမျိုးသမီး

Vol. 9 Ch. 861

ပိုင်ရှောင်ချန်းက ယိုယွင်းနေသည့် အလှပြင်စားပွဲကို ထပ်ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

သူမသည် သူ့အားကျောပေးထားသဖြင့် မျက်နှာကို မမြင်ရပေ။ သူမသည် အနီရောင်ဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး သူမ၏ ရှည်လျားနက်မှောင်သည့်ဆံနွယ်များကို ဖြီးနေသည်။ ထို့အပြင် သူမသည် သီချင်းတစ်ပုဒ်ကိုပါ သီဆိုနေသေးသည်။

တုန်လှုပ်ဖွယ်ရာကောင်းသည့်အချက်မှာ သူမတွင် လက်တစ်ဖက်သာ ရှိနေခြင်းဖြစ်သည်။

သူမနှင့်အတူ ဆောင်းရာသီသို့ရောက်သွားသကဲ့သို့ အအေးဓာတ်များပါ ပေါ်ထွက်လာသည်။ သူအလန့်တကြား အော်ဟစ်မိလိုက်ပါက ထိုအမျိုးသမီးသီချင်းဆိုနေသည်ကို နှောင့်ယှက်မိသလို ဖြစ်သွားမည်စိုး၍ ပိုင်ရှောင်ချန်းမှာ သူ၏ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။

သူသည် အလွန်အမင်း ကြောက်လန့်နေပြီဖြစ်သည်။ ဤအမျိုးသမီးအား ပြန်လည်တိုက်ခိုက်ရန်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အဆင့်မမြင့်သေးကြောင်း ရုတ်တရက် အာရုံခံမိလိုက်သည်။ သူမကြောင့် သူသည် ကောင်းကင်ဘုံမှ တောင်ကြီးတစ်လုံး၏ ချေမွခြင်းကို ခံနေရသကဲ့သို့ ခံစားနေရသည်။

အဘယ့်ကြောင့် သူက ဤကဲ့သို့ ထူးခြားဆန်းပြားသော အခြေအနေများထဲသို့ အမြဲတမ်း ရောက်နေရသနည်းဟုတွေးကာ သူ၏မျက်ဝန်းထဲတွင် မျက်ရည်များဝဲတက်လာပြီး ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။ သူသည် ထွက်ပြေးချင်နေပါသော်လည်း အခန်းကို ဝေ့ကြည့်လိုက်သောအခါ တံခါးတစ်ပေါက်မှမရှိသလို ထွက်ပေါက်တစ်ခုကိုမှလည်း ရှာမတွေ့ပေ။

" ဘာလုပ်ရပါ့။ ဘာလုပ်ရပါ့မလဲကွာ "

သူသည် စိတ်ထဲတွင် ငိုကြွေးနေတော့သည်။ ရုတ်တရက် ထိုအမျိုးသမီးမှာ အခန်းထဲတွင် သူမတစ်ယောက်ထဲ ရှိနေသည်မဟုတ်ကြောင်း သတိထားမိသွားဟန်တူပြီး ခေါင်းဖြီးနေခြင်းကိုရပ်လိုက်သည်။ သီချင်းဆိုနေသည်ကိုပင် ရပ်တန့်လိုက်၏။

ပိုင်ရှောင်ချန်း၏ နှလုံးခုန်နှုန်းမြန်ဆန်လာတော့သည်။

" ဆရာမကြီး တွေးနေသလို မဟုတ်ပါဘူးဗျ " သူ၏နှုတ်မှ လွှတ်ကနဲ ထွက်သွားသည်။ ထို့နောက် သူက ဗလုံးဗထွေးနှင့် ဆက်ပြောလိုက်သည်။

" ကျွန်တော်က ခင်ဗျားကို နှောင့်ယှက်ဖို့ စိတ်ကူးမရှိပါဘူး။ ဟေးးး ကျွန်တော်ကလည်း အရေးပါတဲ့ လူတစ်ယောက်နော်။ ကျွန်တော့် တပည့်က ငရဲဧကရာဇ်ဗျ။ သင်္ချိုင်းစောင့်ကြီးကိုရော သိလား။ သူက ကျွန်တော့် ကို ဒီနေရာ လွှတ်လိုက်တာ "

ထိုအမျိုးသမီးဆီမှ သူခံစားနေရသည့် ဖိအားမှာ ကောင်းကင်ဧကရာဇ်ထံမှ ခံစားနေရသည့် ဖိအားထက်ပင် သာလွန်နေသည်။

သူ၏ ရှင်းပြချက်မှာ မရှင်းလင်းမည်စိုး၍ ထပ်ပြောလိုက်ပြန်သည်။

" ကျွန်တော်က ဒီကိုလာချင်တာတောင် မဟုတ်ဘူးဗျ။ ကျွန်တော့်ကို မရှိသလိုပဲ သဘောထားလိုက်။ ခ...ခင်ဗျားရဲ့ အသံက တကယ်ကောင်းတာပဲ။ နားဝင်ချိုနေတာပဲဗျာ "

ထိုအချိန်တွင် ထိုအမျိုးသမီးမှာ သူ့ဘက်သို့မျက်နှာလှည့်လိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ရတော့သည်။

သူမ၏မျက်နှာတွင် နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တို့သာမက အခြားတစ်စုံတစ်ရာပင် လုံးဝမရှိပေ။

လုံးဝ ဗလာကျင်းနေသည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းများပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူသည် စီခနဲကျယ်လောင်စွာ အော်မြည်ရင်း နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားပြီး သူ၏ အမိန့်ပေးဆွဲပြားကို ရှေ့သို့ဆန့်ထုတ်လိုက်တော့သည်။ ထိုအခါ အနက်ရောင်အလင်းတန်းများ ဖိတ်စင်ထွက်ပေါ်လာပြီး သူ၏အမြင်အာရုံ ဝေဝါးသွားတော့သည်။

တချိန်ထဲမှာပင် သူသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး သီးသန့်အခန်းလေးထဲမှ ပျောက်ကွယ်သွားတော့သည်။

သူ အခြားတစ်နေရာတွင် ပြန်ပေါ်လာသောအခါ သူစောစောကရှိနေခဲ့သည့်နေရာကို ဆံနွယ်ပေါင်းများစွာက လေကိုခွင်း၍ ခုတ်ထစ်လိုက်သဖြင့် တဖောက်ဖောက်မြည်သံများ ထွက်လာတော့သည်။

ထိုဆံနွယ်တစ်ချောင်းတိုင်းဆီတွင် နတ်အဆင့်ထက် သာလွန်နေသည့်စွမ်းအားများ စီးဝင်နေသည်။

ပိုင်ရှောင်ချန်းသာ ထိုနေရာတွင်ကျန်ရစ်ခဲ့ပြီး အခုတ်ထစ်ခံလိုက်ရပါက သေဆုံးသွားမည်မှာအမှန်ပင်။

အနည်းငယ်ကြာသောအခါ ထိုဆံနွယ်များမှာ တွန့်လိမ်သွားကြပြီး ပျောက်ကွယ်သွားသည်။ ထိုစဥ် အလှပြင်စားပွဲရှိ မျက်နှာမပါသော အမျိုးသမီးမှာ ကွဲအက်နေသည့် ကြေးမုံပြင်ဘက်သို့ ပြန်လှည့်သွားပြီးနောက် တဖြည်းဖြည်း သူမ၏ဆံနွယ်များကိုပြန်ဖြီး၍ သီချင်းဆိုနေပြန်တော့သည်။

ပိုင်ရှောင်ချန်း ပြန်ပေါ်လာသောအခါတွင် သူသည် ကောင်းကင်တံတားဒေသ၏ အရှေ့ပိုင်းမြစ်ဝကျွန်းပေါ်ဒေသနှင့် နှစ်ရက်တာခရီးသာဝေးသော အရိုးပင်လယ်အပေါ်သို့ ရောက်နေပြီဖြစ်သည်။

သူ၏ခန္ဓာပြန်လည်ဖြစ်တည်သွားသောအခါ သူ၏မျက်ဝန်းထဲတွင် အသက်မဲ့နေသည့် အမူအရာတစ်ခုကိုမြင်နိုင်သည်။ သို့သော် ထိုအမူအရာမှာ ချက်ချင်းကွယ်ပျောက်သွားတော့သည်။ သူသည် ပင့်သက်ရှိုက်လိုက်ပြီး ဘေးဘီဝဲယာကိုအကဲခတ်လိုက်သောအခါ သင်္ဘောကြီးပေါ်တွင် ရှိမနေတော့ကြောင်း သိလိုက်ရသည်။ စောစောက ဖြစ်ပျက်သွားခဲ့သည့်အရာများမှာ သွေးလေခြောက်ခြားကာ ထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်း သို့မဟုတ် အိပ်မက်တစ်ခုဖြစ်ခဲ့သည့်ပုံပင်ပေါ်နေသည်။

သို့သော် ၎င်းမှာ ထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်းမဟုတ်ကြောင်း သူကသေချာနေသည်။ သရဲရွက်သင်္ဘောကြီးဖြစ်စေ၊ ဆံပင်ဖြီးနေသည့် မျက်နှာမဲ့အမျိုးသမီးဖြစ်စေ၊ ထိုအရာရာတိုင်းမှာ လွန်စွာ စစ်မှန်နေခဲ့သည်။ ထိုအခါမှ သူသည် အလွန်ကံကောင်းကြောင်း သိလိုက်တော့သည်။

" သင်္ချိုင်းစောင့်ဘိုးဘိုးကြီးက မညာဘူးပဲကွ "

သူသည် အကြောက်မပျယ်သေးဘဲ အမိန့်ပေးဆွဲပြားအား ငုံ့ကြည့်လိုက်ပြီး ထိုအရာကြောင့်သာ သူသေခြင်းတရားထံမှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်သည်။

" ဒီ သေမင်းနွံတောက တကယ့်ကို မိစ္ဆာဆန်တဲ့ နေရာကြီးပဲ။ ပြီးတော့ စောစောက အဲဒီသရဲမကရော ဘာတုံး "

သူမအားတွေးလိုက်မိရုံနှင့် သူ၏နှလုံးသားထဲတွင် အကြောက်တရားများ ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် သူ၏ အိတ်ကို ပုတ်လိုက်ပြီး စုန့်ချွဲနှင့် နတ်ဆရာတို့ကို ဆွဲထုတ်လိုက်သည်။

" ဒါ မင်းတို့ရဲ့အပြစ်တွေချည်းပဲ " သူကငေါက်လိုက်သည်။

" ငါသာမင်းတို့နှစ်ယောက်ကို မကယ်ရင် ငါအန္တရာယ်နဲ့ ကြုံမှာတောင် မဟုတ်ဘူး "

စုန့်ချွဲနှင့်နတ်ဆရာတို့မှာ အပြင်သို့ရောက်လာသည်နှင့် အသိစိတ်များပြန်ဝင်လာကြသည်။

စုန့်ချွဲက နှာခေါင်းကိုပွတ်၍ တအံ့တသြဆိုလိုက်တော့သည်။

" ဘာဖြစ်သွားတာတုံးဟ။ ငါတို့က သင်္ဘောအပြင်ဘက်ကို ရောက်နေတာပါ့လား။ ဘာလို့ ငါဘာမှ မမှတ်မိရတာလဲ "

နတ်ဆရာမှာ ခေတ္တမျှ တွေဝေသွားပြီး နားမလည်နိုင်သည့်အမူအရာဖြင့် ပိုင်ရှောင်ချန်းအားကြည့်၍ ဆိုလိုက်သည်။

" ပင်မကုန်းပတ်ပေါ် ရောက်နေတာကိုတော့ ငါမှတ်မိတယ်။ ဒါပေမဲ့ တံခါးပေါက်ကိုဖြတ်ပြီးတဲ့နောက် ဘာဆက်ဖြစ်လဲဆိုတာ ငါလုံးဝမမှတ်မိတော့ဘူး "

ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး အောက်ဘက်ရှိကုန်းပတ်များတွင် ဖြစ်ပျက်ခဲ့သည့်အရာတိုင်းကို သူတို့အားပြန်ပြောပြလိုက်တော့သည်။ ထိုအခါ သူတို့မှာ မျက်လုံးများပြူးသွားကြပြီး ပင့်သက်များပင် ရှိုက်နေကြတော့သည်။

ထိုဇာတ်လမ်းမှာ အံ့သြဖွယ်ကောင်းသည်သာမက သူလိမ်ညာနေခြင်းမဟုတ်ကြောင်းကို သူတို့က သိပေသည်။

" ငါက အရင်ဆုံးဝင်သွားတာလား "

စုန့်ချွဲကမေးလိုက်သည်။ သူ၏ဘေးရှိ နတ်ဆရာမှာလည်း အစိမ်းရောင်အရေပြားနှင့် အစွယ်ရှည်သရဲမျက်နှာကြီးက သူ၏မျက်နှာပေါ်တွင် ပေါ်လာသည့်အကြောင်းကို ကြားလိုက်ရသောအခါ အသားများတုန်ရီနေတော့သည်။

ပိုင်ရှောင်ချန်းမှာ နှာမှုတ်၍ ဆိုလိုက်လေသည်။

" ငါ့ကြောင့်သာမဟုတ်ရင် မင်းတို့နှစ်ယောက်စလုံး အဲဒီရွက်သင်္ဘောကြီးပေါ်မှာပဲ ရှိနေဦးမှာ "

သူသည် ထိုနှစ်ယောက်ကို ဆက်၍ဆူပူကြိမ်းမောင်းရန် ပြင်လိုက်ပါသော်လည်း သူတို့မှာ သေမင်းနွံတော ထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြန်၍ အမှတ်ရသွားသည်။

" ဒီမှာ " သူက အလောတကြီးဆိုလိုက်သည်။

" ဒီနေရာကနေ ထွက်ပြီးမှ အဲဒီအကြောင်းဆက်ပြောမယ်။ ဒီနေရာကြီးက ကြောက်စရာကောင်းလွန်းတယ် "

ထိုသို့ဆိုကာ သူသည် အဝေးသို့ပြေးထွက်သွားပြီး နတ်ဆရာနှင့် စုန့်ချွဲတို့မှာလည်း သူ၏နောက်မှလိုက်ပါသွားတော့သည်။

သူတို့၏ အမြန်နှုန်းကြောင့် မကြာမီတွင် သေမင်းနွံတော ၏ နယ်စပ်အနားသို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။ ခဏအကြာတွင်မူ အရိုးများမှာ နည်းပါးလာသဖြင့် နေ့တစ်ဝက်ခန့်သာ သွားရတော့မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိသွားတော့သည်။

" အဲဒီသင်္ဘောကြီးပေါ်မှာရှိနေတုံး ငါတို့ဘယ်လောက်အထိတောင် ခရီးပေါက်သွားတာတုံး "

သူ ပြန်တွက်ဆကြည့်ရသလောက်ဆိုလျှင် သူတို့မှာ ထိုသင်္ဘောကြီးပေါ်တွင် သုံးနာရီ၊လေးနာရီခန့်သာ ရှိခဲ့သည်ဖြစ်သော်လည်း သူတို့၏ပန်းတိုင်နားအထိ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချက်အလက်များကိုအခြေခံ၍ တွက်ချက်ကြည့်လိုက်သောအခါ ထိုရွက်သင်္ဘောကြီးမှာ သေမင်းနွံတောကို တစ်ရက်ထဲနှင့် ဖြတ်သန်းနိုင်လောက်ကြောင်း သိလိုက်ရသည်။

ပိုင်ရှောင်ချန်း၊ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ သေမင်းနွံတောထဲမှ ထွက်ခွာရန် ပြင်နေကြစဥ် အရှေ့ကောင်းကင်တံတားမြစ်၏ အလယ်ဒေသများတွင် စစ်ပွဲဖြစ်နေပြီဖြစ်သည်။

၎င်းစစ်ပွဲမှာ အခြားဂိုဏ်းကြီးသုံးဂိုဏ်းက ပူးပေါင်းကာ လုံးဝပြန်၍ခုခံနိုင်စွမ်းမရှိသော အဏ္ဏဝါခေါ်သံဂိုဏ်းကို တိုက်ခိုက်နေကြသည့် စစ်ပွဲဖြစ်သည်။ ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ဖြုတ်သုတ်သင်မည့် စစ်ပွဲဖြစ်သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းကို ဝန်းရံနေသည့် ပတ်ဝန်းကျင်တွင် တအုန်းအုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်နေသည်။ ညောင်ပင်ကြီးက စွမ်းအားများဖြင့် ထောက်ပံ့ထားသော တလက်လက် တောက်ပနေသည့် မန္တန်အစီအရင်တစ်ခုမှာ ဂိုဏ်းကို ကာကွယ်ပေးနေသည်။ မရေမတွက်နိုင်သော နတ်ဘုရား စွမ်းရည်များနှင့် မှော်အတတ်များမှာ ထိုမန္တန်အစီအရင်ကို ရိုက်ခတ်နေကြသဖြင့် ၎င်းမှာ တွန့်လိမ်ကောက်ကွေးကာ ပျက်ဆီးလုဆဲဆဲဖြစ်နေတော့သည်။

ထိုမန္တန်အစီအရင်၏ အပြင်ဘက်တွင် နေနှစ်စင်းရှိနေပြီး တစ်စင်းမှာအဖြူရောင်ဖြစ်ပြီး ကျန်တစ်စင်းမှာ အနက်ရောင်ဖြစ်သည်။ ထို့အပြင် ရှေ့နှင့်နောက်သို့ ပျံဝဲနေသည့် စာခြောက်ရုပ်တစ်ခုလည်းရှိသည်။ ထိုအရာများနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းရှိ ဂိုဏ်းသားအားလုံးနီးပါး၏ စွမ်းအားများကြောင့် နေရာတိုင်းတွင် ရက်စက်မှုအတိ ဖုံးလွှမ်းနေသော တိုက်ပွဲများဖြစ်ပွားနေသည်။

သို့သော် မည်သူ အသာစီးရနေသည်မှာ သိသာလွန်းလှသည်။ ကျင့်ကြံသူ တစ်သိန်းကျော်က စစ်တပ်သုံးတပ်အဖြစ် စုစည်းကာ ထိုဂိုဏ်းကိုဝန်းရံ၍ အရပ်မျက်နှာသုံးဘက်မှ တိုက်ခိုက်နေသည်။ စစ်တပ်တစ်တပ်ချင်းဆီ၏နောက်တွင် ကြောက်မက်ဖွယ် အငွေ့အသက်ကြီးတစ်ခုစီရှိနေပြီး ၎င်းအငွေ့အသက်မှာ ကောင်းကင်ကြီးထက်ပင် သာလွန်နေသည်။

ထိုအခိုးအငွေ့များမှာ အစောပိုင်း နတ်အဆင့်ကျင့်ကြံသူများ၏ အငွေ့အသက်များဖြစ်သည်။ သူတို့သည် မော်တယ်တာအိုနတ်အဆင့်ကျင့်ကြံသူများသာဖြစ်ပြီး ပိုင်ရှောင်ချန်း မကြောက်မရွံ့ တိုက်ခိုက်နိုင်သည့် သခင်မလေးဟုန်ချိန်တို့ကဲ့သို့သော ကျင့်ကြံသူများသာဖြစ်ကြသည်။ သို့သော် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက်မူ သူတို့မှာ ကျော်လွှားရန်မဖြစ်နိုင်သော တောင်တန်းကြီးများကဲ့သို့ ဖြစ်နေတော့သည်။

All Chapters