← Chapters

ငါတို့ကို လာမနှောင့်ယှက်နဲ့

Vol. 29 Ch. 285

ငါတို့ကို လာမနှောင့်ယှက်နဲ့

Vol. 29 Ch. 285

ခန်းမတစ်ခုလုံးမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ ထျန်းရှူးဂိုဏ်း၏ ပင်မဝင်ပေါက်လုံးဝပျက်စီးသွားပြီး မီးစည်းမျဉ်းများ၏လောင်ကျွမ်းမှုကြောင့် ရှည်လျားကျယ်ပြန့်သော လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေ၏။ ထိုလမ်းကြောင်းမှာ အောက်ဘက်ရှိ အင်မော်တယ်မြို့တော်ကြီးအထိရှည်လျားပြီး မြို့တော်အတွင်း၌ ကြီးမားနက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

၎င်းသည် ကျန်းချန်က သတိထား၍ထိန်းချုပ်ထားခြင်းကြောင့်မဟုတ်ပါက သူ၏ ဆယ်ဆတိုက်ခိုက်မှုအောက်တွင် ထျန်းရှူးဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားပေမည်။ သို့သော်လည်း မုန့်ချင်းနှင့်အတူဝင်လာခဲ့ကြသော ယူမဟာမိတ်အဖွဲ့မှ မိစ္ဆာအရှင်မြတ်တစ်ဒါဇင်ခန့်မှာမူ ထိုတိုက်ကွက်တစ်ခုတည်းနှင့်ပင် အသက်ပျောက်သွားကြ၏။ သူတို့မှာ အနည်းငယ်မျှပင် မခုခံနိုင်ခဲ့။ ထိုဓားကိုဆွဲထုတ်လိုက်သည်နှင့် သူတို့မှာ ထွက်ပြေးရန်အခွင့်အရေးပင် မရရှိခဲ့ကြပေ။

ကျန်းချန်သည် အခြားသူများ၏အကြည့်များကို ဂရုမစိုက်ဘဲ ပေါင်ကွမ်းဓားကို ကောက်ယူလိုက်၏။

“မင်းရဲ့ အင်မော်တယ်ဓားရဲ့ စွမ်းအားကတော့ သိပ်မပြောပလောက်ပါလား”

“မင်းက ဒီဓားစုတ်နဲ့ လာလဲချင်နေတာလား”

ထိုသို့ပြောပြီးနောက် သူသည် မျက်နှာအမူအရာမပျက်ဘဲ ထိုဓားကို လက်စွပ်ထဲသို့ထည့်လိုက်သည်။

“ကံကောင်းလို့ ငါကအမျှော်အမြင်ရှိရှိနဲ့ ကုန်ပစ္စည်းကို အရင်စစ်ဆေးဖို့ဆုံးဖြတ်ခဲ့လို့ပေါ့”

ဒါကို အမျှော်အမြင်ရှိတယ်လို့ခေါ်တာလား...

မင်းက တမင်တကာလုပ်ခဲ့တာမဟုတ်လား...

အားလုံးက သူ့ကို ဝိုင်း၍ပြစ်တင်ဝေဖန်ချင်နေကြသော်လည်း ခုနကတိုက်ကွက်၏ပြင်းထန်မှုကြောင့် မှင်သက်နေကြရဆဲပင်။

မုန့်ချင်းက ဒီအတိုင်းပဲသေသွားတာလား...

သူက အရင်တိုက်ခဲ့တာမဟုတ်ဘူးလား...

ဘယ်လိုဖြစ်လို့ သူအရင်သေသွားရတာလဲ...

လူအများစုမှာ ထိုအချိန်က ဘာဖြစ်သွားသည်ကိုပင် ရှင်းရှင်းလင်းလင်းမမြင်လိုက်ရချေ။ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသော ကျွမ်းကျင်သူအနည်းငယ်မှာ အခြားသူများထက် ပို၍ထိတ်လန့်နေကြသည်။ သူတို့မြင်လိုက်ရသောဖြစ်စဉ်မှာ အလွန်တိုတောင်း၏... မုန့်ချင်းမှာ တိုက်ကွက်တစ်ခုတည်းနှင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

အဆင့် ၇ အင်မော်တယ်ရတနာ ပိုင်ဆိုင်ထားတဲ့သူက အင်မော်တယ်ဘုရင်ကိုတောင် ခဏလောက်ပြန်တိုက်နိုင်ရမှာ မဟုတ်ဘူးလား...

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

“ဒါက အဆင့် ၈ အင်မော်တယ်ဓားမဟုတ်ဘူး”

ဒုတိယထပ်မှမြောင်ယွီသည် ဆက်လက် မတည်ငြိမ်နိုင်တော့။ သူမ ရုတ်တရက်ထရပ်လိုက်၏။

“ဒါက အဆင့် ၉ ပဲ”

“အဆင့် ၉ အင်မော်တယ်ဓားပဲ ဒီလိုစွမ်းအားမျိုးရှိနိုင်တာ”

သူမထိုင်မနေနိုင်တော့ဘဲ မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ဘေးနားသို့ ရောက်လာတော့သည်။

“အရှင်... အရှင် ဘာအလိုရှိသလဲဆိုတာကိုသာ မိန့်ကြားပါ။ အကုန်ဖြည့်ဆည်းပေးပါ့မယ်”

“အရှင်က ဒီဓားကိုရောင်းဖို့သာ သဘောတူမယ်ဆိုရင်ပေါ့”

ထျန်းရှူးဂိုဏ်း၏ လုပ်ထုံးလုပ်နည်းမှာ ပို၍ယဉ်ကျေးသိမ်မွေ့လှသည်။ သူတို့မှာ ဓားပြတိုက်သည့်အဆင့်အထိတော့ လုပ်မည်မဟုတ်။ ကျန်းချန်အသတ်မခံရမီ ကယ်တင်ရန် တိတ်တဆိတ်ပုန်းအောင်းနေသော အင်မော်တယ်ဘုရင်ရဲ့ရန်သည်လည်း ကိုယ်ထင်ပြလာတော့သည်။ သူဝင်ရောက်လုပ်ဆောင်ရန်ပင် မလိုတော့ချေ။ ဤလူက မုန့်ချင်းကို အစကတည်းက အရေးပင်မစိုက်ခဲ့ပေ။

“အရှင်သာသဘောတူမယ်ဆိုရင် ကျွန်တော်တို့ထျန်းရှူးဂိုဏ်းရဲ့ အင်မော်တယ်ဘုရင် ၁၂ ပါးစလုံးက အရှင်နဲ့ ဖေးရှန်ဂိုဏ်းရဲ့ဘေးကင်းမှုကို အတူတကွကာကွယ်ပေးဖို့အသင့်ပါပဲ။ အရှင် အထက်အင်မော်တယ်လောကကို တက်လှမ်းမယ့်နေ့အထိပေါ့”

ဤကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ ခန်းမတစ်ခုလုံး ထပ်မံဆူညံသွားတော့သည်။

ထျန်းရှူးဂိုဏ်းက ဘာလုပ်ဖို့ကြံနေတာလဲ။

အင်မော်တယ်ဘုရင် ၁၂ ပါးစလုံး ထွက်လာမယ်ဆိုရင် သူတို့ရဲ့ကြားနေဝါဒက ပျက်စီးသွားတော့မှာမဟုတ်ဘူးလား။

ဒီလူက အဲဒီလောက်အထိ ဂုဏ်သရေရှိတာလား။

ထျန်းရှူးဂိုဏ်းက သူတို့ရဲ့ ဂုဏ်သတင်းကိုတောင် ဂရုမစိုက်တော့ဘဲ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့မူဝါဒတွေကို လူသိရှင်ကြားချိုးဖောက်တော့မယ် ဟုတ်လား။

သို့သော်လည်း မကြာမီမှာပင် အားလုံးနားလည်သွား၏။

ဒါက အဆင့် ၉ အင်မော်တယ်ဓားလေ။

အဆင့် ၉ ဆိုတာ ဘာကို ဆိုလိုတာလဲ။

အထက်အင်မော်တယ်လောကက အင်မော်တယ်ဧကရာဇ်တွေနဲ့ မိစ္ဆာဧကရာဇ်တွေသာ ပိုင်ဆိုင်နိုင်တဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်လေ။

ဤဓားကို ပိုင်ဆိုင်ထားပါက သာမန်အင်မော်တယ်အရှင်မြတ်တစ်ဦးပင် အင်မော်တယ်ဘုရင်ကို ရင်ဆိုင်နိုင်သည်။ အကယ်၍ အင်မော်တယ်ဘုရင်သာ ဤဓားကိုကိုင်ဆောင်ထားပါက အလယ်အင်မော်တယ်လောကတွင် သူတို့သည် အနှိုင်းမဲ့ဖြစ်သွားပေလိမ့်မည်။ ဤဓားကို ရရှိရန်အတွက်ဆိုလျှင် မည်သည့်တန်ဖိုးပေးရသည်ဖြစ်စေထိုက်တန်၏။

ကျန်းချန်သည် သူ၏တိုက်ပွဲရလဒ်များကို သိမ်းဆည်းပြီးနောက် စနစ်ကိုတစ်ချက်ကြည့်လိုက်သည်။ ခုနကတိုက်ကွက်တစ်ခုတည်းမှရရှိသော တုန်လှုပ်မှုအမှတ်မှာ ၁၈.၃ သန်းဖြစ်ပြီး ၎င်းမှာ ကံတရားအမှတ် ၁,၈၃၀ အဖြစ် အလိုအလျောက်ပြောင်းသွား၏။ အဓိကမှာ ဤနေရာနှင့် အပြင်ဘက်မြို့တော်တွင် လူများစွာမရှိသောကြောင့်ဖြစ်သည်။ သူတို့ မည်မျှထိတ်လန့်နေပါစေ ထိုအရေအတွက်မှာအမြင့်ဆုံးပင်။

“အင်မော်တယ်ဘုရင်ရဲ့ရန်... ခင်ဗျားက ယူမဟာမိတ်အဖွဲ့ကို ဆန့်ကျင်ဖို့ကြံနေတာလား”

အပြင်ဘက်မှ အင်မော်တယ်အရှင်မြတ်နှင့် မိစ္ဆာအရှင်မြတ် ၈၀ ကျော် အတင်းဝင်ရောက်လာကြသည်။ သူတို့မှာ ယူမဟာမိတ်အဖွဲ့၏ ကျန်ရှိသောကျွမ်းကျင်သူများဖြစ်ကြသည်။

“ဒီလူက ငါတို့ယူမဟာမိတ်အဖွဲ့ဝင်တွေကိုသတ်ခဲ့တယ်။ အခုလည်း နှင်းခဲရိပ်မိစ္ဆာဘုရင်ရဲ့သားကို သတ်လိုက်ပြန်ပြီ။ ဒီရန်ငြိုးကတော့ ဘယ်လိုမှဖြေဖျောက်လို့မရဘူး”

“ခင်ဗျားက သူ့ကိုကာကွယ်ပေးဖို့အတွက် ခင်ဗျားတို့ရဲ့ကြားနေဝါဒကို တကယ်ပဲချိုးဖောက်တော့မှာလား”

“ကြီးကျယ်ခမ်းနားတဲ့ထျန်းရှူးဂိုဏ်းက ကိုယ့်စကားကိုယ်ပြန်ဖျက်တာလား”

ယူမဟာမိတ်အဖွဲ့၏အင်အားမှာ ထျန်းရှူးဂိုဏ်းထက် များစွာနိမ့်ပါးသော်လည်း သူတို့မှာ ကြောက်ရွံ့ခြင်းမရှိပေ။ ထို့အပြင် မိစ္ဆာဘုရင်သုံးပါးနှင့် အင်မော်တယ်ဘုရင်တစ်ပါးမှာလည်း မကြာမီ ကိုယ်တိုင်ရောက်ရှိလာကြတော့မည်မဟုတ်ပါလား။

မိစ္ဆာအရှင်မြတ်များ၏ ဝိုင်းဝန်းပြစ်တင်ခြင်းကို ခံလိုက်ရသဖြင့် အင်မော်တယ်ဘုရင်ရဲ့ရန်မှာ ဒေါသထွက်သွားသည်။ သူက ပြန်လည်တုံ့ပြန်ရန်ပြင်လိုက်စဉ်မှာပင် မြောင်ယွီကတားဆီးလိုက်၏။

“ရှင်တို့အထင်လွဲနေပြီ”

ထိုအမျိုးသမီးသည် အဆင့်မြင့်ကျွမ်းကျင်သူ ၈၀ ကျော်ကိုရင်ဆိုင်ရင်း တည်ငြိမ်စွာပင်ဆိုလိုက်သည်။

“အကယ်၍ အကြီးအကဲကျန်းက သူပိုင်ဆိုင်တဲ့ အဆင့် ၉ အင်မော်တယ်ဓားကို ကျွန်မတို့ရဲ့အကာအကွယ်နဲ့လဲလှယ်ပြီး ထျန်းရှူးဂိုဏ်းကိုရောင်းမယ်ဆိုရင် ဒါက အရောင်းအဝယ်တစ်ခုဖြစ်သွားမှာပါ”

“သူက ဓားကိုပိုက်ဆံအဖြစ်အသုံးပြုပြီး ကျွန်မတို့ဆီကအကာအကွယ်ကို ဝယ်ယူလိုက်တာနဲ့အတူတူပါပဲ”

“အရောင်းအဝယ်တစ်ခုဖြစ်သွားပြီဆိုတော့ သူ့ကိုကာကွယ်ပေးတာက ကျွန်မတို့ဘက်က ပေးဆပ်ရမယ့် ကုန်ကျစရိတ်ပေါ့”

“ကျွန်မတို့ ကြားနေဝါဒကို ချိုးဖောက်တာမဟုတ်ဘူးလေ”

သူမ၏ဦးနှောက်မှာ အမှန်တကယ်ပင် လျင်မြန်လှသည်။ ကျန်းချန်ကိုကာကွယ်ပေးခြင်းအား ဝန်ဆောင်မှုပစ္စည်းတစ်ခုအဖြစ် ပုံဖော်လိုက်ခြင်းပင်။ သူ့ကို အစွမ်းကုန်ကာကွယ်ပေးခြင်းမှာ ဖောက်သည်စိတ်ကျေနပ်မှုရရှိစေရန်နှင့် ထျန်းရှူးဂိုဏ်း၏ ဂုဏ်သတင်းကိုထိန်းသိမ်းရန် ဖြစ်သွား၏။ ဤသို့တွေးကြည့်ပါက ကျိုးကြောင်းဆီလျော်ပေသည်။

ကျန်းချန်က ဤအရောင်းအဝယ်ကို သဘောတူရန်လည်းလိုအပ်ပေသည်။

ဤအချိန်တွင် ကျန်းချန်မှာ သူတို့ကြောင့်ဒေါသထွက်ပြီး ရူးချင်စိတ်ပင်ပေါက်နေလေပြီ။

ငါက မုန့်ချင်းကို တစ်ချက်တည်းနဲ့သတ်လိုက်တာလေ...

မင်းတို့အားလုံး ငါ့ရဲ့ အစွမ်းကိုကြည့်ပြီး ထိတ်လန့်နေသင့်တာ မဟုတ်ဘူးလား...

အကြီးအကဲကျန်းရဲ့ခွန်အားက ကောင်းကင်အထိရောက်နေပြီလို့ ချီးကျူးသင့်တာမဟုတ်ဘူးလား...

ငါ့ကို ရန်သူလိုသဘောထားပြီး လက်စားချေဖို့ကြိုးစားတာကမှ သဘာဝကျဦးမယ်...

ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ အားလုံးက ဒီအင်မော်တယ်ဓားဆီကိုပြန်ရောက်သွားကြပြန်ပြီ...

ဒါက အဆုံးမရှိတော့ဘူးလား...

အဆင့် ၉ အင်မော်တယ်ဓားဖြစ်တော့ရော ဘာဖြစ်လဲ...

ဒါက ငါ့ရဲ့ကျော်ကြားမှုကို လုယူနိုင်တယ်လို့ ထင်နေတာလား...

ကံကောင်းထောက်မစွာဖြင့် အရေးကြီးသောအချိန်တွင် စုမန်နှင့် စုရဲ့တို့က သူ၏ဒေါသများကို ထပ်မံ၍ ဖယ်ရှားပေးလိုက်ကြပြန်သည်။

“ဘိုးဘေးကြီးက တကယ့်ကိုအံ့ဩဖို့ကောင်းတာပဲ”

“နတ်ဘုရားအစွမ်းတွေကို နောက်တစ်ကြိမ်ထပ်ပြလိုက်ပြန်ပြီ။ ဘိုးဘေးကြီးရဲ့ရှေ့မှာ ဘယ်သူမဆို အိုးခွက်စုတ်တွေပါပဲ...”

“ဒါပေါ့... ဘိုးဘေးကြီးက သူ့ရဲ့အစွမ်းအစစ်ကိုတောင် ထုတ်မသုံးရသေးတာ သေချာတယ်”

ဤအပြင်စည်းအမျိုးသမီးတပည့်နှစ်ဦးမှာ သတ္တိရှိလှသည်။ ထျန်းရှူးဂိုဏ်းနှင့် ယူမဟာမိတ်အဖွဲ့ကဲ့သို့သော အင်အားကြီးနှစ်ခုအကြားဆွေးနွေးနေကြစဉ်အတွင်း သူတို့က ကြားထဲမှဝင်၍ ဘိုးဘေးကြီးကျန်းကို အတင်းအဓမ္မဖားယားလိုက်ကြ၏။ သူတို့နှစ်ဦးမှာ ယခင်က ဆုလာဘ်များ၏အရသာကို မြည်းစမ်းဖူးထားကြရာ ယခုတစ်ကြိမ်တွင် ပိုမိုကြိုးစားရန် အခွင့်အရေးကိုစောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ထိုလူကြီးလူကောင်းများမှာလည်း တတွတ်တွတ်ပြောနေကြသဖြင့် သူတို့မှာလည်း အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

မင်းတို့တွေ ပြောလို့မပြီးသေးဘူးလား။

ငါတို့ ဖားနေတာကို လာမနှောင့်ယှက်ဘဲ ခဏလောက် ပါးစပ်ပိတ်ထားပေးလို့မရဘူးလား။

ဖားတယ်ဆိုတာကလည်း အချိန်ကိုက်ဖို့ လိုတယ်လေ။

မြင်းဖင်ကြီးအေးစက်သွားမှ သွားဖားရင် ဘာမှထူးတော့မှာမဟုတ်ဘူး။

ဘေးနားရှိ လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာ ဘာပြောရမှန်းပင် မသိတော့ချေ။

မင်းတို့နှစ်ယောက် ဖားချင်တာတောင်မှ အခြေအနေကိုကြည့်ဦးလေ။

အခုက ချီးကျူးနေရမယ့်အချိန်လား။

ယူမဟာမိတ်အဖွဲ့က မိစ္ဆာခေါင်းဆောင်တွေလက်ချက်နဲ့ အသတ်ခံရမှာ မကြောက်ကြဘူးလား။

ဘိုးဘေးကြီးဆီက မျက်နှာသာရဖို့အတွက်ဆိုရင် မင်းတို့နှစ်ယောက်က တကယ့်ကို အသေခံရဲတာပဲ။

“ဟူး... မင်းတို့နှစ်ယောက်ကတော့ တကယ့်ကိုစဉ်းစားပေးတတ်တာပဲ”

ကျန်းချန်သည် မရှိသောမျက်ရည်ကိုသုတ်လိုက်ရင်း သူတို့ကိုစိတ်လှုပ်ရှားစွာဖြင့် ပုတ်ပေးလိုက်သည်။ ရန်သူများ၏ဒေါသကြားတွင် မကြောက်မရွံ့ဘဲ ဖားယားနိုင်သည့် ဤစိတ်ဓာတ်မှာ ရှားပါးလှ၏။

“ဘိုးဘေးကြီးက မင်းတို့ကို အချည်းနှီးချစ်ခဲ့တာမဟုတ်ဘူးပဲ”

နောင်တွင် သူတို့ကိုပို၍ဆုချရန် သူဆုံးဖြတ်လိုက်သည်။ ဤအမျိုးသမီးငယ်နှစ်ဦးက သူ၏ အေးစက်နေသောနှလုံးသားကို နွေးထွေးသွားစေ၏။

ဤအမျိုးသမီးနှစ်ဦးကြောင့် ကြီးမားသောအင်အားစုနှစ်ခုအကြားဆွေးနွေးမှု ရပ်တန့်သွားသည်။ မြောင်ယွီက ကျန်းချန်ကိုကြည့်လိုက်၏။

“အကြီးအကဲကျန်း... ရှင့်ရှေ့မှာမြင်နေရတာက ယူမဟာမိတ်အဖွဲ့ရဲ့ အင်အားတစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်၊ ပြီးတော့ ရှင့်ကိုစောင့်ကြည့်နေတာက သူတို့တစ်ဖွဲ့တည်းမဟုတ်ဘူး”

“မကြာခင်မှာ အလယ်အင်မော်တယ်လောကတစ်ခုလုံးက ရှင့်ဆီမှာ အဆင့် ၉ အင်မော်တယ်ရတနာ ရှိနေတာကို သိသွားကြတော့မယ်”

“ရှင့်ကိုကာကွယ်ပေးနိုင်မှာက ကျွန်မတို့ထျန်းရှူးဂိုဏ်းတစ်ခုတည်းပဲရှိတယ်”

“ရှင် ဒီအရောင်းအဝယ်ကို သဘောတူဖို့ဆန္ဒရှိရဲ့လား”

၎င်းမှာ သူ့ကိုအကျပ်ကိုင်ပြီး ရွေးချယ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာတောင် သူက ခေါင်းမာနေဦးမည်ဟု သူမ မယုံကြည်ပေ။

“မင်းတို့ရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်...”

ကျန်းချန်က လူအုပ်ကြီး လာသတ်တာကိုသာ လိုလားနေခြင်းဖြစ်သည်။ ကာကွယ်ပေးဖို့ ဟုတ်လား။ ငါ့မှာ အဲဒါ လိုလို့လား။

သူ့စကားမဆုံးသေးခင်မှာပင် မျက်နှာချင်းဆိုင်ရှိ ယူမဟာမိတ်အဖွဲ့မှလူများက တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြတော့သည်။

“ဟားဟားဟား... ခင်ဗျားတို့ထျန်းရှူးဂိုဏ်းကတော့ ကိုယ့်ဘာသာစိတ်ကူးယဉ်နေတာပဲ၊ သူက ခင်ဗျားတို့ရဲ့ အရောင်းအဝယ်ကို လက်မခံဘူးတဲ့ဗျ”

“ဒါက အရောင်းအဝယ် မဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့ သူ့ကိုကာကွယ်ပေးဖို့ အကြောင်းပြချက် မရှိတော့ဘူးပေါ့”

All Chapters