ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်
Vol. 29 Ch. 286
ယူမဟာမိတ်အဖွဲ့မှ မိစ္ဆာအရှင်မြတ်များပြောသည်မှာ မမှားပေ။ ကျန်းချန်က အရောင်းအဝယ်ကို ငြင်းပယ်လိုက်ပြီဖြစ်ရာ ထျန်းရှူးဂိုဏ်းကသာ ထပ်မံကြားဝင်မည်ဆိုပါက သူတို့၏ကြားနေဝါဒကို အမှန်တကယ်ချိုးဖောက်ရာရောက်ပေလိမ့်မည်။
မြောင်ယွီသည် ကျန်းချန်ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။ သူမသည် သူ၏ဆုံးဖြတ်ချက်ကို လုံးဝနားမလည်နိုင် ဖြစ်နေရသည်။
“အကြီးအကဲကျန်း... ဒါက ဘာအဓိပ္ပာယ်လဲ”
သူမအဆိုပြုခဲ့သော အရောင်းအဝယ် အခြေအနေများမှာ မဆိုးရွားလှဟု သူမယုံကြည်ထားသည်။
ကျွန်မတို့က အဆင့် ၉ အင်မော်တယ်ရတနာအတွက် ရတနာအမြောက်အမြား ပြန်ပေးမယ်၊ ရှင်က အကာအကွယ်ရမယ်၊ ပြီးတော့ ရှင့်ရဲ့ဖေးရှန်ဂိုဏ်းက တပည့် ၃,၀၀၀ စလုံးလည်း အထက်အင်မော်တယ်လောကကို ဘေးကင်းဘေးကင်းနဲ့ တက်လှမ်းနိုင်မယ်...
မည်သို့ပင်ကြည့်ကြည့် ၎င်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့်အခြေအနေပင်။
သူမကိုယ်သူမ ကျန်းချန်၏နေရာတွင်အစားထိုးကြည့်လျှင်ပင် သူမ သေချာပေါက် သဘောတူမိပေလိမ့်မည်။
“ညီမလေးရာ... မင်းရဲ့စေတနာကိုတော့ ငါအပြည့်အဝခံစားရပါတယ်၊ ဒါပေမဲ့ ငါက ယောက်ျားတစ်ယောက်လေ။ အမျိုးသမီးတစ်ယောက်ရဲ့ အကာအကွယ်ကို ငါက ဘယ်လိုလုပ်ယူနိုင်မှာလဲ”
အစ်ကိုကြီးချန်သည် အလွန်လူကြီးလူကောင်းဆန်စွာဖြင့် သူမကို လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်သည်ဟု ခံစားနေရ၏။ ဘာပဲဖြစ်ဖြစ် သူမက ပြိုင်ဘက်ကင်း အလှလေးတစ်ဦး မဟုတ်ပါလား။ စကားကိုကောင်းကောင်းပြောထားမှ နောင်တစ်ချိန်ပြန်ဆုံသည့်အခါ ပို၍လွယ်ကူပေလိမ့်မည်။
သို့သော် အခြားသူများ၏နားထဲတွင်မူ ထိုစကားမှာ ဝေဖန်စရာအချက်များစွာဖြင့် ပြည့်နှက်နေတော့သည်။ အခြေအနေကို မသိသူများဆိုလျှင် မြောင်ယွီ၏ ကိုယ်ပိုင်လုပ်ရပ်ဖြစ်ပြီး သူမက ကျန်းချန်ကို တိတ်တဆိတ်စိတ်ဝင်စားနေသည်ဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။
“အကြီးအကဲကျန်း... ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစမ်းပါ”
ပုံမှန်အားဖြင့် တည်ငြိမ်ပြီး ဒေါသမထွက်တတ်သော နတ်သမီးလေးမှာ ယခုတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် ဒေါသထွက်သွားရချေပြီ။
“ရှင်က ရှင့်ဘာသာရှင် ဖြစ်သလိုနေချင်တယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ပဲကြည့်ရှင်းတော့”
“ကျွန်မတို့ထျန်းရှူးဂိုဏ်းကတော့ နောက်ထပ်ဂရုစိုက်တော့မှာမဟုတ်ဘူး”
သူမ ဂရုစိုက်ချင်သော်လည်း မတတ်နိုင်တော့ပေ။ ဤမျှများပြားသော လူအုပ်ကြီးရှေ့တွင် ထျန်းရှူးဂိုဏ်း နှစ်ပေါင်းများစွာတည်ဆောက်ခဲ့သော ရွှေဂုဏ်သတင်းကို လူသိရှင်ကြားဖျက်ဆီးပစ်ရန် ဆန္ဒမရှိပါက သူမဆက်လက်ပါဝင်ပတ်သက်၍မရတော့ချေ။
ဤစကားများက ထျန်းရှူးဂိုဏ်းအနေနှင့် ဤပဋိပက္ခဝဲဂယက်အတွင်းမှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။ အင်မော်တယ်ဘုရင်ရဲ့ရန်နှင့် ဤနေရာတွင်မရှိကြသေးသော အခြားအင်မော်တယ်ဘုရင် ၁၁ ပါး အပါအဝင် ထျန်းရှူးဂိုဏ်းမှကျွမ်းကျင်သူအားလုံးမှာ နောင်တွင် ကြားဝင်ဆောင်ရွက်ကြတော့မည်မဟုတ်။
“ဟားဟားဟား”
မျက်နှာချင်းဆိုင်ရှိ ယူမဟာမိတ်အဖွဲ့မှ မိစ္ဆာအရှင်မြတ်များနှင့် အင်မော်တယ်အရှင်မြတ်များမှာ အောင်ပွဲခံသည့်အလား ရယ်မောလိုက်ကြသည်။
“ကောင်းတယ်”
“ဒါဆိုရင်တော့ ငါတို့က စောင့်နေလိုက်မယ်”
သူတို့ကလည်း မအပေ။ သူတို့ဘက်တွင် လူပေါင်း ၈၀ ကျော် ရှိနေသော်လည်း ကျန်းချန်ကို ချက်ချင်းတိုက်ခိုက်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်းသိကြသည်။ မုန့်ချင်းပင်လျှင် ဓားတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်မဟုတ်ပါလား။ အင်မော်တယ်ဘုရင် သို့မဟုတ် မိစ္ဆာဘုရင်မရှိဘဲ ဤတိုက်ပွဲကို အနိုင်ရရန်မဖြစ်နိုင်။ သူတို့က ကျန်းချန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေရန်သာ။
သူတို့ ထျန်းရှူးဂိုဏ်းထဲမှ တဖြည်းဖြည်းဆုတ်ခွာသွားသည်ကိုကြည့်ပြီး အစ်ကိုကြီးချန်မှာ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွား၏။ ခုနကမြင်ကွင်းကို ပိုပြီးထိတ်လန့်စရာကောင်းအောင်လုပ်ရန် သူ၏ဆယ်ဆတိုက်ခိုက်မှုကို ကြိုတင်အသုံးပြုလိုက်မိသည်။ ယခုမူ ထိုအစွမ်းမရှိတော့ရာ ဤလူအုပ်ကြီးကိုသတ်ချင်ပါက သူ အရင်ဆုံးတစ်ကြိမ်အသတ်ခံရဦးမည်။
ဒီမှာ လူတွေ အများကြီးပဲ... အား၊ ထားလိုက်ပါတော့၊ လူအများရှေ့မှာအသတ်ခံရတာ ဒါပထမဆုံးအကြိမ်မှမဟုတ်တာ။ အဆိုးဆုံးဖြစ်လာရင်လည်း နောက်မှ ဆင်ခြေတစ်ခုခု ပေးလိုက်တာပေါ့...
ထိုသို့ တွေးတောရင်း သူသည်လည်း ဓားကိုကိုင်ကာ သူတို့နောက်သို့ လိုက်ထွက်သွားတော့သည်။
“ဘိုးဘေးကြီး”
“အပြင်မှာ လူတွေအများကြီးပဲ၊ ပြီးတော့ ရှေးဟောင်းဧကရာဇ်ဂိုဏ်းက အင်မော်တယ်ဘုရင်ကျိယွင်လည်း ရှိနေတယ်”
လင်ဟန်ဟန် နှင့် ယွမ်ကျဲတို့မှာ စိုးရိမ်တကြီး ဖြစ်လာကြသည်။
ထျန်းရှူးဂိုဏ်းအတွင်းမှာဆိုလျှင် တိုက်ခိုက်ခြင်းမပြုရဟူသော စည်းမျဉ်းရှိသဖြင့် တစ်ဖက်လူမှာ အနည်းငယ်ထိန်းထိန်းသိမ်းသိမ်းရှိကြပေလိမ့်မည်။ အပြင်ရောက်သွားပါကမူ သူတို့မှာ မည်သည့်ဝန်လေးမှုမျှ ရှိကြတော့မည်မဟုတ်။ သို့သော် အစ်ကိုကြီးချန်က အပြင်ထွက်ချင်နေပြီဖြစ်ရာ သူတို့က မည်သို့တားနိုင်ပါမည်နည်း။
မြောင်ယွီမှာမူ သူ၏ကျောပြင်ကို အေးစက်စက်အကြည့်ဖြင့်ကြည့်ရင်း ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဟု တွေးတောနေမိသည်။
“ယူမဟာမိတ်အဖွဲ့က လူကြီး ၄ ယောက် မရောက်လာခင်မှာပဲ သူအသတ်ခံရတော့မယ့်ပုံပဲ”
အင်မော်တယ်ဘုရင်ရဲ့ရန်က စိတ်ချင်းဆက်သွယ်ကာပြောလိုက်သည်။ ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှ ထိုအင်မော်တယ်ဘုရင်ကျိယွင်မှာ အပျော့စားမဟုတ်ပေ။ ရဲ့ရန်ကိုယ်တိုင်ပင်လျှင် သူ့ကို အလွယ်တကူ ရန်မစရဲချေ။
မြောင်ယွီက အမူအရာမပျက်ဘဲ ပြန်ပြောလိုက်၏။
“သူက တကယ်ပဲ ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်နက်တယ်ဆိုတာ မသိတာပဲ”
သူမ ထိုသို့ဝေဖန်လိုက်ပြီးသည်နှင့် အပြင်ဘက်တွင် တိုက်ပွဲက ရုတ်တရက်စတင်တော့သည်။
ဤအချိန်တွင် တံခါးပြင်ပရှိဧရိယာမှာ အခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။ အပြင်သို့ ခြေတစ်လှမ်းထွက်လိုက်သည်နှင့် ရှေ့တွင်အဆုံးမရှိသော ကြယ်တာရာကောင်းကင်ယံကြီးရှိနေသည်။ အတွင်းရှိလူတိုင်းမှာ ရုတ်တရက် အခြားဟင်းလင်းပြင်တစ်ခု ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
“ဘယ်သူလဲ”
“မကောင်းတော့ဘူး”
“ကျိယွင်... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ယူမဟာမိတ်အဖွဲ့မှ မိစ္ဆာအရှင်မြတ်များ၏မျက်နှာမှာ ရုတ်တရက်ပြောင်းလဲသွားသော်လည်း နောက်ကျသွားလေပြီ။ ဧရာမကြယ်တာရာအဖွဲ့အစည်းနှစ်ခုမှာ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ရုတ်တရက်တိုက်မိသွားကြသည်။ ထို့နောက် စူးရှသောအလင်းတန်းများနှင့် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။
သို့သော် ထူးဆန်းသည်မှာ ထိုပေါက်ကွဲမှုမှာ နေရာအသေးလေးအတွင်း၌သာ လုံးဝထိန်းချုပ်ထားခြင်းဖြစ်ပြီး မည်သည့်အသံမျှမထွက်ချေ။ ထိုတိုက်ကွက်တစ်ခုတည်းနှင့်ပင် ယူမဟာမိတ်အဖွဲ့မှ မိစ္ဆာအရှင်မြတ် ၈၀ ကျော်၏ တစ်ဝက်ကျော်မှာ ထိုနေရာမှာတင် ပျောက်ကွယ်သွားကြရတော့သည်။
ဝတ်ရုံဖြူဝတ်ဆင်ထားပြီး ဆံပင်ဖြူဖြူနှင့် ငယ်ရွယ်သောမျက်နှာပိုင်ရှင် အဖိုးကြီးတစ်ဦး ဓားတစ်လက်ကိုင်ဆောင်ကာ ဟင်းလင်းပြင်မြစ်ကြီးပေါ်တွင် လျှောက်လှမ်းလာနေသည်။ သူသည် ထိုကြယ်တာရာကောင်းကင်ယံ၏ အရှင်သခင်ကဲ့သို့ပင် မြင့်မြတ်ပြီး ကျူးကျော်၍မရနိုင်သော အရှိန်အဝါမျိုးရှိနေ၏။
“အင်မော်တယ်ဘုရင်ကျိယွင်... ကောင်းကောင်း စကားပြောကြရအောင်လေ”
“အခုချက်ချင်း ရပ်လိုက်ပါ”
“ငါတို့ ယူမဟာမိတ်အဖွဲ့က ဘိုးဘေးတွေက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူးနော်”
အင်မော်တယ်ဘုရင်ကျိယွင်မှာ ရှေးဟောင်းဧကရာဇ်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးကြီးများအနက်တစ်ဦးဖြစ်ပြီး အစွမ်းအစမှာ ခန့်မှန်း၍မရနိုင်သော ဝါရင့်အင်မော်တယ်ဘုရင်တစ်ဦးဖြစ်သည်။ သူသည် အထက်အင်မော်တယ်လောကသို့ တက်လှမ်းခြင်းမရှိသေးသဖြင့် သူ့ကာကွယ်မှုအောက်ရှိ ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှာ ပြာလွင်ကောင်းကင်နယ်မြေတွင် နံပါတ်တစ်ဂိုဏ်းအဖြစ် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့၏။
ယခုတစ်ကြိမ်တွင် သူရောက်ရှိလာခြင်းအတွက် မည်သူမျှ မအံ့ဩကြပေ။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်ရတနာဆိုသည်မှာ လူတိုင်းကိုရင်ခုန်စေသည်မဟုတ်ပါလား။
သူသည် အခြားသူများကိုအနိုင်ကျင့်ပြီး ယူမဟာမိတ်အဖွဲ့မှ ပြိုင်ဘက်များကိုသုတ်သင်ပစ်ရန် ရွေးချယ်ခဲ့သည်မှာလည်း မဆန်းပေ။ အဆင့် ၉ အင်မော်တယ်ရတနာအတွက်ဆိုလျှင် ဘာမဆိုဖြစ်နိုင်သည်။
သို့သော် သူလုပ်ဆောင်တာက အနည်းငယ်မစောလွန်းဘူးလား။
ကျန်းချန်လည်း မသေသေးဘူး၊ ထိုဓားကလည်း သူ့ဆီမှာပဲ ရှိနေသေးတာလေ။
ယူမဟာမိတ်အဖွဲ့ကို အခုချက်ချင်းသုတ်သင်ပစ်လိုက်တာက သူစိတ်မရှည်လွန်းရာမကျဘူးလား။
ပတ်ဝန်းကျင်ရှိ အခြားအင်အားစုများမှ အင်မော်တယ်များကို အသာထား ရှေးဟောင်းဧကရာဇ်ဂိုဏ်းနှင့်အတူလာခဲ့ကြသော အင်မော်တယ်အရှင်မြတ် ၃၀ ကျော်ပင်လျှင် ကြောင်တောင်တောင်ဖြစ်နေကြ၏။ သို့သော်လည်း အင်မော်တယ်ဘုရင်ကျိယွင်မှာ ပြိုင်ဘက်များကို အရင်ဆုံးဖယ်ရှားရန် ဆုံးဖြတ်ထားပုံရသည်။
ထိုတိတ်ဆိတ်နေသော ကြယ်တာရာကောင်းကင်ယံအောက်တွင် ဓားအလင်းတန်းများ တဖျတ်ဖျတ်လက်နေပြီး မိစ္ဆာအရှင်မြတ်များမှာ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်၏။ အားလုံးမှာ ဆောင်းတွင်းရောက်ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြရသည်။
ဤကြောက်မက်ဖွယ်ရာ အင်မော်တယ်ဘုရင်က ယူမဟာမိတ်အဖွဲ့ကိုသတ်ဖြတ်ပြီးနောက် ဖေးရှန်ဂိုဏ်းဘက်လှည့်လာလိမ့်မည်ဟု တွေးတောမိကာ အကြီးအကဲသုံးဦးဖြစ်သော ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟယ်တို့မှာ အလွန်အမင်းတုန်လှုပ်နေကြပြီး ကြောက်လန့်လွန်းသဖြင့် ဆီးထွက်ကျမတတ် ဖြစ်နေကြသည်။
ထျန်းရှူးဂိုဏ်း၏ ပင်မခန်းမဆောင်တွင်ရပ်နေသော ယန်ဝေ့ပင်လျှင် ဤအချိန်တွင် လုံခြုံသည်ဟုမခံစားရတော့ပေ။ အင်မော်တယ်ဘုရင်တစ်ပါး၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အင်မော်တယ်အရှင်မြတ်တစ်ဦးမှာ သူ၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။
အင်မော်တယ်ဘုရင်ရဲ့ရန်မှာလည်း လေးနက်သောအမူအရာရှိနေ၏။ ဤစွမ်းအားက သူ့ကိုပင်လျှင် ကြီးမားသောအန္တရာယ်ရှိသည်ဟုခံစားရ၏။ ထိုကြယ်တာရာကောင်းကင်ယံကိုကြည့်ခြင်းဖြင့် ကျိယွင်သည် အင်မော်တယ်နိုင်ငံတော်တည်ဆောက်ခြင်းတွင် သူ့ထက်သာလွန်နေကြောင်း သက်သေပြနေသည်။
“ယူမဟာမိတ်အဖွဲ့မှာ မိစ္ဆာဘုရင်သုံးပါးနဲ့ အင်မော်တယ်ဘုရင်တစ်ပါးရှိနေတာတောင် ဒီလူက သူတို့ကို လုံးဝဂရုမစိုက်တာပဲ...”
မြောင်ယွီကမူ တည်ငြိမ်နေဆဲ။
“ဘာပဲဖြစ်ဖြစ် ယူမဟာမိတ်အဖွဲ့က လူကြီး ၄ ယောက်က မရောက်လာသေးဘူးလေ။ အဆင့် ၉ အင်မော်တယ်ရတနာကို ကြိုတင်ပြီးသိမ်းပိုက်ဖို့အတွက် အင်မော်တယ်ဘုရင်ကျိယွင်က ဒီလိုလုပ်တာက မထူးဆန်းပါဘူး”
ယူမဟာမိတ်အဖွဲ့မှ နောက်ဆုံးမိစ္ဆာအရှင်မြတ်သေဆုံးသွားသည်နှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာကောင်းကင်ယံမှာ ပျောက်ကွယ်သွားတော့သည်။ ကျိယွင်သည် ထျန်းရှူးဂိုဏ်း၏တံခါးရှေ့သို့ ကျော့ကျော့မော့မော့ဆင်းသက်လိုက်၏။
အားလုံးထိတ်လန့်သွားကြပြီး အရပ်ရပ်သို့ ကစဉ့်ကလျားထွက်ပြေးကြတော့သည်။ မိစ္ဆာတိမ်တိုက်နန်းတော်၊ ရှေးဟောင်းမင်ဟိုင်မျိုးနွယ်စုနှင့် ဖယောင်းတိုင်တောင်မိစ္ဆာများကဲ့သို့သော အင်အားကြီးဂိုဏ်းများမှလူများပင် တစ်ဦးပြီးတစ်ဦးဆုတ်ခွာသွား၏။ ဤသတ်ဖြတ်လိုစိတ်ပြင်းထန်သော အင်မော်တယ်ဘုရင်က ရူးသွပ်သွားပြီး ရှိသမျှပြိုင်ဘက်အားလုံးကို သတ်ဖြတ်ပစ်မလားဆိုသည်ကို မည်သူမျှမသေချာပေ။
အင်မော်တယ်ဘုရင်ကျိယွင်သည် အားလုံး၏အကြည့်အောက်တွင် ကြမ်းပြင်ပေါ်သို့ခြေချလိုက်ပြီး ကျန်းချန်ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ သူ၏မျက်နှာအမူအရာမှာ အလွန်ထူးဆန်းနေ၏။ အနည်းငယ်စိတ်လှုပ်ရှားမှု၊ အနည်းငယ်မယုံကြည်နိုင်မှုနှင့်အတူ အရူးအမူးဖြစ်နေသည့် အမူအရာမျိုး ပါဝင်နေသည်။ ၎င်းမှာ ရူးသွပ်သွားတော့မည့်လက္ခဏာနှင့် တူနေ၏။
ယွမ်ကျဲ၊ ယွမ်ဝူနှင့် အခြားသူများမှာ ပို၍ထိတ်လန့်လာကြပြီး သူတို့၏ ဓားကိုင်ထားသောလက်များမှာ တုန်ယင်နေတော့သည်။ ယခု သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဘိုးဘေးကြီးကျန်းက ဤလူကို တားဆီးပေးနိုင်ရန်သာ...
ထို့နောက်တွင်မူ ရှိသမျှလူအားလုံးမှာ သူတို့ဘဝ တစ်သက်တာတွင် မည်သည့်အခါမျှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရတော့သည်။
“ဂိုဏ်းချုပ်ကျန်း... တကယ်ပဲ အရှင်ဖြစ်နေတာပဲ”
အလယ်အင်မော်တယ်လောက၏ အထွတ်အထိပ်တွင်ရှိနေသော ဤအင်မော်တယ်ဘုရင်သည် သူ၏ဝတ်ရုံဖြူကိုမ၍ ဒူးတစ်ဖက်ထောက်ကာ ဖြည်းညင်းစွာဂါရဝပြုလိုက်တော့သည်။
“ကျိယွင်... ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်”
ဤစကားများကို ခက်ခက်ခဲခဲပြောဆိုပြီးနောက်တွင်မူ လောကကြီးကိုငြီးငွေ့နေဟန်ရှိသော ဝါရင့်အင်မော်တယ်ဘုရင်ကြီး၏ မျက်လုံးများမှာ နီမြန်းလာတော့သည်။ လူကြီးမိဘတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ သူသည်စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
“ဂိုဏ်းချုပ်ကျန်း... ဒီအဖိုးကြီးက အရှင့်ရဲ့နတ်ဘုရားမျက်နှာတော်ကို ဖူးတွေ့ခွင့်ရသေးတာပဲ... ကောင်းကင်ကြီးက တကယ်ပဲသနားညှာတာပါပေတယ်”
ဤအချိန်တွင် မရေတွက်နိုင်သောလူများမှာ အလွန်အမင်းထိတ်လန့်သွားကြသဖြင့် ကောင်းကင်ယံမှ ပြုတ်ကျကုန်ကြတော့သည်။ ထျန်းရှူးဂိုဏ်းအတွင်းရှိ မြောင်ယွီပင် ချော်လဲလုနီးပါး ဖြစ်သွားရသည်။
ဒါက ဘာတွေဖြစ်နေတာလဲ။
သူမသည် အင်မော်တယ်လောကကြီး ပျက်စီးသွားသည့် အံ့ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် ကြည့်နေမိသည်။
ဂုဏ်သရေရှိလှသော အင်မော်တယ်ဘုရင်တစ်ပါးက လူတစ်ယောက်ကို ဒူးထောက်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်တောင် ဒီအဖိုးကြီးလို့သုံးနှုန်းပြီး ပြောဆိုနေတာလား။