ဒါကဂုဏ်ယူစရာပါပဲ
Vol. 29 Ch. 288
အမှန်တကယ်တော့ ရှေးဟောင်းဧကရာဇ်ဂိုဏ်းချုပ်မှာ အထင်လွဲနေခြင်းဖြစ်သည်။ အင်မော်တယ်ဘုရင်ကျိယွင်သည် ခရီးမထွက်မီက ထိုကျန်းဆိုသူမှာ ကျန်းချန်ဖြစ်မှန်းမသိခဲ့သော်လည်း ဖေးရှန်ဂိုဏ်းဟူသောအမည်ကိုမူ မှတ်မိနေခဲ့သည်။ ထို့ကြောင့် အစကတည်းက သူသတိထားနေခဲ့၏။
အင်မော်တယ်ရတနာများမှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိလှရာ သူသည်လည်း ချွင်းချက်မဟုတ်ပေ။ မူလက သူသည် အင်မော်တယ်ဓားကိုယူပြီးထွက်ခွာသွားရန် ရည်ရွယ်ခဲ့ပြီး ဖေးရှန်ဂိုဏ်းမှလူများကိုမထိခိုက်စေရန် စိတ်ကူးထားခဲ့သည်။ သို့သော် ကျန်းချန်ကို မှတ်မိသွားပြီးနောက်တွင်မူ ကိစ္စမှာ ပြောင်းလဲသွားလေ၏။
သူ၏သစ္စာရှိမှုကိုပြသရန်အတွက် ယူမဟာမိတ်အဖွဲ့မှမိစ္ဆာများကို ချက်ချင်းသတ်ဖြတ်လိုက်ခြင်းပင်။
အင်မော်တယ်ဓားကိုလုယူဖို့ ဟုတ်လား။
အဲဒီလိုကိစ္စမျိုးရှိလို့လား။
သူ မသိပါ၊ မမှတ်မိပါ၊ ပြီးတော့ မလုပ်ရဲပါ...
တစ်ခြားလူတွေက ဒီအင်မော်တယ်ဓားကိုမမှတ်မိကြပေမဲ့ သူကတော့မမှတ်မိဘဲနေပါ့မလား။
ဒါက လွန်ခဲ့တဲ့အချိန်တုန်းကအင်မော်တယ်ဧကရာဇ်ရဲ့ ဟုန်ကျွယ်ဓားမဟုတ်လား။
ဒီကမ္ဘာကျော် လူသတ်လက်သည်မပေါ်တဲ့အမှုကြီးကို အထက်အင်မော်တယ်လောကက အခုထိစုံစမ်းစစ်ဆေးတာကို လုံးဝလက်မလျှော့သေးဘူးလေ။
ဒီဓားက ရှင်းရှင်းပြောရရင် ခိုးရာပါပစ္စည်းပဲ၊ ဂိုဏ်းချုပ်ကျန်းတစ်ယောက်ပဲ ဒါကို လူသိရှင်ကြားထုတ်သုံးရဲတာ။
“ဒါနဲ့ ဂိုဏ်းချုပ်ကျန်း... နောက်ထပ် ဘယ်ကိုကြွဖို့ အစီအစဉ်ရှိပါသလဲ”
“အချိန်ရမယ်ဆိုရင် ကျွန်တော်တို့ ရှေးဟောင်းဧကရာဇ်ဂိုဏ်းကို တစ်ခေါက်လောက်ကြွပါဦးလား...”
အစ်ကိုကြီးချန်က လက်ဝှေ့ယမ်းလိုက်၏။
“ထားလိုက်ပါတော့၊ ငါအခုတလော အလုပ်များနေတယ်၊ ပြီးတော့ ဒီက အင်မော်တယ်ကံကြမ္မာတိုကင်တွေကိုလည်း မသိမ်းရသေးဘူး”
ထိုသို့ပြောပြီးနောက် သူသည် ဆိုင်အတွင်းပြန်ဝင်သွားတော့သည်။
“ငါတို့ရဲ့ အင်မော်တယ်ကံကြမ္မာတိုကင် ၃,၃၀၀ အရောင်းအဝယ်က အတည်ဖြစ်နေတုန်းပဲမဟုတ်လား”
မြောင်ယွီက ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါပေါ့... အတည်ဖြစ်ပါတယ်”
အင်မော်တယ်ဘုရင်ကျိယွင်က ဘေးမှနေ၍ခွင့်တောင်းလိုက်၏။
“ဒါဆိုရင်... ကျွန်တော်တို့တွေ ဂိုဏ်းချုပ်ကျန်းနဲ့အတူ လိုက်ပါခွင့်ရမလားခင်ဗျာ”
ကျန်းချန်က ခေါင်းငြိမ့်ပြလိုက်သည်။
“ရတာပေါ့”
သူ့ထံမှခွင့်ပြုချက်ရလိုက်သဖြင့် ကျိယွင်မှာ အလွန်အမင်းဝမ်းသာသွားတော့သည်။
“မြန်မြန်... မြန်မြန် လိုက်ခဲ့ကြ”
အကြီးအကဲချုပ်သုံးဦးမှာလည်း အလွန်ပင်ဂုဏ်ယူနေကြသည်။ ထိုစဉ်က သူတို့မှာ ဂိုဏ်းချုပ်ကျန်း၏ဘေးနားတွင် အနီးကပ်လိုက်ပါခွင့်ရရန် အရည်အချင်းမပြည့်မီခဲ့ကြချေ။ သူတို့သည် ရိုသေလေးစားစွာဖြင့် ဆိုင်အတွင်းသို့ အလျင်အမြန်လိုက်ဝင်သွားကြ၏။ အတွင်းရောက်သောအခါ သူတို့မှာ ထိုင်ရန်ပင် မဝံ့ရဲကြဘဲ ကျန်းချန်၏နောက်တွင် ကိုယ်ရံတော်များကဲ့သို့ရပ်နေကြသည်။
လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် အခြားသူများမှာမူ အံ့အားသင့်နေကြရသည်။
ဒါက တကယ့်ကို အံ့ဩဖို့ကောင်းလွန်းတာပဲ မဟုတ်လား။
အင်မော်တယ်ဘုရင်တွေက ကိုယ်ရံတော် လုပ်ပေးနေကြတာလား၊ ပြီးတော့ သူတို့က အဲဒီလိုလုပ်ပေးရတာကိုတောင် ဂုဏ်ယူနေကြသလိုပဲ။
ဒါကြောင့်လည်း ဂိုဏ်းချုပ်ကြီးက ဘိုးဘေးကြီးကျန်းကို ဒီလောက်အထိ ရိုသေနေတာလား။
သူ့ရဲ့ နောက်ခံက ဘယ်လိုမျိုးလဲ။
ရှေးဟောင်းဧကရာဇ်ဂိုဏ်းချုပ်မှာလည်း ဇဝေဇဝါဖြစ်နေရသည်။
“ဘိုးဘေးကြီး... ဒီလူက တကယ်တော့ ဘယ်သူလဲဗျာ”
“ဘာလို့ သူ့ကို ဒီလောက်အထိ ရိုသေနေရတာလဲ။ ကျွန်တော်ကြည့်ရသလောက်တော့ သူက ရွှေအင်မော်တယ်တစ်ယောက်ပဲလေ။ အရင်တုန်းက ခင်မင်မှုရှိခဲ့ရင်တောင်မှ...”
သူစကားမဆုံးသေးခင်မှာပင် အကြီးအကဲချုပ်တစ်ဦးက သူ့ကိုခပ်ပြင်းပြင်းရိုက်လိုက်တော့သည်။
“မင်းဘာမှမသိဘဲမပြောနဲ့”
“ဂိုဏ်းချုပ်ကျန်းက ဒီလောကကြီးမှာ လာကစားနေတာ၊ ကျင့်ကြံမှုအဆင့်ဆိုတာ သူ့အတွက်တော့ လွင့်မျောနေတဲ့တိမ်တိုက်တွေလိုပဲ ဘာမှမဟုတ်ဘူး”
“သူကသာ ငါတို့ကိုဖျက်ဆီးချင်တယ်ဆိုရင် လေတစ်ချက်မှုတ်လိုက်ရုံနဲ့တင်ပြီးသွားမှာ”
သူတို့အားလုံးသည် ကျန်းချန်က အင်မော်တယ်ဧကရာဇ်အား သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ခဲ့ဖူးကြသည်။
“ဒါတင်မကဘူး၊ သူက ငါတို့ရဲ့အသက်တွေကို ကယ်တင်ခဲ့ပြီး ငါတို့ကို အကြိမ်ကြိမ်မြှင့်တင်ပေးခဲ့တာ”
“သူသာမရှိခဲ့ရင် ငါတို့တွေ မရေတွက်နိုင်အောင်သေခဲ့ပြီးပြီ၊ အခုလိုနေရာမျိုးမှာ ဘယ်ရှိနေပါ့မလဲ”
“အကယ်၍ မင်းက သူ့ကိုမရိုမသေလုပ်မယ်ဆိုရင် ဒါက ငါတို့နဲ့ ငါတို့ရဲ့ဆရာကိုပါ စော်ကားတာပဲ”
“အဲဒီလိုလုပ်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော်”
ဤသို့သော ညွှန်ကြားချက်များပြီးနောက် ရှေးဟောင်းဧကရာဇ်ဂိုဏ်း၏ အဆင့်မြင့်တာဝန်ရှိသူများမှာ ချက်ချင်းပင် မြေးငယ်လေးများကဲ့သို့ လိမ္မာသွားကြ၏။
“ဟုတ်ကဲ့... ဟုတ်ကဲ့... နားလည်ပါပြီ”
“ကျွန်တော်တို့ သိပါပြီ...”
သူတို့၏ လက်ရှိခံစားချက်မှာ ဖေးရှန်ဂိုဏ်းမှ အကြီးအကဲများနှင့်ထပ်တူပင်။ သူတို့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားမလည်သေးသော်လည်း ကျန်းချန်ကိုကြည့်သည့် သူတို့၏အကြည့်များမှာများစွာ ပို၍ရိုသေကိုင်ရှိုင်းလာခဲ့ချေပြီ။
ထိုအချိန်တွင် မိစ္ဆာတိမ်တိုက်နန်းတော်၊ မင်ဟိုင်ရှေးဟောင်းမျိုးနွယ်စုနှင့် ဖယောင်းတိုင်တောင်မိစ္ဆာများကဲ့သို့သော ထိပ်သီးအင်အားစုများမှာ အဝေးသို့ဆုတ်ခွာသွားကြပြီဖြစ်သည်။ သူတို့တွင် အဆင့် ၉ အင်မော်တယ်ဓားကို ရယူလိုသည့်စိတ်ကူးများ ရှိနေဆဲပင်။ သို့သော် အင်မော်တယ်ဘုရင်ကျိယွင်သည် အံ့ဩဖွယ်ကောင်းလောက်အောင် ကျန်းချန်ဘက်သို့ လုံးဝဘက်ပြောင်းသွားခဲ့သဖြင့် ဓားကိုလုယူရန် အဆပေါင်းများစွာခက်ခဲသွားပြီး စိတ်ကူးယဉ်ရန်ပင် ခဲယဉ်းသွားတော့သည်။
ယခု သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ယူမဟာမိတ်အဖွဲ့ပင်။ ယူမဟာမိတ်အဖွဲ့မှ ခေါင်းဆောင် ၄ ယောက် မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ ထိုအချိန်တွင် ကြီးမားသောတိုက်ပွဲကြီး ဖြစ်ပေါ်လာမည်မှာသေချာ၏။ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူပြီး ဓားကိုရယူနိုင်မည့်အခွင့်အရေး ရလာနိုင်ကောင်းရဲ့ဟု သူတို့တွေးတောနေကြသည်။
အခြားတစ်ဖက်တွင်မူ မြောင်ယွီသည် အလွန်အမင်း သံသယဖြစ်မှုနှင့် နားမလည်နိုင်မှုများအတွင်း နစ်မြုပ်နေဆဲပင်။ ခုနက နှစ်ဦးနှစ်ဖက်ပြောဆိုချက်များအရ ကျိယွင်နှင့် ကျန်းချန်တို့မှာ တကယ်ပင် လွန်ခဲ့သောအချိန်များစွာကတည်းက သိကျွမ်းခဲ့ကြပြီး အင်မော်တယ်ဘုရင်ကျိယွင်သည် ထိုစဉ်က ကျန်းချန်၏လက်အောက်ငယ်သားတစ်ဦး ဖြစ်ခဲ့ပုံရသည်။ မဟုတ်ပါက သူသည် ကျန်းချန်ကို ဤမျှအထိရိုသေလိမ့်မည်မဟုတ်ပေ။
ထို့ပြင် ကျိယွင်တစ်ဦးတည်းသာမကဘဲ အထက်အင်မော်တယ်လောကသို့ တက်လှမ်းသွားကြသော အင်မော်တယ်ဘုရင်ချင်းယွင်နှင့် လျိုယွင်တို့သည်လည်း ထိုစဉ်က ကျန်းချန်၏လက်အောက်ငယ်သားများ ဖြစ်ခဲ့ကြသည်။ အင်မော်တယ်ဘုရင်သုံးပါးကို လက်အောက်ငယ်သားအဖြစ်ထားနိုင်ဖို့ဆိုလျှင် မည်မျှအထိကြီးကျယ်ခမ်းနားရမည်နည်း။
ဖြစ်နိုင်တာက... သူက အင်မော်တယ်ဧကရာဇ်တစ်ပါးလား။
အင်မော်တယ်ဘုရင်ရဲ့ရန်သည်လည်း စဉ်းစားမရနိုင်ဖြစ်နေသဖြင့် တိတ်တဆိတ် စိတ်ချင်းဆက်သွယ်ကာ မေးလိုက်ပြန်သည်။
“အင်မော်တယ်ဘုရင်ကျိယွင်က သူ့ကိုဂိုဏ်းချုပ်ကျန်းလို့ခေါ်နေတာပဲ၊ ဖေးရှန်ဂိုဏ်းမှာ ကျန်းအမည်ရှိတဲ့ ဂိုဏ်းချုပ်ရှိဖူးလို့လား”
“မရှိပါဘူး”
မြောင်ယွီသည် ဤရက်ပိုင်းအတွင်း ဖေးရှန်ဂိုဏ်း၏အချက်အလက်များကို စုံစမ်းစစ်ဆေးထားခဲ့သဖြင့် ဤဂိုဏ်းအကြောင်းကို ကောင်းကောင်းသိထားသည်။
“ဒါ့အပြင် သူက ဖေးရှန်ဂိုဏ်းရဲ့ ဘိုးဘေးကြီးဖြစ်နေဦးတော့၊ ရှေးဟောင်းဧကရာဇ်ဂိုဏ်းရဲ့ အင်မော်တယ်ဘုရင်ကို အမိန့်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
“ဒီကိစ္စက တကယ်ကိုထူးဆန်းလွန်းတယ်”
ကံမကောင်းစွာဖြင့် ကျိယွင်သည် အစမှအဆုံးအထိ သူ့ကိုဂိုဏ်းချုပ်ကျန်းဟုသာခေါ်ဆိုခဲ့ပြီး သူ၏အမည်ရင်းကို တိုက်ရိုက်ခေါ်ဆိုရန်မဝံ့ရဲခဲ့ချေ။ မဟုတ်ပါက ကျန်းချန်ဟူသောအမည်ကို ကြားလိုက်ရသည်နှင့် အခြားသူများမသိသော်လည်း မြောင်ယွီ၏ဗဟုသုတဖြင့်ဆိုလျှင် တစ်ခုခုကိုသေချာပေါက် ဆက်စပ်တွေးတောနိုင်ပေလိမ့်မည်။
အင်မော်တယ်ဘုရင်ရဲ့ရန်က ဖြည်းညင်းစွာဆိုလိုက်၏။
“တကယ်တော့ ဒီထက်ပိုပြီးသံသယဖြစ်စရာကောင်းတာ တစ်ခုရှိသေးတယ်”
“အခုနကျိယွင်ပြောသွားတဲ့ ချင်းယွင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ သန်းကတည်းက အထက်အင်မော်တယ်လောကကို တက်လှမ်းသွားခဲ့တာ”
မြောင်ယွီက လေးနက်သောအမူအရာဖြင့် ခေါင်းငြိမ့်လိုက်ပြီး စဉ်းစားဟန်ဖြင့်...
“အကယ်၍ အင်မော်တယ်ဘုရင်ချင်းယွင်ကလည်း ဒီလူ့ရဲ့လက်အောက်ငယ်သားဖြစ်ခဲ့မယ်ဆိုရင်၊ ဒီလူဟာ အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ သန်းကတည်းက တည်ရှိနေခဲ့တာပေါ့”
“ဒီလောက်ကြာလှပြီဖြစ်တဲ့ အချိန်အတောအတွင်းမှာ ဒီလူ့အကြောင်း သတင်းတစ်စွန်းတစ်စတောင် မထွက်ခဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဒါ့အပြင် သူက ဘာလို့ အခုထိ အဆင့် ၁ ရွှေအင်မော်တယ် ဖြစ်နေရတာလဲ”
အင်မော်တယ်ဘုရင်ရဲ့ရန်မှာလည်း ထိုအချက်ကို သဘောတူမိသည်။ ၎င်းမှာ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ အချိန်အတော်ကြာစဉ်းစားပြီးနောက် သူကသက်ပြင်းချလိုက်၏။
“ဘာပဲဖြစ်ဖြစ်၊ ဒီလူ့ရဲ့နောက်ကွယ်မှာ ပြောမပြနိုင်တဲ့လျှို့ဝှက်ချက်တွေ အများကြီးရှိနေမှာ သေချာတယ်။”
“ဒါပေမဲ့ အင်မော်တယ်ဘုရင်သုံးပါးကို လက်အောက်ငယ်သားအဖြစ် ထားနိုင်တဲ့သူတစ်ယောက်အတွက် အဆင့် ၉ အင်မော်တယ်ဓားရှိနေတာကတော့ သဘာဝကျပါတယ်”
“အင်း... ဟုတ်တယ်...”
သူတို့ တိတ်တဆိတ်ဆွေးနွေးနေကြစဉ်မှာပင် အစ်ကိုကြီးချန်က စနစ်ကိုတစ်ချက်ကြည့်လိုက်၏။ သူသည် တုန်လှုပ်မှုအမှတ် ၆၅.၅၄ သန်း ထပ်မံရရှိခဲ့ကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် မကြာသေးမီက သူရရှိခဲ့သောအမှတ်များအနက် အများဆုံးပင်။
မတတ်နိုင်ပေ၊ ဂုဏ်သရေရှိလှသော အင်မော်တယ်ဘုရင်တစ်ပါးက ဒူးထောက်အရှုံးပေးလိုက်ခြင်းမှာ ရှိသမျှလူတိုင်းကိုမှင်သက်သွားစေရုံသာမက ကိုးကွယ်ချင်စိတ်ပင်ပေါက်သွားစေသည်အထိ တုန်လှုပ်သွားစေ၏။ ထို့အပြင် ဤနေရာတွင် အင်မော်တယ်အရှင်မြတ်များ၊ မိစ္ဆာအရှင်မြတ်များနှင့် အင်မော်တယ်ဘုရင်များကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများစွာရှိနေသောကြောင့် လူဦးရေမများသော်လည်း ရရှိသည့်အမှတ် အလွန်များပြားနေခြင်းပင်။ ၎င်းသည် မျှော်လင့်မထားသော ရလဒ်ပင်။
ထို့ကြောင့်လည်း အစ်ကိုကြီးချန်သည် အင်မော်တယ်ဘုရင်ကျိယွင်ကို ပို၍ကြင်နာသောအကြည့်ဖြင့် ကြည့်လိုက်တော့သည်။
“ဒါနဲ့ ဂိုဏ်းချုပ်ကျန်း... အရှင်က ဖေးရှန်ဂိုဏ်းကတပည့်တွေကို အထက်အင်မော်တယ်လောကကို အတူတူခေါ်သွားဖို့ အစီအစဉ်ရှိတာလား”
“အေး... ဟုတ်တယ်”
အင်မော်တယ်ဘုရင်ကျိယွင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။
“ဒီဖေးရှန်ဂိုဏ်းထဲကိုဝင်ခွင့်ရခဲ့တဲ့ ဂျူနီယာတွေကတော့ တကယ့်ကိုကံကောင်းကြတာပဲ။ အရှင့်ရဲ့စောင့်ရှောက်မှုကို ရကြတာကိုး”
သူ့နောက်မှ အကြီးအကဲချုပ်သုံးဦးသည်လည်း အကြိမ်ကြိမ်ခေါင်းငြိမ့်လိုက်ကြသည်။
“ဟုတ်ကဲ့... သူတို့တွေ ဂိုဏ်းချုပ်ကျန်းနောက်လိုက်ခွင့်ရတာကိုကြည့်ပြီး ကျွန်တော်တို့တောင် မနာလိုဖြစ်မိတယ်”
“ကြည့်ရတာ ဖေးရှန်ဂိုဏ်းကတော့ နောက်တစ်ကြိမ်ပြန်ပြီး ထွန်းကားလာတော့မယ့်ပုံပဲ”
လင်ဟန်ဟန်၊ ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟယ်တို့မှာ ဘာပြောရမှန်းမသိဖြစ်နေကြရသည်။ ဤဘိုးဘေးကြီးက ပြဿနာရှာရာတွင် ပထမတန်းစားပင်။ သူ၏ဝါစဉ်က အလွန်မြင့်မားပုံရသော်လည်း သူ့နောက်သို့ လိုက်ပါလာရခြင်းမှာ ထိတ်လန့်စရာကောင်းလှပြီး မည်သည့်အချိန်တွင် အသက်ထွက်သွားမလဲ မသိနိုင်ချေ။
သူတို့မသိကြသည်မှာ ဤလေးဦးသည် ကျိလင်းဟန်၊ လင်းနင်နှင့် ထိုလူများအကြောင်းကို ဆက်စပ်တွေးတောနေခြင်းဖြစ်သည်။ လွန်ခဲ့သောအချိန်က သူတို့အင်မော်တယ်လောကသို့ တက်လှမ်းလာကြစဉ်က အောက်လောကမှကျွမ်းကျင်သူအားလုံးမှာ အတူတူရှိနေခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦးဆက်ဆံဖူးကြသည်။ ထိုစဉ်က သူတို့သည် ဖေးရှန်ဂိုဏ်းမတပည့်များကို အလွန်မနာလိုခဲ့ကြဖူးသည် မဟုတ်ပါလား။