← Chapters

အခန်း (၂၈၉)

Vol. 29 Ch. 289

အခန်း (၂၈၉)

Vol. 29 Ch. 289

လွန်ခဲ့သောအချိန်များက အောက်အင်မော်တယ်လောကရှိ တင့်ထျန်းမြို့သို့စတင်ရောက်ရှိချိန်တွင် တက်လှမ်းခြင်းစင်မြင့်အတွင်း၌ ကျင့်ကြံရန်နေရာပေါင်းတစ်သောင်းခန့်သာရှိခဲ့သည်။ အောက်လောက နယ်မြေပေါင်းသောင်းခြောက်ထောင်မှ သူရဲကောင်းများစွာပေါ်ထွက်လာခဲ့ပြီး အင်မော်တယ်ဘုရင်ကျိယွင်ပင် နေရာတစ်ခုရရန်ခဲယဉ်းခဲ့၏။

သို့သော် ထိုဖေးရှန်ဂိုဏ်းမှတပည့်များမှာ တမူထူးခြားသည်။ သူတို့အားလုံးနေရာရရုံသာမက ဗဟိုစက်ဝိုင်းအတွင်းရှိ အကောင်းဆုံးနေရာများကိုပါရရှိခဲ့ကြသည်။

အထူးသဖြင့် ကျိလင်းဟန်မှာ ပို၍ပင်အံ့ဩစရာကောင်း၏။ သူမသည် တစ်ခုတည်းသောရာဇပလ္လင်ပေါ်တွင် တိုက်ရိုက်ထိုင်ခွင့်ရခဲ့သည်။ ကျိယွင်မှာ အစကတည်းက သူတော်စင်အဆင့်တွင်ရှိနေခဲ့သော်လည်း ထိုတပည့်အများစုမှာ ထိုစဉ်က တာအိုနန်းတော်အဆင့်သာရှိသေးသည်။

နောက်ပိုင်းတွင် အင်မော်တယ်ရတနာများကို ခွဲဝေပေးသည့်အခါ၌လည်း သူတို့သည် အကောင်းဆုံးအရာများကို ရရှိခဲ့ကြ၏။ ကျိယွင်နှင့် အခြားသူများမှာ နေရာတစ်ခုရရန် အပြင်းအထန်ကြိုးစားခဲ့ရပြီး တက်လှမ်းခြင်းတိုက်ပွဲများစွာကိုလည်း တိုက်ခိုက်ခဲ့ကြရသည်။ သူတို့နှစ်ဖွဲ့ကြားမှဆက်ဆံမှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေရာ ကြားရသူတိုင်းစိတ်မကောင်းဖြစ်ရပြီး မြင်ရသူတိုင်းမျက်ရည်ကျရမည့်အခြေအနေပင်။

သူတို့သည် ဂိုဏ်းချုပ်ကျန်း၏ တိုက်ရိုက်မျိုးဆက်များဖြစ်နေခြင်းကြောင့် အကောင်းဆုံးများကိုသာ ရရှိခဲ့ကြသည်။ ထိုနေရာတွင် တရားမျှတမှုဟူ၍မရှိခဲ့။ သူတို့၏အမြင်တွင် ယခုဖေးရှန်ဂိုဏ်းမျိုးဆက်သစ်များသည် ဂိုဏ်းချုပ်ကျန်း၏ဦးဆောင်မှုကိုရရှိထားပြီဖြစ်ရာ သူတို့သည် အကျိုးကျေးဇူးများရရှိပြီး နောက်တစ်ကြိမ်ထွန်းကားလာတော့မည်။ ၎င်းကို သူတို့က မနာလိုမဖြစ်ဘဲ မနေနိုင်ပေ။

ကံမကောင်းစွာဖြင့် လင်ဟန်ဟန်နှင့် အခြားသူများမှာမူ ထိုခံစားချက်များကို နားမလည်နိုင်ကြဘဲ ဘာဆက်လုပ်ရမလဲဆိုသည်ကိုသာ တွေးတောနေကြသည်။

“ဘိုးဘေးကြီး... ကျွန်တော်တို့ တစ်ခုခုစီစဉ်သင့်တယ်လို့ ထင်ပါသလား”

အစ်ကိုကြီးချန်မှာ အနည်းငယ်ကြောင်သွားပြီး...

“ဘာကိုစီစဉ်ရမှာလဲ”

သူစတင်ပေါ်ထွက်လာကတည်းက အမြဲတမ်းထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့၏။ သေဆုံးသွားလျှင်လည်း စနစ်ကို အသုံးပြုသည်။ သူသည် ဦးနှောက်ကို သိပ်ပြီးအသုံးချလေ့မရှိ။

“ယူမဟာမိတ်အဖွဲ့က ထိပ်သီးလေးယောက်က မကြာခင်ရောက်လာတော့မှာပါ။ သူတို့ရဲ့အစွမ်းတွေကို အရင်ဆုံးရှောင်ရှားသင့်သလားလို့ပါ။ မဟုတ်ရင် လွတ်မြောက်ဖို့ ခက်ခဲသွားမှာကိုစိုးရိမ်လို့ပါ...”

အစ်ကိုကြီးချန် စကားမပြောရသေးမီမှာပင် အင်မော်တယ်ဘုရင်ကျိယွင်က ဒေါသထွက်သွား၏။

“ယူမဟာမိတ်အဖွဲ့က လေးယောက်လောက်က မင်းတို့ကိုကြောက်လန့်အောင်လုပ်နိုင်နေပြီလား”

“မင်းက မင်းရဲ့ဘိုးဘေးကြီးကို အထင်သေးလွန်းနေတာပဲ မဟုတ်လား”

“ငါပြောလိုက်မယ်၊ သူတို့လာရင်လည်း ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး”

သူသည် လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် အခြားသူများကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“ဒီလောက်တောင်သတ္တိနည်းပြီး ကြောက်တတ်နေတာလား၊ တကယ်ပဲ မျိုးဆက်တစ်ခုထက်တစ်ခု ပိုပိုပြီးညံ့လာတာပဲ...”

ဤအဖိုးကြီးမှာ ထိုစဉ်ကတည်းက ကျိလင်းဟန်နှင့် အခြားသူများကို မနာလိုဖြစ်နေခဲ့သူဖြစ်ရာ သူတို့၏ တပည့်တပန်းများကို မျက်နှာသာပေးလိမ့်မည်မဟုတ်။ လင်ဟန်ဟန်နှင့် အခြားသူများမှာ ဘာမှပြန်မပြောနိုင်ဘဲ အဆူခံလိုက်ရတော့သည်။ ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများပင် ချွေးပြန်နေကြရသည်။

ဘိုးဘေးကြီးက အင်မော်တယ်ဘုရင်ဖြစ်နေပေမဲ့ တစ်ယောက်တည်းလေ၊ ဟိုဘက်မှာက လေးယောက်တောင်ရှိတာကို။ ဒါက အလွန်အကျွံမောက်မာနေတာ မဟုတ်ဘူးလား...

အဝေးမှ မြောင်ယွီသည်လည်း အံ့အားသင့်သော အမူအရာရှိနေ၏။

“အင်မော်တယ်ဘုရင်ကျိယွင်က တစ်ယောက်တည်းနဲ့ လေးယောက်ကိုတိုက်ခိုက်နိုင်လို့လား”

“မဖြစ်နိုင်ပါဘူး”

အင်မော်တယ်ဘုရင်ရဲ့ရန်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။

“သူ့ရဲ့ ယုံကြည်မှုက ဘယ်ကနေရောက်လာတာလဲဆိုတာ ငါမသိဘူး”

“ယူမဟာမိတ်အဖွဲ့က လေးယောက်ထဲမှာ နှင်းရိပ်မိစ္ဆာဘုရင်နဲ့ ရှောင်ခွန်းမိစ္ဆာဘုရင်တို့ကတော့ အကြောင်းမဟုတ်ဘူး၊ သူတို့ရဲ့စွမ်းအားက ငါနဲ့အဆင့်တူလောက်ပဲရှိမှာ”

“ဒါပေမဲ့ ချာလီမိစ္ဆာဘုရင်နဲ့ ဟွာယင်အင်မော်တယ်ဘုရင်တို့ကတော့ မတူဘူး။ သူတို့က တခြားအင်မော်တယ်ဘုရင်တွေကို ထိပ်တိုက်တိုက်ခိုက်ပြီးအနိုင်ယူဖူးတဲ့ မှတ်တမ်းတွေရှိတယ်၊ နှစ်ယောက်တစ်ယောက်တိုက်နိုင်တဲ့သူတွေ”

“အမှားအယွင်းမရှိဘူးဆိုရင် သူတို့ရဲ့အင်မော်တယ်နိုင်ငံတော်တွေဟာ အပြည့်အဝ အုတ်မြစ်တည်ဆောက်ပြီးသားဖြစ်လိမ့်မယ်”

“အဲဒီနှစ်ယောက်သာမရှိရင် ယူမဟာမိတ်အဖွဲ့က ဒီလောက်အထိ အလျင်အမြန်တိုးတက်လာမှာမဟုတ်ဘူး”

“အဲဒီထဲကတစ်ယောက်ယောက်က အင်မော်တယ်ဘုရင်ကျိယွင်ကို အေးဆေးတားဆီးနိုင်လိမ့်မယ်”

မြောင်ယွီက ခေါင်းငြိမ့်လိုက်၏။

“ကြည့်ရတာ အဓိကသော့ချက်ကတော့ ဂိုဏ်းချုပ်ကျန်းပဲဖြစ်လိမ့်မယ်။ သူက အင်မော်တယ်ဘုရင်ကျိယွင်ကိုတောင် အရှုံးပေးအောင်လုပ်နိုင်တယ်ဆိုတော့ ငါတို့မသိသေးတဲ့ လျှို့ဝှက်ချက်တွေရှိနေမှာ အသေအချာပဲ”

သူမသည် ကျန်းချန်ကို ပို၍ ပို၍ စိတ်ဝင်စားလာတော့သည်။

သူမ၏ စကားမဆုံးသေးခင်မှာပင် ကွင်းအတွင်းရှိ အင်မော်တယ်ဘုရင်ကျိယွင်က မတ်တတ်ရပ်လိုက်သည်။

“သူတို့ရောက်လာပြီ”

လူအုပ်ကြီးသည် အပြင်ဘက်သို့ထွက်လာကြပြီး ဝေးကွာသောကောင်းကင်ယံကိုကြည့်လိုက်ကြရာ ထိုနေရာတွင် မည်းမှောင်သောတိမ်တိုက်များ တစ်လွှာပြီးတစ်လွှာပေါ်လာပြီး လူရိပ်တစ်ခုအဖြစ်ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်ရှိ အင်အားစုများမှာလည်း အဝေးသို့ အလျင်အမြန်ဆုတ်ခွာသွားကြသည်။

“နှင်းရိပ်မိစ္ဆာဘုရင်ပဲ”

“သူ ရောက်လာပြီဆိုတော့ ကြီးကျယ်တဲ့တိုက်ပွဲကြီး ဖြစ်တော့မှာသေချာတယ်”

“ဟုတ်တယ်၊ ငါသာ သူတို့နေရာမှာဆိုရင် စောစောစီးစီးဆုတ်ခွာသွားမှာ”

နှင်းရိပ်မိစ္ဆာဘုရင်သည် သူ့လက်ထဲရှိ အဆင့် ၇ အင်မော်တယ်ဓားကို ထုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသောလေသံဖြင့် ဆိုလိုက်သည်။

“ကျိယွင်... မင်းရဲ့ ရှေးဟောင်းဧကရာဇ်ဂိုဏ်းကတော့ ဆက်ရှိနေဖို့မလိုတော့ဘူး”

“ဒီလူက ငါ့သားမုန့်ချင်းကိုသတ်ခဲ့တယ်၊ ပြီးတော့ မင်းက ငါတို့ယူမဟာမိတ်အဖွဲ့က ကျွမ်းကျင်သူ အများကြီးကို သတ်ခဲ့တယ်”

“ဒီနေ့ကစပြီး ရှေးဟောင်းဧကရာဇ်ဂိုဏ်းနဲ့ ဖေးရှန်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ပစ်မယ်”

အင်မော်တယ်ဓားကျဆင်းလာသည်နှင့်အတူ မရေတွက်နိုင်သော နက်မှောင်သည့်လျှပ်စီးတန်းများပျံ့နှံ့သွားပြီး ထွက်ပြေးရန်အချိန်မရလိုက်သော ကျင့်ကြံသူအချို့ကို ထိမှန်သွားသည်။ သူတို့သည် စည်းမျဉ်းများ၏တိုက်ခိုက်မှုကြောင့် ချက်ချင်းသေဆုံးသွား၏။

ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှလူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။ ယူမဟာမိတ်အဖွဲ့ကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ စစ်ကြေညာချက်မှာ နောက်ပြောင်မှုမဟုတ်ပေ။ ဂိုဏ်းကိုဖျက်ဆီးပစ်မည်ဟုပြောပါက သူတို့သေချာပေါက်ဖျက်ဆီးပေလိမ့်မည်။

ထိုမိစ္ဆာကျင့်ကြံသူများသည် အရူးများကဲ့သို့ပင် ဘယ်သောအခါမှလက်လျှော့လိမ့်မည်မဟုတ်... သိန်းနှင့်ချီသော ရှေးဟောင်းဧကရာဇ်ဂိုဏ်းဝင်များမှာ ယခုတစ်ကြိမ်တွင် ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်နေရချေပြီ။

သို့သော်လည်း အင်မော်တယ်ဘုရင်ကျိယွင်မှာ အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိပေ။ သူ၏ဓားကို ဝှေ့ယမ်းကာ ထိုတိုက်ကွက်ကိုတားဆီးလိုက်ပြီး အေးစက်စက်ပြုံးလိုက်သည်။

“နှင်းရိပ်... မင်း ဘယ်သူ့ကိုသွားရန်စမိတယ်ဆိုတာ မင်းဘယ်တော့မှသိမှာမဟုတ်ဘူး”

“ဂိုဏ်းချုပ်ကျန်း... ဒီအဖိုးကြီးကို အရင်ဆုံးတိုက်ခိုက်ခွင့်ပြုပါဦး”

ဒီအင်မော်တယ်ဘုရင်က တိုက်ပွဲဝင်ဖို့အတွက်တောင် အမိန့်တောင်းနေရတာလား...

နှင်းရိပ်မိစ္ဆာဘုရင်မှာ ခဏမျှကြောင်သွားရသည်။

“အေး... သွားလေ”

အစ်ကိုကြီးချန်က လက်ဝှေ့ယမ်းလိုက်သည်။ သူ၏လက်ရှိအစွမ်းအစစ်အမှန်ဖြင့်ဆိုလျှင် တစ်ကြိမ်အသတ်မခံရဘဲနှင့် မိစ္ဆာဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးကို အနိုင်တိုက်ရန်မဖြစ်နိုင်ပေ။ လူအများအပြားကြည့်နေသည့်အတွက် သူသည် တတ်နိုင်သမျှ အသတ်မခံရအောင် ကြိုးစားရမည်မဟုတ်ပါလား။

အဓိကစစ်သေနာပတိ ဂိုဏ်းချုပ်ကျန်းထံမှ ခွင့်ပြုချက်ရရှိပြီးနောက် အင်မော်တယ်ဘုရင်ကျိယွင်မှာ လှောင်အိမ်ထဲမှထွက်လာသော ကျားသစ်တစ်ကောင်ကဲ့သို့ ဖြစ်သွား၏။ သူ၏အင်မော်တယ်နိုင်ငံတော်ကို ချက်ချင်းထုတ်ဖော်လိုက်ပြီး ဟိန်းဟောက်သံနှင့်အတူ ရှေ့သို့ပြေးဝင်သွားတော့သည်။

သူ၏ ရူးသွပ်လှသော တိုက်ခိုက်လိုစိတ်မှာ အစောပိုင်းက သူပြသခဲ့သော အင်မော်တယ်အရှိန်အဝါနှင့် လုံးဝကွာခြား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှင်းရိပ်မိစ္ဆာဘုရင်၏ အင်မော်တယ်နိုင်ငံတော်မှာ အပေါက်အပြဲများဖြင့် ပြည့်နှက်သွားသည်။ နှစ်ဖက်လုံးမှာ အင်မော်တယ်လက်နက်များကိုအသုံးပြုကာ စည်းမျဉ်းများဖြင့်တိုက်ခိုက်နေကြပြီး သေကြေပျက်စီးမည့် တိုက်ပွဲအရှိန်အဟုန်ထဲသို့ အလျင်အမြန်ရောက်ရှိသွား၏။

အင်မော်တယ်ဘုရင်ရဲ့ရန် ခန့်မှန်းခဲ့သည်မှာမမှားပေ။ ကျိယွင်၏တိုက်ခိုက်ရေးစွမ်းအားမှာ နှင်းရိပ်ထက် အဆများစွာပိုအားကောင်းသည်။ အမှားအယွင်းမရှိပါက ကျိယွင်သည် ဤတိုက်ပွဲကို သေချာပေါက်အနိုင်ရမည်။

အဝေးမှကြည့်နေကြသော အင်မော်တယ်များမှာ တဖွဲဖွဲပေါက်ကွဲနေသော ကြယ်တာရာကောင်းကင်ယံကိုကြည့်ကာ မှင်သက်နေကြရသည်။ အင်မော်တယ်ဘုရင်နှင့် မိစ္ဆာဘုရင်တို့၏တိုက်ပွဲကို ကြည့်ချင်တိုင်းကြည့်၍ရသည်မဟုတ်။

ယူမဟာမိတ်အဖွဲ့တွင် နောက်ထပ်ထိပ်သီးသုံးယောက်ရှိနေသေးသည်ကို သိကြသော်လည်း သူတို့၏ဘိုးဘေးကြီး အသာစီးရနေသည်ကိုမြင်ရသဖြင့် ရှေးဟောင်းဧကရာဇ်ဂိုဏ်းသားများမှာ အားတက်လာပြီး ဂုဏ်ယူနေကြသည်။

“ဘိုးဘေးကြီးက တကယ်အစွမ်းထက်တာပဲ”

“ဟုတ်တယ်... ငါတို့ဘိုးဘေးကြီးက အင်မော်တယ်ဘုရင်တွေထဲမှာ အတော်ဆုံးပဲ”

“နှင်းရိပ်မိစ္ဆာဘုရင်မှာ တခြားအကူအညီမရှိဘူးဆိုရင် ငါတို့ဘိုးဘေးကြီး သေချာပေါက်နိုင်မှာပဲ...”

အလယ်တွင်ရှိနေသော အစ်ကိုကြီးချန်မှာ ထိုပြင်းထန်သောတိုက်ပွဲကိုကြည့်ကာ အနည်းငယ်ပျင်းရိလာသည်။ သူ၏တိုက်ကွက်များမှာ အမြဲတမ်း ချက်ချင်းအဆုံးသတ်တတ်သဖြင့် ဤကဲ့သို့အချိန်ကြာမြင့်စွာ တိုက်ခိုက်နေရသည့် တိုက်ပွဲမျိုးကို သူသိပ်ပြီးအသားမကျပေ။ သူသည် ကုလားထိုင်တစ်လုံးကိုဖန်တီးကာ ပွဲထိုင်ကြည့်လေ၏။

“ကျိယွင်... မင်းရဲ့စွမ်းအားက သိပ်ပြီးအားမကောင်းဘူးပဲ၊ အခုထိမပြီးသေးဘူးလား”

“တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်လည်း ငါကိုယ်တိုင်ပဲ လုပ်လိုက်တော့မယ်”

သူသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ရင်း အနည်းငယ်အားမရသလို ပြောဆိုလိုက်သည်။ ၎င်းကိုကြားလိုက်ရသည့် ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှလူများမှာ သွေးအန်မတတ်ဖြစ်သွားကြ၏။ ယွမ်ကျဲ၊ ယွမ်ဝူ နှင့် အခြားသူများမှာလည်း သူတို့တစ်သက်တွင် ဤမျှလောက်အခွင့်ကောင်းယူပြီး အပြစ်ကင်းစင်ဟန်ဆောင်တတ်သူမျိုး မတွေ့ဖူးသဖြင့် မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်ကြတော့သည်။

ကောင်းကင်ယံရှိ အင်မော်တယ်ဘုရင်ကျိယွင်သည်လည်း ထိုအားမရသည့်စကားကိုကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး ကာကွယ်မှုကိုပင်လျစ်လျူရှုကာ တိုက်စစ်ကိုမြှင့်တင်လိုက်၏။ ထိုရူးသွပ်လှသောတိုက်ခိုက်မှုကြောင့် တစ်ဖက်ရှိ နှင်းရိပ်မိစ္ဆာဘုရင်မှာ မှင်သက်သွားသည်။

အဖိုးကြီး... ကလဲ့စားချေဖို့လာတာက ငါပါ၊ ဘာလို့ မင်းက ငါ့ထက်ပိုပြီး အားရပါးရတိုက်နေရတာလဲ...

နှင်းရိပ်မိစ္ဆာဘုရင်သည် ဒဏ်ရာများရရှိပြီး ဆုတ်ခွာနေရသည်ကို မြင်လိုက်ရသောအခါ အစ်ကိုကြီးချန်မှာ နောက်ဆုံးတွင် စိတ်ကျေနပ်သွားပုံရသည်။

ထိုအချိန်မှာပင် နေမင်းကိုပင်ကွယ်နိုင်လောက်သော ကြီးမားလှသည့် မိစ္ဆာအရိပ်များမှာ နောက်ဘက်မှပေါ်ထွက်လာ၏။ ယူမဟာမိတ်အဖွဲ့မှ ကျန်ရှိသော ထိပ်သီးသုံးယောက်ရောက်ရှိလာလေပြီ။

ထိုအချိန်တွင် ရှေးဟောင်းဧကရာဇ်ဂိုဏ်းနှင့် ဖေးရှန်ဂိုဏ်းတို့မှာ ထိတ်လန့်သွားကြ၏။

“ပြီးပြီ...”

“သူတို့ တကယ်ရောက်လာကြပြီ...”

အကြီးအကဲချုပ်သုံးဦးသာလျှင် တည်ငြိမ်နေကြသည်။ ဂိုဏ်းချုပ်ကျန်းရှိနေသမျှကာလပတ်လုံး အင်မော်တယ်ဧကရာဇ်ရောက်လာလျှင်ပင် သူတို့အတွက်တော့ တောင်ပြိုသော်လည်း မြက်မလှုပ်သည့်အခြေအနေမျိုးပင်။

“ငါ့ကိုကူညီကြပါဦး”

လဲပြိုလုနီးပါးဖြစ်နေသော နှင်းရိပ်မိစ္ဆာဘုရင်က အော်ဟစ်အကူအညီတောင်းလိုက်သည်။

လေးယောက်တစ်ယောက်ဆိုရင်တော့ အေးဆေးနိုင်မှာပဲ...

ထိုထိပ်သီးသုံးယောက်သည် ပတ်ဝန်းကျင်ကို အလျင်အမြန်စစ်ဆေးကြည့်လိုက်ပြီးနောက် ပြုံးလိုက်၏။

“ကောင်းပြီလေ”

“ငါတို့မင်းကို နိဗ္ဗာန်ရောက်အောင်ပို့ပေးမယ်”

နှင်းရိပ်မိစ္ဆာဘုရင်အနေနှင့် ထိုစကား၏အဓိပ္ပာယ်ကို နားမလည်နိုင်ခင်မှာပင် ထိုထိပ်သီးသုံးယောက်သည် သူတို့၏လက်နက်များကို သူ့ဘက်လှည့်ကာ တိုက်ခိုက်လိုက်ကြရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏အင်မော်တယ်နိုင်ငံတော် လုံးဝပျက်စီးသွား၏။

All Chapters