ဒီသုံးယောက်က တကယ်တော့...
Vol. 29 Ch. 290
နှင်းရိပ်မိစ္ဆာဘုရင်အနေနှင့် ဘာဖြစ်သွားမှန်းမသိလိုက်ခင်မှာပင် သူ၏အင်မော်တယ်နိုင်ငံတော် ပြိုလဲသွားခဲ့ချေပြီ။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှုဒဏ်ကို ခံလိုက်ရ၏။ သူထိတ်လန့်တကြားဖြစ်သွားပြီး ဒေါသတကြီး တစ်ခုခုပြောရန် ကြိုးစားလိုက်သည်။
မင်းတို့က ငါ့ဖက်ကမဟုတ်ဘူးလား။ ငါတို့တွေ အင်မော်တယ်ဘုရင်ကျိယွင်ကို အတူတူရင်ဆိုင်ဖို့လာခဲ့တာမဟုတ်ဘူးလား။ ဘာလို့ ငါ့ကိုလာတိုက်နေကြတာလဲ။ ပစ်မှတ်မှားသွားတာလား...
အခြားသူများမှာ ဘာဖြစ်သွားမှန်း သေချာမမြင်လိုက်ရခင်မှာပင် မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ရန်တို့မှာ မအော်ဘဲမနေနိုင်တော့ချေ။
“ဒါ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အင်မော်တယ်ဘုရင်များနှင့် မိစ္ဆာဘုရင်များမှာ မဟာမိတ်ကို မှားယွင်းတိုက်ခိုက်မိသည့်အထိ အဆင့်နိမ့်သောအမှားမျိုးကို ဘယ်သောအခါမှ မလုပ်တတ်ကြ။ သို့သော် မိစ္ဆာဘုရင်ချာလီ၊ မိစ္ဆာဘုရင်ရှောင်ခွန်းနှင့် အင်မော်တယ်ဘုရင်ဟွာယင်တို့သည် အဘယ်ကြောင့် သူတို့လူကို ပြန်လည်တိုက်ခိုက်နေကြရသနည်း။ သူတို့ ရူးသွားကြပြီလား။
နှင်းရိပ်မိစ္ဆာဘုရင်မှာ ဒေါသတကြီး မေးခွန်းထုတ်ချင်နေသော်လည်း သူ၏သံသယများမှာ မရေမတွက်နိုင်အောင် ရှိနေသည်။
ငါတို့ ယူမဟာမိတ်အဖွဲ့ကို တည်ထောင်ကတည်းက ငါတို့လေးယောက်လုံး နှစ်ပေါင်းသန်းချီအောင် လက်တွဲတိုက်ပွဲဝင်လာခဲ့တာလေ။ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေလို့တောင် ခေါ်ခဲ့ကြတာ... ဒါကိုမင်းတို့က ဘယ်လိုလုပ်ပြီး...
နှမြောစရာကောင်းသည်မှာ သူသည် ထိုစကားများကို ပြောခွင့်မရလိုက်ခြင်းပင်။ အင်မော်တယ်ဘုရင်ကျိယွင်သည် သူ့ထက်အစွမ်းထက်ပြီးသားဖြစ်ရာ ယခု ထိုသုံးဦးကပါ ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် နိဗ္ဗာန်ရောက်သွားလေသည်။
သူ၏နောက်ဆုံးအချိန်တွင် မြင်လိုက်ရသည်မှာ ကြယ်တာရာကောင်းကင်ယံကို ဖြတ်ကျော်ကာ ပျက်စီးခြင်းအလင်းတန်းတစ်ခု ကျဆင်းလာခြင်းပင်။ ၎င်းမှာ မိစ္ဆာဘုရင်ရှောင်ခွန်း၏ ဓားချက်ဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ထိုဓားချက်၏ဖိအားအောက်တွင် သူကဲ့သို့ အစွမ်းထက်သော မိစ္ဆာဘုရင်တစ်ပါးပင် မလှုပ်ရှားနိုင်တော့ဘဲ သူ၏အင်မော်တယ်ခန္ဓာကိုယ်မှာ စတင်ပျက်စီးလာ၏။
၎င်းမှာ အဆင့်အတန်းကွာခြားမှု၏ ဖိနှိပ်မှုမျိုးပင်။ နှစ်ပေါင်း ၁၀ သန်းလောက် လက်တွဲလာခဲ့ပြီး သေခါနီးအချိန်ကျမှသာ ထိုပုံမှန်အတိုင်း အေးအေးဆေးဆေးနေတတ်သော ရှောင်ခွန်းမှာ လေးယောက်ထဲတွင် အသန်မာဆုံးဖြစ်နေသည်ကို သူသိလိုက်ရတော့သည်။ ချာလီနှင့် ဟွာယင်တို့က အဘယ်ကြောင့် သူ့ကိုအစ်ကိုကြီးဟုခေါ်နေကြသည်ကို ယခုမှ နားလည်သွားသည်။ နှမြောစရာကောင်းသည်မှာ ထိုအမှန်တရားကိုသိရှိသွားချိန်တွင် အရာအားလုံးကနောက်ကျသွားခဲ့လေပြီ။
ဝှစ်...
နှင်းရိပ်မိစ္ဆာဘုရင်၏ခေါင်း ပြတ်ကျသွားသည်။ အင်မော်တယ်ဘုရင်ကျိယွင်က အလျင်မြန်ဆုံးတုံ့ပြန်လိုက်ပြီး ထိုဦးခေါင်းကိုလှမ်းဖမ်းလိုက်၏။ သူ၏လုပ်ဆောင်ချက်အတွက် အသိအမှတ်ပြုခံချင်သဖြင့် ဦးခေါင်းကိုကိုင်ကာ ပျံသန်းလာတော့သည်။
“ဟားဟား... ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တာဝန်ကျေခဲ့ပါတယ်”
“ဒီအဖိုးကြီးက ရန်သူကိုနှိမ်နင်းနိုင်ခဲ့ပါပြီ”
သူ့နောက်မှ မိစ္ဆာဘုရင်သုံးပါးမှာ ချက်ချင်းပင်ဒေါသထွက်သွားကြသည်။
“တောက်... ကျိယွင်... မင်းကတော့ကွာ”
“မင်းက ငါတို့ရဲ့ကုသိုလ်ကို ဘယ်လိုလုပ်လုယူရဲတာလဲ”
“အရှက်မရှိတဲ့ကောင်”
အင်မော်တယ်ဘုရင်ကျိယွင်ကလည်း အလျှော့မပေးဘဲ ပြန်လည်ကျိန်ဆဲလိုက်၏။
“မင်းတို့ကိုကွ... မင်းတို့က ငါ့ရဲ့ အင်မော်တယ်နိုင်ငံတော်ကိုပါ ဖျက်ဆီးလုနီးပါးဖြစ်သွားတာလေ၊ တမင်လုပ်တာမဟုတ်လား”
ရှိသမျှလူအားလုံးမှာ မှင်သက်နေကြရပြီး ဘာတွေဖြစ်နေမှန်း လုံးဝနားမလည်နိုင်တော့ချေ။ ယူမဟာမိတ်အဖွဲ့မှ ထိပ်သီးလေးယောက်က တစ်ဖက်တည်းမဟုတ်ဘူးလား။ နောက်ထပ်သုံးယောက် ထပ်ပေါ်လာသောအခါ ကျိယွင်နှင့် ကျန်းချန်တို့ အဆုံးသတ်ပြီဟု အားလုံးကထင်မှတ်ခဲ့ကြသော်လည်း အဘယ်ကြောင့် ယခုကဲ့သို့ အချင်းချင်းပြန်သတ်နေကြရသနည်း။ ယူမဟာမိတ်အဖွဲ့အတွင်းမှာ ကြီးမားသောပဋိပက္ခများ ရှိနေလို့လား။
နောက်မှလိုက်ပါလာသော အင်မော်တယ်အရှင်မြတ်နှင့် မိစ္ဆာအရှင်မြတ်သုံးရာကျော်မှာလည်း ဇဝေဇဝါဖြစ်နေကြ၏။ သူတို့အတွက်ကတော့ တကယ့်ကိုရှုပ်ထွေးလှပေသည်။ မဟာမိတ်ခေါင်းဆောင် နှင်းရိပ်က... သေသွားပြီလား။ မဟာမိတ်အဖွဲ့အတွင်းက သစ္စာဖောက်တွေကို သုတ်သင်နေတာလား၊ ငါတို့ကို ဘယ်သူမှမပြောပါလား။
အစ်ကိုကြီးချန်က သွေးချင်းချင်းနီနေသောဦးခေါင်းကို တစ်ချက်ကြည့်ကာ ကျိယွင်ကို မျက်စောင်းထိုးလိုက်၏။
“ယူသွားစမ်း... ဝေးဝေးမှာသွားထား”
သူသည် လူအများအပြားကိုသတ်ဖူးသော်လည်း ဖြတ်ထားသောဦးခေါင်းများကို ကြည့်ရသည်ကို ဝါသနာမပါပေ။
အင်မော်တယ်ဘုရင်ကျိယွင်မှာ ဟန်ထုတ်ခွင့်ဆုံးရှုံးသွားသဖြင့် ပူဖောင်းတစ်ခုလေလျှော့လိုက်သလို ဖြစ်သွားတော့သည်။
ကောင်းကင်ယံမှ ယူမဟာမိတ်အဖွဲ့ခေါင်းဆောင်သုံးဦးဖြစ်သော မိစ္ဆာဘုရင်ရှောင်ခွန်း၊ မိစ္ဆာဘုရင်ချာလီနှင့် အင်မော်တယ်ဘုရင်ဟွာယင်တို့ ဆင်းသက်လာကြပြီးနောက် လူအများ၏အကြည့်များအောက်တွင် သူတို့၏လက်နက်များကိုသိမ်းဆည်းလိုက်ပြီး ကျန်းချန်ရှေ့သို့ ဖြည်းညင်းစွာလျှောက်လှမ်းလာကြတော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
သူတို့သုံးဦးစလုံးသည် စိတ်လှုပ်ရှားမှုများစွာဖြင့် ကျန်းချန်၏ရှေ့တွင်ဒူးထောက်လိုက်ကြ၏။
“ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်”
“အရှင်က အလယ်အင်မော်တယ်လောကမှာရှိနေသေးတာ တကယ်ကိုဝမ်းသာစရာပါပဲ”
“ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့ အရှင့်ကိုသတိရနေခဲ့တာပါ၊ အရှင်ပြန်လာမှာကိုပဲ မျှော်လင့်နေခဲ့ရတာပါ”
အင်မော်တယ်ဘုရင်ကျိယွင်က အစောပိုင်းက စံနမူနာပြခဲ့သော်လည်း ယခုမြင်ကွင်းကိုမြင်ရသောအခါ လူတိုင်းမှာ သူတို့၏ဝိညာဉ်များ ခန္ဓာကိုယ်ထဲမှထွက်ခွာသွားလုမတတ် ထိတ်လန့်သွားကြ၏။
ဒီပုံစံအတိုင်းဆိုရင် ဒီသုံးယောက်ကလည်း အရင်တုန်းက ဂိုဏ်းချုပ်ကျန်းရဲ့ လက်အောက်ငယ်သားတွေပေါ့။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်သူကများ ဒီလိုထိပ်သီးပုဂ္ဂိုလ်ကြီးတွေကို အမိန့်ပေးနိုင်မှာလဲ...
အင်မော်တယ်ဘုရင်ကျိယွင်က ရှေးဟောင်းဧကရာဇ်ဂိုဏ်းကဖြစ်ပြီး ယူမဟာမိတ်အဖွဲ့နှင့် လုံးဝမပတ်သက်။ ခုနတုန်းကပင် သူတို့အချင်းချင်း ကျိန်ဆဲနေကြသေးသည်၊ သူတို့ကြားက ဆက်ဆံရေးက အတော်လေးဆိုးရွားပုံရ၏။ သို့သော်လည်း နှစ်ဖက်လုံးက ဤဂိုဏ်းချုပ်ကျန်း တစ်ဦးတည်းကိုသာ ဒူးထောက်နေကြခြင်းပင်။
မြောင်ယွီအနေနှင့် ဆက်ပြီးတည်ငြိမ်မနေနိုင်တော့ချေ။ ကျန်းချန်က ထိုအင်မော်တယ်ဓားကို ဘာကြောင့်မရောင်းရသလဲ၊ ထျန်းရှူးဂိုဏ်း၏အကာအကွယ်ကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုသည်ကို သူမနားလည်သွားတော့သည်။ သူ့အတွက် ဒါတွေက လုံးဝမလိုအပ်ခြင်းပင်။ သူ့တွင် အင်မော်တယ်ဘုရင်အဆင့်ရှိသော ထိပ်သီးလေးယောက်က လက်အောက်ငယ်သားအဖြစ်ရှိနေသည်။
သို့သော်လည်း သူမ ဇဝေဇဝါဖြစ်နေရဆဲပင်။
ဘာကြောင့်လဲ။
အဆင့် ၁ ရွှေအင်မော်တယ်လေးတစ်ယောက်က အင်မော်တယ်ဘုရင်နှင့် မိစ္ဆာဘုရင်များကို ဘယ်လိုနည်းနဲ့ ဒူးထောက်လာအောင် လုပ်နိုင်ခဲ့တာလဲ။ အထူးသဖြင့် မိစ္ဆာအရှင်မြတ်နှင့် အင်မော်တယ်အရှင်မြတ် တစ်ရာကျော်လောက်အသတ်ခံလိုက်ရပြီးနောက်မှာလေ။ ထိုသူတွေက ယူမဟာမိတ်အဖွဲ့ရဲ့ လက်ရွေးစင်နောက်လိုက်တွေ မဟုတ်ဘူးလား။ အဲဒီထဲမှာ သူတို့ရဲ့ တပည့်တွေ၊ မြေးတပည့်တွေလည်း ပါမှာပဲလေ။ ဒါက သွေးကြွေးကိစ္စမဟုတ်ဘူးလား။
ဒါကို သူတို့က လွယ်လွယ်လေး လက်လွှတ်လိုက်ကြတာလား။ ကျန်းချန်အတွက်ကြောင့်နဲ့ သူတို့ နှစ်ပေါင်းများစွာလက်တွဲလာခဲ့တဲ့ နှင်းရိပ်မိစ္ဆာဘုရင်ကိုတောင် နောက်ကျောကိုဓားနဲ့ ထိုးလိုက်ကြတယ်ပေါ့။ သူမကတော့ သူတို့တွေ ပြုစားခံထားရတာလားဟု သံသယဝင်မိသည်။ စိတ်ကိုထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခုခုကလွဲလျှင် ဤအရာများကို ရှင်းပြနိုင်သည့်နည်းလမ်း မရှိတော့ချေ။
သူ ဒါကို ဘယ်လိုများလုပ်နိုင်ခဲ့တာလဲ။
သူမ မှင်သက်နေစဉ်မှာပင် နောက်မှလိုက်ပါလာသော လူရာပေါင်းများစွာထဲမှ အဆင့် ၉ မိစ္ဆာအရှင်မြတ် ၁၈ ပါး ပျံထွက်လာကြသည်။ ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှ အကြီးအကဲချုပ် သုံးဦးကဲ့သို့ပင် ထို ၁၈ ပါးသည်လည်း အစ်ကိုကြီးချန်၏ရှေ့တွင် ဒူးထောက်လိုက်ကြ၏။
“ဂိုဏ်းချုပ်ကျန်း”
“ဒါ တကယ်ပဲ အရှင်ဖြစ်နေတာပဲ”
“အရှင် ကျွန်တော်တို့ကိုမှတ်မိသေးရဲ့လား”
“ကောင်းကင်ဘုံကြီးရယ်... ဂိုဏ်းချုပ်ကျန်းကို ပြန်တွေ့ရပြန်ပြီ...”
“ဒါက အရှင်မှန်းသာသိခဲ့ရင် ကျွန်တော်တို့တွေ အင်မော်တယ်ဝိညာဉ်တွေကို လောင်မြိုက်စေပြီးတော့တောင် စောစောရောက်အောင်လာခဲ့မှာပါ”
“သူတို့ကို အမြစ်ပြတ်သုတ်သင်ပစ်မယ်လို့ ဘယ်သူပြောလိုက်တာလဲ... ရှေ့ကိုထွက်ခဲ့စမ်း”
“ကျွန်တော်မှားသွားပါတယ် အစ်ကိုကြီး... ကျွန်တော်မှားသွားပါတယ်... ဒါက အဖိုးကြီးမှန်းသိခဲ့ရင် အဲဒီကောင်မုန့်ချင်းကို မထွက်ခင်ကတည်းကသတ်ပစ်ခဲ့မှာပါ...”
နှစ်ပေါင်းသန်းတစ်ရာလောက်သက်တမ်းရှိသော ဤမိစ္ဆာအရှင်မြတ်များ၏ တုံ့ပြန်မှုကိုမြင်ရသောအခါ ယူမဟာမိတ်အဖွဲ့မှ ကျန်ရှိသောလူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
မထွက်ခွာမီက သူတို့တွေ သွေးကြွေးအတွက် သွေးနဲ့ပြန်ဆပ်ရမယ်လို့ ကြွေးကြော်ခဲ့ကြတာ မဟုတ်ဘူးလား။
မုန့်ချင်းအတွက် ကလဲ့စားချေဖို့ဆိုပြီး အားခဲလာခဲ့ကြတာ မဟုတ်ဘူးလား။
အစောပိုင်းက ဇဝေဇဝါဖြစ်နေခဲ့သော ရှေးဟောင်းဧကရာဇ်ဂိုဏ်းသားများမှာမူ ယခုမှ စိတ်သက်သာရာရသွားကြတော့သည်။ ဒါက ငါတို့ ဘိုးဘေးကြီးတစ်ယောက်တည်း ဂိုဏ်းချုပ်ကျန်းကို အရှုံးပေးတာ မဟုတ်ဘူး၊ ယူမဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေလည်း အတူတူပဲ။
အစ်ကိုကြီးချန်က စနစ်ကိုဖွင့်ကြည့်လိုက်ရာ တုန်လှုပ်မှုအမှတ်များမှာ မရပ်မနားတိုးတက်နေသည်ကို တွေ့လိုက်ရ၏။ ဤကဲ့သို့ အင်အားပြလိုက်ရသည်မှာ ထိရောက်လှပေသည်။ သို့သော်လည်း တော်လွန်းနေခြင်းမှာလည်း အာရုံစိုက်ခံရလွန်း၏... သူဘာမှမလုပ်ရသေးခင်မှာပင် ကံတရားက သူ့အိမ်တံခါးကို လာခေါက်နေခဲ့ချေပြီ။
“မင်းက ရှောင်ခွန်းပဲ... ငါ မင်းကိုမှတ်မိတယ်။ အဲဒီတုန်းက မင်းက ရွှီယွမ်ရဲ့နောက်လိုက်ခဲ့တာ မဟုတ်လား”
သူသည် နောက်ဆုံးတွင် တစ်ယောက်ကိုမှတ်မိသွားချေပြီ။ ယခင်အချိန်များက ရှောင်ခွန်းမှာ မိစ္ဆာနယ်မြေ၏ခေါင်းဆောင်များထဲမှတစ်ဦးဖြစ်ပြီး အစည်းအဝေးများတွင် ရှေ့ဆုံးတန်း၌ ထိုင်ခွင့်ရခဲ့သူဖြစ်သည်။
မိစ္ဆာဘုရင်ရှောင်ခွန်းမှာ အလွန်အမင်းဝမ်းသာသွားပြီး အကြိမ်ကြိမ်ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်ကဲ့... ဟုတ်ကဲ့... ဒီလောက် နှစ်တွေအကြာကြီး ရှိနေတာတောင် အရှင်က ကျွန်တော့်ကိုမှတ်မိနေသေးတာပဲ... ဟားဟားဟား”
ဂိုဏ်းချုပ်ကျန်းက သူ့ကိုတစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခြင်းမှာ သူ့အတွက်တော့ ဂုဏ်ပြုဆုတံဆိပ်တစ်ခု ရလိုက်သလိုပင်။ အခြားသူများမှာမူ ဘာမှမပြောနိုင်တော့ဘဲ မှင်သက်နေကြရသည်။
မင်းက မိစ္ဆာဘုရင်တစ်ပါးလေ... ကိုယ့်ဂုဏ်သိက္ခာကိုယ် ထိန်းပါဦး...
မိစ္ဆာဘုရင်ချာလီနှင့် အင်မော်တယ်ဘုရင်ဟွာယင်တို့မှာလည်း အစ်ကိုကြီးချန်က သူတို့ကို ဘာပြောမလဲဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ သို့သော် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အစ်ကိုကြီးချန်က သူတို့ကို လက်ညှိုးထိုးပြလိုက်သော်လည်း ဘာမှပြောမထွက်နိုင်ဖြစ်နေ၏။
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့ရော”
“ကျွန်တော် ချာလီကိုရော မမှတ်မိတော့ဘူးလား။ ကျွန်တော်လည်း ဆရာကြီးရွှီယွမ်နောက်ကို လိုက်ခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ အနောက်ဘက်အဝေးကြီးမှာ ရပ်နေခဲ့ရတာ...”
“ကျွန်တော်ကတော့ ရွှီယွမ်နယ်မြေက ဟွာယင်ပါ... ကျွန်တော်တို့တွေ ဓားနယ်မြေနောက်ကနေပြီး အရှင့်ကို အရင်ဆုံးထောက်ခံခဲ့ကြတာပါ၊ မိစ္ဆာနယ်မြေထက်တောင် စောပါသေးတယ်”
ရှောင်ခွန်းက ချက်ချင်းပင်ဒေါသထွက်သွားပြီး...
“တောက်... ဟွာယင်... ငါတို့ မိစ္ဆာနယ်မြေထက် စောတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
“မင်းတို့က အရင်လက်မှတ်ထိုးခဲ့ရင်ရော ဘာဖြစ်လဲ၊ ဘယ်သူက ပိုပြီးအရေးကြီးလဲဆိုတာ မင်းမမြင်ဘူးလား”
အင်မော်တယ်ဘုရင်ကျိယွင်ကလည်း ပြိုင်ဘက်များကိုဖယ်ထုတ်ရန်အတွက် ဝင်ရောက်ပြောဆိုလိုက်သည်။
“ဟုတ်တယ်... မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ။ ဂိုဏ်းချုပ်ကျန်းက မင်းတို့ကိုမသိသလို ငါတို့လည်း မင်းတို့အကြောင်းမကြားဖူးဘူး”
“ဂိုဏ်းချုပ်ကျန်းရဲ့နောက်ကိုလိုက်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်မယ်ထင်နေလား”
“လာတဲ့နေရာကိုပဲ ပြန်သွားကြစမ်း... အဝေးကိုသွားကြ”
ကြည့်နေကြသောလူများမှာ မှင်သက်သွားကြသော်လည်း စိတ်ထဲမှကျိန်ဆဲနေကြသည်။
မင်းကိုယ်တိုင်လည်း အစတုန်းက အသိအမှတ်မပြုခံရဘူးမလား...