သေရေးရှင်ရေးအခြေအနေ
Vol. 9 Ch. 862
သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ကျင့်ကြံသူများစွာ စုဝေး၍ သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခဲများကိုသုံးကာ ၎င်းကို အင်အားမြှင့်တင်လိုက်ကြသည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ခေါင်းဆောင်ကြီးများမှာ သွေးဘိုးဘေးကြီးကို တိုက်ပွဲထဲသို့ စေလွှတ်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
သွေးဘိုးဘေးကြီးပေါ်တွင်ရှိသော ယုန်တစ်ကောင်မှာ မန္တန်အစီအရင်၏ အခြားတစ်ဖက်ရှိ နတ်အဆင့် အငွေ့အသက်များကို လှမ်း၍ငေးကြည့်နေသည်။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားများ၏ အပြုအမူများမှာ အနည်းငယ်ကွဲပြားနေသည်။ ဂိုဏ်းသားများမှာ မိမိတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် မတူညီသော မန္တန်အစီအရင်ဘီလူးကြီးများကို ဖန်တီးထားကြသည်။ ထိုဘီလူးကြီးများမှာ ဧရာမဓားကြီးများကို လက်ထဲတွင်ကိုင်၍ မန္တန်အစီအရင်၏ အပြင်ဘက်တွင် အပြင်းအထန် တိုက်ခိုက်နေကြသည်။
ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ အကူတပ်အဖြစ် ထမ်းဆောင်ပြီး တိုက်ပွဲထဲသို့ဝင်ကာ စိတ်စွမ်းအင်နတ်ရေစင်နှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့သားများကို ဆေးကုသပေးနေသည်။ နောက်ဆုံးအဖွဲ့ဖြစ်သော ဆန်းကြယ်နတ်ရေစင်အဖွဲ့မှာမူ မန္တန်အစီအရင်ဒိုင်းကာကြီးကို ညောင်ပင်ကြီးက ဆက်လက်ထိန်းထားနိုင်စေရန် ကူညီပေးရသည့် တာဝန်ကိုထမ်းဆောင်နေသည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏လက်ဝယ်တွင် ပိုင်ဆိုင်ထားသော များပြားလှသည့် ရင်းမြစ်ပစ္စည်းများကြောင့် စုန့်ကျင်းဝမ်မှာ အမြုတေအဆင့် မဟာစက်ဝန်းအထိ ရောက်ရှိနေပြီဖြစ်သည်။ ယခုတွင်မူ သူမ၏ ဆံပင်မှာ ရှုပ်ပွနေပြီး မျက်နှာမှာလည်း သွေးများပေကျံနေသည်။ သူမက အခြေအနေ မဟန်တော့သည်မှာ အထင်အရှားပင်။ ရွှယ်မေ့မှာ သူမ၏ဘေးတွင်တိုက်ခိုက်နေပြီး သူမသည်လည်း အပြင်းအထန် ဒဏ်ရာရထားသည်။ သူတို့နှစ်ယောက်သည် သက်တော်စောင့်ဒါဇင်များစွာ ခြံရံလျက် မန္တန်အစီအရင်၏ အကာအကွယ်ပေးနိုင်သော စက်ဝန်းထဲသို့ပြန်ဝင်သွားကြသောအခါ သူတို့ကိုကူညီရန်အတွက် ဂိုဏ်းသားများထပ်မံ ရောက်ရှိလာတော့သည်။
" ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ "
တစ်စုံတစ်ယောက်က အော်ခေါ်လိုက်သည်။
" ဒေါ်လေးစုန့်ကို ကုသပေးဖို့ လူတွေခေါ်လိုက်စမ်း။ မြန်မြန်လေး "
စုန့်ကျင်းဝမ်မှာ ငြင်းဆန်သည့်အမူအရာဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆိုလိုက်သည်။
" ငါက ဘာမှမဖြစ်ဘူး။ ရွှယ်မေ့ကို အရင်ကုပေးလိုက် "
ထို့နောက် သူမသည် ဒေါသများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် အခြားသူများ အကူအညီပေးသည်ကို လက်မခံပဲ ညောင်ပင်ကြီး၏ အရွက်တစ်ရွက်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူမ၏ ဒဏ်ရာများ ပြန်ကောင်းလာသောအချိန်တွင် စစ်မြေပြင်အား အကဲခတ်လိုက်သောအခါ သူမ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ကင်းမဲ့သွားတော့သည်။
သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ခေါင်းဆောင်းကြီးအတုမဲ့မှာ သွေးရောင်တောက်နေသည့်ဓားတစ်ချောင်းကို ကိုင်မြှောက်၍ သူ၏ရှေ့သို့ရောက်လာသော အရာရာတိုင်းကို ချေမှုန်းနေသည်။ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ဂိုဏ်းလုံးတွင် စွမ်းအားအကြီးဆုံး ခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် အခြားဂိုဏ်းများမှ ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးသုံးယောက်၏ ဝန်းရံခြင်းကို ခံထားရပြီဖြစ်သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းမှ အခြားခေါင်းဆောင်ကြီး အများစုမှာ စစ်မြေပြင်၏ အခြားနေရာအသီးသီးတွင်ရှိနေပြီး အပြင်းအထန်တိုက်ခိုက်နေကြသည်။ မန္တန်အစီအရင်ဒိုင်းကာကြီးကြောင့် တိုက်ပွဲကြီးမှာ ခြေချုပ်မိသလိုဖြစ်နေပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ဆိုက်ရောက်နေသည်။ သို့သော် ထိုမန္တန်အစီအရင်သာ ပြိုလဲပျက်စီးသွားပါက မည်သို့ဆက်ဖြစ်မည်ကို အလွယ်တကူပင် ခန့်မှန်းနိုင်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ တောင်ကြီး၏ ဖိနှက်ခြင်းကိုခံလိုက်ရသကဲ့သို့ ပျက်စီးသွားမည်သာဖြစ်သည်။
စုန့်ကျင်းဝမ်မှာ သက်ပြင်းချကာ ရေရွတ်လိုက်တော့သည်။
" ရှောင်ချန်းရေ… မင်းကိုပြန်တွေ့နိုင်မဲ့ အချိန်အထိ ငါ တောင့်မခံနိုင်လောက်တော့ဘူးထင်တယ် "
သူမ၏ ဒဏ်ရာများမှာ အပြည့်အဝ ပြန်လည်မကောင်းမွန်လာသေးပါသော်လည်း သူမသည် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ အလယ်တောင်ရှိ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်၍ သူမတစ်ယောက်သည်သာလျှင် ထိုတောင်၏ ဧရာမသွေးဓားကြီးကို ကိုင်မြှောက်နိုင်သည်။ အနားယူနေရန် အချိန်မရှိပေ။ ဆက်၍တိုက်ခိုက်ရမည်ဖြစ်သည်...
ယခင်က သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ တောင်ငါးတောင်စလုံးတွင် စွမ်းအားကြီးအဖိုးတန် ရတနာများရှိခဲ့ကြသည်ဖြစ်ပြီး ယခုတွင် ထိုရတနာအားလုံးကို ဤတိုက်ပွဲတွင် အသုံးပြုနေကြပြီဖြစ်သည်။ အသက်ဝင်နေသည့် ရုပ်အလောင်းများသာမက ဂါဂိုလီများပါ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသည်။
ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများကို စိတ်ဒုက္ခ အလွန်ပေးနေသည့် အစိမ်းရောင်ဆံပင်ရှည်ကြီးနှင့် အသက်ဝင်ရုပ်အလောင်းတစ်ကောင်ရှိသည်။ ထိုရုပ်အလောင်းကြီးမှာ အံ့သြဖွယ်ကောင်းသော အပြင်အားကို ပိုင်ဆိုင်ထားပြီး အခြားရုပ်အလောင်းများကိုပါ ထိန်းချုပ်နိုင်သည်။ ထို့အပြင် ၎င်း၏အနောက်တွင် ဂါဂိုလီများစွာ ရှိနေသေးသည်။
သာမန်ဆိုလျှင် ဂါဂိုလီများမှာ အသိဉာဏ်မရှိကြပေ။ သို့သော် ထိုအဖွဲ့ထဲတွင် ကောက်ကျစ်စဥ်းလဲမှုအပြည့်ရှိသော ဂါဂိုလီကြီးတစ်ကောင်မှာ အခြားဂါဂိုလီများကို တိုက်ပွဲထဲသို့ ဦးဆောင်သွားနေသဖြင့် ၎င်းတပ်ဖွဲ့၏ တိုက်ခိုက်မှုမှာ အလွန်ထိရောက်မှုရှိနေတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ မန္တန်အစီအရင် ဘီလူးကြီးများမှာမူ သူရသတ္တိနှင့် ပြည့်စုံပြီး သူတို့ရောက်ရှိရာနေရာတိုင်းရှိ ရန်သူများမှာ အကြီးအကျယ် အထိနာနေရသည်။ ထိုဘီလူးကြီးများထဲမှ တစ်ကောင်မှာ ရှန်ကွမ်းထျန်ယုံ၏ ပုံစံရှိနေပြီး အခြားတစ်ကောင်မှာ ပေဟန်လဲ့၏ ပုံစံရှိနေသည်။ သူတို့အားလုံးမှာ ရဲရဲဝင့်ဝင့် မကြောက်မရွံ့တိုက်ခိုက်နေကြသဖြင့် ရန်သူများမှာ ဆက်တိုက် နောက်သို့ ဆုတ်ခွာသွားကြရသည်။
ဝိညာဥ်သားရဲ အမျိုးမျိုးမှာလည်း အော်ဟစ်မြည်တမ်း၍ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့နှင့်အတူ တိုက်ခိုက်နေကြသည်။ ထိုသားရဲများထဲမှ တစ်ကောင်မှာ ရှေးဆန်လှသည့် စွမ်းအားကြီးနဂါးတစ်ကောင်ဖြစ်ပြီး သူ၏ဘေးနှစ်ဖက်တွင် ဖီးနစ်ငှက်တစ်ကောင်၊ ပုတ်သင်ညိုတစ်ကောင်နှင့် သရဲတစ်ကောင်တို့ ရှိနေကြသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အံ့သြဖွယ်ရာ အခင်းအကျင်းကြောင့် တာအိုမြစ်ဂိုဏ်းခွဲမှာ ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီး သုံးယောက်ကိုစေလွှတ်လိုက်သည်။ ထိုသုံးယောက်မှာ လမ်းတွင်တွေ့သမျှ လူတိုင်းကို ခေါင်းဖြတ်ရန်အဆင်သင့်ဖြစ်နေသည့် ဓားသွားများအလား။
သို့သော် သူတို့ ရှေ့သို့ပြေး၍ချီတက်သွားချိန်တွင် မန္တန်အစီအရင်ထဲမှနေ၍ ကောင်းကင်ယံကြီးကိုပင် တုန်ခါသွားစေနိုင်သည့် အော်ဟစ်သံတစ်သံ ပေါ်လာတော့သည်။
ထို့နောက် မီတာဒါဇင်းပေါင်းများစွာ ရှည်လျားသည့် ဧရာမ သားရဲကြီးတစ်ကောင်ပေါ်လာပြီး တဖြည်းဖြည်းကြီးထွားလာတော့သည်။ ၎င်းမှာ လျှပ်စီးတန်းကဲ့သို့ ရွေ့လျားနေပြီး ၎င်း၏ခြေထောက်အောက်တွင် မီးပင်လယ်ကြီးတစ်ခုလည်း တောက်လောင်နေသည်။ ၎င်းအပြင်သို့ ထွက်လာသည်နှင့် နတ်အဆင့်အနားသို့ ရောက်နေပြီဖြစ်သော အငွေ့အသက်များ ပျံ့ထွက်လာတော့သည်။
ထိုအခါ အခြားဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ကို တိုက်ခိုက်ရန် ပြင်နေကြသည့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာမူ မျက်လုံးပြူးသွားကြပြီး နောက်သို့လှည့်၍ ထွက်ပြေးရန် ပြင်လိုက်ကြသည်။ သို့သော် သူတို့ ထွက်မပြေးနိုင်ခင်မှာပင် ထိုသားရဲကြီးမှာ သူတို့အပေါ်သို့ ခုန်အုပ်လိုက်တော့သည်။
ထို့နောက် အုန်းခနဲအသံတစ်သံ ထွက်ပေါ်လာပြီး ထိုယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်မှာ ပေါက်ကွဲသွားတော့သည်။ သူ၏ ယင်ယန်ဝိညာဥ်မှာ အပြင်သို့ ပျံထွက်လာပါသော်လည်း ၎င်းမှာ ထွက်မပြေးနိုင်ခင်မှာပင် ထိုသားရဲကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ အခြား ကျင့်ကြံသူနှစ်ယောက်မှာလည်း အပြင်းအထန် ဒဏ်ရာရသွားပြီး ချက်ချင်းပင် ဆုတ်ခွာရန်ပြင်လိုက်ကြတော့သည်။
သို့သော် သူတို့ မလှုပ်ရှားနိုင်ခင်မှာပင် ဓားချီစီးကြောင်းတစ်ခု၊ လက်တစ်ဖက်နှင့် အနက်ရောင်အလင်းတန်းတစ်တန်းတို့ ဂိုဏ်းသုံးဂိုဏ်းထံမှ ထွက်ပေါ်လာပြီး ထိုသားရဲကြီးဆီသို့ ဦးတည်သွားကြတော့သည်။
ထိုနေရာတစ်ခုလုံးတွင် ကောင်းကင်၏ စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းတို့မှာ နတ်အဆင့်ရှိသော နတ်ဘုရားစွမ်းရည်များဖြစ်သည်။
ထိုသားရဲကြီးမှာ နောက်သို့ချာကနဲလှည့်လိုက်ပြီး ဧရာမလက်ကြီးနှင့် အနက်ရောင်အလင်းတန်းကြီးတို့ကို ရှောင်တိမ်းလိုက်သည်။ သို့သော် ဓားချီမှာမူ သူ့အားခုတ်ထစ်မိသွားတော့သည်။
ထိုအခါ သူ၏နောက်ကျောပေါ်ရှိ ဒဏ်ရာမှ သွေးများပန်းထွက်လာတော့သည်။ သေသေချာချာကြည့်လိုက်ပါက သူ၏ခန္ဓာကိုယ်ပေါ်တွင် ယခင်ထဲက ဒဏ်ရာအမြောက်အမြား ရှိနေသည်ဖြစ်ကြောင်း တွေ့နိုင်မည်ဖြစ်သည်။ ဒဏ်ရာအချို့မှာ အနာကျက်ကာ အမာရွတ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သော်လည်း အချို့ဒဏ်ရာများမှာ ရင်းနေဆဲပင်။ တုန်လှုပ်ဖွယ် အကောင်းဆုံးသော အရာမှာ အခြားဒဏ်ရာအားလုံးထက် ပို၍ရင်းနေသည့် သားရဲကြီး၏ လည်ပင်းတစ်ဖက်မှနေ၍ အခြားတစ်ဖက်ထိ ဆုတ်ပြဲနေသည့် ဒဏ်ရာကြီးဖြစ်သည်။ ၎င်းမှာ ဓားဒဏ်ရာတစ်ခုဖြစ်ပြီး စောစောက ထုတ်လွှတ်လိုက်သည့် ဓားတိုက်ကွက်နှင့် တထေရာထဲတူသည့် တိုက်ကွက်ကြောင့် ယခင်က ရခဲ့သည့် ဒဏ်ရာကြီးတစ်ခုဖြစ်သည်။
ထိုသားရဲကြီး၏ လည်ပင်းအားထိသွားခဲ့သော ဓား၏အရှိန်မှာ အနည်းငယ် ပို၍မြန်ဆန်နေခဲ့ပါက ထိုသားရဲကြီးမှာ ခေါင်းပြတ်နေမည်ဖြစ်သည်။
သို့သော်လည်း ထိုသားရဲမှာ အလွန်မြန်ဆန်လွန်းလှ၍ မကြာမီတွင် မန္တန်အစီအရင်၏ အကာအကွယ်ထဲသို့ပြန်ရောက်သွားသည်။ သူသည် ချီလင်တစ်ကောင်နှင့် အချို့နေရာများတွင်တူနေပြီး စွဲမက်ဖွယ် မျက်လုံးကြီးများကို ပိုင်ဆိုင်ထားသည်။ သူကား ဘရူဆာပင်ဖြစ်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်ကြီးများ၏ မျက်ဝန်းများထဲတွင် စိုးရိမ်နေသော အကြည့်များ ပေါ်လာကြသည်။
" အဲဒါ သူပဲ "
" သူ့ပုံစံက သူလျှိုတွေ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲလား "
" သူက နှစ်ခြောက်ဆယ်စက်ဝန်း မပြည့်ခင်မှာ နတ်အဆင့်ကိုရောက်သွားတာကွ။ သူက...တကယ့်ကို ခြောက်ပြစ်ကင်းစင်တဲ့ သားရဲဘုရင်ပဲ "
" သူမြန်လွန်းနေလို့ပေါ့ကွာ။ ဘာပဲဖြစ်ဖြစ် အဲဒီသားရဲကို ငါပိုင်ရမယ်။ သူ ငါ့ဆီအညံ့ခံရင်ခံ၊ မခံရင်အသေပဲ။ "
အဏ္ဏဝါခေါ်သံဂိုဏ်း၏ မန္တန်အစီအရင်ထဲတွင် လက်ရှိဂိုဏ်းခေါင်းဆောင်ဖြစ်သော စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ ကျိန်းယွမ်သုန်မှာ စိုးရိမ်တကြီးနှင့် ဘရူဆာ၏ ဒဏ်ရာများကို ကုသပေးနေသည်။
" တိုက်ပွဲထဲကို မသွားနဲ့တော့ ဘရူဆာ " သူကတားမြစ်လိုက်သည်။
" အခုငါတို့လုပ်နိုင်တာက အချိန်ဆွဲဖို့ပဲ ကျန်တော့တယ်။ ချင်းဟောက်က အသက်ရှိသေးသလား၊ မရှိတော့ဘူးလားဆိုတာတောင် ငါတို့သိတာမဟုတ်ဘူး။ အဲဒီတော့ မင်းကပါ တစ်ခုခုထပ်ဖြစ်သွားရင် ရှောင်ချန်းကို ငါဘယ်လိုရှင်းပြရမှာလဲ "
ကျိန်းယွမ်သုန်မှာ ဘရူဆာ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် အမာရွတ်များကိုကြည့်ကာ သူ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
ဘရူဆာကမူ သူ၏ ဒဏ်ရာများကို စိတ်ထဲမထားပေ။ သို့သော် ကျိန်းယွမ်သုန်က လီချင်းဟောက်နှင့် ပိုင်ရှောင်ချန်းတို့၏အကြောင်းကို ဆိုလိုက်သောအခါ သူသည် အသားများတုန်ခါသွားပြီး သူ၏မျက်ဝန်းထဲတွင် ပူဆွေးသောကများ ပြည့်နှက်သွားတော့သည်။ သူ၏ လည်ပင်းပေါ်ရှိ ဒဏ်ရာမှာ လီချင်းဟောက်ကို ကယ်တင်ရန် ကြိုးပမ်းခဲ့စဥ်က ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် မကယ်တင်နိုင်ခဲ့ပဲ လီချင်းဟောက်အား တာအိုမြစ်ဂိုဏ်းခွဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ငေးကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။
ပိုင်ရှောင်ချန်း၏ နာမည်ကိုကြားလိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ ပို၍ပင်နီမြန်းသွားတော့သည်။ သူ၏နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်များ ပေါ်ထွက်လာပြီး တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းသည် အဏ္ဏဝါခေါ်သံဂိုဏ်းအား စောင့်ရှောက်ရန်တာဝန်ကို သူ့အားပေးအပ်ခဲ့သည်ကို ပြန်အမှတ်ရသွားသည်။
သူသည် အသက်ကို မနည်းရှူရင်း ထိုဂိုဏ်းသုံးဂိုဏ်းအား ရန်လိုသောအကြည့်ဖြင့်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများမှာ အမုန်းတရားနှင့်အတူ နတ်အဆင့်ကျင့်ကြံသူ သုံးယောက်ကြောင့် ပေါ်ထွက်လာသည့် ကြောက်ရွံ့မှုများကြောင့် အရောင်တလက်လက် တောက်ပနေသည်။
တိုက်ပွဲကြီးမှာ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်သည့် စစ်ပွဲမျိုးဖြစ်၍ မည်သည့် ညှိနှိုင်းချက်မှ ရမည်မဟုတ်ပေ။ ထိုစဥ် အဏ္ဏဝါခေါ်သံဂိုဏ်း၏ မျက်လုံးဖြင့်မမြင်နိုင်သော နဝမမြောက်တောင်ပေါ်တွင် စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးမှာ နာကျည်းနေသော မျက်နှာဖြင့် ရပ်နေ၏။ နတ်အဆင့်ကျင့်ကြံသူ သုံးယောက်မှာ သူ၏တိုက်ခိုက်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း သူကသိပြီး ယခုအချိန်ထိ တောင်ခံထားနိုင်သည်မှာလည်း အဏ္ဏဝါခေါ်သံဂိုဏ်း၏ လျှို့ဝှက်ရတနာများကြောင့်သာ ဖြစ်ကြောင်းကိုလည်း သူကသိသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် နတ်အဆင့်ကျင့်ကြံသူ မရှိသဖြင့် သူတို့သည် အစောပိုင်းနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ပြန်လည်ခြိမ်းခြောက်နိုင်ရန်အတွက်ပင် ရှိသမျှအင်အားအကုန်သုံးထားရသည်။
သူတို့သည် လျှို့ဝှက်ရတနာများကို တစ်ခုချင်းစီထုတ်သုံးနေသည်ဖြစ်ပြီး အောင်အောင်မြင်မြင် အသုံးချနိုင်မည့်အချိန်မှ အသုံးပြုနေသည်လည်းဖြစ်သည်။
" ဆရာ၊ အံဖွယ်ဖြစ်ရပ်တစ်ခုခု ပေါ်လာမယ်လို့ ဆရာထင်လား " စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ နှုတ်မှ ထိုမေးခွန်းထွက်လာသောအခါ သူ၏နောက်တွင် လက်ယှက်ထားပြီး အသိဥာဏ်ပညာများ စူးရှတောက်ပနေသည့် မျက်ဝန်းများနှင့် အဝေးသို့ လှမ်းကြည့်နေသော မျောက်တစ်ကောင်ပေါ်လာသည်။
" သေချာပေါက် ပေါ်လာမှာ "