ပြန်ပေးလိုက်
Vol. 9 Ch. 863
အလယ်ဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကို ဝန်းရံထားကြစဥ် ပိုင်ရှောင်ချန်း၊စုန့်ချွဲနှင့် နတ်ဆရာတို့မှာ ထိုစစ်ပွဲကြီးဖြစ်နေသည်ကို မသိသေးပဲ သေမင်းနွံတော ကိုဖြတ်နေကြသည်။ သရဲရွက်လှေကြီးကြောင့် ခံစားခဲ့ရသည့် အကြောက်တရားများမှာ သူတို့၏ ရင်ထဲတွင်ကိန်းအောင်းနေဆဲဖြစ်၍ သူတို့သုံးယောက်စလုံးမှာ လန့်ဖျတ်နေသည့် စာကလေးငှက်များအလား ပျံသန်းနေကြသည်။
သူတို့၏ ခရီးမှာ ပြီးဆုံးတော့မည်ဖြစ်သည်။ နာရီအနည်းငယ်အကြာတွင် သေမင်းနွံတော၏အပြင်သို့ ရောက်သွားကြတော့မည်။ အောက်ဘက်တွင် အရိုးများမှာ မရှိသလောက်နည်းပါးလာပြီဖြစ်ပြီး မည်းနက်နေသည့် မြေပြင်များကိုပင် မြင်နေနိုင်ပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အတောမသတ်နိုင်အောင် စိတ်လှုပ်ရှားနေသည်။ စုန့်ချွဲနှင့်နတ်ဆရာတို့မှာမူ သူတို့၏အသိစိတ်ကို ယာယီမျှဆုံးရှုံးလိုက်ရသည့်အချက်ကြောင့် ကြောက်ရွံ့တုန်ရီနေဆဲပင်။
သို့သော် သူတို့ပျံသန်းနေစဥ် သူတို့၏နောက်ဘက်ရှိ မြူခိုးများထဲမှ ပဲ့တင်ထပ်နေသည့် သီချင်းသံကြီးကို ထပ်ကြားလိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားတော့သည်။
ထိုထူးဆန်းသော အသံကြီးကြောင့် သူတို့အားလုံး ကြက်သီးမွေးညင်း ထသွားကြတော့သည်။ စုန့်ချွဲနှင့်နတ်ဆရာတို့နှစ်ယောက်မှာ ကြောက်လန့်လွန်းလှသဖြင့် အသက်မရှူနိုင်လောက်အောင် ဖြစ်သွားရသည်။
" သောက်ကျိုးနည်းဟေ့။ အဲဒီသင်္ဘောကြီးက နောက်မှာဘာလုပ်နေတာတုံးဟ "
ပိုင်ရှောင်ချန်းမှာ ဦးရေခွံများ ထုံကျဥ်လာပြီး စုန့်ချွဲနှင့်နတ်ဆရာတို့အား ဆွဲ၍ ရှေ့သို့ အမြန်ဆုံးပျံသန်းသွားတော့သည်။
ယခုအကြိမ်တွင်မူ သူတို့သည် ထိုသင်္ဘောကြီးကို သူတို့၏နောက် မီတာသုံးထောင်အကွာတွင် ခပ်ရေးရေး လှမ်းမြင်လိုက်ရသည်သာဖြစ်သည်။ သို့သော်လည်း ကြောက်စရာကောင်းနေဆဲပင်။
သူတို့၏အရှေ့တွင် ထိုသင်္ဘောကြီးပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့စဥ်က ၎င်းသည် မီတာသုံးထောင်အကွာတွင် ပျောက်ကွယ်သွားခဲ့သည်။ စတုတ္တအကြိမ် ပေါ်လာသောအခါတွင် သူတို့မှာ ထိုသင်္ဘောပေါ်သို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်။ မီတာသုံးထောင်အကွာတွင် ထပ်၍ပေါ်ပေါက်လာသည်ကို သူတို့က လိုလားမည် မဟုတ်ပေ။ ထို့အပြင် နာရီအနည်းငယ်အတွင်းတွင် ထိုသင်္ဘောကြီးအား ထပ်၍မြင်ရမည်မလားဟု သူတို့ တွေးတောနေရဦးမည်ဖြစ်သည်။
သူတို့မှာ ကြီးမားသောဖိအားကြီးတစ်ခုအောက်သို့ ရောက်ရှိနေသဖြင့် မည်သူမှ စကားမပြောလိုကြပေ။ ပိုင်ရှောင်ချန်းမှာ စိုးရိမ်နေသည့်အမူအရာဖြင့် စွမ်းအင်အကုန်ထုတ်သုံးကာ ပျံသန်းလိုက်တော့သည်။ သို့သော် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက် ကုန်ဆုံးသွားပြီးနောက် ထိုသီချင်းသံကို သူတို့မှာ ကြားလိုက်ရပြန်သည်။
" ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်မြန်မြန်ကြီး ပြန်ပေါ်လာရတာလဲ "
သူသည် ကြောက်ကြောက်နှင့် နောက်သို့လှည့်ကြည့်လိုက်သောအခါ ထိုသင်္ဘောကြီးမှာ မီတာငါးရာအကွာသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ၎င်းမှာ ပျောက်ကွယ်သွားသည်။
ထိုသင်္ဘောကြီးကို ယခုအကြိမ်လှည့်ကြည့်လိုက်သောအခါတွင်မှသာ ထိုဧရာမသင်္ဘောကြီးပေါ်တွင် မည်သည့်နည်းနှင့်မှ ကုန်းပတ်နှစ်ခုထဲရှိနေမည်မဟုတ်ကြောင်း သူကသိလိုက်သည်။ အနည်းဆုံးတော့ ငါးခုလောက်အထိ ရှိနေမည်ဖြစ်သည်။ ထိုသင်္ဘောပေါ်သို့သာ သူတို့ထပ်ရောက်သွားပါက သင်္ချိုင်းစောင့်ကြီး၏ အမိန့်ပေးဆွဲပြားကိုပင် သူအပြည့်အဝယုံကြည်အားကိုးနိုင်တော့မည် မဟုတ်ပေ။
စုန့်ချွဲနှင့်နတ်ဆရာဆိုလျှင် အထူးတလည် ဖော်ပြနေရန်ပင် မလိုတော့ပေ။ သူတို့မှာ စိုးရိမ်ကြီးစွာနှင့် ရင်တဒိန်းဒိန်းခုန်နေကြသည်။
" ခဏနေပါဦး " ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။
" တစ်ခုခုတော့ လွဲနေပြီ "
သို့သော်လည်း ဤအခြေအနေကို တွေးတောသုံးသပ်နေရန် အချိန်မရှိပေ။ သူ့နှလုံးသားမှာ လေးကြိုးတစ်ချောင်းကဲ့သို့ တင်းမာနေပြီး သူ ဆက်၍ ပျံသန်းလိုက်သည့်တိုင် ဖိအားများစွာကို ထပ်မံ ခံစားနေရတော့သည်။ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ ပိုင်ရှောင်ချန်းထက်ပင် ပို၍ စိုးရိမ်ထိတ်လန့်နေကြသည်။
အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်လောက် ကြာသွားပြီးနောကိ ထိုသင်္ဘောကြီးမှာ ထပ်၍ပေါ်လာပြန်သည်။ ယခုအကြိမ်တွင် ၎င်းမှာ သူတို့နှင့် မီတာသုံးရာသာ ကွာဝေးတော့သည်။
ထိုသင်္ဘောကြီးအား ဆွဲနေသည့် အရိုးစုများမှာ ပိုင်ရှောင်ချန်းဆီသို့ တည့်မတ်စွာ ဦးတည်လာနေကြသည်ဖြစ်ပြီး ယခုအကြိမ်တွင်မူ ထိုသင်္ဘောကြီးမှာ ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။ ၎င်းမှာ သူတို့အနားသို့ ကပ်လာသောအခါ ကုန်းပတ်ပေါ်ရှိ အလံသုံးခုမှာ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး အစိမ်းရောင်အသားအရေနှင့် အစွယ်ရှည်သရဲမျက်နှာကြီးမှာ ရုတ်တရက် အသံတိတ်ရယ်မောနေတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များပျောက်ဆုံးသွားသည်။ ထိုအချိန်တွင် သူသည် ကုန်းပတ်တံခါးကို ကြည့်မိလိုက်လေသည်။ ထိုအခါ သူသည် မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏အတွေးထဲတွင် အကြံတစ်ခုပေါ်လာတော့သည်။ သူတို့ရင်ဆိုင်နေရသည့် အန္တရာယ်ကြီးကြောင့် သူသည်လုံးဝတွေဝေမနေတော့ပဲ ထိုအကြံအတိုင်း လုပ်ရန်ဆုံးဖြတ်လိုက်သည်။ နတ်ဆရာဘက်သို့ လှည့်လိုက်ပြီး သူကအော်ပြောလိုက်တော့သည်။
" နတ်ဆရာရေ။ မင်းယူခဲ့တဲ့ အမှတ်အသားရှစ်ခုပါတဲ့ ကြေးမုံပြင်ကို ပြန်ပေးလိုက်စမ်း "
ပိုင်ရှောင်ချန်း၏စကားများကို စုန့်ချွဲကြားလိုက်သောအခါ ထိုကြေးမုံပြင်ကို နတ်ဆရာယူခဲ့သည့် ပုံရိပ်များအား ပြန်အမှတ်ရသွားပြီး ပိုင်ရှောင်ချန်းအတိုင်း အော်ပြောလိုက်တော့သည်။
နတ်ဆရာမှာ သူခံစားနေရသည့် နာကျင်မှုများကို တွေးပူနေရန် အချိန်မရှိပေ။ သူ၏ အိတ်ထဲမှ ထိုအမှတ်အသားရှစ်ခုပါသည့် ကြေးမုံပြင်ကို အလျင်အမြန်ဆွဲထုတ်လိုက်ပြီး ရှိသမျှ အားအကုန်သုံး၍ ထိုသင်္ဘောကြီးဆီသို့ လွှဲကာပစ်လိုက်တော့သည်။
ထိုကြေးမုံပြင်က အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး မည်သို့သောစွမ်းအားကြောင့်ပင်မသိ ထူးဆန်းစွာပင် ၎င်း ယခင်ကရှိခဲ့သည့်နေရာသို့ ကွက်တိပြန်ရောက်သွားတော့သည်။
ထိုအခါ တဖျပ်ဖျပ်ခတ်နေသည့် အလံသုံးခုမှာ ရုတ်တရက်ဆိုသလို ငြိမ်ကျသွားပြီး အလယ်တွင်ရှိသော အလံထဲမှ အစိမ်းရောင်အသားအရေနှင့် အစွယ်ရှည်သရဲမျက်နှာကြီးမှာ အသံမထွက်ပဲ မနာခံလိုသည့် အမူအရာနှင့် အော်ဟစ်လိုက်သည်။
တချိန်ထဲမှာပင် မရေမတွက်နိုင်သော အရိုးစုများနှင့် သရဲသင်္ဘောကြီးမှာ မြူခိုးထဲသို့ ပျောက်ကွယ်သွားတော့သည်။
ပိုင်ရှောင်ချန်း၊ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ ဂနာမငြိမ်နှင့် နောက်သို့ လှည့်ကြည့်လိုက်ပြီး ထိုသရဲသင်္ဘောကြီးမှာ အမှန်တကယ်ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းများချလိုက်တော့သည်။ ထို့နောက် စုန့်ချွဲမှာ ချာကနဲလှည့်၍ နတ်ဆရာအား ဒေါသတကြီး ဖမ်းဆုပ်လိုက်သည်။
" မင်းကြောင့် ငါတို့သေတော့မလို့ကွ " သူက အော်ဟစ်လိုက်တော့သည်။
" ဘာလို့အော်နေတာတုံး "
နတ်ဆရာသည် အနည်းငယ် တုန်ရီနေသည့်အသံဖြင့် ပြန်အော်လိုက်သည်။
“ ငါ တမင်လုပ်တာမှမဟုတ်ပဲ။ အဲဒီသရဲသင်္ဘောကြီးက ဒီလောက် ကပ်စေးနှဲလိမ့်မယ်လို ဘယ်သူကသိမှာတုံး။ ငါ့ကြေးနီ ဒင်္ဂါပြားကို သူယူသွားလို့ ငါက ကြေးမုံပြင်ကို အစားပြန်ယူတဲ့သဘောပဲကို "
သူသည် ပြောရင်းပြောရင်း စကားသံမှာ တိုးတိုးသွားပြီး အဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ သူ၏မျက်ခုံးမှ ချွေးများကို သုတ်လိုက်တော့သည်။ အခြေအနေက အလွန်အန္တရာယ်များခဲ့ပြီး သီသီကလေး လွတ်မြောက်သွားခဲ့သည် မဟုတ်ပါလော။ အကယ်၍ သူသာ နတ်ဆရာအား ကြေးမုံပြင်အကြောင်းကို သတိမပေးခဲ့ပါက သူတို့သုံးယောက်စလုံးမှာ ထိုသင်္ဘောပေါ်သို့ ရောက်သွားမည်ဖြစ်ပြီး လုံးဝ ပြန်ထွက်နိုင်တော့မည်မဟုတ်ပေ။
သူသည် ဒေါသထွက်နေသည့် စုန့်ချွဲနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် နတ်ဆရာတို့အား ကြည့်လိုက်ပြီး ဆိုလိုက်တော့သည်။
" ထားပါ တော်လောက်ပြီ။ ငါတို့ဒီနေရာရဲ့ အပြင်ရောက်မှ ဆက်ပြောကြမယ် "
ထို့နောက် သူသည်လှစ်ခနဲ လှုပ်ရှားလိုက်တော့သည်။ စုန့်ချွဲမှာ နတ်ဆရားအား သေသေချာချာပြူးကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းနောက်သို့ လိုက်သွားတော့သည်။ နတ်ဆရာမှာမူ အနေရခက်နေသည့် အမူအရာဖြင့် နှာခေါင်းကိုပွတ်၍ သူတို့နောက်သို့ လိုက်သွားတော့သည်။
ထိုသင်္ဘောကြီးမှာ လုံးဝပြန်ပေါ်မလာတော့ပေ။ တစ်နာရီကြာပြီးနောက် သူတို့၏ ခြေထောက်အောက်တွင် အရိုးတစ်ချောင်းမှ မမြင်ရတော့ချေ။ သူတို့သည် တောင်တန်းများထဲမှ အပြင်သို့ထွက်လာပြီး အခြားကမ္ဘာတစ်ခုထဲသို့ ရောက်သွားကြပြီဖြစ်သည်။ သူတို့အားလုံးမှာ ရင်ထဲမှအလုံးကြီးကျသွားသည့်အလား ခံစားလိုက်ရတော့သည်။
ယခုမှသာ သူတို့သည် သေမင်းနွံတောထဲမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။
" နောက်ဆုံးတော့ လွတ်ပြီဟေ့ "
နတ်ဆရာက ဟေးခနဲ အော်ဟစ်လိုက်သည်။ စုန့်ချွဲမှာမူ လတ်ဆတ်သောလေအား ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ပိုင်ရှောင်ချန်းမှာ စိမ်းလန်းစိုပြည်နေသည့် အသီးအရွက်များကိုကြည့်၍ ပြုံးလိုက်သည်။ မြေရိုင်းဒေသမှာကဲ့သို့ ကြောက်မက်ဖွယ်အပင်များနှင့် ရက်စက်ကြမ်းကြုတ်သော သတ္တဝါများ ရှိမနေပေ။ ကောင်းကင်နတ်နန်းတစ်ခုကဲ့သို့ ဖြစ်နေပြီး သီချင်းများကိုသီဆိုနေကြသည့် ကျေးငှက်များ၊ ပွင့်လန်းနေသည့်ပန်းများနှင့် ပြီးပြည့်စုံနေတော့သည်။
ခပ်လှမ်းလှမ်းရှိ စွဲမက်စရာကောင်းသော ဒရယ်နှင့်တူသည့် တိရစ္ဆာန်တစ်ကောင်မှာ သူတို့သုံးဦးအား ရုတ်တရက် မော့ကြည့်လိုက်ပြီး သစ်တောထဲသို့ ပြေးထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ သူမြင်နေရသည့် အရာများကြောင့် အလွန်ကျေနပ်နေတော့သည်။ ထို့အပြင် ဤနေရာတွင် မြေရိုင်းဒေသနှင့် လုံးဝမတူသည့် အရာတစ်ခုရှိနေသည်။ ကောင်းကင်တံတားပင်လယ်မှ စိတ်စွမ်းအင်ပင်ဖြစ်သည်။
၎င်းကို ခပ်ရေးရေးမျှသာ ခံစားနိုင်သေးပါသော်လည်း မြေရိုင်းဒေသတွင်ရှိခဲ့စဥ်ကထက် များစွာ သာလွန်နေသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ၏ စွမ်းအင်ငတ်မွတ်နေသည့် ခန္ဓာကိုယ်မှာ အကောင်းပကတိပြန်ဖြစ်သွားပြီး အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။
" အား.... စိတ်စွမ်းအင်ကွ။ ဒီလို လွတ်လွတ်လပ်လပ် မစုပ်ယူနိုင်တာတောင် အတော်ကြာခဲ့ပြီပဲ "
သူသည် မြေရိုင်းဒေသထဲတွင် နှစ်ပေါင်းများစွာ ရောက်နေခဲ့သည့်အတွက် ကောင်းကင်တံတားမြစ်ဒေသ၏ ပုံစံကိုပင် မေ့ပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ယခုကဲ့သို့သော မြစ်ဝကျွမ်းပေါ်ဒေသသည်ပင်လျှင် အံ့သြဖွယ်ကောင်းနေသည်။
နတ်ဆရာနှင့်စုန့်ချွဲတို့မှာ စိတ်စွမ်းအင်ကို ခံစားလိုက်ရသည့်အတွက် တုန်ရီသွားကြပြီး သူတို့၏မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည်ကို မြင်နိုင်သည်။
" ငါတို့ပြန်ရောက်ပြီဟေ့ " စုန့်ချွဲက ဆိုလိုက်သည်။
" အဏ္ဏဝါခေါ်သံဂိုဏ်းရေ။ ငါတို့လာပြီဟေ့ " နတ်ဆရာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာမူ အားပါးတရ ရယ်မော၍ သူ၏လက်ကိုဝှေ့ယမ်းပြီး လေသင်္ဘောတစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်းကို သူသည် ရှေးကထဲက အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ရရှိခဲ့သည်ဖြစ်သော်လည်း မြေရိုင်းဒေသထဲတွင်မူ စိတ်စွမ်းအင်မရှိသဖြင့် အသုံးမပြုနိုင်ခဲ့ပေ။
" ဟားဟား။ ချွဲအာရေ။ ဆရာဟွန့်ဟွန့်ရေ။ ငါ့ ဉာဏ်အမြော်အမြင်တွေက အလုပ်ဖြစ်သွားပြန်ပြီကွ။ ငါမင်းတို့ကို အိမ်ပြန်ပို့ပေးမယ်ဟေ့ "
ယခုတွင်မူ ထိုသင်္ဘောကြီးမှာ စိတ်စွမ်းအင်များ ရရှိသွားပြီဖြစ်၍ တောက်ပစွာ လင်းလက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ ခုန်တက်လိုက်ပြီး တက်မအား ကိုင်လိုက်သည်။ ထူးဆန်းစွာပင် ပိုင်ရှောင်ချန်းက သူ့အား ချွဲအာဟုခေါ်လိုက်ပါသော်လည်း စုန့်ချွဲမှာ မျက်နှာအမူအရာ တင်းမာမသွားပေ။ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ပြန်နိုင်တော့မည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေပြီး မြားတစ်စင်းကဲ့သို့ သင်္ဘောပေါ်သို့ ခုန်တက်သွားတော့သည်။
နတ်ဆရာမှာလည်း ထိုနည်းတူပင်။ အနည်းငယ်ကြာသောအခါတွင် ပိုင်ရှောင်ချန်းမှာ သူ၏ နတ်အဆင့်နီးပါးရှိနေပြီဖြစ်သော ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သင်္ဘောထဲသို့ ထည့်သွင်းလိုက်သောအခါ ၎င်းမှာ မိုးကုတ်စက်ဝိုင်းသို့ ရောက်သည်အထိ လေကိုခွင်း၍ ပျံသန်းသွားတော့သည်။