အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
Chapter 586: လှံတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း
ရှန်မို လှည့်ကြည့်လိုက်ရာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ဝန်းရံလျက် လှိုင်းတံပိုးများကို ဖြတ်ကျော်ရင်း ပြေးဝင်လာသော လူပုံရိပ် (၄) ခုကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့အားလုံးမှာ နိဗ္ဗာန်အဆင့်သို့ ခြေတစ်လှမ်းအလို ကျင့်ကြံသူများ ဖြစ်ကြောင်း သူ သိလိုက်၏။
ရှန်မိုမှာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "အဲဒီလူနဲ့ ငါနဲ့ ဘာမှမပတ်သက်ဘူး"
"တောက်… မင်းက အချိန်ဆွဲနေတုန်းပဲလား… သတ်လိုက်စမ်း… ငါတို့ ရွှမ်ယင်း ဂူနန်းတော်ရဲ့ ရတနာကို ခိုးဝံ့တယ်ဆိုတော့ သူက သေတွင်းကို တူးနေတာပဲ"
ခေါင်းဆောင်ဖြစ်သူမှ ဟိန်းဟောက်လိုက်ပြီး အနက်ရောင်မြူခိုးများ မှုတ်ထုတ်နေသော မြွေနက် ဓမ္မရုပ်ပွါးတော်ကို ဆင့်ခေါ်လိုက်သည်။ ကျန်သုံးယောက်ကလည်း သူတို့၏ ဓမ္မရုပ်ပွားတော်များကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။
တစ်ယောက်မှာ ကြီးမားသော အိုးကြီးဖြစ်ပြီး၊ နောက်တစ်ယောက်မှာ လှံရှည်ကြီးနှင့် နောက်ဆုံးတစ်ယောက်မှာမူ အဖြူရောင် ပန်းတစ်ပွင့် ဖြစ်သည်။
ဓမ္မအတတ်ပညာ လေးခုမှာ ဒီရေလှိုင်းကြီးများအလား ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ သူတို့မှာ အကျိုးအကြောင်း ရှင်းပြချက်ကို နားထောင်ရန် စိတ်ကူးမရှိဘဲ အသေသတ်ရန်သာ ရည်ရွယ်ထားကြခြင်း ဖြစ်လေ၏။
ရှန်မိုမှ အသာအယာ ခေါင်းခါလိုက်သည်။
သူသည် ဤနေရာသို့ ရောက်ကာစဖြစ်ပြီး ဘာတွေဖြစ်နေမှန်းပင် သေချာမသိသေးပေ။ မဆင်မခြင်လည်း မလှုပ်ရှားလိုပါ။
သို့သော် တစ်ဖက်လူက သတ်ဖြတ်လိုသော စိတ်ဖြင့် အတင်းဝင်ရောက်လာပြီး စကားပြောခွင့်ပင် မပေးဘဲ အသက်ကို ရန်ရှာလာကြ၏။
ရှန်မိုသည် အကျိုးအကြောင်း ပြော၍ရသူများကို အကျိုးအကြောင်းပြောကာ ဆက်ဆံတတ်သူ ဖြစ်သော်လည်း သူတစ်ပါးက အကျိုးအကြောင်း မသိတော့လျှင်လည်း သူ့ဘက်မှ ယဉ်ကျေးနေရန် မလိုအပ်တော့ဟု ယူဆလိုက်သည်။
စိတ်အာရုံတစ်ခုနှင့်တင် ရှန်မိုသည် သူ၏ ယွမ်ဆင် ဓမ္မရုပ်ပွါးတော်ကို ဆင့်ခေါ်လိုက်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးကျပြီး နက်ရှိုင်းသော ထွင်းထုမှု ခြောက်ခု ရှိနေ၏။ ၎င်းတို့မှာ ဓမ္မအမှတ်အသားများပင် ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူမှာ ၎င်းတို့ကို မြင်လိုက်ရသည့် ခဏ၌ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဓမ္မအမှတ်အသားပါတဲ့ ဓမ္မရုပ်ပွားတော်။
ဒါဟာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ အမှတ်အသားပဲ။
သူတို့တွေ နိဗ္ဗာန်အဆင့် ပညာရှင်တစ်ဦးကို သွားပြီး ရန်စမိလိုက်ပြီ။
ကျန်သုံးယောက်လည်း တစ်ခုခု မှားနေပြီဆိုတာကို အာရုံခံမိသွားပြီး သူတို့၏ ခေါင်းဆောင်ကို အမြန်လှမ်းကြည့်လိုက်ကြ၏။
"အစ်ကိုကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ခေါင်းဆောင်မှာ မဲ့ပြုံးပြုံးလိုက်ပြီး
"နိဗ္ဗာန်အဆင့် ဖြစ်နေတော့ ဘာဖြစ်လဲ… ငါတို့က နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလို ကျင့်ကြံသူ လေးယောက်လေ… ကြောက်နေရမှာလား"
"ငါတို့ ရွှမ်ယင်း ဂူနန်းတော်ကို စော်ကားဝံ့တဲ့သူဟာ... သေရမှာပဲ"
စကားအဆုံးတွင် သူသည် ဓမ္မရုပ်ပွားတော်ကို ပြန်မရုပ်သိမ်းသည့်အပြင် ဝိညာဉ်စွမ်းအင်များကိုပါ ထပ်မံဖြည့်တင်းလိုက်ရာ ဖိအားမှာ ပို၍ပင် ကြီးမားလာတော့သည်။ ကျန်သုံးယောက်ကလည်း အသာအယာ ခေါင်းငြိမ့်လိုက်ကြ၏။ အကယ်၍ သူတို့သာ ဓမ္မရုပ်ပွါးတော်အဆင့် အထွတ်အထိပ်မျှသာ ဆိုပါက မဆိုင်းမတွ ထွက်ပြေးကြပေလိမ့်မည်။ သို့သော် သူတို့မှာ နိဗ္ဗာန်အဆင့်သို့ ခြေတစ်လှမ်းအလို ဖြစ်နေကြသဖြင့် ကွာဟချက်မှာ အလွန်မကြီးမားဟု ယူဆထားကြသည်။ ၎င်းအပြင် ပြိုင်ဘက်မှာ ဓမ္မအမှတ်အသား ခြောက်ခုသာ ရှိသဖြင့် အဆင့်တက်ကာစ လူသစ်တစ်ယောက် ဖြစ်ရမည်ဟု တွေးလိုက်ကြ၏။ သူတို့ကမူ ရွှမ်ယင်း ဂူနန်းတော်၏ အခြေခံခိုင်မာသော တပည့်များ ဖြစ်ကြသည်။ တကယ်တိုက်ရလျှင် သူတို့ကပင် အသာရနိုင်သည်ဟု ထင်နေကြလေသည်။
ရှန်မိုသည် သူတို့၏ စကားကို ကြားသောအခါ နောက်တစ်ကြိမ် ခေါင်းခါလိုက်ပြန်သည်။ ကောင်းကင်ဘုံက ပေးသော ဘေးဒုက္ခကို ရှောင်လွှဲနိုင်သော်လည်း မိမိဘာသာ ရှာသော ဘေးဒုက္ခကိုမူ ခွင့်လွှတ်ရန် မဖြစ်နိုင်ပေ။ သူသည် လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ ညွှန်ပြလိုက်သည်။
ယွမ်ဆင် (ဆင်ဖြူတော်) မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ရှည်လျားသော နှာမောင်းကို လိပ်လိုက်ရာ ခွန်အားကြီးမားသော နတ်ဘုရားလှံတစ်စုံမှာ လျှပ်စီးအလား ပြေးထွက်သွားတော့သည်။
၎င်းမှာ စမ်းချောင်းဝါ နတ်ဘုရားလှံပင် ဖြစ်သည်။
ရှူး!
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓမ္မအတတ်ပညာ လေးခုလုံးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့၏။ ကြွေလွယ်သော ဖန်ခွက်များအလား ၎င်းတို့မှာ ချက်ချင်းပင် ကြေမွသွားခဲ့ရသည်။ ရန်သူ၏ ဓမ္မရုပ်ပွားတော်များကို ချေမှုန်းပြီးနောက်တွင်လည်း နတ်ဘုရားလှံမှာ အရှိန်မသေဘဲ ထိုလူလေးယောက်ကို တည့်တည့် ထိမှန်သွားတော့သည်။
ခဏချင်းအတွင်းမှာပင် အားနည်းသော ကျင့်ကြံသူ (၃) ယောက်မှာ သွေးများ အန်ထုတ်၍ ရင်ဘတ်များ ချိုင့်ဝင်သွားတော့သည်။ သူတို့ မြေပြင်ပေါ်သို့ မကျမီမှာပင် ဇီဝအင်အားများ ကုန်ဆုံးသွားခဲ့ပြီ။ သူတို့၏ အလောင်းများမှာ ပင်လယ်ထဲသို့ ပြုတ်ကျသွားရာ သွေးညှီနံ့ကြောင့် ရောက်လာကြသော ပင်လယ်သားရဲများက မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုက်ခဲဝါးမြိုပစ်လိုက်ကြ၏။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခေါင်းဆောင်ဖြစ်သူ တစ်ယောက်သာ အသက်မသေဘဲ ကျန်ရစ်သည်။ သူသည် ကမ်းခြေပေါ်သို့ လဲကျသွားပြီး သွေးများနှင့် အသားစများကို အန်ထုတ်ရင်း ရှန်မိုကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေ၏။
ရွှမ်ယင်း ဂူနန်းတော်မှ နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလို တပည့် (၄) ယောက်မှာ တစ်ကွက်တည်းဖြင့် အကုန်အစင် သုတ်သင်ခံလိုက်ရသည်။
ဤလူမှာ ဘယ်သူနည်း။
ဂိုဏ်းကြီးတစ်ခုခုမှ အကြီးအကဲလား။
"မင်း ဘယ်ဂိုဏ်းကလဲ"
"နေလဂိုဏ်းလား… နဂါးပုန်းကျွန်းလား… ရတနာမဟာမိတ်လား"
သူသည် ရင်ဘတ်ကို ဖိထားရင်း နောက်သို့ တရွေ့ရွေ့ ဆုတ်နေသည်။
ရှန်မိုသည် ဘာမှမပြောဘဲ သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။ ထိုလူမှာ အံကို တင်းတင်း ကြိတ်လိုက်ပြီး ခြိမ်းခြောက်သည့် လေသံဖြင့် ဟိန်းဟောက်လိုက်သည်။
"ငါက အတွင်းပင်လယ်ကပဲ… ရွှမ်ယင်း ဂူနန်းတော်ရဲ့ အဓိကတပည့်တစ်ယောက်ပဲ… မင်း ငါ့ကို သတ်ရဲရင် မင်း ဘယ်ကိုပဲ ပြေးပြေး၊ ကမ္ဘာ့အဆုံးအထိပဲ ဖြစ်ဖြစ် ရွှမ်ယင်း ဂူနန်းတော်က မင်းကို လိုက်လံ သတ်ဖြတ်လိမ့်မယ်"
Chapter 587: အမှန်အတိုင်းဖြေရင် မြန်မြန် သတ်ပေးမယ်
ရှန်မိုမှာ ထူးဆန်းသော အမူအရာဖြင့် ဝေးလံသော ပင်လယ်ပြင်ဆီသို့ ညွှန်ပြလိုက်သည်။
"မင်းတို့လူ သုံးယောက်ကို ငါသတ်ပြီးပြီ… နောက်ထပ် တစ်ယောက် တိုးလာလည်း ဘာမှမထူးခြားတော့ဘူး"
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့၏။
"မင်း ဘာလို့ အခုထိ အသက်ရှင်နေသေးလဲ သိလား"
ရှန်မိုမှ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
သူက ခေါင်းခါပြ၏။
ရှန်မိုသည် ခပ်အေးအေးပင် ဆက်၍
"ဘာလို့လဲဆိုတော့ မေးခွန်းအချို့ မေးဖို့အတွက် မင်းကို အသက်ချန်ထားပေးတာ"
ချက်ချင်းပင် ထိုလူ၏ အမူအရာမှာ အလွန်တရာ ပျက်ယွင်းသွားတော့သည်။
ရှန်မို တည်ငြိမ်စွာပင် ပြောလိုက်၏။
"ငါ့မေးခွန်းတွေကို ဖြေရင် မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်"
"အကယ်၍ မဖြေဘူးဆိုရင်တော့ သေချင်စိတ် ပေါက်သွားအောင် ငါလုပ်ပေးမယ်"
"အခုကစပြီး ငါမေးမယ်… မင်းဖြေရမယ်" "နားလည်လား"
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူမှာ တစ်ခဏအတွင်း အားအင်အားလုံး ကုန်ခမ်းသွားပုံရပြီး စိတ်ပျက်လက်ပျက်ဖြင့်သာ ခေါင်းငြိမ့်ပြနိုင်တော့သည်။
ရှန်မိုမှ
"ဒါ ဘယ်နေရာလဲ"
ထိုလူက ပြန်ဖြေ၏။
"တောင်ပိုင်းကျွန်းစုရဲ့ လော့ရှင်း ပင်လယ်ပြင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်"
"ရွှမ်ယင်း ဂူနန်းတော် နဲ့ မင်း ခုနက ပြောလိုက်တဲ့ နေလဂိုဏ်း ဆိုတာ ဘယ်လိုမျိုး ဂိုဏ်းတွေလဲ"
“ရွှမ်ယင်း ဂူနန်းတော်က တောင်ပိုင်းကျွန်းစုရဲ့ အင်အားအကြီးဆုံး ထိပ်တန်းအင်အားစုတွေထဲက တစ်ခုပါ… အဲဒါက အတွင်းပင်လယ်မှာ ရှိပါတယ်… နေလဂိုဏ်း၊ နဂါးပုန်းကျွန်း နဲ့ ရတနာမဟာမိတ် တို့ကတော့ အပြင်ပင်လယ်မှာရှိတဲ့ ပထမတန်းစား အင်အားစုတွေလို့ သတ်မှတ်လို့ရပါတယ်"
ရှန်မိုမှ ထပ်မံမေးမြန်းပြန်သည်။
"ရွှမ်ယင်း ဂူနန်းတော် နဲ့ အဆင့်အတန်းတူတဲ့ တခြား ထိပ်တန်းအင်အားစုတွေ ဘာရှိသေးလဲ”
ထိုလူက ဆိုသည်။
"ကောင်းကင်ဘုံ မန္တန်ဂိုဏ်း၊ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်၊ အနန္တလက္ခဏာ သန့်စင်သောမြေ နဲ့ မီးလျှံရေနဂါးခန်းမတို့ ရှိပါတယ်"
ရှန်မို ခေါင်းငြိမ့်ပြရင်း
"တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြစမ်း"
ထိုလူသည်လည်း မတတ်သာဘဲ ထိပ်တန်းအင်အားစု တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြရတော့၏။
ရှန်မိုသည် စဉ်းစားဟန်ဖြင့် နားထောင်နေသည်။ တောင်ပိုင်းကျွန်းစု၏ အင်အားစု တည်ဆောက်ပုံမှာ ဖရိုဖရဲ ဖြစ်နေသည်။
ရွှမ်ယင်း ဂူနန်းတော်မှာ အနိုင်ကျင့် ဗိုလ်ကျတတ်ပြီး ဤနေရာရှိ နတ်ဆိုးဂိုဏ်းများထဲက တစ်ခုဟု သတ်မှတ်ခံရသည်။ အလောင်းများဖြင့် ရုပ်သေးပြုလုပ်ခြင်း၊ ရုပ်သေးသွန်းလုပ်ခြင်း၊ အဆိပ်အတတ်နှင့် ဂုအတတ်ပညာ အားလုံးကို ကျွမ်းကျင်ကြသည်။
ကောင်းကင်ဘုံ မန္တန်ဂိုဏ်းမှာမူ တရားမျှတသော ဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်း၏ တပည့်အများစုမှာ မန္တန်အတတ်ပညာကို ကျင့်ကြံကြသည်။ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်မှာမူ နတ်ဆိုးမျိုးနွယ်စုများ တည်ထောင်ထားသော အင်အားစုဖြစ်ပြီး ရွှမ်ယင်း ဂူနန်းတော် နှင့် မကြာခဏ ပူးပေါင်းလေ့ရှိသည်။
အနန္တလက္ခဏာ သန့်စင်သောမြေမှာမူ အခြားဂိုဏ်းများ၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ နတ်ဆိုးဘေးဒုက္ခများကို နှိမ်နင်းရန်သာ အာရုံစိုက်သည်။ မီးလျှံရေနဂါးခန်းမသည် သန့်စင်သော နဂါးနန်းတော်လေးခု၏ အမိန့်အောက်တွင် ရှိပြီး တောင်ပိုင်းကျွန်းစုရှိ ကောင်းကင်ဘုံကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများကို စုဆောင်းရန်အတွက် အထူးတာဝန်ယူထားရ၏။
သန့်စင်သော နဂါးနန်းတော်လေးခု၏ ကြီးမားလှသော အင်အားကြောင့် မီးလျှံရေနဂါးခန်းမကို ရွှမ်ယင်း ဂူနန်းတော် နှင့် ကောင်းကင်ဘုံ မန္တန်ဂိုဏ်းတို့ကဲ့သို့သော ထိပ်တန်းအင်အားစုများနှင့် အဆင့်အတန်းတူဟု သတ်မှတ်နိုင်သည်။
အကြောင်းမှာ စစ်မှန်သော နဂါးမျိုးနွယ်စုကို ရန်စရဲသူမှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။
ရှန်မိုမှ ထပ်မေးပြန်သည်။
"ကျင့်ကြံသူတွေ စုဝေးတဲ့ အနီးဆုံးကျွန်းက ဘယ်မှာလဲ"
"အရှေ့တောင်ဘက် မိုင်ပေါင်း သုံးသောင်းအကွာမှာ ရှိတဲ့ နဂါးပုန်းကျွန်း ရဲ့ အုပ်ချုပ်မှုအောက်က 'လွင့်မျောနေသော တိမ်တိုက်ကျွန်းပါ"
ရှန်မို ခဏမျှ စဉ်းစားပြီးနောက်
"ဒါ နောက်ဆုံးမေးခွန်းပဲ… နဂါးပြာ ရွှေရောင်စာမျက်နှာဆိုတာ ဘာလဲ"
ထိုလူမှ ခေါင်းခါပြ၏။
"အဲဒီထဲမှာ ဘာပါလဲဆိုတာ ကျွန်တော် မသိပါဘူး… ကျွန်တော့်ကို မြန်မြန်ပဲ သတ်ပေးလိုက်ပါတော့"
ရှန်မိုသည် သူ လိမ်မပြောကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် ထိုလူ၏ ဦးခေါင်းခွံနှင့် နှလုံးသားကို ဖောက်ထွက်ကာ ပြတ်ပြတ်သားသားပင် သတ်ပစ်လိုက်၏။ အလောင်းကိုမူ ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။ ပင်လယ်သားရဲများက ထိုအကြွင်းအကျန်များကို သဘာဝအတိုင်း ရှင်းလင်းသွားပေလိမ့်မည်။
"ဒီကမ္ဘာကို ရောက်ရောက်ချင်းမှာပဲ ပြဿနာနဲ့ တိုးလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
ရှန်မိုမှ ခေါင်းခါလိုက်မိသည်။ သို့သော် သူသည် ဖြစ်ပွားရာနေရာကို သေချာစွာ ရှင်းလင်းခဲ့၏။ ၎င်းအပြင် သူသည် လူစိမ်းတစ်ယောက်သာ ဖြစ်၍ ရွှမ်ယင်း ဂူနန်းတော်အနေဖြင့် သူ့ကို ခြေရာခံနိုင်ရန် မဖြစ်နိုင်ပေ။ ခြေရာခံနိုင်လျှင်ပင် နဂါးပြာ ရွှေရောင်စာမျက်နှာကို ခိုးသွားသူကိုသာ ခြေရာခံနိုင်ပေလိမ့်မည်။
ရှန်မိုသည် လမ်းကြောင်းကို သတ်မှတ်ပြီးနောက် အရှေ့တောင်ဘက်သို့ ပျံသန်းသွားတော့သည်။ သို့သော် သူသည် မိုင်ပေါင်း တစ်သောင်းကျော်မျှသာ ပျံသန်းရသေးသော်လည်း သူ၏ရှေ့တွင် လူတစ်ယောက် ပေါ်လာပြန်သည်။
၎င်းမှာ အခြားမဟုတ်၊ လွန်ခဲ့သော ခဏက သူ့ဆီသို့ ပြဿနာကို လွှဲချသွားခဲ့သည့် လူငယ်ပင် ဖြစ်သည်။ "မိတ်ဆွေ... မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
"မင်း အသက်ရှင်နေတာ တကယ်ကို ကံကောင်းပါတယ်… ငါ့ရဲ့ မတတ်သာလို့ လုပ်လိုက်တဲ့ အပြုအမူကြောင့် မင်း သေသွားမှာကို ငါ တကယ် စိုးရိမ်နေတာ”
တည်ငြိမ်ပြီး အေးဆေးနေသော ရှန်မိုကို မြင်လိုက်ရသည့်အခါ ထိုလူငယ်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ လက်သွားတော့သည်။
နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလို ကျင့်ကြံသူ လေးယောက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရချိန်တွင် လွတ်မြောက်ရန် မဖြစ်နိုင်ဟု သူ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ ဤလူစိမ်းသည် အသက်ရှင်ရုံသာမက တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထင်ရှားသည်မှာ ဤလူသည် အလွန်အမင်း ကံကောင်းသူ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ရပေမည်။
Chapter 588: ရွှေရောင်ဗီဇ ကံကြမ္မာ
သူသည် ချက်ချင်းပင် စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး ဖော်ရွေသော အမူအရာကို ဖမ်းလိုက်သည်။
ရှန်မိုမှာ ထိုလူကို နောက်တစ်ကြိမ် အသေအချာ ကြည့်လိုက်မိသည်။ သူသည် ထူထဲသော မျက်ခုံးတန်းများ၊ စူးရှသော မျက်လုံးများ၊ ကြမ်းတမ်းခိုင်မာသော မျက်နှာပေါက်ရှိပြီး သန်စွမ်းတောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ လမ်းလျှောက်လျှင်လည်း နဂါးတစ်ကောင်ကဲ့သို့ တည်ကြည်ပြီး ကျားတစ်ကောင်ကဲ့သို့ အရှိန်အဝါရှိလှ၏။ တစ်ခေတ်မှာတစ်ယောက် ဆိုရလောက်အောင် ချောမောလှပသူမဟုတ်သော်လည်း သူ၏ ရုပ်ရည်နှင့် ရယ်မောသံများမှာ လန်းဆန်းသော နွေးထွေးမှုကို ဆောင်ကျဉ်းပေးနေပြီး ဘေးလူများကိုလည်း သဘာဝအလျောက်ပင် သူနှင့် မိတ်ဆွေဖွဲ့လိုစိတ် ပေါက်လာအောင် ဆွဲဆောင်နေသည်။
ရှန်မို၏ သိလိုစိတ်မှာ ရုတ်တရက် မြင့်တက်လာ၏။ ပထမအကြိမ် ဆုံတွေ့စဉ်က ထူးခြားမှုကို သူ သတိမထားမိခဲ့သော်လည်း ယခု အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ဤလူ၏ ကံကြမ္မာစနစ်မှာ အံ့မခန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
[အမည် - ရှိထျန်းဟောက်]
[အဆင့် - နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလို]
[ကံကြမ္မာဗီဇ - လူတစ်ပိုင်း နဂါးတစ်ပိုင်း၊ ဘိုးဘေးနဂါး ရတနာအရိုး၊ ကောင်းကင်အလိုတော်ကို ဆန့်ကျင်သူ၊ ကမ္ဘာအနှံ့ မိတ်ဆွေများရှိသူ၊ ဘေးဒုက္ခကြီးများမှ လွတ်မြောက်သူ၊ မွေးရာပါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသူ၊ ကောင်းကင်နတ်ဆိုး ကြယ်တာရာ၊ နဂါးငါးပါး ပျက်သုဉ်းခြင်း ခန္ဓာကိုယ်၊ နဂါးပုန်းကျွန်း၏ ကျွန်းသခင်ငယ်]
[ကံကြမ္မာ - သူတော်စင်နယ်ပယ်သို့ တက်လှမ်းပြီး ဤလောကကို ကျော်လွန်ကာ လွတ်လပ်စွာ ရှင်သန်ရမည်။]
[လူတစ်ပိုင်း နဂါးတစ်ပိုင်း - (ခရမ်းရောင်ဗီဇ)။ သင်၏ ဖခင်မှာ လူသားဖြစ်ပြီး မိခင်မှာ စစ်မှန်သော နဂါးဖြစ်သည်။ သင်သည် နဂါးမျိုးနွယ်ဝင် တစ်ဦးဖြစ်သည်။ နဂါးမျိုးနွယ် နည်းစနစ်များနှင့် သိုင်းပညာများကို ပိုမိုထိရောက်စွာ ကျင့်ကြံနိုင်သည်။ သင်သည် အားနည်းသော လူသားများကို ဖိနှိပ်နိုင်သည့် အားကောင်းသော အရှိန်အဝါကို သဘာဝအလျောက် ထုတ်လွှတ်နိုင်သည်။]
[ဘိုးဘေးနဂါး ရတနာအရိုး - (တောက်ပသော ရွှေရောင်ဗီဇ)။ သင်၏ ခန္ဓာကိုယ်အတွင်း၌ ဘိုးဘေးနဂါးထံမှ အရိုးတစ်ချောင်း ရှိနေသည်။ သင်သည် ဘိုးဘေးနဂါး၏ အကြွင်းအကျန် ပစ္စည်းများကို အာရုံခံရာတွင် ထူးကဲသော စွမ်းရည်ရှိသည်။ အဆင့်မြင့် နဂါးနည်းစနစ်များနှင့် သိုင်းပညာများကို ကျင့်ကြံရာတွင် ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ အဆင့်ကြီးတစ်ခု တက်လှမ်းတိုင်း ဘိုးဘေးနဂါးအရိုးထံမှ ရတနာတစ်ခု ရရှိလိမ့်မည်။]
[ကောင်းကင်အလိုတော်ကို ဆန့်ကျင်သူ - (ရွှေရောင်ဗီဇ)။ သင်၏ ကံတရားမှာ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်အောင် အားကောင်းလှသည်။ အကယ်၍ ကံကောင်းခြင်းနတ်ဘုရားသာ တကယ်ရှိခဲ့လျှင် အခြားပါရမီရှင်များမှာ ထိုနတ်ဘုရား၏ သားသမီးများ ဖြစ်ကြသော်လည်း သင်သည်ကား ထိုနတ်ဘုရား၏ ဖခင်ပင် ဖြစ်သည်။]
[ကမ္ဘာအနှံ့ မိတ်ဆွေများရှိသူ - (အနီရောင်ဗီဇ)။ သင်သည် သံယောဇဉ်များ အလွယ်တကူ ဖွဲ့နိုင်သူဖြစ်သည်။ ကမ္ဘာအနှံ့တွင် ရင်ဖွင့်ဖော်များနှင့် အဖော်များကို ရှာတွေ့နိုင်သည်။ အခြေအနေ မည်မျှပင် ဆိုးရွားပါစေ တစ်စုံတစ်ယောက်က သင့်ကို အမြဲ ကူညီပါလိမ့်မည်။]
[ဘေးဒုက္ခကြီးများမှ လွတ်မြောက်သူ - (အနီရောင်ဗီဇ)။ သင်သည် ဘဝတွင် ဘေးအန္တရာယ်များစွာနှင့် မကြုံတွေ့ရသော်လည်း အလွန်အမင်း အန္တရာယ်ကြီးသော အခြေအနေမျိုးတွင် အမြဲတမ်း အသက်ဘေးမှ လွတ်မြောက်လိမ့်မည်။]
[မွေးရာပါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသူ - (ရွှေရောင်ဗီဇ)။ သင်၏ ကံတရားမှာ လူသန်းပေါင်းများစွာထဲတွင် တစ်ယောက်သာ ရှိနိုင်သော အခြေအနေမျိုးဖြစ်သည်။ အခြားသူများထက် ရတနာများ ပေါ်ထွက်လာခြင်းနှင့် ပိုမိုဆုံတွေ့နိုင်ပြီး နတ်ဘုရားလက်နက်များ သို့မဟုတ် နတ်ဆေးလုံးများကို မမျှော်လင့်ဘဲ မကြာခဏ ရရှိတတ်သည်။]
[ကောင်းကင်နတ်ဆိုး ကြယ်တာရာ - (အနီရောင်ဗီဇ)။ သင်သည် အသက်တစ်နှစ်တွင် မိခင်၊ သုံးနှစ်တွင် ဖခင်နှင့် ကိုးနှစ်တွင် မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ သင့်တွင် ရင်းနှီးသော အဖော်များနှင့် ချစ်သူများစွာ ရှိလိမ့်မည် ဖြစ်သော်လည်း သင်သည် မည်သူ့ကိုမျှ အပြည့်အဝ မယုံကြည်သကဲ့သို့ ရင်မဖွင့်ပေ။ သင်နှင့် ရင်းနှီးလာသူတိုင်းသည် သင့်ကြောင့် ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်။ သံယောဇဉ် နက်ရှိုင်းလေ၊ ဘေးဒုက္ခ ကြီးမားလေပင် ဖြစ်သည်။]
[နဂါးငါးပါး ပျက်သုဉ်းခြင်း ခန္ဓာကိုယ် - (ရွှေရောင်ဗီဇ)။ အလယ်အလတ် သူတော်စင်အဆင့် ခန္ဓာကိုယ်အမျိုးအစား ဖြစ်သည်။ မတူညီသော နဂါးနည်းစနစ် ငါးမျိုးကို နက်ရှိုင်းသော အဆင့်အထိ ကျင့်ကြံနိုင်ပါက ဘိုးဘေးနဂါး ကိုယ်တိုင် ဖန်တီးခဲ့သော ထိပ်တန်း သူတော်စင်နည်းစနစ်ဖြစ်သည့် စစ်မှန်သော နဂါးလမ်းစဉ်ကျမ်းကို အလိုအလျောက် နားလည်သဘောပေါက်သွားလိမ့်မည်။]
[နဂါးပုန်းကျွန်း၏ ကျွန်းသခင်ငယ် - (ခရမ်းရောင်ဗီဇ)။ သင်သည် နဂါးပုန်းကျွန်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသော ရာနှင့်ချီသည့် ကျွန်းသခင်ငယ်များထဲမှ တစ်ဦး ဖြစ်သည်။]
ဤကံကြမ္မာဗီဇများကို ဖတ်ရှုပြီးနောက် ရှန်မို၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။ ရှိထျန်းဟောက်ကို ကြည့်သည့် သူ၏ အကြည့်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ အရင်ကတော့ သူ့ကို လမ်းသွားလမ်းလာ တစ်ယောက်အဖြစ်သာ မြင်ခဲ့သော်လည်း ယခုမူ အမွှေးထူထူ၊ အသားနုနုနှင့် အလွန်ပင် ဆူဖြိုးလှသည့် သိုးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
တောက်ပသော ရွှေရောင်ဗီဇ။
ဤသည်မှာ သာမန် ရွှေရောင်ဗီဇထက် အဆင့်တစ်ဆင့် ပိုမြင့်ရမည်။
ထိုအရာကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။ ရှန်မို၏ ထိုအကြည့်များကြောင့် ရှိထျန်းဟောက်၏ နှလုံးသားမှာ စိုးရိမ်တုန်လှုပ်မှုဖြင့် တဒိန်းဒိန်း ခုန်လာတော့သည်။
ဘယ်သူကမှ သူ့ကို ထိုကဲ့သို့ တစ်ခါမျှ မကြည့်ဖူးခဲ့ချေ။
"မိတ်ဆွေ... ဘာလို့ ငါ့ကို ဒီလိုကြီး ကြည့်နေတာလဲ"
ရှိထျန်းဟောက်မှ နေရခက်သော အပြုံးဖြင့် မေးလိုက်သည်။
ရှန်မို ခပ်ပါးပါး ပြုံးလိုက်ရင်း
"ငါ ခုနက ရွှမ်ယင်း ဂူနန်းတော်က နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလို ကျင့်ကြံသူ လေးယောက်ရဲ့ ဝိုင်းတိုက်ခိုက် ခံခဲ့ရတာ မင်းသိလား… မင်းက ငါ့ကို အဲဒီပြဿနာထဲ ဆွဲသွင်းခဲ့တာနော်"
ရှိထျန်းဟောက်မှ ရိုးသားစွာပင် ပြန်ဖြေသည်။
"ငါ ရှိထျန်းဟောက်ဟာ သူတစ်ပါးကို အမြဲတမ်း ကြင်နာစွာ ဆက်ဆံခဲ့တာပါ… ခုနက ငါလုပ်လိုက်တာကလည်း အကြံကုန်ပြီး ဂယောင်ချောက်ခြား ဖြစ်သွားလို့ပါ"
"ဒါပေမဲ့ အခု ငါ လာတာက အမှားကို ပြင်ဆင်ဖို့ တကယ့် စေတနာအမှန်နဲ့ လာတာပါ"
"ပြောပါ မိတ်ဆွေ… နတ်ဘုရားလက်နက်တွေလား… ဝိညာဉ်ဆေးလုံးတွေလား… ကျင့်စဉ်တွေလား ဒါမှမဟုတ် သိုင်းပညာတွေလား… မင်း ဘာလိုချင်လဲ" "ငါ့မှာ ရှိတာဆိုရင် မင်းကို ပေးပါ့မယ်"
"ဒီဆုံတွေ့မှုကနေ ငါတို့နှစ်ယောက်ကြားမှာ တကယ့် စစ်မှန်တဲ့ သံယောဇဉ်တွေ စတင်လာနိုင်တာပဲ မဟုတ်လား"
"ငါ တောင်းဆိုချင်တာ တစ်ခုတည်းပါ… အဲဒီ ရွှေရောင်စာမျက်နှာကို ငါ့ကို ပြန်ပေးပါ… အဲဒါက ငါ့အတွက် တကယ်ကို အရေးကြီးလို့ပါ"