← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

Chapter 592: ရှိထျန်းဟောက်၏ အပြုအမူများ

သူသည် အောက်ခြေအဆင့် နတ်ဘုရား အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။ လွင့်မျောနေသော တိမ်တိုက်ကျွန်းသို့ ဝင်ရောက်ပြီးနောက် သူ၏ တစ်နှစ်စာ လစာမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးမျှသာ ရှိ၏။ သို့သော် ရှိထျန်းဟောက်က အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၆) တုံးကို တစ်ခါတည်း ပေးလိုက်ရာ ၎င်းမှာ တစ်နှစ်စာ လစာ၏ ထက်ဝက်ကျော်ပင် ရှိသည်။ ၎င်းအပြင် သူ့ကို မိတ်ဆွေဟုလည်း ခေါ်ဝေါ်ခဲ့သည်။ ထိုသို့သော ခေါ်ဝေါ်မှုမှာ ပုံမှန်အားဖြင့် အဆင့်တူ ကျင့်ကြံသူအချင်းချင်းသာ သုံးနှုန်းလေ့ရှိကြောင်း လူတိုင်းသိကြသည်။ နတ်ဘုရား အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလို ကျင့်ကြံသူတစ်ဦးက မိတ်ဆွေဟု ခေါ်ဆိုခြင်းမှာ တစ်ဖက်လူသည် သူ့အပေါ် အမှန်တကယ် လေးစားမှုရှိပြီး ကျင့်ကြံမှုအဆင့် နိမ့်ပါးခြင်းကြောင့် အထင်မသေးကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ သဘာဝအတိုင်းပင် သူ၏မျက်နှာမှာ ဝမ်းသာအားရဖြင့် ဝင်းပသွားတော့သည်။

ရှန်မိုသည် ထိုအပြန်အလှန် ဆက်ဆံမှုကို အစအဆုံး စောင့်ကြည့်နေပြီး အသာအယာ ခေါင်းငြိမ့်မိ၏။ သူသည် ရှောင်ဖန်း၊ ယဲ့ယန် နှင့် လင်းတုန်းထျန်းတို့ ကဲ့သို့သော ပါရမီရှင်များစွာကို မြင်ဖူးခဲ့သည်။ သို့သော် ထိုသို့သော သူမျိုးများမှာ မာနထောင်လွှားသူများ သို့မဟုတ် အေးစက်သူများသာ ဖြစ်တတ်ကြသည်။ သူတို့သည် သာမန်ကျင့်ကြံသူများကို အရေးတယူ လုပ်လေ့မရှိကြပေ။

သို့သော် ရှိထျန်းဟောက်ကမူ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထံမှ သတင်းအချက်အလက် တစ်ခုရရန်အတွက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၆) တုံးကို သုံးစွဲရန် ဝန်မလေးပေ။ ထိုအချက်တစ်ခုတည်းနှင့်တင် သူ၏ အနာဂတ်မှာ ရှောင်ဖန်း၊ ယဲ့ယန် နှင့် လင်းတုန်းထျန်း တို့ကဲ့သို့ ပါရမီရှင်ဆိုသူများထက် များစွာ သာလွန်မည်မှာ သေချာလှသည်။

ကင်းစောင့်မှ တဟားဟား ရယ်မောလိုက်ပြီး

"ကျွန်းသခင်ရှိက တကယ့်ကို သဘောထားကြီးတာပဲ”

"ဒါပေမဲ့ ဒါကလည်း အဲဒီလောက်ကြီး လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး"

သူ အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"အဲဒီ ကျွန်းသခင်ကြီး နှစ်ယောက်ဆိုတာ မင်ကျူးကျွန်းရဲ့ ကျွန်းသခင် လျိုယွမ်ချွိ နဲ့ ရတနာမဟာမိတ်ရဲ့ ပိုင်ရှင် စုန့်ကျုံး တို့ပါ"

ရှိထျန်းဟောက် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထပ်မံ ထည့်ပေးလိုက်ပြန်သည်။

"မိတ်ဆွေ... သူတို့ (၃) ယောက် ဘာလို့ တွေ့နေကြတာလဲဆိုတာ မင်း သိလား"

ကင်းစောင့်မှာ အသံကို ပို၍ပင် နှိမ့်လိုက်သည်။

"အဲဒါကိုတော့ ကျွန်တော် သေချာမသိဘူး… ဒါပေမဲ့ ကျွန်းသခင်လျိုနဲ့ ပိုင်ရှင်စိန့်တို့က သူတို့နဲ့အတူ ရတနာတွေ တော်တော်များများ ယူလာတယ်လို့ ကြားတယ်… ကျွန်းသခင်ဆုန့်နဲ့အတူ အဲဒီရတနာတွေကို နှိုင်းယှဉ်ကြည့်ဖို့နဲ့ အကဲဖြတ်ဖို့ ပြင်နေကြတာ ထင်ပါတယ်"

ထိုအခါမှ ရှိထျန်းဟောက် ခေါင်းငြိမ့်လိုက်ပြီး

"ကျေးဇူးအများကြီး တင်ပါတယ်"

ဤအချက်ကို ကြားပြီးနောက် ရှန်မိုသည် ရှိထျန်းဟောက်၏ ကံကြမ္မာမှတ်တမ်းကို လှမ်းကြည့်လိုက်ရာ သူ၏ လတ်တလော ကံကောင်းခြင်းများကို အထူးသတိပြုမိသွားပြီး မပြုံးဘဲ မနေနိုင်တော့ပေ။

မကြာမီမှာပင် သတင်းပို့ရန် သွားခဲ့သော ကင်းစောင့် ပြန်ရောက်လာသည်။

"ကျွန်းသခင်ရှိ... ကျွန်းသခင်ဆုန့်က အထဲကို ဝင်ဖို့ ဖိတ်ခေါ်နေပါတယ်"

ရှိထျန်းဟောက်မှ ထိုသူကို လက်နှစ်ဖက်စု၍ နှုတ်ဆက်လိုက်သည်။

"သတင်းပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ"

"အစ်ကိုရှန်... လာ… ငါတို့ အတူတူ ဝင်ကြရအောင်"

"ဒါက မင်းကို ကျွန်းသခင်လျိုနဲ့ ပိုင်ရှင်စိန့်တို့နဲ့ မိတ်ဆက်ပေးဖို့ အခွင့်ကောင်းပဲ"

"နောက်ဆုံးတော့ ငါတို့ သူတို့နဲ့ ရင်းနှီးအောင် လုပ်ရမှာပဲလေ… မိတ်ဆွေများလေ လမ်းပွင့်လေပဲ မဟုတ်လား"

ရှန်မိုလည်း ပြုံးလျက် ပြန်ပြောလိုက်သည်။

"မဆိုးပါဘူး"

ခဏအကြာတွင် ပင်မခန်းမအတွင်း၌။

လွင့်မျောနေသော တိမ်တိုက်နေအိမ်၏ ပင်မခန်းမမှာ ပို၍ပင် ကျယ်ဝန်းလှသည်။ မြင့်မားသော တိုင်လုံးကြီးများနှင့် ကြီးမားသော ထုတ်တန်းများက ဖန်စီအမိုးကို ထောက်မထားသည်။ အသုံးပြုထားသော သစ်သားမှာ ခိုင်ခံ့ပြီး ပိုးမစားနိုင်သော ပုလဲသစ်သား အမျိုးအစား ဖြစ်သည်။ သာမန် အဖြူရောင် ပုလဲသစ်သားမဟုတ်ဘဲ ရှားပါးလှသော အနီရောင် ပုလဲသစ်သား ဖြစ်လေ၏။ တိုင်လုံးများပေါ်ရှိ နဂါးထွင်းထုချက်များမှာ ခန့်ညားထည်ဝါပြီး သက်ရှိထင်ရှား ရှိနေသကဲ့သို့ပင် ဖြစ်ရာ မတော်မတရား လုပ်သူများကို အချိန်မရွေး ခုန်အုပ်ဝါးမြိုတော့မည့်အတိုင်း ရှိလှသည်။

ခန်းမ၏ နေရာတိုင်းကို အသေးစိတ် ပြင်ဆင်မွမ်းမံထား၏။ အခန်းကန့်များ၊ စားပွဲ၊ ကုလားထိုင်များနှင့် ပန်းအိုးများမှာ သိသိသာသာပင် ထူးခြားလှသည်။ အကယ်၍ လေလံတင်မည်ဆိုပါက တစ်ခုချင်းစီမှာ အနည်းဆုံး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းအထိ ရရှိနိုင်ပေလိမ့်မည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိ တစ်ခန်းလုံးမှာ ကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအင်များ ပျော်ဝင်နေပြီး လွင့်မျောနေသော တိမ်တိုက်ကျွန်း၏ အခြားနေရာများထက် များစွာ ပိုမိုသိပ်သည်းလှသည်။ ဤနေအိမ်၏ အောက်တွင် ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအင် စုစည်းမှု အစီအရင် တစ်ခုကို တည်ဆောက်ထားကြောင်း သိသာလှ၏။

ရှန်မိုမှာ အသာအယာ ခေါင်းညိတ်လိုက်သည်။

သူသည် ရှိထျန်းဟောက်ထံမှ လွင့်မျောနေသော တိမ်တိုက်ကျွန်းမှာ အဓိကကျွန်း ၃၆ ကျွန်းထဲမှ တစ်ကျွန်းဖြစ်ကြောင်း ကြားခဲ့ရသော်လည်း အမှတ်တရ ထူးထူးခြားခြား မရှိခဲ့ပေ။ သို့သော် ယခု ဇိမ်ခံပစ္စည်းပုံစံ လွင့်မျောနေသော တိမ်တိုက်နေအိမ်ကို မြင်လိုက်ရသည့်အခါမှသာ ၎င်း၏ အရေးပါမှုကို သူ နားလည်သွားတော့သည်။ ကြည့်ရသည်မှာ ကျွန်းသခင် ဆုန့်ကျိန်းဖေး၏ လက်အောက်ရှိ အင်အားနှင့် အရင်းအမြစ်များမှာ အနည်းဆုံး 'နတ်ဆိုးနှိမ်နင်းရေး ခံတပ်' နှစ်ခုစာနှင့် ညီမျှနေပြီး သာမန်ခံတပ်မဟုတ်ဘဲ သန်မာပြီး အင်အားကြီးသော ခံတပ်မျိုးပင် ဖြစ်သည်။

ပင်မခန်းမ၏ အလယ်တွင် ရှည်လျားသော စားပွဲတစ်လုံး ရှိသည်။ ၎င်းကို ကျင့်ကြံသူ အချို့က ဝိုင်းရံထားကြ၏။ စားပွဲ၏ ထိပ်ဆုံးနေရာတွင် အရပ်ရှည်ပြီး ပခုံးကျယ်သော ကျင့်ကြံသူတစ်ဦး ထိုင်နေသည်။ သူ၏ ကြွက်သားများမှာ ခိုင်မာတောင့်တင်းပြီး ကိုယ်ဟန်မှာလည်း အစွမ်းထက်လှသည်။ သူ ဝတ်ဆင်ထားသော အနက်ရောင် ဝတ်ရုံပွကြီးမှာ စစ်ဝတ်စုံကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ရှိနေပြီး သူ၏ ကိုယ်ဟန်ကို သိသိသာသာ ထင်ရှားစေသည်။ ထူထဲသော မျက်ခုံးများနှင့် တည်ကြည်သော မျက်နှာထားအရ ဤလူမှာ ဖြောင့်မတ်ပြီး တည်ငြိမ်သော စရိုက်ရှိသူ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

Chapter 593: ပါရမီရှင်ကျင့်ကြံသူ

ရှည်လျားသော စားပွဲ၏ လက်ဝဲဘက်တွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး ထိုင်နေသည်။ သူ၏ ဆံပင်များမှာ ဖြူဖွေးနေပြီး မျက်နှာတစ်ခုလုံးတွင်လည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။ တြိဂံပုံစံ မျက်လုံးများနှင့် ကောက်ချိတ်နေသော နှာခေါင်းတို့က သူ့ကို ကြည့်ရသည်မှာ ရက်စက်ယုတ်မာမည့်ပုံ ပေါက်စေသည်။ သူသည် လေတိုက်လျှင် တရှူးရှူးမြည်ကာ လွင့်ပါးနေသော ဆန်းကြယ်သည့် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားလေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် ဤလူ၏ ကျန်ရှိသော သက်တမ်းမှာ မရှည်တော့ကြောင်း ရှန်မို သိလိုက်သည်။ အလွန်ဆုံးရှိလှ နောက်ထပ် နှစ်ပေါင်းငါးဆယ်မျှသာ။

သူသည် သဘာဝအတိုင်း အိုမင်းကာ သေဆုံးရတော့မည် ဖြစ်သည်။

စားပွဲ၏ လက်ယာဘက်တွင်မူ ဝဝဖိုင့်ဖိုင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူ၏ ဆံပင်ကို အထက်သို့ မြှင့်တင်ထုံးဖွဲ့ထားပြီး ဖြူဖျော့သော အသားအရေနှင့် ပါးလွှာသော နှုတ်ခမ်းများ ရှိ၏။ ထိုအမျိုးသမီးထံမှ စူးရှပြီး သဘောထားကျဉ်းမြောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ရှန်မိုနှင့် ရှိထျန်းဟောက်တို့ ခန်းမထဲသို့ ဝင်လာသည့်အခါ အမျိုးသမီးမှ သူတို့ကို အရှက်အကြောက်မရှိ တစိမ့်စိမ့် ကြည့်ရှုစစ်ဆေးနေတော့သည်။

၎င်းမှာ စိတ်မချမ်းမြေ့စရာ အထင်အမြင်မျိုးကို ပေးစွမ်းနေသည်။

ဆုန့်ကျိန်းဖေးမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး

"ဟားဟားဟား... ရှိညီလေး ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး… ငါသာ အလုပ်မရှုပ်နေရင် မင်းကို ကိုယ်တိုင် သွားကြိုရမှာပါ… မင်း ရောက်လာတာ တကယ်ကို အချိန်ကိုက်ပဲ… စီမံခန့်ခွဲသူစုန့်နဲ့ ကျွန်းသခင်လျိုတို့လည်း ဒီမှာ ရှိနေကြတယ်… မင်းတို့ကို မိတ်ဆက်ပေးဖို့ အခွင့်ကောင်းပဲ"

သူသည် အဘိုးအိုနှင့် အမျိုးသမီးဘက်သို့ လှည့်ကာ

"ဒီလူငယ်လေးရဲ့ နာမည်က ရှိထျန်းဟောက်ပါ… ငါတို့ နဂါးပုန်းကျွန်းရဲ့ ကျွန်းသခင်ငယ်တစ်ယောက်ပေါ့… သူ အုပ်ချုပ်တဲ့ကျွန်းကို ခင်ဗျားတို့ သိမှာပါ… ချိုလုံကျွန်းလေ… သူက ကိုယ်ပိုင်အရည်အချင်းနဲ့တင် ဒီရာထူးကို ရခဲ့တာ… ငါနဲ့ ရှိညီလေးက တော်တော်ရင်းနှီးကြတယ်… အသက် တစ်ရာကျော်ကျော်လေးနဲ့ နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလိုကို ရောက်နေပြီဆိုတော့ သူ့အနာဂတ်က တကယ်ကို တောက်ပပါတယ်"

ဤစကားကို ကြားသောအခါ စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့သည် ရှိထျန်းဟောက်ကို ပို၍ အလေးအနက်ထားကာ ကြည့်လိုက်ကြသည်။

"မင်းက ရှိထျန်းဟောက်ပေါ့… မင်းအကြောင်း ငါ ကြားဖူးပါတယ်"

စုန့်ကျုံး ဖော်ရွေစွာ ဆိုသည်။

"ကျွန်းသခင်ကြီး အတော်များများက မင်းကို လူသန်းပေါင်းများစွာထဲမှာ တစ်ယောက်သာရှိတဲ့ ပါရမီရှင်လို့ ချီးကျူးကြတယ်"

ရှိထျန်းဟောက်သည် ချက်ချင်းပင် လက်နှစ်ဖက်ကို စု၍

"စီနီယာစုန့်က မြှောက်ပင့်လွန်းနေပါပြီ… ကျွန်တော်က ကံကောင်းလို့နဲ့ မမျှော်လင့်ဘဲ အခွင့်အရေးလေးတွေ ရခဲ့လို့ပါ"

သူ နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

လျိုယွမ်ချွိသည် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး

"မောင်လေးရှိ... ငါ့ရဲ့ မင်ကျူးကျွန်းကို အလည်လာဖို့ စိတ်ဝင်စားလား"

ရှိထျန်းဟောက်မှာ ရယ်မောလိုက်ပြီး

"လျိုမမရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော် ကျင့်ကြံခြင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ အခွင့်အရေး မရနိုင်သေးတာကို ခွင့်လွှတ်ပေးပါ… ဒါပေမဲ့ လျိုမမရဲ့ မိုးတိမ်လွှမ်းမိုးခြင်း အတတ်ပညာက တကယ်ကို အံ့မခန်းပဲလို့ ကျွန်တော် ကြားဖူးပါတယ်… အခွင့်သာတဲ့တစ်နေ့ကျရင် မင်ကျူးကျွန်းကို သေချာပေါက် အလည်လာပါ့မယ်… အဲဒီအခါကျရင်တော့ လျိုမမက ကျွန်တော့်ကို လေ့ကျင့်ဖော်အဖြစ် လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လျိုယွမ်ချွိ ခပ်တိုးတိုး ရယ်လိုက်ပြီး

"မင်းကတော့ တကယ့်ကို စကားပြောတတ်တာပဲ"

စကားအနည်းငယ် ပြောရုံမျှဖြင့် ရှိထျန်းဟောက်သည် သူတို့သုံးဦးလုံးနှင့် အဆင်ပြေချောမွေ့စွာ စကားစမြည် ပြောဆိုနိုင်ခဲ့သည်။

မည်သည့် စိတ်အနှောင့်အယှက်ဖြစ်စရာ သို့မဟုတ် စော်ကားမှုမျိုးကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။ သူသည် လူမှုဆက်ဆံရေးအတတ်ပညာကို အမှန်တကယ်ပင် နားလည်ကျွမ်းကျင်လှ၏။

ရှန်မိုပင်လျှင် လက်မခံဘဲ မနေနိုင်တော့ပေ။

နှိမ့်ချစွာ နေထိုင်ခြင်း၊ အဆက်အသွယ်များ တည်ဆောက်ခြင်း၊ ရပ်သင့်သည့်အချိန်ကို သိခြင်းနှင့် အမြဲတမ်း ပြုံးနေခြင်း။

ဤအရာများမှာ သတိထားခြင်း လမ်းစဉ်မှ စစ်မှန်သော ပါရမီရှင်တစ်ဦး၏ လက္ခဏာများပင် ဖြစ်သည်။ ရှိထျန်းဟောက်နှင့် နှိုင်းယှဉ်လျှင် ရှောင်ဖန်း၊ ယဲ့ယန် နှင့် လင်းတုန်းထျန်း တို့ကဲ့သို့ ပါရမီရှင်များမှာ အများကြီး လိုအပ်နေသေးပုံရသည်။

ထိုအခါမှ ဆုန့်ကျိန်းဖေးမှာ ရှန်မိုကို သတိပြုမိသွားပြီး

“ဪ... ရှိညီလေး ဘေးကလူက ဘယ်သူလဲ”

ရှိထျန်းဟောက်မှာ အဖြေကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့်

"စီနီယာတို့... ကျွန်တော့်ဘေးက မိတ်ဆွေ နာမည်က ရှန်မိုပါ… စောစောက ကျွန်တော် အပြင်မှာ ကောင်းကင်ဘုံကုန်ကြမ်းတွေနဲ့ မြေကမ္ဘာရတနာတွေ ရှာနေတုန်း တစ်ကိုယ်တော် ကျင့်ကြံသူအချို့ရဲ့ အရှက်မဲ့စွာ ချောင်းမြောင်းတိုက်ခိုက်တာကို ခံခဲ့ရပါတယ်… ကံကောင်းချင်တော့ မိတ်ဆွေရှန်က အဲဒီနားက ဖြတ်သွားရင်း ကျွန်တော့်ကို ကူညီခဲ့လို့ပါ… မဟုတ်ရင်တော့ ကျွန်တော် ဒီပင်လယ်ပြင်ကြီးထဲမှာ အသက်ပျောက်သွားလောက်ပါပြီ… မိတ်ဆွေရှန်က ငါတို့ နဂါးပုန်းကျွန်းကို ဝင်ဖို့ စိတ်ကူးရှိတာကြောင့် သူ့ကို လွင့်မျောနေသော တိမ်တိုက်ကျွန်းကို ခေါ်လာခဲ့တာပါ… အစ်ကိုဆုန့်အနေနဲ့ သူ့ကို ထောက်ခံပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဆုန့်ကျိန်းဖေးက တဟားဟား ရယ်မောလိုက်ပြီး "ရှိညီလေးကတော့ တကယ်ကို ကံကောင်းတာပဲ… ဘယ်သွားသွား ကူညီမယ့်သူ ရှိနေတာပဲ"

သူက ရှန်မိုဘက်သို့ လှည့်ကာ

"မင်းက ရှိညီလေးရဲ့ အသက်ကို ကယ်နိုင်ခဲ့တယ်ဆိုရင် မင်းရဲ့ အစွမ်းကလည်း မသေးလှဘူး… မင်းလည်း နိဗ္ဗာန်အဆင့် ခြေတစ်လှမ်းအလိုကို ရောက်နေတာ မဟုတ်လား… ဒီလိုလုပ်ရအောင်… လွင့်မျောနေသော တိမ်တိုက်ကျွန်းရဲ့ မိုင်ပေါင်း သုံးသောင်းပတ်လည်မှာ ဘယ်သူမှ မပိုင်သေးတဲ့ကျွန်း ရှိရင် မင်းစိတ်ကြိုက် တစ်ကျွန်း ရွေးလိုက်… မင်းရွေးပြီးတာနဲ့ ငါကိုယ်တိုင် ကျွန်းသခင်ကြီးဆီကို သတင်းပို့ပေးမယ်… မင်းရဲ့ ကျွန်းသခင်ငယ် တံဆိပ်ပြား ရောက်လာတာနဲ့ မင်းကို တရားဝင် ခန့်အပ်ပြီးသား ဖြစ်သွားလိမ့်မယ်"

Chapter 594: နဂါးပုလဲနှင့် ဖန်ဆင်းခြင်းအိုးငယ်

ဆုန့်ကျိန်းဖေးသည် အလွန်ပင် ပွင့်လင်းရိုးသားသူဖြစ်ပြီး ရှန်မိုကို သူ၏လူရင်းတစ်ယောက်ကဲ့သို့ပင် ဆက်ဆံနေတော့သည်။ သူ၏ လေသံနှင့် အမူအရာတို့ကြောင့် ရှန်မိုသည်လည်း သူ့အပေါ် ချက်ချင်းပင် အထင်ကြီးသွားခဲ့၏။ ကံကြမ္မာမှတ်တမ်းကို လှမ်းကြည့်လိုက်သည့်အခါတွင်လည်း ဤလူမှာ ဖြောင့်မတ်တည်ကြည်သော စိတ်နှလုံးရှိသည့် လူကောင်းတစ်ယောက်ဖြစ်ကြောင်း ရှန်မို အတည်ပြုလိုက်နိုင်သည်။ ဤကဲ့သို့သော ကြင်နာတတ်သည့် သူတော်စင်ကျင့်ကြံသူတစ်ဦးမှာ ရှိထျန်းဟောက်ကြောင့် ဘေးဒုက္ခကြုံရတော့မည်ဆိုသည်မှာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှသည်။

ရှန်မိုက လက်နှစ်ဖက်ကို စု၍

"ကျေးဇူးတင်ပါတယ် ကျွန်းသခင်ဆုန့်"

ဆုန့်ကျိန်းဖေးမှ ခေါင်းညိတ်ပြရင်း

"မင်းက ရှိညီလေးရဲ့ သူငယ်ချင်းဆိုမှတော့ ငါတို့ရဲ့ သူငယ်ချင်းလည်း ဖြစ်တာပေါ့"

"မင်းတို့နှစ်ယောက် ရောက်လာတာ တကယ်ကို အချိန်ကိုက်ပဲ… ငါတို့ အခုပဲ ရတနာတွေကို အကဲဖြတ်တော့မလို့… အဲဒီထဲက ပစ္စည်းအတော်များများက နဂါးမျိုးနွယ်နဲ့ ပတ်သက်နေတာ… ရှိညီလေးမှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ရင် ထူးခြားတဲ့ အမြင်ရှိတယ်လို့ ငါကြားဖူးတယ်… ငါတို့နဲ့အတူ ပါဝင်ပါဦးလား"

နဂါးမျိုးနွယ်နှင့် ပတ်သက်သည်ဟု ကြားလိုက်ရသည့်အခါ ရှိထျန်းဟောက်၏ မျက်လုံးများမှာ ချက်ချင်းပင် ဝင်းလက်သွားသည်။ ရှန်မိုသည်လည်း ထိုသူသုံးဦးရှေ့တွင် ချထားသော ပစ္စည်းများကို ကြည့်လိုက်သည်။

ဆုန့်ကျိန်းဖေးရှေ့တွင်မူ နဂါးပုံစံ အက္ခရာများ ထွင်းထုထားသည့် လေးလံပြီး မည်းနက်သော ကျောက်ပြားတစ်ချပ် ရှိနေသည်။ ထိုအရာမှာ ခန့်ညားထည်ဝါပြီး တည်ကြည်လှ၏။ ထိုထွင်းထုချက်များမှာ အလွန်ပင် ထူးခြားလှရာ အာရုံစိုက်ကြည့်လိုက်ရုံနှင့်တင် ခေါင်းမူးနောက်သွားစေနိုင်သည်။ စုန့်ကျုံးရှေ့တွင်မူ နဂါးသုံးကောင်ပုံစံဖြင့် အလှဆင်ထားပြီး အလယ်တွင် "ဖန်ဆင်းခြင်း" ဟုသော စာလုံးကို ထွင်းထုထားသည့် အိုးငယ်တစ်လုံး ရှိနေသည်။ ထိုအိုးပေါ်တွင် ထွင်းထုထားသည့် ခြေသည်းငါးခုပါသော ရွှေနဂါးများမှာ အစွယ်တငေါငေါ၊ ခြေသည်းတကားကားဖြင့် အရှိန်အဝါကြီးမားလှသည်။ အိုးငယ်၏ မျက်နှာပြင်ပေါ်တွင်မူ ရှေးကျလှသော နှစ်ကာလများ၏ အမှတ်အသားများကို မြင်တွေ့နေရသည်။ လျိုယွမ်ချွိရှေ့တွင်မူ လက်သီးဆုပ်ခန့်ရှိသော ပုလဲတစ်လုံး ရှိနေပြီး အနီးကပ် နားထောင်ကြည့်လျှင် ပင်လယ်လှိုင်းသံများနှင့် နဂါးဟိန်းသံများကို ကြားနိုင်ပေသည်။

ဆုန့်ကျိန်းဖေးက ပြုံးလျက်

"ဒီတစ်ခေါက် ငါက အိမ်ရှင်ဆိုတော့ အရင်မစတော့ဘူး… ကျွန်းသခင်လျိုကပဲ အရင်စလိုက်ပါ"

လျိုယွမ်ချွိ ခေါင်းငြိမ့်ပြကာ ပုလဲအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ထူထပ်သော တိမ်တိုက်များနှင့် မြူခိုးများ အလုံးအရင်းနှင့် ထွက်ပေါ်လာတော့၏။ ၎င်းမှာ ဝိညာဉ်အာရုံနှင့် သိမြင်မှုများကို ဖုံးကွယ်ထားနိုင်သော စွမ်းအား ရှိသည်။

"ပြန်သိမ်းစမ်း"

လျိုယွမ်ချွိ၏ အမိန့်ပေးသံအဆုံးတွင် မြူခိုးများမှာ ပုလဲအတွင်းသို့ ချက်ချင်းပင် ပြန်ဝင်သွားတော့သည်။ သူ ပြုံးလျက်

"ဒါက ဒဏ္ဍာရီလာ မက်မောဖွယ်ရာ နဂါးရဲ့ သွေးမျိုးဆက် အတတ်ပညာလို့ ပြောကြတယ်… ဒီပုလဲထဲမှာ သိမ်းဆည်းထားတာပေါ့… မက်မောဖွယ်ရာ နဂါးမျိုးဆက်တွေ ကွယ်ပျောက်သွားတာ ကြာပြီဖြစ်လို့ ဒီ မက်မောဖွယ်ရာ နဂါးပုလဲက တကယ်ကို တန်ဖိုးဖြတ်လို့ မရပါဘူး… သေချာလေး သန့်စင်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ အဆင့်မြင့် ကောင်းကင်ဘုံအဆင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်လာနိုင်တယ်… အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းလောက် တန်ဖိုးရှိပါတယ်"

ဆုန့်ကျိန်းဖေးမှာ အံ့အားသင့်ကာ စုပ်သပ်မိပြီး သူ့ကို ချက်ချင်းပင် လက်မထောင်ပြလိုက်သည်။

စုန့်ကျုံးကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"မင်းရဲ့ဟာက ဘာမှမဟုတ်ပါဘူး… ကလေးကလား လှည့်ကွက်တွေပါ.. ငါ့ရဲ့ ဖန်ဆင်းခြင်းအိုးငယ်ကမှ တကယ့် ပစ္စည်းအစစ်"

လျိုယွမ်ချွိမှာ စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်ပြီး

"ကောင်းပြီလေ… ဒါဆိုလည်း ပြလိုက်ပေါ့… အကယ်၍ မင်းရဲ့အိုးက ငါ့ရဲ့ ပုလဲထက် အစွမ်းမသာဘူးဆိုရင် မင်း ငါ့ကို အမေလို့ ခေါ်ရမယ်”

စုန့်ကျုံးမှာ မဲ့ပြုံးပြုံးလိုက်ပြီး အိုးငယ်အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ထိုအခါ ဖန်ဆင်းခြင်းအိုးငယ်မှာ ချက်ချင်းပင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် စုန့်ကျုံးသည် ဆေးရနံ့များ လှိုင်လှိုင်ထွက်နေသည့် အဖိုးတန် ဆေးပင်တစ်ပင်ကို ထုတ်လိုက်သည်။

"အားလုံး သေချာကြည့်ထားကြ… ဒါက လရိပ်မြက်လို့ခေါ်တဲ့ အနိမ့်စား ကောင်းကင်ဘုံအဆင့် ဆေးပင်တစ်ပင်ပါ… ခင်ဗျားတို့အားလုံးလည်း ဒါကို သိကြမှာပါ"

သူက ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။

ဆုန့်ကျိန်းဖေး၊ လျိုယွမ်ချွိ နှင့် ရှိထျန်းဟောက်တို့မှ ခေါင်းငြိမ့်ပြကြ၏။

လရိပ်မြက်မှာ တောင်ပိုင်းကျွန်းစုရှိ ကျွန်းအတော်များများတွင် ပေါက်ရောက်လေ့ရှိသည်။ ၎င်းကို အတော်အတန် အတွေ့ရများသော ကောင်းကင်ဘုံအဆင့် ဆေးပင်ဟု သတ်မှတ်နိုင်သည်။

ဆုန့်ကျိန်းဖေးမှာ အံ့ဩတကြီးဖြင့်

"စီမံခန့်ခွဲသူစုန့်... ဘာလို့ လရိပ်မြက်ကို ထုတ်လာတာလဲ… ဆေးလုံးဖော်မလို့လား"

စုန့်ကျုံး ခပ်ပါးပါး ပြုံးလိုက်ရင်း

"ကြည့်နေလိုက်လေ”

သူသည် လရိပ်မြက်ကို ဖန်ဆင်းခြင်းအိုးငယ်ထဲသို့ ပစ်ထည့်လိုက်သည်။ အလင်းရောင်များမှာ အထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လရိပ်မြက်မှာ ပုံသဏ္ဌာန်မမှန်သော မြစိမ်းရောင် အဆီအနှစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ ဘေးတွင်မူ အမည်းရောင် အနှစ်အကြွင်းအကျန်များ ရှိနေလေသည်။

လျိုယွမ်ချွိနှင့် ဆုန့်ကျိန်းဖေးတို့မှာ တစ်ခဏမျှ ဆွံ့အသွားကြလေ၏။

"ဒါက..."

ဆုန့်ကျိန်းဖေးမှာ အနည်းငယ် တုန်လှုပ်သွားသည်။ "မင်းက လရိပ်မြက်ရဲ့ အဆီအနှစ်ကို ထုတ်ယူပြီးတော့ အညစ်အကြေးတွေကို ဖယ်ရှားလိုက်တာလား"

လျိုယွမ်ချွိမှ ရုတ်တရက် အော်ဟစ်လိုက်သည်။

စုန့်ကျုံးတစ်ယောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်ပြီး

"အတိအကျပဲ"

ရှိထျန်းဟောက်မှာ တစ်ခုခုကို သတိပြုမိသွားပုံရပြီး မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

ရှန်မိုကမူ တစ်လျှောက်လုံးတွင် ခပ်ပါးပါး ပြုံးလျက်သာ ကြည့်နေ၏။

ထိုအချိန်တွင် ပင်မခန်းမတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။ လူတိုင်းမှာ ဖန်ဆင်းခြင်းအိုးငယ်၏ အံ့မခန်းစွမ်းရည်ကို အံ့ဩနေကြပုံရသည်။

All Chapters