← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

Chapter 598: စုန့်ကျုံး၏ နာကျည်းမှု

အကယ်၍ ရှန်မိုသာ ဤကျောက်ပြားကို အသေအချာ လေ့လာနိုင်မည်ဆိုလျှင် သူသည် ပလက်တီနမ် နဂါးလက်သီးကို နားလည်သဘောပေါက်ရုံသာမက နဂါးမျိုးနွယ်စု၏ ဘာသာစကားနှင့် အက္ခရာ အမြောက်အမြားကိုလည်း သင်ယူနိုင်ပေလိမ့်မည်။ နောင်တစ်ချိန်တွင် နဂါးမျိုးနွယ်စု၏ အပျက်အစီးဟောင်းများကို ရှာဖွေစူးစမ်းသည့်အခါ ၎င်းမှာ ခိုင်မာသော အခြေခံကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ရှန်မိုသည် ယခုမှ ရောက်ရှိလာခြင်း ဖြစ်သော်လည်း တောင်ပိုင်းကျွန်းစု၏ ပင်လယ်ပြင်အောက်တွင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အပျက်အစီးများစွာ မြှုပ်နှံနေကြောင်း ရှိထျန်းဟောက်ထံမှ သိရှိထားပြီးဖြစ်သည်။ ကျင့်ကြံသူ အမြောက်အမြားမှာ ထိုသို့သော နေရာများကို ရှာဖွေတွေ့ရှိပြီး ရတနာများကို မတော်တဆ ရရှိခဲ့ပြီးနောက် အရှိန်အဝါ ကြီးမားလာကြခြင်း ဖြစ်သည်။

ထို့ပြင် နဂါးမျိုးနွယ်စုသည် တောင်ပိုင်းကျွန်းစုတွင် မီးလျှံနဂါးနန်းဆောင်ကို တည်ထောင်ထားသည်ဟုလည်း ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ အပြင်ပန်းအားဖြင့်မူ ၎င်းသည် မြတ်သောနဂါးနန်းတော် လေးခုအတွက် ရှားပါးကုန်ကြမ်းများကို စုဆောင်းပေးရန် ဖြစ်သော်လည်း အမှန်တကယ်မှာမူ သူတို့ဘိုးဘေးများ၏ အပျက်အစီးများထဲတွင် ကျန်ရစ်ခဲ့သော ရတနာများကို ပြန်လည်သိမ်းဆည်းရန် ဖြစ်ပေသည်။

"အချိန်လည်း တော်တော်နှောင်းနေပြီ… မင်းတို့နှစ်ယောက် ဒီည လွင့်မျောနေသော တိမ်တိုက်နေအိမ်မှာပဲ နားလိုက်ကြပါဦး… မနက်ဖြန်ကျမှ ငါကိုယ်တိုင် မိတ်ဆွေရှန်အတွက် ပိုင်ရှင်မဲ့ကျွန်းတစ်ခု သွားရွေးပေးမယ်"

ဆုန့်ကျိန်းဖေးမှ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

ရှန်မိုမှာ ခေါင်းညိတ်ကာ

"ကောင်းပါပြီ… ဒါဆိုရင် ကျွန်းသခင်ဆုန့်ကို ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်"

ရှိထျန်းဟောက်ကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်လေ၏။

…

အခြားတစ်နေရာတွင်။

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့သည် လွင့်မျောနေသော တိမ်တိုက်နေအိမ်မှ ထွက်ခွာလာခဲ့ကြသည်။ သူတို့နှစ်ဦးမှာ လူသူကင်းဝေးသော ဆိတ်ငြိမ်သည့် ထောင့်တစ်ခုသို့ ရောက်ရှိလာကြ၏။

စုန့်ကျုံးတစ်ယောက် အံကြိတ်လိုက်ကာ

"တောက်… အောင်မြင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာကို… အဲဒီကောင်လေးက အားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ"

လျိုယွမ်ချွိသည် အေးစက်စွာဖြင့်

"ရှိထျန်းဟောက်ကတော့ မျက်နှာသာပေးတဲ့အနေနဲ့ ဟန်ဆောင်ပေးနေသေးတယ်… ဒါပေမဲ့ အဲဒီရှန်မိုကတော့ ငါတို့ကို အတိအလင်း ဖော်ထုတ်ရဲတယ်ပေါ့… သူကတော့ သေတွင်းတူးနေတာပဲ"

စုန့်ကျုံးမှာ မဲ့ပြုံးပြုံးရင်း

"ဒီကိစ္စအတွက် ငါသာ လက်စားမချေရရင် ငါ့ဘဝတစ်ခုလုံး အလကားဖြစ်သွားမှာပဲ… ဆုန့်ကျိန်းဖေးက သူ့ကို ကျွန်းသခင် ခန့်ချင်နေတာ မဟုတ်လား… အလောတကြီး လုပ်ဖို့မလိုပါဘူး… သူ အခြေကျသွားတာနဲ့ ငါကိုယ်တိုင် သူ့ကို ငရဲအထိ ပို့ပေးမယ်”

လျိုယွမ်ချွိ ခေါင်းငြိမ့်ကာ

"ကောင်းပြီ… သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ငါ သတင်းပို့ပေးမယ်"

…

ထိုနေ့ည။

လွင့်မျောနေသော တိမ်တိုက်နေအိမ်ရှိ ဧည့်ခန်းတစ်ခုအတွင်း၌ ရှန်မိုသည် အချိန်အတော်ကြာ ကျင့်ကြံပြီးနောက် သူ၏ နတ်ဘုရားနန်းတော်အတွင်းသို့ အာရုံခံကြည့်လိုက်သည်။ သူ၏ ဓမ္မရုပ်ပွားတော်များမှာ ပိုမိုသန်မာလာသည်ကို သတိပြုမိလိုက်၏။ ရှေးဦးဆင်ရိုင်း ရုပ်ပွားတော်နှင့် ကောင်းကင်တောက်လောင်သော မျက်လုံးရုပ်ပွားတော်တို့မှာ တစ်ခုစီတွင် ဓမ္မအမှတ်အသား ဆယ်ခုစီ ရှိနေပြီဖြစ်သည်။ မသေမျိုးမြစ် ရုပ်ပွားတော်မှာမူ ဓမ္မအမှတ်အသား ခုနစ်ခု ရှိနေပြီဖြစ်သည်။ အကယ်၍ ထိုရုပ်ပွားတော် သုံးခုလုံးကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်မည်ဆိုလျှင် သူသည် ဓမ္မအမှတ်အသား ၂၇ ခုရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ရရှိပေလိမ့်မည်။

"ဒီအစွမ်းနဲ့ဆိုရင် ငါ့ရဲ့ ထာဝရမီးလျှံတွေ၊ ကိုယ်ခံပညာတွေနဲ့ ပေါင်းစပ်လိုက်ရင် သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေကို ကိုင်တွယ်နိုင်ပြီ… စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့ကတော့ ပြဿနာလာရှာမှာ သေချာတယ်… ငါ့ဓားရဲ့ အသွားကို စမ်းသပ်ဖို့အတွက် အကောင်းဆုံး ပစ်မှတ်တွေပဲ"

ရှန်မို တည်ငြိမ်စွာ တွေးလိုက်သည်။

သူသည် ရန်ငြိုးကို အရေးတယူ မလုပ်ပေ။ ပလက်တီနမ် နဂါးလက်သီးနှင့် ပတ်သက်၍မူ သူ အခြေကျပြီးမှသာ ဖြည်းဖြည်းချင်း လေ့လာတော့မည် ဖြစ်လေ၏။

ဒေါက် ဒေါက် ဒေါက်။

တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ကျွန်တော်ပါ… ရှိထျန်းဟောက်ပါ"

ရှန်မို ခပ်ပါးပါး ပြုံးလျက်

"ဝင်ခဲ့ပါ"

ရှိထျန်းဟောက်မှာ တံခါးကို တွန်းဖွင့်ဝင်လာပြီး ရှန်မို၏ ရှေ့တွင် ထိုင်လိုက်သည်။

"တော်တော်လည်း နောက်ကျနေပြီ… ဘာကိစ္စရှိလို့လဲ"

ရှန်မိုမှ အေးအေးဆေးဆေး မေးလိုက်သည်။

ရှိထျန်းဟောက်သည် လေးနက်စွာ ပြောလိုက်၏။

"ဒီနေ့ စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့ရဲ့ အစီအစဉ်ကို အစ်ကိုရှန်က ချက်ချင်း ဖော်ထုတ်လိုက်နိုင်တာက အစ်ကို့ရဲ့ ဖြောင့်မတ်မှုကို သက်သေပြနေတာပဲ… အစကတော့ ရွှေရောင်စာမျက်နှာရဲ့ တကယ့်တန်ဖိုးကို ကျွန်တော် မပြောခဲ့တာက အစ်ကို့ရဲ့ စရိုက်ကို သေချာမသိသေးလို့ပါ… ဒါပေမဲ့ အခုတော့ ကျွန်တော် မစိုးရိမ်တော့ဘူး… အစ်ကို့ကို အမှန်အတိုင်း ပြောပြချင်ပါတယ်"

ရှန်မို ခပ်တိုးတိုး ရယ်လိုက်ပြီး

"ဪ... ဒါဆိုရင် ပြောပြပါဦး… အဲဒါက ဘာအတွက်လဲ"

ရှိထျန်းဟောက်မှ အလေးအနက် ဆိုသည်။

"ဒါက ပြာရွှေရောင် စာမျက်နှာပါ… အဲဒီထဲမှာ ဆန်းချင်း အထွတ်အထိပ်ပညာရှင်ရဲ့ ဂူဗိမာန် တည်နေရာ ပါရှိတယ်… နှစ်တွေအတော်ကြာအောင် လူအတော်များများက ဒါကို လိုက်ရှာနေကြတာလေ… တောင်ပိုင်းကျွန်းစုရဲ့ ထိပ်တန်းအင်အားစုတွေဖြစ်တဲ့ ရွှေယင်ဂူလို အဖွဲ့မျိုးတွေတောင် ဒီရွှေရောင်စာမျက်နှာ မြေပုံကို စုစည်းဖို့ ကြိုးစားနေကြတာ"

ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"ဆန်းချင်း အထွတ်အထိပ်ပညာရှင် ဆိုတာ ဒီနေ့ မင်းပြောခဲ့တဲ့ တစ်ယောက်လား… မအံ့ဩတော့ပါဘူး"

မိမိ၏ ခေတ်တွင် တစ်လောကလုံးကို လွှမ်းမိုးခဲ့သော အထွတ်အထိပ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး… သူတော်စင်တစ်ဦးနှင့် တိုက်ခိုက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သော အထွတ်အထိပ်နယ်ပယ်မှ စစ်မှန်သော နဂါးတစ်ကောင်။

သူ၏ ဂူဗိမာန်တွင်မူ ရေတွက်၍မရနိုင်သော ရတမာများ ရှိနေမည်မှာ သေချာလှသည်။

ထို့ကြောင့် ရွှေယင်ဂူကဲ့သို့သော အဖွဲ့အစည်းများက လိုချင်တပ်မက်နေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

"ကျွန်တော် အစ်ကိုရှန်နဲ့ လက်တွဲပြီး အဲဒီဂူဗိမာန်ကို သွားချင်ပါတယ်… အချိန်တန်လို့ ရတနာတွေ ရလာရင် ကျွန်တော်တို့ တစ်ဝက်စီ ခွဲယူကြမယ်… အစ်ကို ဘယ်လိုမြင်လဲ"

ရှိထျန်းဟောက်မှ သူ၏လက်ကို ကမ်းကာ လေးနက်စွာ မေးလိုက်သည်။

Chapter 599: နဂါးလက်သီးများ

ရှန်မိုမှ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း ရှိထျန်းဟောက်၏ အပြုအမူမှာ တကယ့်ကို သာမန်မဟုတ်ကြောင်း တွေးတောမိသွား၏။ ရှိထျန်းဟောက်သည် ရွှေရောင်စာမျက်နှာ၏ ရည်ရွယ်ချက်ကို အမှန်အတိုင်း ထုတ်ဖော်ရုံသာမက ရတနာများကို တစ်ဝက်စီ ခွဲယူရန်အထိ ကမ်းလှမ်းကာ လက်တွဲရန် အဆိုပြုခဲ့သည်။ သူသည် စိတ်ရင်းမှန်သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤကဲ့သို့သော ပြောဆိုစည်းရုံးနိုင်စွမ်းမှာပင် ယဲ့ယန်တို့ ကဲ့သို့သော ပါရမီရှင်များထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

"ကောင်းပြီလေ… ငါ သဘောတူတယ်"

ရှန်မိုမှ လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။

သူ သေချာပေါက် သဘောတူရမည် ဖြစ်၏။

မဟုတ်လျှင် ဤသိုးကလေးကို မည်သို့ လျင်မြန်ပြီး အစွမ်းကုန် အမွှေးညှပ်နိုင်တော့မည်နည်း။

ရှန်မိုသည် လတ်တလော ကံကောင်းခြင်းများကြောင့် ဝင်းလက်နေသော ရှိထျန်းဟောက်ကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေတော့သည်။

[လတ်တလော ကံကောင်းခြင်း ၁ - ဆုန့်ကျိန်းဖေး၊ ရှန်မိုတို့နှင့် လမ်းခွဲပြီး ချိုလုံကျွန်းသို့ ပြန်သည်။ လမ်းခွဲတွင် ပိုင်ရှင်မဲ့ကျွန်းတစ်ခုကို ဖြတ်ကျော်စဉ် မြေအောက်၌ အိပ်ပျော်နေသော မီးတောင်တစ်ခုကို တွေ့ရှိကာ ၎င်းကို သိမ်းပိုက်ပြီး မြေကမ္ဘာမီးလျှံ အဆီအနှစ်ကို ရရှိသည်။]

[လတ်တလော ကံကောင်းခြင်း ၂ - (၁) နှစ်အကြာတွင် ရတနာမဟာမိတ်၏ ကြီးကျယ်သော လေလံပွဲသို့ တက်ရောက်သည်။ ကျောက်ပြားတစ်ခုကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ခဲ့ပြီး ၎င်းမှာ သူတော်စင်အဆင့် ကိုယ်ခံပညာဖြစ်သော မြရောင်နဂါးလက်သီး ဖြစ်နေသည်။]

[လတ်တလော ကံကောင်းခြင်း ၃ - လေလံပွဲမှအပြန်တွင် ရွှေယင်ဂူ၏ အရှင်သခင် ယင်ကျန်းဟွာ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရသည်။ လိုက်လံတိုက်ခိုက်နေစဉ်အတွင်း လွင့်မျောနေသော တိမ်တိုက်ကျွန်းကို ဖြတ်ကျော်ခဲ့ရာ ဆုန့်ကျိန်းဖေးက ကြားဖြတ်ခုခံပေးသဖြင့် အသတ်ခံရသည်။ ရှိထျန်းဟောက်မှာမူ လွတ်မြောက်သွားခဲ့သည်။ လွတ်မြောက်လာစဉ်အတွင်း ပင်လယ်အောက်၌ တောက်ပနေသော ခရုခွံတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသည့် သူတော်စင်အဆင့် ကိုယ်ခံပညာ အာဏာရှင်နဂါးလက်သီးကို ရရှိသည်။]

[လတ်တလော ကံကောင်းခြင်း ၄ - (၅) နှစ်အကြာတွင် နဂါးပုန်းကျွန်းနှင့် နေလဂိုဏ်းတို့မှာ ပင်လယ်အောက် မီးတောင်ပြင်များအတွက် တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်သည်။ နှစ်ဖက်စလုံး တိုက်ခိုက်နေစဉ်အတွင်း သူ အောက်ခြေသို့ ခိုးဝင်ကာ မြေကမ္ဘာမီးလျှံ အဆီအနှစ် အမြောက်အမြားကို စုဆောင်းသည်။ ထိုအခွင့်အရေးကို အသုံးချကာ အဆင့်တက်ပြီး နိဗ္ဗာန်အဆင့်သို့ စတင်ဝင်ရောက်သည်။]

[လတ်တလော ကံကောင်းခြင်း ၅ - ...]

မြရောင်နဂါးလက်သီး၊ အာဏာရှင်နဂါးလက်သီး… နာမည်များကို ကြည့်လိုက်ရုံနှင့်ပင် ၎င်းတို့မှာ အစွမ်းထက်သော နဂါးမျိုးနွယ် ကိုယ်ခံပညာများ ဖြစ်ကြောင်း သိသာလှသည်။ ထို့ပြင် ၎င်းတို့ကို စစ်မှန်သော နဂါးများသာ သုံးစွဲခွင့်ရှိပုံရ၏။ သဘာဝအတိုင်းပင် ဤကိုယ်ခံပညာများကို သူကပဲ ရယူရမည်ဖြစ်သည်။ မြေကမ္ဘာမီးလျှံ အဆီအနှစ်နှင့် ပတ်သက်၍မူ များလေကောင်းလေပင်။

ထိုအရာများမှာ လောင်စာကဲ့သို့ပင်။

ထာဝရမီးလျှံများဖြင့် ဓမ္မရုပ်ပွားတော်များကို လောင်ကျွမ်းစေရာတွင် အရှိန်မြှင့်တင်ပေးနိုင်ပြီး ဓမ္မအမှတ်အသားများ ပိုမိုမြန်ဆန်စွာ ထွက်ပေါ်လာစေရန် ကူညီပေးနိုင်သောကြောင့် ဖြစ်လေ၏။

ပွင့်လင်းသော အပြန်အလှန် ဆွေးနွေးမှု တစ်ခုအပြီးတွင် ရှိထျန်းဟောက်မှာ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။ သူ၏အမြင်တွင် သူ ဤမျှအထိ နှိမ့်ချပြီး အလိုက်သင့်နေပေးခဲ့သဖြင့် ရှန်မိုသည် သူ့ကို သေချာပေါက် ယုံကြည်သွားပြီဟု ထင်နေလေ၏။ ဆန်းချင်း အထွတ်အထိပ်ပညာရှင်၏ ဂူဗိမာန်ကို တွေ့ရှိသည့်အခါ ရတနာများကို တကယ် ခွဲပေးမည်လားဆိုသည်မှာမူ အစွမ်းအပေါ်တွင်သာ မူတည်ပေလိမ့်မည်။ ရှိထျန်းဟောက်မှာ သူ၏ပါရမီအပေါ် အလွန်အမင်း ယုံကြည်ချက်ရှိလှသည်။ ထိုအချိန်ရောက်လျှင် သူ၏ကျင့်ကြံမှုမှာ ရှန်မိုကို သေချာပေါက် ကျော်လွန်သွားမည်ဖြစ်ရာ ကတိတည်မည်၊ မတည်မည်မှာ သူ၏အလိုအတိုင်းသာ ဖြစ်ပေလိမ့်မည်။

ရှန်မိုကမူ ထွက်ခွာသွားသော ရှိထျန်းဟောက်၏ ကျောပြင်ကို ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်သည်။ ယနေ့တွင်သာ သူ ဝင်မပါခဲ့လျှင် စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့သည် ဆုန့်ကျိန်းဖေး၏ သူတော်စင်မိုးကြိုးပုလဲကို အောင်မြင်စွာ လိမ်လည်ယူသွားနိုင်မည် ဖြစ်သည်။ ရှိထျန်းဟောက်သည် သူတို့ကို ကူညီရန် ကြိုးစားခဲ့သဖြင့် စုန့်ကျုံးတို့ကလည်း သေချာပေါက် ကျေးဇူးပြန်ဆပ်ပေလိမ့်မည်။

သူသည် ဆုန့်ကျိန်းဖေးထံမှ ကျောက်ပြားကိုပင် ရရှိသွားနိုင်ခြေ ရှိ၏။ သို့သော် ယခုမူ ထိုအရာအားလုံး ပျက်စီးသွားခဲ့ပြီး ရှိထျန်းဟောက်မှာလည်း ဘာတစ်ခုမှ မရရှိခဲ့ပေ။ ရှန်မိုအပေါ် သူ၏ ရန်ငြိုးမှာ အမြစ်တွယ်နေပြီ ဖြစ်သော်လည်း မျက်နှာတွင် အရိပ်အယောင် မပြသေးခြင်းသာ ဖြစ်သည်။

…

နောက်တစ်နေ့ နံနက်။

နေအလင်းရောင် စတင်ထွက်ပေါ်လာသည်နှင့် ဆုန့်ကျိန်းဖေးသည် ရှန်မိုနှင့် ရှိထျန်းဟောက်တို့ကို ခေါ်ဆောင်ကာ ပိုင်ရှင်မဲ့ကျွန်းတစ်ခုကို ကိုယ်တိုင် သွားရောက်ရှာဖွေပေးတော့သည်။ သူကိုယ်တိုင် ကျွန်းသခင်တစ်ဦး ဖြစ်သော်လည်း ရှေ့မှ ဦးဆောင်ပေးနေခြင်းမှာ ရှန်မို၏ မနေ့က အကူအညီကို မည်မျှအထိ တန်ဖိုးထားကြောင်း ပြသနေခြင်းပင် ဖြစ်၏။

ရှိထျန်းဟောက်မှာ အချိန်မဖြုန်းချင်သဖြင့် "အစ်ကိုဆုန့်... ဒီကိစ္စကို အစ်ကို့ကိုပဲ အပ်ခဲ့ပါရစေ… ကျွန်တော် ချိုလုံကျွန်းကို အမြန်ပြန်ဖို့ လိုနေလို့ပါ"

ဆုန့်ကျိန်းဖေးမှ ခေါင်းညိတ်ရန် ပြင်လိုက်စဉ် ရှန်မိုက ပြုံးလျက်

"ဒါဆိုရင် မိတ်ဆွေရှိကို ချိုလုံကျွန်းအထိ အရင် လိုက်ပို့ကြရအောင်လေ… ကျွန်တော့်ကိစ္စက သိပ်မလောပါဘူး"

ဆုန့်ကျိန်းဖေးနှင့် ရှိထျန်းဟောက်တို့ နှစ်ဦးလုံးမှာ ကန့်ကွက်ခြင်း မရှိကြပေ။ သူတို့ သုံးဦးသား လွင့်မျောနေသော တိမ်တိုက်ကျွန်းမှ အနောက်မြောက်ဘက်သို့ ပျံသန်းလာခဲ့ကြသည်။ လမ်းခရီးတွင် ဆုန့်ကျိန်းဖေးသည် သူတို့ဖြတ်ကျော်သွားသမျှ ပိုင်ရှင်မဲ့ကျွန်းတိုင်းကို လက်ညှိုးညွှန်ပြကာ တစ်ခုချင်းစီ၏ အကြောင်းကို အေးအေးဆေးဆေး ရှင်းပြပေးနေတော့သည်။

Chapter 600: ကျွန်တော် ဒီကျွန်းနဲ့ ကံစပ်တယ်

"မိတ်ဆွေရှန်... ဒီကျွန်းက တစ်ချက်ကြည့်ရင်တော့ အကျယ်ကြီးပဲ… ဒါပေမဲ့ တကယ်တမ်းကျတော့ စိတ်ဝိညာဉ်စွမ်းအင်လည်း နည်းပါးပြီး မြေဆီလွှာကလည်း ခြောက်သွေ့လွန်းတယ်… နေလို့သိပ်မကောင်းလှဘူး"

"မိတ်ဆွေရှန်... ဒီကျွန်းကတော့ မဆိုးဘူး… သယံဇာတတွေလည်း ပေါများပြီး စိတ်ဝိညာဉ်ကျောက်တုံး သတ္တုကြောအသေးစားလေးတောင် ရှိတယ်… ကျွန်းအရွယ်အစားကတော့ နည်းနည်း သေးတာပေါ့"

"ဒီကျွန်းကတော့ တကယ်ကို ကောင်းတယ်… သတ္တုတွင်း နှစ်ခုရှိပြီး သြဇာကောင်းတဲ့ စိတ်ဝိညာဉ်စိုက်ခင်း ဧကတစ်ရာကျော် ရှိတယ်… ကျင့်ကြံသူ တော်တော်များများ ဒါကို ဝယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ငါ တစ်ခါမှ မရောင်းခဲ့ဘူး"

"မိတ်ဆွေရှန်... ဒီကျွန်းကို တစ်ချက်လောက် ကြည့်လိုက်ဦး..."

ဆုန့်ကျိန်းဖေးသည် အလွန်ပင် တက်ကြွလှသည်။ အရာရာတိုင်းကို အစအဆုံး အသေးစိတ် ရှင်းပြနေတော့၏။

သူသည် သူသိသမျှကို ဘာတစ်ခုမှ မချန်ဘဲ အကုန်အစင် ပြောပြနေခြင်းပင် ဖြစ်သည်။

ထိုအခြေအနေက ရှန်မိုကို များစွာ စိတ်လှုပ်ရှားသွားစေလေ၏။

သန်မာသူက အားနည်းသူကို အနိုင်ကျင့်ပြီး လိမ်လည်လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေသော ကျင့်ကြံခြင်းလောကတွင် ဆုန့်ကျိန်းဖေးကဲ့သို့ စိတ်ရင်းမှန်သူမှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့သည် သူ၏ ဘေးရန်ကင်းစင် သူတော်စင်မိုးကြိုးပုလဲ ကို လိမ်လည်ယူရန် ဘာကြောင့် အစီအစဉ်ချခဲ့ကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ခဏမျှ ပျံသန်းပြီးနောက် ရှိထျန်းဟောက်မှာ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး အရှေ့တောင်ဘက်ရှိ ကျွန်းငယ်လေးတစ်ခုဆီသို့ လှည့်ကြည့်လိုက်သည်။

ရှန်မိုသည်လည်း ရှိထျန်းဟောက်ကို အနီးကပ် စောင့်ကြည့်နေခဲ့သူဖြစ်၏။ ဤအခြင်းအရာကို မြင်လိုက်ရသည့်အခါ သူသည်လည်း ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။

သူတို့ရှိနေသည့် နေရာမှကြည့်လျှင် ကျွန်း၏ ပုံရိပ်လွှာကိုသာ မြင်ရပြီး အသေးစိတ်အချက်အလက်များကိုမူ သဲသဲကွဲကွဲ မမြင်ရပေ။

ဆုန့်ကျိန်းဖေးမှ ပြုံးလျက်

"ရှန်ကျင့်ကြံဖော်... အဲဒီကျွန်းကို စိတ်ဝင်စားလို့လား… အဲဒါက သာမန်ကျွန်းတစ်ကျွန်းပါပဲ… ငါ့ရဲ့ လွင့်မျောနေသော တိမ်တိုက်ကျွန်း လက်အောက်မှာရှိတဲ့ ကျွန်းတွေကို အဆင့်လေးဆင့် ခွဲထားတယ်… အထူးအဆင့်၊ အဆင့်မြင့်၊ အလယ်အလတ်နဲ့ အနိမ့်စား ဆိုပြီးတော့ပေါ့… အဲဒီကျွန်းက အလွန်ဆုံးရှိလှ အလယ်အလတ်အဆင့် ကျွန်းတစ်ကျွန်းပါပဲ… စောစောက ငါရွေးပေးထားတဲ့ အဆင့်မြင့်ကျွန်းတွေနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျပါသေးတယ်"

ရှန်မို ခပ်ပါးပါး ပြုံးလိုက်ပြီး

"ကျွန်တော် ခဏလေး အာရုံခံမိလိုက်တာပါ… ဒါဟာ ကံကြမ္မာရဲ့ လမ်းညွှန်မှုလည်း ဖြစ်နိုင်ပါတယ်… ကျွန်းသခင်ဆုန့်အနေနဲ့ အဲဒီကျွန်းအကြောင်း ကျွန်တော့်ကို မိတ်ဆက်ပေးလို့ ရမလား"

ဆုန့်ကျိန်းဖေးမှ တဟားဟား ရယ်မောလိုက်ပြီး

"သေချာပေါက် ရတာပေါ့… ငါတို့က မိတ်ဆွေတွေပဲ… ဘာမှ အားနာစရာမလိုဘူး”

သူ ချက်ချင်းပင် ဆက်ပြောပြသည်။

"အဲဒီကျွန်းမှာ နာမည်တော့ မရှိဘူး… ဒါပေမဲ့ ကျွန်းပေါ်မှာ သံနက်သတ္တုတွင်း တစ်ခုနဲ့ စိတ်ဝိညာဉ်စိုက်ခင်း ဧကအနည်းငယ် ရှိတယ်… ဒါပေမဲ့ သံနက်သတ္တုတွင်းက မြေအောက်အနက်ကြီးမှာ မြှုပ်နေလို့ တူးဖော်ရတာ ခက်ခဲတယ်… စိတ်ဝိညာဉ်စိုက်ခင်းတွေကလည်း သိပ်ပြီး မြေဆီမကောင်းလှဘူး… ဧကအနည်းငယ်လောက်ပဲ စိုက်လို့ပျိုးလို့ ကောင်းပြီး ကျန်တာတွေကတော့ တော်တော်လေး ခြောက်သွေ့ပါတယ်… ကျင့်ကြံသူ တော်တော်များများက ဒါကို ဝယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ကိုယ်တိုင် လာကြည့်ပြီးတဲ့နောက်မှာတော့ လက်လျှော့သွားကြတာချည်းပဲ"

ရှန်မို အသာအယာ ခေါင်းငြိမ့်လိုက်ပြီး

"ကျွန်တော် တစ်ချက်လောက် သွားကြည့်ချင်တယ်"

ထို့နောက် သူတို့ သုံးဦး ကျွန်းဆီသို့ ပျံသန်းသွားကြ၏။

မကြာမီမှာပင် ကျွန်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ကျွန်းမှာ အလွန်အမင်း ကြီးမားခြင်းမရှိဘဲ ယုထင်ဂိုဏ်း တစ်ခုလုံး၏ ဧရိယာခန့်သာ ရှိသည်။

ဆုန့်ကျိန်းဖေး ပြောသမျှမှာ အားလုံး မှန်ကန်လှသည်။ ကျွန်း၏ သယံဇာတများမှာ အလွန်ကောင်းသည်လည်း မဟုတ်၊ အလွန်ဆိုးသည်လည်း မဟုတ်ဘဲ သာမန်မျှသာ ဖြစ်သည်။

အကောင်းဆုံးထဲမှာ မပါသော်လည်း အဆိုးဆုံးထက်စာလျှင် တော်ပါသေးသည်။

ရှန်မို ခေါင်းငြိမ့်ကာ

"ကျွန်တော် ဒီကျွန်းနဲ့ ကံပါနေတယ်လို့ ခံစားရတယ်… ဒီကျွန်းကိုပဲ ရွေးလိုက်မယ်"

ဆုန့်ကျိန်းဖေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် လေးနက်စွာဖြင့်

"မိတ်ဆွေတစ်ယောက်အနေနဲ့ အကြံပေးရရင်တော့ ဒါကို မရွေးစေချင်ဘူး… ဒါက တကယ့်ကို သာမန်ကျွန်းလေး တစ်ကျွန်းနော်”

ရှိထျန်းဟောက်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး

"ဟုတ်ပါတယ် မိတ်ဆွေရှန်... အစ်ကိုဆုန့် ပြောတာ မှန်တယ်… ဒီကျွန်းနဲ့တင် ကျေနပ်နေစရာ မလိုပါဘူး… ငါတို့ ထပ်ရှာကြည့်ကြရအောင်လေ… ရွေးချယ်စရာ အဆင့်မြင့်ကျွန်းတွေ အများကြီး ကျန်ပါသေးတယ်"

သူလည်း ဝင်ပြောလိုက်သည်။

ရှန်မိုမှာ ခိုင်မာစွာ ခေါင်းခါပြလိုက်ပြီး

"ဒီကျွန်းပဲ ဖြစ်ရမယ်"

ဆုန့်ကျိန်းဖေးလည်း မသက်သာဘဲ သက်ပြင်းချရင်း

"ကောင်းပြီလေ... မင်းက ဒီလောက်တောင် အတင်းအကျပ် ဖြစ်နေမှတော့..."

စကားပင် မဆုံးသေးမီမှာပင် ကျွန်း၏ အလယ်ဗဟိုမှ ရုတ်တရက် တုန်ခါသွားတော့သည်။ နောက်တစ်ခဏတွင် အမည်းရောင် မီးခိုးတန်းတစ်ခုမှာ အနံ့အသက်ဆိုးများနှင့်အတူ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

ဆုန့်ကျိန်းဖေး၏ အမူအရာမှာ အံ့အားသင့်မှုနှင့်အတူ ပြောင်းလဲသွား၏။

"မီးတောင် မီးခိုးတွေလား"

သူသည် ရှန်မိုကို ဝမ်းသာအားရ ကြည့်လိုက်ပြီး "မိတ်ဆွေရှန်... မင်းရဲ့ကံကတော့ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ… ဒီကျွန်းအောက်မှာ မီးတောင်တစ်ခု ရှိနေပုံရတယ်… လာ... သွားကြည့်ရအောင်”

ဆုန့်ကျိန်းဖေးသည် ရှန်မိုအတွက် တကယ်ကို ဝမ်းသာနေသဖြင့် ရှေ့မှ ပြေးထွက်သွားတော့သည်။ ရှန်မိုကလည်း သူ၏နောက်မှ ကပ်လိုက်သွားလေ၏။ ရှိထျန်းဟောက်ကမူ အနောက်ဆုံးမှ လိုက်လာခဲ့ပြီး ရှန်မို၏ ကျောပြင်ကို ကြည့်ကာ သူ၏မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ခဏအကြာတွင် သူတို့ သုံးဦးသား ကျွန်းအလယ်ရှိ ကုန်းမြင့်တစ်ခုသို့ ရောက်ရှိလာကြသည်။

အမည်းရောင် မီးခိုးများမှာ ထိုနေရာရှိ အက်ကြောင်းတစ်ခုမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ အက်ကြောင်းထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ မြေအောက်တွင် ပွက်ပွက်ဆူနေသော ချော်ရည်များကို မြင်တွေ့လိုက်ရတော့သည်။

All Chapters