အခန်း (၄၂၅-၄၂၆)
Vol. 43 Ch. 425-426
အခန်း (၄၂၅) ငါက ပညာရပ်တစ်ခု မဟုတ်ဘူး
ယခု သူတို့ရောက်ရှိနေသော အခန်းမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါရှိခဲ့သည့် ပထမဆုံးအခန်းကဲ့သို့ပင် သေးငယ်လှသည်။ အခန်းထဲတွင် နေရာအကျယ်ကြီးမရှိသော်လည်း သူတို့ရှေ့တွင် စားပွဲငယ်လေးတစ်လုံးကို တွေ့လိုက်ရသည်။
စားပွဲပေါ်တွင် ပန်းကန်လုံး နှစ်လုံး ရှိသည်။ တစ်လုံးမှာ အနီရောင်ဖြစ်ပြီး ကျန်တစ်လုံးမှာ ရွှေရောင်ဖြစ်သည်။ ပန်းကန်လုံး နှစ်လုံးစလုံးတွင် နဂါးရုပ်များကို ထွင်းထုထားသည်။
အနီရောင်ပန်းကန်လုံးတွင် ပန်းကန်ကို သုံးပတ် ပတ်ထားနိုင်လောက်အောင် ရှည်လျားသော နဂါးရုပ်ပါရှိပြီး ရွှေရောင်ပန်းကန်လုံးတွင်မူ ပန်းကန်ကို နှစ်ပတ်သာ ပတ်ထားသော နဂါးရုပ်ရှိသော်လည်း ထိုရွှေနဂါး၏ ဦးခေါင်းတွင် အနီရောင်နဂါး၌ မရှိသော ဦးချိုတစ်ချောင်း ပါရှိသည်။
လုံချန်းသည် ရှေ့သို့လှမ်းကာ ပန်းကန်လုံးများထဲသို့ ငုံ့ကြည့်လိုက်ရာ ၎င်းတို့ထဲတွင် အရည်များ ပြည့်နေသည်ကို တွေ့လိုက်ရသည်။
ထူးဆန်းသည်မှာ အနီရောင်ပန်းကန်လုံးထဲတွင် ရွှေရောင်အရည်များ ရှိနေပြီး၊ ရွှေရောင်ပန်းကန်လုံးထဲတွင်မူ သွေးနှင့်တူသော အနီရောင်အရည်များ ရှိနေခြင်းဖြစ်သည်။
"ဒါက ရွေးချယ်မှုတစ်ခု ဖြစ်ပုံရတယ်။ နင် အဲဒီပန်းကန်လုံး နှစ်လုံးထဲက တစ်လုံးကို သောက်ရမှာ ဖြစ်နိုင်တယ်" ရွှင်းက လုံချန်းကို ပြောလိုက်သည်။
"ဒီအရည်တွေက အဆိပ်ဆိုရင်ကော" လုံချန်းက မေးမြန်းသည်။
"အဲဒီလိုဖြစ်ဖို့ အခွင့်အရေးက အရမ်းနည်းပါတယ်။ နင် အရင်က ပြောသလိုပဲ... ဂိုဏ်းက သူ့တပည့်တွေကို သတ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။ တစ်လုံးမှာ အန္တရာယ်ရှိတဲ့ အရည်ရှိပြီး နောက်တစ်လုံးကတော့ မှန်ကန်တဲ့ တစ်လုံး ဖြစ်လိမ့်မယ်လို့ ငါထင်ပေမဲ့၊ အန္တရာယ်ရှိတဲ့ တစ်လုံးကတောင် အသက်သေစေလောက်တဲ့အထိတော့ မဖြစ်နိုင်ဘူး" ရွှင်းက ဆိုသည်။
"အင်း... အဲဒါကတော့ စိတ်အေးစရာပဲ" လုံချန်းက မချိပြုံးဖြင့် ရေရွတ်လိုက်သည်။
"စိတ်မပူပါနဲ့... နင့်ကို အသက်အန္တရာယ်ဖြစ်စေမယ့် အရာမျိုးကို ငါ ဘယ်တော့မှ ခိုင်းမှာမဟုတ်ဘူး။ နင့်အတွက် အန္တရာယ်ရှိနိုင်တဲ့ အခွင့်အရေး အသေးအမွှားလေးပဲ ရှိရင်တောင် ငါကိုယ်တိုင် နင့်ကို လုပ်ခိုင်းမှာ မဟုတ်ဘူး" ရွှင်းက ရှင်းပြသည်။
"ကောင်းပြီ... ငါ သောက်မယ်။ ဟိုဝိညာဉ်အဘိုးကြီးက ကံကြမ္မာနဲ့ ပတ်သက်တာတွေ ပြောခဲ့ဖူးတယ်။ သူက လူအ,တစ်ယောက်လို့ ငါထင်ပေမဲ့ သူ့စကားအချို့ကို သံသယရှိပေမဲ့လည်း ဒီရွေးချယ်မှုက အသက်သေနိုင်လောက်မှာ မဟုတ်ပါဘူး။ ရတနာမျှော်စင်တုန်းက ပင်ပန်းရပေမဲ့ မခက်ခဲခဲ့သလို၊ စွမ်းရည်မျှော်စင်ကလည်း အဲဒီလိုပဲ ဖြစ်မှာပါ" သူသည် ပန်းကန်လုံးများကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"နင် ဘယ်တစ်ခုကို ရွေးမလဲ။ နင် ကြိုက်တဲ့ အရောင်ရှိလား" သူမက မေးသည်။
"အနီရောင်ပန်းကန်ထဲမှာ ရွှေရောင်အရည်ရှိတယ်၊ ရွှေရောင်ပန်းကန်ထဲမှာ အနီရောင်အရည်ရှိတယ်။ ငါ ဘယ်အရောင်ကို ကြိုက်တယ်ဆိုတာက အရေးကြီးလို့လား။ နှစ်ခုလုံးမှာ အရောင်နှစ်မျိုးစီ ပါနေတာပဲလေ" လုံချန်းက ပြန်ဖြေသည်။
"ငါ အနီရောင်အရည်ကိုပဲ ရွေးမယ်။ ရွှေရောင်အရည်က အရည်ပျော်နေတဲ့ ရွှေတွေနဲ့ တူနေလို့ ငါ သိပ်သဘောမကျဘူး။ ပိုပြီးလည်း ပျစ်နေပုံရတယ်။ ဒါထက်စာရင် အနီရောင်က သောက်ရတာ ပိုလွယ်မယ် ထင်တယ်" လုံချန်းသည် ပြောပြောဆိုဆိုနှင့် ရွှေရောင်ပန်းကန်လုံးကို ကောက်ကိုင်လိုက်သည်။
သူသည် ရွှေရောင်ပန်းကန်လုံးထဲမှ အနီရောင်အရည်ကို သောက်လိုက်ရာ ထိုအရည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ အရည်များ ဝင်သွားသည်နှင့် တစ်ပြိုင်နက် လုံချန်းသည် ခေါင်းမူးလာတော့သည်။ သူသည် ထိုအခန်းထဲမှ ပျောက်ကွယ်သွားပြီး အခြားအခန်းသစ်တစ်ခန်းသို့ ရောက်ရှိသွားပြန်သည်။
ယခုရောက်နေသော နေရာမှာ အားကစားကွင်းတစ်ကွင်းကဲ့သို့ ကျယ်ဝန်းသော အခန်းကြီးတစ်ခန်းဖြစ်ပြီး ရေများ ပြည့်နှက်နေသည်။ အခန်း၏ အလယ်ဗဟိုတွင် တစ်ဖက်မှ အခြားတစ်ဖက်သို့ ဆက်သွယ်ထားသည့် အလွန်ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ကြောင်း ရှိသည်။ ထိုလမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေများသာ ရှိသည်။
လုံချန်းသည် ထိုလမ်းကြောင်း၏ ထိပ်ဆုံးတစ်ဖက်တွင် မတ်တပ်ရပ်နေသည်။ သူ၏ ခေါင်းမှာ မူးနောက်နေသော်လည်း အတွေးကိုမူ မှန်ကန်အောင် ထိန်းထားနိုင်ဆဲဖြစ်သည်။ ခေါင်းမူးနေပြီး လမ်းကြောင်းက ကျဉ်းမြောင်းလှသော်လည်း ရေထဲသို့ ပြုတ်မကျအောင် သူကိုယ်သူ ထိန်းထားလိုက်သည်။
"ဒီနေရာက ဘာလဲ" လုံချန်း ရေရွတ်လိုက်စဉ်မှာပင် အခန်းထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာတော့သည်။
"နတ်ကောင်းကင်ဘုံဂိုဏ်းရဲ့ တပည့်... ကြိုဆိုပါတယ်။ မင်းဟာ ထိန်းချုပ်နိုင်စွမ်း စမ်းသပ်မှုကို ရွေးချယ်ခဲ့ပြီ။ ရေထဲကို ပြုတ်မကျစေဘဲ အခန်းရဲ့ တစ်ဖက်ခြမ်းကို လျှောက်သွားပါ။ အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့ ခေါင်းမူးတာက ပိုတိုးလာမှာဖြစ်သလို မင်းရဲ့ ကျန်းမာရေးကလည်း တဖြည်းဖြည်း ဆိုးရွားလာလိမ့်မယ်။ မင်း ပြေးလို့မရဘူး၊ ဒီစမ်းသပ်မှုမှာ ဘယ်လို ကိရိယာ ဒါမှမဟုတ် ပညာရပ်ကိုမှ သုံးလို့မရဘူး။ တကယ်လို့ ရေထဲကို ပြုတ်ကျသွားရင်တော့ မင်း ရှုံးနိမ့်သွားလိမ့်မယ်"
"ဟင်..." လုံချန်းသည် အခန်း၏ တစ်ဖက်ခြမ်းသို့ လှမ်းကြည့်လိုက်သည်။
အခန်းမှာ မီတာ ၅၀၀ ခန့် ရှည်လျားပြီး လမ်းကြောင်းမှာမူ ၃၀၀ မီလီမီတာ (၁ ပေခန့်) သာ ကျယ်သည်။ လုံချန်း ခေါင်းမူးနေသော်လည်း အောင့်ခံနိုင်သေးသည်။ ပြဿနာမှာ ခေါင်းကိုက်ခြင်းနှင့် ခေါင်းမူးခြင်းမှာ ပို၍ ဆိုးရွားလာသည်ကို သူ ခံစားနေရခြင်း ဖြစ်သည်။
"အချိန်မဖြုန်းနဲ့။ စပြီး လျှောက်တော့" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
လုံချန်း စတင် လျှောက်လှမ်းလိုက်သည်။ ခြေတစ်လှမ်း လှမ်းတိုင်း သူ၏ ခေါင်းကိုက်မှုက ပိုပြင်းလာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ အားနည်းလာသည်။ အဖျားတက်နေသကဲ့သို့ သူ၏ ခန္ဓာကိုယ် အပူချိန်မှာလည်း မြင့်တက်လာသည်။
သူသည် ခြေလှမ်းများကို ထိန်းရင်း ရှေ့သို့ ဆက်လျှောက်နေသည်။ လမ်းလျှောက်နေစဉ် မကြာခဏဆိုသလို ဟန်ချက်ပျက်သွားသော်လည်း သူကိုယ်သူ ပြန်ထိန်းကာ ရေထဲပြုတ်မကျအောင် ကြိုးစားနေရသည်။ အချိန်အနည်းငယ် ကြာပြီးနောက် လမ်းတစ်ဝက်သို့ ရောက်လာခဲ့သော်လည်း ထိုအချိန်တွင် သူ၏ အမြင်အာရုံမှာ ဝေဝါးလာတော့သည်။
သူ ရှေ့ကို မြင်နေရသော်လည်း မှုန်ဝါးနေသည်။ ဝေဝါးနေသော အမြင်အာရုံက ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့နှင့် ပေါင်းစပ်လိုက်သောအခါ အခြေအနေမှာ ပို၍ ဆိုးသွားတော့သည်။ သူသည် ဆက်လက် လျှောက်လှမ်းနေသော်လည်း အဆုံးအထိ ရောက်နိုင်မှာ မဟုတ်တော့ကြောင်း ရွှင်းကို ညည်းတွားပြောဆိုနေမိသည်။ သူ၏ ခြေထောက်များမှာလည်း တုန်ယင်နေပြီဖြစ်သည်။
ခဏအကြာတွင် လမ်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို သူ ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည်။ သို့သော် သူ၏ ခြေလှမ်းတစ်လှမ်း လွဲချော်သွားပြီး လမ်းကြောင်းပေါ် မကျဘဲ ဟာလာဟင်းလင်းပြင်ပေါ်သို့ ကျသွားတော့သည်။
လုံချန်းသည် သူ စမ်းသပ်မှု ကျရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ အောင်မြင်ရန် နည်းလမ်း မရှိတော့ပေ။ သူသည် လက်လျှော့လိုက်ပြီ ဖြစ်သော်လည်း ထိုအချိန်တွင် လက်တစ်ဖက်က သူ၏ ပခုံးကို လှမ်း၍ ဖေးမလိုက်သဖြင့် သူ ပြုတ်မကျဘဲ ကျန်ရစ်ခဲ့သည်။
သူ၏ အမြင်အာရုံမှာ အလွန်ဝေဝါးနေသဖြင့် ဘယ်သူလဲဆိုသည်ကို သူ မမြင်ရသော်လည်း သူ့ကို ကယ်တင်လိုက်သူမှာ မည်သူဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်သည်။
"ငါက ပညာရပ်တစ်ခု ဒါမှမဟုတ် ကိရိယာတစ်ခု မဟုတ်ဘူး။ ငါက နင့်အနားမှာ အမြဲရှိနေမှာ၊ နင့်ကို ဘယ်တော့မှ ပြုတ်မကျစေရဘူး။ အဲဒီတော့ လက်မလျှော့ဘဲ ဆက်သွားပါ။ နင် သေချာပေါက် လုပ်နိုင်ပါတယ်" ရွှင်းက ပြောရင်း သူ့ကို လမ်းကြောင်းပေါ်သို့ ပြန်တွန်းပေးလိုက်သည်။
လုံချန်းသည် သူမ၏ စကားကို ကြားသောအခါ ပြုံးလိုက်မိသည်။ ခေါင်းကိုက်ဝေဒနာကြောင့် နာကျင်နေသော်လည်း သူ မပြုံးဘဲ မနေနိုင်ခဲ့ပေ။ သူသည် မျက်လုံးများကို ပွတ်သပ်ကာ ရှေ့သို့ ကြည့်ရင်း ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ၏ အမြင်အာရုံမှာ တိုးတက်မလာသေးသော်လည်း သူသည် ရွှင်းကိုသာ အကြွင်းမဲ့ ယုံကြည်ကာ ရှေ့သို့ တိုးခဲ့သည်။ သူမသည် သူ့ကို လမ်းမှားသို့ မရောက်အောင် တားဆီးပေးလိမ့်မည်ဟု သူ ယုံကြည်နေသည်။
အကယ်၍ ရွှင်းသာ ဤတွင် မရှိလျှင် လုံချန်း ရေထဲသို့ အကြိမ်ကြိမ် ပြုတ်ကျသွားလောက်ပြီ ဖြစ်ပေမည့် သူမကြောင့် အခန်း၏ တစ်ဖက်ခြမ်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။ သူ ရောက်ရောက်ချင်းမှာပင် ဒူးထောက်လျက်သား ပြုတ်ကျသွားတော့သည်။
သူ တစ်ဖက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ဘေးတွင် အနက်ရောင် ပန်းကန်လုံးတစ်လုံး ပေါ်လာသည်။
"ရော့... ဒါကို သောက်လိုက်။ နင့်ခန္ဓာကိုယ်ကို ပြန်ကောင်းသွားလိမ့်မယ်" ရွှင်းက ပြောသည်။
"ငါ ဘာမှ မမြင်ရဘူး" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ ကူညီပါ့မယ်" ထိုသို့ ပြောကာ ရွှင်းက သူ၏လက်များကို ကိုင်၍ ပန်းကန်လုံးဆီသို့ ပို့ပေးလိုက်သည်။
ပန်းကန်လုံးထဲတွင် ကြည့်ရဆိုးလှသော အနက်ရောင်အရည်များ ရှိနေသော်လည်း လုံချန်းမှာမူ မမြင်ရပေ။ ပန်းကန်လုံးကို သူ၏ နှုတ်ခမ်းနားသို့ ယူဆောင်လာပေးသဖြင့် သူ သောက်လိုက်သည်။ အရည်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် ၎င်းမှာ အာဟာရများအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ကုသပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် နာလန်ထူလာပြီး ခေါင်းကိုက်ခြင်းနှင့် ခေါင်းမူးခြင်းများလည်း ပျောက်ကွယ်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်သွားသည်။
"ဟင်း... အခုမှပဲ နေလို့ကောင်းတော့တယ်။ ဒီအတွေ့အကြုံကတော့ ငါ့အတွက် အဆိုးဆုံးပဲ။ ဒါက ပညာရပ်မျှော်စင် မဟုတ်ဘူး၊ နှိပ်စက်ရေးမျှော်စင်ပဲ ဖြစ်ရမယ်" လုံချန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဒါက နင့်အတွက် ဘယ်လိုပညာရပ်က အသင့်တော်ဆုံးလဲဆိုတာ သိဖို့ စမ်းသပ်နေတာ ဖြစ်မှာပါ။ ရတနာမျှော်စင်က နင့်ကို မေးခွန်းမေးပြီး ရတနာကို ရွေးပေးသလိုမျိုး၊ ဒီနေရာကတော့ စမ်းသပ်မှုတွေနဲ့ ရွေးပေးတာ ဖြစ်မှာပေါ့" ရွှင်းက ဆိုသည်။
"နင့်ရဲ့ စကားကို ပြန်ပြင်သင့်တယ်နော်။ ရတနာမျှော်စင်က ငါ့ကို မေးခွန်းတွေမေးပြီး ဘယ်လို အသုံးမကျတဲ့ အသုံးအဆောင်က ငါနဲ့ အသင့်တော်ဆုံးလဲဆိုတာကို ရွေးပေးခဲ့တာပါ" လုံချန်းက ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ပထမဆုံး အခန်းသို့ ပြန်ရောက်သွားသည်။ သူ၏ ခြေဖဝါးအောက်တွင် ယခင်က နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအတိုင်း ရှိနေလေတော့သည်။
အခန်း (၄၂၆) အလောင်းများရဲ့ သဲကန္တာရ
"စမ်းသပ်မှုတွေ ပြီးသွားပြီထင်တယ်။ ဟော ကြည့်စမ်း... ပညာရပ်မျှော်စင်က နင့်အတွက် ပညာရပ်တစ်ခု ရွေးချယ်ပေးပြီးသားပဲ" ရွှင်းက လုံချန်း၏ ရှေ့တွင်ရှိနေသော စာအုပ်တစ်အုပ်ကို ညွှန်ပြရင်း ပြုံးကာ ပြောလိုက်သည်။
"ဒါက ကောင်းတဲ့ ပညာရပ်တစ်ခု ဖြစ်ပါစေလို့ပဲ ငါ ဆုတောင်းပါတယ်" လုံချန်းက စာအုပ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူသည် ရှေ့သို့လှမ်းကာ ထိုစာအုပ်ကို ကောက်ယူလိုက်သည်။
"အတွေးအာရုံ ပညာရပ်လား"
စာအုပ်၏ ခေါင်းစဉ်ကို ဖတ်လိုက်ရသောအခါ သူ အံ့သြသွားသည်။ ၎င်းမှာ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုနှင့် မတူဘဲ သူ၏ ယခင်ကမ္ဘာမှ စိတ်ပညာ သို့မဟုတ် မိမိကိုယ်ကိုယ် နိုးကြားစေသော စာအုပ်တစ်အုပ်နှင့် ပိုတူနေသည်။ သူသည် စာအုပ်ကို ဖွင့်ကာ အတိုချုပ် ဖော်ပြချက်ကို ဖတ်ကြည့်လိုက်သည်။
"အံ့သြစရာပဲ။ ဒါ တကယ်ကို ကောင်းတာပဲ" သူသည် မျက်နှာတွင် အပြုံးကြီးတစ်ခုဖြင့် အော်ဟစ်လိုက်သည်။
"ဘာဖြစ်လို့လဲ။ အဲဒီစာအုပ်က ဘာအကြောင်းလဲ" သူ ပျော်နေသည်ကို မြင်သောအခါ ရွှင်းက မေးလိုက်သည်။
"ဒါက စိတ်ဖတ်တဲ့ ပညာရပ်ပဲ" လုံချန်းက ပြုံးစိစိဖြင့် ပြောသည်။ "ဒီစွမ်းရည်ကို သင်ယူပြီးသွားရင် ငါ တခြားလူတွေရဲ့ အတွေးတွေကို ဖတ်လို့ရလိမ့်မယ်"
"ဒါက တကယ်ကို ကောင်းတဲ့စွမ်းရည်ပဲ။ ဒါပေမဲ့ ကန့်သတ်ချက်တွေကော ဘာရှိလဲ။ ဒီလိုပညာမျိုးက ကန့်သတ်ချက် မရှိဘဲတော့ မဖြစ်နိုင်ဘူး"ရွှင်းက ဆိုသည်။
လုံချန်းသည် သူမ၏ စကားကို ကြားသောအခါ မချိပြုံး ပြုံးလိုက်သည်။ သူမပြောသည်မှာ မှန်နေသောကြောင့်ဖြစ်သည်။ ဤစွမ်းရည်တွင် ကန့်သတ်ချက်များ အမှန်တကယ် ရှိနေသည်။
"ကန့်သတ်ချက်ကတော့... ငါ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်တဲ့သူတွေအပေါ်မှာ ဒီပညာကို သုံးလို့မရဘူး။ ဒါပေမဲ့ ကျန်တဲ့သူတွေအပေါ်မှာတော့ ဘယ်အချိန်မဆို သုံးလို့ရတယ်" လုံချန်းက ပြန်ဖြေသည်။
"နင် အသုံးဝင်တဲ့ ပညာရပ်တစ်ခု ရခဲ့တာ ဝမ်းသာပါတယ်။ ဟိုလက်အိတ်တွေအကြောင်း ညည်းတွားသလိုမျိုး ဒီစာအုပ်အကြောင်းကိုပါ ထပ်ပြီး ညည်းတွားနေတာကို ငါ မကြားချင်တော့ဘူး" ရွှင်းက နောက်ပြောင်လိုက်သည်။
"ချူးမြောင်ကော ဘယ်လိုနေမလဲ မသိဘူး။ သူ့ရဲ့ စမ်းသပ်မှုကော ငါ့လိုပဲ ခက်ခဲမလား။ ငါ့အထင်တော့ သူလည်း ငါ့လိုပဲ စမ်းသပ်ခံရမှာပဲ။ သူ အောင်မြင်ပါ့မလားတော့ မသိဘူး" လုံချန်းသည် ရေရွတ်ရင်း စာအုပ်ကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
သူသည် ချူးမြောင် ထိုင်စောင့်နေသော ပင်မခန်းမဆောင်သို့ ပြန်ရောက်လာသည်။
"ဟင်... နင်က ငါ့ထက်တောင် ဘယ်လိုလုပ် အရင်ထွက်လာတာလဲ" လုံချန်းက အံ့သြတကြီး မေးလိုက်သည်။
"အင်း... ငါ စာအုပ်တစ်အုပ် ကောက်ယူပြီး ထွက်လာခဲ့တာပဲလေ" ချူမြောင်က ပြန်ဖြေသည်။
"စာအုပ်တစ်အုပ် ကောက်ပြီး ထွက်လာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"
"ငါ အခန်းထဲကို ဝင်သွားတော့ စာအုပ်ပေါင်း ထောင်နဲ့ချီ ပျံဝဲနေတဲ့ အခန်းတစ်ခန်းထဲကို ရောက်သွားတယ်။ အဲဒီထဲက စာအုပ်တစ်အုပ်ကို ငါ လှမ်းဖမ်းလိုက်တော့ မူလအခန်းထဲကို ပြန်ရောက်လာတာပဲ။ အဲဒါနဲ့ ငါလည်း ထွက်လာခဲ့တာပေါ့" သူမက ရှင်းပြသည်။ "နင်ကော ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။ စာအုပ်ရွေးရတာ ခက်နေလို့လား"
လုံချန်းသည် သူမကို ခဏမျှ ကြောင်ကြည့်နေမိသည်။
"ဒါကတော့ မျက်နှာလိုက်တာပဲ" သူက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
"ဘာကို ဆိုလိုတာလဲ" ချူမြောင်က နားမလည်စွာ မေးသည်။
"ဪ... ဘာမှမဟုတ်ပါဘူး။ နင်ပြောတာ မှန်ပါတယ်။ ရွေးစရာ စာအုပ်တွေက အများကြီး ဖြစ်နေတော့ ရွေးရတာ အချိန်နည်းနည်း ကြာသွားတာပါ" လုံချန်းက မချိပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"နင်ကော ဘယ်လို ပညာရပ် ရခဲ့လဲ"
"ငါက ဘုရင်မ အကြည့်ကို ရခဲ့တယ်" ချူမြောင်က ဖြေသည်။
"ဘုရင်မ အကြည့် ဟုတ်လား။ အစွမ်းထက်မယ့် ပုံပဲ။ အဲဒါက ဘာလုပ်နိုင်တာလဲ"
"ငါ ဒီပညာရပ်ကို သုံးလိုက်ရင် ပြိုင်ဘက်ရဲ့ ခွန်အားတွေကို ခဏတာ လျော့နည်းသွားစေတယ်"
"ပြိုင်ဘက်ရဲ့ ခွန်အားကို လျော့နည်းစေတာလား။ ဒါဆိုရင် စစ်ပုလွေနဲ့ ဆင်တူတာပဲပေါ့။ ဒါပေမဲ့ စစ်ပုလွေက ငါတို့ရဲ့ ခွန်အားကို တိုးစေတာဖြစ်ပြီး ဒီပညာကတော့ ရန်သူ့ခွန်အားကို လျော့စေတာပေါ့" လုံချန်းက သုံးသပ်လိုက်သည်။ "ဘယ်လောက်အထိ လျော့နည်းစေတာလဲ"
"အတိအကျတော့ ငါလည်း မသိဘူး။ အဲဒီအပိုင်းက ဝေဝါးနေတယ်။ ဒါပေမဲ့ ခွန်အား ဘယ်လောက်လျော့မလဲဆိုတာက ဒီပညာရပ်အပေါ် ငါ့ရဲ့ နားလည်မှုအဆင့်ပေါ်မှာ မူတည်လိမ့်မယ် ထင်တယ်"
"ရန်သူကို ဘယ်လောက်အထိ အားနည်းသွားစေမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပေမဲ့ ဒီပညာရပ်က တကယ်ကို ကောင်းပါတယ်။ နင်သာ ဒီပညာရပ်ကို ဆက်ပြီး လေ့ကျင့်သွားမယ်ဆိုရင် ပိုပြီးတော့တောင် အသုံးဝင်လာဦးမှာ" လုံချန်းက ပြောရင်း သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဓားကို ထုတ်လိုက်သည်။
"ကဲ... သွားကြစို့" သူက ထွက်ပေါက်ဆီသို့ စတင် လျှောက်လှမ်းလိုက်သည်။ ဝိညာဉ်ဓားသည် သူ၏ ပတ်ပတ်လည်တွင် ပျံဝဲနေပြီး ချူးမြောင်က နောက်မှ လိုက်လာသည်။
သူတို့သည် ပညာရပ်မျှော်စင်ထဲမှ ထွက်လာခဲ့ကြသည်။
"၁၄ ရက် ပြည့်ဖို့ အချိန်သိပ်မကျန်တော့ဘူး။ ငါတို့ ရတနာခန်းမနဲ့ ပညာရပ်ခန်းမကို တွေ့ခဲ့ပေမဲ့ နှစ်ခုလုံးက ငါတို့ မျှော်လင့်ထားသလို မဟုတ်ခဲ့ဘူး။ အဲဒီကနေ ပစ္စည်းတွေ အများကြီး မရခဲ့ပေမဲ့ ရခဲ့တဲ့ ဆုလာဘ်တွေကတော့ မဆိုးပါဘူး။ မထွက်ခွာခင် နောက်ဆုံး တစ်ပတ်လောက် ထပ်ပြီး ရှာကြည့်ရအောင်" လုံချန်းက ပြောရင်း ချူးမြောင်ထံသို့ လက်ကမ်းပေးလိုက်သည်။
ချူးမြောင်သည် သူ၏လက်ကို ကိုင်လိုက်သည်။ လုံချန်းက သူမကို အနားသို့ ဆွဲယူကာ မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီလိုက်ပြီး သူ၏ ရှေ့တွင် ပျံသန်းနေသော ဝိညာဉ်ဓားပေါ်သို့ တက်လိုက်သည်။ ဝိညာဉ်ဓားသည် သူတို့ကို တင်ဆောင်ကာ ရှေ့သို့ ပျံသန်းသွားတော့သည်။
လုံချန်းသည် ကျန်ရှိနေသော ရက်များတွင် ဆက်လက် ပျံသန်းခဲ့သော်လည်း ထူးခြားသော နေရာတစ်ခုကိုမျှ ထပ်မတွေ့ခဲ့ရပေ။ ၁၄ ရက် ပြည့်သွားသောအခါ သူတို့၏ ရှေ့တွင် အလင်းတံခါး တစ်ပေါက် ပေါ်လာသည်။
လုံချန်းသည် ဤအကြောင်းကို ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။ အချိန်ပြည့်လျှင် ဤအလင်းတံခါးများ ပေါ်လာမည်ဖြစ်ပြီး ထိုတံခါးထဲသို့ ဝင်လိုက်သည်နှင့် နတ်ကောင်းကင်ဘုံဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
အလင်းတံခါးမှာ ၅ မိနစ်သာ ပွင့်နေမည်ဖြစ်ကြောင်းလည်း သူ သိသည်။ အကယ်၍ ထိုအချိန်အတွင်း မဝင်နိုင်ခဲ့လျှင် သူတို့သည် ဤဂိုဏ်းပျက်ကြီးထဲတွင် ထာဝရ ပိတ်မိနေပြီး သေဆုံးသွားကြမည် ဖြစ်သည်။
"ငါတို့အတွက် အချိန်ကတော့ ဒါပါပဲ။ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ နေရာ အတော်များများကိုတော့ တွေ့ခဲ့ရတာပဲ။ ဒါဟာ အကျိုးရှိတဲ့ ခရီးတစ်ခုပါပဲ" ချူးမြောင်က အလင်းတံခါးကို ကြည့်ရင်း ရေရွတ်လိုက်သည်။ "သွားကြစို့"
"ခဏလေး" လုံချန်းက ချူးမြောင်ကို တားလိုက်သည်။
သူသည် သူဝတ်ထားသော ရတနာဝတ်ရုံကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ သူ၏ ဝတ်ရုံဟောင်းကို ပြန်ဝတ်လိုက်သည်။ ဝိညာဉ်ဓားကိုလည်း သိမ်းဆည်းလိုက်သည်။
"အခု သွားလို့ရပြီ" ထိိုသို့ ပြောကာ သူသည် သူမ၏လက်ကို ကိုင်၍ အလင်းတံခါးဆီသို့ လျှောက်လှမ်းလိုက်သည်။
"ဪ... ဒါနဲ့၊ ငါတို့တွေ့ခဲ့တာတွေကို ဂိုဏ်းကို ပြန်မပြောနဲ့ဦး။ ဒီဂိုဏ်းထဲမှာ တစ်ခုခု မှားယွင်းနေသလိုပဲ။ ငါတို့ ကြုံခဲ့ရတဲ့ ဆွဲအားအကြောင်းနဲ့ ဘယ်အရေးကြီးတဲ့ နေရာကိုမှ ဝင်လို့မရခဲ့တဲ့အကြောင်းကိုပဲ ပြောလိုက်" လုံချန်းသည် အလင်းတံခါးထဲသို့ မဝင်မီ ချူးမြောင်ကို သတိပေးလိုက်သည်။
သူသည် တစ်ဖက်ခြမ်းသို့ လှမ်းထွက်လိုက်ရာ ဂိုဏ်း၏ အပြင်ဘက်သို့ ပြန်ရောက်သွားတော့သည်။ ချူးမြောင်သည် လုံချန်း၏ စကားကို ကြားသောအခါ ဇဝေဇဝါ ဖြစ်သွားသည်။ လုံချန်းသည် စစ်ပုလွေကို ဂိုဏ်းထံ မပေးချင်၍ ဤသို့ ပြောခြင်းလောဟု သူမ တွေးမိသော်လည်း ဤခရီးစဉ်အတွင်း လုံချန်းနှင့် အတူဖြတ်သန်းခဲ့ပြီးနောက် သူမသည် သူ့ကို ပို၍ ယုံကြည်လာခဲ့သည်။ ထို့ကြောင့် သူပြောသည့်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။
လုံချန်းသည် နတ်ကောင်းကင်ဘုံဂိုဏ်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူရပ်နေသော နေရာနှင့် မလှမ်းမကမ်းတွင် အရိပ်တစ်ခု ပေါ်လာသည်။
"ထျန်း... ရှန်..." ထိုအရိပ်သည် အလင်းတံခါးဆီသို့ ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်ကာ ပျောက်ကွယ်သွားတော့သည်။
လုံချန်းသည် တစ်ခုခုကို လွဲချော်ခဲ့မှန်း မသိဘဲ နတ်ကောင်းကင်ဘုံဂိုဏ်းထဲမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူ့တွင် အချိန်အနည်းငယ်လောက် ပိုရှိခဲ့လျှင် အကယ်၍ သူသာ ထိုလမ်းကြောင်းအတိုင်း နောက်ထပ် နာရီဝက်ခန့် ဆက်ပြီး ပျံသန်းခဲ့လျှင်... သူ ဘယ်တော့မှ စိတ်ကူးမယဉ်ဖူးသော နေရာတစ်နေရာသို့ ရောက်ရှိသွားပေလိမ့်မည်။
သူ့ရှေ့တွင် သဲကန္တာရကြီးတစ်ခု ရှိနေခဲ့သည်။ ထိုနေရာတွင် အသက်မဲ့နေသော အလောင်းပေါင်း သောင်းနှင့်ချီ၍ သဲပြင်ပေါ်တွင် လဲလျောင်းနေကြသည်။ ထိုသဲကန္တာရရှိ သဲများမှာ သွေးကဲ့သို့ ရဲရဲနီနေလေတော့သည်။
လုံချန်းသည် နတ်ကောင်းကင်ဘုံဂိုဏ်းမှ ထွက်လာသောအခါ အခြားဂိုဏ်းများမှ အကြီးအကဲများ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
"ငါတို့ လောင်းကြေး ရှုံးပြီထင်တယ်။ ဝိညာဉ်နက်ဂိုဏ်းက လူ ၂ ယောက်တောင် အသက်ရှင်ပြီး ပြန်ထွက်လာတယ်" အကြီးအကဲတစ်ဦးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"အသက်ရှင်တဲ့သူ ရှိတော့ကော ဘာဖြစ်လဲ။ ၂ ယောက်ပဲ ရှိတာလေ။ တခြားဂိုဏ်းတွေနဲ့ ယှဉ်ရင် အသက်ရှင်တဲ့သူ အရေအတွက်က အနည်းဆုံး ဖြစ်မှာပါ" စုံတွဲကျင့်စဉ်ဂိုဏ်းမှ အကြီးအကဲက ဆိုလေတော့သည်။