အခန်း (၄၂၁-၄၂၂)
Vol. 43 Ch. 421-422
အခန်း (၄၂၁) နှိပ်စက်ရေးခန်းမ
လုံချန်းသည် ထိုအခန်းငယ်လေးထဲမှ ပျောက်ကွယ်သွားပြီးနောက် အခြားအခန်းသစ်တစ်ခန်းအတွင်းသို့ ရောက်ရှိသွားသည်။ အခန်းသစ်မှာ ယခင်အခန်းထက် များစွာပိုကျယ်ဝန်းသည်။ အခန်းတစ်ခန်းလုံးမှာ လုံးဝအလွတ်ဖြစ်နေသဖြင့် အမှန်တကယ်ရှိသည်ထက်ပင် ပို၍ ကျယ်နေသယောင် ထင်ရသည်။
"ဒါက ပုံရိက်ယောင်တော့ မဟုတ်ဘူး။ သေချာတာကတော့ ဒါဟာ နေရာရွှေ့ပြောင်းခြင်းပဲ။ စိတ်ဝင်စားဖို့ ကောင်းတာပဲ... နတ်ကောင်းကင်ဘုံဂိုဏ်းမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေကို သုံးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" လုံချန်းက မချိပြုံးဖြင့် ရေရွတ်လိုက်သည်။
"သူတို့က နတ်သုခငါးကိုတောင် ရနိုင်သေးတာပဲ၊ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါလေးတစ်ခုလောက် ရဖို့ဆိုတာ သူတို့အတွက် မခက်ခဲပါဘူး" ရွှင်းက သူ၏ဘေးတွင် ပေါ်လာပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်။ ငါက ရှေးခေတ်က အင်အားအကြီးဆုံးဂိုဏ်းကို အထင်သေးမိသွားတာပဲ။ သူတို့က တကယ်ကို စွမ်းအားကြီးခဲ့တာ။ အခုခေတ်မှာ အင်အားအကြီးဆုံးလို့ ဆိုရမယ့် ဂိုဏ်းတွေရဲ့ အင်အားကို ငါ မသိပေမဲ့ သူတို့ဟာ နတ်ကောင်းကင်ဘုံဂိုဏ်းရဲ့ အဆင့်အတန်းကို မမှီဘူးလို့တော့ ကြားဖူးတယ်။ ငါ့ရဲ့ မျှော်လင့်ချက်တွေကို မြှင့်ထားမှ ဖြစ်တော့မယ်" လုံချန်းက အခန်းအလွတ်ကြီးကို ဝေ့ကြည့်ရင်း ဆိုသည်။
"ငါရမယ့် ပညာရပ်တွေကလည်း ဒီအဆင့်အတန်းမျိုး ဖြစ်ဖို့ပဲ မျှော်လင့်ရတာပဲ၊ ဒီလက်အိတ်တွေလိုမျိုး အသုံးမကျတာမျိုး မဖြစ်ပါစေနဲ့" သူ၏ လက်မှ လက်အိတ်ကို မြင်လိုက်ရပြန်သဖြင့် တစ်ဖန် ထပ်မံ ညည်းတွားလိုက်ပြန်သည်။
ရွှင်းသည် သူ၏ ညည်းတွားသံကို ကြားသောအခါ ရယ်မောတော့သည်။
"ဘာဖြစ်လို့လဲ" လုံချန်းက မေးလိုက်သည်။ ရွှင်းသည် ရယ်သံကို ထိန်းရန် ကြိုးစားနေသော်လည်း အတော်လေး ခက်ခဲနေပုံရသည်။
"ငါ ရယ်စရာတစ်ခုခု ပြောမိလို့လား"
"ဘာမှမဟုတ်ပါဘူး။ နင့် တတွတ်တွတ် ညည်းတွားနေတဲ့ ပုံစံကြောင့် လူတစ်ယောက်ကို သွားသတိရလို့ပါ။ ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် နင်ရတာက ရပြီပဲ။ စိတ်မကောင်းဖြစ်နေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး။ နင်ပဲ မျှော်လင့်ချက်ကို လျှော့ထားတယ်ဆို" ရွှင်းက ပြန်မေးလိုက်သည်။
"ရတနာအတွက် မျှော်လင့်ချက်ကို လျှော့ထားတာပါ၊ ဒါပေမဲ့ ဒီလောက်အထိတော့ မဟုတ်ဘူးလေ" လုံချန်းက မချိပြုံးဖြင့် ဆိုသည်။ "ဒါနဲ့... ဒီမှာ ငါ ဘာလုပ်ရမယ်လို့ နင်ထင်လဲ။ ဒါက အခန်းအလွတ်ကြီး တစ်ခန်းပဲလေ။ အစီအရင်တွေလည်း မရှိဘူး၊ ညွှန်ကြားချက်တွေလည်း မရှိဘူး"
သူသည် တစ်ခုခု ကျန်ရစ်ခဲ့သလား သိနိုင်ရန် နံရံများဆီသို့ လျှောက်သွားလိုက်သည်။ သူ ခြေတစ်လှမ်း စလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံးမှာ စတင်တုန်ခါလာတော့သည်။
ဆွဲအားမှာ ပြောင်းပြန်ဖြစ်သွားပြီး လုံချန်းသည် အခန်း၏ မျက်နှာကြက်ပေါ်သို့ ပြုတ်ကျသွားသည်။ ယခုအခါ မျက်နှာကြက်မှာ ကြမ်းပြင် ဖြစ်သွားလေပြီ။ သူသည် ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်ထရပ်လိုက်သည်။ သူသည် နံရံဆီသို့ ထပ်မံ လျှောက်လှမ်းရန် ကြိုးစားပြန်သော်လည်း နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အခန်းမှာ ထပ်မံ တုန်ခါလာပြန်သည်။
ဆွဲအားမှာ တစ်ဖန် ပြန်လည်ပြောင်းလဲသွားပြီး သူသည် မူလကြမ်းပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားသည်။ သူ ပြန်ထရပ်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ရှေ့သို့ ထပ်မတိုးတော့ပေ။ အခန်းသည် သူ၏ ခြေလှမ်းများနှင့် တုံ့ပြန်နေခြင်း ဟုတ် မဟုတ် သိနိုင်ရန် သူ စောင့်ကြည့်လိုက်သည်။
သူသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်သော်လည်း ခြေထောက်ကိုမူ မရွှေ့ပေ။ ၅ မိနစ်ခန့် စောင့်ကြည့်သော်လည်း ဘာမှမဖြစ်ပေ။ သူ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ အစကအတိုင်း ထပ်ဖြစ်ပြန်သည်။ သူသည် ယခင်က မျက်နှာကြက် ဖြစ်ခဲ့သော နေရာပေါ်သို့ ပြန်လည် ပြုတ်ကျသွားပြန်သည်။
"ဒါကတော့ ရှင်းသွားပြီ။ ဒီအခန်းက ငါ့ရဲ့ ခြေလှမ်းတွေပေါ် မူတည်ပြီး တုံ့ပြန်နေတာပဲ။ အဲဒီလိုဆိုရင်တော့ ငါ လမ်းမလျှောက်တော့ဘူး" လုံချန်းက ပြန်ထရပ်ရင်း ရေရွတ်လိုက်သည်။
သူ၏ မျက်နှာထားမှာ တည်ကြည်သွားပြီး ရှေ့ရှိ နံရံကို စိုက်ကြည့်လိုက်သည်။ "ဒီအခန်းက ငါ့ကို နံရံဆီ မသွားနိုင်အောင် တားဆီးချင်တာဆိုရင် ငါ သွားပြရတာပေါ့"
လုံချန်း၏ မျက်လုံးအရောင်များ ပြောင်းလဲသွားသည်။ ပုံမှန် ရွှေရောင်မှသည် အဆုံးအစမရှိသော ဟာလာဟင်းလင်းပြင်ကြီး ကိန်းအောင်းနေသည့် ကြယ်တာရာ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ သူသည် ရှိနေသော နေရာမှ နေရာရွှေ့ပြောင်းလိုက်ရာ နံရံ၏ ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ သူ၏ မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"လမ်းလျှောက်ခွင့် မပေးရင် ငါ ဒီကို မရောက်နိုင်ဘူးလို့ ထင်နေတာလား" လုံချန်း အော်ပြောရင်း မတ်တပ်ရပ်လိုက်သည်။
သူ စကားပြောပြီးသည်နှင့် ကြမ်းပြင်မှာ ထပ်မံ တုန်ခါလာပြန်သည်။
"နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား" လုံချန်း စိတ်တိုသွားသည်။
ဆွဲအားမှာ ပြောင်းပြန် ဖြစ်သွားပြန်သဖြင့် လုံချန်းသည် အခြားတစ်ဖက်ရှိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ လုံချန်း ပြုတ်ကျသွားသော်လည်း နံရံကို သေချာလေ့လာနိုင်လိမ့်မည်ဟု မျှော်လင့်ကာ ပြန်ထရပ်လိုက်သည်။ သို့သော် အခြေအနေမှာ ထိုမျှနှင့် မပြီးသေးပေ။ ဆွဲအားပြောင်းလဲမှုမှာ တစ်ကြိမ်တည်းနှင့် ရပ်မသွားဘဲ အဆက်မပြတ် ပြောင်းလဲနေတော့သည်။
လုံချန်း ပြုတ်ကျပြီး ပြန်အထတွင်ပင် လမ်းကြောင်းပြောင်းကာ နောက်တစ်ကြိမ် ထပ်မံ ပြုတ်ကျစေပြန်သည်။ လုံချန်းမှာ ဒဏ်ရာများ စတင်ရရှိလာသော်လည်း ဆွဲအားပြောင်းလဲမှုမှာ ရပ်တန့်မသွားပေ။ သူသည် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဓားကို ထုတ်ယူကာ ဓားရိုးအား လှမ်းဖမ်းလိုက်သည်။ ဝိညာဉ်ဓားသည် ဆွဲအားများ အဆက်မပြတ် ပြောင်းလဲနေစဉ်မှာပင် အခန်း၏ အလယ်ဗဟို၌ ပျံဝဲနေသည်။ သူ၏ ဓားမှာ အခန်းအလယ်၌ ငြိမ်နေသော်လည်း သူ ခိုတွဲနေရသော လမ်းကြောင်းမှာမူ အချိန်နှင့်အမျှ ပြောင်းလဲနေသည်။
လုံချန်းသည် ဤဆွဲအားပြောင်းလဲမှုများ ရပ်တန့်သွားနိုးဖြင့် ဆက်လက် တောင့်ခံထားသော်လည်း ၅ မိနစ်ကျော်သွားသည်အထိ မရပ်တန့်ပေ။ သူ စတင် ခေါင်းမူးလာသော်လည်း ဆက်လက် မြဲမြဲဆုပ်ကိုင်ထားသည်။
"ဒါက ဘယ်လို ငရဲခန်းလဲဟ။ ဒါက ပညာရပ်တွေ ပေးမယ့်နေရာလား၊ နှိပ်စက်ရေးခန်းမလား" လုံချန်း အော်ဟစ်လိုက်သည်။
"ရွှင်း... နင်က ဝိညာဉ်ပဲ။ ငါ့အစား နံရံတွေဆီ သွားကြည့်ပေးပါဦး။ တစ်ခုခု တွေ့မလားလို့" သူက ရွှင်းကို ပြောလိုက်သည်။
"ငါ တစ်ခုခု ရှာကြည့်ပါ့မယ်၊ ဒါပေမဲ့ နံရံတွေကို ထိဖို့ လိုအပ်မယ်ဆိုရင်တော့ ငါ့အတွက် မလွယ်ဘူး။ ငါက နင့်ကိုပဲ ထိလို့ရတာလေ" ရွှင်းက ဆိုသည်။
"သေချာလေးပဲ ကြည့်ပေးပါ။ ဒီအခန်းမှာ တစ်ခုခုတော့ ရှိရမယ်။ တကယ်လို့ ဘာမှမတွေ့ဘူးဆိုရင်တော့ ငါ ဟင်းလင်းပြင် ဖြတ်သန်းခြင်းကို သုံးပြီး ဒီဗိမာန်ထဲကနေ အပြင်ကို ထွက်သွားလိုက်မယ်"
"ကောင်းပါပြီ" ရွှင်း သဘောတူလိုက်သည်။ သူမသည် နံရံများဆီသို့ ပျံသန်းသွားပြီး နံရံ၏ လက်မတိုင်းကို သေချာစွာ စတင်လေ့လာတော့သည်။
ပထမဆုံး နံရံတစ်ခုလုံးကို သေချာကြည့်ရန် သူမ အချိန်အတော်ယူလိုက်ရသည်။ လုံချန်းမှာမူ ဆွဲအားပြောင်းလဲမှု၏ ဒဏ်ကို ဆက်လက် အလူးအလဲ ခံစားနေရသည်။
"တစ်ခုခု တွေ့ပြီလား" လုံချန်းက မေးလိုက်သည်။ သူ ပို၍ ခေါင်းမူးလာသည်။ မည်မျှအထိ ဆက်တောင့်ခံနိုင်မလဲဆိုတာ သူ မသေချာတော့ပေ။ အိပ်ရေးပျက်ထားခြင်းကလည်း သူ့ကို ယခုအချိန်တွင် ထိခိုက်စေနေသည်။
"ပထမ နံရံမှာတော့ ဘာမှမရှိဘူး။ အားလုံးက ပုံမှန်ပဲ၊ အချိုးအစားလည်း ပြေပြစ်တယ်။ တခြားနံရံတွေကို ငါ ထပ်စစ်လိုက်ဦးမယ်" ရွှင်းက ပြောသည်။
ရွှင်းသည် ဒုတိယမြောက် နံရံဆီသို့ သွားကာ စစ်ဆေးပြန်သည်။ သူမသည် ပထမနံရံမှာကဲ့သို့ပင် အသေးစိတ် စစ်ဆေးနေသည်။ လုံချန်း ခံစားနေရသည်ကို မြင်သဖြင့် သူမ လောနေသော်လည်း အလျင်စလိုလုပ်မိ၍ တစ်ခုခု လွဲချော်သွားမည်ကို သူမ မလိုလားပေ။ အတော်ကြာပြီးနောက် ဒုတိယနံရံကို စစ်ဆေးပြီးသွားသည်။
"ဒုတိယနံရံမှာလည်း ထူးခြားတာ မတွေ့ဘူး။ တတိယနံရံကို ငါ ဆက်စစ်မယ်။ နင် တောင့်ခံထားဦး" ထိုသို့ ပြောကာ သူမသည် ပထမနံရံနှင့် မျက်နှာချင်းဆိုင်ရှိ တတိယနံရံဆီသို့ ကူးသွားသည်။
"ငါ ဒီနေရာကို တကယ် မုန်းသွားပြီ။ အဆင့်မြင့် သားရဲတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင် ငါ အေးဆေးပဲ၊ ဒါပေမဲ့ ဒါကတော့ သက်သက်မဲ့ နှိပ်စက်တာ။ ငါသာ ပညာရပ်တွေကို မလိုချင်ဘူးဆိုရင် အခုချက်ချင်း ထွက်သွားမိမှာ" လုံချန်းက ဆိုသည်။
ရွှင်းသည် လုံချန်း၏ စကားအား ဂရုမစိုက်ဘဲ ရှေ့ရှိ နံရံကိုသာ အာရုံစိုက်ထားသည်။ သူမသည် သဲလွန်စတစ်ခုခုရရန် လက်မတိုင်းကို အသေးစိတ် စစ်ဆေးသည်။ အချိန်အနည်းငယ် ထပ်မံကုန်လွန်ပြီးနောက် တတိယနံရံ စစ်ဆေးခြင်းလည်း ပြီးဆုံးသွားသည်။
"တတိယနံရံမှာလည်း ဘာမှမရှိဘူး။ စတုတ္ထနံရံကို သွားမယ်။ ခဏလေးပဲ ထပ်အောင့်ထားပါဦး။ မကြာခင် ရှင်းသွားမှာပါ" ထိုသို့ ပြောကာ ဒုတိယနံရံနှင့် မျက်နှာချင်းဆိုင်ရှိ စတုတ္ထနံရံဆီသို့ သူမ လျှောက်သွားသည်။
သူမသည် စစ်ဆေးမှုကို စတင်ခဲ့ရာ တစ်ဝက်ခန့် ရောက်သောအခါ တစ်ခုခုကို သတိထားမိသွားသည်။
"ငါ တစ်ခုခု တွေ့ပြီ။ ဒီကို လာခဲ့ဦး" သူမ လုံချန်းကို လှမ်းခေါ်လိုက်သည်။
"နောက်ဆုံးတော့ တစ်ခုခု ထူးလာပြီပေါ့" လုံချန်း ဝမ်းသာသွားသည်။
ဝိညာဉ်ဓားသည် ဆွဲအားများ အဆက်မပြတ် ပြောင်းလဲနေသည့်ကြားမှ လမ်းကြောင်းပြောင်းကာ ရွှင်းရှိရာသို့ ရွေ့လျားသွားတော့သည်။ လုံချန်းသည် အောက်သို့ ပြုတ်မကျစေရန် ဓားရိုးကို မြဲမြဲဆုပ်ကိုင်ထားလေတော့သည်။
အခန်း (၄၂၂) တစ်ခုခုတော့ ဖြစ်ပျက်နေပြီ (၁)
"နင် ဘာကို တွေ့လိုက်တာလဲ" လုံချန်းသည် ရွှင်း၏အနားသို့ ရောက်ရှိသွားစဉ် မေးလိုက်သည်။ ဆွဲအားပြောင်းလဲမှုမှာ တစ်စက္ကန့်မျှပင် ရပ်တန့်ခြင်းမရှိသဖြင့် သူသည် လေထဲတွင် အဆက်မပြတ် ဟန်ချက်ထိန်းနေရဆဲ ဖြစ်သည်။
"ငါ နံရံသုံးဖက်နဲ့ စတုတ္ထမြောက်နံရံရဲ့ တစ်ဝက်ကို စစ်ဆေးပြီးပြီ၊ အားလုံးက ပြောင်ချောနေတာပဲ။ ဒါပေမဲ့ ဒီနံရံရဲ့ ဒီနေရာလေးကတော့ နည်းနည်း ချိုင့်ဝင်နေတယ်။ ဒါက နံရံတွေရဲ့ ပုံမှန်တည်ဆောက်ပုံမျိုး မဟုတ်ဘူး၊ အဲဒါကြောင့် ငါတို့ရှာနေတဲ့ သဲလွန်စက ဒါပဲ ဖြစ်ရမယ်" ရွှင်းက ရှင်းပြသည်။
"ဟုတ်ပုံရတယ်။ ငါ အဲဒါကို နှိပ်ကြည့်ဖို့ လိုမယ်၊ တစ်ခုခု ဖြစ်မလားလို့။ ဒါပေမဲ့ ဆွဲအားက ငါ့ကို ဆန့်ကျင်နေတော့ ဘယ်လိုလုပ် သွားထိရမလဲ" လုံချန်းက ရေရွတ်လိုက်သည်။ သူသည် တစ်ခုခုကို စဉ်းစားရင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
"ကောင်းပြီ... ရွှင်း၊ ခဏ ဖယ်ပေးထားဦး။ ငါ တစ်ခုခု စမ်းကြည့်ချင်လို့။ မှားပြီး နင့်အပေါ် ပြုတ်ကျမသွားချင်ဘူး"
"ရပါတယ်။ ငါ ဖယ်ပေးပါ့မယ်။ ငါလည်း နင့်ရဲ့ တိုက်ခိုက်မှုကို ခံယူဖို့ စိတ်မဝင်စားပါဘူး" ထိုသို့ ပြောကာ ရွှင်းက နောက်သို့ ဆုတ်ပေးလိုက်သည်။
လုံချန်းသည် ထိုနေရာကို စိုက်ကြည့်ရင်း ကြမ်းပြင်နှင့် ထိုနေရာ အနီးဆုံးဖြစ်မည့် ဆွဲအားပြောင်းလဲချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ သူ၏ မျက်လုံးအရောင်များ ပြောင်းလဲသွားပြီး နေရာရွှေ့ပြောင်းခြင်းကို ထပ်မံ အသုံးပြုလိုက်သည်။ လုံချန်းသည် ကြမ်းပြင်ပေါ်သို့ ရောက်သည်နှင့် ဆွဲအား ပြန်မပြောင်းခင် ထိုချိုင့်ဝင်နေသော နေရာကို အမြန် နှိပ်လိုက်သည်။
သူသည် ပြုတ်ကျမည့် ဒဏ်ကို ခံနိုင်ရန် အသင့်ပြင်ထားသော်လည်း ယခုတစ်ကြိမ်တွင်မူ ဆွဲအား ပြောင်းလဲမသွားတော့ပေ။
"အောင်မြင်သွားတာလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆွဲအားမှာ ပြောင်းလဲခြင်း မရှိတော့ပေ။
ဟူး...
"နောက်ဆုံးတော့ ငါ နားနားနေနေ နေလို့ရပြီ" လုံချန်းသည် သက်ပြင်းချရင်း ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ ခေါင်းကို ဒူးပေါ်တင်ကာ အနားယူလိုက်သည်။ သူ၏ ခေါင်းမှာ မူးနောက်နေဆဲ ဖြစ်သည်။ အသက်ရှူဖို့ အခွင့်အရေး ရတုန်းလေး သူ အနားယူချင်နေမိသည်။
"ဒါဟာ ငါ စီးဖူးသမျှထဲမှာ အညံ့ဖျင်းဆုံးသော ကစားကွင်းအမျိုးအစားပဲ" သူ ရေရွတ်ရင်း မျက်လုံးကို မှိတ်ကာ အသက်ရှူခြင်းကို ငြိမ်သက်အောင် လုပ်လိုက်သည်။
သူသည် ၁၀ မိနစ်ခန့်အထိ ဘာမှမလှုပ်ရှားဘဲ ဘာမှလည်း မပြောဘဲ နေလိုက်သည်။ အခန်းထဲတွင် ဘာဖြစ်ပျက်နေသည်ကိုလည်း သူ ဂရုမစိုက်တော့ပေ။ ထူးခြားမှုတစ်ခုခု ရှိလျှင် ရွှင်းက သူ့ကို ပြောပြလိမ့်မည်ဟု သူ သိသည်။ သူသည် ခန္ဓာကိုယ် ပြန်လည် နာလန်ထူဖို့ကိုသာ အာရုံစိုက်ထားသည်။
ရွှင်းက သူ၏အနားသို့ တိုးလာသည်။ "နင် ဘယ်လိုနေသေးလဲ"
"ပိုဆိုးသွားသလိုပဲ။ အချိန်အတော်ကြာအောင် ဖျားမနေခဲ့ရတော့ အခုမှ ဖျားသလို ခံစားနေရတယ်။ ဆွဲအားက ဒီလောက် ပြင်းထန်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဆွဲအားကို ငါ အမြဲ အထင်သေးခဲ့မိတာ၊ ဒါပေမဲ့ သူကလည်း တကယ်ကို ကြမ်းတမ်းနိုင်တယ်ဆိုတာ ငါ မေ့သွားတယ်" လုံချန်းက ခေါင်းမဖော်ဘဲ တိုးတိုးလေး ပြောလိုက်သည်။ သူ၏ ခေါင်းမှာ ကိုက်နေဆဲ ဖြစ်သည်။
"ဒါပေါ့... ဆွဲအားဆိုတာ အထင်သေးရမယ့် အရာ မဟုတ်ဘူး။ ဒီလူသားလောကထဲမှာ ဆွဲအားနိယာမကို သိတဲ့သူ အချို့နဲ့ နင် ဆုံခဲ့ဖူးပေမဲ့ သူတို့က အနိမ့်ဆုံး အဆင့်မှာပဲ ရှိသေးတာ။ နင် အထက်ဘုံတွေကို ရောက်တဲ့အခါကျရင်တော့ ဒီစွမ်းအင်တွေက ဘယ်လောက်အထိ အစွမ်းထက်နိုင်လဲဆိုတာ ပြသနိုင်တဲ့ တကယ့် မိစ္ဆာကောင်ကြီးတွေကို တွေ့ရလိမ့်မယ်" ရွှင်းက ပြန်ဖြေသည်။
"နင် ပြောတာ မှန်ပါတယ်။ ငါတို့ မသိသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတာပဲ။ ငါ တွေ့ဖူးသမျှ နိယာမတွေကို သိတဲ့သူတွေဟာ အနိမ့်ဆုံး နားလည်မှုအဆင့်မှာပဲ ရှိကြသေးတာ။ ငါကိုယ်တိုင်တောင် အဲဒီလောက် မမြင့်သေးဘူး။ တစ်ယောက်ယောက်က သူတို့ရဲ့ နိယာမမျိုးစေ့ကနေ နိယာမသစ်ပင်အဖြစ် ပြောင်းလဲနိုင်သွားရင် အဲဒီစွမ်းအားတွေက ဘယ်လောက်အထိ အင်အားကြီးမလဲဆိုတာ ငါ စိတ်ကူးကြည့်ရုံပဲ တတ်နိုင်တယ်" သူ တိုးတိုးလေး ဆိုသည်။
"ငါ အဲဒါကို နှိပ်လိုက်ပြီးတဲ့နောက် အခန်းက ဘာများ ပြောင်းလဲသွားလဲ"
"မပြောင်းလဲသေးဘူး။ ဒီအတိုင်းပါပဲ" ရွှင်းက ဖြေသည်။ အခန်းထဲတွင် ဘာမှ ပြောင်းလဲသွားသည်ကို သူမ မတွေ့ရပေ။
"ဒါက အချိန်ကောင်း မဟုတ်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ငါ ဆက်ပြီး မျက်လုံးဖွင့်မထားနိုင်တော့ဘူး။ ငါ အိပ်တော့မယ်။ တစ်ခုခု ပြောင်းလဲသွားရင် ငါ့ကို နှိုးလိုက်ပါ" လုံချန်းက ပြောပြီးနောက် တိတ်ဆိတ်သွားတော့သည်။
ဤဖြစ်ရပ်က သူ့ကို အလွန်ပင်ပန်းစေခဲ့သဖြင့် သူ အတင်းအကျပ် ဆက်ပြီး နိုးမနေချင်တော့ပေ။ ရွှင်းသည် သူ့ကို ထိတွေ့နိုင်သဖြင့် လိုအပ်လျှင် သူမ သူ့ကို နှိုးနိုင်လိမ့်မည်ဟု သူ သိသည်။ လုံချန်းသည် ထိုထိုင်နေသည့် အနေအထားအတိုင်းပင် အိပ်ပျော်သွားတော့သည်။
ရွှင်းသည် သူ၏ဘေးတွင် ရပ်ကာ သူ့ကို ကြည့်နေသည်။
"သူ အိပ်ချင်နေတာက ပင်ပန်းလို့ပဲ ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်။ အဲဒီအရာကြောင့် မဟုတ်ပါစေနဲ့... မဟုတ်ပါဘူး၊ အဲဒါ ဖြစ်ဖို့က စောလွန်းသေးတယ်။ အဲဒီအချိန် မရောက်ခင် သူ ပိုပြီး သန်မာလာဖို့ လိုအပ်တယ်" ရွှင်းသည် သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် လုံချန်း၏ နောက်ကျောကို မှီကာ သူ၏နောက်တွင် ထိုင်လိုက်သည်။
'အခု အခြေအနေက အရမ်းအေးချမ်းနေသလိုပဲ၊ ဒါပေမဲ့ ရှေ့မှာ ဖြစ်လာမယ့် အရာတွေနဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ တစ်ခါတလေကျရင် အနာဂတ်ကို ကြိုသိနေရတာကို ငါ မုန်းတယ်။ ဖြစ်ပျက်လာမယ့် အရာတွေကိုသာ မေ့ပစ်လိုက်လို့ ရရင် သိပ်ကောင်းမှာပဲ။ ဒါဆိုရင်တော့ ဒီအေးချမ်းတဲ့ အခိုက်အတန့်လေးတွေကို ငါ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပေါ့' သူမ တွေးတောရင်း ခေါင်းခါလိုက်မိသည်။
သူမသည် ပြောင်းလဲမှုများ ရှိ မရှိ သိနိုင်ရန် နံရံကို စောင့်ကြည့်နေသည်။ အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားသော်လည်း ပတ်ဝန်းကျင်တွင် ဘာမှ ပြောင်းလဲခြင်း မရှိပေ။
၅ နာရီခန့် ကုန်လွန်သွားပြီးနောက်တွင်လည်း ဘာမှ ဖြစ်မလာပေ။ ရွှင်းသည် ဘာမှမပြောဘဲ စိတ်ကို လျှော့မချဘဲ စောင့်ကြည့်နေဆဲ ဖြစ်သည်။ ပြောင်းလဲမှု တစ်ခုခု ဖြစ်လာလျှင် သူမ လွဲချော်မသွားလိုပေ။
နောက်ထပ် ၂ နာရီခန့် ကြာပြီးနောက်တွင်မူ အခန်းသည် စတင် လှုပ်ရှားလာတော့သည်။ ယခင်က တုန်ခါမှုမျိုးနှင့် ဆင်တူသော်လည်း အလွန်ပင် နှေးကွေးသဖြင့် သတိမထားမိနိုင်လောက်အောင်ပင် ဖြစ်သည်။
"တစ်ခုခုတော့ ဖြစ်နေပြီ" ရွှင်းက မတ်တပ်ရပ်ရင်း ရေရွတ်လိုက်သည်။
"ထတော့... တစ်ခုခု ဖြစ်နေပြီ" ထိုသို့ ပြောကာ သူမသည် လုံချန်းကို လှုပ်နှိုးလိုက်သည်။
"ဟင်..." လုံချန်း နိုးလာပြီး ခေါင်းထောင်ကြည့်လိုက်သည်။ ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်းများမှာ ပျောက်ကွယ်သွားပြီဖြစ်သဖြင့် သူ လန်းဆန်းနေသည်။
"ကြမ်းပြင်က ဖြည်းဖြည်းချင်း တုန်နေတယ်။ တစ်ခုခု ဖြစ်တော့မယ်" ရွှင်းက ပြောလိုက်သည်။
"ထပ်ဖြစ်ပြန်ပြီလား။ ငါ့ကို ဘောလုံးတစ်လုံးလို ဟိုပစ်ဒီပစ် မလုပ်ဘဲ အေးအေးဆေးဆေး အိပ်ခွင့်မပေးနိုင်ကြဘူးလား" သူက ညည်းတွားရင်း ထရပ်လိုက်သည်။
သူသည် ဝိညာဉ်ဓားကို ထုတ်ယူကာ ဓားရိုးကို ဆုပ်ကိုင်ထားလိုက်သည်။ ဆွဲအား ပြောင်းလဲလာပါက အသုံးပြုရန် သူ အသင့်ပြင်ထားသော်လည်း တုန်ခါမှုမှာ ရပ်တန့်သွားပြီး ဘာမှ ဖြစ်မလာပေ။ ခဏအကြာတွင်မူ သူ၏ ရှေ့ရှိ နံရံတွင် တံခါးပုံသဏ္ဍာန် အပေါက်တစ်ပေါက် ပေါ်လာတော့သည်။
"ကံကောင်းလို့ ဆွဲအားပြောင်းတဲ့ ကိစ္စ မဟုတ်လို့ပဲ။ အဲဒါကလွဲရင် ကျန်တာ အကုန် အဆင်ပြေတယ်" လုံချန်းက ရေရွတ်ရင်း ရှေ့သို့ လှမ်းဝင်လိုက်သည်။ သူသည် ထိုတံခါးပေါက်မှတစ်ဆင့် ထွက်ခွာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ဥယျာဉ်တစ်ခြံအတွင်းသို့ ရောက်ရှိနေသည်။ သို့သော် ဆေးဖက်ဝင်အပင်များ သို့မဟုတ် တခြားအပင်များ မရှိဘဲ ကြမ်းပြင်တွင် မြက်ခင်းများသာ ရှိသည်။
"ဒီတစ်ခါကော သူတို့ ဘာလုပ်ဦးမလဲ မသိဘူး" လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆိုသည်။
သူ ဝေ့ကြည့်နေစဉ်မှာပင် ဥယျာဉ်၏ အလယ်ဗဟို ကြမ်းပြင်မှ ရေပန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ရေများ ဖြန်းပက်တော့သည်။ လုံချန်း၏ အဝတ်အစားများပင် စိုသွားသော်လည်း သူ ဂရုမစိုက်ဘဲ ထိုရေပန်းကို သေချာကြည့်ရန် အနားသို့ လျှောက်သွားလိုက်သည်။ ရေများမှာ ပုံမှန်အတိုင်း ကြည်လင်နေသည်။
သူ ရေပန်းအနားသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ရှိ မြက်ပင်များမှာ ရုတ်တရက် အဆမတန် ရှည်ထွက်လာတော့သည်။ ၎င်းတို့သည် ကြာပွတ်များကဲ့သို့ လုံချန်းထံသို့ လွင့်မြောလာပြီး သူ့ကို ကြိုးဖြင့် တုပ်နှောင်ထားသည့် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ ဖမ်းချုပ်လိုက်ကြသည်။
"ငါ ပြောတဲ့အတိုင်းပဲ၊ ဟို နှိပ်စက်ရေးခန်းမကလွဲရင် ကျန်တာ အကုန် အဆင်ပြေတယ်။ ဒါက ဘာမှ မဟုတ်ပါဘူး" လုံချန်းက ပြောရင်း သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဓားကို ထုတ်လိုက်သည်။
ဝိညာဉ်ဓားသည် ဤနေရာ၏ အရှင်သခင်ကဲ့သို့ ဟိုဟိုဒီဒီ ပျံသန်းကာ မြက်ပင်များကို ဖြတ်တောက်ပစ်ပြီး လုံချန်းကို လွတ်မြောက်စေခဲ့သည်။ လုံချန်း လွတ်မြောက်သွားသော်လည်း မြက်ပင်များ၏ တိုက်ခိုက်မှုမှာ ရပ်တန့်မသွားပေ။ ဓားက ဖြတ်လေလေ ၎င်းတို့က ပို၍ ရှည်ထွက်လာလေလေပင် ဖြစ်သည်။
လုံချန်းသည် ဝိညာဉ်ဓားအား သူ၏ထံသို့ လာသမျှ မြက်ပင်များကို ဖြတ်တောက်ရန် ခိုင်းထားလိုက်သည်။ သူကိုယ်တိုင်လည်း ချီဓား နှစ်လက်အား ဖန်တီးကာ ဝိညာဉ်ဓား၏ကြားမှ လွတ်ထွက်လာသမျှကို ဖြတ်တောက်ပစ်သည်။
တိုက်ပွဲမှာ မိနစ် ၂၀ ခန့်အထိ ကြာမြင့်ခဲ့သော်လည်း ရလဒ် ထွက်မလာပေ။ လုံချန်း ဖြတ်လေလေ မြက်ပင်များက ပို၍ များလာလေလေဖြစ်ရာ ဤပြဿနာကို ဖြေရှင်းရန် ခက်ခဲလာတော့သည်။
"ဒါတွေက အဆုံးမရှိနိုင်ဘူးလား။ ဘယ်လောက်အထိ ကြာဦးမှာလဲ" သူသည် ဆက်လက် တိုက်ခိုက်ရင်း အော်ပြောလိုက်လေတော့သည်။