အခန်း (၄၂၉-၄၃၀)
Vol. 43 Ch. 429-430
အခန်း (၄၂၉) သူတို့ထဲက အများစုကိုပေါ့
"သူတို့ကို သတ်လိုက်တာ ငါပဲ" လုံချန်းက လူတိုင်း၏ရှေ့တွင် ပြောလိုက်သည်။
အကြီးအကဲများသည် အကြောင်းပြချက် တစ်ခုခုရှာပြီး သူတို့ကို သတ်ချင်နေကြသည်ကို လုံချန်း သိရှိပြီးသားဖြစ်သည်။ သို့သော် အလိမ်အညာကို သိနိုင်စွမ်းရှိသူတစ်ဦး ပါလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲက မန်ရှန်းလီကို တားဆီးလိုက်သည့် ပထမဆုံး စကားလုံးအား ပြောကတည်းက လုံချန်းသည် ဖြစ်လာမည့် တိုက်ပွဲအတွက် အဆင်သင့် ပြင်ထားပြီးသားဖြစ်သည်။
သူသည် မန်ရှန်းလီ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး၊ အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုရမည်။ ထိုသို့သော ဖိအားများကြားတွင်ပင် မန်ရှန်းလီသည် သူ့ကို သစ္စာမဖောက်ခဲ့ပေ။ အကယ်၍ သစ္စာဖောက်ခဲ့လျှင်ပင် လုံချန်းအတွက် စိုးရိမ်စရာ မရှိပေ။ နတ်ကောင်းကင်ဘုံဂိုဏ်းထဲတွင် တပည့်များအား သတ်ဖြတ်ခဲ့ကတည်းက အပြင်ရောက်လျှင် အကြီးအကဲများနှင့် တိုက်ခိုက်ရမည်ကို သူ ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
"မင်း သူတို့အားလုံးကို သတ်လိုက်တာလား" အမှန်တရားတာအိုဂိုဏ်းမှ ဂိုဏ်းချုပ်က မေးသည်။
"အားလုံးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အများစုကိုတော့ ငါ သတ်လိုက်တာပဲ။ တကယ်လို့ ငါ မသတ်ခဲ့ရင်တောင် မင်းတို့က ငါတို့ကို အလွယ်တကူ ပြန်လွှတ်ပေးမှာ မဟုတ်ဘူး မဟုတ်လား" လုံချန်းက ဆိုသည်။
"သူ အမှန်အတိုင်း ပြောနေတာပဲ" ဗုဒ္ဓကျောင်းတော် အကြီးအကဲက ထောက်ခံပေးသည်။
"လုံချန်း၊ နင်... နင် ဒါကို ဘယ်လိုလုပ်နိုင်ရတာလဲ။ ငါက နင်ကို ကယ်ဖို့အတွက် ကူညီပေးမလို့ စဉ်းစားနေတာ၊ ဒါပေမဲ့ နင်က တကယ်ပဲ လုပ်ခဲ့တာလား။ ရတနာတောင် မရှာဘဲ သူတို့တပည့်တွေကိုပဲ လိုက်သတ်နေခဲ့တာလား" မီယောင်က လုံချန်းကို ရွံရှာစက်ဆုပ်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
လုံချန်းသည် သူမကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
"နင်က ငါ့ကို ကူညီမလို့ ဟုတ်လား။ နင့်မျက်နှာကို ကြည့်တာနဲ့ နင် ဘာတွေးနေလဲဆိုတာ ငါ မသိဘူး ထင်နေလား။ တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက်က ငါ့ကို အခု တိုက်ခိုက်လိုက်ရင် နင် ခြေတစ်လှမ်းတောင် ရွှေ့မှာ မဟုတ်ဘူး။ လူတတ်ကြီးလို ဟန်ဆောင်နေတာကို ရပ်လိုက်စမ်းပါ" လုံချန်းက ပြန်ပက်လိုက်သည်။
မီယောင်၏ မျက်နှာမှာ နီမြန်းသွားသည်။ လုံချန်း ပြောသည်မှာ ကွက်တိပင်။ အခြေအနေ မဟန်တော့သည်ကို မြင်ကတည်းက သူမ ထိုအတိုင်း စဉ်းစားထားခြင်းဖြစ်သည်။ သူမသည် သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက်သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က တပည့်များကို တိုက်ခိုက်သတ်ဖြတ်လိုက်လျှင် သူမသည် ကယ်ဖို့ အချိန်မမီတော့ကြောင်း အကြောင်းပြကာ ထွက်ပြေးရန်သာ အစီအစဉ် ရှိသည်။
"နင် သေချင်သပဆိုလည်း သေလိုက်တော့။ ငါကတော့ သွားပြီ" မီယောင်သည် ပြောပြောဆိုဆိုနှင့် သူမ၏ မိုးပျံ သားရဲကို ထုတ်ကာ ပျံသန်းထွက်ခွာသွားတော့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ" လုံချန်းက သူမ ထွက်သွားသည်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ အကြီးအကဲ ဒေဝီမှာ မန်ရှန်းလီကို ကာကွယ်ရင်း ကျန်ရစ်ခဲ့သည်။
"မင်း သူငယ်ချင်းကို ကယ်ဖို့အတွက် အလိမ်ပြောခဲ့တယ်ပေါ့။ ငါ ဒါကို ကြိုတင်တွေးထားသင့်တာ။ မင်းက အမြဲတမ်း အဲဒီအတိုင်းပဲလေ။ ဂိုဏ်းထဲမှာတောင် တခြားလူတွေအတွက် အပြစ်ကို ခါးစည်းခံတတ်တယ်။ မင်းလို လူမျိုးကို ရထားတာ ငါတို့ဂိုဏ်းအတွက် ကံကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ပစ်မသွားဘူး။ ငါ့ရဲ့ နောက်ဆုံး ထွက်သက်အထိ ငါ တိုက်ခိုက်ပေးမယ်" အကြီးအကဲ ဒေဝီက မန်ရှန်းလီကို ပြောလိုက်သည်။
လူတိုင်းက လုံချန်းကို အာရုံစိုက်နေစဉ် အကြီးအကဲ ဒေဝီသည် မန်ရှန်းလီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါ့ရဲ့ မိုးပျံ သားရဲနဲ့ ထွက်ပြေးတော့။ မင်းရဲ့ ဂျူနီယာ ညီမကိုပါ ခေါ်သွား။ သူတို့ကို ငါ ဒီမှာ တားထားပေးမယ်"
"ဆရာက ကျွန်တော့်အတွက် ကျန်ခဲ့မှာကို ကျွန်တော် ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ"
"မင်းရဲ့ ဂျူနီယာ ညီမအကြောင်းကို စဉ်းစားဦး။ စီနီယာ အစ်ကိုတစ်ယောက်အနေနဲ့ သူ့ကို ကယ်တင်ဖို့က မင်းရဲ့ တာဝန်ပဲ။ သူ့ကို ခေါ်သွားပါ၊ မဟုတ်ရင် သူပါ ဒီမှာ အကြောင်းမဲ့ သေသွားရလိမ့်မယ်"
"ဒါဆို ဆရာ ထွက်ပြေးပါလား။ သူတို့က ကျွန်တော့်ကိုပဲ အာရုံစိုက်နေတာလေ။ ဆရာ သူ့ကို ခေါ်ပြီး လွတ်အောင်ပြေးပါ" မန်ရှန်းလီက ဆိုသည်။
"မဟုတ်ဘူး၊ မင်းက သူတို့ထဲက တစ်ယောက်ကိုတောင် တားနိုင်မှာ မဟုတ်ဘူး။ ငါ ကျန်ခဲ့မှသာ သူတို့ကို အချိန် နည်းနည်းလောက် တားထားနိုင်မှာ။ သွားတော့"
မန်ရှန်းလီ စိတ်ဒွိဟ ဖြစ်နေသည်။ သူ တခြားသူများကို ပစ်ထားနိုင်သော်လည်း သူနှင့်အတူပါလာသော ဂျူနီယာ ညီမမှာလည်း သူ၏ တာဝန်ဖြစ်သည်။ သူမကို သူ့ကြောင့်နှင့် အသေမခံနိုင်ပေ။ ယခု သူ၏ ရှေ့တွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ တစ်ခုမှာ အားလုံးနှင့်အတူ ကျန်ရစ်ပြီး အသေခံရန်၊ သို့မဟုတ် အကြီးအကဲ ဒေဝီနှင့် လုံချန်းတို့ကို ထားရစ်ကာ သူ၏ ဂျူနီယာ ညီမကို ကယ်တင်ရန်ဖြစ်သည်။
၎င်းမှာ သူ၏ ဘဝတွင် အခက်ခဲဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခုဖြစ်သည်။ သူသည် ကြောက်ရွံ့နေသော သူ၏ ဂျူနီယာညီမမျက်နှာကို ကြည့်ကာ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။ သူမကို ခေါ်ပြီး ထွက်သွားရန် သူ သဘောတူလိုက်သည်။ အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဆိုလျှင် သူ ထွက်သွားရန် အသင့်ဖြစ်သည်။
"ငါ သူတို့ကို တားဖို့ ကြိုးစားမယ်။ သူတို့ အာရုံလွဲနေတုန်း ထွက်ပြေးတော့" အကြီးအကဲ ဒေဝီက ပြောလိုက်သည်။ သို့သော် သူ၏ အစီအစဉ်ကို မစတင်မီမှာပင် လုံချန်းက စကားစပြောလိုက်သည်။
"ကဲ... မင်းတို့အားလုံး မသေခင်မှာ ထပ်ပြီး မေးချင်တာ ရှိသေးလား" လုံချန်းက မေးလိုက်သည်။
လူတိုင်းက သူ့ကို လူအ,တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
"မင်းရဲ့ အကြီးအကဲတောင် ကြောက်လို့ ထွက်ပြေးသွားပြီ။ မင်းက အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေတာလား" အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲ ဆွီရုက လှောင်ပြောင်သော လေသံဖြင့် မေးသည်။
"ဪ... နင်တို့ တည်းခိုတဲ့ မြို့ထဲမှာတင် နင့်တပည့် ၄ ယောက်ကို သတ်ခဲ့ပြီးတော့၊ နင့်ရဲ့ အဓိကတပည့် မင်္ဂလာဆောင်ထဲကိုတောင် အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာနိုင်ခဲ့တဲ့ ငါက... နောက်ထပ် ဘာကို မလုပ်နိုင်ဘဲ နေမှာလဲ" လုံချန်းက ပြုံးရင်း မေးလိုက်သည်။
အခြေအနေက ပြန်လှည့်၍ မရတော့သည့်အတွက် သူသည် အခြေအနေကို ပို၍ ဆိုးရွားအောင် လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
"နင်..." ဆွီရု ဒေါသကြောင့် တုန်ရင်သွားသည်။ မြို့ထဲတွင် သူမ၏ တပည့်များကို သတ်သွားသူမှာ လုံချန်းဖြစ်ကြောင်း သူမ ယခုမှ သိလိုက်ရခြင်းဖြစ်သည်။
"ဒါဆို မင်းက တပည့်တွေကို သတ်တဲ့ အတွေ့အကြုံ ရှိနေတာပေါ့။ မင်းက လူတိုင်းကို သတ်ဖို့ သက်သက်ကို ဒီကို လာခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ ငါတို့ အကုန်သိသွားပြီ။ မင်းရဲ့ အချိန်တွေ ကုန်ဆုံးသွားပြီ" သားရဲခန်းမမှ အကြီးအကဲက ဆိုသည်။
အကြီးအကဲတိုင်းနီးပါး လုံချန်းကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီ။
လုံချန်းသည် အလွန်ထက်မြက်သော အာရုံခံစားမှု ရှိသူဖြစ်ရာ အကြီးအကဲ ဒေဝီနှင့် မန်ရှန်းလီတို့၏ အစီအစဉ်ကို ကြားခဲ့သော်လည်း သူတို့ကို တားဆီးရန် မကြိုးစားခဲ့ပေ။ အမှန်တကယ်တွင် သူသည် လူတိုင်း၏ အာရုံကို သူ့ထံသို့ ရောက်အောင် ဆွဲယူနေခြင်းဖြစ်သည်။ အကြောင်းမှာ သူ့တွင် ကိုယ်ပိုင် အစီအစဉ် ရှိနေသောကြောင့်ပင်။
"သေပေတော့" ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲက အော်ဟစ်ကာ လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။
သူ၏ ဦးခေါင်းအထက်တွင် သွေးမြစ်တစ်စင်း ပေါ်လာပြီး လုံချန်းထံသို့ ပစ်လွှတ်လိုက်သည်။ အမှန်တရားတာအိုဂိုဏ်း အကြီးအကဲကလည်း သူ၏ ရွှေကြာပန်း ပညာရပ်ကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။ သူ၏ လက်ပေါ်တွင် ဦးခေါင်းခွံခန့်ရှိသော ရွှေရောင်ကြာပန်းတစ်ပွင့် ပေါ်လာပြီး လုံချန်းထံသို့ ပျံသန်းသွားသည်။
မန်ရှန်းလီသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ ဂျူနီယာညီမကို ခေါ်၍ မိုးပျံ သားရဲဖြင့် ထွက်ပြေးတော့သည်။
"မင်း ဘယ်ကို ထွက်ပြေးမလို့လဲ။ ပြေးနိုင်မယ် ထင်နေလား" အကြီးအကဲ နှစ်ဦးက မန်ရှန်းလီ ထွက်ပြေးသည်ကို သတိပြုမိသွားကြသည်။
သူတို့က သူ့ကို တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အကြီးအကဲ ဒေဝီက သူတို့ရှေ့တွင် ပေါ်လာသည်။
"အမြင်အာရုံ ချို့ယွင်းခြင်း" သူက သူ၏ ပညာရပ်ကို အသုံးပြုလိုက်သည်။
ထိုပညာရပ်ဖြင့် သူသည် လူတစ်ယောက်၏ အမြင်အာရုံကို စက္ကန့် ၂၀ ကြာအောင် ကွယ်ပျောက်သွားစေနိုင်သည်။ အကြီးအကဲများ မမြင်ရတော့သည့် အချိန်တွင် အကြီးအကဲ ဒေဝီက သူတို့ကို တိုက်ခိုက်လိုက်သည်။ ကြီးမားသော ရွှေရောင်လက်ဝါးကြီး နှစ်ဖက်သည် အကြီးအကဲ ဒေဝီ၏ ရှေ့တွင် ပေါ်လာပြီး အကြီးအကဲများထံသို့ တိုးဝင်သွားသည်။
ထိုအကြီးအကဲ နှစ်ဦးမှာ မမြင်ရသော်လည်း သူတို့သည် ကောင်းကင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့ထံ စီးဝင်လာသော ချီစွမ်းအင်များကို အာရုံခံနိုင်သည်။ သူတို့သည် မန်ရှန်းလီထံ ပစ်လွှတ်ရန် ပြင်ထားသော တိုက်ကွက်များကို လမ်းကြောင်းပြောင်းကာ သူတို့ရှေ့သို့ ပြန်လည် တိုက်ခိုက်လိုက်ကြသည်။
တိုက်ကွက်ချင်း ထိမှန်သွားသဖြင့် အကြီးအကဲ ဒေဝီ၏ တိုက်ခိုက်မှုမှာ ရပ်တန့်သွားပြီး ထိုအကြီးအကဲများလည်း အသက်ဘေးမှ လွတ်မြောက်သွားသည်။ စက္ကန့် ၂၀ ပြည့်သွားသောအခါ သူတို့သည် မန်ရှန်းလီ ထွက်ပြေးသွားသော လမ်းကြောင်းသို့ ကြည့်လိုက်သော်လည်း သူ့ကို မတွေ့ရတော့ပေ။
"မင်း သူ့ကို ပြေးအောင် ကူညီလိုက်ရင်ကော ဘာဖြစ်လဲ။ ငါတို့ သူ့ကို သေချာပေါက် ပြန်ရှာတွေ့မှာပဲ။ စိတ်မပူနဲ့... ငါတို့ သူ့ကို ရှာတွေ့ရင် သတ်ပစ်မယ်" ထိုသို့ ပြောရင်း အကြီးအကဲ ဒေဝီကို စိုက်ကြည့်လိုက်ကြသည်။
"အဲဒါအတွက် မင်းတို့ အသက်ရှင်နေဖို့တော့ လိုလိမ့်မယ်" အကြီးအကဲ ဒေဝီက ပြောရင်း သူတို့ထံသို့ ပြေးဝင်သွားသည်။
အခြားတစ်ဖက်တွင်မူ အကြီးအကဲ အများစုမှာ လုံချန်းကိုသာ အာရုံစိုက်နေကြသည်။ သူတို့အားလုံးသည် လုံချန်းကို သတ်ရာတွင် ပါဝင်လိုကြသဖြင့် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ သို့သော် တိုက်ကွက်များ သူ၏အနားသို့ ရောက်ခါနီးမှာပင် လုံချန်းသည် နေရာရွှေ့ပြောင်းကာ ရှောင်တိမ်းလိုက်သည်။
အကြီးအကဲများသည် သူတို့နှင့် မီတာ ၁၀၀ ခန့် အကွာတွင် ရပ်နေသော လုံချန်းကို လှည့်ကြည့်လိုက်ကြသည်။
"တကယ့် ပွဲကောင်းက အခုမှ စမှာ..." လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။
အခန်း (၄၃၀) သွေးမိုး
"ဘယ်သူမှ လန်ကျင်းလောက် မသန်မာဘူး၊ ဂိုဏ်းတိုင်းက ကောင်းကင်အဆင့် အစောပိုင်း အဆင့်ရှိတဲ့ အကြီးအကဲတွေကိုပဲ လွှတ်လိုက်တာပဲ" လုံချန်းက သူ့ကို စိုက်ကြည့်နေသော အကြီးအကဲ ၁၅ ဦးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ကျန်ရှိသော အကြီးအကဲ ၂ ဦးမှာ အကြီးအကဲ ဒေဝီနှင့် တိုက်ခိုက်နေကြသည်။
အကြီးအကဲ ၁၅ ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရပ်လျက် လုံချန်းကို ကြည့်နေကြသည်။ လုံချန်းသည် အကြီးအကဲများကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မြူနှင်းကဲ့သို့သော အလင်းတန်းများ စတင်တောက်ပလာတော့သည်။
လုံချန်းသည် ပုံရိပ်ယောင် နိယာမကို အသုံးပြုလိုက်သဖြင့် သူသည် သူတို့၏ မျက်စိရှေ့မှတင် ပျောက်ကွယ်သွားသည်။ သူသည် ထိုနေရာတွင်ပင် ရှိနေသေးသော်လည်း အခြားသူများမှာမူ သူ့ကို မမြင်ရတော့ပေ။
သူသည် မိမိကိုယ်ကို မရှိသယောင် ဖန်တီးလိုက်ခြင်းဖြစ်သည်။ သူသည် သူတို့နှင့် အတော်အတန် ဝေးသောနေရာတွင် ရှိနေပြီး အကြီးအကဲများမှာ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် ရပ်နေကြသဖြင့် သူတို့အားလုံးကို တစ်ပြိုင်တည်း အာရုံစိုက်ရန် လုံချန်းအတွက် ပို၍ လွယ်ကူသွားသည်။ သူသည် သူတို့အားလုံးအပေါ် တစ်ပြိုင်တည်း ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
အကြီးအကဲများသည် လုံချန်း မည်သို့ ပျောက်ကွယ်သွားသည်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်သော်လည်း သူ့ကို မတွေ့ရပေ။
"သူ ဘယ်ကို ရောက်သွားတာလဲ" သားရဲခန်းမမှ အကြီးအကဲက နားမလည်နိုင်စွာ အော်ဟစ်လိုက်သည်။
အကြီးအကဲများ မျက်စိလည်နေစဉ် လုံချန်းသည် လက်တွေ့နှင့် တထေရာတည်းတူသော လောကအတု တစ်ခုကို သူတို့ရှေ့တွင် ဖန်တီးလိုက်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူတစ်ပါးကို မမြင်စေချင်သော အရာမှန်သမျှကို ကွယ်ပျောက်သွားအောင် သူ လုပ်ထားခြင်းဖြစ်သည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ မြွေဘုရင်ကို ထုတ်လိုက်သော်လည်း အခြားသူများမှာ မမြင်ရပေ။ ထို့ပြင် မုဆိုးကြယ်ကိုလည်း ထုတ်လိုက်သည်။
"အခု ဘာဖြစ်နေတာလဲ" မြွေဘုရင်သည် အပြင်ရောက်သည်နှင့် လုံချန်းကို မေးလိုက်သည်။ မြွေဘုရင်မှာ အိပ်ပျော်နေစဉ် အထုတ်ခံလိုက်ရခြင်း ဖြစ်သဖြင့် အနည်းငယ် ထုံထိုင်းနေသေးသည်။
"ဒါ လူသတ်ရမယ့် အချိန်ပဲ။ ဒီကလူတိုင်းက ငါတို့ရဲ့ ရန်သူတွေပဲ၊ သူတို့ကို သတ်ပစ်ရမယ်။ ငါ သူတို့ကို အာရုံစိုက်ထားသရွေ့ သူတို့တွေ သိပ်ပြီး လူစုမခွဲသရွေ့ သူတို့ မင်းကို မြင်ရမှာ မဟုတ်ဘူး။ အဲဒီတော့ တစ်ယောက်ယောက်က လူစုခွဲပြီး ထွက်သွားဖို့ ကြိုးစားတာနဲ့ မင်းရဲ့ စွမ်းအားကို သုံးပြီး သူတို့ကို တားဆီး သတ်ဖြတ်လိုက်" လုံချန်းက မြွေဘုရင်ကို ညွှန်ကြားလိုက်သည်။
"မုဆိုးကြယ်... သူတို့ကို တစ်ချက်တည်းနဲ့ သေအောင် သတ်။ ဘယ်သူ့ကိုမှ အသက်မချန်နဲ့၊ ဒါပေမဲ့ မင်းကိုလည်း အမိမခံစေနဲ့ဦး။ မင်းက ကမ္ဘာမြေအဆင့်မှာပဲ ရှိသေးပေမဲ့ မင်းရဲ့ အရှိန်ကတော့ သူတို့ထက် ပိုမြန်နေမှာပါ" လုံချန်းက အကြီးအကဲများထံမှ မျက်တောင်မခတ်ဘဲ မုဆိုးကြယ်ကို ပြောလိုက်သည်။ သူသည် အကြီးအကဲများကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်နေရသည်။
"သူက ဒီအတိုင်း လေထဲကို ပျောက်ကွယ်သွားလို့ မရဘူး။ သူ ထွက်ပြေးဖို့အတွက် ရှားပါးတဲ့ နေရာရွှေ့ပြောင်း အဆောင် တစ်ခုခု သုံးသွားတာလား" အမှန်တရားတာအိုဂိုဏ်းမှ အကြီးအကဲက ဆိုသည်။
"သူ မပျောက်သွားခင်မှာ သူ့လက်ထဲမှာ ဘာအဆောင်မှ ရှိမနေတာ ငါ မြင်လိုက်တယ်။ သူ ဒီနားမှာပဲ ပုန်းနေတာ ဖြစ်ရမယ်။ ဒါ သေချာပေါက် ပညာရပ်တစ်ခုပဲ" သွေးစုပ်ဂိုဏ်းမှ အကြီးအကဲက အော်ပြောလိုက်သည်။
"သူ့မှာ မိန်းကလေးတစ်ယောက် ပါလာတယ် မဟုတ်လား။ သူမကို သုံးပြီး သူ့ကို ထွက်လာအောင် ခြောက်ကြရအောင်" အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲက ပြောရင်း ချူးမြောင် ရှိနေခဲ့သော နေရာသို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူမကိုလည်း မတွေ့ရတော့ပေ။
မီယောင် ထွက်ပြေးသွားစဉ်က လုံချန်းကိုသာမက ချူးမြောင်ကိုပါ ပစ်ထားခဲ့ခြင်းဖြစ်သည်။ မီယောင်သည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ယခင်က လူတိုင်းမှာ လုံချန်းကိုသာ အာရုံစိုက်နေကြသဖြင့် ချူးမြောင်ကို လုံးဝ လျစ်လျူရှုထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် လုံချန်းကတော့ ကြိုတင်ကာကွယ်မှုများ လုပ်ထားပြီးသားဖြစ်သည်။ တိုက်ပွဲမစမီကပင် ချူးမြောင်ကို သူ ပြောထားခဲ့သည်။ အကယ်၍ ရန်သူများ သူ့အား မမြင်ရတော့သည်ကို မြင်လျှင် ထိုနေရာမှ ချက်ချင်း ထွက်သွားရန် သူ မှာကြားထားခြင်း ဖြစ်သည်။
ချူးမြောင်မှာမူ ဇဝေဇဝါဖြင့် ရပ်ကြည့်နေဆဲဖြစ်သည်။ သူမသည် လုံချန်းနှင့် သူ၏ သားရဲနှစ်ကောင်ကို မြင်နေရသော်လည်း အခြားသူများမှာ မမြင်ရသည်ကို သတိပြုမိလိုက်သည်။ လုံချန်းသည် ပညာရပ်တစ်ခုခုကို သုံးနေခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။
သူမသည် သူမ၏ တောင်ပံပါးကျားကို ထုတ်ကာ အပေါ်သို့ တက်လိုက်သော်လည်း ထွက်ပြေးမသွားဘဲ လုံချန်းရှိရာသို့ ဦးတည်သွားလိုက်သည်။
"ငါနဲ့ လိုက်ခဲ့။ အခု ငါတို့ ထွက်သွားသင့်ပြီ" ချူးမြောင်က လုံချန်းကို ပြောလိုက်သည်။
"နင် အရင်သွားနှင့်။ ငါ အခု ထွက်သွားရင် အားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်" လုံချန်းက သူမကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ငါ နင့်ကို ပစ်မထားခဲ့ဘူး။ နင် ကျန်ခဲ့ရင် ငါလည်း ကျန်ခဲ့မယ်" ထိုသို့ ပြောကာ ချူးမြောင်သည် သားရဲပေါ်မှ ဆင်းပြီး လုံချန်း၏ ဘေးတွင် ရပ်လိုက်သည်။
"တစ်ခုခု မှားယွင်းသွားရင် နင် အလကား သေသွားလိမ့်မယ်။ ငါ ပြောသလိုပဲ... နင် ဒီမှာ ရှိနေတာကပဲ အခြေအနေကို ပိုဆိုးစေလိမ့်မယ်။ သူတို့ကို မသတ်ဘဲ ငါ မပြန်ဘူး။ သူတို့အားလုံး သေမှသာ ငါ့အတွက် ကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီဂိုဏ်းတွေ အားလုံးက ငါ့နောက်ကို လိုက်နေကြမှာ... အခု သူတို့ကို သတ်ပစ်တာကပဲ ဒီအာဃာတတွေကို ရပ်တန့်ဖို့ အကောင်းဆုံးနည်းပဲ" လုံချန်းက ပြုံးရင်း ဆိုသည်။
"အဲဒီမိန်းကလေးလည်း ဒီမှာ မရှိတော့ဘူး" အကြီးအကဲများသည် ချူးမြောင်ပါ ပျောက်ဆုံးနေသည်ကို သတိပြုမိသောအခါ ပို၍ မျက်စိလည်သွားကြသည်။
"အား..." အနီးအနားတွင် အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ မုဆိုးကြယ်က အကြီးအကဲတစ်ဦး၏ ဦးခေါင်းကို ကိုက်ဖြတ်လိုက်ခြင်း ဖြစ်သည်။
မြွေဘုရင်သည်လည်း တတ်နိုင်သမျှ ကြီးမားအောင် လုပ်ကာ သူတို့ကို ပတ်ပတ်လည်မှ ဝိုင်းရံထားလိုက်သည်။
"လူစုခွဲကြ၊ ဒီမှာ တစ်ခုခု ရှိနေတယ်" ဗုဒ္ဓကျောင်းတော်မှ အကြီးအကဲက အော်ပြောလိုက်သော်လည်း သူ၏စကား မဆုံးမီမှာပင် မြွေဘုရင်က သူ့ကို ဝါးမြိုလိုက်လေတော့သည်။
အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည့် အော်သံများကို သူတို့ ကြားနေရသော်လည်း သူတို့ လှည့်ကြည့်လိုက်သောအခါ အကြီးအကဲများမှာ ထိုနေရာတွင် ဘာမှမဖြစ်သကဲ့သို့ ရပ်နေကြသည်ကိုသာ မြင်နေရသည်။ ၅ မိနစ်မပြည့်မီမှာပင် အကြီးအကဲ ၁၀ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ မူလကရှိသော အကြီးအကဲ ၁၇ ဦးတွင် ယခုအခါ ၇ ဦးသာ ကျန်တော့သည်။
မြွေဘုရင်သည် စုံတွဲကျင့်စဉ်ဂိုဏ်းမှ အကြီးအကဲကို အာရုံစိုက်နေစဉ် မုဆိုးကြယ်က ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲအား တိုက်ခိုက်လိုက်သည်။
ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲသည် သူ အတိုက်ခိုက်ခံရတော့မည်ကို အာရုံရလိုက်သဖြင့် အန္တရာယ်ကို သတိပြုမိသွားသည်။ သူသည် မျက်လုံးကို မှိတ်ကာ လူသတ်ငွေ့အရှိန်အဝါများ စီးဆင်းရာကို အာရုံစိုက်လိုက်သည်။ လူသတ်ငွေ့ လာရာလမ်းကြောင်းကို သိလိုက်သည်နှင့် သူသည် သူ၏ ဓားဖြင့် ဘယ်ဘက်သို့ လှမ်း၍ တိုက်ခိုက်လိုက်သည်။
မုဆိုးကြယ်မှာ အကြီးအကဲထံသို့ ခုန်အုပ်နေစဉ် လေထဲမှာပင် ရှိနေသေးသည်။ ဓားက သူ့ထံသို့ လာနေသည်ကို မြင်သောအခါ သူသည် လေထဲမှာပင် လမ်းကြောင်းပြောင်းကာ အခြားအကြီးအကဲ တစ်ဦးကို ပြောင်းလဲ တိုက်ခိုက်လိုက်ပြန်သည်။ နောက်ထပ် အော်သံတစ်သံ ထပ်မံ ထွက်ပေါ်လာသည်။
"တော်ပြီ" ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲသည် ဒေါသတကြီး အော်ဟစ်ကာ သူ၏ အရှိန်အဝါများကို ပတ်ပတ်လည်သို့ ဖြန့်ကြက်လိုက်သည်။ သူသည် လေပေါ်သို့ ခြေလှမ်းကာ အထက်သို့ ပို၍ မြင့်အောင် တက်သွားသည်။
"ဒါဟာ ပုံရိပ်ယောင် ဖြစ်အောင် လုပ်ထားတာပဲ။ ငါတို့ လက်တွေ့ကို မမြင်ရတာပဲ။ အဲဒီကောင်လေး ဒီမှာပဲ ရှိနေသေးတာ ထင်ရှားတယ်" အမှန်တရားတာအိုဂိုဏ်း အကြီးအကဲလည်း အခြေအနေကို ရိပ်မိသွားပြီ ဖြစ်သည်။
ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲသည် မြေပြင်မှ ပေ ၅၀ ခန့်အကွာတွင် ရပ်လျက် လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။
"သွေးမိုး" သူက ဟိန်းဟောက်လိုက်သည်။
သူ၏ ဦးခေါင်းထက်တွင် သွေးပင်လယ်ကြီးတစ်ခု ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ထိုသွေးပင်လယ်မှာ လေထဲတွင် မနေတော့ဘဲ မြေပြင်သို့ ဒလဟော ပြုတ်ကျလာတော့သည်။
၎င်းကို သွေးမိုးဟု ခေါ်သော်လည်း မိုးရွာသကဲ့သို့ မဟုတ်ဘဲ တစ်ယောက်ယောက်က ရေအမြောက်အမြားကို သွန်ချလိုက်သကဲ့သို့ပင် ဖြစ်သည်။ ထိုသွေးများသည် လုံချန်းနှင့် သူ၏ သားရဲများအပါအဝင် လူတိုင်းအပေါ်သို့ ကျရောက်သွားသည်။
ထိုသွေးများက မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာ မရစေသော်လည်း၊ လုံချန်း၏ ပုံရိပ်ယောင် ပညာရပ်ကိုတော့ အစွမ်းကုန် ပျက်ပြယ်သွားစေသည်။ ဤသွေးမိုးပညာရပ်မှာ ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း၏ အထူးပညာရပ်ဖြစ်ပြီး လက်ရှိ အသုံးပြုနေသော ပညာရပ်မှန်သမျှကို ချေဖျက်ပေးရုံသာမက၊ ထိုပညာများကို နောက်ထပ် ၅ မိနစ်အထိ အသုံးမပြုနိုင်အောင် တားဆီးထားနိုင်စွမ်း ရှိသည်။
အမှန်တရားတာအိုဂိုဏ်း အကြီးအကဲလည်း သူ၏ စွမ်းရည်ကို သုံးရန် ပြင်နေသော်လည်း သွေးမိုး၏ အာနိသင်ကြောင့် အလုပ်မဖြစ်တော့ပေ။ လုံချန်းမှာ ပုံရိပ်ယောင် နိယာမကို နားလည်ထားသော်လည်း သူ အသုံးပြုနေသည်မှာ ထိုနိယာမအား အခြေခံထားသော ပညာရပ်သာ ဖြစ်သဖြင့် သူ၏ ပညာရပ်မှာလည်း ပျက်ပြယ်သွားကာ သူ၏ ပုံရိပ်မှာ ပြန်လည် ပေါ်ထွက်လာတော့သည်။
လူတိုင်းသည် လုံချန်းကို ပြန်မြင်လိုက်ရသလို သေဆုံးနေသော အကြီးအကဲ ၁၁ ဦး၏ အလောင်းများကိုလည်း တွေ့လိုက်ရသည်။ အကြီးအကဲ ဒေဝီ၏ အလောင်းမှာလည်း မြေပြင်ပေါ်တွင် ရှိနေသည်။ လုံချန်း သူ၏ ပုံရိပ်ယောင် ပညာရပ်ကို မသုံးမီကပင် အကြီးအကဲ ဒေဝီမှာ ထိုအကြီးအကဲ ၂ ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခု ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူ အကြီးအကဲ ၆ ဦးသာ ကျန်ရှိတော့သည်။