အခန်း (၄၃၃-၄၃၄)
Vol. 44 Ch. 433-434
အခန်း (၄၃၃) အလိမ်အညာ
နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက်တွင် လုံချန်းသည် သူ၏ ခန္ဓာကိုယ်ကို နောက်ဆုံးတွင် လှုပ်ရှားနိုင်သွားသည်။
"ငါ လှုပ်လို့ရပြီ။ လွှတ်လို့ရပြီ" သူက သူ့ကို တင်းတင်းဖက်ထားဆဲဖြစ်သော ချူးမြောင်ကို ပြောလိုက်သည်။
"ဪ... ဟုတ်သားပဲ။ နင် တကယ်ပဲ အဆင်ပြေသွားပြီလား" ချူးမြောင်က လုံချန်းကို ဖက်ထားရာမှ လွှတ်ပေးရင်း မေးလိုက်သည်။
"အင်း... အခု အဆင်ပြေသွားပါပြီ။ ကိုယ်ပိုင်မဟုတ်တဲ့ စွမ်းအားကို သုံးလိုက်မိလို့ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးလေးပါပဲ" လုံချန်းက ပြန်ဖြေသည်။
သူသည် ထိုင်ရအဆင်ပြေမည့် အနေအထားသို့ ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး အချိန်အတော်ကြာအောင် မလှုပ်ရှားနိုင်ခဲ့သော သူ၏ လက်မောင်းများကို ဆန့်ထုတ်လိုက်သည်။ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သည့်အတွက် သူ အလွန်ကျေနပ်သွားသည်။
"ဘာပဲဖြစ်ဖြစ်... အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးရအောင်။ ငါတို့ ဂိုဏ်းကို ပြန်သွားတဲ့အခါ မီယောင် ရှိနေမှာ နင်သိတယ်မလား။ ငါ ပြောသမျှကိုပဲ နင် ဂိုဏ်းကို အတိအကျ ပြောပြရမယ်။ အမှန်တကယ် ဘာဖြစ်ခဲ့လဲဆိုတာကို သူတို့ကို ပြောပြလို့ မဖြစ်ဘူး" သူက ချူးမြောင်ကို ဆိုသည်။
"ဪ... ဟုတ်သားပဲ။ ငါ့ကို ဘာပြောစေချင်တာလဲ" ချူးမြောင်က လုံချန်း ဘာစီစဉ်ထားသည်ကို သိလိုစိတ်ဖြင့် မေးလိုက်သည်။
လုံချန်းသည် ယနေ့တွင် သူမကို လုပ်စေလိုသည့် အရာအားလုံးကို ပြောပြလိုက်သည်။ ဂိုဏ်းကို ရောက်သည့်အခါ ဘာတွေ ဖြစ်လာနိုင်သည်၊ သူတို့ မည်သို့ တုံ့ပြန်သင့်သည်ဆိုသည်ကို အသေးစိတ် ရှင်းပြလိုက်သည်။
ချူးမြောင်မှာမူ ထိုအစီအစဉ်ကို ကြားသောအခါ ထိတ်လန့်သွားသလို အနည်းငယ်လည်း မဝံ့မရဲ ဖြစ်နေသည်။
"ငါတို့ တကယ်ပဲ အဲဒီလို လုပ်သင့်လို့လား။ ဒါက သူမကို အများကြီး ထိခိုက်စေနိုင်တယ်နော်" သူမက ဝင်ပြောသည်။ သူမသည် ထိုအစီအစဉ်မှာ ကောင်းလှသည်ဟု မထင်ပေ။
လုံချန်းက သူမကို ခဏမျှ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
"ငါကတော့ သူ့ကို ဂရုမစိုက်ဘူး။ ဒါဟာ စမ်းသပ်မှုတစ်ခုလိုပဲ၊ အဲဒီမှာ သူ ဘာလုပ်ခဲ့လဲဆိုတာ နင်အသိဆုံးပါ။ ငါ့ကိုတင် မဟုတ်ဘူး၊ နင့်ကိုတောင် သူက ပစ်ထားခဲ့တာ။ သူ့ကို သင်ခန်းစာတစ်ခု ပေးဖို့အတွက် ဒါဟာ ထိုက်တန်ပါတယ်" လုံချန်းက ပြန်ဖြေသည်။
"အဲဒါ... အဲဒါလည်း ဟုတ်တာပါပဲ။ ကောင်းပြီလေ... နင် ဦးဆောင်တဲ့အတိုင်း ငါ လိုက်လုပ်ပါ့မယ်" ချူးမြောင်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သူတို့၏ မိုးပျံ သားရဲမှာ ဝိညာဉ်နက်ဂိုဏ်းဆီသို့ ဆက်လက် ပျံသန်းနေသည်။
"ငါ နင့်ကို တစ်ခုလောက် မေးလို့ရမလား။ အဲဒီ စကားပြောနိုင်တဲ့ မြွေကို နင် ဘယ်မှာ တွေ့ခဲ့တာလဲ။ သူက တကယ်ကို အစွမ်းထက်တာပဲ။ အဲဒီလို အကောင်မျိုးကို နင် ဘယ်လို ယဉ်ပါးအောင် လုပ်လိုက်လဲဆိုတာ ငါ စဉ်းစားတောင် မရဘူး" ခဏအကြာတွင် ချူမြောင်က လုံချန်းကို မေးသည်။
"သူ့ကို တွေ့ခဲ့တာ ကြာပါပြီ။ အဲဒီတုန်းက သူက အခုလောက် မသန်မာသေးဘူး" လုံချန်းက ပြန်ဖြေလိုက်သော်လည်း သူမကိုယ်တိုင် လုံချန်းကို ဂိုဏ်းက ဖမ်းထားသော သားရဲများရှိရာသို့ ခေါ်သွားစဉ်က ဝိညာဉ်နက်ဂိုဏ်းထဲမှာတင် တွေ့ခဲ့ခြင်းဖြစ်ကြောင်းကိုမူ မပြောခဲ့ပေ။ အကယ်၍သာ သူမ ထိုနေရာကို ခေါ်မသွားခဲ့လျှင် သူသည် မြွေဘုရင်နှင့် တွေ့ဆုံနိုင်မည် မဟုတ်ပေ။
"ဪ... သူ အားနည်းနေတုန်းမှာ တွေ့ခဲ့တာဆိုတော့ နင် တကယ်ပဲ ကံကောင်းတာပဲ။ ငါတို့လို စကားပြောနိုင်တဲ့ သားရဲမျိုးအကြောင်း တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ဒီကမ္ဘာမှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိတယ်ဆိုတာ ငါ နားလည်ပါတယ်၊ ဘာမဆို ဖြစ်နိုင်တာပဲလေ" ချူးမြောင်က ဆိုသည်။
"အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် အစီအစဉ်ကို နင် နားလည်မယ်လို့ မျှော်လင့်ပါတယ်။ အဓိက အချက်ကတော့ ဘာပဲဖြစ်ဖြစ် နင် ပြောထားတဲ့ စကားကနေ မယိမ်းယိုင်ဖို့ပဲ" လုံချန်းက မှာကြားလိုက်သည်။
"ငါ ဘာလုပ်ရမလဲဆိုတာ နားလည်ပါပြီ။ အမိမခံရအောင် အစွမ်းကုန် ကြိုးစားပါ့မယ်"
"ကောင်းပြီ" လုံချန်းက ခေါင်းညိတ်လိုက်သည်။
သူတို့သည် ဂိုဏ်းသို့ ဆက်လက် ပျံသန်းလာခဲ့ကြသည်။ အချိန်များ ကုန်လွန်သွားပြီး နေ့မှ ည၊ ညမှ နေ့သို့ တစ်ဖန် ကူးပြောင်းလာပြန်သည်။ လမ်းခရီးတွင် သူတို့ ခေတ္တ နားနေခဲ့ကြသေးသည်။ လုံချန်းသည် ဂိုဏ်းထဲသို့ ဝင်သည့်အခါ သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိနေလိုသောကြောင့် ဖြစ်သည်။
အတန်ကြာ ခရီးနှင်ပြီးနောက် သူတို့၏ ဂိုဏ်းပုံရိပ်ကို အဝေးမှ စတင် မြင်တွေ့လိုက်ရသည်။ ဝိညာဉ်နက်ဂိုဏ်းသည် သဘာဝ အတားအဆီးများ ဝန်းရံလျက် ခမ်းနားထည်ဝါစွာ တည်ရှိနေဆဲဖြစ်သည်။
သူတို့သည် ဂိုဏ်း၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။ ဂိုဏ်းအစောင့်များက သူတို့ကို တားဆီးသော်လည်း သူတို့၏ တပည့်တံဆိပ်ပြားများကို ပြလိုက်သောအခါ ဝင်ခွင့်ပေးလိုက်သည်။ ထိုတံဆိပ်ပြားများတွင် လူမှန် မမှန် ခွဲခြားနိုင်သော ထူးခြားချက် ရှိသည်။ ပိုင်ရှင်ကိုယ်တိုင် ကိုင်ထားလျှင် တံဆိပ်ပြားမှာ အလင်းဖျော့ဖျော့ ထွက်ပေါ်နေမည်ဖြစ်ပြီး သူတစ်ပါး ခိုးယူအသုံးပြုလျှင် ထိုအလင်းမှာ ပျောက်ကွယ်သွားမည် ဖြစ်သည်။
သူတို့သည် မီယောင်ထက် ဆယ်နာရီခွဲခန့် နောက်ကျပြီးမှ ဂိုဏ်းသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ မီယောင်သည် ဂိုဏ်းချုပ်ထံသို့ ရောက်နှင့်နေပြီဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှကို သူမ၏ ပုံစံဖြင့် ရှင်းပြထားပြီးသား ဖြစ်သည်။ လန်ကျင်းမှာ လုံချန်း သေဆုံးသွားပြီဟူသော စကားကို ပထမတော့ မယုံကြည်နိုင်ပေ။ လုံချန်းသည် သူပေးအပ်ထားသော အထူးတာဝန်ရှိနေသည့်အတွက် အခြားသူများကို အသက်ဘေးရောက်အောင် လိုက်သတ်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
မီယောင်က သူမသည် လုံချန်းနှင့် ချူမြောင်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြောင်း အခြားအကြီးအကဲ ၁၇ ဦးကို အံတုခဲ့သော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြောင်း လိမ်ညာ ပြောဆိုခဲ့သည်။ သူတို့ အသတ်ခံလိုက်ရပြီးမှသာ သူမ ထွက်ပြေးလာနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လန်ကျင်းသည် လုံချန်းတို့ကို မကယ်နိုင်ခဲ့သည့်အတွက် မီယောင်အပေါ် အလွန်အမင်း ဒေါသထွက်နေသည်။ သူသည် ဒေါသလွန်ကဲသဖြင့် မီယောင်ကိုပင် တိုက်ခိုက်ရန် ပြင်ခဲ့သော်လည်း ဂိုဏ်း၏ မဟာအကြီးအကဲများက သူ့ကို ဆွဲထားခဲ့ကြရသည်။ အမှန်တကယ်တွင် သူသည် လုံချန်းကို မတွေ့ရတော့သည့်အတွက် သူ၏ အစီအစဉ်များ ပျက်စီးသွားမည်ကို စိုးရိမ်ကာ ပို၍ ဒေါသထွက်နေခြင်း ဖြစ်သည်။
ဂိုဏ်းမဟာ အကြီးအကဲများက သူ့ကို ဖျောင်းဖျကာ အဝေးသို့ ခေါ်သွားကြသည်။ လန်ကျင်းသည် ဆွေးနွေးပွဲ ခန်းမဆောင်မှ ထွက်လာရုံရှိသေးစဉ်မှာပင် လုံချန်းနှင့် ချူးမြောင်တို့ သားရဲပေါ်မှ ဆင်းသက်လာကြသည်။
"ဘာ... ဘာလဲဟ"
လူတိုင်းက သူတို့ မြင်လိုက်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေကြသည်။ လန်ကျင်းသာမက မဟာအကြီးအကဲများပင် ဆွံ့အသွားကြသည်။ သူတို့ သေဆုံးသွားသည်ကို စောင့်ကြည့်ခဲ့ရပြီး မကယ်နိုင်ခဲ့ပါဟု မီယောင် ပြောဆိုနေသည်ကို ကြားခဲ့ရုံရှိသေးသော်လည်း ယခုမူ သူတို့သည် မျက်စိရှေ့တွင် အသက်ရှင်လျက် ပေါ်လာကြပြီဖြစ်သည်။
လုံချန်းသည် ချူးမြောင်နှင့်အတူ သူတို့ရှေ့သို့ ဆင်းသက်လိုက်သည်။
"မင်းတို့ အသက်ရှင်နေတာလား" မဟာအကြီးအကဲတစ်ဦးက မေးသည်။
"ဘာလို့လဲ၊ သစ္စာဖောက် မီယောင်က ကျုပ်တို့ သေပြီလို့ ပြောထားလို့လား" လုံချန်းက မေးလိုက်သည်။
"သစ္စာဖောက် ဟုတ်လား။ မင်း ဘာကို ဆိုလိုတာလဲ" လန်ကျင်းက အလောတကြီး မေးလိုက်သည်။
"အဲဒီမိန်းမယုတ်က ကျုပ်တို့ကို သတ်ပြီး ပစ်ထားခဲ့တာဗျ။ ရတနာအားလုံးကိုလည်း သူ ယူသွားခဲ့တယ်။ တကယ်လို့ မန်ရှန်းလီ'သာ ကျွန်တော်တို့ကို အချိန်မီ တွေ့ပြီး သူ့ရဲ့ အသက်ပေးဆေးလုံးကို မတိုက်ကျွေးခဲ့ရင် ကျုပ်တို့ နှစ်ယောက်လုံး သေနေလောက်ပြီ" လုံချန်းက နာကျည်းမှုအပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်သည်။
"မန်ရှန်းလီ ဟုတ်လား။ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းရဲ့ ထိပ်သီးတပည့်ကို ပြောတာလား။ သူက ဘာလို့ မင်းတို့အတွက် အဖိုးတန်ဆေးလုံးတွေကို သုံးရမှာလဲ" မဟာအကြီးအကဲတစ်ဦးက သံသယဖြင့် မေးသည်။
လုံချန်း၏ကိုယ်စား ချူးမြောင်က ပြန်ဖြေလိုက်သည်။ ၎င်းမှာ လုံချန်း ကြိုတင်စီစဉ်ထားသည့်အတိုင်းပင်။ "အဲဒါက စီနီယာအစ်ကို ချန်းက နတ်ကောင်းကင်ဘုံဂိုဏ်းထဲမှာ သူ့အသက်ကို ကယ်ခဲ့ဖူးလို့ပါ၊ သူတို့က သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ" ချူးမြောင်က ဖြေလိုက်သည်။
"ဪ... မန်ရှန်းလီက ထူးဆန်းတဲ့ စရိုက်ရှိတယ်လို့ ကြားဖူးသားပဲ။ သူက အဖိုးတန်တဲ့ အရာတွေကို ဒီလိုမျိုး သုံးတတ်တာ မဆန်းပါဘူး" မဟာအကြီးအကဲတစ်ဦးက ခေါင်းညိတ်ကာ ဆိုသည်။
"ဒါဆို မီယောင်က ငါတို့ကို လိမ်ခဲ့တာပေါ့။ သူ့ စကားကို ငါ သံသယ ရှိသားပဲ။ အကြီးအကဲ ၁၇ ယောက်နဲ့ ရင်ဆိုင်ရပြီး မကယ်နိုင်ခဲ့ဘူးဆိုရင် သူက ဘာလို့ ဒဏ်ရာတစ်ချက်မှ မရဘဲ လွတ်လာတာလဲ။ အခုတော့ အကုန်ရှင်းသွားပြီ"
"သူ ဒီလို လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ တကယ့်ကို ကြီးမားတဲ့ အမှားပဲ။ လောဘက သူ့ကို လမ်းမှားရောက်စေခဲ့တာပဲ"
မဟာအကြီးအကဲများက ခေါင်းခါရင်း သက်ပြင်းချလိုက်ကြသည်။
"ခင်ဗျားတို့ ကျုပ်ကို မတားသင့်ဘူး။ အဲဒီမိန်းမက သေထိုက်တယ်" လန်ကျင်းက သူတို့၏ လက်ထဲမှ ရုန်းထွက်ရင်း ပြောလိုက်သည်။
"စိတ်အေးအေးထားပါ ကျင်း... သူ့ကို အပြစ်ပေးရမှာပေါ့။ လာ... သူနဲ့ သွားပြီး ရင်ဆိုင်ကြရအောင်" မဟာအကြီးအကဲက လန်ကျင်းကို ပြောလိုက်ပြီးနောက် လုံချန်းဘက်သို့ လှည့်ကြည့်ကာ... "ငါ့နောက်ကို လိုက်ခဲ့ကြ" သူ ဆိုလေတော့သည်။
အခန်း (၄၃၄) အရှုံးပေးလိုက်စမ်း
ဆွေးနွေးပွဲ ခန်းမဆောင်ထဲတွင် ဂိုဏ်းချုပ်နှင့် အခြားလူအချို့သည် စကားလက်ဆုံ ကျနေကြဆဲဖြစ်သည်။
ဂိုဏ်းချုပ်မှာမူ မုကျိန်းတစ်ယောက် နတ်ကောင်းကင်ဘုံဂိုဏ်းထဲတွင် အသက်မရှင်နိုင်ခဲ့သည့်အတွက် အတော်လေး ဝမ်းနည်းနေမိသည်။ ထိုနေရာကို လွှတ်လိုက်ခြင်းက အန္တရာယ်များမှန်း သိသော်လည်း ဤမျှ အရင်းအမြစ်များစွာ သုံးစွဲပေးထားပါလျက်နှင့် သေဆုံးသွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ အထူးသဖြင့် ဂိုဏ်းချုပ်အဆက်ဆက် သိမ်းဆည်းလာခဲ့သော အဖိုးတန်ရတနာကို သုံးပြီး မုကျိန်း၏ သိုင်းဝိညာဉ်ကို တောင့်တင်းအောင် လုပ်ပေးခဲ့သေးသည်။ ယခုတော့ တပည့်လည်းဆုံး ဂိုဏ်း၏ အဖိုးတန်ရတနာလည်း ဆုံးရှုံးခဲ့ရပြီဖြစ်ရာ သူမ အလွန် နောင်တရနေမိသည်။
"စိတ်မကောင်းမဖြစ်ပါနဲ့။ နင်လည်း အစွမ်းကုန် ကြိုးစားခဲ့မှာပါ။ တကယ်တော့ ဒါတွေအားလုံးက လုံချန်းရဲ့ အမှားပဲ။ သူက ဟိုမှာရှိတဲ့ တပည့်တွေကို လိုက်သတ်နေလို့ အခုလို ဖြစ်ရတာ။ အခြားဂိုဏ်းတွေက တပည့်တွေကို သတ်တာကတော့ ထားပါဦး၊ မိစ္ဆာဂိုဏ်းအချင်းချင်းက တပည့်တွေကိုပါ သတ်တာကတော့ သေတွင်းတူးတာနဲ့ အတူတူပဲ" ဂိုဏ်းချုပ်က ဆိုသည်။
"ဟုတ်ပါတယ်၊ သူက ဟိုမှာ ဘာရတနာမှလည်း ရှာမတွေ့ဘဲ ပြဿနာတွေပဲ လိုက်ရှာနေခဲ့တာ။ ပါရမီရှိတဲ့ လူငယ်တစ်ယောက် ဆုံးရှုံးသွားတာ နှမြောဖို့ကောင်းပေမဲ့၊ သူ့ရဲ့ စရိုက်က ဒီလိုဆိုရင်တော့ ငါတို့ဂိုဏ်းမှာ သူ မရှိတာပဲ ကောင်းပါတယ်" မဟာ အကြီးအကဲချူးက မီယောင်ကို ပြောလိုက်သည်။ သူသည် လုံချန်းက မုကျိန်း၏ ဝိညာဉ်ကို ဖျက်ဆီးခဲ့ကတည်းက လုံချန်းအား မကြည်ဖြူခဲ့သူ ဖြစ်သည်။
"ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်နဲ့သာ သူတို့ကို လဲလို့ရမယ်ဆိုရင် တစ်စက္ကန့်တောင် မစဉ်းစားဘဲ လဲပေးလိုက်မှာပါ။ အနည်းဆုံးတော့ ချူးမြောင်လေး လွတ်မြောက်သွားတာပေါ့" မီယောင်က မျက်နှာငယ်လေးဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
သူမ ဆက်ပြောရန် ပြင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။
"နင် ဒီလောက် အိုက်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်နိုင်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ နင့်ပါးစပ်ကထွက်တဲ့ စကားတွေက နင်နဲ့ မလိုက်ဖက်လှဘူးနော်။ ကိုယ့်အသက်ကို ပေးပြီး ကယ်မယ် ဟုတ်လား။ ငါတို့ဆီက ရတနာတွေကို လုဖို့ ငါတို့ကို သတ်ခဲ့တာကို ပြောတာ မဟုတ်လား"
မီယောင်သည် ထိုလှောင်ပြောင်သော လေသံကို ကြားလိုက်ရသောအခါ မျက်နှာတွင် သွေးမရှိတော့သလို ဖြူလျော့သွားသည်။ သူမ အနောက်ကို လှည့်ကြည့်လိုက်ရာ လုံချန်းကို တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျသွားတော့သည်။
"နင်... နင် ဘယ်လိုလုပ် အသက်ရှင်နေတာလဲ။ နင် သေသွားရမှာလေ" မီယောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"လုံချန်း ပြောတာ မှန်နေတာပဲ။ နင့်မျက်နှာမှာ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့ရလို့ ဝမ်းသာတဲ့ အရိပ်အယောင် လုံးဝမရှိဘူး။ ကြောက်လန့်နေတာပဲ ရှိတယ်။ မီယောင်... နင် တကယ်ပဲ မှားသွားပြီ။ နင် ဒီလိုလုပ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး" အဓိက မဟာအကြီးအကဲက မီယောင်ကို ပြောလိုက်သည်။
မီယောင်မှာမူ အဓိက မဟာအကြီးအကဲ၏ စကားကို အထင်လွဲသွားသည်။ သူက သူမကို တပည့်များအား ပစ်ထားခဲ့တဲ့အတွက် အပြစ်တင်နေသည်ဟု ထင်လိုက်သည်။
"ကျွန်... ကျွန်မမှာ ရွေးချယ်စရာ မရှိလို့ပါ။ သူတို့ကို ဘေးကင်းအောင် ခေါ်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ" သူမက ကာကွယ်ပြောဆိုသည်။
သူမ ဆိုလိုသည်မှာ အကြီးအကဲ ၁၇ ယောက်၏ ရှေ့တွင် သူတို့ကို ဘေးကင်းအောင် မခေါ်နိုင်ခြင်းကို ပြောခြင်းဖြစ်သော်လည်း လုံချန်း၏ စကားကို ကြားထားသော အကြီးအကဲများအတွက်မူ ၎င်းမှာ ဝန်ခံချက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
"ဟုတ်တာပေါ့၊ နင် သူတို့ကို ဘေးကင်းအောင် ဘယ်ခေါ်လာချင်ပါ့မလဲ။ သူတို့ကိုသာ ခေါ်လာရင် ရတနာအားလုံးကို နင်တစ်ယောက်တည်း ဘယ်လို သိမ်းပိုက်နိုင်တော့မလဲ" မဟာအကြီးအကဲ တစ်ဦးက ဆက်ပြောသည်။
"မီယောင်... နင်ဟာ ငါတို့ဂိုဏ်းရဲ့ အကြီးမားဆုံးသော တားမြစ်ချက်ကို ချိုးဖောက်လိုက်တာပဲ။ နင်က ပစ္စည်းလုဖို့အတွက် ကိုယ့်တပည့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ အခုတစ်ခါမှာတော့ ဂိုဏ်းပိုင်ရမယ့် စစ်ပလွေကို လုဖို့အတွက် တပည့်တွေကို သတ်ပြီး ပစ်ထားခဲ့တယ်။ ပြီးတော့ နင်က ငါတို့ကိုပါ လိမ်ခဲ့သေးတယ်"
"ရှင်တို့ ဘာတွေ ပြောနေတာလဲ။ ကျွန်မက ရတနာလုဖို့ ဇာတ်လမ်းဆင်တယ် ဟုတ်လား။ ကျွန်မက သူတို့ကို သတ်ပြီး ရတနာတွေ ယူခဲ့တယ်လို့ ပြောနေတာလား။ သူတို့က ဘာရတနာမှတောင် ရှာမတွေ့ခဲ့တာပါ" မီယောင်က ဒေါသတကြီး ပြန်လည်ငြင်းဆန်သည်။
"ဟုတ်လား။ ဒါဆို သူတို့က စစ်ပလွေကို တွေ့တယ်လို့ ပြောတဲ့အချိန်မှာ နင် သူတို့ကို မတိုက်ခိုက်ဘူးပေါ့လေ" အဓိက မဟာအကြီးအကဲက မေးလိုက်သည်။
လုံချန်းသည် သူတို့အား စစ်ပလွေအကြောင်း ပြောပြလိုက်သည့်အချိန်တွင် မီယောင်က သူတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အကြီးအကဲများကို ကြိုတင် လိမ်ညာပြောထားခဲ့ခြင်း ဖြစ်သည်။
"ဘာ... စစ်ပလွေ ဟုတ်လား။ ဒါ အလိမ်အညာတွေပဲ။ သူတို့ ကျွန်မကို အဲဒီအကြောင်း တစ်ခါမှ မပြောခဲ့ဘူး"
အဓိက မဟာအကြီးအကဲက သက်ပြင်းချလိုက်ပြီး သူမကို လုံးဝ မယုံကြည်တော့ပေ။ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲချူး တို့မှာမူ ဘေးမှနေ၍ ဇဝေဇဝါ ဖြစ်နေကြသည်။
"ရှင်တို့ ဘာတွေ ပြောနေတာလဲ။ ဘာဖြစ်တာလဲဆိုတာ အသေးစိတ် ရှင်းပြပါဦး" ဂိုဏ်းချုပ်က အဓိက မဟာအကြီးအကဲကို မေးလိုက်သည်။
"ဖြစ်တာကတော့ ဒီလိုပါ... သူက ငါတို့ကို အကုန်လိမ်ခဲ့တာ။ တခြားဂိုဏ်းက အကြီးအကဲတွေ တိုက်ခိုက်တယ်ဆိုတာ ဘာမှ မရှိဘူး။ တကယ်တော့ လုံချန်းတို့က ဟိုကနေ အေးအေးဆေးဆေး ထွက်လာနိုင်ခဲ့တာ။ လမ်းခုလတ်မှာ လုံချန်းက သူတို့ရခဲ့တဲ့ အဖိုးတန်ရတနာတွေအကြောင်း ပြောပြလိုက်တော့မှ သူမက သူတို့ကို တိုက်ခိုက်ပြီး သတ်ပစ်ခဲ့တာ။ ပြီးတော့ အလောင်းတွေကို ဒီအတိုင်း ပစ်ထားခဲ့တာပဲ" အဓိက မဟာအကြီးအကဲက ရှင်းပြလိုက်သည်။
"ဒါ အလိမ်အညာတွေ။ ကျွန်မသာ သတ်ခဲ့ရင် သူတို့ ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ။ ဒါ ကျွန်မကို အပြစ်ပုံချဖို့ သူတို့ ဆင်ထားတဲ့ အကွက်တွေပဲ" မီယောင်က လုံချန်းကို လက်ညှိုးထိုးရင်း ပြောသည်။
"တကယ်လို့ ဒါက သူတို့ရဲ့ အကွက်ဆိုရင်တောင် တကယ့်ကို ကောင်းတဲ့အကွက်ပဲ။ ဘာလို့လဲဆိုတော့ နင့်ဘက်က ဘယ်လိုပဲကြည့်ကြည့် နင်က လူလိမ် ဖြစ်နေလို့ပဲ။ နင့်စကားတွေက ဘာမှ ယုတ္တိမရှိဘူး။ နင်က သူတို့ သေပြီလို့ ပြောတယ်၊ ဒါပေမဲ့ သူတို့က အခု ငါတို့ရှေ့မှာ ရပ်နေတယ်။ အခြားဂိုဏ်းက တပည့်တွေကို သတ်ခဲ့တယ်လို့ နင်ပြောတယ်၊ ဒါဆို အဲဒီဂိုဏ်းတွေက သူတို့ကို ဒီအတိုင်း လွှတ်ပေးမလား။ အလောင်းတောင် ကျန်ခဲ့မှာ မဟုတ်ဘူး။ ဒါမှမဟုတ် လုံချန်းက အဲဒီ အကြီးအကဲ ၁၇ ယောက် လက်ထဲကနေ လွတ်အောင် ပြေးနိုင်လောက်အောင် သန်မာနေလို့လား"
ထို့နောက် မန်ရှန်းလီက လုံချန်းကို ကယ်တင်ခဲ့ပုံကိုလည်း အဓိက မဟာအကြီးအကဲက ဆက်လက် ရှင်းပြလိုက်သည်။
"ကျွန်မ... ဒါက... သူတို့ ဘယ်လို လွတ်လာလဲဆိုတာ ကျွန်မလည်း မသိဘူး။ ကျွန်မ အမှန်အတိုင်း ပြောနေတာပါ။ သူတို့ တပည့်တွေကို သတ်လို့ အကြီးအကဲ ၁၇ ယောက်လုံးက လုံချန်းကို သတ်ချင်နေတာ အမှန်ပဲ။ ကျွန်မ အသက်လွတ်ဖို့အတွက် သူတို့ကို ပစ်ထားခဲ့တာကတော့ ကျွန်မ အမှားပါ။ ဒါပေမဲ့ ကျွန်မ သူတို့ကို မသတ်ခဲ့ပါဘူး၊ ဘာရတနာမှလည်း မယူခဲ့ဘူး" မီယောင်က အသည်းအသန် ငြင်းဆန်သည်။
"အရှုံးပေးလိုက်စမ်းပါ မီယောင်။ နင် ဘယ်လိုပဲ ဇာတ်လမ်းတွေ ပြောင်းပြောနေပါစေ၊ အမှန်တရားက ပြောင်းလဲမှာ မဟုတ်ဘူး" အဓိက မဟာအကြီးအကဲက ဆိုသည်။
အဓိက မဟာအကြီးအကဲက ဂိုဏ်းချုပ်ဘက်သို့ လှည့်ကြည့်ကာ... "ဂိုဏ်းချုပ်အနေနဲ့ သူ့ကို အပြစ်မပေးဘဲ အမှန်တရားကို မျက်ကွယ်ပြုထားမယ်ဆိုရင်တော့ ငါတို့ဂိုဏ်းရဲ့ အခြေအနေအတွက် ငါ တကယ် စိတ်ပျက်မိလိမ့်မယ်" သူ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဟုတ်တယ်။ သူ့ကို အပြစ်ပေးရမယ်။ စစ်ပလွေ ရှိတဲ့ နေရာကို သူ့ဆီကနေ နှိုက်ထုတ်ရမယ်။ ဂိုဏ်းချုပ်အနေနဲ့ မီယောင်နဲ့ နီးစပ်သူမို့လို့ မျက်နှာမလိုက်သင့်ဘူး" အခြားအကြီးအကဲများကလည်း ဝိုင်းဝန်း ထောက်ခံကြတော့သည်။
အကြီးအကဲအားလုံးက မီယောင်ကို အပြစ်ပေးရန် တောင်းဆိုနေကြပြီဖြစ်ရာ၊မီယောင်အတွက်တော့ ထွက်ပေါက်မရှိတော့ပေ။ သူမ ကိုယ်တိုင် ဝန်ခံခဲ့သည့် တပည့်များကို ပစ်ထားခဲ့ခြင်းဆိုသည့် အချက်ကပင် သူမအား ရာသက်ပန် အပြစ်သား ဖြစ်သွားစေခဲ့သည်။