အခန်း (၄၃၅-၄၃၆)
Vol. 44 Ch. 435-436
အခန်း (၄၃၅) စီရင်ချက်
မီယောင်သည် ဘာတွေဖြစ်နေမှန်းကို နားမလည်နိုင်တော့ပေ။ မည်သူကမျှ သူမ၏ စကားကို နားမထောင်ကြသလို သူမ မလုပ်ခဲ့သော အပြစ်တစ်ခုအတွက် လူတိုင်းက အပြစ်ပေးရန် တောင်းဆိုနေကြသည်။ သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်မှာလည်း အလွန်ခက်ခဲနေသည်။
မဟာအကြီးအကဲ အများစုမှာ သူမကို ဆန့်ကျင်နေကြသည်ကို သူမ မြင်နေရသည်။ ဤအခြေအနေတွင် သူမကို ယုံကြည်ပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ ဂိုဏ်းချုပ်သာ ဖြစ်လိမ့်မည်ဟု သူမ ထင်လိုက်သည်။ ဂိုဏ်းချုပ်သာလျှင် သူမကို ကယ်တင်နိုင်မည် ဖြစ်သည်။
"ကျွန်မ ဘာမှမလုပ်ခဲ့ဘူးလို့ ကျိန်ဆိုရဲပါတယ်" မီယောင်က ဂိုဏ်းချုပ်ကို ကြည့်ကာ အသနားခံသော လေသံဖြင့် ပြောလိုက်သည်။
ဂိုဏ်းချုပ်မှာမူ ရှေ့တိုးမရ နောက်ဆုတ်မရ အကျပ်ရိုက်နေသည်။ သူမသည် လုံချန်းကို မုန်းတီးသဖြင့် မီယောင်ကို အပြစ်မပေးလိုသော်လည်း လူတိုင်းနီးပါးက အပြစ်ပေးရန် တောင်းဆိုနေကြသည်။ သူမဘက်တွင် ရှိနေသော မဟာအကြီးအကဲ အချို့ပင်လျှင် မီယောင်ကို အပြစ်ပေးရန် ပြောနေကြပြီဖြစ်သည်။
"ငါ အားလုံးကို နားထောင်ပြီးပြီ။ နှစ်ဖက်စလုံးရဲ့ စကားတွေကို ကြားရသလောက်တော့ ဒီကိစ္စက ပိုပြီး စဉ်းစားဖို့ လိုအပ်နေသေးတယ်။ ဒါကြောင့် မီယောင်ကို အခုချက်ချင်း အပြစ်မပေးသေးဘူး၊ ဒါပေမဲ့ အရာအားလုံး ရှင်းလင်းသွားတဲ့အထိ သူ့ကို နေအိမ်အကျယ်ချုပ် ထားမယ်" ဂိုဏ်းချုပ်က ဆုံးဖြတ်ချက် ချလိုက်သည်။
"ဂိုဏ်းချုပ် သူ့ကို အကျဉ်းထောင်ထဲတောင် မထည့်ဘူးလား။ ဒါဟာ ဂိုဏ်းချုပ် အာဏာကို အလွဲသုံးစား လုပ်နေတာ မဟုတ်လား။ လုံချန်းက မိစ္ဆာအဆင့် သတ်မှတ်ချက်မှာ နံပါတ် ၁ ရထားတာတောင် ဂိုဏ်းချုပ်ရဲ့ တပည့် မုကျိန်းနဲ့ တိုက်ခိုက်ခိုင်းပြီး ခေါင်းဆောင်နေရာ ယူခိုင်းတုန်းက ကျုပ် ဘာမှမပြောခဲ့ဘူး။ ဂိုဏ်းချုပ်က ကိုယ့်တပည့်ကို မျက်နှာလိုက်နေတာ သိပေမဲ့ ကျုပ် လွှတ်ထားပေးခဲ့တယ်။ အခုတော့ ဂိုဏ်းချုပ်က ကျုပ်တို့အားလုံးရဲ့ ရှေ့မှာတင် ဒီလောက် ဗြောင်ကျကျ အာဏာအလွဲသုံးစား လုပ်နေပြန်ပြီလား" လန်ကျင်းက ဒေါသတကြီး ပြောလိုက်သည်။
အမှန်တကယ်တွင် သူ၏ ဒေါသမှာ ဟန်ဆောင်မှုသာ ဖြစ်သည်။ လူတိုင်းကို ဂိုဏ်းချုပ်နှင့် ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သူ သိထားသည်။
"လန်ကျင်း၊ မင်း ဂိုဏ်းချုပ်ကို ဒီလို စကားပြောရဲတယ်ပေါ့။ မင်းကိုယ်မင်း မင်းအဖေလို့ ထင်နေတာလား" မဟာအကြီးအကဲချူးက ဝင်ပြောလိုက်သည်။ "မင်းကသာ အပြစ်ပေးခံရသင့်တဲ့သူပဲ"
"လန်ကျင်းရဲ့ စကားတွေက နည်းနည်းတော့ ပြင်းထန်ပေမဲ့ သူ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ ငါ နားလည်သလို သူ့ရဲ့ အချက်အလက်ကိုလည်း ငါ သဘောတူတယ်။ လူတစ်ယောက်က သူ့ရဲ့ တပည့်ကို သတ်ဖို့ ကြိုးစားခဲ့တာလေ။ ငါတို့ရဲ့ တပည့်တွေသာ ဒီလိုအလုပ်ခံရရင် ငါတို့ရော ငြိမ်နေပါ့မလား။ အခုလို အထောက်အထားတွေ ရှိနေတာတောင် ဂိုဏ်းချုပ်က သူ့ဘက်က ဘက်လိုက်နေတာဟာ မှားယွင်းပါတယ်" အဓိက မဟာအကြီးအကဲက ဆိုသည်။
"ဟုတ်တယ်၊ သူ့ကို တစ်သက်တစ်ကျွန်း ထောင်ချထားသင့်တယ်။ အဲဒီကျမှ ရတနာတွေ ဘယ်မှာလဲဆိုတာကို ငါတို့ ထပ်ပြီး စုံစမ်းလို့ရမှာ"
"သူ အပြစ်ပေးခံရသင့်တယ်။ သူ့ရဲ့ စကားတွေက ဘယ်လိုမှ ယုတ္တိမရှိဘူး။ သူ လိမ်ပြောနေတာ ရှင်းနေတာပဲ"
"သူ တစ်ခုခုကို ဖုံးကွယ်မထားဘူးဆိုရင် လိမ်စရာ အကြောင်းမရှိဘူး။ ရတနာတွေအတွက် သူ လုပ်ခဲ့တာ ဖြစ်ရမယ်။ စစ်ပလွေဆိုတာ နတ်ကောင်းကင်ဘုံဂိုဏ်းရဲ့ အရေးအကြီးဆုံး ရတနာတွေထဲက တစ်ခုပဲလေ"
မဟာအကြီးအကဲများသည် ထိုအကြောင်းအရာကို လက်မလွှတ်ဘဲ ပို၍ တက်ကြွစွာ ဆွေးနွေးလာကြသည်။ ဂိုဏ်းချုပ်မှာ အကြီးအကဲ ၉၀ ရာခိုင်နှုန်းကျော်၏ ဖိအားပေးမှုကို ခံနေရပြီဖြစ်သည်။
"ကောင်းပြီ... ဒီကိစ္စကို ပြန်ပြီး သုံးသပ်ကြည့်ရရင်တော့..."
ဂိုဏ်းချုပ်သည် သူမ၏ စီရင်ချက်ကို ပြောင်းလဲရန် ပြင်နေစဉ်မှာပင် မီယောင်က ကြားဖြတ် တားမြစ်လိုက်သည်။
"နေပါဦး၊ သူ လိမ်နေတာကို ကျွန်မ သက်သေပြနိုင်တယ်" မီယောင်က ဆိုသည်။
လူတိုင်းက သူမကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။ လုံချန်းပင်လျှင် သူမ ဘာပြောဦးမလဲဆိုသည်ကို အနည်းငယ် အံ့သြသွားမိသည်။ အကယ်၍ သူမက အခြားဂိုဏ်းတွေဆီ သွားမေးပါဟု ပြောလျှင်လည်း ၎င်းမှာ အချိန်ဆွဲသည့် နည်းဗျူဟာဟုသာ အားလုံးက သတ်မှတ်ကြမည် ဖြစ်သည်။
"ကောင်းပြီ... နင် ဘာပြောချင်လဲ ငါတို့ နားထောင်ပေးမယ်" ဂိုဏ်းချုပ်က မေးလိုက်သည်။
"စစ်ပလွေလေ၊ သူ စစ်ပလွေကို မရခဲ့ဘူးဆိုတာ ကျွန်မ သက်သေပြနိုင်တယ်။ ကျွန်မတို့က သူ့ကို ရချင်တဲ့ ပစ္စည်းစာရင်းပဲ ပေးခဲ့တာ။ စစ်ပလွေက စာရင်းရဲ့ ထိပ်ဆုံးမှာ ပါပေမဲ့ အဲဒီပလွေရဲ့ ပုံသဏ္ဌာန်ကိုတော့ ကျွန်မတို့ မပြောပြခဲ့ဘူး။ သူ့ကို မေးကြည့်လိုက်ပါ... အဲဒီပလွေက ဘယ်လိုပုံစံလဲလို့။ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေကတော့ ပလွေရဲ့ ဖော်ပြချက်ကို ဖတ်ဖူးမှာပဲ။ သူ လိမ်နေသလားဆိုတာ ရှင်တို့ သိနိုင်ပါတယ်" မီယောင်က ဆိုသည်။
လုံချန်းသည် သူမကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမသည် သူမကိုယ်သူမ ပို၍ နက်ရှိုင်းသော ကျင်းထဲသို့ တွန်းပို့လိုက်ခြင်းသာ ဖြစ်သည်။ ထိုပလွေအကြောင်းကို သူ မသိလျှင် မည်သူ သိပါဦးမည်နည်း။ ထိုပလွေမှာ သူ၏ သိုလှောင်လက်စွပ်ထဲမှာပင် ရှိနေသည် မဟုတ်လော။
"အဲဒီပလွေအကြောင်း ဘာကို သိချင်တာလဲ။ အရှည်က အတိအကျ ၃၀ စင်တီမီတာ ရှိပြီး အကျယ်က ၂ စင်တီမီတာ ရှိတာကိုလား။ ဒါမှမဟုတ် ပလွေပေါ်မှာ ရစ်ပတ်နေတဲ့ အနီရောင် မျဉ်းသုံးကြောင်းက ဆွဲဆောင်မှုရှိတဲ့ ထူးဆန်းတဲ့ စာလုံးတွေလို ဖြစ်နေတာကို သိချင်တာလား" လုံချန်းက ဖြေလိုက်သည်။
"ဟုတ်တယ်။ အဲဒီ အနီရောင်မျဉ်းတွေအကြောင်းကို ငါတို့ စာကြည့်တိုက်ရဲ့ အမြင့်ဆုံးအဆင့်မှာပဲ ရှိတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဂိုဏ်းချုပ်နဲ့ ငါကလွဲရင် ဘယ်သူမှ ဒါကို မသိနိုင်ဘူး" အဓိက မဟာအကြီးအကဲက ဆိုလိုက်သည်။
"ဒါဆိုရင်တော့ ရှင်းသွားပြီ။ လုံချန်းက ပလွေကို ရခဲ့တယ်၊ အဲဒါကြောင့် သူက လုယူပြီး သူ့ကို သတ်ခဲ့တာပဲ။ တကယ်လို့ လုံချန်းသာ အသက်မရှင်ခဲ့ရင် ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ သိမှာတောင် မဟုတ်ဘူး။ တကယ် နှမြောစရာပဲ"
မဟာအကြီးအကဲများ၏ လုံချန်းအပေါ် ယုံကြည်မှုမှာ ပို၍ပင် ခိုင်မာသွားတော့သည်။ ဂိုဏ်းချုပ်လည်း သက်ပြင်းချလိုက်သည်။ သက်သေအထောက်အထား အားလုံးက မီယောင်ကို ဆန့်ကျင်နေသဖြင့် သူမတွင် ရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူမသည် မီယောင်ဘက်က ဆက်ပြီး ကာကွယ်နေမည်ဆိုလျှင် သူမ၏ ဂုဏ်သိက္ခာနှင့် အကြီးအကဲများ၏ ထောက်ခံမှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။
"သူ ပြောတာ မှန်တယ်။ စစ်ပလွေက အဲဒီပုံစံအတိုင်းပဲ။ မီယောင်... ငါ စီရင်ချက် ချလိုက်ပြီ။ နင့်ကို အခြား အကျဉ်းသားတွေနဲ့အတူ ထောင်သွင်းအကျဉ်းချမယ်။ အပြင်ထွက်ခွင့် မရှိဘူး။ တကယ်လို့ နောက်ထပ် သုံးရက်အတွင်းမှာ စစ်ပလွေရှိတဲ့နေရာကို မပြောဘူးဆိုရင်တော့ နင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို ဖျက်ဆီးပစ်မယ်" ဂိုဏ်းချုပ်က ကြေညာလိုက်သည်။
"အကြီးအကဲကီ ... သူ့ကို ခေါ်သွားလိုက်တော့"
အကြီးအကဲကီသည် မီယောင်ကို ခေါ်ဆောင်ကာ ထွက်သွားတော့သည်။
"မင်းကတော့ သူ့လက်ကနေ နောက်တစ်ကြိမ် လွတ်မြောက်နိုင်ခဲ့ပြန်ပြီ။ ဒါဟာ ကံကောင်းတာလား ဒါမှမဟုတ် တခြားအရာလားဆိုတာ ငါ မသိတော့ဘူး" ဂိုဏ်းချုပ်က လုံချန်းကို ကြည့်ကာ ဆိုသည်။
လုံချန်းသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောပေ။ ဂိုဏ်းချုပ်နှင့် အဓိက မဟာအကြီးအကဲတို့မှာ ကောင်းကင်အဆင့်ထက် များစွာ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိကြောင်း သူ သတိပြုမိသည်။ သူတို့မှာ သေချာပေါက် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများ ဖြစ်ကြလိမ့်မည်။
သူ၏ စစ်ပလွေကို အသုံးပြုလျှင်ပင် သူတို့နှင့် ယှဉ်နိုင်ရန်မှာ အလှမ်းဝေးနေသေးသည်။ သူ၏ သွေးမျိုးဆက် စမ်းသပ်မှုကို အောင်မြင်ပြီး အင်အားကန့်သတ်ချက်များ ပျောက်ကွယ်သွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။
"အခု မိုးချုပ်နေပြီ။ နင် ပြန်ပြီး အနားယူလိုက်ပါဦး။ နင် ဖြေပေးရမယ့် မေးခွန်းတွေ ရှိသေးတယ်။ မနက်ဖြန်ကျရင် မဟာအကြီးအကဲချူးကို မေးခွန်းစာရင်းနဲ့အတူ ငါ လွှတ်လိုက်မယ်" ထိုသို့ ပြောကာ ဂိုဏ်းချုပ် ထွက်သွားသည်။
"ကောင်းတယ် ကောင်လေး။ စစ်ပလွေကို ရှာတွေ့နိုင်ခဲ့တာ တကယ်တော်တယ်။ မီယောင်ဆီက ပလွေကို ပြန်ရတာနဲ့ မင်းအတွက် ဆုလာဘ်တွေ ရစေရမယ်" အဓိက မဟာအကြီးအကဲက ချီးကျူးကာ ထွက်သွားပြန်သည်။
ဖြည်းဖြည်းချင်း အကြီးအကဲအားလုံး ထွက်သွားကြသည်။ ချူးမြောင်၏ ဆရာဖြစ်သူကလည်း သူမကို ခေါ်သွားသည်။ ခန်းမထဲတွင် လုံချန်းနှင့် လန်ကျင်းတို့ နှစ်ဦးသာ ကျန်ရစ်တော့သည်။
"ငါ့နောက်ကို လိုက်ခဲ့" လန်ကျင်းက ဆိုသည်။
သူတို့သည် လန်ကျင်း၏ ခြံဝင်းအတွင်းသို့ လျှောက်သွားကြသည်။
"ငါ့ကို အဲဒီပစ္စည်း ပေးစမ်း" လန်ကျင့်က လုံချန်းကို ပြောလိုက်သည်။
"ဘာပစ္စည်းလဲ"
"မင်းကို ရှာခိုင်းလိုက်တဲ့ ပစ္စည်းလေ။ အဲဒီ လည်ဆွဲကို ငါ့ကို ပေးစမ်း" လန်ကျင်းက ဆိုသည်။
"ကျုပ်မှာ အဲဒီလည်ဆွဲ မရှိဘူး။ ကျုပ် ရှာမတွေ့ခဲ့ဘူး။ ခင်ဗျား ပြောတဲ့ အုတ်ဂူမှတ်တိုင်ရှိတဲ့ နေရာဆိုတာ ဘယ်နားမှာမှ မရှိဘူး" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်လေတော့သည်။
အခန်း (၄၃၆) နောက်ထပ် အစီအစဉ်တစ်ခု
"ကျုပ် လည်ဆွဲကို မရခဲ့ဘူး" လုံချန်းက လန်ကျင်းကို ပြောလိုက်သည်။
"မင်း လိမ်နေတာ။ အဲဒီအဆိပ်ရဲ့ ဖြေဆေးကို မလိုချင်တော့ဘူးဆိုရင်လည်း အခုချက်ချင်း လည်ဆွဲကို ထုတ်ပေးစမ်း" လန်ကျင်းက လုံချန်းကို အတည်ပေါက် စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။
"ခင်ဗျား ဒီလိုလုပ်လို့ မရဘူးလေ။ ကျုပ် ပစ္စည်းရှာပေးရင် ဖြေဆေးပေးမယ်လို့ ကတိပေးထားတာပဲ။ ခင်ဗျားပေးတဲ့ လမ်းညွှန်ချက်အတိုင်း ကျုပ် အစွမ်းကုန် ရှာခဲ့ပေမဲ့ ခင်ဗျားပြောတဲ့ အရာကို ရှာမတွေ့ခဲ့ဘူး။ တစ်စုံတစ်ယောက်က ခင်ဗျားကို သတင်းအမှား ပေးလိုက်တာ သေချာတယ်" လုံချန်းက တုံ့ပြန်သည်။
"သတင်းအမှား ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" လန်ကျင်းက ခေါင်းခါရင်း လုံးဝ မယုံကြည်ပေ။
"ခင်ဗျားက ဘယ်လိုလုပ် အဲလောက် သေချာနေရတာလဲ။ သတင်းဆိုတာ အမှားရှိနိုင်တာပဲလေ။ နတ်ကောင်းကင်ဘုံဂိုဏ်းက တပည့်က ခင်ဗျားကို သတင်းပေးတာမှ မဟုတ်တာ" လုံချန်းက ခေါင်းမော့ကာ ပြောလိုက်သည်။
လုံချန်းသည် သူခေါ်ထုတ်လိုက်သည်နှင့် လန်ကျင်းကို လှုပ်မရအောင် ဖမ်းထားရန် မြွေဘုရင်အား ကြိုတင်မှာကြားထားပြီးသား ဖြစ်သည်။ သို့သော် လုံချန်းက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ ဤအခန်းထဲတွင် လန်ကျင်းတစ်ယောက်တည်း ရှိနေသည်မဟုတ်ဘဲ အရိပ်ထဲတွင် တစ်ဦးဦး ပုန်းအောင်းနေကြောင်း သူ ခံစားမိနေသည်။ ထို့ကြောင့် မြွေဘုရင်ကို မထုတ်သေးဘဲ အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
"ဘယ်သူက သတင်းပေးပေး အရေးမကြီးဘူး။ ငါပြောနိုင်တာက အဲဒီသတင်းက အလိမ်အညာ မဟုတ်ဘူးဆိုတာပဲ။ အဲဒီ ဂူဗိမ္ဗာန်ကျောက်တိုင်က အဲဒီမှာ မရှိစရာ အကြောင်းမရှိဘူး" လန်ကျင်းက ဆိုသည်။
"ဂိုဏ်းက အပြောင်းအလဲတွေ အများကြီး ရှိခဲ့တာဗျ။ မြေပုံကလည်း လုံးဝ လွဲနေတယ်။ ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ တည်နေရာတွေက ရွှေ့သွားသလိုမျိုးပဲ။ ခင်ဗျားပြောတဲ့နေရာက တစ်ခြားတစ်နေရာကို ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ။ ကျုပ် သိတာကတော့ ကျုပ် ရှာမတွေ့ခဲ့ဘူး ဆိုတာပဲ" လုံချန်းက အပြစ်ကင်းစင်ဟန်ဖြင့် ခိုင်ခိုင်မာမာ ငြင်းဆိုနေသည်။
လန်ကျင်းက အရိပ်များရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒီကောင်လေး မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား။ ငါတို့မှာ အဲဒါကို ရှာဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာ၊ အခုတော့ သူက အကုန်ဖျက်ဆီးပစ်ပြီ။ ငါ့ရဲ့ ဆရာကို ဘယ်လို ပြန်ပြောရမလဲ" အဖိုးကြီးတစ်ဦး အရိပ်ထဲမှ ထွက်လာသည်။
လုံချန်းသည် ထိုနေရာတွင် လူတစ်ယောက် ရှိနေသည်ကို မသိခဲ့သလိုမျိုး ဟန်ဆောင်ကာ ထိတ်လန့်သွားဟန် ပြလိုက်သည်။
"လုံချန်း... မင်းက ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ။ မင်းမှာ ရှိတဲ့ အရည်အချင်းနဲ့ဆိုရင် ဒါကို လုပ်နိုင်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ အခုတော့ မင်းကို အဆိပ်မိပြီး သေတာကိုပဲ ကြည့်ရမလား၊ ငါ့လက်နဲ့ပဲ သတ်ပစ်ရမလားတောင် ငါ မဝေခွဲနိုင်တော့ဘူး" လန်ကျင်းက လုံချန်းကို ကြည့်ကာ အလွန် စိတ်ပျက်နေပုံရသည်။
"မင်း သူ့ကို ဘယ်လိုသတ်သတ် ငါ ဂရုမစိုက်ဘူး။ ငါ လိုချင်တဲ့ အရာက ငါ့လက်ထဲမှာ မရှိဘူး။ ဟိုဘက်က ငါ့ရဲ့ ဆရာတွေကို ငါ ဘယ်လို ပြန်ပြောရမလဲ" ထိုအဖိုးကြီးက လန်ကျင်းကို ပြောလိုက်သည်။
"ကျွန်တော်..." လန်ကျင်း ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။
"ဟူး... ငါ ရင်ဆိုင်ရမယ့် ဒေါသကို မြင်ယောင်မိသေးတယ်"
လုံချန်းက အဖိုးကြီးကို ကြည့်လိုက်သည်။ ထိုလူသည် ဂိုဏ်းချုပ်နှင့် အဓိက မဟာအကြီးအကဲတို့ထက် အနည်းငယ် အားနည်းသော်လည်း အခြား မဟာအကြီးအကဲများထက်မူ သာလွန်ကြောင်း သူ မြင်နိုင်သည်။
"တောင်းပန်ပါတယ် အဖေ။ ကျွန်တော် အဖေ့ကို စိတ်ပျက်အောင် လုပ်မိပြီ။ ဒါပေမဲ့ သူ လည်ဆွဲကို မရခဲ့ဘူးဆိုတာကို ကျွန်တော် မယုံသေးဘူး။ သူ သေချာပေါက် လိမ်နေတာ။ သေချာအောင် နောက်ထပ် တစ်ခုလောက် စမ်းကြည့်ပါရစေ" လန်ကျင်းက ပြန်ဖြေသည်။
သူသည် သေးငယ်သော ဝင်္ကပါချပ်ပြားတစ်ပြားကို ထုတ်လိုက်သည်။ လုံချန်း ထိုချပ်ပြားကို မှတ်မိသည်။ ၎င်းမှာ အပျက်အစီးများထဲမှ ရခဲ့သော ပစ္စည်းတစ်ခုဖြစ်ပြီး လူတစ်ဦးက ၎င်းကို ကိုင်ကာ ကတိသစ္စာပြုလျှင် ထိုကတိမှာ အတည်ဖြစ်ကာ၊ ကတိဖျက်ပါက ထိုသူ သေဆုံးလိမ့်မည်ဟု လန်ကျင်းက လုံချန်းကို ယခင်က ပြောပြဖူးသည်။
"ကိုင်ထားစမ်း"
လန်ကျင်းက ထိုချပ်ပြားကို လုံချန်းထံသို့ ပစ်ပေးလိုက်သည်။ လုံချန်းက ဖမ်းကိုင်လိုက်သည်။
"မင်း မလိမ်ဘူးဆိုရင် ငါပြောတာကို လုပ်။ ငါတို့အပေါ်မှာ ဘယ်တော့မှ မလိမ်ပါဘူးလို့ သစ္စာဆိုလိုက်" လန်ကျင်းက ဆိုသည်။
လုံချန်းက ချပ်ပြားကို ကြည့်နေသော်လည်း ဘာမှ မပြောသေးပေ။
"ဘာမှ စိတ်မပူနဲ့။ သစ္စာဆိုလိုက်" ရွှင်းက လုံချန်းကို ပြောလိုက်သည်။
'ဘာကို ဆိုလိုတာလဲ။ ငါ အမှန်အတိုင်း ပြောလိုက်ရင် ဒုက္ခရောက်မှာ မဟုတ်ဘူးလား' လုံချန်းက ပြန်မေးသည်။
"အဲဒီချပ်ပြားက အလုပ်မလုပ်တော့ဘူး။ ငါ မြင်ရသလောက်တော့ သူ့မှာ စွမ်းအင်ကုန်နေပြီ။ ပြီးခဲ့တဲ့အကြိမ် နင့်အပေါ် သုံးတုန်းကတော့ စွမ်းအင်လိုင်းလေးတွေ ကျန်သေးတယ်၊ ဒါပေမဲ့ အခုတော့ ဘာမှ မရှိတော့ဘူး။ သာမန်လူတွေက ဒါကို မမြင်နိုင်ပေမဲ့ ငါ မြင်နိုင်တယ်။ ဒီပစ္စည်းက ပျက်နေပြီ" ရွှင်းက ရှင်းပြသည်။
"ဘာဖြစ်တာလဲ။ ကြောက်နေတာလား။ မင်း တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်" လန်ကျင်းက ပြုံးရင်း ဆိုသည်။ ထိုအဖိုးကြီးပင်လျှင် သံသယ ဝင်လာပုံရသည်။
"ကျွန်တော် လုံချန်း... ကျွန်တော့်ရှေ့က လူနှစ်ယောက်ကို ဘယ်တော့မှ မလိမ်ပါဘူးလို့ သစ္စာဆိုပါတယ်" လုံချန်းက သစ္စာဆိုလိုက်သည်။
လုံချန်းက ချက်ချင်းကြီး သစ္စာဆိုလိုက်သဖြင့် လန်ကျင်း အံ့အားသင့်သွားသည်။ လုံချန်း လည်ဆွဲကို ရထားမည်ဟု သူ အခိုင်အမာ ယုံကြည်ထားသလို သစ္စာဆိုခိုင်းလျှင် လုံချန်း တွန့်ဆုတ်နေသည်ကို မြင်ရသဖြင့် သူ ပို၍ပင် ယုံကြည်ခဲ့ခြင်း ဖြစ်သည်။
လန်ကျင်းက လုံချန်းကို တင်းမာသော မျက်နှာထားဖြင့် ကြည့်ကာ... "ပြောစမ်း... ငါ ရှာခိုင်းတဲ့ လည်ဆွဲကို မင်း ရခဲ့လား" သူ မေးလိုက်သည်။
"မရခဲ့ပါဘူး" လုံချန်းက စိုးရိမ်မှုမရှိဘဲ ဖြေလိုက်သည်။
"နတ်ကောင်းကင်ဘုဲဂိုဏ်းထဲမှာ အဲဒီလည်ဆွဲကို မင်း တွေ့ခဲ့လား"
"မတွေ့ခဲ့ပါဘူး"
လန်ကျင်းမှာ လုံချန်းကို ငေးကြည့်နေမိသည်။ သူ လိမ်နေသည်ဆိုလျှင် အဘယ်ကြောင့် မသေရသနည်း။ သို့မဟုတ် ဤသည်က အမှန်တရားလော။
အဖိုးကြီးက လန်ကျင်းကို ဒေါသတကြီး ကြည့်လိုက်သည်။ လန်ကျင်း၏ အစီအစဉ် ပျက်စီးသွားပြီဆိုသည်ကို သူ သေချာသွားပြီဖြစ်သည်။
"လန်ကျင်း... မင်း ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ။ လူတွေ အများကြီး ထည့်ခိုင်းတာကို မင်းက ဒီကောင်လေး တစ်ယောက်တည်းကိုပဲ ခိုင်းခဲ့တယ်။ သူ လုပ်နိုင်လိမ့်မယ်လို့ မင်း ပြောခဲ့ပေမဲ့ သူ ရှုံးနိမ့်သွားပြီ။ တကယ်လို့ တပည့် ၁၀ ယောက်လုံးသာ ဒီတာဝန်ကို ယူခဲ့ရင် သူတို့ တစ်နေရာစီ ခွဲရှာနိုင်မှာပေါ့။ အခုတော့ အဲဒီလည်ဆွဲကို ရဖို့ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး။ ငါ တကယ် စိတ်ပျက်မိတယ်" အဖိုးကြီးက သက်ပြင်းချရင်း ဆိုသည်။
လန်ကျင်း ဘာပြန်ပြောရမှန်း မသိပေ။ သူသည် လုံချန်းအပေါ် ယုံကြည်မှု လွန်ကဲခဲ့ခြင်း ဖြစ်သည်။ လုံချန်းက သန်မာပြီး မြန်ဆန်သဖြင့် ဂိုဏ်း၏ အဝေးဆုံးနေရာအထိ ရောက်နိုင်ပြီး သူ့အသက်အတွက် ပစ္စည်းကို သေချာပေါက် ယူလာလိမ့်မည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။
"အဖေ... ကျွန်တော် အဖေ့ကို စိတ်ပျက်အောင် လုပ်မိတာ သိပါတယ်။ အစီအစဉ်တစ်ခုလုံး ပျက်စီးသွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဒုတိယမြောက် ပန်းတိုင်ကိုတော့ အောင်မြင်အောင် လုပ်နိုင်ပါသေးတယ်။ အဲဒီလည်ဆွဲနဲ့ မယှဉ်နိုင်ပေမဲ့ သူ့ကို တစ်ခုခုတော့ ပေးနိုင်ဦးမှာပါ" လန်ကျင်းက ဆိုသည်။
"မင်း ဆိုလိုတာက..."
"ဟုတ်တယ်။ ကျွန်တော်တို့ ဟိုကြာပန်းကို ခိုးယူကြမယ်။ ဂိုဏ်းဆီကနေ ယူမယ်။ ကျွန်တော်တို့ရဲ့ အဓိက အစီအစဉ် ပျက်သွားပေမဲ့ ဒုတိယ အစီအစဉ်ကိုတော့ အပျက်မခံနိုင်ဘူး"
လန်ကျင်း၏ မျက်နှာမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။
"ဟူး... အဲဒီကြာပန်းက လည်ဆွဲလောက် တန်ဖိုးမရှိပေမဲ့ သူ့ရဲ့ ဒေါသကိုတော့ နည်းနည်းလောက် လျှော့ချပေးနိုင်လိမ့်မယ်" အဖိုးကြီးက ခေါင်းညိတ်လိုက်သည်။
"ဒုတိယ အစီအစဉ်အတွက် ကျွန်တော် သူ့ကို အသုံးချမယ်။ သူက ကျွန်တော်တို့အတွက် အစွမ်းထက်တဲ့ လက်နက် မဖြစ်နိုင်ရင်တောင် ငါးစာအဖြစ်တော့ သုံးလို့ရတာပဲ" လန်ကျင်းက အဖိုးကြီးကို ပြောပြီး လုံချန်းဘက်သို့ လှည့်လိုက်သည်။
"မင်း တာဝန် မအောင်မြင်ဘူး၊ ဒါပေမဲ့ မင်း အသက်ရှင်ဖို့ အခွင့်အရေး တစ်ခုတော့ ငါ ထပ်ပေးမယ်။ ငါတို့အတွက် တစ်ခုပဲ လုပ်ပေးရမယ်"
"ဘာလဲ" လုံချန်းက မေးလိုက်သည်။
"မင်း ဂိုဏ်းချုပ်ကို သေတွင်းထဲ ရောက်အောင် ခေါ်လာပေးရမယ်" လန်ကျင်းက ပြန်ဖြေလေတော့သည်။