← Chapters

အခန်း (၄၄၇-၄၄၈)

Vol. 45 Ch. 447-448

အခန်း (၄၄၇-၄၄၈)

Vol. 45 Ch. 447-448

အခန်း (၄၄၇) အပြစ်ပုံချခြင်း

​"အဲဒီလို မဟုတ်ပါဘူး။ နင်က အခု ငါ့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီပဲ။ ဒါကြောင့် သူတို့က နင့်ရဲ့ မိသားစုလည်း ဖြစ်တာပေါ့" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ်နှင့် စကားပြောနေရသည်ဟု မခံစားရဘဲ တကယ့်မိန်းကလေးတစ်ယောက်နှင့် စကားပြောနေရသကဲ့သို့ ခံစားနေရသည်။

​ရှား၏ မျက်လုံးများထဲတွင် လုံချန်း သတိမထားမိလိုက်သော စိတ်ခံစားမှု အရိပ်အယောင်လေးတစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွားသည်။

​"ရှား နားလည်ပါပြီ သခင်" ထိုသို့ ဆိုကာ ရှားက ခပ်ဖွဖွလေး ပြုံးလိုက်သည်။ လုံချန်းသည် သူမ၏ ပြုမူပုံကို တော်တော်လေး သဘောကျသွားသည်။

​"ဒါနဲ့... နင် တိုက်ခိုက်တဲ့အခါ သိုင်းပညာတွေကို သုံးနိုင်လား။ ဒါမှမဟုတ် သာမန် ခန္ဓာကိုယ် တိုက်ခိုက်မှုပဲ လုပ်တာလား"

​သူမ မည်သို့ တိုက်ခိုက်ကြောင်း လုံချန်း သေချာမသိသေးပေ။ သူသိထားသည်မှာ သူမ၏ အစေခံပုံစံ၌ပင် ကမ္ဘာမြေနယ်ပယ် ကျင့်ကြံသူများကို ယှဉ်နိုင်သည်ဆိုရုံသာ ဖြစ်သည်။

​"ရှားက ဓား၊ လှံ၊ ဓားမြှောင် ဒါမှမဟုတ် တခြား ဘယ်လက်နက်ကိုမဆို သုံးနိုင်ပါတယ်။ သိုင်းပညာ အချို့ကိုလည်း ရှား အသုံးပြုနိုင်ပါတယ်" သူမက ပြန်ဖြေသည်။

​လုံချန်းက ချီးကျူးသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါဆို နင် အကြိုက်ဆုံး လက်နက်က ဘာလဲ။ နင့်လက်နက်ကို ဘယ်မှာ ထားလဲ" သူမတွင် မည်သည့်လက်နက်မှ ပါလာသည်ကို သူ မမြင်ရသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

​"ရှားက ဓားကို အကြိုက်ဆုံးပါ၊ ဒါပေမဲ့ တခြားအရာတွေကို သုံးရတာလည်း ပြဿနာမရှိပါဘူး။ ရှားမှာ လက်နက်တော့ အခုထိ မရှိသေးပါဘူး"

​"ငါ့မှာ ပိုနေတဲ့ ဓားအချို့ ရှိတယ်။ နင် ကြိုက်တာ တစ်လက် ရွေးလိုက်လေ" ထိုသို့ ဆိုကာ လုံချန်းက သူလုယက်ခဲ့သော ဘုရင့်ဘဏ္ဍာတိုက်ထဲမှ ရွှေအဆင့် အထွတ်အထိပ်ဓား ၅ လက်ကို ထုတ်ပြလိုက်သည်။

​"ရှားက အားလုံးကို သဘောကျပါတယ်။ သခင်ပဲ ရှားအတွက် တစ်လက် ရွေးပေးပါ" သူမက ဓားများကို သေသေချာချာပင် မကြည့်ဘဲ ပြောလိုက်သည်။

​လုံချန်း ခပ်မြုံ့မြုံ့ ပြုံးလိုက်မိသည်။ ရွှင်းက သူမသည် သာမန်လူတစ်ယောက်လို ဖြစ်မည်ဟု ပြောခဲ့ပေမည့် ရှားကတော့ အလွန်အမင်း ယဉ်ကျေးလွန်းနေသည်။

​"ကောင်းပြီလေ... ငါပဲ ရွေးပေးမယ်။ ဒီဓားတွေအားလုံးက အစွမ်းချင်း တူတူပါပဲ၊ ဒါပေမဲ့ ဒီဓားက နင်နဲ့ ပိုလိုက်ဖက်မယ်လို့ ငါထင်တယ်။ နင်နဲ့ဆို ကြည့်ကောင်းမှာပါ"

​လုံချန်းသည် ဓားတစ်လက်ကို ရွေးချယ်ပေးလိုက်ပြီး ကျန်သည်များကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။ သူရွေးပေးလိုက်သော ဓားမှာ ဓားရှည်တစ်လက်ဖြစ်ပြီး ရေလှိုင်းပုံစံ ဓားရိုးရှိသည်။ ဓားသွားမှာ ငွေရောင်နှင့် မိုးပြာရောင် ရောယှက်နေသဖြင့် အလွန် လှပတောက်ပလှသည်။

​ရှားသည် ဓားကို လှမ်းယူကာ အသာအယာ ဝေ့ယမ်းကြည့်လိုက်သည်။ "ဒါက တကယ့်ကို ကောင်းတဲ့ ဓားပဲ။ သခင် ပေးတဲ့ ဒီလက်ဆောင်ကို ရှားက အမြတ်တနိုး သိမ်းဆည်းထားပါ့မယ်"

​လုံချန်းသည် သိုလှောင်လက်စွပ်ထဲမှ ဓားအိမ်တစ်ခုကိုလည်း ထုတ်ပေးလိုက်သည်။ ၎င်းမှာလည်း သူလုခဲ့သော ဘဏ္ဍာတိုက်ထဲမှ ဖြစ်သော်လည်း သူက ဓားလွယ်ရသည်ကို မကြိုက်သဖြင့် မသုံးဘဲ သိမ်းထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူက နတ်ဆိုးဓားအိမ်အား ကျောမှာ လွယ်ထားရသဖြင့် ရှားကိုလည်း ဓားအိမ်နှင့် လွယ်ခိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​ရှားသည် လုံချန်းပေးသော ဓားအိမ်ထဲသို့ ဓားကို ဝမ်းသာအားရ ထည့်လိုက်ပြီး သူမ၏ ကျောဘက်တွင် လွယ်လိုက်သည်။ လုံချန်းသည် လမ်းတစ်လျှောက်လုံးတွင် ရွှင်းနှင့်ရော ရှားနှင့်ပါ ပေါ့ပေါ့ပါးပါး စကားပြောရင်း ခရီးဆက်ခဲ့သည်။

​တစ်ချိန်တည်းမှာပင်... ဝိညာဉ်နက်ဂိုဏ်း၏ အကျဉ်းထောင်ခန်းမအတွင်း၌...

​၎င်းမှာ လုံချန်း ဝင်ရောက်ကာ မီယောင်ကို သတ်ခဲ့သော နေရာပင် ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် အခန်းတစ်ခန်း ရှိသည်။ လုံချန်း အကျဉ်းထောင်မှ ထွက်သွားစဉ်က အသံများ ကြားခဲ့ရသော အခန်းပင် ဖြစ်သည်။

​ထိုအခန်းထဲတွင် လူတစ်ယောက် ရှိနေသည်။ အကယ်၍ လုံချန်းသာ ထိုလူကို မြင်လိုက်လျှင် အလွန် ရင်းနှီးနေပေလိမ့်မည်။

​သူသည် လူသားနှင့် တူသလိုလိုရှိသော်လည်း တကယ်တော့ လူသား မဟုတ်ပေ။ သူ့တွင် လူသားကဲ့သို့ ခန္ဓာကိုယ်နှင့် အရေပြားရှိသော်လည်း ထူးခြားချက်မှာ သူ၏ နဖူးအလယ်တွင် တတိယ မျက်လုံး တစ်လုံး ပါရှိခြင်း ဖြစ်သည်။ သူသည် အရပ် ၃ မီတာကျော် (၁၀ ပေခန့်) မြင့်မားသော်လည်း ခန္ဓာကိုယ်မှာမူ ပိန်ပါးလှသည်။

​ထိုလူသည် လုံချန်း စမ်းသပ်မှုအတွင်း ရောက်ခဲ့သော ကမ္ဘာမှ တာရာနှင့် ဆင်တူလှသည်။ သူသည် တာရာနှင့် ရှားတို့၏ မျိုးနွယ်စုဖြစ်သော မှင်စာမျိုးနွယ်မှ ဖြစ်ပုံရသည်။ ထိုလူသည် တံခါးကို အတင်းထုရိုက်ရာမှ မောပန်းသွားပြီး တံခါးကို ကျောမှီကာ ထိုင်ချလိုက်တော့သည်။

​နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာသည်။ လုံချန်းသည် တောက်ပသော နေအင်ပါယာဆီသို့ ခရီးနှင်နေဆဲ ဖြစ်သော်လည်း ဝိညာဉ်နက်ဂိုဏ်းထဲတွင်မူ တစ်ခုခု ဖြစ်ပျက်နေပြီ ဖြစ်သည်။

​ဝတ်ရုံနက် အကြီးအကဲတစ်ဦးသည် နတ်ကောင်းကင်ဘုံဂိုဏ်းသို့ သွားခဲ့သော တာဝန်အကြောင်း ပုံမှန်မေးမြန်းမှုများ ပြုလုပ်ရန် လုံချန်း၏ ခြံဝင်းသို့ ရောက်လာခဲ့သည်။ အကြီးအကဲသည် လုံချန်း၏ ခြံဝင်းတံခါး ပျက်စီးနေသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူ ဘာမှ ဆက်မစဉ်းစားတော့ဘဲ ခြံဝင်းထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။

​"လုံချန်း" သူက လိုက်ရှာရင်း ခေါ်လိုက်သော်လည်း ထိုအချိန်မှာပင် သွေးညှီနံ့ကို ရလိုက်သည်။

​သူသည် လုံချန်း၏ အိပ်ခန်းထဲသို့ လျှောက်သွားသောအခါ ကြမ်းပြင်ပေါ်တွင် သွေးများ စွန်းထင်နေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ကြမ်းပြင်ပေါ်တွင် သွေးဖြင့် ရေးထားသော စာသားအချို့ကိုလည်း မြင်လိုက်ရသည်။ စာသားများကို ဖတ်လိုက်ရသောအခါ အကြီးအကဲ၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူလျော့သွားတော့သည်။

​"ဒါ... ဒါ မဖြစ်နိုင်တာ" သူက အော်ဟစ်ကာ အိမ်ထဲ ထောင့်စေ့အောင် ရှာဖွေသော်လည်း လုံချန်းကို မတွေ့ပေ။ သူသည် ခြံဝင်းထဲမှ အမြန်ထွက်ကာ အားလုံးကို အသိပေးလိုက်တော့သည်။

​အကြီးအကဲအားလုံး ရောက်လာပြီး လုံချန်း၏ ခြံဝင်းကို စစ်ဆေးကြသည်။ သူတို့အားလုံး အခန်းထဲက စာသားများ၏ အဓိပ္ပာယ်ကို သဘောပေါက်ကြသည်။ သူတို့သည် အကျဉ်းထောင်ခန်းမသို့ အပြေးသွားကြရာ မီယောင် ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရပြန်သည်။

​ဝတ်ရုံနက် အကြီးအကဲများ၊ ဂိုဏ်းချုပ်နှင့် အဓိက မဟာအကြီးအကဲတို့ အားလုံး မီယောင်၏ ဗလာကျင်းနေသော အကျဉ်းခန်းကို ကြည့်နေကြသည်။ ခဏအကြာတွင် အခြား ဝတ်ရုံနက် အကြီးအကဲတစ်ဦး ရောက်လာသည်။

​"လန်ကျင်းကို အသိပေးပြီးပြီလား။ ဘာလို့ ဒီလောက် ကြာနေတာလဲ" ဂိုဏ်းချုပ်က မေးသည်။

​"လန်ကျင်း ပျောက်နေပါတယ် ဂိုဏ်းချုပ်။ သူ အိမ်မှာ မရှိပါဘူး" အကြီးအကဲက ပြန်ဖြေသည်။

​"သူ မရှိဘူး ဟုတ်လား။ သူ ဘယ်ကို သွားနေတာလဲ" ဂိုဏ်းချုပ်က ရေရွတ်လိုက်သည်။

​"ဒါကတော့ သေချာနေပါပြီ။ မနေ့ညက တစ်စုံတစ်ယောက်က မီယောင်ကို ထောင်က လွတ်အောင် ကူညီပေးခဲ့တာပဲ။ မီယောင် ကိုယ့်ဘာသာကိုယ် လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" အဓိက မဟာအကြီးအကဲက အကျဉ်းခန်းတံခါးတွင် ပျက်စီးရာမရှိသည်ကို ကြည့်ကာ ပြောလိုက်သည်။

​"ဒါကို လုပ်တဲ့သူက ကျုပ်တို့ဂိုဏ်းထဲက လူပဲ ဖြစ်ရမယ်။ အပြင်လူဖြစ်ဖို့ အခွင့်အလမ်းက အရမ်းနည်းတယ်" အခြား အကြီးအကဲ တစ်ဦးက ဆိုသည်။

​"မီယောင်ကတော့ လမ်းမှားကို ရွေးသွားပြီပဲ။ သူ ကလဲ့စားချေဖို့အတွက် ငါတို့ရဲ့ ထိပ်တန်းတပည့်ကို သတ်သွားတာပဲ။ သူ့ကို လွတ်အောင် ထားလို့ မဖြစ်ဘူး"

​"နင်တို့က ဘယ်လိုလုပ် ဒီလောက် သေချာနေတာလဲ။ လန်ကျင်းကပဲ လုပ်တာ ဖြစ်နိုင်တာပဲ။ သူ မီယောင်ကို သတ်ချင်နေတာ အားလုံး သိကြတာပဲ။ သူ မီယောင်ကို သတ်ပြီး သူ့တပည့်နဲ့အတူ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလို ကွက်ကျော်ရိုက်တဲ့ ပရိယာယ်ကို သုံးသွားတာပေါ့" မဟာအကြီးအကဲ ချူးက ဝင်ပြောလိုက်သည်။

​"မဟာအကြီးအကဲ ချူး... အစကတော့ မီယောင်ကို ကူညီတဲ့သူက မင်းပဲလို့ ငါ သံသယဝင်နေတာ၊ အခု မင်းပြောလိုက်တဲ့ စကားက ငါ့ရဲ့ သံသယကို ပိုခိုင်မာစေပြီ။ မီယောင်က မင်းအချစ်ဆုံး ဝတ်ရုံနက် အကြီးအကဲပဲလေ။ ပြီးတော့ မင်းက ဂိုဏ်းချုပ်ကို မလေးစားလို့ဆိုပြီး လန်ကျင်းကိုလည်း မုန်းနေတာပဲ။ မီယောင်က လန်ကျင်းကို တိုက်ခိုက်ဖို့ သတ္တိမရှိဘူး၊ သူ့ရဲ့ ရန်ငြိုးက လုံချန်းနဲ့ပဲ ရှိတာ။ ပြီးတော့ သူက လန်ကျင်းလောက် မသန်မာဘူး" မဟာအကြီးအကဲတစ်ဦးက အကြီးအကဲ ချူးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

​"မှန်တယ်။ လန်ကျင်း ပျောက်နေတယ်ဆိုတာက သူ့ကို ကူညီတဲ့သူက လန်ကျင်းထက် ပိုသန်မာလို့ပဲ ဖြစ်ရမယ်။ လန်ကျင်းက ငါတို့ဂိုဏ်းမှာ အသန်မာဆုံး ဝတ်ရုံနက် အကြီးအကဲတွေထဲက တစ်ယောက်ပဲ။ မဟာအကြီးအကဲ ချူး... မင်းပဲ သူ့ကို ရှင်းနိုင်တာ။ မင်းပဲ သူ့အပေါ် အငြိုးထားတာ" အခြားတစ်ဦးကလည်း လက်ညှိုးထိုး ပြောဆိုတော့သည်။

​"ဘာတွေ လျှောက်ပြောနေကြတာလဲ။ မင်းတို့တွေ ရူးသွားပြီလား။ ငါ ဒီလောက်အထိ မလုပ်ဘူး။ ငါ့ဂိုဏ်းကို ငါချစ်တယ်၊ ဂိုဏ်းကို ဒုက္ခပေးမယ့်အလုပ် ငါ ဘယ်တော့မှ မလုပ်ဘူး" မဟာအကြီးအကဲ ချူးက တုံ့ပြန်ငြင်းဆိုသည်။

​"မီယောင်လည်း လုံချန်းသေပြီလို့ ပြောတုန်းက ဒီလိုပဲ ပြောခဲ့တာပဲလေ။ ဒါပေမဲ့ သူ့စကားတွေက ဘယ်လောက် မှန်ကန်လဲဆိုတာ ငါတို့ သိပြီးသားပါ။ မင်းပြောတဲ့ စကားတွေကလည်း အဓိပ္ပာယ် တူတူပဲ" အခြား အကြီးအကဲ တစ်ဦးက ဆိုလိုက်သည်။

မဟာ​အကြီးအကဲ အများစုမှာ လုံချန်း၏ ကစားကွက်ထဲတွင် နစ်ဝင်သွားပြီး မဟာအကြီးအကဲ ချူးကိုသာ ဝိုင်းဝန်း အပြစ်တင်နေကြလေတော့သည်။

အခန်း (၄၄၈) သတင်းပေါက်ကြားသွားပြီလား

​"တိတ်စမ်း၊ နင်တို့ရဲ့ အထင်အမြင်တွေနဲ့တင် ဆုံးဖြတ်ချက် မချကြနဲ့။ မဟာအကြီးအကဲ ချူးဟာ ငါတို့ဂိုဏ်းအပေါ် ဘယ်လောက် သစ္စာရှိတယ်ဆိုတာ အားလုံးသိပြီးသားပဲ။ စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ပါစေဦး။ ဘာတွေဖြစ်ခဲ့လဲဆိုတာ အဖြေမထွက်ခင်အထိ ဘာမှ မကောက်ချက်ချကြနဲ့။ ဦးနှောက်မပါတဲ့ သိုးအုပ်တွေလိုမျိုး လျှောက်မပြောနဲ့" ဂိုဏ်းချုပ်က ဆိုလိုက်သည်။

​အဓိက မဟာအကြီးအကဲကတော့ ဂိုဏ်းချုပ်၏ စကားကို လုံးဝ သဘောမကျပေ။

​"မင်းက ငါတို့ဂိုဏ်းသားတွေကို သိုးအုပ်လို့ ခေါ်တာလား။ သူက ဂိုဏ်းထက် မင်းအပေါ် ပိုသစ္စာရှိတယ်ဆိုတာ အားလုံးသိကြတယ်။ ဒါကို သက်သေပြတဲ့ လုပ်ရပ်တွေလည်း သူအများကြီး လုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ဂိုဏ်းကို အကြီးအကျယ် ထိခိုက်မှုမရှိလို့ ငါ ဂရုမစိုက်ခဲ့ပေမဲ့၊ အခု မင်းက သူ့ဘက်ကနေ ကာကွယ်ပေးနေတာဟာ တရားမျှတမှုအတွက် မဟုတ်ဘဲ မင်းလူမို့လို့ဆိုတာ ရှင်းနေတာပဲ" အဓိက မဟာအကြီးအကဲက ပြတ်ပြတ်သားသား ပြောလိုက်သည်။

​"ဒါပေမဲ့ ငါ တစ်ခုတော့ သဘောတူတယ်။ အရာအားလုံးကို သေသေချာချာ မစုံစမ်းဘဲနဲ့တော့ ဆုံးဖြတ်ချက် ချလို့ မရသေးဘူး။ အဖြစ်အပျက်ရဲ့ ကဏ္ဍစုံကို ကြည့်ဖို့လိုမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ အဖြေရှာရမယ်။ သူ့ကို အကျဉ်းထောင်ထဲ ထည့်ဖို့ ငါ အတင်းအကျပ် မတောင်းဆိုပေမဲ့၊ သူ့ကို စောင့်ကြည့်ဖို့အတွက် အကြီးအကဲ ၃ ယောက်ကို အမြဲတမ်း သူ့ဘေးမှာ ထားဖို့တော့ ငါ အကြံပြုတယ်"

​အဓိက မဟာအကြီးအကဲသည် အဖြေကိုသာ လိုချင်နေခြင်းဖြစ်သည်။ မဟာအကြီးအကဲ ချူးကို အထောက်အထားမရှိဘဲ အပြစ်တင်နေခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု သူယူဆသည်။ သူ သေချာပေါက် သိထားသည်မှာ မီယောင် ထွက်ပြေးသွားပြီး လုံချန်းကို သတ်သွားသည်ဆိုသည့် အချက်ပင်။ သို့သော် မည်သူက ကူညီခဲ့သနည်းနှင့် လန်ကျင်း ဘာကြောင့် ပျောက်ဆုံးနေသနည်း ဆိုသည့် အချက်များမှာမူ ဝေဝါးနေဆဲ ဖြစ်သည်။

​အဓိက မဟာအကြီးအကဲ၏ စကားကြောင့် အခြားအကြီးအကဲများလည်း တည်ငြိမ်သွားကြသည်။ သူသည် ဘက်မလိုက်ဘဲ မျှမျှတတ ပြောဆိုတတ်သူဖြစ်သဖြင့် အားလုံးက သူ့ကို ယုံကြည်ကြသည်။ ဂိုဏ်းချုပ်၏ စကားကိုမူ သူမနှင့် မဟာအကြီးအကဲ ချူး ရင်းနှီးသဖြင့် မည်သူမျှ မယုံကြပေ။ အဓိက မဟာအကြီးအကဲကတော့ ဂိုဏ်းချုပ်ကို ကြောက်စရာမလိုဘဲ တရားမျှတမှုဘက်ကနေ ရပ်တည်နိုင်သူ ဖြစ်သည်။

​ချူးမြောင်ကတော့ သူမအိမ်မှာ ရှိနေဆဲဖြစ်သည်။ ဘယ်သူမှ သူမကို ဘာမှ လာမပြောကြသော်လည်း အကြီးအကဲများ တစ်ဖက်သတ် ပြေးလွှားနေကြသည်ကို ကြည့်ပြီး တစ်ခုခု ဖြစ်နေပြီဆိုကြောင်း သူမ သိနေသည်။

​လုံချန်းကတော့ တောက်ပသော နေအင်ပါယာဆီသို့ ပျံသန်းနေဆဲ ဖြစ်သည်။

​တစ်ရက်ကျော် ခရီးနှင်ပြီးနောက် သူသည် ခဏနားရန် ဆုံးဖြတ်လိုက်ပြီး နေဝါးမျိုလင်းယုန်ကိုလည်း အနားပေးလိုသည်။ သူ အောက်သို့ ဆင်းသက်ရန် ပြင်နေစဉ်မှာပင် သူ့ထံသို့ ဦးတည်ပျံသန်းလာသော ပျံသန်းနိုင်သည့် သားရဲတစ်ကောင်ကို မြင်လိုက်ရသည်။

​၎င်းမှာ တောင်ပံနက် ငန်းဖြစ်ပြီး အပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ ထိုလူ နီးကပ်လာသောအခါ လုံချန်းသည် သူ၏ အဝတ်အစားကို သတိထားမိလိုက်သည်။ ထိုသူမှာ သားရဲခန်းမမှ အဝတ်အစားများကို ဝတ်ဆင်ထားသော အဖိုးကြီးတစ်ဦး ဖြစ်သည်။

​ထိုလူသည် တောက်ပသော နေအင်ပါယာဘက်မှ လာနေခြင်း ဖြစ်သည်။

​'သားရဲခန်းမက အကြီးအကဲလား။ သူတို့လူတွေ ပြန်မလာလို့ လိုက်ရှာတာ ဖြစ်ရမယ်။ သူက ပြန်လှည့်သွားပြီဆိုတော့ အဲဒီနေရာကို ရှာဖွေပြီးသွားပြီပေါ့။ သူတို့လူတွေ ပျောက်ဆုံးနေတဲ့အကြောင်း သွားပြောမလို့ ဖြစ်ရမယ်။ ငါ အလောင်းတွေကို သိုလှောင်လက်စွပ်ထဲ ထည့်ထားခဲ့တာ တော်သေးတာပေါ့။ သူတို့ ပျောက်ဆုံးနေတယ်လို့ပဲ ထင်ကြမှာပဲ' လုံချန်းက ရေရွတ်လိုက်သည်။

​'ဒါပေမဲ့ သူတို့က တော်တော်မြန်တာပဲ။ ငါ သတ်လိုက်တာ သိပ်မကြာသေးဘူးလေ၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ'

​သားရဲခန်းမမှ အကြီးအကဲသည် လုံချန်းကို လှမ်းကြည့်လိုက်သည်။ သူသည် အလွန်အံ့အားသင့်သွားပြီး သူ၏ သားရဲကို ရပ်တန့်လိုက်ကာ ချက်ချင်းပင် ဓားကို ထုတ်လိုက်တော့သည်။

​သူ မတိုက်ခိုက်နိုင်ခင်မှာပင် လုံချန်းက ထိုလူ၏ နောက်ကျောသို့ နေရာရွှေ့ပြောင်း လိုက်သည်။ လုံချန်း၏ ဘုရင်ဓားမှာ ထိုလူ၏ ကျောဘက်တွင် ထိနေပြီး ဝိညာဉ်ဓားကတော့ လည်ပင်းနားတွင် အသင့်ရှိနေသည်။

​"ခင်ဗျားက တော်တော်လေး ပြင်းပြင်းထန်ထန် တုံ့ပြန်တာပဲ။ အဲဒီလို လုပ်ဖို့ အကြောင်းရင်း သုံးခုပဲ ရှိနိုင်တယ်။ တစ်ခုက ခင်ဗျားက တွေ့သမျှလူတိုင်းကို သတ်တဲ့ လူယုတ်မာဖြစ်လို့ပဲ။ ခင်ဗျားက လူယုတ်မာနဲ့ တူပေမဲ့ အဲဒီလိုတော့ မဟုတ်လောက်ဘူး။ ဒါဆို နောက်ထပ် နှစ်ခုပဲ ကျန်တော့တယ်။ ခင်ဗျားက ကျုပ်ကို ဝိညာဉ်နက်ဂိုဏ်းက လူဆိုတာ သိနေတာလား၊ ဒါမှမဟုတ် ဘာတွေဖြစ်ခဲ့လဲဆိုတာ ခင်ဗျား သိနေတာလား" လုံချန်းက ဆိုလိုက်သည်။

​"ဘယ်တစ်ခုလဲ"

​အကြီးအကဲက ပြန်မဖြေဘဲ အခြားလက်တစ်ဖက်တွင် ဓားမြှောင်တစ်လက်ကို ထုတ်လိုက်သည်။ သူသည် လုံချန်း၏ အသံအား အခြေခံပြီး လုံချန်း၏ ရင်ဘတ်ကို လှမ်းထိုးရန် ပြင်လိုက်သည်။

​သူ မတိုက်ခိုက်နိုင်ခင်မှာပင် လုံချန်းက ပိုမြန်စွာဖြင့် အကြီးအကဲ၏ ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သည်။

​ထိုစဉ်မှာပင် ရှားသည်လည်း တောင်ပံနက် ငန်းပေါ်သို့ ခုန်တက်လာသည်။ လုံချန်းက အသက်အန္တရာယ် မစိုးရိမ်ရသော နေရာကို ထိုးလိုက်သော်လည်း ရှားကတော့ အကြီးအကဲ၏ လည်ပင်းကို တစ်ချက်တည်းနှင့် ပြတ်ထွက်သွားအောင် ပိုင်းဖြတ်လိုက်လေတော့သည်။

​ရှား၏ အလျင်နှုန်းကို လုံချန်း အံ့သြသွားရသည်။ သူမသည် ကမ္ဘာမြေ အထွတ်အထိပ် အဆင့်သာ ရှိသော်လည်း သူမ၏ အမြန်နှုန်းမှာ လုံချန်းထက်ပင် ပိုမြန်နေသည်။

​အကြီးအကဲ၏ အလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ "နင် သူ့ခေါင်းကို ဖြတ်လိုက်ဖို့ မလိုပါဘူး ရှားရယ်။ ငါ သူ့ဆီကနေ အဖြေအချို့ သိချင်လို့ အသက်ချမ်းသာ ပေးမလို့ဟာကို" လုံချန်းက သက်ပြင်းချလိုက်သည်။

​"သူက သခင့်ကို ရန်မူဖို့ ကြိုးစားတာပဲလေ။ သခင့်ကို ရန်မူတဲ့သူတိုင်းဟာ သေထိုက်ပါတယ်" ရှားက ဘာမှနောင်တမရဘဲ ပြန်ပြောသည်။

​လုံချန်း မည်သို့ တုံ့ပြန်ရမှန်း မသိတော့ပေ။ ရှားလုပ်သည်က ယေဘုယျအားဖြင့် မှန်ကန်သလို သူမကို မလုပ်ဖို့လည်း သူ မပြောချင်ပေ။ အမိန့်ပေး လွဲသွားလျှင် နောက်ပိုင်း သူမက သူ့ကို ကာကွယ်ပေးသည့်အခါတွင် တွန့်ဆုတ်သွားနိုင်သောကြောင့် ဖြစ်သည်။

​"ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီလေ... ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး" လုံချန်းက ဆိုကာ ထိုလူ၏ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နေဝါးမျိုလင်းယုန်ပေါ်သို့ ပြန်တက်လိုက်သည်။ ရှားကလည်း လိုက်ပါလာသည်။

​'ဒီအကြီးအကဲက ငါ့ကို ဝိညာဉ်နက်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ဆိုတာ ဘယ်လိုလုပ် သိနေတာလဲ။ တစ်ယောက်ယောက်က ငါ့ရဲ့ ပုံစံကို သူတို့ဆီ သတင်းဖြန့်လိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက ငါ သူ့လူတွေကို သတ်လိုက်တာကို သိနေစရာ အကြောင်းမရှိဘူး၊ ငါ ဘာခြေရာမှ မချန်ခဲ့ဘူးလေ။ ထားလိုက်ပါတော့... သူလည်း သေသွားပြီပဲ၊ သူသိတဲ့ သတင်းတွေလည်း သူနဲ့အတူ မြေမြုပ်သွားပြီ'

​လုံချန်းသည် ထိုလူဆီကရသော လက်စွပ်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုထဲတွင် သာမန်ရတနာ အချို့သာ ရှိပြီး သူ၏ စိတ်ကို ဆွဲဆောင်နိုင်လောက်သည့် အရာမပါပေ။

​"ဟင်... ဒါ ဘာလဲ" လုံချန်း တစ်စုံတစ်ခုကို မြင်သွားပြီး အံ့သြစွာ အော်လိုက်မိသည်။

​လက်စွပ်ထဲတွင် လုံချန်း၏ ပုံတူပန်းချီကား တစ်ချပ် ရှိနေခြင်း ဖြစ်သည်။

​"ဒါကို သူ ဘယ်လိုရတာလဲ။ တစ်ယောက်ယောက်က တကယ်ပဲ ငါ့ပုံစံကို သတင်းပေးလိုက်တာလား။ ဝိညာဉ်နက်ဂိုဏ်းထဲက လူတစ်ယောက်လား" လုံချန်း၏ မျက်မှောင်များ ပို၍ ကြုတ်သွားသည်။

​သူ ဘာတွေဖြစ်နေမှန်း နားမလည်နိုင် ဖြစ်နေသည်။ ထိုအကြီးအကဲကို အဖြေမမေးရသေးခင် ရှား သတ်လိုက်မိသည်ကို သူ တကယ်ပင် နောင်တရသွားသည်။ ယခုတော့ သူ သိချင်သည့် အဖြေကို ပေးနိုင်မည့်သူ သေသွားပြီ ဖြစ်သဖြင့် သံသယများနှင့်သာ ကျန်ရစ်ခဲ့ရတော့သည်။

​လုံချန်းသည် တောက်ပသော နေအင်ပါယာဆီသို့ ဆက်လက် ခရီးနှင်ခဲ့သည်။ သူ၏ အမျိုးသမီးများနှင့် ပြန်တွေ့ရတော့မည်ဖြစ်သဖြင့် သူ ရင်ခုန်နေသည်။

​သူတို့နှင့် တွေ့ပြီးလျှင် လုပ်စရာများ များစွာ ရှိသေးသည်။ တစ္ဆေကျောင်းတော်သို့ သွားရမည်၊ ဤတိုက်ကြီးကနေ ထွက်ခွာရမည်၊ ထို့ပြင် သူ၏ မိသားစုရှိရာ အိမ်သို့ ပြန်ပြီး ရတနာများ သွားပေးရမည် ဖြစ်သည်။

​လုံချန်းသည် နေဝါးမျိုလင်းယုန်ကို နားစေချင်သော်လည်း ယခုဖြစ်သွားသည့် ကိစ္စကြောင့် မမျှော်လင့်သည်များ ထပ်မဖြစ်ခင် သူ့မိန်းကလေးများဆီ အမြန်ဆုံး ရောက်အောင် ဆက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

​နောက်ထပ် တစ်ရက် ကုန်လွန်သွားပြီးနောက် လုံချန်းသည် နောက်ဆုံးတွင် တောက်ပသော နေအင်ပါယာသို့ ရောက်ရှိလာခဲ့သည်။ သူသည် နန်းတော်ဆီသို့ တိုက်ရိုက် ဦးတည်သွားပြီး နန်းတော်ရှေ့တွင် ရပ်တန့်လိုက်လေတော့သည်။

All Chapters